Monthly Archives: January 2009

Online Love!

Standard

“ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ်.. ဒါပဲနော် ကိုကို ငါးခါပြည့်အောင် ပြောပြီးပြီ.. သိပ်ဆိုးတာပဲ.. ဟွန်း”

အသံစာစာနဲ့ စကားပြောနေတဲ့ မိန်းကလေးကို လှည့်ကြည့်လိုက်တော့ ကျွန်မတို့ အရွယ်လောက်ပဲ ရှိမယ်ထင်ပါတယ်။ Head Phone ကနေ သေသေချာချာကို စကားပြောနေတော့တာပါပဲ။ သူ့ကွန်ပျူတာ Screen ပေါ်မှာလည်း ဂျီတော့ပေါင်း မြောက်မြားစွာကို ဖွင့်ထားလို့။ လက်ကလည်း လှုပ်၊ ပါးစပ်ကလည်းလှုပ်နဲ့၊ ကောင်မလေးရဲ့ မျက်နှာပေါ်မှာလည်း အပြုံးတွေ ဝေလို့။ အံမယ် လက်ကလေးတောင် ချိုးပြီး ရေတွက်နေလိုက်သေးတယ် ငါးခါပြည့်အောင်လေ။ ဘေးနားက လူတွေလည်း သူ့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ပေါ့။ မမလေးကတော့ သူ့ ဖီလ်းနဲ့သူ အပီကို စကားပြောနေတော့တာပါပဲ။ နောက်ပြီး ဆက်ပြောလိုက်သေးတယ်…

ကိုကိုနော် အွန်လိုင်းပေါ်မှ လျှောက်ကျူမနေနဲ့.. ဒီက ကိုကို့ကိုပဲ ချစ်တာ.. မတွေ့ဖူးပေမယ့် ချစ်ပြီးသားပဲ ဟင်း ဟင်း”

ခေတ်ကာလ သားသမီးတွေများ ခက်ပါတယ်။ ကျွန်မက အိမ်အောက်ထပ်က ဆိုက်ဘာ ကဖေးမှာ အင်တာနက် လာလာသုံးလေ့ရှိတော့ အွန်လိုင်းအချစ်ဇတ်လမ်းတွေကို မရိုးနိုင်အောင် ကြုံရတယ်ရှင့်။ အွန်လိုင်းဇတ်လမ်း သီးသန့်တွေလည်းပါတယ်၊ အဝေးရောက် ချစ်သူတွေရဲ့ အချစ်ဇတ်လမ်းတွေလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်။ အင်တာနက်ထဲမှာ ချိန်းတွေ့ကြ၊ စကားပြောကြတာဟာလည်း Global ခေတ်ကြီးမှာ ပိုများသထက်ကို များလာပြီ။ အွန်လိုင်း အချစ်ဇတ်လမ်းတွေလည်း ပေါသထက်ကို ပေါလာပြီ။ တစ်ချို့များဆို လက်ထပ်ကုန်ကြပြီ။ ဟိုတစ်လောတုန်းက အိမ်မှာ အတူနေတဲ့ သူငယ်ချင်းဆီကို စုံတွဲတစ်တွဲ လာလည်တယ်။ ကျွန်မလည်း ကိုယ်နဲ့သိတာမဟုတ်တော့ စကားဝင်မပြောမိပါဘူး။ အဲဒီအတွဲလည်း ပြန်သွားရော သူငယ်ချင်းက ပြောပြတယ်။ သူတို့နှစ်ယောက်က အွန်လိုင်းကနေ တွေ့ကြတာလေ.. သိပ်ချစ်ကြတာတဲ့။ ခု လက်ထပ်ပြီးသွားကြပြီတဲ့။ ကျွန်မကလည်း စပ်စပ်စုစု မေးမိပါသေးတယ်.. ဘယ်လောက်ကြာအောင် ချစ်ခဲ့ကြတာလဲဆိုတော့.. တစ်နှစ်လောက်တော့ ရှိပြီတဲ့။ အပြင်မှာ တွေ့ဖူးတာကတော့ နှစ်ကြိမ်တည်းရယ်။ ကောင်မလေးက ပြည်က၊ ကောင်လေးက ရန်ကုန်က။ ပထမ တစ်ကြိမ်မှာ ကောင်လေးက ပြည်ကို လိုက်သွားတယ်။ ဒုတိယ တစ်ကြိမ်မှာ ကောင်မလေးက ရန်ကုန်ကို လာတွေ့တုန်း တစ်ခါတည်းကို ချောင်းသာကို ခိုးပြေးတော့တာပဲတဲ့။ မိုက်တယ်ကွာ….. ဂလိုဘယ်ခေတ်မှာ မြန်လိုက်ကြပုံများ။ နှစ်ခါတည်း တွေ့ပြီး ခိုးရာလိုက်ကြရတယ်လို့။ အခုအဆင်ပြေလား မေးတော့ ပြေသမှ သိပ်ကိုပြေကြပါတယ်တဲ့။

ဟိုတစ်လောတုန်းကလည်း အဒေါ်တစ်ယောက် မင်္ဂလာဆောင် သွားမယ်ဆိုလို့ မေးကြည့်တော့ အမလေး ထက်ထက်ရယ် ပြောရအုံးမယ်.. အဲနှစ်ယောက်က နင်တို့ အင်တာနက်ကနေ တွေ့တာတဲ့တော် တဲ့။ ထက် တို့ အင်တာနက် မဟုတ်ပါဘူး အန်တီရယ် လူတိုင်းသုံးနေတာကို လို့ ပြောတော့. မဟုတ်ပါဘူး ညည်းတို့ သုံး သုံး နေတာ တွေ့လို့ ပြောတာပါအေ.. ကောင်လေးက စင်ကာပူက၊ ကောင်မလေးက အမေရီးကားက၊ အွန်လိုင်းပေါ်မှာ ကြိုက်လာကြပြီး အခု မြန်မာပြည်မှာ မင်္ဂလာပြန်လာဆောင်တာတဲ့။ သူတို့တွေ တစ်ပတ်လောက်တော့ နေကြလိမ့်မယ်.. ပြီးတော့ ယောင်္ကျားကလည်း စလုံးကိုပြန်၊ မိန်းမကလည်း အမေရီးကားကို ပြန်မယ်လို့ ပြောတယ် တဲ့။ နင်တို့ခေတ်မှပဲ ကြားဖူးတော့တယ်.. ကျူပ်တို့တုန်းကတော့ အရွေးမှားမှာစိုးလို့ စဉ်းစားလိုက်ရတာတဲ့။ အန်တီ့ကိုတောင် ပြောလိုက်သေးတယ် 21 ရာစုလေ အန်တီရယ်လို့။

အဲလိုပါပဲ ဟိုတစ်လောတုန်းကလည်း ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက် စစ်ဗိုလ်နဲ့ မင်္ဂလာဆောင်တယ်။ အွန်လိုင်းမှာ တွေ့တာတဲ့။ ဆိုက်ဘာကဖေးတွေမှာလည်း VZO နဲ့ ရုပ်ကြည့်ပြီး ပြောကြတဲ့ အတွဲတွေ၊ Gtalk နဲ့ စကားပြောနေကြတဲ့ အတွဲတွေ၊ စာရိုက်ပြီး ကျူကြတဲ့ အတွဲတွေ စုံအောင်ကို တွေ့ရတော့တာပါပဲ။ ကျွန်မ သုံးနေတဲ့ ဆိုင်မှာဆို အမကြီးတစ်ယောက် နေ့တိုင်း သူ့ရည်းစားနဲ့ စကားလာပြောတာ။ နေ့တိုင်းကို နှစ်နာရီလောက် ကြာအောင် ပြောတာနော်။ ကျွန်မ နေ့တိုင်း ဆိုက်ဘာကဖေး မသွားပေမယ့် ၀ရံတာကနေကြည့်လိုက်ရင် သူ ဆိုင်ထဲ ၀င်ဝင်သွားတာကို တွေ့ရတာပေါ့။

Digital ခေတ်ကြီး တိုးတက်လာတဲ့ အချိန်မှာ အင်တာနက်တွေ ပေါပေါသီသီ သုံးလာကြတဲ့ အခိုက်မှာ၊ လူတွေရဲ့အချိန်တွေ ရှားပါးလာကြတဲ့ ဒီနေ့လိုခေတ်မျိုးမှာ အွန်လိုင်းပေါ်မှာ အချစ်ရှာကြတာဟာလည်း အရင်တုန်းကလို မထူးဆန်းတော့ဘူး ထင်ပါရဲ့ရှင်။ တစ်ကယ်ချစ်ကြတဲ့ ချစ်သူတွေရှိမယ်၊ မမြင်ကွယ်ရာမှာ၊ အွန်လိုင်းမှာဆိုပြီး ရည်းစားတွေ မှိုလိုပေါက်အောင် ထားကြတဲ့ အပြောင် အပျက်တွေလည်းရှိမယ်။ ဘာပဲ ပြောပြောပေါ့လေ.. အွန်လိုင်းအချစ်ဆိုတာ လက်တွေ့ဘ၀မှာ များသထက်ကို များလာနေကြပါပြီ ဆိုတာ သိလိုက်ရတာပေါ့။

Lipstick

Standard

ညားခါစ ဇနီးမောင်နှံတွေရဲ့ဘ၀ဟာ ပျားရည်စက်လိုပဲ ချိုမြိန်လွန်းလှတယ်။
ဒါပေမယ့် မကြာလိုက်ပါဘူး အဲဒီ ချိုမြိန်တဲ့ အရသာဟာ ခါးသက်သွားခဲ့ရတယ်…..

