Monthly Archives: December 2008

Reviewing 2008 and Welcoming 2009!

Standard
2008 မှာ ဘာတွေလုပ်ခဲ့သလဲ.. 2009 ကို ဘယ်လိုဖြတ်သန်းမလဲ ဆိုတဲ့ ပိုစ့်လေး တစ်ခုကို ကျွန်မ အစကတည်းက ရေးဖို့ရည်ရွယ်ထားပါတယ်။ အခု မမီက တဂ်လုပ်လိုက်တော့ ကျွန်မ မဖြစ်မနေကို ရေးရတော့မှာပါ။ 2009 ကို ဘာအကြွေးမှ မသယ်သွားချင်ဘူးလေ။ ညီမလေး နေ့အိပ်မက်က စိတ်ကူးယဉ်ခိုင်းထားတာလည်း ရှိသေးတော့ 31 ရက်နေ့မတိုင်ခင်တော့ အပြတ်ဖြတ်ရအုံးမှာပေါ့ရှင်။

2008 ဟာ ကျွန်မအတွက် အလုပ်အများဆုံးနှစ်၊ အထူးခြားဆုံးနှစ်လို့ ဆိုနိုင်ပါတယ်။ 2008 မှာ ကျွန်မ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နှလုံးသားရေးရာ အစရှိတဲ့အရာတွေထဲက တစ်ခါမှ မလုပ်ဖူး၊ မကြုံဖူးတာတွေကို ဆက်တိုက်ကို ကြုံခဲ့ရတယ်လေ။ ဒါကြောင့် ကျွန်မဖြတ်သန်းခဲ့ရတဲ့ သက္ကရဇ်တွေထဲမှာ 2008 ဟာ အထူးခြားဆုံးနှစ်လို့ ကျွန်မ ထပ်ပြောချင်ပါတယ်။

2008 မှာ ကျွန်မ အရင်လုပ်နေတဲ့ Blazon ကိုစွန့်ခွာပြီး လက်ရှိလုပ်နေတဲ့ Inforithm-Maze ကို ပြောင်းရွှေ့ခဲ့တယ်။ အလုပ်သစ်မှာ ကျွန်မအတွက် အတွေ့အကြုံသစ်တွေ၊ ပညာတွေ၊ Working Procedures, Working Behaviors အသစ်တွေ အများကြီးပဲ ရှိခဲ့ပါတယ်။ ပြောင်းလဲနေတဲ့ Dynamic Environment ကို အမီလိုက်ပြီး ခေတ်ကာလကို မျက်ခြေမပြတ်အောင် လုပ်တတ်ကိုင်တတ်အောင် Inforithm-Maze က အများကြီးသင်ပေးခဲ့ပါတယ်။ Stress တွေ၊ Pressure တွေ၊ လူမှုရေး ပြသနာတွေဆိုတာကတော့ အလုပ်တိုင်းမှာ ရှိနေတာမို့ ဒါတွေကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောမနေချင်တော့ပါဘူး။ သေချာတာကတော့ အလုပ်သစ်မှာ ပညာအသစ်တွေ၊ အတွေ့အကြုံသစ်တွေ၊ လုပ်ဖော်ကိုင်ဖက် အသစ်တွေနဲ့ ကျွန်မ ပျော်ရွှင်ခဲ့ရတယ် ဆိုတာပါပဲရှင်။

2008 မှာ ကျွန်မဘ၀အတွက် အရေးပါမယ့် ပညာတစ်ခုကိုလည်း ကျွန်မ သင်ယူခဲ့ပါသေးတယ်။ ABE (Association of Business Executive) UK က နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ စာမေးပွဲတွေထဲက တစ်ခုဖြစ်တဲ့ Advance Diploma in Business Management ဆိုတာကိုရဖို့ ကျွန်မ အသဲအသန်ကြိုးစားခဲ့ရတယ်။ လက်ရှိမှာ စာမေးပွဲ Result ကို စောင့်နေဆဲ ဖြစ်တာမို့ ကျွန်မအတွက် ရင်ခုန်နေရတဲ့ အချိန်ပေါ့ရှင်။ 2009-June လမှာ အဲဒီစာမေးပွဲရဲ့ နောက်ထပ်ဘာသာရပ်တွေ ဆက်ဖြေဖို့ ကျွန်မ စာတွေဆက်ကျက်ရပါအုံးမယ်။ Adv DBM ကိုသာပြီးသွားခဲ့ရင် ပြည်တွင်းအလုပ်အကိုင်အတွက် ပိုကောင်းတဲ့ အခွင့်အရေးကို ရရှိနိုင်သလို၊ MBA ဆက်တက်ဖို့အတွက်လည်း အထောက်အကူဖြစ်မယ်လို့ ကျွန်မ ယုံကြည်မိပါတယ်။ ကျွန်မရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ 2008 ကိုအခြေခံပြီး ကျွန်မ ရှေ့ဆက်အများကြီး ကြိုးစားရအုံးမှာပါ။

2008 မှာ ကျွန်မ မလုပ်ဖူးတာတွေ၊ မကြုံဖူးတာတွေလည်း ဆက်တိုက်ကြုံခဲ့ရသေးတာပေါ့။ နာဂစ်ဆိုတာကြီးကလည်း လူ့အသက်ပေါင်းများစွာကို စုပ်ယူသွားခဲ့သေးတယ် မဟုတ်လား။ လူလိမ်၊ လူညာ၊ ဗြောင်လိမ်၊ ဗြောင်စားဆိုတဲ့ သူမျိုးကိုလည်း လက်တွေ့ကို ကြုံခဲ့ရတာပါ။ အဲဒီလူအတွက်နဲ့ ကျွန်မ အတော်လေးကို သောကပင်လယ်ဝေလိုက်ရပါသေးတယ်။ နောက်ဆက်တွဲ အမှားတစ်ခုကိုလည်း လုပ်လိုက်မိသေးတယ်။ နောက်တော့လည်း ပြီးခဲ့တာတွေကို ပြန်တွေးပြီး ဆွေးနေရင်လည်း အပိုပါပဲလေလို့ စိတ်ကိုလျှော့ပြီး သင်ခန်းစာတစ်ခုအဖြစ် မှတ်ယူခဲ့ရတာပေါ့ရှင်။ ကျွန်မသာမက ကျွန်မ မိသားစုကိုပါ အနည်းငယ် ဂယက်ရိုက်ခတ်ခဲ့တဲ့ ဒီသောကမျိုးကို နောက်ဘယ်တော့မှ မကြုံစေရအောင် ကျွန်မ ဂရုစိုက်ရတော့မှာပါ။ သြော် ပြီးတော့ ပြောရအုံးမယ် 2008 မှာ ကျွန်မ ပက်ပက်စက်စက်ကို စန်းပွင့်တာနော်.. Online ရော Offline ရော စုံနေတာပဲ။ တစ်ခါမှ မကြုံဖူးဘူး အဲလိုနှစ်ယောက်ပြိုင်တွေ၊ သုံးယောက်ပြိုင်တွေ။ အတွေ့အကြုံရတာပေါ့ရှင် ဟား ဟား။

ဘာပဲ ပြောပြောပါ 2008 ကတော့ ကျွန်မအတွက် အလုပ်အများဆုံး၊ အထူးခြားဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့တာ အမှန်ပါပဲ။ သူငယ်ချင်း မိတ်ဆွေတွေလည်း တိုးပွားခဲ့သလို စစ်မှန်းတဲ့ ချစ်ခြင်းတရားတွေ၊ ခင်မင်ခြင်းတွေကိုလည်း ခံစားသိရှိခဲ့ရပါသေးတယ်။ ခုတော့ 2008 လည်းကုန်တော့မှာမို့ 2009 ကိုလှလှ ပပကြီး ကြိုဆိုဖို့ ကျွန်မ အသင့်ဖြစ်နေပါပြီ။

