Monthly Archives: December 2007

လွမ်းမပြေတဲ့ ဇာတိမြေ

Standard

ကိုပြည့်စုံက တက်ပါတယ်။ လွမ်းမပြေတဲ့ ဇာတိမြေအကြောင်း ရေးပေးပါတဲ့။ မရေးခင် သူ့ဘလောဂ့်က ပိုစ့်လေးကို အရင်သွားဖတ်တော့ သူလည်း တော်တော် လွမ်းနေပုံရတယ်ရှင့်။ ရေးထားတာများ လွမ်းချင် စရာကြီး။ တစ်ကယ်တော့ ကျွန်မလည်း လွမ်းနေတာပါ။ သူများတွေ ပြောကြတယ်။ မိုးရွာရင်၊ မိုးရိပ် မိုးသားတွေ အုံ့ဆိုင်းနေရင် အိမ်ကို လွမ်းတတ်ကြသတဲ့လေ။ ကျွန်မကတော့ မတူဘူးရှင့်။ ဆောင်းရာသီမှာ အိမ်ကို လွမ်းတယ်။ မြူတွေအုံ့ဆိုင်းနေတတ်တဲ့ ကျွန်မရဲ့ မြို့ကလေးကို သတိရတယ်။ မြို့ပြင်မှာ ရှိတဲ့ မျှော်မဆုံးတဲ့ ရိုးပြတ်တောမှာ ငယ်ငယ်တုန်းက ဆော့ကစား ခဲ့ဖူးတာကို တမ်းတတယ်။ ဆောင်းရာသီမှာ မွေးတဲ့ကျွန်မ၊ ဆောင်းရာသီမှာ မိသားစုတွေနဲ့ တူတူ မွေ့နေ့လုပ်ကြတာကို အောက့်မေ့တယ်။ တွေးတိုင်း တွေးတိုင်း လွမ်းစရာ တွေချည်းပါပဲ။ ဆောင်းဝင်ပြီ ဆိုတဲ့ အသိကလေး ရလာရင် ကျွန်မရဲ့ ဇာတိမြေကို လွမ်းတဲ့စိတ်တွေ ပေါ်လာတာဟာ ကျွန်မအတွက်တော့ မဆန်းပေမယ့် မရိုးနိုင်သေးပါဘူးရှင်။

ပင်လယ်နဲ့ နီးတဲ့ ကျွန်မရဲ့ မြို့ ကလေးဟာ ရာသီဥတု မျှတတယ်။ နွေရာသီမှာ အပူမကြီးသလို ဆောင်းရာသီမှာလည်း ပြင်းပြင်းထန်ထန်ကြီး မအေးပါဘူး။ ဒါပေမယ့် ဆောင်းရာသီလို့ ပြောရလောက်အောင်တော့ အေးတာပေါ့လေ။ မနက်တိုင်းဆို 9 နာရီလောက်ထိ မြူတွေ အုံ့ဆိုင်းနေတတ်တယ်။ ညဘက်မှာတော့ နှင်းတွေက မိုးရွာသလို တစ်ပေါက်ပေါက်ကျတတ်တယ်။ ဒီအချိန်မှာ ဇတ်ပွဲတွေ အားကစားပြိုင်ပွဲ တွေလည်း လုပ်တတ်ကြသေးတယ်ရှင့်။ ရွာဘက်တွေကို သွားမယ်ဆိုရင် ရိတ်သိမ်းပြီးစ လယ်ကွင်းတွေမှာ ရိုးပြတ်တွေ၊ ပတ်ကြားအက်တွေနဲ့ တစ်မျှော် တစ်ခေါ်ကြီးပေါ့လေ။ ဆည်းဆာချိန်ရောက်ရင် ရွှေဝါရောင် နေခြည်သွေးတွေက လယ်ကွင်းတွေပေါ် ဖြန့်ကျက်နေတာများလေ ဘယ်ပန်ချီဆရာမှ ဆွဲလို့ မှီမယ် မထင်ဘူး။

ပြီးတော့ ဒီရာသီက ဇီးသီးပေါ်တဲ့ ရာသီ မဟုတ်လား။ ငယ်ငယ်တုန်းကဆို သူငယ်ချင်းတွေနဲ့ ပလိုင်းကိုယ်စီ လွယ်ပြီး တောဘက်ကို ဇီးသီးသွားခူး ကြတာလည်း ပျော်စရာကြီးရှင့်။ တစ်ခါက ပျားအုံရှိတဲ့ ဇီးပင်ကို အပင်ခြေရင်းကနေ ကိုင်လှုပ်မိလို့ ပျားတွေဝိုင်းလိုက်တာလေ မသေရုံတစ်မယ် ပြေးခဲ့ရတယ်။ မယ်ပင့်ဂိုလ်းလည်း ငယ်ငယ်တုန်းက မျောက်သေအောင် ဆော့တာနော်။ အဖွားကတော့ ပြောပါရဲ့ နင်ကလေ မျောက်မူးသေတဲ့..ဟီး။ သြော် ပြောရအုံးမယ် ဆောင်းရာသီမှာ မနက်စောစော သောက်ရတဲ့ ဓနိရည်က အတော်လေး ချိုတယ်ရှင့်။ မူးလည်း မမူးဘူး။ တစ်ပုလင်းလောက်ကတော့ အေးဆေး။ ချိုသလား မမေးနဲ့။ ဒါပေမယ့် အဖေနဲ့ တစ်ခါ အသောက်လွန်ပြီး ဂျွမ်းပြန်အောင် မူးဖူးတယ်။

အင်း ဆက်ရေးရရင်တော့ အကုန်ပေါ်ကုန်တော့မှာပဲ။ တော်ပြီ တော်ပြီ ဒီလောက်လေးနဲ့ပဲ ရပ်ထားလိုက်တော့မယ်။ လွမ်းတယ်ရှင့် လွမ်းနေတာ။ အိမ်ပြန်ချင်လားဆိုတော့ မပြန်ချင်ဘူး။ ဘာကြောင့်လဲ သိလား ရခိုင်းရိုးမကို ကျော်ရမှာ အသေကြောက်လို့။ ဟိုတစ်ခေါက် ပြန်တုန်းကတော့ ပြောခဲ့တယ်။ အမေရေ မဖြစ်မနေပြန်လာရမယ့် အကြောင်းမရှိရင် လေယာဉ်ကွင်းရှိမှပဲ ပြန်လာတော့မယ်လို့။

What did I do in Mandalay?