သူမဟာ အတွင်းရေးမှူး တစ်ဦးပါ။ အလုပ်ကိစ္စကြောင့် မန်နေဂျာနဲ့အတူ ညစာစားပွဲတွေကို အမြဲလိုလို တက်ရောက်ရတယ်။ တစ်ခါက အခြားကုမ္ပဏီတစ်ခုနဲ့ အလုပ်ကိစ္စ ဆွေးနွေးခဲ့ကြတယ်။ သူမက လုပ်နေကျ အတိုင်း အချက်အလက်တွေကို ကော်ဖီသောက်ရင်း လိုက်မှတ်နေခဲ့တယ်။

သူမသောက်ခဲ့တဲ့ ကော်ဖီခွက်မှာ နှုတ်ခမ်းနီရာတွေ ထင်ကျန်ခဲ့တာကို မြင်တော့ အားတုန့်အားနာ ဖြစ်ပြီး ပေနေတဲ့ဖက်ကို မသိမသာ ကိုယ့်ဖက်ကို လှည့်လိုက်မိတယ်။ ဒါကို တစ်ဖက်ကုမ္ပဏီက အတွင်းရေးမှူး မလေးက မြင်ဖြစ်အောင် မြင်လိုက်တယ်။ ဆွေးနွေးပွဲအပြီး သန့်စင်ခန်းထဲမှာ အဲဒီအတွင်းရေးမှူးမလေးနဲ့ သူမ ထိပ်တိုက်တိုးခဲ့တယ်။

“နှုတ်ခမ်းနီအရောင်က အရမ်းလှတယ်နော်…. ဒါပေမယ့် အဲဒီအရောင်က ဖန်ခွက်ပေါ် ပေကျန်ခဲ့တော့ အရုပ် ဆိုးသွားရော ကျွန်မတို့လို
အတွင်းရေးမှူးဆိုတာ ကုမ္ပဏီရဲ့ ရှေ့ပြေးပါ…အဲလိုဈေးပေါတဲ့ နှုတ်ခမ်းနီကို မသုံးသင့်ဘူး” သူမမျက်ရည်တွေ ဝေ့တက်လာခဲ့တယ်။ လက်ထပ်ပြီးနောက်ပိုင်း ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင် နိုင်ဖို့အတွက် “အလုပ်လုပ် ငွေစု” ဆိုတဲ့အရာက သူတို့ဘ၀မှာ အရေးအပါဆုံး ဖြစ်နေခဲ့တယ်။ သူမအတွက် အ၀တ်အစားနဲ့ အလှပြင်ပစ္စည်းဆိုတာ အထွေထွေ ကုန်ကျစရိတ်ထဲက အနည်းဆုံးအရာပါ။ အရွယ်တင်တယ် ဆိုတာ ဂုဏ်ယူဖို့ကောင်းတဲ့ အရင်းအနှီးတစ်ခုလို့ ထင်ပြီး ဈေးနှုန်းတွေကို သူမ ဂရုမစိုက်ဘဲ အပေါဆုံး နှုတ်ခမ်းနီတွေကိုပဲ ၀ယ်သုံးခဲ့တယ်။ ဒါပေမယ့် ဒီနေ့လို အဖြစ်အပျက်က သူမရင်ကို မခံချင်စိတ်နဲ့ ခံစားချက် တချို့ကို ကိန်းအောင်းစေခဲ့တယ်။

သူ့ကို အဲဒီအဖြစ်အပျက်တွေ သူမ မပြောပြခဲ့ပေမယ့် သူနဲ့ ဈေးဝယ်ထွက်တိုင်း သူမရဲ့ စိတ်ဟာ အရင်ကနဲ့ တူမနေဘူး ဆိုတာ
သူမကိုယ်တိုင်ခံစားမိခဲ့တယ်။ တစ်ခြားမိန်းကလေးတွေလိုပဲ ကြွားဝါချင်တဲ့ သူမရဲ့စိတ်ကို မပြည့်စုံခြင်းက လိုက်မဖြည့်ပေးနိုင်ခဲ့တော့ ကျောင်းတုန်းက ငွေကြေးကြောင့် လက်ထပ်ခြင်းကို ရွေးခဲ့ကြတဲ့ မိန်းကလေးတွေကို တော်တယ်လို့ တစ်ခါတလေ သူမတွေးခဲ့မိတယ်။ အဲဒီလိုသာ သူမ ရွေးခဲ့မိရင် ဒီနေ့လို အဖြစ်မျိုး ကြုံရလိမ့်မယ် မဟုတ်ဘူးလို့လည်း မိုက်မိုက်မဲမဲ တွေးမိပြန်တယ်။ သူအသုံးမကျလို့ အခုလို ဖြစ်ရတယ်ဆိုတဲ့ အဖုထစ်လေးတစ်ခုက သူမရင်ထဲ ခိုဝင်လာခဲ့တော့တယ်။ သူ့ကို ဖွင့်မပြောခဲ့ပေမယ့် သူနဲ့ ပြောဖို့အတွက် သူမရဲ့စကားတွေဟာ နည်းသထက်နည်းလာခဲ့တယ်။

ပြောင်းလဲလာတဲ့ သူမရဲ့ စိတ်ကို တစ်နေ့မှာ သူမ အကောင်အထည် ဖော်လိုက်မိတယ်။ အဲဒီနေ့က ကုန်တိုက်တစ်ခုရှေ့ အဖြတ် အလှပြင်ပစ္စည်းတွေ ပရိုမိုးရှင်းလုပ်နေတာနဲ့ ကြုံခဲ့တယ်။ အရောင်းစာရေးမ တစ်ယောက်က သူမကို လှမ်းတားပြီး ပြင်သစ်ထုတ် နှုတ်ခမ်းနီတစ်တောင့် ထုတ်ပြပြီး သူမကို အစမ်းဆိုးစေခဲ့တယ်။ အရောင်ကလည်း လှ၊ ကြာရှည်ခံပြီး အခြားပစ္စည်းပေါ်မှာလဲ
မပေကျန်ခဲ့တတ်တဲ့ အကြောင်း အားပါးတရ ရှင်းပြတော့ သူမရဲ့ လိုချင်တဲ့စိတ်ကို သူရိပ်မိသွားတယ် ထင်ပါရဲ့ ပိုက်ဆံအိတ်ကို သူ ထုတ်လိုက်တယ်။ ဈေးနှုန်းမေးကြည့်တော့ ၈%လျော့ဈေးဆိုပေမယ့် သူတို့ဘယ်လိုမှ မထင်မှတ်ထားတဲ့ ဈေးနှုန်းပါ။ ပိုက်ဆံအိတ်ထုတ်နေတဲ့ သူလက် တွန့်သွားခဲ့တယ်။ သူမကို သူတစ်ချက် ကြည့်လိုက်ချိန်မှာ ၀မ်းနည်းမှုတစ်မျိုးက သူမ ရင်ထဲကို တိုးဝင်လာခဲ့တယ်။ လူတွေကြားထဲက သူမ ထွက်ပြေးလာခဲ့မိတယ်။ အဲဒီနောက်မှာတော့ သူမနဲ့သူ ပထမဆုံးအကြိမ် အကြီးအကျယ်
စကားများကြတော့တယ်။ နှုတ်ခမ်းနီ တစ်ဗူးကြောင့် သူတို့ရဲ့ နွေးထွေးလှပတဲ့ အိမ်ထောင်ရေးဟာ လမ်းဆုံးကို ရောက်သွားခဲ့ရတယ်။

