ကျွန်မ Celebrity !

ကျွန်မ Celebrity !

ကျွန်မလည်း နာမည်ကြီး တစ်ယောက်ပါ။ မယုံဘူးလား…. ကျွန်မ အယောင်ဆောင်ထားတဲ့ Facebook Account တက်လာပြီး မဟုတ်တရုတ်ပုံတွေတင် ၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကျွန်မပါဆိုပြီး လိုက်ပြ ၊ မဟုတ်က ဟုတ်က Caption တွေတောင် ထိုးထားသေးတာရှင့်။ ကျွန်မ ကြားဖူးတာကတော့ မင်းသမီးတွေရဲ့ ဓါတ်ပုံတွေကို ဖြတ် ညှပ် ကပ် တွေလုပ်ပြီး ထင်ယောင် ထင်မှား ဖြစ်အောင် လုပ်ကြတယ်ဆိုတာပါပဲ။ ကျွန်မအဖို့မှာတော့ ကျွန်မနဲ့ ခပ်ဆင်ဆင်တူတဲ့ ကောင်မလေး တစ်ယောက်ပုံကို တင်ပြီး ထင်ယောင် ထင်မှားဖြစ်အောင် လုပ်ခံရတာပါ။ ကျွန်မ ပုံကို ဖြတ် ညှပ် ကပ် မလုပ်ထားတာပဲ ကျေးဇူးတင်ရအုံးမယ်။

ကျွန်မ စဉ်းစားလို့ မရတာ တစ်ခုရှိတယ်။ ဘာကြောင့်များ ၊ ဘယ်လိုရည်ရွယ်ချက်နဲ့များ ဒီလို လုပ်ရတာလဲ ဆိုတာကိုပေါ့။ ကျွန်မမှာ မိတ်ဆွေတွေပဲ ရှိတယ်လို့ ထင်ခဲ့တာ ၊ ခုမှပဲ ရန်သူလည်း ရှိမှန်း သိရတော့တယ်။ ကျွန်မ ဘယ်သူကို ဘယ်လိုများ မကောင်း လုပ်ခဲ့တာပါလိမ့်။ ဘာမှ မလုပ်ပဲနဲ့တော့ သူလည်း ဒီလို ရည်ရွယ်ချက် ရှိရှိကြီးနဲ့ လိုက်လုပ်မှာ မဟုတ်ပါဘူး။ ကျွန်မရဲ့ လုပ်ရပ် တစ်ခုခုက သူ့ကို ထိခိုက်သွားတာ (သို့မဟုတ်) ကျွန်မကို အမြင်မကြည်လင် ဖြစ်သွားစေတာမျိုး ဖြစ်ခဲ့မှာပါ။ မနာလို ၀န်တိုလို့ လုပ်တယ်ရယ်လို့တော့ ကျွန်မ မစွပ်စွဲလိုပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မမှာ သူများ မနာလိုဖြစ်လောက်တဲ့ ပိုင်ဆိုင်မှု (သို့မဟုတ်) အရည်အချင်းမှ မရှိတာကြီးကိုရှင်။

နောက်တစ်ချက်ကတော့ အဲ့ဒီလူဟာ ကျွန်မကိုရော ၊ ဓါတ်ပုံရှင် မိန်းကလေးကိုရော နှစ်ယောက်လုံးကို ထိခိုက်အောင် လုပ်လိုက်တာပါပဲ။ သူ့ပုံတွေကို ကျွန်မဆိုပြီး ထင်ယောင် ထင်မှား လုပ်ခံရတယ်ဆိုတာ အဲ့ဒီ ဓါတ်ပုံရှင် မိန်းကလေးလဲ သိပုံမရပါဘူး။ ဒီ လုပ်ရပ်ဟာ ကျွန်မ တစ်ယောက်တည်းကိုသာမက ၊ အဲ့ဒီ မိန်းကလေးကိုပါ ထိခိုက်နစ်နာသွား စေခဲ့တာပါ။ ဒါကြောင့် ကျွန်မ တို့ မိန်းကလေးတွေဟာ အနေ အထိုင်ကို ပိုပြီး ဆင်ခြင်သင့်ပါတယ်။ ကျွန်မရဲ့ ဖြစ်ရပ်က သာဓက ပါပဲ။

နောက်တစ်ခုကတော့ ကိုယ့်ကိုကိုယ် ပြန်ပြီး ကျေးဇူးတင်တာပါ။ ကျွန်မှာသာ Online ပေါ်မှာ နာမည်အရင်းနဲ့ မဟုတ်ပဲ နာမည်ကိုသာသိပြီး ဒီလူဟာ ဘယ်သူမှန်း မသိ ၊ ဘယ်နေရာက မသိတဲ့ ပုံမျိုးနဲ့သာ နေခဲ့မယ်ဆိုရင် အဖော် ၊ အချွတ်တွေ ရိုက်ထားတဲ့ ဓါတ်ပုံရှင်ကို ကျွန်မပါလားလိုပြီး လူအများက တွေးကြမှာ အမှန်ပါပဲ။ အခုတော့ ကိုယ်က ဘယ်သူဆိုတာလဲ လူတိုင်းက သိနေတယ် ၊ ကိုယ့်ရဲ့ Identity ကို အပြည့် ဖော်ပြပေးထားတာကြောင့် ကျွန်မက ဒါမျိုး မလုပ်ဘူးဆိုတာ သူငယ်ချင်းတိုင်း ယုံကြည်ပေးကြတာပေါ့။ အွန်လိုင်းပေါ်မှာ ကိုယ့်ရဲ့ Identity ကို ပြတာဟာ မသမာသူတွေက ကိုယ့်ရဲ့ Information ကို အလွယ်တကူ ရယူပြီး မကောင်းကြံနိုင်တယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ကျွန်မ ရဲ့ အဖြစ်ကလည်း တစ်ကယ်တော့ အကြောင်းသိ တစ်ယောက်က တမင်သက်သက် လုပ်ကြံသွားတာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူဟာ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တိုင်းကို ဓါတ်ပုံတွေကို Tag လုပ်ပြီး ပြထားတဲ့ အတွက်ကြောင့်ပါပဲ။ ကိုယ်ဘယ်သူဆိုတာ ထင်ထင်ပေါ်ပေါ် နေခြင်းဟာ ကောင်းကျိုးလည်းရှိသလို ၊ ဆိုးကျိုးလည်း ရှိတာပါပဲ။

မိန်းကလေးတိုင်း အလှ အပ မက်ပါတယ်။ လှလည်း လှချင်ကြတယ်ဆိုတာ မိန်းမ တစ်ယောက်ဖြစ်တဲ့ ကျွန်မလည်း ၀န်ခံပါတယ်။ ကိုယ့်ရဲ့ အလှအပကို တစ်ခြားသူတွေ မြင်သာအောင် ပြသတတ်ကြတာလည်း သဘာဝ ပါပဲ။ ဒါပေမယ့် ရည်ရွယ်ချက်တွေကတော့ မတူနိုင်ပါဘူး။ တစ်ချို့က လှတာကို သိရုံပြကြတယ် ၊ အဲ တစ်ချို့ကတော့ လှတာကို သိပြီး ၊ သိတာရဲ့ နောက်ကွယ်မှာ တစ်ခြား အကျိုးဆက်တွေပါ ပါလာအောင် ပြကြတယ် ၊ တစ်ချို့ကျပြန်တော့လည်း မင်းသမီးတွေကို အားကျပြီး သူတို့တွေလို စတိုင်လ်မျိုးစုံနဲ့ ဓါတ်ပုံတွေ ရိုက်ကြတယ် ၊ တစ်ချို့က ကျပြန်တော့ သူငယ်ချင်း အချင်းချင်း နောက်ပြောင်ပြီး ဓါတ်ပုံတွေ ရိုက်ကြတယ်။ ဒီပုံတွေက ကိုယ်တိုင် တင်လို့ သော်လည်းကောင်း ၊ သူငယ်ချင်း တစ်ယောက်က နောက်ပြောင်ပြီး တင်လိုက်လို့ သော်လည်းကောင်း အွန်လိုင်းပေါ်ကို ရောက်လာကြတယ်။ ဒါကို သိတဲ့ ကာယကံရှင်တွေလည်း ရှိသလို ၊ မသိတဲ့ သူတွေလည်း အများကြီး ရှိမှာပါပဲ။ ဒါပေမယ့် ဆင်ခြင်ရမှာကတော့ ကိုယ် ကိုယ်တိုင်ပါ။

အွန်လိုင်းပေါ်မှာ နာမည်ကြီးတာဟာ ကောင်းကျိုးတွေလည်း ရှိသလို ၊ ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် နာမည်ကြီးအောင် ဆိုပြီးတော့တော့ မိန်းကလေးတွေ တမင် တကာ ဓါတ်ပုံတွေနဲ့ မလုပ်စေချင်ပါဘူး။ မင်းသမီးတွေ နာမည်ကြီးအောင် လုပ်တာ တရားနည်းလမ်း ကျပါတယ်။ သူတို့က နာမည်ကြီးမှ အလုပ်ဖြစ်မှာကိုးရှင့်။ သာမန် မိန်းကလေးတွေ အဖော် အချွတ်ပုံတွေနဲ့ နာမည်ကြီးရင်တော့ ဆိုးကျိုးတွေပဲ ရှိမှာပါပဲ။

ကိုယ်ရိုက်လိုက်တဲ့ ဓါတ်ပုံ တစ်ပုံဟာ ကိုယ် ကိုယ်တိုင်ကို ထိခိုက်စေသလို ၊ ကိုယ် မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကိုလည်း လုပ်ကြံလို့ ရနိုင်သေးတယ်ဆိုတာ သတိလေး ချပ်စေချင်ပါတယ်။ ကိုယ်က စပြီး လူ့အသိုင်းအ၀ိုင်းကောင်းအောင် လုပ်ဆောင်ကြရင်း ကိုယ့်ကိုကိုယ်လည်း တန်ဘိုးမြှင့်တင်နိုင်တဲ့ မိန်းကလေးတွေ ဖြစ်ကြပါစေလို့ ကျွန်မက ဆန္ဒပြုလိုက်ပါတယ်ရှင်။

Pink Gold

ပရဟိတစိတ် တစ်ကယ်ရှိရဲ့လား……………

ပရဟိတစိတ် တစ်ကယ်ရှိရဲ့လား……………

ကျွန်မတို့ဘ၀မှာ မလွဲမသွေကြုံတဲ့ အရာတွေ အများကြီးရှိပါတယ်။ ပရဟိတ လုပ်တယ်ဆိုတာဟာလည်း ဘ၀ထဲက မလွဲမသွေကြုံရတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ရပ်ကွက်ထဲမှာ ၊ ရုံးမှာ ၊ ကျောင်းမှာရှိတဲ့ သန့်ရှင်းရေး အသင်းတွေ ၊ သာရေး နာရေး အသင်းတွေ ၊ ဂေါပကအဖွဲ့တွေ ၊ အစရှိတာတွေဟာ ကျွန်မတို့ အလွယ်တကူ မြင်တွေ့နေရတဲ့ ပရဟိတ အသင်းတွေ ပဲဖြစ်ပါတယ်။ ပရဟိတ အလုပ်ကို ကျွန်မတို့ကိုယ်တိုင် ၀င်လုပ်တာမျိုးတွေရှိတယ်.. သူများလုပ်တာကို အားပေးတာမျိုးတွေ ရှိမယ်… ငွေအား.. လူအားနဲ့ ကူညီတာမျိုးတွေ ရှိမယ် ၊ အသင်းအဖွဲ့ (သို့မဟုတ်) တစ်ယောက်ချင်းစီ လုပ်တာမျိုးတွေ ရှိမယ်။ ကျွန်မခေါင်းထဲမှာ ပေါ်လာတာက လူတွေဟာ ပရဟိတစိတ် တစ်ကယ်ရှိလို့ ပရဟိတ လုပ်ကြတာလား.. လူတွေ လုပ်လို့ ပေါ်ပင် လိုက်လုပ်တာလား ဆိုတာပဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ လူငယ်အဖွဲ့အစည်းတွေရော ၊ လူကြီးအဖွဲ့အစည်းတွေရော ပရဟိတအဖွဲ့အဖြစ် ဖွဲ့စည်းပြီး လုပ်ကိုင်လာကြတာ ခေတ်စားနေပါတယ်။ ခေတ်စားနေတယ်လို့ပဲ ပြောပါရစေ.. ဟိုဘက်က အသင်းဖွဲ့လိုက် ၊ ဒီဘက်က အသင်းဖွဲ့လိုက် ၊ ခဏနေရင် လူတစ်ယောက်ဟာ ဟိုအသင်းကနေ ဒီအသင်းကို ရောက်သွားလိုက်.. ဒီဘက်ကနေ ဟိုဘက်ကို ရောက်လာလိုက်နဲ့ အပြောင်းအလဲတွေလည်း အတော်ကြီးကိုများကြပါတယ်။ တစ်ချို့တွေကတော့ တစ်ယောက်ယောက်နဲ့ အဆင်မပြေလို့ အဖွဲ့ကနေ ထွက်သွားတာမျိုးတွေ ၊ လူငယ်ကိစ္စတွေ ရှုပ်ကြလို့ အဖွဲ့ရဲ့လုပ်ငန်းတွေမှာ အားနည်းသွားတာတွေ ၊ ကိုယ့်ကိစ္စတွေနဲ့ မအားကြလို့ စိတ်တော့ရှိပါရဲ့ လူကတော့ မလာနိုင်ဘူး ဆိုပြီး စကားလှလှလေးတွေနဲ့ ရှောင်ထွက်ကြတာတွေ ၊ တစ်ကယ်ကို မအားကြလို့ မလုပ်ဖြစ်ကြတော့တာတွေဟာ ပရဟိတအဖွဲ့တိုင်းမှာ ကြုံတွေ့နေရတာတွေ ဖြစ်ပါတယ်။

ဆိုကြပါစို့.. လူတစ်ယောက်က အလှူလုပ်ချင်လို့ ဖြစ်စေ ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းချင်လို့ဖြစ်စေ ၊ မိဘမဲ့ကလေးတွေကို ကူညီပေးချင်လို့ ဖြစ်စေ ကိုယ်လုပ်ချင်တာနဲ့ ကိုက်ညီတဲ့ အသင်းတစ်ခုထဲကို ၀င်လိုက်တယ်။ အားတဲ့အချိန်မှာ လာလုပ်ပေးတယ် ၊ မအားတဲ့အချိန်မှာ မလုပ်ပေးနိုင်ဘူး။ အဖွဲ့ရဲ့ သတင်းအချက်အလက်တွေကို သိတဲ့အခါသိတယ်၊ မသိတဲ့အခါ မသိလိုက်ဘူး။ ဒါမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ကျွန်မတစ်ခု မေးချင်တာက ပရဟိတဆိုတာ အားမှ လုပ်ရတဲ့ အရာမျိုးလား? ။ အလုပ်များနေတဲ့သူတစ်ယောက်က ပရဟိတ မလုပ်နိုင်ဘူးဆိုတာ ဖြစ်နိုင်ရဲ့လား? ။ ပရဟိတ လုပ်ဖို့ အားဖို့လိုတယ်လို့များ အဓိပ္ပာယ်ဖွင့်ဆိုထားတာမျိုး ရှိသလား..? ပရဟိတ အဖွဲ့တိုင်းကလည်း Volunteer Based ဖြစ်တဲ့အတွက် မအားတဲ့သူကို အတင်းလာခိုင်းလို့ မရသလို ၊ အတင်းအားခိုင်းဖို့လည်း ခက်ခဲပါတယ်။ ဒါကြောင့် ပရောဂျက်တစ်ခု လုပ်တော့မယ်ဆိုရင် အားတဲ့သူလေးတွေနဲ့ပဲ ဖြစ်အောင်လုပ်လိုက်ရတာတွေ အကြိမ်များစွာ ရှိကြပါတယ်။