Standard

သူများတွေ ဒီဇင်ဘာမှ အပျော်ခရီးထွက်ကြတယ်။ ကျွန်မကတော့ တာဝန်ကြီး တစ်ခွဲသားနဲ့ မန္တလေးကို ခရီးသွားရတယ်။ ဘာပဲ ပြောပြော ခရီးထွက်ရတော့ စိတ်လေး နည်းနည်း လန်းဆန်းလာပါတယ်။ တစ်ကယ်တော့ မန္တလေးဆိုတာ မြန်မာနိုင်ငံထဲမှာ ကျွန်မ အသွားချင်ဆုံး မြို့တစ်မြို့ထဲက နေရာတစ်ခုပါ။ အဲဒီကို သွားရတိုင်း ကျွန်မ ပျော်တယ်။ ဘယ်နေရာမှ မရောက်ရင်တောင် မန်းလေးကို သွားရတယ် ဆိုတဲ့ စိတ်နဲ့ ပျော်တယ်။ ဒီတစ်ခေါက်တော့ ကျွန်မ မန္တလေးကို စိတ်မကောင်းခြင်း ကြီးစွာနဲ့ သွားခဲ့ရတာပါ။ ဘာပဲ ပြောပြော မန္တလေးကို တစ်ခေါက် ရောက်ရတာ၊ ဒီဇင်ဘာမှာ ခရီးထွက်ရတာ 2007 ရဲ့ အမှတ်တရ တစ်ခုအနေနဲ့ ကျွန်မ မှတ်မှတ်ရရ ရှိနေမှာပါ။

ဆေးလ်ဗားမွန်းနဲ့ သူ့ချစ်ချစ်လာခေါ်လို့ ဂျပန်ဆိုင်တစ်ဆိုင်မှာ ညဘက်ခဏလေး မုန့်သွား စားဖြစ်ကြတယ်။ စား စား စားကြပါအုံးလား ဟင်! ပြီးတော့ ဘုရားကြီးကို ခဏရောက်တယ်။ မှောင်နေလို့ ဘုရားဖူးပြီးပဲ ပြန်လာခဲ့ပါတယ်။
Photobucket

Photobucket

Photobucket

ရွှေမန်းတောင် ဂေါက်ကွင်းကို အလုပ်ကိစ္စသွားရင်းနဲ့က မန္တလေးတောင်ကို လွမ်းလွမ်းနဲ့ ရိုက်ယူခဲ့တယ်။ တောင်ပေါ်တင်ချင်လိုက်တာလေ တစ်ပိုင်းကို သေရာ။ ဒါပေမယ့် မတက်ဖြစ်ခဲ့ပါဘူး.. အလုပ်က ရှိသေးတာကို။

Photobucket

Mandalay Hill Resort Hotel ကြီးပါ။ ခပ်တည်တည်နဲ့ ကိုယ်ပဲ အဲဒီနေရာမှာ တည်းခဲ့သလိုလို လုပ်ချင်လို့ ရိုက်လာခဲ့တယ်။ မိုက်တာတော့ တော်တော် မိုက်တယ်ရှင့်။ ဟိုတယ်လ်ကြီးက..

Photobucket

နေရာတိုင်းမှာ ဆိုင်ကယ်တွေနဲ့ ရှုပ်ရှက် ခတ်နေတဲ့ မန္တလေးမြို့ကြီးဟာ ဘယ်အချိန်သွားသွား ပြောင်းလဲတယ်လို့ကို မရှိပါဘူး။ မန္တလေးက လူတွေ ချစ်စရာကောင်းတယ် ကူညီတတ်တယ်။ ခုချိန်မှာတော့ ဘယ်မှာလဲ မန်းသူ၊ မန်းသား မေးရလောက်အောင်ကို မန္တလေးမြို့ကြီးဟာ ရှမ်းတရုတ်တွေ၊ တရုတ်တွေရဲ့ အုပ်စိုးခြင်းကို ခံနေရလေရဲ့။ ထူးခြားတယ်ပဲ ပြောရမလား၊ ထူးဆန်းတယ်ပဲ ပြောရမလား မန်းသူ မန်းသား တွေ တော်တော် ချမ်းတတ်ကြတယ်။ မနက်စောစော ပင့်ဂိုလ်းတို့ အင်္ကျီ ပါးပါးနဲ့ သွားလာ နေချိန်မှာ အနွေးထည်တွေ ထူထူဝတ်ပြီး ချမ်းနေကြလေရဲ့။ နေ့လည် 12 နာရီထိုး ပင့်ဂိုလ်းတို့ ချွေးပြိုက်ပြိုက် ကျနေချိန်မှာ သူတို့တွေ အနွေးထည် မချွတ်ကြသေးဘူး။ မေးကြည့်တော့ ချမ်းတယ်လေတဲ့….. သြော်! သူတို့ကတောင် မေးသေးတယ် နင်ချမ်းပုံက ဘယ်လိုလဲမှ မသိတာတဲ့။ ငါတို့တော့ တော်တော်အေးတယ်တဲ့။ မန္တလေးအသွား လမ်းပေါ်က မြို့တွေကတော့ တော်တော်အေးတယ်။ ခပ်တည်တည်နဲ့ ရွှီးလိုက်မယ်.. Seoul ကိုရောက်နေသလိုပဲ။ ခိုက်ခိုက်ကို တုန်ရောရှင်။

အောက်ကပုံကတော့ 35 လမ်းနဲ့ 78 လမ်းထောင့်က ရှုပ်ရှက်ခတ်နေတဲ့ မီးပွိုင့်တစ်ခုကို ရိုက်လာတာပါ။

Photobucket

Photobucket

မန်းလေးမှာ ကျုံးကို ဓါတ်ပုံရိုက်ချင်လိုက်တာလေ ပြောမနေပါနဲ့တော့။ ဒါပေမယ့် အခွင့်မသာခဲ့ဘူး။ ညဘက်တော့ ရောက်တယ် မှောင်မည်းနေတာ ဘာမှကို မမြင်ရလို့ လက်လျှော့လိုက်ရတယ် :(

ဆေးလ်ဗားမွန်းနဲ့ အမှတ်တရလေးပါ။ သူအွန်လိုင်းမှာ တစ်ပတ်ပျောက်နေတုန်း အနိုင်ကျင့်ပြီး တင်လိုက်တာ..ဟိ