(ခ)
နှုတ်ခမ်းနီတွေကို သူမပိုင်ဆိုင်ခဲ့ပေမယ့် ပျော်ရွှင်မှုတွေကို မပိုင်ဆိုင်နိုင်ခဲ့ဘူး………

ကွာရှင်းပြတ်စဲပြီး သိပ်မကြာဘူး..ကုန်သည်တစ်ဦးနဲ့ သူမလက်ထပ်ဖြစ်ခဲ့တယ်။ သူမ လက်ထပ်တဲ့နေ့က သူ့ဆီက ပါဆယ်ဗူး တစ်ခု
လက်ခံရရှိခဲ့တယ်။ အဲဒီဘူးလေးကို သူမ ဖောက်တောင်မကြည့်ဘဲ ဘီရိုရဲ့ ချောင်တစ်နေရာမှာ ထိုးထည့်ထားလိုက်တယ်။ သူမကို ၀မ်းနည်းအောင် လုပ်ခဲ့တဲ့ သူ့ကို သတိတောင် မရချင်တော့ဘူး။ ဒုတိယအကြိမ် အိမ်ထောင်ပြုခြင်းက သူမရဲ့ အလိုဆန္ဒအားလုံးကို ဖြည့်ပေးနိုင်ခဲ့တယ်။ အ၀တ်အစားကအစ အလှပြင်ပစ္စ္စည်း၊ ဖိနပ်တွေကအဆုံး အားလုံးဟာ နာမည်ကြီး တံဆိပ်တွေပဲဖြစ်တယ်။ သူမလိုချင်တဲ့ ဘ၀နဲ့ ပျော်ရွှင်မှုတွေကို ငွေကြေးတွေနဲ့ ခိုင်းစေခဲ့တယ်။

ခင်ပွန်းဖြစ်တဲ့ ကုန်သည်က မနက်စောစော အိမ်ကထွက်ပြီး ညနက်မှ ပြန်လာတတ်တယ်။ တစ်ခါတလေ အိမ်ပြန်မအိပ်တဲ့ ညတွေလည်း ရှိခဲ့တယ်။ သူမအတွက် သူ့ရဲ့ ဖြေရှင်းချက်တွေက အလုပ်များတယ်၊ အလုပ်ကြောင့်ဆိုတဲ့ စကားတွေပဲဖြစ်တယ်။ ခင်ပွန်းရဲ့ အင်္ကျီပေါ်မှာ နီရဲနေတဲ့ နှုတ်ခမ်းရာတစ်ခုကို တွေ့လိုက်မိမှ အိမ်ပြန်နောက်ကျတာနဲ့ ပြန်မအိပ်ခဲ့တဲ့ အဖြစ်တွေကို သူမ သဘောပေါက်လိုက်တယ်။ ခင်ပွန်းကို မေးတော့ စိတ်ပျက်တဲ့ လေသံနဲ့ “မိန်းမဆိုတာ မိန်းမလိုနေ..တခြားဘာမှ လိုက်ပတ်သက်နေစရာ မလိုဘူး… အခုလို နေရာမျိုးမှာ နင်ကျေနပ်သင့်တယ်.. စိတ်ဆိုး စိတ်တိုဖို့ မစဉ်းစားနဲ့… ငါ့ကိုနင် လက်ထပ်ခဲ့တာဟာ ငါ့စည်းစိမ်တွေကြောင့်ပဲ မဟုတ်လား…
ချမ်းချမ်းသာသာနဲ့ နေစမ်းပါ” ကျိန်းခနဲ ဆောင့်ပိတ်သွားတဲ့ တံခါးနဲ့အတူ ခင်ပွန်းဟာ အိမ်ကနေ ထွက်သွားခဲ့ပြီး ရက်အတော်ကြာ ပြန်မလာခဲ့ဘူး။ သူမ စိတ်ပျက်လက်ပျက် အော်ရီမိတယ်… ခင်ပွန်းရဲ့ မျက်စိထဲမှာ သူမဟာ ကပ်ပါးကောင် တစ်ကောင် ဖြစ်နေပါရော့လား…

အ၀တ်အစားတွေကို ထုတ်သိမ်းနေတုန်း ဘီရိုရဲ့ ချောင်ထဲမှာ ထိုးသိပ်ထားတဲ့ ဗူးတစ်ခုကို သူမ တွေ့လိုက် မိတယ်။ ဖောက်ကြည့် လိုက်တော့ ဟိုးအရင်တုန်းက သူနဲ့ ဈေးဝယ်ထွက်တုန်းက တွေ့ခဲ့မိတဲ့ ပြင်သစ်လုပ် နှုတ်ခမ်းနီလေး…နှုတ်ခမ်းနီဗူးရဲ့ ဘေးမှာ စာလေးတစ်စောင်…. “နှုတ်ခမ်းနီ တစ်ဗူးကြောင့် ငါတို့လမ်းခွဲ ရမယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး… ပြန်စဉ်းစားမိတိုင်း ရင်နာလို့ မဆုံးဘူး။ အရင်တုန်းက ထားခဲ့တဲ့ ဂတိသစ္စာတွေဟာ မျက်စိရှေ့မှာတင် မီးခိုအဖြစ်နဲ့ ပျောက်ဆုံးခဲ့ကြရပြီ။ နင့်ကို ဆုံးရှုံးလို့ ရခဲ့တဲ့ ငါ့ဒဏ်ရာ တွေဟာ ဒီနေ့အထိ အရှင်လတ်လတ်ပဲ ရှိနေသေးတယ်။ ဒါတွေကို ပြောနေလို့လဲ အရာမရောက်တော့ပါဘူး…
အိမ်ထောင်သစ်နဲ့ နင်ပျော်နိုင်ပါစေ…ဒီနှုတ်ခမ်းနီလေးက နင့်အတွက် ကံကောင်းခြင်းတွေ သယ်လာနိုင်ပါစေ”

နှုတ်ခမ်းနီကို အိတ်ထဲ ထိုးထည့်ပြီး “ပြီးဆုံးခြင်း” ဆိုတဲ့တံခါးကို ဒုတိယအကြိမ် သူမ ပိတ်ခဲ့ပြန်တယ်။ အေးစက်တဲ့ အဲဒီလက်ထပ်ခြင်းမျိုးက သူမအတွက် ဘာသံယောဇဉ်မှ ကျန်မနေခဲ့တော့ပါဘူး။

(ဂ)
တီဗွီအစီအစဉ်တစ်ခုမှ သူ့ရဲ့ အင်တာဗျူးကို သူမကြည့်လိုက်ရတယ်။ သူဟာ ပြည်တွင်း အလှကုန်ပစ္စည်းတွေ ဖြန့်တဲ့ ကုမ္ပဏီတစ်ခုကိုတောင် ပိုင်ဆိုင်ထားပါလား… သူ့ ကုမ္ပဏီရဲ့ အဓိက ဖြန့်ကုန်တွေဟာ နှုတ်ခမ်းနီပါတဲ့။ ဘာကြောင့် နှုတ်ခမ်းနီတွေပဲ ဖြစ်ရတာလဲလို့ အင်တာဗျုးသူတွေက မေးတော့ သူက စိတ်ထိခိုက်စွာနဲ့ “နှုတ်ခမ်းနီ တစ်ဗူးကြောင့် ကျွန်တော့် အိမ်ထောင်ရေး ဆုံးရှုံး သွားခဲ့ရဖူးတယ်။ အဲဒီနှုတ်ခမ်းနီက ဈေးအရမ်းမကြီးပေမယ့် သူ့အတွက် ကျွန်တော်မ၀ယ်ပေးနိုင်ခဲ့ဘူး။