ကျွန်မ မကြုံရသေးတဲ့ 2009 ဟာ ကျွန်မအတွက်တော့ စိန်ခေါ်မှုတွေနဲ့ ပြည့်နေမှာ အမှန်ပါပဲ။ ကျွန်မရဲ့ ညီမလေးလည်း ဒီနှစ်မှာ First Year စတက်တာမို့ သူ့ကို စောင့်ရှောက်ဖို့ဆိုတဲ့ တာဝန်ကလည်း တစ်ခုပိုလာခဲ့ပါပြီ။ ညီမလေးရဲ့ ကျောင်းစရိတ်ကို ကျွန်မ ထောက်ပံ့ပေးမယ်လို့ အိမ်ကိုလည်း ကတိပေးထားတာကြောင့် အရင်လို ရသလောက်သုံးနေလို့လည်း မဖြစ်တော့ဘူးလေ။ သေချာတာကတော့ ကျွန်မ ညီမလေး ရောက်လာတာကြောင့် 2008 ခုနှစ်မှာတုန်းကလို သွားချင်သလိုသွား၊ လည်ချင်သလိုလည်၊ သုံးချင်သလိုသုံးပြီး ဖလမ်း ဖလမ်းထနေတဲ့ အချိန်မျိုးတွေဟာ 2009 မှာတော့ တော်တော်ကြီးကို နည်းသွားတော့မယ် ဆိုတာပါပဲ။

အားလုံးကို ပျော်ရွှင်စရာ နှစ်သစ်ပါလို့ နုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ 2009 ခုနှစ်မှာ အောင်မြင်မှု သရဖူတွေကို အရယူနိုင်ကြပါစေလို့လည်း တောင်းဆုပြုလိုက်ပါတယ်။

နန်းစကား၊ မန်းစကား၊ မြန်မာစကား

Standard

မြန်မာစကားဟာ တစ်ခြားစကားတွေနဲ့ မတူပဲ ဝေါဟာရအတော်ကြွယ်ဝ လှပါတယ်။ ခေတ်အမျိုးမျိုးမှာလည်း ဘန်းစကားတွေ၊ လမ်းစကားတွေနဲ့ ဝေေ၀ဆာဆာရှိနေခဲ့ပါသေးတယ်။ ကျွန်မတို့ခေတ်မှာတော့ တစ်ချို့စကားတွေဟာ လုံးဝကို ကွယ်ပျောက်နေပြီး တစ်ချို့စကားလုံးတွေကတော့ ကွယ်ပျောက်လုနီးပါး ရှိနေကြပါတယ်။ မြန်မာ့စကား၊ နန်းစကား တွေကို ဆက်လက်ပြောဆိုနေကြတဲ့ မြန်မာလူမျိုးတွေလည်း ဒီနေ့ခေတ်အထိ ရှိတော့ ရှိနေကြပါသေးတယ်။ မြန်မာတို့ရဲ့ နောက်ဆုံးနန်းစိုက်ရာ မန္တလေးမှာဆိုရင် တစ်ချို့စကားတွေကို ဒီနေ့ထက်ထိ သုံးစွဲနေကြတာ တွေ့ရပါသေးတယ်ရှင်။ ဒီစကားတွေဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ မှတ်သားစရာလည်း ကောင်းလှပါတယ်။ ကျွန်မအခု ဖော်ပြမယ့် စကားလုံးတွေဟာ လူထုစိန်ဝင်းရေးသားတဲ့ နန်းစကား၊ မန်းစကား၊ မြန်မာတို့ရဲ့ မြန်မာစကား ဆိုတဲ့ စာအုပ်ထဲက ကောက်နုတ်ဖော်ပြချက်တွေ ဖြစ်ပါတယ်။ ဆရာရေးတဲ့အတိုင်း ကျွန်မပြန်ရေးထားတာ ဖြစ်ပါတယ်။

 

၁။ လှေပြေးကလေး

            ဒီစကားလုံးဟာ ကွယ်ပျောက်လုနီးတောင် မဟုတ်တော့ပါဘူး။ လုံးဝကို ကွယ်ပျောက်သွားပါပြီ။ "တီးတိုင်းမြည်တဲ့ ဗေဟီစည်ကြီးလိုပဲ" ဆိုတဲ့စကားနဲ့ အဓိပ္ပာယ်တူစကားပါ။ ဆရာကြီးရွေဥဒေါင်းက ကျွန်ုပ်မှာ မှတ်ဥာဏ်အတော်ကောင်းသေး၍ ဆရာတော်ပို့ချပေးသော စာများကို အခြားကျောင်းသားကြီးများထက် ရလွယ်သည်ဖြစ်သောကြောင့် ဆရာတော်က လှော်တိုင်းပြေးတဲ့ လှေပြေးကလေး ဟုအမည်မှည့်ကာ ကျောင်းသားကြီးများ၏ မနာလိုခြင်း ခံရလေသည် လို့ ရေးခဲ့ပါတယ်။

 

၂။ တစ်ဖြတ်တည်း

            ပိတ်အုပ်တစ်အုပ်တည်းက အတူတူဖြတ်ထားတဲ့ အ၀တ်စလို တစ်ဆင်တည်း၊ တစ်သွေးတည်း ဖြစ်ကြတာကို ဆိုလိုပါတယ်။ "အသားညိုခြင်း၊ ဆံရစ်ဆံတောက်ထားခြင်း၊ မျက်လုံးအိမ်ကြီးခြင်းမှစ၍ မျက်နှာအဆင်ပြေပုံတို့မှာ တစ်ဖြတ်တည်းဟု ဆိုရမလောက် တူညီလှပေရာ" ဟု ဆရာကြီး ရွှေဥဒေါင်းက သုံးနှုန်းခဲ့ဖူးပါတယ်။

 

၃။ တံပြာ (ဒပြာ)

            ဒီနေ့ခေတ် လူငယ်တွေ သုံးဖို့မဆိုထားနဲ့ ကြားဖူးနားဝတောင် တယ်မရှိရှာတော့ပါဘူး။ "ဒီနွားက တံပြာတို့မှ သွားတဲ့ နွားကွ" ၊ "သူ့နွားကတော့ တံပြာလွတ်ပဲ" ၊ "ကျော်ကောင်းလို့ တံပြာတောင်းသလား" ဆိုတဲ့စကားတွေ အစား ခုခေတ်မှာ ကြိမ်တံတို့ ကြိမ်လုံးတို့ပဲ သုံးလေ့ရှိကြပါတော့တယ်။

 

၎။ ဒိုဘီချ၊ ဒိုဘီဆိုင်

            "အင်္ကျီ ဒိုဘီချ နဲ့ ဘယ်သွားမလို့လဲ" ဆိုတဲ့ စကားမျိုးဟာ လွန်ခဲ့သော နှစ်ပေါင်း 30 လောက်ထိ တွင်တွင်ကျယ်ကျယ် သုံးလေ့ရှိကြပါသေးတယ်။ ရပ်ကွက်တစ်ခုမှာ ဆံပင်ညှပ်ဆိုင် တစ်ဆိုင်နှစ်ဆိုင် ရှိမြဲဖြစ်သလို ဒိုဘီဆိုင်လို့လည်းခေါ်၊ ပင်မင်းဆိုင် လို့လည်းခေါ်တဲ့ ဆိုင်တွေလည်း တစ်ဆိုင်နှစ်ဆိုင်ရှိမြဲပါ။ ခုခေတ်တော့ ရန်ကုန်လို မြို့ကြီးတွေမှာတောင် ဒိုဘီဆိုင်တွေ ကွယ်ပျောက်ကုန်ပြီဆိုတော့ ဒိုဘီချ ဆိုတဲ့အသုံးအနှုန်းလည်း ပျောက်သလောက်ဖြစ်သွားပါပြီ။ အဲဒါအစား "မီးပူတိုက်" ဆိုတဲ့စကားလုံးပဲ သုံးကြပါတော့တယ်။