မအားလို့ဆိုတဲ့ အကြောင်းပြချက်မျိုးတွေဟာ ပရဟိတထက် အတ္တဟိတကို ဦးစားပေးတတ်ကြတဲ့ သဘောကို တွေ့နေရပါတယ်။ ဆိုကြပါစို့ လူငယ်တစ်ယောက်က လမ်းထိပ်မှာ အပေါင်းအသင်းတွေနဲ့ ဂစ်တာတီးဖို့ အားရင် အားမယ်၊ ညနေတိုင်းမှာ ဘီယာသောက်ဖို့ အားရင်အားမယ်… (၂) နာရီလောက်ပဲ အချိန်ပေး တက်ရမယ့် ပရဟိတ မီတင်လေး တစ်ခုကိုတော့ တက်ဖို့ပျက်ကွက်တတ်ကြပါတယ်။ လူတိုင်းဟာ မအားကြပါဘူး ။ စားဝတ်နေရေးခက်ခဲတဲ့ ၊ ရုပ်ဝတ္ထုတို့နောက်ကိုသာ လုံးပါးပါးအောင် လိုက်လေ့ရှိကြတဲ့ ဒီနေ့ခေတ်မှာ အလုပ်နဲ့လက် ပြတ်တယ်လို့ကို မရှိကြတာတော့ အမှန်ပါပဲ။ ဒါပေမယ့် တစ်ကယ်တမ်းသာ ပရဟိတစိတ်ရှိကြမယ်ဆိုရင် ဒီအလုပ်ကို လုပ်ဖို့အတွက် အချိန်တစ်ခုကိုလည်း မဖြစ်ဖြစ်အောင် ပေးနိုင်ကြရမယ်လို့ ကျွန်မက မြင်ပါတယ်။ ကျွန်မဆိုရင်လည်း တနင်္ဂနွေနေ့တိုင်းကို Myanmar Youths in Action အတွက် အချိန်ပေးပါတယ်။ သေရေး ရှင်ရေးနဲ့ မဖြစ်မနေ လုပ်ရမှာမျိုးမဟုတ်ရင် ရုံးက GM ခိုင်းတဲ့ ကိစ္စကိုလည်း ကျွန်မငြင်းပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ ပရဟိတ စိတ်တစ်ကယ်ရှိရင် သူ့အတွက် အချိန်တစ်ခုတော့ ချန်ထားနိုင်ရမှာ ဖြစ်ပါတယ်။

အဖွဲ့တစ်ဖွဲ့မှာ တစ်ယောက်သောသူကို ကြည့်မရလို့ ဒီအဖွဲ့က ထွက်လိုက်တယ်ဆိုတာမျိုးကလည်း သိပ်ကို ရီစရာ ကောင်းတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့က အလုပ်ကို လုပ်မှာလား ၊ အဲ့ဒီလူရဲ့ မျက်နှာကိုပဲ တစ်စိမ့်စိမ့်ထိုင်ကြည့်နေမှာလား။ သူပြောတဲ့ စကားတွေ ၊ သူပေးတဲ့ အိုင်ဒီယာတွေကို သဘောမကျဘူးဆိုရင် အကျိုးသင့် အကြောင့်သင့်တဲ့ ငြင်းပိုင်ခွင့်က လူတိုင်းမှာ ရှိပါတယ်။ သူကတော့ဖြင့် သိပ်ဆရာလုပ်တာပဲဆိုတာမျိုး ပေါ်လာရင်တောင်မှ ငါဒါကို လုပ်ပြီသား ၊ ငါဒါကို နင့်ထက်ကြိုမြင်လို့ ကြိုလုပ်ထားတယ် အစရှိတာမျိုးတွေနဲ့ တုန့်ပြန်ပြနိုင်ရင် သူဆရာလုပ်တာလည်း အလိုလိုအပိုးကျိုးပြီးသား ဖြစ်သွားမှာပါ။ အလုပ်လုပ်ချင်စိတ်သာ တစ်ကယ်ရှိမယ်ဆိုရင် အဖွဲ့ထဲက တစ်ခြားသူတွေကလည်း ကိုယ့်ကို အလိုလိုလေးစားပြီးသား ဖြစ်သွားမှာ အသေအချာပါပဲ။ ကိုယ်က ပေါ်ပင်တစ်ခုအနေနဲ့ အဖွဲ့ထဲကို လာသလိုလို မလာသလိုလိုလုပ်မယ် ၊ အလုပ်ကို လုပ်ချင်သလိုလို မလုပ်ချင်သလိုလိုလုပ်မယ်ဆိုရင်တော့ ကြည့်မရလို့ ထွက်ကြရတယ်ဆိုတဲ့ ပြသနာမျိုးက ဖြစ်လာမှာ အသေအချာပါပဲ။

နောက်တစ်ခုက ပရဟိတ အဖွဲ့ထဲမှာလဲ မျိုးရိုးဗီဇ မတူတဲ့လူတွေအများကြီး ရှိတတ်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ စရိုက်တွေဟာ မတူညီနိုင်ပါဘူး။ လူတွေကို စီမံခန့်ခွဲရတာဟာ အတော်ပျော်စရာ ကောင်းပါတယ်။ စရိုက်တွေကို အတင်းကြီးကို ညီအောင် လိုက်ညှိုနေစရာ မလိုပါဘူး။ သူ့အကျင့် ကိုယ့်အကျင့်ကို နားလည်ပြီး အချင်းချင်းဖေးမကူညီခြင်းဟာလည်း ပရဟိတ လုပ်ခြင်းရဲ့ အရည်အသွေးတစ်ခုဖြစ်ပါတယ်။ သူ့မှာ ဘယ်လိုစရိုက်ပဲ ရှိရှိ သူဟာ ဒီအလုပ်ကို လုပ်ချင်လို့ ဒီအဖွဲ့ထဲကို ၀င်လာတယ်ဆိုတာကိုပဲ ကျွန်မတို့ တန်ဘိုးထားရမှာ ဖြစ်ပါတယ်။ အတူတူနေဖန်များလာရင် ကိုယ့်ရဲ့ကောင်းတဲ့အကျင့်တွေ သူ့ကို ကူးစက်သွားနိုင်သလို ၊ ကိုယ်နဲ့ဆန့်ကျင်ဘက် သူ့ရဲ့ စရိုက်တွေကလည်း ကိုယ့်ကို ကူးစက်လာနိုင်တယ်ဆိုတာတော့ တစ်ချက်လေး သတိထားရပါမယ်။

 

တစ်ချို့တွေ ပရဟိတလုပ်ကြတာကတော့ ဓါတ်ပုံရိုက်ချင်လို့ ဖြစ်ပါတယ်။ အဖွဲ့တစ်ခုခုနဲ့ ပရောဂျက် တစ်ခုခုကို လိုက်လုပ်တယ်ဆိုပါစို့။ သူအလုပ်လုပ်တာကနည်းနည်း… ဓါတ်ပုံရိုက်တာက များများ.. ပြီးရင် အွန်လိုင်းပေါ်မှာ ဓါတ်ပုံတွေကို တစ်ပုံပြီး တစ်ပုံတင်.. တစ်ကယ်ဆို သူကူညီလုပ်ကိုင်ခဲ့တာဆိုလို့ နည်းနည်းလေးပဲ ရှိတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ တစ်ကယ် အလုပ်လုပ်တဲ့သူဟာ ဓါတ်ပုံတစ်ပုံတစ်လေလောက်တော့ ရိုက်ရင်ရိုက်မယ်.. ဒါပေမယ့် စတိုင်မျိုးစုံ ရှုထောင့်မျိုးစုံကနေ ရိုက်ဖို့ကိုတော့ မေ့နေတတ်ပါတယ်။ အဖွဲ့တိုင်းမှာလည်း ကင်မရာ ကိုင်တဲ့သူက သီသန့် ရှိပြီးသားပါ။ အဖွဲ့သားတွေ ကျရာတာဝန်ကို ထမ်းဆောင်နေချိန်မှာ သူကလည်း သူ့တာဝန်ဖြစ်တဲ့ ဓါတ်ပုံရိုက်ခြင်းအလုပ်ကို လုပ်နေတာပါပဲ။ ဒါက အဖွဲ့ကပေးထားတဲ့ တာဝန်ပါ။ တစ်ချို့တွေကတော့ မဟုတ်ပါဘူး။ ကလေးတွေနဲ့ ဓါတ်ပုံရိုက်ချင်လို့ဆိုပြီး လိုက်လာတဲ့သူမျိုးကိုလည်း ကြုံဖူးပါတယ်။

နောက်တစ်ချက်ကတော့ စိတ်ရှိပေမယ့် မအားကြပါဘူးဆိုတဲ့ လူမျိုးအတွက်ဖြစ်ပါတယ်။ ကျွန်မ တွေ့ရသလောက်ကတော့ လူတိုင်းဟာ ဖေ့စ်ဘုတ်ပေါ်မှာ စတေးတပ်တင်ဖို့တော့ အားကြပါတယ်။ ကွန်းမန့်တွေပေးဖို့တော့ အချိန်ပေးတတ်ကြပါတယ်။ အွန်လိုင်းမီတင်တစ်ခုတက်ဖို့တော့ အချိန်မရှိတတ်ကြပါဘူး။ ပရဟိတ အဖွဲ့ငယ်တိုင်းမှာ ဘဏ္ဍာရေးအခက်အခဲတွေလည်း ရှိပါတယ်။ အွန်လိုင်းပေါ်ကနေ တတ်စွမ်းသလောက် Fund ရဖို့ ကူညီသွားမယ် ၊ ကိုယ်ကိုယ်တိုင်ကလည်း အဖွဲ့ရဲ့ လစဉ်ကြေးတွေကို ပုံမှန်ပေးနေမယ်ဆိုရင်လည်း ဒီအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အားပေးရာ ရောက်ပါတယ်။ ကိုယ့်ရဲ့ ပရဟိတစိတ်ကိုလည်း ပြသရာ ရောက်ပါတယ်။

နောက်တစ်ခုကတော့ အဖွဲ့နဲ့ လုပ်မှ မဟုတ်ပါဘူး။ ကိုယ့်တစ်ယောက်တည်း စနေနေ့ညနေတိုင်းမှာတော့ဖြင့် ဘုရားမှာ တံမျက်စည်းလှဲပေးမယ် ၊ တနင်္ဂနွေတိုင်းမှာတော့ဖြင့် မိဘမဲ့ကလေးကျောင်းမှာ စာသွားသင်မယ် ၊ ညနေတိုင်းမှာတော့ဖြင့် ခွေးတွေကို အစာကျွေးမယ်.. အစရှိတာမျိုးတွေကလည်း ပရဟိတလုပ်တာပါပဲ။ တစ်ပိုင် တစ်နိုင် သစ်ပင်စိုက်ပျိုးခြင်းအားဖြင့်လည်း ပတ်ဝန်းကျင်ကို ထိမ်းသိမ်းရာ ရောက်ပါတယ်။ အဖွဲ့လိုက်ကြီးသွားပြီး အပင်စိုက် ၊ အမှိုက်ကောက်လုပ်မှ အလုပ်မည်တာ မဟုတ်ပါဘူးရှင်။ အဖွဲ့လိုက်သွားတော့ ပျော်စရာကောင်းတာလေးတော့ ရှိတာပေါ့။

လူတိုင်းက ပိုက်ဆံကို ရထက် ရအောင် ရှာဖွေစုဆောင်း ချင်တတ်ကြပါတယ်။ လူတိုင်းက ကိုယ့်တိုးတက်ရေးအတွက် ပညာဖြင့် နေထိုင်လိုတတ်ကြပါတယ်။ လူတိုင်းမှာ မိသားစုကိစ္စ ၊ အချစ်ကိစ္စ ၊ သာရေး.. နာရေး ကိစ္စလေးတွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်မတို့တွေမှာသာ ပရဟိတ စိတ်ရှိမယ်ဆိုရင် ဒါကိုအခြေခံပြီး လုပ်ကိုင်နိုင်တာတွေ အများကြီးရှိပါတယ်။ ပရဟိတဆိုတာ အားမှ လုပ်ရတဲ့ အရာမျိုး မဟုတ်ပါဘူးလို့ ကျွန်မက ထင်မြင်မိပါတယ်။

လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ကြပါတယ်ရှင်။

Diary of a Marketing Staff – 2

Diary of a Marketing Staff – 2

စပွန်စာပေးပါ အကိုရယ်….

ကျွန်မတို့ ဆီမှာ Miss People ပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပပါတယ်။ ပွဲကို စပွန်စာယူပြီးလုပ်တာကြောင့် ပွဲမလုပ်ခင် (၃) လလောက် အလိုကနေစပြီး ကျွန်မတို့တွေ စပွန်စာလိုက်ကြတာပေါ့ရှင်။ ကျွန်မက ဒီကုမ္ပဏီမှာ ၂၀၀၈ ခုနှစ်မှာစပြီး အလုပ်ဝင်တာကြောင့် Miss People 2008 ပွဲကနေစလို့ စပွန်စာလိုက်ခဲ့ရတယ်ဆိုပါတော့။ စပွန်စာကြေးတွေကလည်း သိန်း (၂၀) လောက်ကနေ ၅၀ ၊ ၁၀၀ လောက်ထိ သူ့အမျိုးအစားနဲ့ သူ ရှိတာပေါ့ရှင်။ စစချင်းတုန်းကတော့ ဒီပိုက်ဆံတွေကို သူများဆီကနေ ငါ ဘယ်လိုတောင်းရပါ့မလဲ။ ငါ့ကိုများ ဟားတိုက်ပြီး ရီကြမလားဆိုတဲ့ ကြောက်စိတ်တွေရှိတာပေါ့။ Marketing Manager ကနေ စကားအပြောအဆိုတွေ ၊ ဘယ်လိုမေးရင် ဘယ်လိုဖြေဆိုတာတွေကို သင်ပေးလိုက်ပြီး လွှတ်လိုက်တာပေါ့။ ကျွန်မကလည်း အသစ်ဆိုတော့ ကိုယ့်ကိုကိုယ် ယုံတစ်ဝက် ၊ မယုံတစ်ဝက်နဲ့ စပွန်စာလိုက်လေသည်ပေါ့။ သူများတွေက တင်မြတ်ထက် ဘယ်သွားလဲဆိုရင် စပွန်စာ သွားရှာတာလေလို့ ပြန်ဖြေမိလို့၊ အေး နင့်အတွက်ပါ ပါအောင်ရှာလာခဲ့နော်လို့လည်း ခဏ ခဏ အစခံရတာပေါ့။ အစတုန်းကတော့ စိတ်ဆိုးတာပေါ့ရှင်။ နောက်ပိုင်းမှာတော့လည်း မားကက်တင်းသည် စပွန်စာနဲ့ မကင်းနိုင်တော့ပါဘူး (အလုပ်အတွက်ပြောတာပါရှင် ဘုရားစူးရပါစေ့)။