အဲဒီနှုတ်ခမ်းနီဟာ သူ့အတွက် ဘယ်လောက် အရေးပါသလဲဆိုတာ ကျွန်တော်မသိခဲ့ဘူး။ ဈေးပေါတဲ့ နှုတ်ခမ်းနီကို သုံးခဲ့လို့ ဖန်ခွက်ပေါ်
ပေကျန်ခဲ့တဲ့ နှုတ်ခမ်းရာတွေဟာ သူ့စိတ်ကို တော်တော်လေး ထိခိုက်စေခဲ့တယ်။ မပေတတ်တဲ့၊ မကပ်ကျန် ခဲ့တတ်တဲ့ နှုတ်ခမ်းနီက သူ့အတွက် လိုအပ်ကြောင်း ကျွန်တော် မသိခဲ့ဘူး။ နောက်မှ သူနောက်အိမ်ထောင်ပြုမယ့်နေ့ရောက်မှ သူ့သူငယ်ချင်းဆီက အဖြစ်မှန်တွေကို ကျွန်တော်သိခဲ့ရတယ်။ အဲဒီနှုတ်ခမ်းနီကို ကျွန်တော်ဝယ်ပေးခဲ့ပေမယ့် သူဟာ တစ်ခြားသူရဲ့ ဇနီးမယား ဖြစ်သွားခဲ့ပါပြီ.. အဲဒီနေ့ကစပြီး နှုတ်ခမ်းနီတွေကို ဖြန့်ဖို့၊ ဖန်ခွက်ပေါ် မပေကျန်ခဲ့တတ်တဲ့ နှုတ်ခမ်းနီတွေကို မိန်းကလေးတိုင်း ၀ယ်နိုင်ဖို့ လုပ်မယ်လို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်”

တီဗွီဖန်သားပြင်ကို သူမ ငေးစိုက်ကြည့်ရင်း မျက်ရည်တွေက ပါးပြင်ပေါ်ကို အဆက်မပြတ် စီးကျလို့ လာခဲ့ တယ်။ သူမလက်ထဲမှာ တင်းတင်းဆုပ်ကိုင်ထားတဲ့ နှုတ်ခမ်းနီလေး တစ်ခုကတော့ ကျိုးပဲ့လို့ နေခဲ့ပြီလေ…..

“မှားယွင်း” ပြီးမှ “နောင်တ”ဆိုတဲ့အရာက အမြဲတံခါး လာခေါက်တတ်တယ် ဆိုတဲ့ အကြောင်း.. သေးငယ်တဲ့ ပြဿနာတစ်ခုနဲ့ ဆုံးဖြတ်ချက် ကြီးကြီး မချမိစေဖို့ ဒီဇာတ်လမ်းက ပြောပြသွားခဲ့ပါတယ်။

(ရုံးတွင်းသုံး IIS Forum မှ ဝေမျှချက်တစ်ခုကို ကူးယူပါသည်)

Digging the Oldies!

Standard

စာရေးဖို့ အချိန်မရ ဖြစ်နေတုန်းလေးမှာ ကျွန်မဘလောဂ့်က ပိုစ့်အဟောင်းတွေကို တူးဆွကြည့်လိုက်တော့ အရင်တုန်းက ရေးထားတဲ့ ပိုစ့်ကောင်းကောင်းလေးတွေကို ပြန်ဖတ်မိတယ်ရှင်.။ တစ်ချို့စာဖတ်သူတွေဆို ကျွန်မဘောလာဂ့်မှာ အဟောင်းတွေထိ တော်တော်ကြီးကို လိုက်ဖတ်တာ တွေ့ရပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ နောက်ဆုံးမှ တင်ဖြစ်တာတွေကိုပဲ များသောအားဖြင့် ဖတ်ကြတာပါပဲ။ အဲဒီတော့ ကျွန်မ ဘလောဂ့်ကို လာဖတ်ကြတဲ့သူတွေ အကျိုးရှိအောင် ဗဟုသုတ ရစေမယ့် ပိုစ့်အဟောင်း အကောင်းလေးတွေကို ပြန်ညွှန်းချင်ပါတယ်ရှင်။ ဖတ်ကြည့်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ ပိုစ့် ငါး ခုလောက်တည်းပါ။ ဒါလည်း ဆားချက်ခြင်း တစ်မျိုးပဲပေါ့နော်.

1. မိန်းမတွေ ဘာကြောင့်လှချင်ကြတာလဲ

2. Vitamin That Prevent Acne

3. A Banana a Day, Keeps the Doctor Away

4. Tips of Thinking

5. Foundation We Used!

ပင့်ဂိုလ်း တစ်ကယ် ဆားချက်နေတာပါ။

Experience of Transferring

Standard

ဘလောဂ့်ရွှေ့လိုက်တော့ နည်းနည်းအလုပ်များသွားတယ်။ ဒီကြားထဲ DNS Change လုပ်တာကလည်း အနည်းဆုံး 72 နာရီကြာမယ်လို့ ဆိုထားတော့ ဒိုမိန်းကလည်း လောလောဆယ် မရသေးဘူး ဖြစ်နေတယ်ရှင့်။ သူများတွေ Blogspot က ပိုစ့်တွေကို Import လုပ်တုန်းကတော့ အယ်ရာတွေ ပြကြတယ်လို့ ပြောတယ်။ အောင်မျိုးဟန် ကလည်း အကုန်ရွှေ့လို့ မရသေးဘူးတဲ့.. နင့် ကျတော့ဘာလို့ ရတာလဲတဲ့။ ငါက ချောလို့ နေမှာပေါ့ဟာ လို့.. ဟား ဟား။ WordPress နဲ့က အကျွမ်းတ၀င် မရှိသေးတော့ စစချင်းမှာ နည်းနည်း ဒုက္ခရောက်တယ်။ မသိတာကလည်း များတယ်။ သူများကို မေးရမှာလည်း အရမ်းအားနာတယ်။ အားလုံးက အလုပ်များနေတဲ့ သူတွေကို။ ဒါပေမယ့်လည်း မေးရတာပါပဲရှင်။ ကိုယ်မှ မတတ်တာလေ..။ တစ်ခုရှိတာက Template အလန်းလေးတွေကို ကြိုက်တတ်တဲ့ ကျွန်မ ခုတော့လည်း ရိုးရိုးရှင်းရှင်းကြီးနဲ့ နေနေရတယ်။ စိတ်ထဲမှာတော့ ဘ၀င် သိပ်မကျလှဘူး။ စီဘောက်ဆိုတာ ကိုယ်တောင် မြင်နေရမှ အော်ချင်တာ.. သူများတွေတော့ မပြောတတ်ဘူး။ ခုလို လင့်ပေးလိုက်ရတော့ ကိုယ့်စီဘောက်တောင် ကိုယ်ပြန်မကြည့်မိတော့ဘူးပေါ့။ Comment တွေ ရေးရတာတော့ ပိုလွယ်သွားတယ်။ WordPress ကို Blogspot ထက်တော့ ပိုကြိုက်ပါတယ်။ CSS ပြင်ခွင့် မပေးတာ တစ်ခုက လွဲရင်ပေါ့။

ခုတစ်လော အပြောင်းအရွှေ့ကြောင့်ရယ်၊ ရုံးမှာ ခေါင်းစားနေတာတွေ ကြောင့်ရယ် ပိုစ့်အသစ်ရေးဖို့ စိတ်မပါသေးဘူး ဖြစ်နေတယ်။ ဒိုမိန်းကလည်း မလာသေးတော့ စာဖတ်သူတွေ အဆင်မပြေဖြစ်ကြမယ် ထင်တယ်။ အားလုံးကို တောင်းပန်ပါတယ်။ ရေးဖို့ စဉ်းစားထားတာတွေတော့ ရှိတယ်။ အလှအပ အကြောင်းတွေရော၊ ရင်ထဲက ခံစားချက်တွေကော၊ ဗဟုသုတလေးတွေကော။ နောက်ပိုင်းတော့ ဆက်တိုက် တင်ဖြစ်သွားမှာပါ။ လောလောဆယ်မှာတော့ စိတ်ကလည်း မပါတဲ့အပြင် မကောင်းပါဖြစ်နေတယ်။

ကျွန်မက ဘာလဲတော့ မပြောတတ်ဘူးရှင့်။ တစ်ခုခု မကောင်းတာ ဖြစ်ခါနီးရင် အိပ်မက်တွေ ကြိုမက်တတ်တယ်၊ ရင်ထဲမှာ လှပ်လှပ် လှပ်လှပ် ဖြစ်တတ်တယ်၊ နေရထိုင်ရတာ လေးလေးပင်ပင်တွေ ရှိနေတတ်တယ်။ အဆိုးတွေ ကြုံခါနီးတိုင်း ဖြစ်တာတော့ မဟုတ်ဘူး။ တစ်ခါ တစ်ခါ ဖြစ်တတ်တာကို ပြောတာ။ သတိမထားမိလိုက်ရင် သြော် ငါဖြစ်နေတာ အိပ်မက်ထဲက ဟာမျိုးပါလား၊ သြော် ဒါ့ကြောင့် စိတ်တွေ လေးနေတာကိုး ဆိုပြီး ဖြစ်သွားတတ်ရော။ ခုလည်း နေရတာ မကောင်းဘူးရှင့်။ ဘယ်လိုမှ မကောင်းဘူး။ တစ်ခုခု ဖြစ်မှာကို ကြောက်တယ်။

Moving the blog!