 

၅၊ အလွမ်းသန္ဓေ

            ဒီစကားလုံးများဟာဆိုရင် ကျွန်ုပ်တို့ ကြားတောင် မကြားဖူးပါဘူး။ ဒေါ်ဒေါ် (လူထုဒေါ်အမာ) ရဲ့စာကိုဖတ်မှပဲ တွေ့ဖူးကြရတာပါ။ "ဘုန်းကြီးပျံနဲ့ ဧယင်ကျူး" ဆိုတဲ့ဆောင်းပါးထဲမှ ဒေါ်ဒေါ်သုံးလိုက်တဲ့ စကားပါ။ စကားလုံးလေးက လှလိုက်၊ ကဗျာဆန်လိုက်တာ။

            ဘုန်းကြီးပျံမှာ ဧယင်ကျူးတဲ့ ဧယင်ချင်းတွေဟာ လှိုက်လှိုက်လှဲလှဲ ကြားရသူအဖို့ ထိထိခိုက်ခိုက် လွမ်းရော့ဆွေးရော့လို့ ငိုတဲ့အငိုမျိုးတော့ မဟုတ်ပါဘူး။ ပျံလွန်တော်မူတဲ့ ဆရာတော်ရဲ့ ဂုဏ်ကျေးဇူးတွေကို ထုတ်ဖော်ချီးကျူး ငိုယိုတာမို့ ကြည်ညိုသဒ္ဓါစိတ်ပဲ ၀င်ကြတယ်။ ဒါကြောင့် လူရွှင်တော်များက ရယ်စရာဝင်ပြီး ပြက်ပေးရင် ဧယင်ကျူးတဲ့ မင်းသမီး မင်းသား အမောပြေအောင် လုပ်ပေးတဲ့ သဘောပဲ ရှိတယ်။ သူတို့ပြက်လုံးဟာ အလွမ်းသန္ဓေကို ဖျက်ရာမရောက်ဘူး။ ပရိတ်သတ်က အခုအဖို့ လို့ပဲ သဘောထားတယ်။ (ရတာနာပုံ မန္တလေး၊ မန္တလေး ၊ ကျွန်မတို့ မန္တလေး) ။

 

 

၆။ ဆ၀ါး

            "နိုင်ငံခြား ဗိသုကာက မန္တလေးရဲ့ အပူဒဏ်ကို မဆ၀ါးမိတော့ သွပ်မိုးတဲ့ အမိုးက နိမ့်ပေမယ့် မျက်နှာကျက်ထည့်မပေးခဲ့တော့ နွေအခါမှာ ပူတဲ့ဒဏ်ကို ဈေးသည်တွေခံရတဲ့ အဖြစ်ပေါ့"

            ဒီခေတ်မှာ မှန်းဆတယ်၊ ချင့်ချိန်တွက်တယ်လို့သာ အပြောလေ့ကြတော့ ဆ၀ါး ဆိုတဲ့အသုံးက ကွယ်သလောက် ရှိသွားပါပြီ။ မြန်မာအဘိဓါန်မှာ ဆ၀ါးကို မှန်းဆချင့်ချိန်သည်၊ ၀ိုးတိုးဝါးတါး သိသည် စသည်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

 

၇။ ဆင်တော်မှားတယ်

            ဒီမှားတယ် ဆိုတဲ့ အသုံးအနှုန်းဟာ "သေတယ်" ဆိုတဲ့ အဓိပ္ပာယ်လည်း ထွက်ရှိတယ်ဆိုတာ သိရရင် ဒီခေတ်ကလေးတွေရဲ့ ပါးစပ်ဖျားက ထစ်ခနဲရှိ "မှားပါတယ် မှားပါတယ်" နဲ့ ပြောနေတာတွေ တန့်သွားမလား မသိပါဘူး။ "ဆင်တော်သေတဲ့အခါ သုံးနှုန်းတဲ့ မြန်မာဝေါဟာရက ဆင်တော်မှားတယ် လို့လည်း သုံးတယ်၊ ကံငြိမ်းတယ် လို့လည်း သုံးတတ်ပါတယ်။

 

၈။ မသောင်သာတဲ့ အခါ

            ဗမာမတွေက ဒါမျိုးဟာ လုပ်ရိုးလုပ်စဉ်လို "ယောင်္ကျား မသောင်သာတဲ့ အခါဆိုပြီး" မိန်းမက ရှာကျွေးကြတာပဲ။ (မန္တလေးသူ၊ မန္တလေးသားများ စာ ၁၀၉)။

            ဒီစကားလုံးကတော့ လုံးဝကို ကွယ်ပျောက်ခဲ့ပါပြီ။ မန္တလေးသား လူငယ်၊ လူလတ်တွေတောင် မသိကြတော့ပါဘူး။ မသောင်သာဆိုတာ မတတ်နိုင်တဲ့အခါ၊ မစွမ်းဆောင်နိုင်တဲ့အခါလို့ ဆိုတာပါ။ မြန်မာအဘိဓါန်ကျမ်းက သောင်သာ.. ကြိုးစားအားထုတ်သည်၊ လုံ့လပြုသည်လို့ အနက်ပေးထားပါတယ်။

 

၉။ ချဉ်ရဲပြေ

            အာသာပြေရုံသဘော၊ ချဉ်ခြင်း အတပ်ပျောက်ရုံသဘော၊ ဖြစ်ကတတ်ဆန်း လုပ်လိုက်ရတာမျိုးကို ပြောတာပါ။ ဒေါ်ဒေါ်ရဲ့ မန္တလေးသူ၊ မန္တလေးသားများ စာအုပ်မှာပဲ "ဒါ့ကြောင့် အစစ်ကမူ သူဌေးများအတွက်၊ အတုကလေးတွေက ဆင်းရဲသားများအတွက် ချဉ်ရဲပြေ ၀တ်ဆင်ရန်အတွက် ဖြစ်လာရတာပေါ့" လို့ ရေးထားပါသေးတယ်။

 

၁၀။ ဆင်ပွဲပ၀ါပျောက်သလို

            မထူးဆန်းတော့တဲ့ ဖြစ်ရိုးဖြစ်စဉ်၊ ဖြစ်ရပ်မျိုးကိုပြောတဲ့ အသုံးပါ။ ဒါနဲ့ပတ်သက်လို့ လူထုဒေါ်အမာက "ဆင်ပွဲ ပ၀ါပျောက်သလို" ဆိုတဲ့ စကားပုံ တစ်ခုဟာ အဲဒီဆင်ပွဲက ဖြစ်ပေါ်လာတာပါ။ ဆင်နဲ့လူ ကစားကြရာမှာ လူက အသက်ဘေးက သီသီကလေး လွတ်အောင်တိမ်းရှောင်လိုက်နိုင်ရင် ပွဲကြည့်သူတွေ သဘောကျလွန်းလို့ ခေါင်းကပ၀ါကို ချွတ်ပြီး မြှောက်ကြ၊ ဟစ်ကြ၊ ကြွေးကြ သြဘာပေးကြသတဲ့။ ပ၀ါချွတ်မြှောက်တဲ့အခါ ဆင်ကျုံးပေါ်က မြှောက်တာဆိုတော့ ကိုယ့်ပ၀ါကိုယ် ပြန်ဖမ်းမိချင်မှ မိတာကိုး။ ကျုံးထဲ ကျချင်လည်း ကျသွားတာပဲ။ တစ်ချို့ကတော့ ဆင်သမားကို သဘောကျလွန်းလို့ ခေါင်းကပုဝါကိုချွတ်ပြီး ဆင်သမားကို ပေါက်ထည့်လိုက်ကြတယ်။