ဒီလိုနဲ့ ဘတ်စ်ကားကို တိုးဝှေ့စီးပြီး ကိုယ့်အတွက်ခွဲပေးထားတဲ့ အကောင့်တွေကို စပွန်စာလိုက်ရပါတယ်။ ကျွန်မတို့ ကုမ္ပဏီမှာက ကား Demand များတာကြောင့် ကားတွေရှိပေမယ့် ကိုယ်တောင်းတဲ့အချိန်ကို ရချင်မှ ရတာပါ။ ကားမရတဲ့ အခါမျိုးမှာတော့ ဘတ်စ်ကား စီးပြီး သွားရတာပေါ့။ မားကက်တင်းသမားမှန်ရင် ကားတွေ ၊ လမ်းတွေကို ကျွမ်းရမယ် ဆိုပေမယ့် ကျွန်မက အသစ်ကြီးကိုရှင်။ ဘယ်သိမှာတုန်း။ ဒီလိုနဲ့ မေးစမ်းပြီး ဘတ်စ်ကား စီးသွားတာ ဆင်းရမယ့် မှတ်တိုင်ကိုတော့ ရောက်သွားပါရဲ့ ဘယ်နားကို သွားရမယ်မှန်း မသိပြန်ဘူးရှင့်။ ဒါနဲ့ လမ်းတစ်လမ်းထဲ ၀င်ပြီး နည်းနည်း သန့်သန့်ပြန့်ပြန့်ဝတ်စားထားတဲ့ ယောင်္ကျားလေးတစ်ယောက်ကို မေးလိုက်တာပေါ့နော် ။ ဒီလိပ်စာကို သိလားရှင့် ဆိုတော့ အံမယ် ကိုယ်တော်ချောက စပ်ဖြဲဖြဲနဲ့ ရီပြတယ်ရှင့်။ အကို.. ကျွန်မ လမ်းမသိလို့ပါ.. အလုပ်ကိစ္စနဲ့ သွားရမှာလို့ ဆိုပြန်တော့လည်း.. အဲ.. အဲ.. အီး.. အား နဲ့ အူကြောင်ကြောင် လုပ်နေပြန်ရော။ ကျွန်မမှာ ကားကျပ်လာလို့ စိတ်ကတို ၊ ရာသီဥတုကလည်းပူ ၊ အဲ့ဒီလူကလည်း အူကြောင်ကြောင်လုပ်နေပြန်တော့ တော်တော်ကြီးကို စိတ်လေသွားတော့တာပါပဲ။ နောက်တော့မှ ဘေးနားက အဒေါ်ကြီးတစ်ယောက် ရောက်လာပြီး ကျွန်မကို မျက်ရိပ် မျက်ကဲပြ… ခေါ်သွားပြီး လမ်းညွှန်ပေးလိုက်ပါတယ်။ သူပြောမှ သိတာက ကျွန်မ သွားမေးမိတဲ့သူက စိတ်မမှန်ဘူးတဲ့ရှင်။ ကျွန်မနှယ် အရူးကိုများ သွားမေးမိရတယ်လို့…။ ကိုယ့်အဖြစ်ကိုယ်လည်း ရီချင်မိပါရဲ့။

အဲ့လိုနဲ့ ကိုယ်သွားချင်တဲ့ ကုမ္ပဏီကိုရောက်သွားတော့ ချိန်းထားတဲ့ မန်နေဂျာ အကိုနဲ့ တွေ့ပြီး Sponsor Package တွေ တစ်ခုပြီး တစ်ခု ရှင်းပြရတာပေါ့။ Main Sponsor မယူဖြစ်လည်း Gold Sponsor ၊ Silver Sponsor လောက်တော့ စဉ်းစားပေးပါရှင်ပေါ့။ အဲ အဲ့ဒီမှာ ကျွန်မတို့ စပွန်စာလိုက်ရင်လည်း ကုမ္ပဏီကိုကြည့်ပြီး ဘယ် Package ကို အသားပေးရှင်းပြရမယ်ဆိုတာ ခန့်မှန်းရတယ်ရှင့်။ Apline လိုမျိုးဆိုရင်တော့ Main Sponsor Package ကို အဓိကထားရှင်းပြရတာပေါ့ ။ Cosmetic ၊ Fashion Brand မျိုးဆိုရင်တော့လည်း တစ်ခြား Package မျိုးကို အသားပေး ရှင်းပြရတာပေါ့။ ဒါပေမယ့် တစ်ကယ့် တစ်ကယ်ကျပြန်တော့လည်း သူတို့ ယူချင်တဲ့ အမျိုးအစားကို ယူလိုက်တာပါပဲ။ ကုမ္ပဏီကြီးပေမယ့် ပိုက်ဆံများများ သုံးချင်မှ သုံးတာလေ။

ကျွန်မလည်း မန်နေဂျာဆိုသူကို အပီအပြင် ရှင်းပြတာပေါ့နော်။ သူက ကျွန်မ စကားများတာကို ပြီးအောင် နားထောင်ပြီး မှ သူပြောချင်တာပြောပါတယ်။ ဒီနှစ်အတွက် မားကက်တင်း ဘတ်ဂျက်နည်းနေတယ်ပေါ့။ သေချာစဉ်းစားပြီးမှ အဖြေပေးပါမယ် ၊ ဖုန်းပြန်ဆက်ပါပေါ့လေ။ ဒီလိုပါပဲ ကျွန်မတို့က လူကိုယ်တိုင် မားကက်တင်းသွားပြီးရင်လည်း တစ်ရက် နှစ်ရက်လောက် ကြာတော့မှ ဖုန်းနဲ့ ပြန်ပြီး follow up လုပ်ရတာရှင့်။ ဒီလိုနဲ့ ကျွန်မလည်း ပေးစရာရှိတဲ့ Collateral တွေ

အကုန်ပေးခဲ့ပြီး နောက်တော့မှ ဖုန်းပြန်ဆက်မယ်ဆိုပြီး ပြန်လာပါတယ်။ အဲ နောက် တစ်ရက် နှစ်ရက်လောက်ကြာတော့ သူ့ဆီကို Reception ကနေ ဖုန်းဆက်တာပေါ့နော်။ ဖြစ်ချင်တော့ အဲ့ဒီနေ့က Reception မှာ ဧည့်သည်တွေ တော်တော်များတယ်ရှင့်။ အဲ့ဒီဘက်က မန်နေဂျာက

“ဒီနှစ်တော့ စပွန်စာမယူဖြစ်တော့ဘူး ညီမရေ” ဆိုပြီး သူကစပြောပါတယ်။ ကျွန်မ ဖုန်းပြန်ပြောမိတာက ဒီလိုရှင့်။

“နည်းနည်းတော့ ထပ်စဉ်းစားပေးပါအုံး အကိုရယ်.. ယူပါနော် ၊ အကိုတို့မှ မယူရင် ဘယ်သူ ယူမှာလဲဟင်… ယတိပြတ်ကြီး မပြောပါနဲ့.. သေချာစဉ်းစားပြီး ယူပါ အကိုရယ်”

“ကျွန်မလေ အကိုတောင်းဆိုတာကို ထပ်ပြီး ညှိပေးပါ့မယ် အကိုရယ်.. ကျွန်မဘက်က နည်းနည်းထပ်ပြီး ပေးသင့်တာလေးတွေကို ထပ်တိုးပေးပါအုံးမယ် ယူပါနော်.. ကျွန်မကို ချက်ချင်းတော့ မငြင်းပါနဲ့”

“ကျွန်မကို ပြန်စဉ်းစားပေးပါ အကိုရယ်.. ယူဖြစ်အောင် အကို့ MD နဲ့ သေချာတိုင်ပင်ပါအုံးနော်.. ကျွန်မ အဖြေကောင်းကို စောင့်နေမယ်နော် အကို”

“ဟုတ် အခုလို ကျွန်မကို ပြန်စဉ်းစားပေးတာ ကျေးဇူးအများကြီး တင်တယ်ရှင့်”

သူနဲ့ ကျွန်မနဲ့ ဖုန်းပြောတာကို ဘေးနားကလူတွေရော ဧည့်သည်တွေရော နားထောင်ပြီး ပြုံးစိစိဖြစ်နေတော့မှ ကျွန်မလည်း ကိုယ်ပြောတာကိုယ် သတိထားမိတယ်ရှင့်။ ဘေးနားက နားထောင်နေသူတွေကတော့ စပွန်စာ ကိစ္စကို ပြောနေမှန်း ဘယ်သိမှာလဲနော်။ မသိရင် ကျွန်မကပဲ အဲ့ဒီ အကိုကြီးကို ကျွန်မကိုပဲ အတင်းယူခိုင်းနေသလို ဖြစ်နေတာပါရောလားရှင်။

အဲလိုနဲ့ ကျွန်မတို့ မားကက်တင်းက မိန်းကလေးတွေလည်း ရုံးမှာဆို စပွန်စာ မမတွေဆိုပြီ အစခံနေရပါတယ်ရှင့်။

Diary of a Marketing Staff – 1

Diary of a Marketing Staff – 1

Designer တွေနဲ့ အလုပ် လုပ်တဲ့အခါ

ကျွန်မက မားကက်တင်းသမား တစ်ယောက်ပါ။ မားကက်တင်းသမားဆိုတာကတော့ အားလုံးသိတဲ့အတိုင်း စကားသံချိုချို ၊ မျက်နှာမှာ အပြုံးတွေကို အမြဲဝတ်ဆင်ထားပြီး စကားလည်းများတဲ့ သူတစ်ယောက်ပေါ့။ အမှန်အတိုင်း ပြောရရင်တော့ ကျွန်မရဲ့ နဂိုမူလအရင်းခံက စကားနည်းပါတယ်။ လူတစ်ယောက်ကို စကား စပြောဖို့ မဆိုထားနဲ့ သူ မေးတဲ့မေးခွန်းတွေကိုတောင် ဖွဲ့နွှဲ့ပြီး မဖြေတတ်သူရယ်ပါ။ ကျောင်းပြီးလို့ အလုပ်ဝင်တော့လည်း Blazon မှာ Buyer တစ်ယောက်အနေနဲ့ အလုပ်စ၀င်ခဲ့တာ။ အဲ… အဲ့ဒီမှာ စကား စပြောရတော့တာပါပဲ။ မပြောချင်လည်း ပြောရ ၊ မပြုံးချင်လည်း ပြုံးရနဲ့.. နောက်ဆုံး ကျွန်မ အခုလုပ်နေတဲ့ အလုပ်မှာတော့ Marketing Department မှာ အလုပ်ရတယ် ဆိုပါတော့ရှင်။ အဲ့ကနေစပြီး ကျွန်မလည်း ဖုန်းလာရင် “ဟုတ်ကဲ့ အမိန့်ရှိပါရှင့်” လို့ ထူးတာ အကျင့်ဖြစ်သွားပြီး ၊ စကားပြောရင်လည်း ရတယ်ရှင့် ၊ ဟုတ်ကဲ့ရှင့်၊ ကျေးဇူးပါရှင့် ၊ ကျွန်မ တင်မြတ်ထက်ပါရှင့် ၊ အကို… ဘယ်သူလားရှင့် ဆိုပြီး တစ်ရှင့် တည်းကို ရှင့်သွားတော့တာပါပဲ။

Marketing Department မှာ ဆိုပေမယ့် ကျွန်မ လုပ်ရတာကတော့ မားကက်တင်းသမား အစစ်အမှန်ကြီး မဟုတ်ပြန်ဘူးရှင့်။ အဓိက ကတော့ Advertising and Promotion ပိုင်းတွေကို လုပ်ရတာပါ။ ကိုယ့်ကုမ္ပဏီက ထုတ်တဲ့ ဂျာနယ် ၊ မဂ္ဂဇင်းတိုင်းအတွက် ကြော်ငြာတွေလုပ်၊ ပရိုမိုးရှင်းတွေ လုပ်ပေးရတာပေါ့။ ပွဲရှိမှသာ စပွန်စာလိုက်တဲ့ အလုပ်ကို လုပ်ရတာမို့.. ကျွန်မရဲ့ ပုံမှန်အလုပ်က နေ့တိုင်း ဒီဇိုင်းကိစ္စတွေပဲ များပါတယ်။ ဒီဇိုင်းကိစ္စမှာလည်း ရုံးတွင်း ဒီဇိုင်းတွေသာမက ၊ အပြင်ကအပ်တဲ့ ဒီဇိုင်းတွေကိုလည်း တာဝန်ယူရတယ်လေ။ အဲ့ဒီမှာ ဒီဇိုင်နာတွေနဲ့ စတွေ့တော့တာပေါ့ရှင်။

ဒီဇိုင်နာဆိုတာက ရိုးရိုးအလုပ်ဝင်ကာစတုံးကတော့ ဘာဒီဇိုင်းလာလာအကုန်ဆွဲမယ်ဟဲ့ အချိန်ရှိသမျှ ခိုင်းသာခိုင်းပါ ဆိုပေမယ့် နည်းနည်းလေးလဲ လုပ်သက်က ရင့်လာရော ငါတို့ကအာရုံလာမှ ဒီဇိုင်းဆွဲတယ်လေ ၊ ငါတို့ အာရုံမလာရင် နင်တို့ ဒီဇိုင်းတွေ အလကား မလှဖြစ်သွား လိမ့်မယ်လို့ ပြောတတ်တဲ့ သူမျိုးရှင့်။ အမှန်တော့လည်း ဟုတ်ပါတယ်။ Designer တို့ Programmer တို့ဆိုတာက စိတ်ကလေး ကြည်လင်နေမှ Product တွေလည်း ကောင်းကောင်လေး ထွက်တတ်တာမျိုး မဟုတ်လား။ ဒါပေမယ့် Freelance Designer ဆိုရင်တော့ ကိုယ်လုပ်ချင်တဲ့အချိန် ထလုပ်ပေါ့ရှင်။ ရုံးချိန်အတွင်း အလုပ်လုပ်ရတဲ့ ဒီဇိုင်နာမျိုးကျပြန်တော့လည်း အာရုံ လာလာ ၊မလာလာ အလုပ်အတွက် လုပ်ပေးရမှာပဲလေ။ အဲ ဒီနေရာမှာ ကျွန်မ တစ်ခုပြောချင်တာက တစ်ခြားရုံးတွေမှာတော့ မသိဘူး၊ ကျွန်မတို့ ရုံးမှာက ဒီဇိုင်နာ ကိုကိုများနဲ့ Programmer များက တစ်ခြားသူတွေထက် လွတ်လပ်ရေး ပိုရတယ်ရှင့်။ ကြိုက်တဲ့အချိန်မှာ လက္ဘက်ရည်သောက ဆင်းနိုင်သလို ၊ Game ဆော့တာမျိုးကိုလည်း အလုပ်ချိန်မှာ လုပ်ခွင့်ပြုထားသေးတယ်။ ထားပါတော့ ဒါကတော့ ကျွန်မနဲ့ မဆိုင်ပါဘူး။