Standard

Blogspot မှာရေးရတာ မလွယ်တာကတော့ တော်တော်ကြာပြီပေါ့။ ဒါပေမယ့် သံယောဇဉ် ရှိရင်းစွဲကြောင့် ပရောက်ဆီလေး ကျော်လိုက်၊ mail to blogger နဲ့ ပိုစ့်တင်လိုက် နဲ့ပဲ ရေးလာခဲ့လိုက်တာ သက်တမ်းတောင် တစ်နှစ်ကျော်ခဲ့ပါပြီ။ ခုနောက်ပိုင်းတော့ ပိုစ့်တင်ရတာ ဘယ်လိုမှ အဆင်မပြေတော့ဘူးရှင့်။ Ultrasurf က ပိုစ့်တင်လို့ မရတော့ဘူး။ တစ်ခြား Proxy Software တွေလည်း အဆင်မပြေဘူး။ အဲဒီတော့ ဘလောဂ့်ရွှေ့ဖို့ စဉ်းစားလိုက်ပါတယ်။ လောလောဆယ်မှာတော့ Free Hosting တွေဘာတွေအကြောင်းကို မလေ့လာရသေးတာနဲ့ ရိုးရိုး wordpress.com မှာပဲ ရေးနေလိုက်ပါအုံးမယ်။ ရှိပြီးသား domain ကိုလည်း ဒီမှာပဲ Redirect လုပ်ပါမယ်။ ဟိုဘက်က blogspot ကိုတော့ အရင်အတိုင်းပဲ http://cuttiepinkgold.blogspot.com လိပ်စာနဲ့ ထားခဲ့ပါမယ်။ ဒါပေမယ့် အဲဒီဘက်က ဒိုမိန်းကို ဖြုတ်ဖို့အတွက် setting ထဲကို ၀င်လို့ မရသေးဘူး။ ရပြန်တော့လည်း save လုပ်တဲ့အချိန်မှာ ကျေးဇူးရှင် ultrasurf က error ပြတယ်။ နိုင်ငံခြားက သူငယ်ချင်း တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ဖြုတ်ခိုင်းပြီးတာနဲ့ ဒီဘလောဂ့်ကို http://www.cuttiepinkgold.info နဲ့လာရင် ရောက်အောင် လုပ်ပါမယ်။ အဆင်မပြေတာလေးများ ရှိခဲ့ရင်တော့ သည်းခံကြစေချင်ပါတယ်။

မေးသမျှကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတဲ့ ကိုသင်္ကြန်ကို ကျေးဇူးသိပ်တင်ပါတယ်။

My Wonderful January!

Standard

ဇန်န၀ါရီလ…..

ချမ်းသည်၊ စိမ့်သည်၊ ဆောင်းနှောင်းကာလ ဖြစ်သောကြောင့် ဆောင်းကြွင်း ဆောင်းကျန်များကို အစွမ်းကုန် ခါချသော အိပ်ရာထဲမယ် ကွေးစရာ ကောင်းလှသည့် ရာသီလည်းဖြစ်သည်။ ကောင်းကင်တွင် တိမ်ကင်းစင်သည်။ ရာသီဥတု ကြည်လင်သည်။ ကြယ်တာရာများ စုံလင်သည်။ ညိုပြာညက်ရောင် ခွာညိုပန်းပွင့်သည်။ ရှေးမြန်မာခေတ်က မြင်းခင်းသဘင်ပွဲ ကျင်းပရာလလည်း ဖြစ်သည်။ ဆယ့်နှစ်လရာသီ၏ အသာယာဆုံး လတစ်လထဲတွင် တစ်လအပါအ၀င်ဖြစ်သည်။

လွန်ခဲ့သော (25) နှစ်ခန့်က ထိုကဲ့သော သာယာသော၊ ချမ်းအေးသော၊ ကြယ်တွေစုံသော ဇန်န၀ါရီလ၏ ညနေခင်းတစ်ခုမှာ ကျွန်မ လူ့လောကကို စတင်ရောက်ရှိခဲ့သည်။ မိန်းမ ပြာသို၊ ယောင်္ကျားဝါဆိုလို့ အဆိုရှိတဲ့အတိုင်း ပြာသိုလမှာ မွေးတဲ့ မကာရ ရာသီဖွား ကျွန်မဟာ နည်းနည်းတော့ ထူးသလိုလို ရူးသလိုလို ရှိခဲ့သားရှင်။ ကျွန်မ နောက်သလိုလို၊ အတည်လိုလိုပြောနေကျ စကားတစ်ခွန်းရှိတယ်။ 19 ရက်နေ့ဖွားတွေဟာ ထူးခြားတယ်။ ဘာကြောင့်လဲဆိုတော့ (1) ဂဏန်းသမားတွေ မို့လို့လေ။ (ဆိုင်လည်း မဆိုင်ဘူး)။ သြော် ကျွန်မက ဇန်န၀ါရီလ (19) ရက်နေ့မှာ မွေးတာကိုးရှင့်… ကိုယ်မွေးတဲ့ရက်ကိုမှ ကိုယ်မထူးခြားဘူးပြောရင် ဘယ်နေ့ကို ထူးခြားတယ်လို့ ပြောမလဲနော်။ ထားပါတော့.. ထိုကဲ့သို့ ဇန်န၀ါရီ (ပြာသို) လတွင်မွေးသော၊ မကာရ ရာသီဖွား ကြာသပတေးသမီး ဖြစ်သော၊ ကိုယ့်ဟာကိုယ်တောင် နားလည်ရခက်သော၊ အူကြောင်ကြောင်နိုင်သော၊ အရွဲ့တိုက်ခြင်းကို ၀ါသနာပါသော၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲတတ်သော၊ ဘလောဂ့်တစ်ကို ပိုင်ဆိုင်သော ကျွန်မဟာ ဒီနေ့ ဇန်န၀ါရီလ 19 ရက်နေ့မှာတော့ 25 နှစ်တင်းတင်းကို ပြည့်သွားလေပြီ။ ကိုသင်ကာ ပြောသလို အပျိုကြီးစာရင်း ၀င်ပြီပေါ့နော်။ ဖိုးသူတော် ပြောသလို အပျိုကြီး ဖားဖားဖြစ်ပြီ (ဖားဖားဆိုတာ ဘာလဲတော့ ကျွန်မလည်း မပြောတတ်) မဂျစ်တို့ မမီတို့ ခြေရာနင်းရတော့မယ် ထင်တယ်ရှင့်….. :P

25 နှစ်မှာ အလုပ်နည်းနည်းပိုများ လာတာကလွဲလို့ ဘာမှ မထူးခြားပါဘူး။ 24 နဲ့ 25 ကြားဘယ်လို ဖြတ်သန်းခဲ့လဲ ဆိုတာကတော့ ဒီပိုစ့်ကို ဖတ်ရင်လည်း သိနိုင်ပါတယ်။ ကျွန်မက နှစ်အစမှာ မွေးတာကိုးရှင့်။ သြော………. ထူးခြားတာတော့ တစ်ခုရှိတယ်….ကိုယ့်ဟာကိုယ် မချစ်တတ်ဘူးလို့ထင်ခဲ့တာ.. ခုမှ တော်တော်ကြီးကို ချစ်တတ်သွားမှန်း သိတော့တယ်။ (မေးခွန်းတွေ လာမမေးနဲ့ မပြောဘူး)။