Photobucket

Padonma Meeting

Standard

ဒီနေ့ပေါ့ ပဒုမ္မာဖိုရမ် က မန်ဘာတွေရဲ့ တွေ့ဆုံပွဲကို သွားခဲ့တယ်။ အခုတလော စိတ်တွေ ဘာဖြစ်နေမှန်း မသိဘူး။ အလုပ်တွေလည်း မလုပ်ချင်ဘူး၊ စိတ်ကလည်း ပုံမှန် မဟုတ်ဘူး။ ရူးချင်တယ် အလကားနေ ငိုချင်နေတဲ့ စိတ်တွေပဲ ဖြစ်နေတယ်။ အနားမှာ ဘယ်သူမှ မရှိဘူး။ ကျွန်မ တော်တော် အားငယ်နေတာပါ။ ဒီကြားထဲ သူငယ်ချင်းတွေ စုတွေ့ကြမယ်ဆိုတော့ ဘာရယ် ညာရယ်တော့ မဟုတ်ပါဘူး။ စိတ်ပြေ လက်ပျောက်လေးများ ဖြစ်မလားလို့ ကျွန်မလည်း သွားတွေ့လိုက်တာပေါ့နော်။ သူငယ်ချင်းတွေနဲ့ မတွေ့ရတာ ကြာပြီဆိုတော့ တွေ့ချင်တယ်လေ။ ရန်ကုန် တိရိစ္ဆာန်ရုံနားက နန်းထိုက်နေကြာ လက်ဘက်ရည် ဆိုင်မှာပါ။ စပွန်စာကတော့ ပဒုမ္မာက မန်ဘာ သူသာလျှင် ဆိုတဲ့ အကိုကြီး တစ်ယောက်ပါ။ ဘာပဲ ပြောပြော စိတ်ညစ်နေချိန်မှာ သူတို့တွေနဲ့ တွေ့လိုက်ရတာ ခဏတာလေးတော့ စိမ်းချမ်းမြေ့ခဲ့ ရပါတယ်။ ပုံတွေ တင်ပေးလိုက်မယ်နော်။

Photobucket

စားခဲ့ကြတာ တွေပေါ့

Photobucket

Photobucket

လူတွေ များတယ် လာကြတာ

Photobucket

Winter Skincare

Standard

ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ အညီ အသားအရေကို ဂရုစိုက်တဲ့အခါမှာလည်း ပြောင်းလဲ ဂရုစိုက်ပါမှ ကျွန်မတို့တွေဟာ ရာသီဥတုနဲ့ လိုက်လျောညီထွေစွာ နေထိုင်နိုင်မယ့်အပြင် ကျန်းကျန်းမာမာ ရှိမှာလည်း ဖြစ်ပါတယ်။ ဟော.. ခုဆောင်းရာသီ ရောက်လာပြီဆိုတော့ ဆောင်းတွင်းမှာ ဘယ်လိုနေထိုင်ရမယ် ဆိုတာကို ကျွန်မ တစ်ချက်လောက် ပြောပြပေးချင်ပါတယ်။ သင့်တောမယ် ထင်တဲ့၊ လူတော်တော်များများရဲ့ recommendation ကိုရထားတဲ့ အချက်အလက်ကလေးတွေကို စုဆောင်းရေးသား ပေးလိုက်ပါတယ်ရှင်။ ဆောင်းတွင်းမှာ လှနိုင်ကြပါစေနော်…….

** မနက်စောစောထ ရေချိုးတဲ့အခါ စစချင်း ရေနွေးလေးနဲ့ လောင်းချိုးလိုက်ပါရှင်။ ဒါပေမယ့် ရေနွေးနဲ့ချည်းပဲ ချိုးရမယ်လို့ မဆိုလိုပါဘူး။ 15 မိနစ်လောက် နေပြီး ရေအေးအေးလေးနဲ့ ပြောင်းချိုးလိုက်ပါ။ ချမ်းအေးတဲ့ ရာသီမှာ ရေအေးနဲ့ ရေချိုးခိုင်းတာ ငိုချင်စရာ မကောင်းပေဘူးလား။ ဒါပေမယ့် ဒါဟာ သွေးလှည့်ပတ်မှုအတွက် တော်တော်လေး ကောင်းပါတယ်တဲ့။ ခန္ဓာကိုယ်အတွင်းမှာ သွေးတွေကို ပုံမှန်လည်ပတ်စေပြီး အသားအရေကိုလည်း အားဖြည့်ပေးတဲ့ ရိုးရှင်းတဲ့ hydrotherapy technique တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် မလုပ်ချင်ပေမယ့်လည်း လုပ်စေချင်ပါတယ်။ ကိုယ်ကောင်းဖို့ အတွက်ပဲဟာ… နော။

** အစိုဓါတ်ခံလူးဆေး ကောင်းကောင်းကို သုံးပေးရပါမယ်။ zinc oxide ပါတဲ့ Moisturizer အမျိုးအစားကို ရွေးချယ်လိမ်းပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ SPF 30 ရှိတဲ့ အမျိုးအစားတွေကလည်း အသုံးပြုဖို့ သင့်တော်ပါတယ်။ Moisturizer တွေထဲမှာ cream type ရှိတဲ့ အမျိုးအစားကို လူးပေးသင့်ပါတယ်ရှင်။ သြော် ပြီးတော့ နုတ်ခမ်းကို ဂရုစိုက်ဖို့လည်း မမေ့ကြပါနဲ့နော်။ နုတ်ခမ်းတွေ ဒီရာသီမှာ ကွဲတတ်ကြတဲ့အတွက် highly moisturizing lip balm ကိုရွေးချယ်သုံးပေးနိုင်ရင် ပိုကောင်းပါတယ်ရှင်။

** နောက်တစ်ခုက တစ်ပတ်ကို ချေးချွတ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းက အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပြီး အစိုဓါတ်ရရှိအေင်လည်း ကူညီပေးမှာ ဖြစ်ပါတယ်။ နွေရာသီမှာ ထွက်တဲ့ချွေးတွေဟာ အားလုံးသိကြတဲ့ အတိုင်းပါပဲ ဆောင်းရဲ့ အအေးဒဏ်ကြောင့် ဘယ်ဆီရောက် ဘယ်ဆီပျောက်မှန်း မသိပဲ အရေပြားတွေ ခြောက်သွေ့ကွဲအက် လာတာကို တွေ့ရမှာပါ။ ချွေးပေါက်တွေ ပိတ်နေရင် ပိုဆိုးလာမှာ ဖြစ်ပြီး ချေးချွတ်ပေးခြင်းကြေင့် ပြင်ပက အစိုဓါတ်တွေ အပူတွေကို ရရှိလာစေမှာပါ။

** ပြီးတော့ မနက်တိုင်းမှာ လီမွန်သီးပါတဲ့ ရေနွေးတစ်ခွက်ကို သောက်ပေးသင့်ပါတယ်။ ဒါဟာ တစ်ရုပ်ရိုးရာ ဆေးနည်းဖြစ်ပြီး ခန္ဓာကိုယ်ကိုလည်း အားအင်တွေ ဖြစ်စေပါတယ်။ အသဲတွေ gall bladder ထိတောင် အကျိုးသက်ရောက်မှု ရှိပါတယ်တဲ့။ သွေးသားကိုလည်း ရှင်းသန့် ကြည်လင်စေပါတယ်။

** ပြီးတော့ အိပ်ရေး၀၀ အိပ်ပေးဖို့ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ အနည်းဆုံး 7 နာရီလောက်တော့ အိပ်ပေးသင့်ပါတယ်ရှင်။

(( ဟုတ်ကဲ့ ကျွန်မ အခုတလော နည်းနည်း အလုပ်များနေတယ်ရှင်။ ဘလောဂ့်ကို ခဏလောက် နားရလိမ့်မယ်ထင်တယ်။ ခေတ်မီချင်လို့ ဘလောဂ့်နားတာတော့ မဟုတ်ပေမယ့် မီတင်တွေ လာတော့မှာမို့ အလုပ်များများနဲ့ နားရမှာပါ။ ဘလောဂ့်အလည် ထွက်နိုင်မှာလည်း မဟုတ်ကြောင်းကို ကြိုတင် အသိပေးပါရစေ။ ဂျီတော့မှာတော့ ရှိနေမယ် ထင်တယ်.. လွမ်းနေကြနော်.. ပြန်လာမှာပါ ))

 

Caution to all ladies! (must read) !!