တစ်ချို့ အကိုကြီးများ ၊ မောင်လေးများကတော့ တစ်ကယ်ကို လုပ်ပေး ကိုင်ပေးချင်စိတ်ရှိကြပါတယ်။ လာအပ်တဲ့ ဒီဇိုင်းတိုင်းကို စေတနာထားပြီး လိုအပ်ချက်အတိုင်း လုပ်ပေးတတ်ကြပါတယ်။ ရုံးမှာ ကျွန်မ နှိပ်စက်သမျှ ခံရတာကလည်း ဒီဇိုင်နာတွေပါပဲ။ အကိုရေ အခုဒီဇိုင်းထွက်ရတော့မယ် ၊ ချက်ချင်း ကြော်ငြာဘုတ် ထောင်ရတော့မယ် ၊ နောက်တစ်နာရီလောက်အတွင်း အပြီးဆွဲပေးနော် ဆိုလည်း ဆွဲပေးလိုက်တာပါပဲ။ တစ်ချို့များ ကျပြန်တော့လည်း မလုပ်ပေးနိုင်ဘူး ၊ အာရုံမလာသေးဘူး ၊ နင့်ဟာက ဟိုဟာတောင် မပြီးသေးဘူး အသစ်က လာပြန်ပြီလား ဆိုတဲ့သူမျိုးတွေလည်း ရှိတာပေါ့ရှင့်။ တစ်ခါ တစ်လေကျတော့လည်း အကိုရယ် Customer က တောင်းနေလို့ပါ ကော်ဖီတိုက်ပါ့မယ် ၊ မုန့်ကျွေးပါ့မယ်ဆိုပြီး ချော့ခိုင်းရတာမျိုးလည်း ရှိသေးတာပေါ့။ တစ်ချို့ကျတော့လည်း ဒီဇိုင်းဆွဲတုန်းကို သူတို့နားမှာ လာထိုင်မှ ကြိုက်တာ။ ပြင်ချက်တွေကို တစ်ခါတည်းပြင်နိုင်အောင် ၊ အမှားတွေကို တစ်ခါတည်း စစ်နိုင်အောင် ၊ အရောင်တွေကို ကြိုက် မကြိုက် တစ်ခါတည်း ပြောနိုင်အောင် ဆိုပဲ။

တစ်ခါ တစ်လေကျရင်လည်း အပြင်က Customer နဲ့ Designer ကြားမှာ ကြားညှပ်ရသေးတယ်။ Designer က ဒီဇိုင်းသဘောအရလုပ်ပေးလိုက်တာကို Customer မကြိုက်တာမျိုး ၊ နည်းနည်း ရစ်တတ်တဲ့ Customer မျိုးနဲ့တွေ့ရင် ခဏ ခဏ လာပြင်ခိုင်းလို့ Designer တွေ စိတ်မရှည်တော့တာမျိုး ၊ လုံးဝမကြိုက်တော့လို့ Design အသစ်ထပ်ဆွဲရတာမျိုးဆိုရင် ကျွန်မတို့မှာ ဒီဘက်က ဒီဇိုင်နာကိုလည်း ချော့ရ ၊ ဟိုဘက်က Customer ကိုလည်း မျက်နှာမပျက်အောင် ပြောရနဲ့ စိတ်ညစ်ဖို့တော့ ကောင်းပါတယ်။ “ငါက ဒီအရောင်နဲ့ ဒီအရောင်လိုက်လို့ ဆွဲပေးတာလေ.. သူပြောတဲ့ အရောင်အတိုင်းသာ လုပ်လို့ကတော့ လှပါလိမ့်ဦးမယ်.. နင့် Customer ကို ပြောလိုက်.. မပြင်ပေးနိုင်ဘူး” ဆိုတာမျိုးတွေလည်း ရှိတတ်တော့ ကျွန်မတို့မှာ ဟိုဘက်ကိုလည်း တောင်းပန်ရ ဒီဘက်ကိုလည်း တောင်းပန်ရပေါ့ ။ Customer ကိုကျတော့လည်း “အမရယ် ဒီ ဒီဇိုင်းလေးကလေ အမပြောတဲ့အတိုင်း ဆွဲရင် ပေါ်မှာ မဟုတ်ဘူး ၊ ဒါကြောင့် ကျွန်မတို့ ဒီဇိုင်နာက သူ့စိတ်ကူးလေးနဲ့ လှအောင်ဆွဲပေးတာပါ” လို့ပြောရသလို “အကိုရယ် သူက သူလိုချင်တာပဲ သိမှာလေ.. သူ့ကိုနားလည်အောင် သမီးရှင်းပြပါ့မယ်.. အကိုက သူလိုချင်တဲ့အတိုင်းလေးတော့ အရောင်နည်းနည်းညှိပေးနော်” ဆိုတာမျိုးကိုလည်း ကိုယ့်ဒီဇိုင်နာကို ပြန်ချော့ရတာပေါ့။ တစ်ခါ တစ်လေကျရင်လည်း Customer တွေက ဟုတ်ပါတယ်… အစိမ်းရောင်နဲ့ လိမ္မော်ရောင် ဆိုတာမျိုးတွေ ပြောတတ်ကြသေးတယ်။ စပ်ဖြဲဖြဲနဲ့ ဘယ်လိုမှ မလိုက်ဖက်တာကြီးတွေ။ တစ်ခါ တစ်လေကျတော့လည်း အကိုဒီဇိုင်နာများက လွန်တယ်ရှင့် ။ Customer စိတ်တိုင်းကျ ဆိုတာထက် သူတို့စိတ်တိုင်းကျ က ပိုများနေတာကိုး။

နောက် တစ်ဒုက္ခကတော့ ပုံတွေရှာရတဲ့ ကိစ္စပါ။ ဒီဇိုင်းတစ်ခုလုပ်ပြီဆိုရင် ကိုယ်ဘယ်လိုပုံစံ လိုချင်တယ်ဆိုတာတော့ သူတို့ကို ပြောပြရပါတယ်။ တစ်ချို့တွေက ကိုယ်လိုချင်တဲ့ ပုံစံမျိုးကို ပြောလိုက်ပြီဆိုတာနဲ့ ကျန်တဲ့ကိစ္စကို ဘာမှ ပူစရာမလိုပဲ အစ အဆုံး သူတို့လုပ်ပေးကြပါတယ်။ အဲ တစ်ချို့များကျပြန်တော့ ဘယ်စာကို ဘယ်နေရာမှာထည့်မယ် ၊ font ဆိုဒ်က ဘယ်လောက်သုံးမယ် ၊ အရောင်ကတော့ ဒီလိုစပ်မယ် ၊ ပုံကတော့ ဒါတွေသုံးမယ် ဆိုပြီး Sketch ကိုပါ တစ်ခါတည်း ပေးရတာရှင့်။ ငါ့ကို ဘာမှ လာမလုပ်ခိုင်းနဲ့ ကိုယ်ထည့်ချင်တဲ့ပုံကို ကိုယ့်ဟာကိုယ် အွန်လိုင်းက ရှာပေး ၊ ဘယ်ကပဲ ရှာရှာ ငါ့ကို အဆင့်သင့်ဖြစ်အောင် လုပ်ပေးဆိုရင်တော့ တော်တော်ကို စိတ်တိုရပါတယ်။ ဘယ့်နှယ်ရှင်.. ဒီဇိုင်းလာဆွဲခိုင်းပါတယ်ဆိုမှ အစ အဆုံး ကိုယ့်ဘာသာကိုယ် Photo Shop ထဲ မထည့်ရုံ တစ်မယ်ပဲ ကျန်တော့တယ်။ အဲ့လိုအခါမျိုးမှာတော့ “နောက်ဆိုရင် ကျွန်မ ဖိုတိုရှော့ သင်ထားပါမယ့်.. အကို ဒီဇိုင်နာများ အေးအေးသာ နေဖို့ စဉ်းစားကြပါ” လို့ ဒေါသနဲ့ ပြန်ပြောရတာမျိုးလည်း ရှိတာပေါ့။ ကျွန်မရဲ့ အထက်က အမတစ်ယောက်ဆိုရင် ဟိုတစ်ခါတုန်းက ဒီဇိုင်နာတွေကို စိတ်တိုလွန်းလို့ ပြောလိုက်တဲ့စကား မှတ်မိပါသေးတယ် “နင် တို့ ဒီဇိုင်နာတွေကလည်း ခူး ခပ် ပြီး သာမက ပါ ပြီးသာဟာကိုမှ စားချင်ကြတာလား.. ဘယ့်နှယ်တော်.. ငါကိုယ်တိုင် ဒီဇိုင်းမဆွဲရုံတစ်မယ်ပဲ ကျန်တော့တယ်” ဆိုပြီးပြောလို့ ရီရပါသေးတယ်။

ဒီလိုပါပဲ ဒီဇိုင်နာဆိုတာလည်း လူပဲ မဟုတ်လားရှင်။ စိတ်တိုတဲ့အချိန်တို့ စိတ်ရှည်တဲ့ အချိန်တို့ဆိုတာ ရှိတယ်လို့ ကျွန်မတို့ မားကက်တင်း သမားများက နားလည်ကြပါတယ်။ ကိုယ်လိုချင်တဲ့ ပုံနဲ့ သူတို့ဆွဲပေးတဲ့ ဒီဇိုင်း ထပ်တူကျစေဖို့လည်း ကိုယ့်ဘက်က ဒီဇိုင်းအမြင်တို့ ၊ Color Combination တို့ ၊ အစရှိတာတွေကို နားလည်အောင် ၊ ဗဟုသုတရှိအောင် ကြိုးစားရပါတယ်။ အဲ့ဒီလိုပဲ တစ်ချို့ဒီဇိုင်များကိုလည်း Customer Request ဆိုတာမျိုးကို နားလည်ပေးပါ.. အကိုတို့ လုပ်ချင်တိုင်း လုပ်လို့မရပါဘူးလို့ ပြန်ပြောရတာမျိုးလည်း ရှိပါတယ်။ Customer တွေဘက်က လွန်လာရင်တော့ ကျွန်မတို့လည်း ဘယ်နေမလဲရှင်.. ကိုယ့် ဒီဇိုင်နာတွေဘက်က ကာပြီးပြောပေးတာပေါ့။ ဥပမာ -ခဏ ခဏ ပြင်ခိုင်းလွန်းတဲ့အခါမျိုးမှာလေ။ Customer ဆိုတာမျိုးကလည်း မျက်နှာပျက်လို့ ဘယ်လိုမှ မဖြစ်တာကြောင့် ကျွန်မတို့ မားကက်တင်း သမားတွေ အနေနဲ့တော့ ဒီဇိုင်နာများကို ချော့လိုက် ၊ မုန့်ကျွေးလိုက် ၊ တစ်ချို့ဒီဇိုင်းတွေအတွက် ကိုယ်တိုင်ဝင်မဆွဲရုံ တစ်မယ် သူတို့လိုအပ်သမျှကို ဘေးနားက ထိုင်ရှာပေးလိုက်နဲ့ပဲ ဒီဇိုင်နာ ကိုကို မမ များနဲ့ အလုပ်များရကြောင်းပါ။

(ဆရာမ ဂျူးရဲ့ ဆရာဝန် တစ်ယောက်၏ မှတ်စုများကို မနေ့က ပြန်ဖတ်မိပါတယ်။ ဒါကြောင့် ကျွန်မလည်း မားကကတင်းသမား တစ်ယောက်ရဲ့ အတွေ့အကြုံများကို မှတ်စုအနေနဲ့ ရေးမယ်လို့ စိတ်ကူးရလိုက်တာပါ။ ဒီနေ့တော့ ဒီဇိုင်းအကြောင်းပေါ့ရှင့်။ နောက်များမှာလည်း Customer များနဲ့ ဘယ်လို ဘယ်ပုံ အလုပ်များရတယ်ဆိုတာ ရေးပါအုံးမယ်)

Pinkgold

Respect! Let’s Practice to Respect

Respect! Let’s Practice to Respect

ကျွန်မတို့ အချင်းချင်း တစ်ယောက်ကို တစ်ယောက်လေးစားမှုတွေ တစ်ဖြည်းဖြည်းလျော့ပါးလာကြပြီလို့ ခံစားမိတာ မြန်မာ – အိုမန် ဘောလုံးပွဲပြီးကတည်းကပါပဲ။ ရှုံးသည်ဖြစ်စေ ၊ နိုင်သည်ဖြစ်စေ ၊ ပရိတ်သတ်တွေဘက်ကသော်လည်းကောင်း ၊ အားကစားသမားတွေ ဘက်ကသော်လည်းကောင်း ၊ တစ်ဦးကို တစ်ဦးအချင်းချင်းလေးစားကြရမှာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုအားတွေ လျော့ပါးခဲ့ရလို့ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ဖို့ ပိတ်လုနီးဆဲဆဲအခြေအနေတွေ ဖြစ်ခဲ့ကြရတယ် မဟုတ်လား။

နောက်တစ်ခု ထပ်ပြီး ခံစားမိတာက ကျွန်မ ဆွဇ်ဇာလန်သွားကာနီး အဖြစ်အပျက်လေးကြောင့်ပါ။ အဲ့ဒီတုန်းက ကျွန်မမှာ ပတ်စပို့ပျောက်နေတာကြောင့် အသဲအသန်ကို စိတ်တွေပူပြီး လိုက်လုပ်နေရတဲ့အချိန်ပေါ့။ One Young World ကို နောက်တစ်ကြိမ် တက်ခွင့်ရတဲ့အတွက် ၀မ်းသာလုံးဆို့ပြီး အားမနာတမ်း လိုက်ကြွားနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကို သူငယ်ချင်းတစ်စုက နည်းနည်းကြည့်မရဖြစ်လာတယ်နဲ့ တူပါတယ်။ သာမန်စတာကနေ အလွန်ဆိုးဝါတဲ့ စကားလုံးတွေနဲ့ စော်ကားတဲ့အထိကို ဖြစ်လာတော့တာပါပဲ။ တစ်ကယ်တမ်းပြောရမယ်ဆိုရင် ကျွန်မစိတ်ထဲမှာလည်း ဒဏ်ရာတော်တော်ဖြစ်ခဲ့ပါတယ်။ တစ်ယောက်ကို တစ်ယောက်သာ လေးစားကြမယ်ဆိုရင် တစ်ဖက်နဲ့ တစ်ဖက် အမြင်မကြည်စရာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ စတယ် နောက်တယ်ဆိုတာလည်း အတိုင်းအတာတစ်ခုထက်တော့ မကျော်လွန်သင့်ဘူးလေ။ ဒါဟာ သာမန်ကိစ္စတစ်ရပ်လို့ ထင်ပေမယ့် တစ်ကယ်တမ်းကျတော့ လူအချင်းချင်း လေးစားမှုနဲ့ အများကြီး ဆက်စပ်နေတာပါ။

နောက်တစ်ခုက လုပ်ငန်းခွင်ထဲမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကလေးပါ။ ဒီနေရာမှာ ကျွန်မပြောချင်တာက လက်အောက်ငယ်သားဆိုတာ အထက်လူကြီးရဲ့ ဒေါသအိုး ပေါက်ကွဲစရာတွေ မဟုတ်ကြဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ရာထူး အကြီးအငယ်ဆိုတာ လုပ်ငန်းအတွေ့အကြုံ ၊ ပညာအရည်အချင်း ၊ လုပ်သက်ကြာမှု ၊ လုပ်ရည်ကိုင်ရည်ရှိမှု အစရှိတာကြောင့် ဖြစ်လာတာရှိသလို လူကြီး သူမတွေနဲ့ ပေါင်းတတ်ရင် ပေါင်းတတ်သလို ရလာတတ်တာမျိုးလည်း ဖြစ်ပါတယ်။ လူတိုင်းမှာလည်း မိသားစုကိစ္စ၊ အခြားလူမှုရေး ၊ စီးပွားရေး ကျန်းမာရေး ကိစ္စတွေကြောင့် စိတ်မကြည်မလင် ဖြစ်တတ်ကြတဲ့ အချိန်ရှိပါတယ်။ အထက်လူကြီးများဟာ သူတို့စိတ်မကြည်မလင် ဖြစ်ကြတဲ့အချိန်မှာ ၀န်ထမ်းငယ်တွေကို သာမန်ထက် ပိုဆူတာ ၊ ပိုပြီးအလိုမကျတာတွေ ဖြစ်တတ်ကြပါတယ်။ တစ်ကယ်တမ်းဆိုရင် လက်အောက်ငယ်သားဆိုတာလည်း သူရာထူးအဆင့်နဲ့ ကိုက်ညီတဲ့ အလုပ်ဝန်ထုပ်ရှိပါတယ်။ လက်အောက်ငယ်သားတွေ အလုပ် မလုပ်ကြရင် အထက်လူကြီးလည်း နားကားမှာပါပဲ။ ငါက ရာထူးကြီးတယ်… အငယ်တွေကို ငါဆူချင်သလိုဆူလို့ ရတယ်ဆိုတာကလည်း လေးစားမှုမရှိရာရောက်ပါတယ်။ အပြန်အလှန်လေးစားမှု မရှိတဲ့အခါ အလုပ်ကို မလာချင်တာတွေ၊ အလုပ်ထဲမှာ စိတ်မပါတာတွေ ဖြစ်လာတတ်ပါတယ်။ နောက်ဆုံးထိခိုက်တာကတော့ ကုမ္ပဏီကိုပါပဲ။ အထက်လူကြီးတွေကလည်း လက်အောက်ငယ်သားတွေကို လေးစားတဲ့စိတ် ရှိရပါမယ်။