သူငယ်ချင်းတွေနဲ့တော့ ပိုဝေးသွားတယ်… အွန်လိုင်းမှာချည်းပဲ အချိန်ကုန်ဖြစ်လို့ ထင်တယ်။ မီဒီယာမှာသာ လုပ်နေတာ… ဂျာနယ်လေး၊ မဂ္ဂဇင်းလေးတောင် ကောက်မကိုင်ဖြစ်ဘူး…. ဒါလည်း အွန်လိုင်းကြောင့်ပဲ။ စာတွေ လိုက်ဖတ်နေရတာထက်စာရင်.. အရင်ကထက် Google ကိုပိုသုံးဖြစ်လာတယ်..။ ဒါပေမယ့် စာအုပ်တွေတော့ ပိုပိုဝယ်ဖြစ်တယ်… ဖတ်ပြီးသားတွေကော၊ မဖတ်ရသေးတာတွေကော၊ ညီမတွေကို ပေးဖတ်ချင်လို့။ သေခြင်းတရားကို ဆင်ခြင်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဟိုနေ့ကလည်း ရေဝေး ရောက်လိုက်သေးတာကိုး။ နာရေးတစ်ခုကို လိုက်ပို့တာလေ။ ကျွန်မ ပထမဆုံးအကြိမ် ရေဝေးကို ရောက်ဖူးတာပဲ။ အလောင်းတွေလည်း ဆက်တိုက်ကို မီးသဂြိုဟ်ဖို့ လာနေကြတာပဲ။ ကိုယ့်အလှည့်လည်း တစ်နေ့ရောက်လာမှာပေါ့။

မွေးနေ့မရောက်ခင်ကတည်းက 3 ရက်လောက် အလိုကတည်းက သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်တယ်။ အစောဆုံး Wish လုပ်တဲ့သူ ဖြစ်ချင်လို့တဲ့။ နောက်သူငယ်ချင်း တစ်ယောက်က Birthday Card ပို့တယ်.. ငါ အစောဆုံး မဟုတ်လားတဲ့။ နောက်ကျသွားပြီကွယ် လို့။ မနေ့ကတည်းက ကြိုဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်တယ်။ မနေ့ကဆို အိမ်ကလူတွေ ည 12 နာရီကျော်တဲ့အထိ မအိပ်ပဲစောင့်ပြီး Happy Birthday လုပ်ကြတယ်။ ပျော်လိုက်တာ။ ဖိုးသူတော်နဲ့ ကိုမျက်စိက မွေးနေ့အကြိုဆိုပြီး စားသောက်ဝိုင်းလေး လုပ်ပေးတယ်။ အဲဒီတုန်းက ရီရသေးတယ်။ ဖိုးသူတော်က သူတို့သောက်နေကျ မြေနီကုန်းက ဆိုင်ကို သိတယ်မဟုတ်လားတဲ့။ အဲဒီကိုပဲ လာခဲ့လိုက်ပြောတော့ ကျွန်မကလည်း အိုကေဆိုပြီး ကိုညီလင်းဆက်နဲ့ တူတူသွားကြတယ်။ သူကလည်း ရုံးကိုရောက်နေတော့ အဖော်ရသွားတာပေါ့။ မြေနီကုန်းလည်းရောက်ရော ဆိုင်ကို သေချာမမှတ်မိတော့ဘူး။ ဒါနဲ့ပဲ ဒီဆိုင်လားမသိဘူး ဆိုပြီး နှစ်ယောက်သား ၀င်ထိုင်ကြပါရော။ အဲလိုနဲ့ ကျွန်မ Star Cola သောက်တယ်၊ သူက ပါဝါ သောက်ပြီး စကားများရင်း ထိုင်စောင့်ကြတာပေါ့။ အရက်ဆိုင်မှာနော်.. အအေးတွေ ထိုင်သောက်နေကြတာ။ အဲလိုနဲ့ 15 မိနစ်လောက် ကြတဲ့အထိ ဘယ်သူမှ ပေါ်မလာဘူး။ ညည်းကို ချိန်းထားတာ သေကော သေချာရဲ့လားဟာ၊ ဆိုင်များမှားနေလား ဆိုပြီး ပြောနေတုန်းမှာပဲ ဖိုးသူတော်ကို လှမ်းတွေ့လိုက်တယ်။ ဟာ.. ဘာလို့ဒီမှာထိုင်နေကြတာတုန်း.. ထိုင်နေကျဆိုင်ပါဆို မသိဘူးလားတဲ့။ ထိုင်နေကျက ဒီဆိုင်လေး မဟုတ်ဘူးလားလို့လည်း ပြောရော နေအုံးဆိုပြီး ဖိုးသူတော်က ဟိုဘက်ခဏ ထွက်သွားလိုက်တယ်။ ခဏနေတော့ ပြန်လာပြီး ကိုမျက်စိတောင် မှာထားနှင့်ပြီး ရောက်ပြီးနေလို့တဲ့ ကျွန်မတို့ကို ပြန်လာခေါ်တာ။ အဲလိုနဲ့ နှစ်ယောက်သား ရှက် ရှက်နဲ့ အရက်ဆိုင်မှာ အအေးသောက်ပြီး ဖိုးသူတော်နောက်ကို လိုက်ကြလေသတည်းပေါ့။ ရီလိုက်ကြတာ.. အရက်ဆိုင်မှာ အအေးမှာသောက်တာကို။ ဆိုင်လေး တစ်ခါပဲ မှားမိပါတယ်.. ပြောလို့ကို မပြီးတော့ဘူး။ ကိုညီလင်းဆက်၊ ကိုမျက်စိ၊ ဖိုးသူတော်၊ အောင်မျိုးဟန် တို့လာကြတယ်။ သူတို့က ထိုင်သောက်.. ကျွန်မကတော့ ထိုင်စားပေါ့။ ကိုဂေါက်ကလည်း ခါးနာနေတယ်၊ တိုလီကလည်း မအားဘူးတဲ့။ စိုးဇေယျကိုလည်း ချိတ်လို့ မရတော့ 5 ယောက်ထဲနဲ့ပဲ ပွဲစည်လိုက်ကြတယ်။ ကျွန်မရဲ့ မွေးနေ့မရောက်ခင်ကတည်းက မွေးနေ့အငွေ့ အသက်တွေလွှမ်းခြုံလို့….။ ကိုနေဘုန်းလတ်ကို သတိရတယ်။ မမီကိုလည်း လွမ်းမိတယ်။ ဘာညာကလည်း ပေါ်မလာဘူး။ မနှစ်တုန်းကဆို ဖိုးချမ်းတို့၊ မျိုးကျော်ထွန်းတို့လည်း ပါကြသေးတယ်။

အစတုန်းကတော့ မွေးနေ့ အမှတ်တရ အနေနဲ့ Feeling 25 ဆိုပြီး တွေးမိသမျှလေး ချရေးမလို့ပဲ။ တွေးမိတာ တော်တော်များသွားတော့ မှတ်တမ်းတင်လို့ မလိုက်နိုင်ဘူး ဖြစ်သွားတယ်လေ။ ဒါကြောင့် ဘာရယ် ညာရယ် မဟုတ်တဲ့ ကပေါက်တိ ကပေါက်ချာ ဒီလိုဟာလေးပဲ ရေးလိုက်ပါတယ်။ ဒီလိုပါပဲ.. မွေးနေ့ရောက်လာတော့လည်း အသက်တစ်နှစ်ပိုကြီးသွားတာပေါ့။ ဘ၀အတွက်တော့ ပျင်းတာလေးကိုလျှော့ပြီး တော်တော်ကြိုးစားရအုံးမယ်။ တစ်ခုတော့ရှိတယ်.. ပိုက်ဆံတွေ၊ အချစ်တွေ၊ အလိုရမ္မက်တွေ ဆိုတာ စိတ်ချမ်းသာဖို့လောက် အရေးမကြီးဘူး။ စိတ်ဆိုတာ ထားတတ်ရင်လည်း ချမ်းသာနေတာပဲ။

Article of Dr. Nay Zin Latt

Standard

ဝမ်းသာ ဖြစ်ရတယ်
Written by နေဇင်လတ်
Wednesday, 24 December 2008 11:39

နာဂစ်မုန်တိုင်း ဒဏ်ရဲ့ အရှိန်က မသေသေးတော့ ဒုက္ခ ရောက်နေတဲ့ သူတွေကို တတ်နိုင်တဲ့ ဘက်ကနေ ဆက်ကူကြဖို့ ပြောဖြစ်ကြတယ်။ သူ့ရည်ရွယ်ချက်က ကောင်း တယ်။ အပျက်ပျက် အယွင်းယွင်း ဖြစ်သွားတဲ့ ဧရာဝတီတိုင်းက လူငယ် ကျောင်းသားလေးတွေကို သူကျွမ်းကျင်တဲ့ ပညာရေး လိုင်းဘက်က ဖြည့်ဆည်းဖို့၊ သူ တော်တော် ဒုက္ခခံပြီး အကြိမ်များစွာ ရောက်ခဲ့တယ်နဲ့ တူတယ်။ ဘမောင်တောင်မှ ၂ ခေါက်ပဲ ရောက်ဖြစ်တယ်။