Standard

အမျိုးသမီးတွေအတွက် သီးသန့်ရေးတဲ့ ပိုစ့်လေးပါ။ ကျွန်မရဲ့ မေလ်းထဲကို ရောက်လာတာကို ဘာသာပြန်ပြီး တင်ပေးတာပါ။ အားလုံးအတွက် အရမ်းကို အသုံးဝင်မှာပါ။ မတော်တဆ ဖတ်မိတဲ့ ကိုကိုတွေလည်း မိမိတို့ရဲ့ ချစ်ချစ်များ၊ မိသားစုထဲက မိန်းကလေးများကို ဝေငှပေးနိုင်ပါတယ်ရှင်။

ကျွန်မတို့ အ၀တ်အစား အသစ်တွေ ၀ယ်တဲ့အခါ အသစ်ဆိုပြီး ဒီအတိုင်း မ၀တ်သင့်ပါဘူးရှင်။ ဘယ်လောက်ပဲ သစ်သစ် လျှောပြီးမှ ၀တ်သင့်ပါတယ်။ ဘာကြောင့်လဲ သိလား။ အဲဒီအ၀တ်တွေမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ကပ်ပါးကောင်တွေ ပါလာတတ်လို့ပါပဲ။ အိုကေ ဘယ်လို သတ္တ၀ါတွေကများ ကျွန်မတို့ ၀တ်မယ့် အ၀တ်တွေမှာ ကပ်နေတာပါလိမ့်နော်။ အသစ်ပါဆိုမှ အလုပ်ရှုပ်အောင် လုပ်တယ် ဟွန်း။ ကဲ ကြည့်မယ်.. မကြည့်ခင် ဘုရားအရင်တ ထားလိုက်ကြပါ.. လာပြီ ဒီမှာ သတ္တ၀ါ…။

Photo Sharing and Video Hosting at Photobucket

ဘုရားရေ ရွံစရာကေင်းလိုက်တာ။ ဟုတ်တယ် မဟုတ်လား။ မထင်မိကြဘူး မဟုတ်လား။ အဓိက ကပ်ပါလာနိုင်တာကတော့ ဘရာဇီယာတွေမှာပါပဲ။ မိန်းကလေးတိုင်းကို ဒီအကြောင်းပြောလိုက်ကြပါနော်။ မရှက်ကြေး ကွ. YO! အဲတော့ ဘရာဇီယာတွေကို မ၀တ်ခင် ဘယ်လောက်ပဲ သစ်သစ် အမြဲလျှောပါ။ ဒီအကျင့်ကို ရအောင်လည်း လေ့ကျင့်ထားပါ။ ဒါတွေကိုမှ မဟုတ်ပါဘူး။ မိမိတို့ဝတ်မယ့် undergarment တွေကိုလည်း လျှော်ရပါမယ်။ ဘယ်လို ဘယ်လို ဖြစ်သွားတယ်ဆိုတဲ့ အကြောင်းကို ပြောပြပါမယ့်။ ဘာသာပြန်ရတာ မကောင်းလို့ အင်္ဂလိပ်လိုပဲ ဖတ်လိုက်ကြနော်။ ဝေါဟာရတွေ မရေးရဲဘူး အက် အက်..

After anthropologist Susan McKinley came back home from an expedition in South America, she noticed a very strange rash on her left breast. Nobody knew what it was and she quickly dismissed it believing that the Holes would leave in time.

Upon her return she decided to see a doctor after she started developing Intense pains. The doctor, not knowing the exact severity of the disease, gave her Antibiotics and special creams. As time lapsed the pain did not subside and her left breast became more inflamed and started to bleed.

She decided to bandage her sores, however as Susan’s pain grew more intense She decided to seek help from a more certified doctor.Dr. Lynch could not diagnose the infection and told Susan to seek theaid of one of his colleagues who specializes in dermatology.

Unfortunately, the doctor was on vacation. She waited for two weeks and finally was able to reach the dermatologist. Sadly, a life changing event was about to unfold during her appointment. To Miss McKinley’s surprise, after she removed the bandages, they found
Larvae growing and squirming within the pores and sores of her breast. Sometimes these wicked creatures would all together simultaneously move around into different crevices. What she didn’t know was that the holes were in fact, deeper than she had originally thought, for these larvae were feeding off the fat, tissue, and even milk canals of her breast.

အဲဒီမမမှာ ဘယ်လိုရောဂါ ရသွားတယ်ဆိုတာ မသိချင်ကြဘူးလား.. ဒီနေရာ လေးမှာ သွားကြည့်လိုက်ကြနော်။

ကဲ ဒီလောက်ဆိုရင် ကျွန်မတို့ရဲ့ underwear တွေဟာ မသန့်မရှင်းနဲ့ ၀တ်ရင် ဘယ်လောက်ကြောက်စရာ ကောင်းလိမ့်မလဲဆိုတာ။ ကဲ ဒီတော့ ဒီအကြောင်းလေးကို အမျိုးသမီးတိုင်းကို မျှဝေပေးကြပါရှင်။ ဖတ်စေချင်ပါတယ် လူတိုင်းကိုပေါ့လေ။ သတိမမူ ဂူမမြင် မဖြစ်စေချင်လို့ပါ။ ပြီးတော့ underwear တွေပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် အ၀တ်အစားတိုင်းဟာ နိုင်ငံအမျိုးမျိုးကနေ လာကြတာပါ။ packing တွေထုပ်၊ container ထဲထည့်ခံရနဲ့ လက်ပေါင်းမြောက်များစွာနဲ့ ကိုင်ခြင်း ထိခြင်းကို ခံရတာပါ။ အဲတော့ လက်က မသန့်ရှင်းရင် ရောဂါပိုးတွေလည်း ပါလာနိုင်ပါတယ်။

LEASE WASH ALL NEWLY PURCHASED BRAS AND UNDERWEAR BEFORE WEARING THEM. WE DO NOT KNOW WHAT PARASITES ARE IN OUR CLOTHING WHEN WE BUY THEM.

Comment from Jo Han Aung.