            ဒါကြောင့် ဆင်ပွဲအပြန်ဆိုရင် ခေါင်းပေါ်မှာ ပုဝါပါပြီး ပြန်လာတဲ့သူက အနည်းသား။ လူချည်းပြန်လာခဲ့ကြတာများတယ်။ ဒီတော့ အိမ်ကလူတွေက "မင်း ခေါင်းက ပုဝါရော " လို့မေးရင် "သိကြသားမို့လား ကျုပ်လည်း ပ၀ါပျောက်ခဲ့ပြီလို့" ဖြေတတ်သတဲ့။ ဒါကြောင့် ဖြစ်ရိုးဖြစ်စဉ် သူသူငါငါ ဖြစ်နေကျ ကိစ္စမျိုးနဲ့ ကြုံတဲ့အခါ ဆင်ပွဲပ၀ါ ပျောက်သလိုလို့ ပုံခိုင်းပြောကြပါတယ်တဲ့"/

 

ခုတော့ ဒီလောက်ပါပဲရှင်။ နောက်လည်း အလျင်းသင့်သလို ရေးသားပါအုံးမယ်။

ကျွန်မနှင့် လတ်တလော ကိစ္စများ

Standard

စာမေးပွဲလည်းပြီးပြီ၊ အလုပ်တွေလည်း တော်တော်များများ ဖြတ်ပြီးသွားပြီ ဆိုတော့ စိတ်ကတော်တော်လေးကို ပေါ့သွားတယ်။ ဒီကြားထဲ အလုပ်ကိစ္စနဲ့ ဆိုပေမယ့် ခရီးထွက်လိုက်ရသေးတော့ လန်းလန်းဆန်းဆန်းလည်း ဖြစ်လာတယ်။ ခရီးထွက်ရတာ တော်တော်လေးကို မိုက်တာပဲ။ ကျွန်မ နောက်ထပ်လည်း ခရီးတွေ အများကြီး သွားချင်သေးတယ်။ ပုဂံ၊ စစ်ကိုင်း၊ ပုပ္ပါး၊ အင်းဘေးဘက်တွေ၊ ကလောဘက်တွေ အချိန်လည်းရှိ၊ ပိုက်ဆံလည်းရှိရင် သွားအုံးမယ်။ ရှမ်းပြည်ဘက်တွေ မရောက်ဘူးသေးဘူး။ မသွားခင်တော့ အွန်လိုင်းကနေ သူငယ်ချင်းတွေ ရှာသွားရမယ်။ ဒါမှ အားကိုးရှိမှာ မဟုတ်လားရှင့်။

ကျွန်မက သူငယ်ချင်းတွေကို သိပ်ချစ်တတ်တယ်။ ကိုယ်က ချစ်သလောက် ခင်သလောက် ကိုယ့်ကို ပြန်မခင်တဲ့အခါလည်း မပြောပြတတ်အောင် ခံစားရတယ်။ ကိုယ်က သူတို့တွေကို သတ်ရနေတဲ့အခါ ငါ့ကိုများ သူတို့တွေ သတိရနေလေမလား၊ ငါတစ်ယောက်ထဲ ဒီလိုဖြစ်နေတာ တရားရဲ့လားလို့ ပြန်ပြန်တွေးမိတတ်တယ်။ ခုတစ်လော အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်ကို တော်တော်လေးကို လွမ်းမိတယ်။ သူနဲ့မတွေ့တာ စကားမပြောဖြစ်တာ ကြာရောပေါ့။ ဂျီတော့ပေါ်မှာ ဆိုပေမယ့် တော်တော်ကြီးကို ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေပေါ့။ အရင်တုန်းက ကိုယ့်အကြောင်းတွေ သူ့ကိုအကုန်ပြော၊ သူ့အကြောင်းတွေကိုလည်း ကိုယ်ကနားထောင်ပေးရင်း ပျော်စရာ အချိန် တော်တော်များများကို ဖြတ်သန်းခဲ့ဖူးတယ်။ အခု ကိုယ်လည်းအလုပ်များ၊ သူလည်း အလုပ်များရင်း မအားကြတော့တဲ့ အချိန်လေးတွေမှာ သူနဲ့ အရင်တုန်းကလို ပေါက်ကရလေးဆယ် ထိုင်ပြောချင်ခဲ့ဖူးတာလေးတွေကို ပြန်တွေးရင်း ကျွန်မ လွမ်းတစ်သသဖြစ်နေမိသေးတယ်။ အဲဒီ သူငယ်ချင်းနဲ့ ပတ်သက်လို့ ကျွန်မ ဘယ်လောက်ထိ ဖြစ်ဖူးလဲ ဆိုရင် ကျွန်မမဟုတ်တဲ့ တစ်ခြားသူတွေနဲ့ သူ စကားပြောနေရင် အလိုလိုငိုချင်လာတယ်၊ သူ ကျွန်မကို လျှိုထားတာ တစ်ခုခုကိုများ ကျွန်မ မတော်တဆ သိသွားပြန်ရင်လည်း သူ ငါ့ကို မပြောရလေခြင်း ဆိုပြီး အဲဒီနေ့ဟာ ကျွန်မအတွက် ကမ္ဘာပျက်တဲ့ နေ့လိုပါပဲ။ အခုလည်း သူ ကျွန်မကို မပြောချင်တဲ့ အရာတစ်ခုကို ကျွန်မ သိနေသလိုလို ခံစားနေရတယ်။ ကျွန်မရင်ထဲ ဘယ်လိုမှ နေလို့ မကောင်းဘူး။