ဟိုကလာလည်းထည့်၊ ဒီကလာလည်းထည့်နဲ့ တဘိုင်းဘိုင်း ထည့်လိုက် ရလို့ ဘမောင်တို့ ဆရာ ဦးအေးကျော်နဲ့ တွေ့တဲ့ အချိန်ကျ တော်တော်ပန်းသွားပြီ။ ငွေအနေနဲ့ ငါးသိန်းလောက်ပဲ ထည့်နိုင်တော့တယ်။ ဒါပေမယ့် ပညာဒါန အနေနဲ့ ကတော့ လိုတဲ့နေရာမှာ သုံးဖို့ လက်ခံလိုက်တယ်။ ခရီးတော့ သိပ် မထွက်နိုင်ဘူးပေါ့။

“ဆရာရေ ဆရာ ဒေါက်တာ အောင်ထွန်းသက်နဲ့ Leadership Skills ခေါင်းစဉ်မှာ တွဲပြောဖို့ စီစဉ်လိုက်ပြီ။ IBC မှာ၊ နာဂစ် ရန်ပုံငွေပေါ့”

ဘမောင် လက်ခံ လိုက်ပါတယ်။ ဆရာ ဒေါက်တာအောင်ထွန်းသက် ဆိုတာ ပါမောက္ခတစ်ဦး၊ စီးပွားရေး တက္ကသိုလ်က UN ၀န်ထမ်းတွေ တော်တော် များများကို နှစ်ပေါင်း ဆယ်နဲ့ ချီပြီး လေ့ကျင့် ပေးနေတဲ့သူ၊ မြန်မာပြည် မှာလည်း အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲတွေကို အကြိမ်ရေ အများဆုံး ပြောနေတဲ့သူ၊ ပညာရော၊ သမ္ဘာရော ကြီးသူ တစ်ဦးပါ။ စကားဝိုင်း ဆွေးနွေးပွဲ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေမှာ Speaker အဖြစ် “ပေါက်” သူတစ်ဦးလည်း ဖြစ်ပါတယ်။ Leadership Skills ဆိုတော့ ခေါင်းဆောင် ကျွမ်းကျင်မှု။ အရည် အသွေးပေါ့။ ပြောရတဲ့ အပိုင်းက ဘမောင် အတွက် ပြဿနာ သိပ်မရှိဘူး။ သီအိုရီနဲ့ စီးပွားရေး နယ်ထဲမှာ နှစ် ၂၀ လောက် လုပ်လာတဲ့ နိုင်ငံတကာ အတွေ့ အကြုံတွေကို ထည့်ပြောသွားရင် ကိစ္စ ပြီးတယ်။ စိတ်ပူလိုက်တာက လူတစ်ဦး လက်မှတ်ခ လေးသောင်း ဆိုတာပဲ။ ဘမောင်တို့ အဲဒီလောက် အထိ အဆင်သင့်ဖြစ်ပြီလား၊ လေးသောင်း လောက်ပေးပြီး နားထောင်ဖို့ အဆင်သင့် ဖြစ်ပြီလားလို့ စိတ်တော့ နည်းနည်း ပူမိတယ်။ အမှတ်မမှားရင် အမြင့်ဆုံးကြေးလို့ ပြောလို့ရတယ်။ ဦးအေးကျော်ကိုတော့ ဖွင့်မပြောဖြစ် ပါဘူးလေ။
ဘမောင် စိုးရိမ်တာ လွဲသွားတယ်။”တွတ်ပီ” ဖြစ်သွားတယ်ပေါ့။
ဦးအေးကျော် သတ်မှတ်တဲ့ ကန့်သတ် အရေအတွက်ထက် တောင်းဆိုမှုက နှစ်ဆလောက် ဖြစ်နေတာ အနားနီးတော့ သိလိုက်ရတယ်။

ဘာပဲပြောပြော စီးပွားရေးတွေ တွန့်ဆုတ်နေတဲ့ ကာလမှာ အဲဒီ တောင်းဆိုမှုဟာ အလားအလာကောင်း တစ်ခုပါလား ဆိုပြီး ဘမောင် ၀မ်းသာ မိတယ်။ ၀မ်းသာဖြစ်ရတယ်ပေါ့။ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က Leadership Intelligence ဆိုတဲ့ ခေါင်းစဉ်ပေါ်မှာ ပထမနေ့ နံနက်ပိုင်း ပြောသွားတယ်။ ဘမောင်က 24th မနက်ပိုင်းမှာ Leadership in Action ဆိုပြီး လက်တွေ့ ခေါင်းဆောင်မှု အပိုင်းကို ပြောဖြစ်တယ်။ ဦးအေးကျော်က ခေါင်းဆောင်မှု အပေါ် သူ့အမြင်ဘက်က တင်ပြပြီး Group Actiivity တွေနဲ့ အနားသိမ်းပေးရှာတယ်။ အစီအစဉ် ကောင်းတယ်။

ဆွေးနွေးပွဲ အပြီး မေးကြတဲ့ မေးခွန်းတွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဆင့်အတန်း အမြင့်ကြီးတွေ မဟုတ်တာတောင်မှ အဆင့် မနိမ့်တော့ဘူး။ အဲဒီ အတွက်လည်း ၀မ်းသာရပါတယ်။ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ဦးလှမောင်ရွှေ တို့ရဲ့ နှစ်ပတ် တစ်ကြိမ် ပုံမှန် စီစဉ်နေတဲ့ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေရဲ့ အထောက်အကူက လူငယ်၊ လူလတ်၊ လူကြီး တချို့ကို အမြင် ဖွင့်ပေးဖြစ်ခဲ့တဲ့ အကျိုးကျေးဇူးတွေလည်း ပါတယ်။သူတို့ ကိုယ်တိုင်က လိုလိုချင်ချင် လေ့လာ မှတ်သား ထားတတ်ကြတဲ့ အခြေခံ အရည်အချင်းကြောင့်လည်း ပါပါတယ်။

ခေါင်းဆောင် (Leader) လို့ပြောရင် တချို့က အမြင့်ကြီး လှမ်းတွေးလေ့ ရှိကြတယ်။ တကယ်တော့ နှစ်ယောက် တစ်ပိုင်းရှိတဲ့ မိသားစုမှာလည်း ခေါင်း ဆောင်ရှိတယ်။ ဆယ့်လေးငါးယောက်လောက်နဲ့ ကုမ္ပဏီမှာလည်း ခေါင်းဆောင်ရှိတယ်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေး ကဏ္ဍစုံမှာလည်း ခေါင်းဆောင်တွေ ရှိကြပါတယ်။ ဘမောင်တို့ အလေးအနက်ထား ပြောတာက စီးပွားရေးဘက်က ခေါင်းဆောင်တွေ အကြောင်း၊ သူတို့ရဲ့ အရည် အသွေး၊ ကျွမ်းကျင်မှု ဘယ်လောက် ရှိရမယ် ဆိုတဲ့ အကြောင်း။

Globalization အကြောင်း ဘမောင် ရှင်းပြတယ်။ ကမ္ဘာဆန်မှုက အနောက်နဲ့ အရှေ့၊ ကမ္ဘာ့အပေါ်ခြမ်း အောက်ခြမ်း ယဉ်ကျေးမှုကအစ အမြင် အသိတွေ အကူးအလူးကြောင့် မဖွံ့ဖြိုး သေးတဲ့ နိုင်ငံတွေက စီးပွားရေးခေါင်း ဆောင်တွေ ကိုယ့်ပေတံနဲ့ ကိုယ်တိုင်းလို့ မရတော့ဘူး။ အဲဒီ ကမ္ဘာဆန်မှုက အရည်အသွေး နည်းတဲ့ ခေါင်းဆောင်တွေကို ဆွဲတင် သွားတယ်။