ဒီခေတ်မှာ ပညာတတ်ပိုပြီး ပေါများပါတယ်။ ပညာတတ်တွေ ပိုများတဲ့ လူ့အသိုင်းအ၀ိုင်းဆိုတာလည်း တစ်ဦးကို တစ်ဦး လေးစားမှုကို အခြေခံတဲ့ အသိုင်းအ၀ိုင်းပဲ ဖြစ်သင့်ပါတယ်။ Respect ဆိုတဲ့ စကားလုံးကို လူတိုင်း နားလည်ရုံသာမက ကျင့်သုံးတတ်ဖို့လည်း လိုပါသေးတယ်။ ကျွန်မတို့က ဦးနှောက်က သိနေရုံနဲ့ မပြီးပါဘူး။ နှလုံးသားထဲက သိနေဖို့လည်း လိုအပ်ပါတယ်။

ကျွန်မကိုယ်တိုင်မှာလည်း တစ်ခြားတစ်ဦးကို မလေး မစားလုပ်ခဲ့မိတာ ရှိခဲ့ပါတယ်။ တစ်ခါတစ်လေ သိသိကြီးနဲ့ အရွဲ့တိုက်တယ် ၊ တစ်ခါတစ်လေကျတော့ ပေါ့ပေါ့တန်တန်ပဲ သဘောထားပြီး ပြောဆိုမိတယ်။ တစ်ဘက်လူရဲ့ စိတ်ထဲမှာ တစ်ခုခုဖြစ်သွားခဲ့ရင် တစ်ချိန်ချိန်မှာ ဒါကလည်း ကိုယ့်အပေါ်မှာ တန်ပြန်သက်ရောက်မှု ရှိတာပါပဲ။ လူတိုင်း လူတိုင်းမှာလည်း ကိုယ့်ကို သူတစ်ပါးက မလေးမစားလုပ်ခဲ့သည်ကြောင့်ဖြစ်စေ၊ ကိုယ်က သူတစ်ပါးကို မလေးမစား ဆက်ဆံခဲ့မိသည်ကြောင့်ဖြစ်စေ နစ်နာဆုံးရှုံးခဲ့ရတဲ့ ပုံပြင်လေးတွေ ရှိကြမှာပါ။ ကျွန်မတို့က အမှားကိုသိရင် အမှန်ကို ပြန်ပြင်ကြရမှာ မဟုတ်လား။ ကျွန်မတို့ မြန်မာပြည်မှာ စကားပုံ တစ်ခုရှိပါတယ်။ “ကြီးသူကို ရိုသေ ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား” ဆိုတာလေးပါ။ ကျွန်မကတော့ လူကြီး ၊ လူငယ် ၊ ရွယ်တူမရွေးကို လေးစားသင့်တယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်း လူတိုင်းမှာ လေးစားသင့်တဲ့ Dignity ရှိနေတတ်ကြလို့ပါပဲ။

တစ်ယောက်ကို တစ်ယောက် လေးစားကြတဲ့ အကျင့်ကောင်းလေးတွေသာ ရှိကြမယ်ဆိုရင် ကျွန်မတို့ရဲ့ အလုပ်ခွင်မှာ၊ မိသားစုတွင်းမှာ၊ သူငယ်ချင်း အချင်းချင်းကြားမှာ လုပ်ကိုင်ပြောဆို နေထိုင်ရတာဟာ ပိုပြီး နွေးထွေးအဆင်ပြေမှု ရှိလာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် လေးစားသလို ၊ ကျွန်မတို့ အချင်းချင်း တစ်ယောက်ကို တစ်ယောက် လေးစားတဲ့ အသိုင်းအ၀ိုင်းလေးကို ပူးပေါင်းတည်ဆောက်ရင် ပိုမိုကောင်းမွန်တဲ့ လူ့ဘ၀ကြီးကို ဖန်တီးကြရအောင်လားရှင်။

My Second Mother (or) Grandma

My Second Mother (or) Grandma

ကျွန်မက နို့မကြိုက်ပါ။ အနံ့လည်း မခံနိုင်ပါ။ ကျွန်မကို မွေးပြီး သုံးလလေက်အကြာမှာ အမေက ကျွန်မကို အဖွားနဲ့ ထားခဲ့ပြီး တက္ကသိုလ်တက်ရသည်။ ထို့ကြောင့် ကျွန်မသည် မိခင်နို့ကို သုံးလခန့်သာ စို့ဖူးပြီး နို့ဖြတ်စရာမလိုပဲ နို့ပြတ်သွားသူ တစ်ယောက်ဖြစ်သည်။ ကျွန်မကို မွေးတော့ အမေ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူ တစ်ယောက်။ ကျောင်းဆရာတစ်ယောက်ဖြစ်သော အဖေက အမေကို ငွေပို့ဖို့အတွက်ရယ် ၊ တစ်ခြားနေရာတစ်ခုမှာ တာဝန်ကျနေသည့် အတွက်ကြောင့်ရယ် အလုပ်များနေတာကြောင့် ကျွန်မဆီသို့ တစ်ပတ်တစ်ခါသာ လာကြည့်နိုင်သည်။ ဒါကြောင့် မွေးကင်းစ ကျွန်မကို ကြီးပြင်းအောင် ကျွေးမွေးရသည်က ကျွန်မ အဖွား။ ကျွန်မ ငယ်ငယ်တုန်းက တော်တော်လေးကို အငိုသန်ပြီး အကျင့်လည်း ဆိုးသည်ဟု လူကြီးများက ပြန်ပြောကြသည်။ ဟုတ်ချင်လည်း ဟုတ်ပါလိမ့်မယ်။ မိခင်နို့မစို့ရသော ကျွန်မကို အဖွားက ကိတ်မုန့်ပျော့ပျော့လေးများကျွေးလိုက်၊ ရေနွေးကြမ်းကို ချိုအောင် သကြားနှင့်ဖျော်ကာ နို့မထွက်သော အဖွားနို့ကို ကျွန်မနုတ်ခမ်းဖျားမှာ တေ့ပေးပြီး သကြားနဲ့ဖျော်ထားသော ရေနွေးကြမ်း အေးအေးကို အဒေါ်က အပေါ်က တစ်စက်ချင်း လောင်းချကာ နို့တိုက်ဟန် ဆောင်ရသည်ဟု အဖွားက ပြောဖူးသည်။ နွားနို့ ၊ ဆိတ်နို့ အစရှိသည်များကို တိုက်လျှင်လည်း ကျွန်မက ချက်ချင်းကို ထွေးထုတ်တတ်သည်ဟု ဆိုသည်။ ထို့ကြောင့် ကျွန်မသည် နို့မထွက်သော အဖွားနို့ကို စို့ကာ ကြီးပြင်းခဲ့ရသူ တစ်ယောက်ဖြစ်သည်။ ကျွန်မ အသက် (၅) နှစ်ခန့်အထိ အဖွားအိမ်တွင်သာ ကျွန်မနေသည်။ အမေပါ ကျောင်းဆရာမ ဖြစ်သွားသောအခါ အမေတာဝန်ကျသည့် နေရာကလည်း နောက်တစ်နေရာ ဖြစ်သွားသောကြောင့် ကျွန်မ၏ ကလေးဘ၀အဖော်သည် အဖွားနှင့် အဒေါ်သာ ဖြစ်ခဲ့သည်။

အဖွားက ချောမောလှပသူ တစ်ယောက်ဖြစ်သည်။ အဖွားကို ကြည့်လိုက်လျှင် ဘယ်လောက် အလုပ်များများ လှပကျော့ရှင်းနေတတ်သည်။ ကျွန်မကော ၊ ကျွန်မ အမေကော အဖွားချောသည့် ဆယ်ပုံ တစ်ပုံပင် ချောကြသူများ မဟုတ်ကြပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ယောင်္ကျားဆုံးသွား သဖြင့် မုဆိုးမ တစ်ယောက်လည်း ဖြစ်သည်။ သို့သော် အဖွားက နောက်အိမ်ထောင် မထူထောင်ခဲ့ပါ။ မုဆိုးမ ဘ၀နှင့်ပင် ဈေးဆိုင်လေးဖွင့်ကာ အမေတို့ ညီအစ်မ သုံးယောက်ကို ပညာတတ်အောင် သင်ခဲ့သည်။ ရပ် ရွာတွင်လည်း စောရှင်ဦး ဆိုလျှင် မသိသူ မရှိ။ သာရေးဆိုလည်း အဖွားက ထိပ်ဆုံးက၊ နာရေးဆိုလည်း အဖွားက ထိပ်ဆုံးက ဦးဆောင်လုပ်ကိုင်ပေးတတ်သည်။ အပြောအဆို အနေအထိုင်ကလည်း နုညံ့သိမ်မွေ့လွန်းသဖြင့် လူကြီးသူမများက အဖွားကို စံနမူနာထားကာ သားသမီးများကို ဆို ဆုံးမတတ်ကြသည်။ အဖွားသည် အတန်းပညာကို မူလတန်းထိသာ သင်ဖူးသော်လည်း စာအလွန်ဖတ်သူ တစ်ယောက်ဖြစ်သည်။ တိုင်းရင်းဆေးကျမ်းများ၊ အရိုး အကြောအကြောင်းများ၊ တရားစာအုပ်များ၊ သီးပင် စားပင်အကြောင်းများ အစရှိသည့် စာအုပ်များကို အဖွား၏ စာအုပ်စင်တွင် ကျွန်မ တွေ့ဖူးသည်။ ရပ်ထဲ ရွာထဲတွင် သာမန်နေမကောင်းဖြစ်ခြင်းများကို အဖွား၏ ဆေးစပ်ပေးမှုနှင့်သာ ပျောက်ကင်းကြသည်။ ထို့ကြောင့် အဖွားသည် ရပ် ရွာ၏ အားကိုးစရာ ဆေးသမား တစ်ယောက်လည်း ဖြစ်သည်။ ကျွန်မ ငယ်ငယ်က ဖျားလျှင်လည်း အဖွားတိုက်သော ဆေးကိုသာ သောက်သည်။ ဇက်ကြောတက်လျှင်၊ ညောင်းညာလျှင် အဖွားနှိပ်ပေးမှသာ ကောင်းသည်ဟု ထင်သည်။ လူကြီးများကပင် အဖွားနဲ့ မြေးက ပြောင်းပြန်ပါလားဟု စနောက်တတ်ကြသည်။ ကျွန်မတို့ အသက်ကြီးသည်အထိ နေမကောင်းဖြစ်သည်ဟု သတင်းရရခြင်း အဖွားသည် သူ့ရွာမှ လိုက်လာကာ သူ့ရင်ခွင်တွင်ထားလျက် ကျွန်မတို့ကို ပြုစုပေးလေ့ရှိသည်။

သာရေး နာရေးတွင်သာ မဟုတ်၊ အဖွားက ဘုရား တရားလည်း ကိုင်းရှိုင်းသူဖြစ်သည်။ အဖွား၏ အိမ်တွင် တရားသံဖြင့် လွှမ်းနေတတ်သည်။ အလွန်တရာပူပြင်းသော မတ်လ ၊ ဧပြီလလိုမျိုးတွင်တောင် အဖွားက ဥပုသ်စောင့် ပျက်သူ မဟုတ်။ အချိန်အားလျှင်လည်း ဘုန်းကြီးကျောင်းခြံဝင်းထဲမှာ ၊ ရွာပြင်ရှိ စေတီလေးမှာ သန့်ရှင်းလေး လုပ်ပေးလေ့ရှိသည်။ အဖွားတို့ ရွာတွင် အဖွားဦးဆောင်သော ဘုရားသန့်ရှင်းရေး လုပ်အားပေး အဖွဲ့ပင်ရှိသည်း။ ဘုန်းကြီးကျောင်းတွင်လည်း တရားဓမ္မကို ဦးဆောင် ဆွေးနွေးတတ်သူဖြစ်သဖြင့် ဘုန်းကြီးနှင့် တကွ အခြား လူကြီးသူမ များကလည်း အဖွားကို ချစ်ခင် လေးစားကြသည်။ အချုပ်ဆိုရသော် အဖွားသည် လူကြီး လူငယ်မရွေး အကြောင်း အမျိုးမျိုးဖြင့် ချစ်ခင်လေးစားခြင်း ခံရသူ တစ်ယောက်ဖြစ်သည်။

Read the rest of this entry

Passion After One Young World

Passion After One Young World

လူတွေက ကျွန်မကို မေးကြတယ်ရှင့်။ One Young World ကို ဘာကြောင့် သွားတက်တာလဲ။ တက်ပြီးရင် ဘာရလဲ လို့ပေါ့။ 2010 တုန်းကတော့ ဘာရယ် ညာရယ်မဟုတ်ပါဘူး။ ဒီအတိုင်း နိုင်ငံခြားကိုလည်း သွားချင်တာကြောင့်ရယ်၊ နောက်ပြီး လူသစ်တွေနဲ့ တွေ့ချင်တယ်၊ အတွေ့အကြုံသစ်တွေ လိုချင်တယ်။ ဒါတွေကြောင့် လျှောက်ဖြစ်ခဲ့တာပါ။ ကံက ကောင်းချင်တော့ Amex Sponsor နဲ့ သွားတက်ခွင့် ရခဲ့တာပေါ့။ ကျွန်မတို့ မြန်မာပြည်က လူတွေမှာက ဓလေ့လို့ပဲ ပြောရမလား၊ သမားရိုးကျ တွေးတယ်လို့ပဲ ပြောရမလား။ စပွန်စာကလည်း ရတယ်ဆိုတော့ ကျွန်မတို့လက်ထဲကို ပိုက်ဆံရောက်လာမယ်လို့ ထင်ကြတဲ့ သူတွေလည်း မနည်းမနောပဲကို။ တစ်ယောက်ယောက်ကများ ပိုက်ဆံရှိလို့ နိုင်ငံခြားသွားတာမဟုတ်ပဲ Program လေးတစ်ခုနဲ့ သွားရရင်ကိုပဲ အဲ့လူအကြောင်းကို ကောင်းတာတွေကော မကောင်းတာတွေကော ပြောလို့ မဆုံးကြတော့ပါဘူး။ လူငယ်တွေမှာ အကောင်းဘက်ကို များများတွေးတတ်တဲ့ အကျင့်ကလေးတွေလည်း ရလာဖို့လိုတယ်လို့ ကျွန်မရဲ့ အပြောအဆိုပေါင်းမြောက်များစွာကို ခံခဲ့ရတဲ့ အတွေ့အကြုံအရလည်း ပြောချင်ပါသေးတယ်။