Standard
အကို ယောဟန်အောင်ဆီကနေ ပေးလာတဲ့ comment ကို အားလုံး ဖတ်စေချင်တဲ့ စေတနာကြောင့် တင်ပေးလိုက်ပါတယ်ရှင်။ ၀င်ဆွေးနွေးပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။
သို့
ဒေါ်ပင့်ဂိုးလ်

ညီမ အရွယ်လောက်ရှိမယ် ထင်ပါတယ်။
ကျနော် တလင်တမယားစနစ်ဆိုတဲ့ ပို့စ်ကလေးဖတ်ရပါတယ်။ တင်ပေးတဲ့၊ ဆွေးနွေးတဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ သို့သော်လည်း ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှုထောင့်က ချဉ်းကပ်မှု သိပ်များသလားလို့ ယူဆမိပါတယ်။ ဖော်ပြထားတဲ့အတိုင်း ဦးအေးမောင် စာအုပ်? ကို ဖတ်ဖြစ်ပြီး ရေးမိတာဆိုတော့လည်း ကျင့်ဝတ်ပိုင်းများတာ ဖြစ်ပါလိမ့်မယ်။ ကျနော် စဉ်းစားပါ သေးတယ်။ သို့သော် သိပ်ဆွေးနွေးချင်လို့ မအားတဲ့ကြားက အချိန်အနည်းငယ် ယူပြီး စာရေးလိုက်တာ ဖြစ်ပါတယ်။ ဆရာ ကြီး လေသံပေါက်ရင် ခွင့်လွှတ်ပါ။ ဒီကော်မန့်ကို ပို့မှာတင်ချင်လည်းတင်၊ မတင်ရင်လည်းနေပါ။ ပြဿနာ မရှိပါ။

၁။ ကျနော် စာတအုပ်မှာ ဖတ်ဖူးပါတယ်။ အချစ်ဆိုတာ ၃-နားညီ တြိဂံနဲ့ တူတယ်လို့ ပြောပါတယ်။ “ရင်းနှီးမှု” “ယုံကြည်မှု” “လိင်အရ ဆွဲဆောင်နိုင်မှု” ဆိုတဲ့ အနား ၃-နားပါပဲ။ တခုခု ချို့ယွင်းခဲ့လို့ရှိရင် အရသာပြယ်နေတတ်ပါတယ်။
ဆိုပါစို့။
ရင်းနှီးမှုရှိတယ်။ ယုံကြည်မှုရှိတယ်။ လိင်ကိစ္စ မပါဘူး။ (သူငယ်ချင်းတွေလည်း ဖြစ်နိုင်တာပဲ)
ရင်းနှီးမှုရှိတယ်။ လိင်ကိစ္စပါတယ်။ ယုံကြည်မှု မရှိဘူး။ (တညတာကိစ္စ၊ အပျော်လိုက်တဲ့ကိစ္စတွေလည်း ဖြစ်နိုင်တယ်။)
ရင်းနှီးမှု မရှိဘူး။ ကျန်တာ ၂-ခုတော့ ရှိတယ်။ (သွေးအေးသွားတဲ့ လင်မယားတွေ၊ အချစ်မပါပဲ အိမ်ထောင်ပြုရတာမျိုး လည်း ဖြစ်လိမ့်မယ်) အဲသည်တော့ စာရေးဆရာက ၃-နားညီဖို့ လိုတယ် ပြောပါတယ်။

၂။ အဲသည်စာရေးဆရာက M. Scott Peterson M. D. ပါ။ The Road Less Travelled ဆိုတဲ့ စာအုပ်ပါ။ ကြုံရင် ရှာဖတ် စေချင်ပါတယ်။ သူဆွေးနွေးထားတာတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ အိမ်ထောင်မပြုခင် ဖတ်သင့်တယ်လို့ အကြံ ပြုချင်တဲ့ စာအုပ်မျိုးပါ။ ၂၅ ကြိမ်တိုင်တိုင် ပြန်ရိုက်ရပြီး Best seller စာအုပ်ပါ။
သူပြောတာက လူတွေမှာ ယုံမှတ်မှားချက် (Myth) ၊ ပုံပြင်၊ ဒဏ္ဍာရီတွေနဲ့ ကြီးလာကြရပါတယ်။ ကျနော်တို့ ကြားဖူးတဲ့ အိပ်ယာဝင် ပုံပြင် စနိုးဝှိုက်၊ စင်ဒရဲလား၊ စသဖြင့် နတ်သမီးပုံပြင် Fairy tales တွေပေါ့။ အဲသည်မှာ မင်းသမီးလေးပါတယ်။ သူ့ကို လာကယ်တဲ့ မင်းသားလေးပါတယ်။ အဲသည်လို ပုံပြင်တွေနဲ့ (ဘယ်လိုယဉ်ကျေးမှုမှာ မဆို) ကြီးပြင်းလာရပါတယ်။ အဲသည်တော့ ချစ်တဲ့သူလည်း တွေ့ရော၊ ချက်ချင်း ကိုယ်ရှာနေတဲ့ မင်းသားလေးလို့ ထင်လိုက်တတ်ပါတယ်။ ယောက်ျား လေးကလည်း ငါရှာနေတဲ့ စင်ဒရဲလား ဖိနပ်ပိုင်ရှင်လေးတော့ တွေ့ပြီ ထင်တတ်ကြပါတယ်။ အဲသည်လို တွေ့ကြတာဟာ သာမန်အကြောင်း မဟုတ်ဘူး။ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တွေကြောင့်၊ ကောင်းကင်မှာလည်း ကြည်နက္ခတ်တာရာ တွေ စုံညီလို့၊ ကျနော်တို့ မြန်မာစာမှာဆိုရင်လည်း ဖူးစာဆုံလို့ ကြုံရတာမျိုး ထင်မိတတ်ကြပါတယ်။ ဒီဟာတွေက ဖန်တီး ထားတဲ့ မျိုးရိုးစဉ်ဆက် Myth တွေကြောင့်ပါ။

နောက်တော့ အိမ်ထောင်ပြုပြီး သိပ်မကြာခင်မှာပဲ ကိုယ်ရှာနေတဲ့ မင်းသားလေး မဟုတ်ပါလားလို့ ထင်လာတတ်ပါတယ်။ ပထမ ကာလ Chemistry ပျယ်ချိန် ဆိုပါတော့။ ယောက်ျားလေးဘက်ကလည်း အလားတူပဲ။ အပြစ်တွေ မြင်လာပါတယ်။ သည်တော့ အိမ်ထောင်ကွဲတာတွေ နောက်ဆုံး ဖြစ်လာပါတယ်။ “တလင် တမယားစနစ်” ဆိုတာတော့ ကောင်းပါတယ်။ သို့သော်လည်း အကြောင်းကြောင်းကို ထောက်ထားပြီး အမျိုးသမီးတွေဘက်က မကွဲရ။ ချုပ်ချယ်ထားမယ်ဆိုရင်တော့ လူ့ အခွင့်အရေးအရ မတရားဘူးလို့ ထင်မိပါတယ်။ တကယ်လို့ တချိန် သဘောမတွေ့ကြရင်လည်း ကွဲခွင့် ရှိသင့်ပါတယ်။ သို့ သော်လည်း ကလေးတွေ အရေးတော့ ရှိပါတယ်။