ကျွန်မ ဒီအသက် ဒီအရွယ်ထိ အရက်ဆိုတာကို မသောက်ဖူး၊ မမူးဖူးပါဘူး။ ဟိုနေ့က မန္တလေးရောက်နေတုန်း မလုပ်ဖူးတာလေးတွေ တော်တော်လေး လုပ်လိုက်မိတယ်။ အဖော်ကလည်း ကောင်းတာကိုးရှင့်။ အဲဒီနေ့က ရတနာပုံကနေ ပြန်ရောက်လို့ သူငယ်ချင်းတွေနဲ့ ညစာ စားနေတုန်း နောက် သူငယ်ချင်း ကောင်လေးတစ်ယောက် ပုလင်းလေးကိုင်ပြီးရောက်လာရော။ ဟေ့ကောင်တွေ တက်ကီးလား ပါတယ် တက်ကီလား တဲ့။ ဟိုကောင်တွေကတော့ ဟာ မိုက်တယ် လုပ်ကွာ၊ ချမယ်လို့ ပြောနေပေမယ့် ကျွန်မကတော့ ကလယ် ကလယ်နဲ့ ဘာတုန်း တက်ကီးလား ဆိုပြီးမေးနေလို့တောင် သူတို့ကပြန်ပြောကြသေးတယ် “Pre လေး ပါလာတယ်ကွ.. သင်ပေးလိုက်ရအောင်တဲ့”။ အဲလိုနဲ့ သူတို့တွေ မြှောက်ပေးလို့ ပထမ တစ်ခွက်ကို လျှာမထိ၊ မာအထိ ဂွပ် ခနဲ မော့ချလိုက်တာ.. Oh My God! အက်ဆစ်တွေများ ၀င်သွားသလော အောက်မေ့ရတယ်။ လည်ချောင်းတွေရော၊ ရင်ဘတ်တွေရော ပူခြစ်နေတာပဲ။ တော်ပါပြီ တော်ပါပြီလို့ ပြောနေတုန်း ရှိသေး ” ထက် နင်နောက်တစ်ခွက်ဆို အေးဆေးဖြစ်သွားပြီ.. မမူးဘူး ချလိုက်” လည်းဆိုရော အပူသက်သာမယ် ထင်လို့ ထပ်မော့လိုက်တာပေါ့။ နှစ်ခွက်လည်း ၀င်သွားရော လူက မရတော့ဘူး။ လည်ထွက်လာရော။ ကျွန်မနဲ့အတူ မိန်းကလေး 3 ယောက်၊ ယောင်္ကျားလေး 4 ယောက် ပါပါသေးတယ်။ သူတို့တွေကျတော့လည်း အေးဆေးပဲ။ ကောင်းနေလိုက်တာ။ ကျွန်မမှာသာ မူးတာကြီးကို ဘယ်လိုမှ မခံနိုင်တော့တဲ့ အဆုံး တစ်အိအိနဲ့ ငိုချလိုက်တာ မြှောက်ပေးတဲ့ ကောင်လေးခမျာ တော်ပါပြီ နောက်တစ်ခါဆို နင့်ကို ဘာဆို ဘာမှ မတိုက်တော့ပါဘူး တောင်ဖြစ်သွားတယ်။ ကျွန်မနဲ့ အမှတ်တရ တက်ကီးလား ညနေခင်း ပေါ့ရှင်။

ဂျီတော့ ဆိုတာ ကျွန်မအတွက်တော့ ဆက်သွယ်ရလွယ်ကူစေဖို့ကလွဲရင် အလွဲသုံးစား မလုပ်မိတဲ့ ပစ္စည်းလေးပါ။ ဂျီတော့ကို ဖွင့်ထားပေမယ့် တစ်ခါတစ်လေဆို စကားတစ်လုံးတောင် မပြောဖြစ်တာတွေလည်း ရှိတယ်။ တစ်ခါတစ်လေများမှာတော့လည်း ဂျီတော့ပေါ်မှာပဲ အချိန်ကုန်သွားတာရှိတယ်။ သူငယ်ချင်း အပေါင်းအသင်းလား.. အင်း အတန် အသင့်တော့များပါတယ်။ များလွန်းလို့ selection တွေပဲရွေးပြီး အကောင့်တစ်ခုထဲ သပ်သပ်ထည့်ထားရတယ်။ မဟုတ်ရင် တောင်ပြော မြောက်ပြောနဲ့ တော်တော်အချိန်ကုန်တယ်။ အဲဒါကို ဘာမှန်းမသိဘူး တစ်ချို့တစ်လေတွေများ ” ဟဲ့ နင်ဘယ်သူနဲ့ ကျူနေတာလဲ.. ဘာလုပ်နေလဲ…. ပျင်းလိုက်တာဟာ.. အာလူးဖုတ်ရအောင်” ဘာတွေ ဘာတွေ မှန်းကို မသိဘူး။ ကျွန်မအနေနဲ့ အလာပ သလာပ လည်းပြောတာ မှန်ပါတယ်။ တစ်ချို့တွေကျတော့လည်း အလိုက်ကို မသိဘူး ပြောချင်တာတွေ စွတ်ကို ပြောတော့တာ။ ကျွန်မက အလုပ်ကလည်း ခပ်များများရယ်။ တစ်ခါ တစ်လေ တစ်ယောက်နဲ့ စကားပြောနေရင်း အလုပ်ကြောင့် ဟိုထသွား ဒီထသွားနဲ့ ကွန်ပျူတာရှေ့ မရှိတာမျိုးလည်း ဖြစ်တတ်တယ်.. ဟာ… ဘာမှန်းကို မသိဘူး.. မာနကြီးတယ်တို့၊ စကားမပြောချင်ဘူးလားတို့၊ ကိုယ့်ဟာကိုယ် ဘာထင်နေလဲ တို့.. လာလာပြောကြတာက ရှိသေးတယ်။ “ဟဲ့ သေနေပြီလား” ဆိုတာမျိုးကလည်း ပါသေးတယ်။ နားလည်တဲ့ သူငယ်ချင်းတွေ ရှိတယ်။ နားမလည်တဲ့ သူတွေလည်းရှိတယ်။ အလုပ်များနေလို့ပါဟယ် ပြောပြန်တော့လည်း… ငါတို့ကို မပြောချင်လို့ မဟုတ်လား ဘာ ညာ ပြောကြသေးတယ်။ စတာနောက်တာကို နားလည်တယ်။ ကိုယ်တောင် တစ်ခါ တစ်ခါ အလုပ်အင်မတန်များတဲ့ လူတွေကို လျှောက်ရစ်နေတာ မျိုးတွေရှိတယ်။ ဒါပေမယ့် တစ်ခါ တစ်လေကျတော့လည်း ဘာမှန်းကို မသိပါဘူး။ ရှင်းပြဖို့ ခက်တယ်။ ကိုယ်ရေး ကိုယ်တာတွေကို အရမ်းမခင်ရင် မပြောပြတတ်ဘူး။ တစ်ခါ တစ်လေ ဂျီတော့ပေါ်မှာလည်း ဘာတွေမှန်းကို မသိဘူး.. ရှုပ်တယ်။

မိန်းကလေးတွေက အချစ်နဲ့ ပတ်သက်လာရင် ယောင်္ကျားလေးတွေထက် ပိုခံစားတတ်ကြသလား.. ပိုပြီးရူးမိုက်တတ်ကြသလား။ ဒါကို ကျွန်မ သေချာမသိဘူး.. သေချာလည်း မပြောတတ်ဘူး။ ဒါပေမယ့် ကျွန်မတွေ့ဖူးတဲ့ မိန်းမ တော်တော်များများကတော့ တစ်အားကို ချစ်တတ်တဲ့ သူတွေပဲ။ သူတို့ကောင်လေးတွေနဲ့ ပတ်သက်လာရင် ၀ုန်းဒိုင်းတွေကျဲ၊ အဖြေတစ်ခုကို မရ ရအောင်ရှာ၊ သူတို့ကို မချစ်တော့မှာကို စိုးရိမ်နေကြရနဲ့ ဗျာများနေကြတာကို တွေ့မိခဲ့ဖူးရဲ့။ ကောင်လေးတွေကျတော့ မိန်းကလေးတွေကို ပစိပစ များတယ်လို့ ထင်တတ်ကြတယ်။ တစ်ကယ်က သူတို့တွေ နားလည်မှု လွဲနေတာ.. မိန်းကလေးတွေက စိုးရိမ်မှုတွေ အားကြီးတတ်လို့၊ ဂရုစိုက်မှု၊ ဦးစားပေးမှုကို လိုချင်တတ်ကြလို့ အဲလိုတွေ ဖြစ်နေကြရတာ။ ကောင်လေးတွေ၊ (ယောင်္ကျားတွေပေါ့) ကျွန်မတို့ မိန်းကလေးတွေကို နားလည်ဖို့ တော်တော်လိုအပ်တယ်။ အဲ.. သူတို့တွေ စိတ်ညစ်ကြမှာစိုးလို့ ဘာမှမပြောဘဲ ငြိမ်နေတဲ့ မိန်းကလေးတွေကို ကျပြန်တော့လည်း မခံစားတတ်တဲ့ သူတွေလို့ ထင်တတ်ကြပြန်တယ်။ အချစ်နဲ့ ပတ်သက်လာရင် အသက် အရွယ်တိုင်း မှားတတ်ကြတာပါပဲ။ သေချာတာကတော့ လူနှစ်ယောက်ချစ်ကြတာဟာ ချစ်နေရုံနဲ့ ပြီးတဲ့ကိစ္စမဟုတ်ဘူး။ နားလည်မှုနဲ့ ယုံကြည်မှုဆိုတာ အရမ်းကို လိုအပ်တယ်။ ဘာမှ သွေးမတော် သားမစပ်ပဲ ချစ်ကြတဲ့ ဆန့်ကျင်ဘက်နှစ်ယောက်ဟာ နားလည်မှုတွေ၊ အပြန်မလှန် လေးစားမှုတွေ၊ ယုံကြည်မှုတွေ ရှိမှသာ ရှေ့ခရီးက ဖြောင့်ဖြူးမှာပေါ့ရှင်။ ခုတစ်လော Men are from Mars, Women are from Venus ဆိုတဲ့ စာအုပ်ကလေးကို ဖတ်မိနေတယ်။ အချိန်ရရင် ကျွန်မဘလောဂ့်မှာ တင်ပေးချင်သေးတယ်။