2010 One Young World တက်လို့အပြီးမှာ ကျွန်မ ဘာတွေပြောင်းလဲသွားလဲဆိုတော့ နည်းနည်းမြောက်ကြွကြွ ဖြစ်သွားတာကို ၀န်ခံပါတယ်။ တစ်ခြားဟာကြောင့်တော့ မဟုတ်ပါဘူး။ ဘာမဆို ငါလုပ်နိုင်တယ်ဆိုတဲ့ အတွေးဝင်လာခဲ့လို့ပါပဲ။ လူငယ်တွေကို Speech လာပေးကြတဲ့ ခေါင်းဆောင်တွေရဲ့ စကားကလည်း သေလို့ရလောက်အောင် ကောင်းနေတော့ ကျွန်မမှ မဟုတ်ပါဘူး။ လူတိုင်းကို ဒီလို တက်ကြွမှုမျိုး ဖြစ်ကြတာ ချည်းပါပဲ။

“You are the very unique generation of human beings”

“You all are amazing bunch of young people”

“You must send poverty, wars and conflicts to the museum”

“Go and speak to your Government and challenge”

“Our generation has failed to you. You all are just to begin. You must change the world”

Read the rest of this entry

Journey to One Young World 2011

Journey to One Young World 2011

Zurich လေဆိပ်ကြီးက တိတ်ဆိတ်ငြိမ်သက်လွန်းလှတယ်။ အချိန်က နေ့လည်ခင်းဖြစ်ပေမယ့် ကျွန်မရောက်ဖူးတဲ့ တစ်ခြားလေဆိပ်တွေမှာလို လူတွေ ပျားပန်းခတ်လှုပ်ရှားနေတာမျိုး မရှိဘူး။ ကျွန်မစီးလာတဲ့ လေယာဉ်ပေါ်က ဆင်းလာသူတွေကိုပဲ တွေ့ရတယ်။ ရထားစီးလိုက်၊ စက်လှေကားတွေ တစ်ခုပြီး တစ်ခု တက်လိုက်ဆင်းလိုက်နဲ့ပဲ Immigration ဆီသို့ ကျွန်မရောက်လာခဲ့တယ်။ ကျွန်မနဲ့အတူ လေယာဉ်စီးလာတဲ့ သူငယ်ချင်းတွေကလည်း Zurich က တိတ်ဆိတ်လိုက်တာဆိုပြီး ပြောနေကြတယ်။ သူငယ်ချင်းတွေဆိုပေမယ့် Dubai လေဆိပ်မှာခင်လာကြတဲ့ သူတွေပါ။ ကျွန်မလိုပဲ One Young World 2011 ကို လာတက်တဲ့ နိုင်ငံအသီးသီးက လူငယ်ကိုယ်စားလှယ် အယောက် (၅၀) လောက် Duabi လေဆိပ်မှာ တွေ့ပြီး လေယာဉ်တစ်စီးတည်း အတူတူစီးလာကြတာ။ Immigration Officer က မြန်မာပြည်ကနေ ဒီထိတောင် ဘာလာလုပ်တာလဲတဲ့။ Youth Conference တစ်ခု လာတက်တာပါဆိုတော့.. သြော် One Young World လားတဲ့။ ဒီနှစ်မှာ တစ်ခုကောင်းတာက Swiss Authorities တွေကိုယ်တိုင် ဒီပွဲကို တရားဝင်ထောက်ပံ့ပေးတာကြောင့် ဗီဇာကိစ္စတွေ အကုန်အဆင်ပြေပြီး Immigration ကလူတွေလည်း ပွဲအကြောင်းကို သိနေကြတယ်။


လေဆိပ်ကနေ နေရမယ့်ဟိုတယ်ဆီကို ရထားတွေစီး ၊ ကားတွေစီးပြီး လာရသေးတယ်။ ကျွန်မလိုပဲ Crowne Plaza Hotel မှာ နေကြမယ့် လူတွေစုပြီး တူတူသွားကြတာပေါ့။ ကျွန်မတို့အားလုံးကို လေဆိပ်ကထွက်တာနဲ့ OYW က တာဝန်ရှိသူတွေကစောင့်နေပြီး မြေပုံတွေပေး ၊ Swiss Pass တွေ ပေးတယ်။ Swiss Pass ဆိုတာက ဆွဇ်ဇာလန်မှာ နေတုန်းကို ကြိုက်တဲ့ ဘတ်စ်ကားတွေ ၊ ရထားတွေကို အလကားတက်စီးလို့ရတဲ့ ကဒ်တစ်ခုပေါ့။ One Young World Delegate တိုင်းကိုပေးတာ ဆိုတော့ သွားရ လာရ အဆင်ပြေတယ်။ ဟိုတယ်ကိုရောက်တော့ Check In လုပ် ၊ အခန်းထဲရောက်တော့ ထုံးစံအတိုင်း အိပ်ပျော်သွားလိုက်တာ.. အပြင်က တစ်ဒုန်းဒုန်းနဲ့ တံခါးခေါက်သံကြားမှပဲ နိုးလာတော့တယ်။ အာဖဂန်နစ္စတန်က ကျွန်မသူငယ်ချင်းက ညစာစားဖို့ လာနှိုးတာ။ အဲ့လိုနဲ့ ည (၁၁) နာရီလောက်ကြီး အပြင်ထွက်ပြီး ညစာစားဖို့ ဆိုင်ရှာတယ်။ Pizza House တစ်ခုတွေတော့ ၀င်စားလိုက်တာ.. ပီဇာတစ်ခုရယ် ၊ Coke တစ်ဗူးရယ်ကို CHF 28.40 (US 40) လောက်ပေးခဲ့ရလို့ တော်တော်အီစလံ ဝေသွားတယ်။ ဆွဇ်ဇာလန်မှာ အရာရာတိုင်းက ဈေးကြီးလွန်းလှတယ်။ အဲ့ဒီကလူတွေလည်း ချမ်းသာလွန်းအားကြီးတယ် ထင်ပါရဲ့.. စားတော့လည်း ခမ်းခမ်းနားနား၊ ၀တ်တော့လည်း ခမ်းခမ်းနားနား ၊ နေတဲ့ ထိုင်တဲ့ပုံစံတွေလည်း ကြည့်လိုက်တာနဲ့ အဆင်မြင့်မှန်း သိသာတယ်။


နောက်တစ်နေ့ မနက်ရောက်တော့ ဟိုတယ်က မနက်စာစားတဲ့ ခမ်းမမှာ ကျွန်မလိုပဲ Returning Ambassador တွေကို တွေ့ရတယ်။ ၀မ်းသာအားရ ပွေ့ဖက်နုတ်ဆက်ကြတယ်။ မသိတဲ့ Delegate တွေနဲ့လည်း ထပ်မိတ်ဆက် ၊ သူ့နိုင်ငံ ကိုယ့်နိုင်ငံအကြောင်းတွေ အပြန်အလှန်ပြောကြ၊ သူ့အကြောင်း ကိုယ့်အကြောင်းမေးကြ မြန်းကြနဲ့ မနက်စာစားပြီးတော့ Conference လုပ်မယ့် Kongrasshaus ဆီကို Tram စီးပြီး ချီတက်ကြတယ်။ အဲ့ဒီမှာ တစ်ခု သတိထားမိတာက Zurich မြို့ထဲမှာလည်း Traffic တွေ မရှိသလောက်နည်းတယ်၊ လူသွား လူလာနည်းတယ်၊ ဆိုင်တွေဆိုရင်လည်း Brand တွေများတယ်၊ လမ်းဘေးကဆိုင်လေးတွေကအစ ခမ်းခမ်းနားနားနဲ့။

Read the rest of this entry

Broken Hearted Tree – အသဲကွဲသစ်ပင်

Broken Hearted Tree – အသဲကွဲသစ်ပင်

(၁)

ဆောင်းရာသီဖြစ်သော်လည်း မန္တလေးမှာ သိပ်မချမ်းလှ။ ညအချိန်များတွင်သာ အနည်းငယ်အေးသယောင်ရှိသော်လည်း နေ့လည်ဘက်တွင်တော့ ပူမြဲတိုင်း ပူဆဲသာ။ အချုပ်တန်းဆရာဖေ၏ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့ ဆိုသည့် ကဗျာကလည်း ခုချိန်တွင်တော့ ယုံတမ်းစကားတစ်ခုလိုသာ ဖြစ်နေတော့သည်။ အချုပ်တန်းဆရာဖေတို့ လက်ထက်က ရာသီဥတုတွေမှ မဖောက်ပြန်သေးတာ။ ဒီဘက်ခေတ်မှာတော့ ရာသီဥတုတွေလည်း မမှန်တော့သည်မို့ မန္တလေးဆောင်းသည်လည်း အချမ်းမပီပြင်နိုင်တော့။ သို့သော် မန္တလေးကတော့ လှမြဲ လှဆဲသာ ရှိခဲ့သည်။ ဆိုင်ကယ်တွေ ပေါသည့်မြို့၊ ရဟန်း သံဃာတော်တွေ အများအပြားရှိသည့်မြို့၊ သမိုင်းတွင်သည့်မြို့.. နောက်ပြီး ကျွန်မရဲ့ အမှတ်တရတွေ များစွာရှိခဲ့သည့်မြို့။ မန္တလေးကတော့ ကျွန်မ၏ သမိုင်းတွင် အရေးပါသော နေရာတစ်ခုမှ ပါဝင်ခဲ့လေပြီ။

 

(၂)

“မောတယ် မောင်ရဲ့.. ခဏလေးဖြစ်ဖြစ် နားရအောင်နော်”

နွမ်းလျလျကျွန်မအသံကိုကြားတော့ ကျွန်မရှေ့မှ လမ်းလျှောက်နေသည့် မောင် ကျွန်မကိုလှည့်ကြည့်သည်။ မောင့်မှာတော့ ကင်မရာတစ်လုံးနဲ့ အလုပ်ရှုပ်ကာ မောဖို့ကို သတိရပုံမပေါ်။ Canon နဲ့ ချစ်သူ ဘယ်သူ့ကိုရွေးမလဲဟု မေးလျှင်တောင် မောင်က ချစ်သူသည် ဒုတိယဦးစားပေးဟု ဖြေလိမ့်မည် ထင်ပါသည်။ ခုလည်း ကျွန်မကိုနောက်မှာ ချန်ခဲ့ကာ သူလိုချင်သည့် ပုံတွေကိုသာ မရ အရရိုက်နေတော့သည်။ ယခုအချိန်တွင်တော့ မောင့်အဖို့မှာ ဦးပိန်တံတားသည် သူ့ချစ်သူဖြစ်သော ကျွန်မထက် ပိုစိတ်ဝင်စားဖို့ ကောင်းနေမည်ဖြစ်ပါသည်။

“အိုးကေ နားမယ်လေ သဲ ရဲ့… ဟိုနားက ခုံလေးနားရောက်ရင် ခဏထိုင်မယ်နော်..”

ဦးပိန်တံတား၏ ဟိုနား သည်နားတွင် လာရောက်လည်ပတ်သူများ နားနေနိုင်ရန် နားနေဆောင်ပုံစံမျိုး အမိုးလေးတွေနဲ့ ခုံတန်းရှည်လေးတွေ သုံး လေးခုလောက်တော့ ရှိပါလိမ့်မည်။ တစ်ချို့နေရာများတွင် လည်ပတ်သူများ နားနေသည်ထက်   ဈေးသည်များကသာ   ပေါများနေသည်ကို   တွေ့ရသည်။ ၀မ်းရေးအတွက် သူတို့သည်လည်း ရုန်းရပါလိမ့်မည်။ ရေသန့်တစ်ဗူးဝယ်ပြီး ကျွန်မအနားကို မောင်ရောက်လာသည်။ ထို့နောက် ပုလင်းအဖုံးကို ဖွင့်ကာ ကျွန်မကို ရေသန့်ဗူး ကမ်းပေးသည်။ ရေခဲစိမ်ထားသော ရေအေးအေးလေးသောက်ပြီးနောက်တွင်တော့ ကျွန်မ အနည်းငယ် အမောပြေသလို ရှိသွားတော့သည်။

“ရာသီဥတုကလည်း ပူလိုက်တာ မောင်ရယ်.. ဆောင်းရာသီမှ ဟုတ်ရဲ့လား မသိဘူး.. တော်သေးတယ် ဦးပိန်တံတားမှာ လေအေးအေးတွေ တိုက်နေလို့”

“တောင်သမန်အင်းကြောင့်လည်း ပါတာပေါ့ သဲ ရဲ့.. ရေပြင်ကိုဖြတ်တိုက်လာတဲ့ လေတွေက အေးတယ်လေ..”

“မောင် ဓါတ်ပုံ ကောင်းကောင်းကော ရရဲ့လား”

“အား.. ရပါ့ဗျာ.. ဒီပုံတွေထဲမှာ မောင်အကြိုက်ဆုံးကတော့ ဟိုးနားက သစ်ပင်ကြီးပဲ”

မောင် လက်ညှိုးညွှန်ရာကို ကျွန်မကြည့်မိတော့ သစ်ပင်သေကြီးတစ်ပင်ကို တွေ့ရသည်။ ပင်စည်လုံးပတ်ကြီးမားသည်။ အကိုင်းအခက်တွေ ဖြာထွက်နေပုံက ကဗျာဆန်သည်။ သို့သော သစ်ခြောက်ပင်ကြီး ဖြစ်သောကြောင့် အရွက်တွေ တစ်ရွက်မှ မရှိ။ အရိုးပြိုင်းပြိုင်းနဲ့ နေပူကျဲတောက် ကောင်းကင်အောက်တွင် ထီးထီးကြီး ရှိနေပုံက သနားစရာပင် ကောင်နေသေးတော့သည်။

“အဲ့ဒါ ဘာအပင်လည်း မောင်.. အရွက်တွေလည်း မရှိဘူး.. သူက အရွက်ရော ထွက်သလား”

“ဘာပင်မှန်းတော့ မောင်လည်း မသိဘူးလေ.. ဒါပေမယ့် မောင့်ဓါတ်ပုံမှာ ထိုးမယ့် Caption ကိုတော့ စဉ်းစားပြီးသေား.. အသဲကွဲ သစ်ပင် တဲ့.. သဲ ကြိုက်ရဲ့လား”

“မောင်ကလည်းနော်.. အသဲကွဲသစ်ပင်ပဲ ဖြစ်ရသေးတယ်.. သစ်ပင်ကတော့ အသဲကွဲမလား မောင်ရဲ့”

“သဲကလည်း ကဗျာ မဆန်လိုက်တာကွာ.. ကြည့်လေ.. သူ ရပ်တည်နေပုံက အထီးကျန်တယ်.. အကိုင်းအခက်တွေ ဖြာထွက်နေပုံက ကွဲအက်အက် သဏ္ဍန်ပေါ်နေတယ်.. သူ့ဟာ အင်းဘေးမှာ ရှိနေတယ် .. ဒါပေမယ့် နေမင်းရဲ့ အပူရှိန်က သူ့ကို မအေးမြစေနိုင်ဘူး.. ကွဲအက် ပူပြင်းနေတဲ့ သစ်ပင်ဟာ အသဲကွဲ သမားတစ်ယောက်နဲ့တူတယ်..”