၃။ အခုတလော ဒီကိစ္စတွေကို သူငယ်ချင်းတယောက်နဲ့ ဆွေးနွေးပြောဆိုဖြစ်ပါတယ်။ အကြောင်းက သူက မကြာခင် အိမ်ထောင်ပြုဖို့ စဉ်းစားနေလို့ပါ။ ကျနော်တို့ နိုင်ငံမှာ အိမ်ထောင်ကွာရှင်းမယ်ဆိုရင် အမျိုးသမီးတွေကို ကာကွယ်ပေးထား တာ မတွေ့ရပါဘူး။ အမေရိကန်မှာတော့ ဒီအချက်တွေကို ဥပဒေနဲ့ ကာကွယ်ပေးထားတာ တွေ့ရပါတယ်။ အမေရိကန်ဟာ ရုပ်ဝတ္ထုတိုးတက်သော်လည်း ဘာသာရေး အတော်အစွဲသန်တဲ့ နိုင်ငံပါ။ သူတို့က တလင်တမယားစနစ်ကို ဥပဒေအရပါ ပြဌာန်းထားပါတယ်။ လက်ထပ်ကြတဲ့ အခါ ချပ်ကျောင်းတွေမှာ လက်ထပ်ခြင်းအားဖြင့် လက်ထပ်ခြင်းကို “ဘုရားသခင်” နဲ့ပါ တွဲချည်ထားလိုက်ကြပါတယ်။ တခါ လင်မယားကွဲတဲ့အခါ ကလေးတွေကို ဘယ်သူစောင့်ရှောက်ခွင့်ရှိတယ် ဆိုတာ ကို ဥပဒေနဲ့ ပြဌာန်းပါတယ်။ အိမ်ထောင်ကွဲကြရင် မိန်းမက ပိုင်ဆိုင်မှု အိမ်တွေ ဘာတွေလည်း ရပါတယ်။ ကလေးရှိနေရင် အရွယ် မရောက်သေးမချင်း၊ ယခင်ယောက်ျားက ကလေးထောက်ပံ့ကြေး child support ပေးကြရပါတယ်။ သူတို့လခရဲ့ သုံးပုံတပုံမှသည် အတော်များများကို ပေးကြရပါတယ်။ အဲသည်ယောက်ျားလည်း လူမွေးမပြောင်သလောက် ဖြစ်သွားပါ တယ်။ မိန်းမကတော့ ကလေးထောက်ပံ့ကြေးယူပြီး ကလေးတွေကို စောင့်ရှောက်နိုင်တယ်။ နောက်အိမ်ထောင်ပြုတဲ့အခါ ကလေးထောက်ပံ့ကြေး မရတော့ပါဘူး။ အကယ်၍ ကလေးထောက်ပံ့ကြေး ပေးဖို့ ပျက်ကွက်ရင် (သေချာမသိ) ၃-လ ခန့် ကြာတဲ့အခါ ယောက်ျားဆီက driver liscence ကို သိမ်းပါတယ်။ ကားမောင်းခွင့် မရှိရင် ခြေဖြတ်လိုက်သလိုပါပဲ။ အဲသည် တော့ ဆန္ဒမတူလို့ ကွဲကြစေဦး။ အမျိုးသမီးနဲ့ ကလေးများကို ကာကွယ်ပေးထားမှု ရှိပါတယ်။ သို့သော်လည်း ဆိုးကျိုးတွေ လည်း ရှိလာပါတယ်။ ယောက်ျားတဦးက မိန်းကလေးတဦးကို လက်ထပ်ဖို့ဆိုတာ အတော်စဉ်းစားရပါတော့တယ်။ တွဲရင် တွဲမယ်။ လက်ထပ်ဖို့ ပြောလာရင် ရန်သူ။ မိန်းကလေးတွေဖက်ကလည်း Will you marry me? လို့ ပြောလာရင် အတော့် ကို ပျော်နေကြရတာမျိုး ရုပ်ရှင်တွေမှာ တွေ့ဖူးမှာပါ။ နောက်တခါ ကလေးထောက်ပံ့ကြေးယူထားတဲ့ မိခင်တွေကလည်း နောက်ရီးစားထားမယ်။ လက်တော့ မထပ်ဘူး။ (ထောက်ပံ့ကြေး ပြတ်သွားမှာစိုးလို့)။ တခါ ယောက်ျားကလည်း ကိုယ့် ကလေးတွေအတွက် ထောက်ပံ့ရတာကို ၀တ္တရားတခုလို ဆူဆူအောင့်အောင့် ဖြစ်လာတယ်။ မေတ္တာ မပါတော့ဘူးပေါ့။ လူမဲ မိသားစုတွေမှာ ပညာရေးနိမ့်ကျတော့ ပိုအဖြစ်များပါတယ်။

၎။ နောက်တချက်က ကျနော်တို့ နိုင်ငံမှာ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ counselling ကိစ္စက မရှိသလောက်ပါပဲ။ ကျနော် တို့ ဆီမှာတော့ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းလို့ ဘာသာပြန်ကြတယ် ထင်ပါတယ်။ ကျနော်တို့က စိတ်ဆရာဝန်နဲ့တွေ့ရင် ရူးတယ်လို့ ထင်ကြတယ်။ မတွေ့ချင်ကြဘူး။ ဒီမှာက သာမာန်ကိစ္စ။ လင်-မယားကြားမှာ ကတောက်ကဆတွေ ရှိတတ်ပါ တယ်။ အဲသည်လို အချိန်မျိုးမှာ ဒီမှာတော့ အကြံပေးသူတွေ ရှိတတ်ပါတယ်။ ကြားဖြတ်ပြောရရင် ကျနော် မိန်းမရကံ ကောင်းတယ် ဆိုရပါမယ်။ နားမပူတတ်ဘူး။ တခါတလေ ကျနော်က ဆူမိရင် သူက “အသံကျယ်လာပြီနော်” လို့ ပြောရင် ကျနော် ဘရိတ်ပြန်အုပ်ရတယ်။ သူက ပြောမိရင်လည်း ကျနော်က “ကြည့်.. လာဆူနေတယ်” လို့ ပြောရင် သူလည်း ပြန် ထိန်းတယ်။ ပြီးမှ ပြဿနာကို အေးအေးဆေးဆေး ပြောကြတယ်။ အခု အိမ်ထောင်သက် ၇-နှစ်ကျော်မှာ ရန်တခါမှ မဖြစ် ဖူးဘူး။
အဲသည်လို အိမ်ထောင်တွင်း ပြဿနာတွေ ရှိလာတဲ့အခါမှာ ကျနော်တို့ နိုင်ငံမှာက Counselling မရှိတော့ မိန်းမလုပ်သူ ကလည်း သူ့မိဘတွေဘက်သွားပြောတယ်။ ယောက်ျားကလည်း သူ့အသိုင်းအ၀ိုင်း သွားပြောတယ်။ အဲသည်မှာ အကြံပေး ချက်တွေက မှန်ကန်စရာ အကြောင်းနည်းတယ်။ ကိုယ့်လူဆိုတဲ့ အမြင်နဲ့ ဘက်လိုက် အကြံပေးကြတော့ “ဘက်လိုက်မှု” ပါနေတယ်။ ပြဿနာ ပိုကြီးသွားနိုင်တယ်။ ဒါမျိုးလည်း အိမ်ထောင်တွေ မကွဲခင် ရှိသင့်တယ် ထင်ပါတယ်။