ဘာရယ် ညာရယ်တော့ မဟုတ်ပါဘူး.. လတ်လောမှာ ဖြစ်ပျက်ခဲ့တာလေးတွေ၊ ဖြစ်နေတာလေးတွေကို ချရေးကြည့်တာ။ လာဖတ်ကြတာကို ကျေးဇူးတင်ပါတယ်ရှင့်။

Memorable May Myo!

Standard
ရတနာပုံပွဲပြီးတော့ နောက်နေ့ကို သူငယ်ချင်းတွေနဲ့ မေမြို့တက်ဖြစ်တယ်။ မေမြို့က မပြောင်းလဲဘဲ လှဆဲပါပဲ။ 2005 ခုနှစ်လောက်က ရောက်ဖူးခဲ့တဲ့ မေမြို့မှာ ခုချိန်မှာလည်း ဘာမှကို မပြောင်းလဲသေးပါဘူး။ကျွန်မတို့သွားတဲ့ အချိန်မှာတော့ အမျိုးသားကန်တော်ကြီး ဥယျဉ်က ပန်းပွဲတော် ပြီးခါစ အချိန်မို့ အလှဆင်ပန်းတွေ၊ သဘာဝ ပန်းတွေနဲ့ တော်တော်ကြီးကို လှနေပါတယ်။ အချိန်ကလည်း သိပ်မရတော့ ကျွန်မတို့တွေ ကန်တော်ကြီးရယ်၊ မဟာအံထူးကံသာ ဘုရားကြီးရယ်၊ ပွဲကောက် ရေတံခွန်ရယ်ကိုပဲ နည်းနည်းပါးပါးလည်ပြီး ပြန်ခဲ့ကြပါတယ်။ ဈေးဝယ်တာတောင် အချန် 15 မိနစ်ပဲပေးလိုက် ဖုတ်ပူမီးတိုက် ၀ယ်ခဲ့ရတယ်။ အဖေအတွက်ရယ်၊ အဘွားအတွက်ရယ်၊ ညီမလေးအတွက်ရယ်၊ အဒေါ်အတွက်ရယ်၊ နောက်တစ်ယောက် အတွက်ရယ်။ ကိုယ့်အတွက်တောင် ဘာမှ မရလိုက်ဘူး…. စိတ်နာတယ်။ အဲဒါနဲ့ ညနေရန်ကုန်ပြန်ဖို့ ကားအချိန်မမီမှာ စိုးလို့ စောစောပဲ ပြန်ဆင်းလာခဲ့တယ်။ မေမြို့ဟာ သဘာဝ အလှတာရားတွေနဲ့ မပြောင်းမလဲ လှနေတုန်းပါပဲရှင်။

မဟာအံ့ထူးကံသာ ဘုရားကြီး

Photobucket

ကန်တော်ကြီးထဲမှာ

Photobucket

လှတယ်နော်.. အနောက်က ရှုခင်းလေ…

Photobucket

အနောက်က ၀က်ဝံရုပ်က ပန်းတွေနဲ့ လုပ်ထားတာလေ။ တော်တော်မိုက်တယ်

Photobucket

အနောက်က Air Bagan လေယဉ်ကြီးကိုလဲ ပန်းတွေနဲ့ လုပ်ထားတာပဲ

Photobucket

လောလောဆယ်တော့ ပုံတွေ ဒီလောက်ပဲ ရှိသေးတယ်။ ဟို မောင်လေး DJ Wine ဆီက ပုံတွေထပ်ရောက်လာမှ ရေတံခွန်က ပုံတွေ တင်ပေးအုံးမယ်။ ဘလောဂ့်ရောက်လာ မိတ်သဟာတွေကို အမြင်နဲ့ နှိပ်စက်ရတာပေါ့ရှင်။

Yatanarpon Teleport

Standard

Photobucket

Blog ပေါ်မှာ ကြေငြာထားတဲ့အတိုင်းပါပဲ.. ကျွန်မအခု ရတနာပုံ တယ်လီပို့ ဆိုတာကိုရောက်နေပါတယ်။ မန္တလေး-ပြင်ဦးလွင် လမ်းပေါ်မှာ ရှိတဲ့ ပြင်စာဆိုတဲ့ ရွာကလေးမှာ တည်ဆောက်ထားတဲ့ ဆိုက်ဘာစီတီး (ခေါ်) အဆောက်အဦးတစ်ခုပါ။ အင်တာနက်ရလို့ ဆိုက်ဘာစီတီးလို့ ခေါ်တာနေမှာပေါ့နော်။ အဲဒီနေရာမှာ ဒီဇင်ဘာလ 12 ရက်နေ့ကနေ 16 ရက်နေ့ထိ The 7th Myanmar ICT Week ကို ကျင်းပနေပါတယ်။ ကျွန်မ ကြိုတင်ရေးသားထားသလိုပဲ ဖျော်ဖြေရေး အစီအစဉ်တွေ၊ Seminar တွေ၊ CEO Interview တွေနဲ့ စည်စည်ကားကားကို ကျင်းပနေတာပါ။ စည်စည်ကားကားဆိုတာက မနှစ်ကထက်စာရင် လူနည်းနည်းပိုလာတာကို ဆိုလိုတာပါ။ မနှစ်တုန်းကတော့ စစချင်းလုပ်တဲ့ နှစ်လည်းဖြစ်တယ်၊ သွားလာရေးကလည်း ခက်ခဲတယ်၊ အိုင်တီပစ္စည်းတွေ၊ အိုင်တီ Knowledge တွေလည်း ဒီနှစ်လောက် ခေတ်မစားသေးတော့ လူတွေ အလာကျဲကြတာ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ အိုင်စီတီ ရက်သတ္တပတ် ကျင်းပနေတယ်ပေါ့လေ။