ပြောပြောဆိုဆို မောင်က ကင်မရာဖြင့်ချိန်ကာ သူပြောသည့် အသဲကွဲ သစ်ပင်ကြီးကို ဓါတ်ပုံရိုက်ဖို့ လုပ်နေပြန်သည်။ ကျွန်မ မောင့်မျက်နှာကို ကျွန်မ သေသေချာချာကြည့်မိသည်။ သစ်ပင်ကြီးကို ဓါတ်ပုံရိုက်နေသော မောင့်မှာ ခံစားမှု တစ်ခုတစ်လေများ ရှိနေလိမ့်မလား။ ကျွန်မကို မပြောပြချင်သည့် အကြောင်းအရာတွေ မောင့်နောက်ကွယ်မှာ ဖြစ်ခဲ့ဖူးသလား။ ကျွန်မကကော မောင့်အတွက် ဘယ်လောက်ထိ အရေးပါသည့် မိန်းမတစ်ယောက်လဲ။

“မောင်.. မောင် အသဲကွဲဖူးလားဟင်”

Read the rest of this entry

အချစ် လှေကားထစ်လေးများ (၃)

အချစ် လှေကားထစ်လေးများ (၃)

နောက်တစ်နေ့ မနက်ကျတော့ တစ်ဖွဲ့လုံး ချောင်းသာကမ်းခြေ၏ အခြားတစ်ဘက်တွင်ရှိသော ကျောက်မောင်နှမရှိရာကို သွားကြသည်။ ဒုတိယနေ့အတွက် ဆွေးနွေးမည့် သင်ခန်းစာက သဘာဝ ပတ်ဝန်းကျင်နှင့် လူအခွင့်အရေး ဖြစ်သောကြောင့် ပတ်ဝန်းကျင် သာယာလှပသည့် ကျောက်မောင်နှမ ရှိရာနေရာကို ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။ သင်တန်းအတွက် တာဝန်ကျသည့် သူမတို့လည်း လိုအပ်သည့်ပစ္စည်းများကို စုံလင်အောင်ထည့်ရသည်။ အဖွဲ့သားအားလုံး ကားနှင့်သွားကြသော်လည်း ခိုင်စိုးလင်းနှင့် မခရေကတော့ ဆိုင်ကယ်စီးချင်သည်ဟုဆိုတာက နှစ်ယောက်သားဆိုင်ကယ်တစ်စီးနှင့် ထွက်သွားကြသည်။ ပျော်ရွှင်နေသာ ချစ်သူနှစ်ဦး၏ ပုံရိပ်က မနက်ခင်းကို ကျက်သရေတိုးစေသည်ဟု ငြိမ်းထင်မိသည်။ အချစ်သည် လောကကြီးကို သာယာစေသည်ဟု ဆိုလျှင် လောကကြီးသာယာဖို့ ချစ်သူများများလိုအပ်ပါသည်။

ကျောက်မောင်နှမဆိုသည်မှာ ကျောက်ဆောင်ကြီးကြီးနှစ်ခုကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ဘာကြောင့်များ ကျောက်ညီအကိုနဲ့ ကျောက်ညီအစ်မလို့ နာမည်မပေးခဲ့ကြတာပါလိမ့်။ သက်မဲ့ဖြစ်သည့် ကျောင်ဆောင်တွေကိုတောင် မောင်နှစ်မဖြစ်အောင် အထီးနဲ့ အမဆိုပြီး လုပ်တတ်ကြသည့်လူတွေက ရီစရာတော့လည်းကောင်းလှပါသည်။ ကျောက်မောင်နှမရှိရာ ကမ်းခြေဘက်က တော်တော်ကြီးကို လှပါသည်။ ဟိုတယ်များရှိရာဘက်တွင် ပင်လယ်ရေများ နောက်ကျိနေသလောက် ဒီဘက်ခြမ်းတွင်တော့ ရေများက ပြာလဲ့ကာ အောက်ခြေထိပင်မြင်နေရသည်။ အုန်းပင်တန်း စိမ်းစိမ်းစိုစိုတွေရယ် ၊ ပြာလဲ့နေသောရေပြင်ရယ်ကို မြင်ရသဖြင့် အဖွဲ့သားတွေ ပျော်ရွှင်စွာ အော်ဟစ်ကြသည်။ တစ်ချို့က ရေထဲကို တစ်ဟုန်ထိုးပြေးဆင်းကြသည်။ လှိုင်းလုံးကြီးများက ဖွေးကနဲ့ ဖွေးကနဲနဲ့ ကမ်းခြေကို တစ်ဝုန်းဝုန်းရိုက်နေကြသည်။ ဒီဘက်အပိုင်းရှိ သဲသောင်ပြင်သည် ဖြူလွသည်။ ရေများက ကြည်လဲ့သည်။ အုန်းပင်များက စိမ်းလဲ့လဲ့ဖြင့် ယိမ့်နွှဲ့ကြသည်။ သဘာဝ ပတ်ဝန်းကျင်သည် အသက်ရှုမှားလောက်အောင် လှပလွန်းလှသည်။ ကမ်းခြေတစ်လျှောက်လုံးတွင် ဆိုင်ကလေးတစ်ဆိုင်တည်းသာရှိသည်။ အုန်းရည်ချိုချိုတွေကို ငြိမ်း ၀ယ်သောက်လိုက်သေးသည်။

“ပတ်ဝန်းကျင်ကြီးက အရမ်းကိုလှတယ်.. ကျွန်မတို့တွေ လှပတဲ့ပတ်ဝန်းကျင်ကြောင့် ဘယ်လိုအခွင့်အရေးတွေ ရနေတယ်လို့ထင်လဲ”

ပိုးအိက ဆွေးနွေးပွဲကို မေးခွန်းဖြင့်စတင်သည်။ လူ့အခွင့်အရေးအကြောင်းကို ငြိမ်း များများစားစား မလေ့လာဖူးပါ။ သို့သော် လှပသည့်ပတ်ဝန်းကျင်သည် လူ့စိတ်ကို ရွှင်လန်းချမ်းမြေ့စေသည်ဆိုတာကိုတော့ အသေအချာသိထားပါသည်။

“ရန်ကုန်မှာ ညဘက်တွေဆို အမှိုက်ပုံတွေက လမ်းမကြီး တော်တော်များများမှာ တွေ့ရတယ်.. အနားကဖြတ်သွားတော့ အနံ့တွေနံတယ်.. လေထုညစ်ညမ်းတယ်.. အဲ့တော့ ကျွန်မတို့တွေ နှာခေါင်းတွေ တစ်ရှုံ့ရှုံ့နဲ့ မပြေးရုံ တစ်မယ်လမ်းလျှောက်ကြတယ်.. ပတ်ဝန်းကျင်ကြီး ညစ်ပတ်နေရင်ကော ကျွန်မတို့ ဘယ်လိုအခွင့်အရေးတွေ ဆုံးရှုံးသွားလဲ”

ပထမ မေးခွန်းပြီးတော့ ဒုတိယမေးခွန်းလာသည်။ အားလုံးက သိသလောက် တစ်ယောက် တစ်ပေါက်ဖြေကြသည်။ ပတ်ဝန်းကျင်ကြီးက ညစ်ပတ်မှတော့ အနားမှာရှိသည့် လူတွေလည်း လေထုကြောင့် အဆုတ်ရောဂါတွေ ၊ နောက်ပြီး တစ်ခြား ကျန်းမာရေး မကောင်းတာတွေ ဖြစ်ကြမှာပေါ့။ ညစ်ပတ်သည့် ပတ်ဝန်းကျင်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်က ကျန်းမာရေးကို ထိခိုက်စေမှာ အမှန်ပါပဲ။ ကြွက်တွေလည်း ရောက်လာပါလိမ့်မည်။ တစ်ခြား အန္တရယ်ဖြစ်စေသည့် ပိုးမွှားတွေလည်း ခိုအောင်းကြပါလိမ့်မည်။ ပတ်ဝန်းကျင်ညစ်ညမ်းလျှင်တော့ လူ့စိတ်လည်း ရွှင်လန်းတော့မှာ မဟုတ်ပါဘူး။

“ကျွန်မတို့ အခု ကျောက်မောင်နှမကို ရောက်နေတယ်.. ဟိုတယ်တွေ ရှိတဲ့ဘက်နဲ့ ဒီဘက် ကမ်းခြေခြင်းတူပေမယ့် လှပပုံခြင်း ကွာခြားတယ်.. ဘာကြောင့်လဲ.. ဒီဘက်က လူသူ အရောက်အပေါက်နည်းတာကိုး.. ဒီတော့ စည်းကမ်းမဲ့ အမှိုက်စွန့် ပစ်တာတွေ မဖြစ်ဘူး.. ဈေးသည်တွေလည်း ဒီဘက်မှာ မရှိသလောက်နည်းတယ်.. ဒီဘက်မှာ စားစရာ သိပ်မရှိတဲ့အတွက် ကျွန်မတို့လည်း စားကြွင်းစားကျန်တွေကို သောင်ပြင်မှာ ပစ်စရာမလိုဘူး.. လူတွေအရောက်များတဲ့ဘက်နဲ့ လူတွေအရောက်နည်းတဲ့ဘက်.. အရောက်နည်းတဲ့ဘက်က ပိုလှနေတယ်.. ဟိုဘက်မှာ လူတွေကြောင့် ရေပြင်လည်း ညစ်နွမ်းနေပြီ.. သောင်ပြင်လည်း ညစ်ပတ်နေပြီ.. လူတွေဟာ ပတ်ဝန်းကျင်ကို အဓိက ညစ်ညမ်းစေတဲ့ တရားခံတွေ ဖြစ်တယ်”

ဟုတ်ပါရဲ့.. ကျွန်မတို့တွေဟာ ကမ္ဘာမြေကို မှီခိုနေကြပြီး ကမ္ဘာမြေကို ပြန်အန္တရာယ်ပြုနေတဲ့ သူတွေပါလား။ ဟိုတလောက သတင်းတွေမှာ ငြိမ်း ဖတ်လိုက်ရသေးသည်။ ဒီဘက်မှာလည်း ဟိုတယ်ဇုန်လုပ်တော့မယ်တဲ့။ ဒါဆိုရင် တည်းခိုသူတွေ များလာပါလိမ့်မည်။ လူများလာလျှင် ပတ်ဝန်းကျင်ကြီးလည်း ညစ်နွမ်းလာပါလိမ့်မည်။ ပြာလဲ့သည့်ရေပြင် အရောင်ပြောင်းသွားပါလိမ့်မည်။ အိုး.. မလုပ်လိုက်ကြပါနဲ့။ စီးပွားရေးလောဘတွေကြောင့် ကျွန်မတို့ကို အကျိုးပြုတဲ့ ပတ်ဝန်းကျင်ကို မညစ်ပတ်စေပါနဲ့။ လူတွေသာ စည်းကမ်းတကျရှိကြလျှင် တော်တော်ကောင်းပါလိမ့်မည်။ နိုင်ငံခြားမှာလို ထိရောက်သည့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဥပဒေတွေ မြန်မာနိုင်ငံမှာလည်း ကျင့်သုံးစေချင်ပါသည်။

“အဲ့ဒီတော့ ကမ်းခြေတွေကြောင့် ဟိုတယ်တွေများလာတယ်.. ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လာတယ်.. လာရောက်လည်ပတ်သူတွေရှိတာကြောင့် ဈေးဆိုင်တွေပေါ်လာတယ်.. စီးပွားရေး ထောင်တက်လာတယ်.. ဒါပေမယ့် တစ်ဘက်က ကြည့်ပြန်တော့လည်း ရေသတ္တ၀ါတွေကို အလွန်အကျွံဖမ်းဆီးတာတွေ လုပ်လာတယ်.. ဒါကိုလည်း အပြစ်ပြောလို့မရဘူး.. စားဝတ်နေရေးက ရှိသေးတာကို.. ကောင်းလာတဲ့ စီးပွားရေး အခွင့်အလမ်းတွေနဲ့အတူ တစ်ဘက်မှာ ရေထုညစ်ညမ်းတာတွေ ၊ ရေသတ္တ၀ါလျော့နည်းတာတွေ ဖြစ်လာတယ်.. တစ်နည်းအားဖြင့်ပြောရရင် Biodiversity ကို ထိခိုက်တယ်ပေါ့.. အဲ့တော့ ပတ်ဝန်းကျင်ကြီးလည်းလှအောင် ဒေသခံတွေရဲ့ စီးပွားရေးလည်း မထိခိုက်အောင်.. ကျွန်မတို့ ဘာလုပ်ကြရင် ကောင်းမလဲ”

“Group လေးတွေ ခွဲလိုက်ပြီး ဆွေးနွေးကြမယ်လေ” သားငယ်က ၀င်ပြောသည်။

“အိုးကေ ဒါဆိုရင် ငါးယောက် တစ်ဖွဲ့ဖွဲ့ရအောင်.. ကြိုက်သလို လွပ်လွပ်လပ်လပ်ပြောလို့ရပါတယ်”

“ရေထဲကော ဆင်းပြောလို့ရလား” မအိမ့်က ၀င်မေးတော့ သူ့ကို အားလုံးက ရီကြသည်။ အဖွဲ့ထဲတွင် မအိမ့်က ရေအကြိုက်ဆုံးဖြစ်သည်။ ပင်လယ်ထဲကနေ တော်ရုံပြန်တက်မလာတတ်ပဲ မမောတမ်းရေကူးနေလေ့ရှိသည်။

“ရတာပေါ့ ကျွန်မတို့ Workshop က Human Rights နဲ့ ဆက်စပ်နေတာပဲဟာ.. လူတိုင်းမှာ ကြိုက်တဲ့နေရာမှာ ကြိုက်သလို ဆွေးနွေးနိုင်တဲ့ အခွင့်အရေး ရှိပါတယ်”

ပိုးအိ အဖြေကြားတော့ မအိမ့် ၊ စုစု ၊ ဘိုဘို ၊ ထွန်းထွန်းနဲ့ အာကာတို့ ငါးယောက်အဖွဲ့ ရေထဲ ပြေးဆင်းကြသည်။ တစ်ခြားအဖွဲ့တွေလည်း ကျောင်ဆောင်နားမှာ ၊ ကမ်းခြေမှာ ၊ ရေစပ်မှာ စသည်ဖြင့် အသီးသီးသွားကြသည်။ ငြိမ်းတို့အဖွဲ့မှာတော့ ငြိမ်းနဲ့အတူ ဖြိုးပိုင် ၊ သီတာ ၊ ၀တ်ရည်နဲ့ အာကာတို့ပါသည်။ ဆွေးနွေးမှုတွေအားလုံးကို ဖြိုးပိုင်က ဦးဆောင်ဆွေးနွေးသွားသဖြင့် သူ့ကို အထင်ကြီးလေးစားမိရသေးသည်။ ငါးဖမ်းသင်္ဘောတွေနဲ့ ပတ်သက်သည့် ဥပဒေတွေ၊ သန္တာကျောက်တန်းကို ကာကွယ်နိုင်မည့် နည်းလမ်းတွေ၊ လည်ပတ်သူတွေနဲ့ ဟိုတယ်တွေအတွက် စည်းကမ်းချက်တွေ စတာတွေကို သူက ဦးဆောင်သွားသဖြင့် ငြိမ်းတို့တောင် အများကြီးပြောစရာ မလိုလိုက်ပါ။ နာရီဝက်ခန့် ဆွေးနွေးပြီး အဖွဲ့လိုက် Presentation တွေ လုပ်ကြသည်။ ပိစိတို့အဖွဲ့က ဇာတ်လမ်းလေးနှင့် သရုပ်ဆောင်ကာ စည်းကမ်းရှိဖို့ သင်ပြသွားကြသေးသည်.. “ပင်လယ်ကြီး ငိုနေပြီ သူ့ကို မျက်ရည်တွေသုတ်ပေးလိုက်ကြရအောင်.. ငါတို့ စည်းကမ်းမဲ့နေလို့ သူငိုနေတာ.. မငိုပါနဲ့ ပင်လယ်ကြီးရယ်.. နင်ငိုရင် ငါတို့လည်း မျက်ရည်တွေလိမ်းကျံရလိမ့်မယ်.. လူသားတွေ စည်းကမ်းရှိအောင် ငါတို့ စည်းရုံးပေးပါ့မယ်” ဆိုသည့် ခင်မြတ်၏ သရုပ်ဆောင်ချက်က ပီပြင်လွန်းသဖြင့် လက်ခုပ်တွေတီးပြီး အားပေးကြသည်။