၅။ စာလည်း တော်တော်ရှည်သွားပါပြီ။ နောက်တခုကတော့ ကျနော်တို့က နှစ်ယောက်ပေါင်းတာမဟုတ်ဘဲ ယောက်ခမ၊ ယောက်ခထီး၊ မိသားစုကြီး ၂-ခု ပေါင်းသလို ပေါင်းကြရတာပါ။ အဲသည်တော့ အပိုပြဿနာတွေလည်း များရပါတယ်။ တဘက်ကလည်း ဒါဟာအိမ်ထောင်ရေး ခိုင်မြဲစေဖို့၊ ဖောက်ပြန်မှု နည်းစေဖို့ အကြောင်းဖြစ်သလို၊ ဒါတွေကြောင့် ကွဲတာ လည်း မနည်းပါ။ စီးပွားရေးအရ အိမ်ခွဲနေနိုင်ကြရင်တော့ ကောင်းတာပေါ့။ နောက်တခုက အိမ်ထောင်မှာ လခအပ်-မအပ် ဆိုတဲ့ ပြဿနာတွေလည်း ရှိတတ်ပါသေးတယ်။ တချို့မိန်းမတွေက လခအပ်မှ ကြိုက်တယ်။ ထိန်းချုပ်ချင်တာ။ ကျနော်တို့ လင်မယားက အပ်စရာ မလိုဘူး။ သူလည်း သူ့ဝင်ငွေ၊ ကျနော်လည်း ကျနော့ဝင်ငွေ တခါတလေ လိုရင် အပြန်အလှန်ပေး ကြတယ်။ ညှိကြတယ်။ အိမ်ထောင်ရေးမှာ သီးခြားလွတ်လပ်မှုဟာလည်း ထည့်စဉ်းစားသင့်တဲ့ ကိစ္စပါ။

၆။ နောက်တခုကတော့ ကျနော်ကြားဖူးတဲ့ ဇာတ်လမ်းလေးရှိပါတယ်။ မြန်မာပြည်က နာမယ်ကြီးစာရေးဆရာ (လူပျိုကြီး) တယောက်ဟာ စာရေးဆရာမကြီးတယောက်ကို အတော်ကြိုက်ပါတယ်။ အခု အဖိုးကြီးဖြစ်နေတာတောင် ကြိုက်တုန်းပါ။ ဆရာမကြီးကတော့ တခြားစာရေးဆရာနဲ့ အိမ်ထောင်ကျ၊ မြေးတွေ ဘာတွေရလို့ပေါ့။ သူကတော့ ဘယ်လိုသဘောရှိတယ် မသိပါဘူး။ (နာမည်တွေတော့ မပြောတော့ဘူး) ဆရာမကြီးခင်ပွန်းက ဆုံးရှာပြီ။ အနောက်နိုင်ငံမှာတော့ အသက်အရွယ် ဘယ်လောက်ကြီးကြီး တချိန် သူတို့ချစ်နေကြရင် အတူနေကြမှာပါ။ သားတွေ၊ မြေးတွေလည်း သူ့ဘာသာ သွားပေါ့။ မြန်မာပြည်မှာသာ အိမ်ထောင်ပြုကြည့်ပါလား။ အဘွားကြီး.. အသက်ကြီးမှ …. …. …. ဝေဖန်ချက်တွေ အများကြီးလာမှာ ပါ။ ဒါလည်း ဖြစ်သင့်ပါသလား။ နောက်ပြီး ကျနော်တို့ဆီမှာ မိသားစုတွေက တစုကြီးနေကြတော့ နည်းနည်းလေးအသက် ရလာရင်လည်း လင်မယားတွေ ခွဲအိပ်ကြတယ်။ ကလေးတွေနဲ့ ရှက်ကြတယ် ဆိုပြီး အသက် ၅၀ ကျော်ရုံလေးမှာတင် လင်မယား ခွဲအိပ်ကြ တော့တယ်။ ဆေးပညာအရ sex ဟာလည်း လူ့အသက်ကို ရှည်စေပါတယ်။ အနောက်နိုင်ငံတွေ မှာက ဒီကိစ္စတွေ ဂရုမစိုက်ဘူး။ အသက်ကြီးမှ ပင်စင်စားပြီး ခရီးရှည်ထွက်၊ အိမ်ထောင်အရသာကို ခံစားနိုင်ကြတော့ တယ်။ ဒီလို ယဉ်ကျေးမှုတွေဟာလည်း ပြောင်းလဲသင့်သလား။ ကျနော်တို့ လူ့အဖွဲ့အစည်းကရော ဘယ်လောက်လက်ခံနိုင် မှာလဲ။ စဉ်းစားစရာတွေ အများကြီးပါ။

ညီမလည်း စဉ်းစားချက်တွေ ရနိုင်မယ်ထင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကျနော်ပြောတဲ့ စာအုပ်လေး ရှာဖတ်ကြည့်ပါ။

ခင်မင်လေးစားစွာဖြင့်

ယောဟန်အောင်

Monogamy (2)

Standard

ရာသက်ပန် တစ်လင် တစ်မယား စနစ်၌ ကာမရာဂ စိတ်သည် ဆိုင်ရာ ပုဂ္ဂိုလ်များဖို့သာ မဟုတ်၊ လူ့အဖွဲ့အစည်းအဖို့ပါ အသီးအပွင့် ဝေေ၀ဆာဆာနှင့် ကောင်းကျိုးချမ်းသာ ဖန်တီးပေးသော လူ့ဇာတိစိတ် ဖြစ်လာသည်။ ကာမဂုဏ် ခံစားမှုကို ရှက်ဖွယ်ကောင်းသော အမှုတစ်ခု အနေဖြင့် လူတို့ အစဉ်အလာ စွဲမှတ်ထားကြ စေကာမူ အကျင့်သီလ ရှုထောင့်မှ ကြည့်ပါက ကာမရာဂ စိတ်မှာ အခြားလူ့ ဇာတိစိတ်များ ကဲ့သို့ပင် ပကတိအားဖြင့် အကောင်းအဆိုး ဆုံးဖြတ်ရမ် မဖြစ်နိုင်ချေ။ သဘာဝ ဓမ္မအလိုအားဖြင့်မူ လူတို့၏ ကြီးပွားချမ်းသာမှု အတွက် နှိပ်ကွပ်မထားပဲ နည်းလမ်းတစ်ကျ အသုံးချရန် လိုအပ်သော ဇာတိစိတ်ဖြစ်၏။ ဤအချက်မှာ အိမ်ထောင်သည် ယောင်္ကျား မိန်းမများက ယေဘုယ အားဖြင့် လူပျို၊ အပျိုများထက် ပိုအသက်ရှည်ခြင်း၊ ကိုယ်စိတ်ကျန်းမာခြင်း စသော ဒိဌဓမ္မများဖြင့် ထင်ရှားသည်။