ကျွန်မလည်း အဲကို ကုမ္ပဏီနဲ့ပါသွားတော့ ရောက်သွားတာပေါ့.. (လာမှတော့ ရောက်မှာပေါ့နော်)။ ကျွန်မတစ်ခု တွေးမိတာက ဘာကြောင့်များ ဒီလိုနေရာမှာ အင်မတန်မှ တန်ဘိုးကြီးလှတဲ့ အဆောက်အဦးကြီးကိုဆောက်ပြီး ဆိုက်ဘာစီးတီး လုပ်ချင်နေရသလဲဆိုတာပါပဲ။ ကျွန်မ ဥာဏ်မမီတော့ မစဉ်းစားတတ်ဘူးပေါ့နော်။ တည်ဆောက်ထားသူများကတော့ ရည်ရွယ်ချက် ခိုင်ခိုင်မာမာ ရှိချင် ရှိမှာပေါ့ရှင်။ သွားလာရေးကလည်း ခက်ခဲပါတယ်။ မန္တလေးကနေ ပြင်ဦးလွင်ကို သွားတဲ့လိုင်းကားတွေကို စီးသွားရပါတယ်။ လိုင်းကားခကတော့ တစ်ယောက်ကို တစ်ထောင်ကျပ် ပေးရပါတယ်။ ကျွန်မတို့ကတော့ ဆက်သွယ်ရေးက လွှတ်ပေးတဲ့ ဖယ်ရီကို စီးပြီးသွားရပါတယ်။ နောက်တစ်ခုက အစားအသောက် အဆင်မပြေပါဘူး။ ဈေးကြီးတဲ့အပြင် အစားအစာလည်း ရှားပါတယ်။ အရသာရှိရှိလည်း မစားရဘူးပေါ့ရှင်။ ကော်ဖီတစ်ခွက်ကိုတောင် 800 လောက်ပေးသောက်ရတယ်ဆိုတော့ နည်းနည်းတွေးကြည့်ကြပေါ့နော်။ နောက်ပြီး ဒီအဆောက်အဦးကြီးကို တစ်နှစ်တစ်ခါ ပွဲလုပ်ဖို့အတွက်ပဲ ဆောက်ထားတာဆိုရင်တော့ မနိပ်ပါဘူး။ နောက်အနာဂတ်ကိုတော့ စောင့်ကြည့်ရမှာပေါ့လေ။ အဲဒီမှာ အင်တာနက် သုံးရတာ တော်တော်ကောင်းပါတယ်။ Wireless ကော၊ ၀ိုင်ယာကြိုးနဲ့ကော မြန်ပါတယ်။ သင်တန်းတွေသာ ဖွင့်မယ်ဆိုရင် ရှယ်ပါပဲ။ ဒါပေမယ့် တောင်ပေါ်ကြီးကို တစ်ကူတစ်က ဘယ်သူက လာတက်မှာလဲနော်။

ဒီနှစ်လာရောက်ပြသကြတဲ့ Software, Hardware, Telecom ကုမ္ပဏီများတော့ မနှစ်ကထက်စာရင် ရောင်းကောင်းကြတယ်လို့ သိရပါတယ်ရှင်။ ရောင်းအကောင်းဆုံးကတော့ Hand Set တွေပါပဲ။ FEC 10 တန်၊ 20 တန် sim card တွေကိုဝယ်ပြီး ချက်ချင်းဖုန်းပြောနိုင်ဖို့ Hand Set တန်းဝယ်ကြတာဆိုတော့ တော်တော်ရောင်းကောင်းပါတယ်။ အဲဒီကတ်တွေလည်း ခဏသာ ဟန်ရေးပြလို့ရမယ် အမြဲတမ်းသာ သုံးရမယ်ဆိုရင်တော့ ဖုန်းနံပါတ်လည်း ခဏ ခဏ ပြောင်းရ၊ ပိုက်ဆဲလည်း ခဏ ခဏ ကုန်ရနဲ့ အဆင်မပြေပါဘူးရှင်။ ကျွန်မက မ၀ယ်ပါဘူး.. ဘယ်.. ချစ်သူကို ဖုန်းနံပါတ် ခဏ ခဏ မှတ်ခိုင်းလို့ ဘယ်ဖြစ်မလဲရှင့်။ FEC 10 တန်ကတ်ကတော့ Expiry 2 ပတ်ဖြစ်ပြီး တောက်လျှောက်ပြောမယ်ဆိုရင် အ၀င် သုံးနာရီကြာကြာ ပြောရမှာဖြစ်ပြီး၊ ကိုယ်ကခေါ်ဆိုရင်တော့ နာရီဝက်လောက်ပဲ ပြောတာနဲ့ သက်တမ်းကုန်သွားမှာပါ။ တစ်ခြား laptop တွေလည်း အရောင်းမဆိုးဘူးလို့ သိရပါတယ်ရှင်။

ရတနာပုံမှာ ချမ်းမယ်ထင်ပြီး ၀တ်ဖို့အနွေးထည်တွေ ထည့်လာလိုက်တာ အိတ်လေးတာပဲ အဖတ်တင်ပါတယ်။ မချမ်းတဲ့ အပြင် အလုပ်များပြီး လူများတော့ ပူလို့တောင် နေပါသေးတယ်။ ပဲ မများခဲ့ရဘူးပေါ့ရှင်။ ဘာပဲ ပြောပြော ရတနာပုံဆိုက်ဘာစီးတီးဆိုပြီး သေချာလုပ်နိုင်မယ်ဆိုရင်တော့ တော်တော်ကောင်းပါတယ်။ မဟုတ်ရင် လူသူအရောက်အပေါက်နည်းတဲ့ လွင်တီးခေါင်ပြင်မှာ ဒါကြီးကို တည်ဆောက်ထားတာဟာ နှမြောစရာတော့ ဖြစ်လို့နေသားလားရှင်။

Photobucket

Photobucket

ICT Week at Yatanar Teleport

Standard
ရတာနာပုံ တယ်လီပို့မှာ ဒီဇင်ဘာ 12 ရက်နေ့ကနေ 16 ရက်နေ့ထိ အိုင်စီတီ ရက်သတ္တပတ်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးနေပါပြီ။ ဖျော်ဖြေရေးအစီအစဉ်များ၊ နောက်ဆုံးပေါ် နည်းပညာများကို မြန်မာနိုင်ငံမှာ ရှိတဲ့ အိုင်တီကုမ္ပဏီပေါင်းများစွာက လာရောက်ပြသ ရောင်းချပေးနေကြပါတယ်ရှင်။ ကျွန်မကတော့ ဒီဘလောဂ့်မှာ ဒါတွေကို ရေးတော့မှာ မဟုတ်ပါဘူး။ ကျွန်မတို့ ကုမ္ပဏီကနေ လုပ်ထားပြီး နေ့တိုင်း update လုပ်နေမယ့် Myanmar ICT Week Website မှာ ပြပွဲသတင်းကို လာရောက်ကြည့်ရှုကြဖို့ ပြည်တွင်း ပြည်ပမှ သူငယ်ချင်းများကို အသိပေးအပ်ပါတယ်ရှင်။

အမုန်းကိစ္စ ဒဿမများ…..

Standard

ဘလောဂ့်ရောက်မဆိုက် (ခရီးရောက်မဆိုက်လို ပြောကြည့်တာ). ကိုရန်အောင်က တက်ဂ်လုပ်လိုက်ပြန်ပါပြီ။ အော်သွားသေးတယ် အားအောင် လုပ်ပြီး ရေးနော်တဲ့..။ တနင်္လာနေ့ကို ပြင်ဦးလွင်က ရတနာပုံ ပွဲကိုသွားရတော့မှာ.. 18 ရက်နေ့မှ ရန်ကုန်ကို ပြန်ရောက်မှာဆိုတော့ ဒီကြားထဲ.. အားအောင်လုပ်ပြီး ရေးလိုက်ပါတယ် ကိုရန်အောင်ရေ..။

ကျွန်မစာမေးပွဲခွင့် မသွားခင်ကတည်းက အမုန်းဆုံး 10 ချက်ကို ဘလောဂ့်ဂါတွေ တဂ်နေကြ ရေးနေကြတာကို တွေ့ရပါတယ်။ ကျွန်မအလှည့်ကတော့ ခုမှရောက်တာပေါ့လေ။ ကျွန်မလည်း သူများတွေ ဘာရေးထားသလဲဆိုတာ ဖတ်နိုင်သလောက်တော့ သွားဖတ်ကြည့်ပါသေးတယ်။ တစ်ချို့တွေကျတော့လည်း မုန်းတာကို ရေးသလိုလိုနဲ့ ကိုယ့်ဂုဏ်ကိုယ် ဖော်နေကြသလိုပဲ (ကျွန်မထင်တာနော်.. အတည်မပြောဘူး)။ ကဲ.. ကျွန်မရော ကိုယ့်ကိုကိုယ် ဘယ်လိုအချက်တွေကို မုန်းမိပါလိမ့်လို့ သေချာပြန်တွေးရသေးတယ်။ အပြစ်ရှာရတာ တော်တော်တော့ ခက်သားလားရှင်။ ကဲ လာပါပြီ.. မုန်းဖို့အကြောင်း တစ်စေ့တစ်စောင်း….