Workshop ပြီးတော့ အားလုံးကိုယ်ပိုင်အချိန်ထပ်ရသည်။ တစ်ချို့က ရေဆင်းကူးကြသည်။ တစ်ချို့က သဲကျင်းတွေတူးပြီး ၀င်အိပ်ကြသည်။ တစ်ချို့ကလည်း မြင်းစီးကြသည်။ သုံးယောက်တစ်ဖွဲ့ လေးယောက်တစ်ဖွဲ့စသည်ဖြင့် စိတ်ကူးတည့်ရာ လုပ်နေကြသည်မှာလည်း လူငယ်တို့၏ သဘာဝပင်ဖြစ်သည်။ ငြိမ်းရယ် မူနွှဲ့ရယ်ကတော့ ဓါတ်ပုံတွေ လျှောက်ရိုက်နေမိသည်။ ကမ်းခြေ၏အလှကို ဓါတ်ပုံရိုက်လို့ မ၀နိုင်အောင်ရှိလှသည်။ ကျောက်ဆောင်တွေဘက်ကို မြင်ကွင်းချိန်နေတုန်း လူတစ်ယောက်က ကင်မရာ screen ထဲ တွေ့လိုက်သည်။ ဖြိုးပိုင်… ပါလား။ ဘယ်သူနဲ့မှလည်း အတူမရှိပဲ ကမ်းခြေတစ်လျှောက် တစ်ယောက်တည်း လမ်းလျှောက်လို့နေသည်။ ခြေလှမ်းတွေကို ရေတွက်ပြီး လျှောက်နေသည့်အလား ခေါင်းငိုက်စိုက်နဲ့ တစ်လှမ်းချင်းလျှောက်လို့နေသည်။ ကျောက်မောင်နှမရယ်.. လူတစ်ယောက်ရယ်.. ငြိမ်းအတွက်တော့ မြင်ကွင်းက အသက်ဝင်လွန်းလှသည်။ အသင့်တော်ဆုံး ရှုထောင့်မှ အမိအရ ရိုက်ယူပြီး ငြိမ်း တစ်ယောက် မရည်ရွယ်မိပါပဲ ကျောက်ဆောင်တွေဘက်ကို လမ်းလျှောက်မိရက်သား ဖြစ်သွားသည်။

ခြေလှမ်းလေးတွေက သဲပြင်အိအိထက်မှာ ခြေဖ၀ါးရာအလိုက် ထင်ဟပ်လို့နေသည်။ သူမရှေ့မှ လျှောက်သွားသည့် ဖြိုးပိုင်၏ ခြေရာတွေက ညီညာစွာ ရှိနေသေးသည်။ သူ့ခြေရာလေးတွေနဲ့ ဘေးချင်းယှဉ်လျက် လှမ်းလျှောက်မိနေသည်။ ခြေရာတိုင်းတယ်ဆိုတာ ဒါများလား မသိဟု ရီစရာတွေးမိသေးသည်။ ဒီလိုသာ ခြေလှမ်းတွေ အတူတူလှမ်းမယ့်သူရှိလျှင် ဘ၀က ပိုမိုပြည့်စုံမည်ဟုလည်း ထင်မိသည်။ ဘ၀ခရီးကို အတူလျှောက်မည့်သူ.. အိုးး ငြိမ်းတစ်ယောက် တစ်ခါမှ မတွေးမိခဲ့ဖူးပါ။ ဖေဖေရယ်.. မေမေရယ် နောက်ညီမလေးရယ်.. သူမရယ်.. အရင်တုန်းက သူမဘ၀က ဒါတွေသာ ရှိခဲ့သည်။ ပျော်ရွှင်စရာကောင်းသော မိသားစုတွေနဲ့ အခက်အခဲမှန် သမျှကို ရင်ဆိုင်ရင်း ဘ၀ကို ဒီအသက်အရွယ်ထိ ငြိမ်းချမ်းစွာ ဖြတ်သန်းခဲ့သည်။ ဘာကြောင့်များ ဘ၀လက်တွဲဖော်ဆိုတာကို ခုမှ ကောက်ကာ ငင်ကာ တွေးမိရတာပါလိမ့်။ သူမစိတ်တွေ ဘာဖြစ်နေတာလဲ။ ခြေလှမ်းတွေကို စိုက်ကြည့်ရင်း လမ်းလျှောက်ရာမှ ကျောက်ဆောင်တွေဘက်ကို လှမ်းကြည့်လိုက်သောအခါ ကျောက်ဖျာကြီးထက်တွင် ပက်လက်အနေအထားဖြင့် အိပ်နေသော ဖြိုးပိုင်ကိုတွေ့ရသည်။ ငြိမ်း ၏ စိတ်များက ဖြိုးပိုင်ဘေးနားလို့ အလိုလိုရောက်သွားပြန်သည်။ သူ့ဘေးမှာ ယှဉ်အိပ်ရင်း ကောင်းကင်ကြီးကို မော့ကြည့်ရလျှင် တော်တော်ကောင်းမှာပဲဟု တွေးမိသည်။ ရွေ့လျားနေကြသည့် တိမ်တောင်တွေနဲ့အတူ သူမတို့နှစ်ယောက်၏ စိတ်တွေ လွတ်လပ်စွာ စီးမျောမည်။ ကောင်းကင်ကြီးထဲတွင် စိတ်ကူးတွေနဲ့ အတူတူပျံသန်းချင်လည်း ပျံသန်းပါလိမ့်မည်။ ဒါမှမဟုတ် ပါးပြင်တွေကို ကျီစယ်ကြမည့် ပင်လယ်လေကိုလည်း ခံစားမိကြပါလိမ့်မည်။ အချစ်ဆိုသော ဇာတ်လမ်းတွင် စိတ်ကူးယဉ်မှုသည် ဇာတ်ပို့ဖြစ်သည်ဆိုပါက စိတ်ကူးယဉ်နေမိသော သူမ အချစ်ဇာတ်လမ်းတွင် ကိုယ်တိုင် မင်းသမီးအဖြစ်များ သရုပ်ဆောင်မိပါလိမ့်မည်။ သူမ၏ စိတ်ကူးတွေကို ဖြိုးပိုင်များ သိသွားခဲ့လျှင် ဆိုသည့်အတွေးများ ပါးပြင်များတွင် ရှက်သွေးများ ဖြာမိသည်။ လူ့အခွင့်အရေးကို လူတိုင်းတန်ဘိုးထား ကျင့်သုံးသည်ဟု ဆိုလျှင် စိတ်ကူးယဉ်မှုများကို ကိုယ်ပြောပြချင်သည့်သူကို ပြောပြနိုင်သည့် အခွင့်အရေးလည်း အမှန်အကန် ရှိပါလိမ့်မည်။ သို့သော် ပျက်ရယ်ပြု မခံရဖို့တော့ အတော်ကြိုးစားရပါမည်။ ဖြိုးပိုင်ရယ်.. ကျွန်မလည်း ရှင်နဲ့အတူ လှေကားထစ်တွေ လိုက်တက်ချင်လိုက်တာ.. ။

ဟိုတယ်ကို ပြန်ရောက်တော့ တော်တော်များများ ပင်ပန်းနေကြပေမယ့် မီးပုံပွဲကိုတော့ နွှဲဖြစ်အောင် နွှဲလိုက်ကြသေးသည်။ မနက်ဖြန်ဆို ကမ့်ပြီးဆုံးပြီဖြစ်သဖြင့် ရန်ကုန်ကို ပြန်ရပေတော့မည်။ ချောင်းသာအမှတ်တရတွေကို ရန်ကုန်ထိ သန့်ရှင်းစွာ သယ်ဆောင်သွားချင်ပါသည်။ ချောင်းသာ၏ နောက်ဆုံးညကို ဂစ်တာတီးရင်း ကုန်ဆုံးကြသည်။ ဘိုဘိုတို့က ဓါတ်မီးတွေနဲ့ Spot Light ပုံစံထိုးကာ နိုက်ကလပ်ဆိုပြီး လုပ်ကြသေးသည်။ အဲ့ဒီမှာ ရီစရာ ဇာတ်လမ်းတစ်ခု ထပ်ဖြစ်သည်။ နောက်ဆုံးညဖြစ်သဖြင့် မိန်းကလေးတော်တော်များများလည်း ဘီယာတွေ သောက်ကြသည်။ တစ်ချို့တွေလည်း မူးပြီး ကကြသေးသည်။ တစ်ချို့ကတော့ မိန်းကလေးပေမယ့် မမူးတတ်ကြ။ ရီစရာအဖြစ်က ဒီလိုပါ။ ခင်မြတ်ကို ခိုင်စိုးလင်းတို့အဖွဲ့ ဘီယာတွေ တော်တော်တိုက်လိုက်ကြသည်ထင်သည်။ မူးမူးနဲ့ တွေ့ရာလူကို ရစ်တော့သည်။ ခင်မြတ်၏ တရားခံ ဖြစ်သွားသူက သားသား။ တစ်မျိုးပြီး တစ်မျိုးပတ်ရစ်သဖြင့် နောက်ဆုံးတွင် သားသားခမျာ မခံနိုင်ရှာတော့။ အိပ်ချင်သည်ဟုဆိုကာ အခန်းထဲဝင်ပြေးဖို့ လုပ်ရသည်။ မရ.. ။ နောက်ဆုံးတွင် “ဆယ့်ငါးမိနစ်ပဲ အိပ်မှာပါ ခင်မြတ်ရယ်.. ပြီးရင် ငါ့ကို ကြိုက်သလောက်ရစ်ပါ.. ဆယ့်ငါးမိနစ်ထဲပါ” ဟု မနည်းတောင်းပန်မှ ခင်မြတ်က သားသားကို အိပ်ခွင့်ပြုလိုက်တော့သည်။ ငြိမ်းလည်း ပစ္စည်းတွေ သိမ်းချင်သဖြင့် အခန်းထဲ ပြန်ဝင်လာခဲ့သည်။ သားသားကတော့ ဆယ့်ငါးမိနစ်အိပ်ရန် အခန်းထဲဝင်သွားသည်။ ခင်မြတ်က သူ့မ၏ အရစ်ခံလူသားကို ရေသန့်ပုလင်းလေးဖက်ကာ အပြင်မှ စောင့်သည်။ နောက်ဘာတွေ ဆက်ဖြစ်သွားသည် မသိ.. သူတို့နှစ်ယောက်၏ ဆယ့်ငါးမိနစ် ဇာတ်လမ်းကတော့ ခုထိ ပြောလို့မဆုံးတော့။ ငြိမ်းအခန်းထဲ ၀င်ကာနီးတော့ ဖြိုးပိုင်က လှမ်းခေါ်က ဖုန်းနံပါတ်ပေးပါလား အမဟုတောင်းသည်။ ဒီနေ့အဖို့ သူနဲ့ စကားလေးတစ်ခွန်းတောင် ဟဟ မပြောဖြစ်သေး။ အိပ်ရာဝင်ကာနီးမှ ဖုန်းနံပါတ်လာတောင်းဖော်ရသည်။

“ရန်ကုန်ပြန်ရောက်ရင် ဖုန်းဆက်လို့ ရလား”

“ရပါတယ်.. ဆက်ပါ ဖြိုးပိုင်ရဲ့”

“ကိစ္စမရှိလည်း ဆက်မှာနော်”

“သြော်.. ကဲ ဆက်လို့ရပါတယ်ဆို”

“နေ့တိုင်းကော ဆက်လို့ရလား”

“အယ် ဘာလုပ်ဖို့တုန်း”

“ကိစ္စမရှိလည်း ဆက်လို့ရတယ်ဆိုလို့လေ မေးကြည့်တာ”

ငြိမ်း သူ့ကို မျက်စောင်းထိုးမိပြန်သည်။ တစ်နေကုန် တေမိလုပ်နေပြီးကာမှ ခုမှလာ အလွမ်းသယ်နေလိုက်တာ။ ထို့နောက် သူ့ဖုန်းဟုဆိုကာ လိပ်စာကဒ်လေး ထုတ်ပေးသည်။

“အံမယ် ကဒ်တွေ ဘာတွေနဲ့..”

“လူရှိန်အောင်ပါဗျာ.. တစ်ကယ်တော့ အညတရ လေးပါ”

“ဟား ဟား ဟုတ်ပါပြီ.. ဒါနဲ့ မနက်စောစောထမှာလား.. ပလပ်စတစ်အိတ် သွားကောက်ကြမယ်လေ.. ပိုးအိလည်း လိုက်မယ်တဲ့.. နောက်လည်း မူနွှဲ့တို့ မိုးအောင်တို့ လိုက်လိမ့်မယ်.. အမပြောပြီးသွားပြီ”

“အိုးကေ သွားမယ်လေ အမ… အိုကေ ဒီနေ့ ပင်ပန်းနေပြီ နားတော့နော်.. Good Night”

“Good Night.. သရဲမနဲ့ အိပ်မက် မက်ပါစေ”

“လာစမ်းပါ.. သရဲမကို အာဘွားပေးပလိုက်မယ်”

သူမတို့နှစ်ယောက် နောက်ပြောင်ရင်း အိပ်ရာအသီးသီးဝင်ကြသည့်။ တစ်နေကုန် ပင်ပန်းခဲ့သမျှကို အတိုးချ အိပ်ပစ်ရမည်။ မနက်ကျလျှင် ရန်ကုန်ကို ပြန်ရမည် ဖြစ်သဖြင့် ခရီးက ပန်းပေအုံးမည်။ အင်း သူမမှာလည်း ကိုယ်လုပ်ချင်တာတွေကို လုပ်ဖို့ အခွင့်အရေးတွေ ရှိပါသည်။ အတူရှိနေစေချင်သည့်သူနှင့် ရှိရန် အခွင့်အလမ်းတွေ ဖန်တီးနိုင်မည့် အခွင့်အရေးလည်း ဖြစ်ပါသည်။ ငြိမ်းကိုယ်တိုင် မသေချာသေးသော အချစ်တစ်ခုအတွက် ပိုကောင်းမည့် အခွင့်အရေးတွေကို သူမကိုယ်တိုင် ဖန်တီးကာ ကိုယ့်ကိုကိုယ် စမ်းသပ်ကြည့်ရပါအုံးမည်။ လူ့အခွင့်အရေးသည် သဘာဝ ပတ်ဝန်းကျင်နှင့်သာမက အချစ်ကိစ္စနဲ့လည်း အများကြီး သက်ဆိုင်ပါသည်။

(အပိုင်း ၄ လာပါအုံးမည်)