သို့ရာတွင် ကာမရာဂ စိတ်သည် လူ့လောကအား အကျိုးပြုနိုင်ရန်အတွက် မှန်ကန်သော ထွက်ပေါက်ရရှိရန် လိုအပ်ပေသည်။ ကာမဆန္ဒ၌ အခြေပြုသော အိမ်ထောင်ရေးသည် အတ္တမာနနှင့် ကိုယ်ကျိုးရှာမှု၊ လူလူချင်း ခုတုံးပြုကင်း၍ မေတ္တာနှင့် သစ္စာတစ်ရားများ ပွင့်လန်းသော အိမ်ထောင်ရေး ဖြစ်ရပေမည်။ ဇနီးမောင်နှံနှစ်ဦးသည် ကာမဂုဏ် ခံစားမှု၊ စီးပွားဥစ္စာရှာမှု၌ နစ်မြုပ်မနေပဲ မိမိတို့ သားသမီးများအား လူတော်လူကောင်း ဖြစ်ရန် ပြုစုပျိုးထောင်ပေးခြင်း အားဖြင့် လောကတ္ထစရိယ လုပ်ငန်းသို့ ဦးတည်သော အိမ်ထောင်ရေး ဖြစ်ရပေမည်။

ဤသို့ဖြင့် လူ့လောက အကျိုးစီးပွားကို ဆောင်ရွက်လိုသော ယောင်္ကျား မိန်းမတို့သည် တစ်လင် တစ်မယား စနစ်က်ု လက်ခံ၍ သားသမီးများအား ကျွေးမွေးပြုစုရန် မိမိတို့၌ တာဝန်ရှိခြင်းကိုလည်း အသိအမှတ်ပြုရပေလိမ့်မည်။ ယခုခေတ်တွင် လူတစ်ဦး၌ ရှိသင့်ရှိထိုက်သော သားသမီးဦးရေနှင့် ပတ်သက်၍ သဘောအယူ ကွဲလွဲကြစေကာမူ သားသမီးရှိပါမှ အိမ်ထောင်သည်၏ ဘ၀သည် ကြန်အင်လက္ခဏာ ပြည့်စုံခြင်း၊ ဘ၀ခရီးလမ်း သာယာစိုပြေခြင်းကို မည်သူမျှငြင်းဆိုမည် မဟုတ်ချေ။ သားသမီးများကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် ပြုစုစောင့်ရှောက်ရန်အတွက် တစ်လင် တစ်မယားစနစ်သည် အကောင်းဆုံးစနစ်ဖြစ်ကြောင်းကို ယုံမှားစရာ မရှိချေ။ ကျွန်နုပ်တို့ စဉ်းစားရန်ရှိသည်ကား တစ်လင် တစ်မယား စနစ်သည် လူအများကျင့်သုံးနိုင်သော စနစ် ဖြစ်ပါ၏လော ဟူသည့် အချက်ပင် ဖြစ်တော့သည်။

ဤသည်မှာ အများအားဖြင့် ယောင်္ကျားတို့၏ ပြသနာဖြစ်သည်။ မိန်းမတစ်ယောက်က ယောင်္ကျားများနှင့် ထင်ထင်ပေါ်ပေါ် ပေါင်းသင်းနေထိုင်သော ဓလေ့ထုံးစံသည် တရံရောအခါက ရှိခဲ့ဖူးသည် မှန်သော်လည်း ယောင်္ကျားတစ်ဦးက မယားအများယူသော ဓလေ့ကဲ့သို့ ကမ္ဘာပေါ်မှာ အနှံ့အပြား မရှိခဲ့ချေ။ ယခုအခါ အနည်းငယ်သော သမိုင်းဦး လူမျိုးစုများမှတစ်ပါး တစ်ခြားလူမျိုးများ၌ လုံးဝ မတွေ့ရသလောက် ဖြစ်သည်။ မယားမှုပွေသော ယောင်္ကျားများကိုမူ ပညာတတ် ပညာမဲ့၊ သူဌေး၊ ဆင်းရဲသား လူတန်းစား အားလုံးလိုလို၌ မကြာခဏ တွေ့ရလေ့ ရှိသည်။

တစ်ချို့ယောင်္ကျားများသည် အဘယ်ကြောင့် မယားတစ်ယောက်တည်းနှင့် တင်းတိမ်ရောင့်ရဲမှု မရှိကြပါသနည်း။ ဤနေရာ၌ ကျွနုပ်တို့သည် လူတို့ အိမ်ရာထောင်ခြင်း၏ ပဓါန အကြောင်းရင်းဖြစ်သော ကာမရာဂစိတ်ကို စားလိုမှု၊ သောက်လိုမှု၊ ၀တ်လိုမှု စသည်တို့ကဲ့သို့ ခန္ဓာကိုယ်၏ တောင်းဆိုချက် တစ်ခုအနေဖြင့် ဆင်ခြင်သုံးသပ်ကြရပေတော့မည်။ စားမှု သောက်မှု ၀တ်မှု များ၌ လူတို့သည် ခန္ဓာကိုယ်ဒ လိုအပ်ချက်ဖြစ်သော ကျန်းမာရေး တစ်ခုတည်းကို မကြည့်ပဲ အစားအသောက် အမျိုးမျိုး အ၀တ်အထည် အမျိုးမျိုးကို ခုံမင် နှစ်သက်ကြသည်။ ထို့အတူ မယားတစ်ယောက်နှင့် ရောင့်ရဲမှု မရှိခြင်းသည် အပြောင်းအလဲကို အလိုရှိသော ကာမတဏှာ နယ်ချဲ့မှု သက်သက်ဖြစ်၍ သဘာဝ ဓမ္မ၏ တောင်းဆိုချက် မဟုတ်ပေ။ ကျန်းမာရေးအတွက် တစ်ခါတစ်ရံ အစားအစာ များကို ပြောင်းလဲရန် လိုကောင်းလိုပေမည်။ ကာမရာဂ ပြေငြိမ်းမှုအတွက် အလားတူ ဆင်ခြေမျိုးပေးရန် မဖြစ်နိုင်ပေ။