  1. တစ်ခါတစ်လေ ဘာကိုဘ၀င်မကျဖြစ်လို့ ဖြစ်နေမှန်း မသိတဲ့ စိတ်ကိုမုန်းတယ်။ (တစ်ကယ်ပြောတာ ဘာဖြစ်နေမှန်းကို မသိဘူး တစ်ခါတစ်ခါ။ လူတွေကို ဒေါသတွေလျှောက်ထွက်၊ စိတ်တွေတို၊ အလိုလိုနေရင်း သူများတွေကို လိုက်အပြစ်ရှာနဲ့ တော်တော်ကိုဆိုးတဲ့ ပင့်ဂိုလ်းပါရှင်။
  2. စိတ်အခန့်မသင့်ရင် မသင့်သလို ပက်ခနဲ ပြန်ပြန်ပြောတတ်တာကိုလည်း မုန်းမိတယ်။ အပြင်မှာကော၊ ဂျီတော့ပေါ်မှာကော အဲလိုပဲ။ အလုပ်ထဲမှာ စိတ်မကြည်ဖြစ်နေတဲ့အချိန်နဲ့ လာစကြတဲ့သူတွေနဲ့များ တိုးလို့ကတော့ ဘုကို ပြန်ပြန်တောတာ.. ဒါနဲ့ ပင့်ဂိုလ်းက စွာတယ်ဖြစ်သွားရော။ တစ်ကယ်က မစွာရပါရှင်။ အရမ်းသဘောကောင်းတာ မယုံရင် တွေ့ဖူး ပေါင်းဖူးတဲ့သူတွေကို မေးကြည့်။
  3. တစ်ခါတစ်လေ ကိုယ့်ကိစ္စကလွဲရင် ဘယ်သူ့ကိစ္စမှ အရေးမကြီးဘူးလို့ ထင်နေတတ်တာလည်း မကောင်းတဲ့ အကျင့်ပဲ။ ဒါကိုလည်း ဖျောက်ရမယ်။ ဒါပေမယ့် ဖြစ်ခဲပါတယ်။ တော်တော်ကြီးကို ဖြစ်ခဲတယ် ဒါမျိုးက။ ကျွန်မက လူတွေကို ကူညီတတ်ပါတယ်ရှင့်။
  4. နဂိုအားငယ်တတ်တဲ့စိတ်နဲ့၊ တော်တော်ကြီးကို စိုးရိမ်တတ်တဲ့ အဖြစ်ကို မျက်နှာထား တင်းတင်းနဲ့ ဟန်ဆောင်ဖုံးကွယ်တတ်တဲ့ ကိုယ့်ကိုကိုယ်လည်း မုန်းတယ်။ ဒါကြောင့်လည်း ရွှေထက်ဆိုတာ တော်တော်အကြောတင်းပြီး ကြီးကျယ်တဲ့ မိန်းမလို့ အပြောခံရတာလေ .. ဟား ဟား လို့တောင် ရီလိုက်ချင်သေးတယ်။
  5. ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲနေတတ်တာကိုလည်း မုန်းတာပဲ။ ဘယ်ကိစ္စမဆို ငါ လုပ်ရင် ဖြစ်တယ်ဆိုတဲ့စိတ်က လူကိုတော်တော်လေးကို ပင်ပန်းစေတယ်။
  6. အလုပ်တွေကို ဘယ်တော့မှ သေသေသပ်သပ်နဲ့ ပြီးအောင် မလုပ်ဘူး။ ပြီးတော့ ပြီးသွားတယ်.. အစဖွာတယ်။ ဒါကိုလည်း တစ်ဖြည်းဖြည်းတော့ ပြင်နေပါတယ်။ ခုတောင် နည်းနည်းတိုးတက်လာပြီ :)
  7. တစ်ချို့ကိစ္စတွေကို တော်တော်ခံစားတတ်တာကို မုန်းတယ်။ နေမကောင်းတွေ ဘာတွေ ဖြစ်တဲ့အထိကို ပက်ပက်စက်စက် ခံစားတတ်တာ။ ထိ ခိုက် ရှ လွယ်သူရယ်ပါ… (အောင် မြတ် လေး လို့တော့ မအော်လိုက်ကြပါနဲ့)။ ဒါပေမယ့် တစ်ချို့ကိစ္စများကိုကျတော့လည်း အသဲနှလုံး မရှိသလိုပဲ တုပ်တုပ်မှကို မလှုပ်တာ။ စိတ်က မမှန်ဘူးလေ..။
  8. တစ်ခါတစ်ခါ လုပ်ရမယ်၊ လုပ်မှဖြစ်မယ်ဆိုတာကို သိနေရက်နဲ့ မလုပ်ပဲ ပေနေတာ။ ပင့်ဂိုလ်းလည်း မိန်းကလေးပေမယ့် တော်တော်ပေတဲ့ အထဲမှာ ပါတာနော်။ မယုံမရှိနဲ့ :)..
  9. လူတွေကို ယုံလွယ်တတ်တဲ့ အကျင့်၊ သနားတတ်တဲ့ အကျင့်ကလည်း မကောင်းဘူးရှင်။ အသနားလွန်လို့ တစ်ခေါက် ပက်ပက်စက်စက် ခံလိုက်ရဖူးတယ်။ နောက်ဆို လူတွေကို ကြည့်ပေါင်းရတော့မယ်။
  10. ကိုယ့်ကိစ္စထက် သူများကိစ္စကို ဦးစားပေးတတ်တဲ့ အကျင့်ကိုလည်း မုန်းမိတယ်။ နံပါတ် 3 မှာတော့ သူများကိစ္စတွေကို အရေးမကြီးဘူးလို့ ထင်နေတတ်တယ်လို့ ရေးခဲ့သေးတယ်။ ကျွန်မက အကျင့်နှစ်မျိုးလေ..ပုံမှန်အတိုင်းဆိုရင်တော့ ကိုယ့်ကိစ္စကို ဘေးဖယ်ပြီး သူများ ကိစ္စကို တော်တော်လိုက်လုပ်ပေးတတ်တာ။ ပုံမှန်အတိုင်း မဟုတ်ရင်တော့ လှည့်ကိုမကြည့်တတ်ဘူးပေါ့.. ဟား ဟား။

ကဲ ဖြစ်ညှစ်ရေးလိုက်တာ 10 ချက်တော့ ပြည့်သွားပါပြီ။ ကိုယ့်အပြစ်ကိုယ်ရှာရတာ တော်တော်တော့ ခက်တာပဲ။ ဒီလိုနဲ့ ကိုယ်ချင်းစာလို့ ဘယ်သူ့ကိုမှ မတဂ် တော့ပါဘူးရှင်။