၁၉၂၀ လောက်မှာ Globalization သိသာလာတယ်။ ၁၉၅၀ လောက်ကျတော့ နိုင်ငံ ၂၀ လောက် ပါလာပြီး ၁၉၇၀ မှာ နိုင်ငံပေါင်း ၄၀နဲ့ အခု ဆိုရင် နိုင်ငံပေါင်း ၁၈၀ နီးပါး ကမ္ဘာဆန်ခြင်းရဲ့ ရေစီးထဲ မျောပါ သွားကြပြီ။ ကမ္ဘာမှာ စုစုပေါင်း နိုင်ငံ ၂၀၀ လောက်ပဲ ရှိတယ်။ နိုင်ငံပေါင်း ၁၈၀ လောက် ကမ္ဘာဆန်တယ် ဆိုတဲ့ နေရာမှာ နိုင်ငံတိုင်း အပြည့်အ၀တော့ မဟုတ်ဘူးပေါ့။ တချို့နည်းနည်း၊ တချို့များများ သက်ရောက်မှုတွေကို ငြင်းမရဘဲ လက်ခံ လိုက်ရတယ်။

ကမ္ဘာဆန်တဲ့ ရေစီးကြောင်းမှာ Change ဆိုတဲ့ အပြောင်းအလဲတွေ အများကြီး ပါလာပါတယ်၊ Hamburger ကအစ နည်းပညာ၊ အတွေးအခေါ်၊ အသုံး အဆောင် အများကြီး ပဲပေါ့။ အားလုံးကိုတော့ ငြင်းဆန်လို့ မရဘူး။ လူအမျိုးမျိုး၊ စိတ်အထွေထွေမှာ ယူသင့်တာယူ၊ ပယ်သင့်တာပဲ ပယ်လို့ရမယ်။ ခြုံငုံပြီးတော့ ကမ္ဘာဆန်မှုရဲ့ သက်ရောက်ခြင်း (Impact) အပေါ် ဘယ်လို မှတ်ချက်ပေးကြသလဲဆိုရင်…

‘You learn to change rather than becoming a victim of change’ ဆိုတဲ့ အပြောင်းအလဲပေါ်မှာ သင်ခန်းစာ ယူပြီး လိုက်ပါမလား။ ဒါမှမဟုတ်ရင် အပြောင်းအလဲရဲ့ သားကောင် အဖြစ် ခံမလားလို့ ဆိုလိုတာပါ။ တိုးတက်ဖို့ ရှာကြံကြတဲ့ သူတွေကတော့ သားကောင်အဖြစ် ဘယ်ခံပါ့မလဲလေ။

ခေါင်းဆောင်၊ ခေါင်းဆောင်မှု (Leader-Leadership) ကို ခပ်တိုတို နားလည်အောင် သည်လိုလည်း ပြောကြလေရဲ့။

Previous learning, experiences and influence.

အတိတ်က လေ့လာခဲ့မှု၊ အတွေ့ အကြုံနဲ့ တစ်ဖက်ကို လွှမ်းမိုးနိုင်မှုပေါ့။ ခေါင်းဆောင်ကောင်းတွေက သူတို့ ပြောတာကို ဖြစ်အောင်လုပ်လို့ ရှိကြတယ်။ အပြောတခြား အလုပ်တခြား မဟုတ်ဘူး။ မုသားမပါ၊ လင်္ကာ မချော နဲ့တော့ မရောစေချင်ဘူးပေါ့။ Leaders practice what the preach တဲ့။
ခေါင်းဆောင်တွေကို အရင်က သီးခြား လူတန်းစားလို့ သဘောထား ခဲ့တဲ့ အယူအဆ ရှိဖူးတယ်။ အခုခေတ်မှာ မဟုတ်တော့ဘူး။ Leaders, as members ဆိုတဲ့ အဖွဲ့ဝင်တွေနဲ့ တသားတည်း ကျသွားပြီ။ ခေါင်းဆောင်ဟာ သီးခြား ဖြစ်ခဲ့ရင် အာဏာရှင် ဆန်သွား နိုင်လို့ပါ။ ပြီးတော့ Leader တွေဟာ Responsibility ဆိုတဲ့ တာဝန်ယူမှု၊ Accountability ဆိုတဲ့ တာဝန်ခံမှုတွေ ကိုလည်း မငြင်းဆန်ရပါဘူး။ တချို့က လုပ်ငန်း အတွက် တာဝန်ယူ တတ်ကြ ပေမယ့် ရလဒ် အပေါ် တာဝန် မခံချင်ဘူး။ ဥပမာ ကုမ္ပဏီက အကြီးအကျယ် ရှုံးရင် တာဝန်ခံလို့ နုတ်ထွက်ပေးလိုက် ရတာမျိုးပေါ့။ ကိုယ့်ကိုယ်ကျိုးထက် အများ အကျိုးကို ပိုပြီး လေးစားတဲ့ သဘောလည်း ဖြစ်တယ်။

အရင် ခေါင်းဆောင်တွေက တာဝန် လွှဲပြောင်းယူလို့ ရှိရင် Commitment ဆိုတဲ့ ကတိစကား သိပ်မပေး ရဲကြဘူး။ အခုခေတ် ခေါင်းဆောင်တွေက “ဘာဖြစ်စေ ရပါ့မယ်” ဆိုတဲ့ ကတိ စကားကို ရဲရဲကြီး ပေးလေ့ရှိကြတာ ယဉ်ကျေးမှု တစ်ခုလို့တောင် ပြောလို့ရပြီ။ CEO ထဲမှာ ဘမောင် သဘောကျတဲ့ Carlos Ghson ဆိုရင် နစ်ဆန်း မော်တော်ကား ကုမ္ပဏီကြီးကို လွှဲယူတော့ အကြွေး ပါလာတဲ့ (US$ 2.4 bil) ကို ၂ နှစ် အတွင်း ပြန်ဆပ်မယ် ဆိုတဲ့ ကတိစကား နဲ့ တာဝန်ကို လက်ခံခဲ့တယ်။ သူပြောခဲ့တဲ့ အတိုင်း လုပ်ပြခဲ့တယ်။ မြန်မာ့ စီးပွားရေး လောကမှာ အဲသလို လူမျိုး အများကြီး ရှိစေချင်တယ်။
နောက်ရှိသေးတယ်။ ခေါင်းဆောင်တွေ ရှိသင့်တဲ့ နေရာနဲ့တာဝန်၊ Position ပေါ့။ အရင် ပုံစံဟောင်းမှာ ခေါင်းဆောင် ဆိုတာ ဦးဆောင်သူဖြစ်လို့ မြားရဲ့ထိပ် မှာ ရှိသင့်တယ် ဆိုတဲ့ အယူအဆနဲ့ ဘာလုပ်လုပ် ခေါင်းဆောင်က ရှေ့ကသွားတယ်။ မြားအလယ် နေရာမှာ မန်နေဂျာ တွေပေါ့။ မြားအမြီးမှာ သာမန် ၀န်ထမ်းတွေ၊ အခုခေတ် ခေါင်းဆောင် တွေကျတော့ အယူအဆ ပြောင်းသွား ကြပြီ။

လေးက ထွက်သွားတဲ့ မြားက ခရီးတော့ ရောက်ပါရဲ့။ လိုချင်တဲ့ နေရာ ရောက်ဖို့လိုတယ့်  အယူအဆပေါ်မှာ အခြေခံတာ၊ အဲဒီမြား လိုရာခရီး လည်းရောက်၊ သွားချင်တဲ့ “လားရာ” လည်း မှန်အောင်လို့ ထိန်းညှိ တည့်မတ် ပေးတာက မြားအမြီးပိုင်း ဆိုတာ တွေ့လာရတယ်။ အဲဒီ အယူအဆနဲ့ အခုခေတ် ဖွဲ့စည်းပုံတွေမှာ မန်နေဂျာတွေ မြားထိပ်မှာနေ၊ အလယ်က ၀န်ထမ်းတွေ၊ နောက်ဆုံး မြားအမြီးက ပဲ့ထိန်း အနေနဲ့ ခေါင်းဆောင်တွေ နေကြတော့တယ်။ အဲဒီ အယူအဆနဲ့ အလုပ်လုပ်တာ ပိုမှန်တယ်။ ပိုလည်း ထိရောက်တယ်။ ခေါင်းဆောင် ဆိုတာ Guidance ဆိုတဲ့ ထိန်းသိမ်းမှု ပေးဖို့ပဲ။ နေရာတကာ သူပါလို့မှ မဖြစ်တာ။
ဘမောင်တို့ ဆီက အဖွဲ့အစည်း ယဉ်ကျေးမှုမှာ ခေါင်းဆောင်တွေ နေရာ တကာ ရှေ့ကနေတာ ရှိနေတုန်းပဲ။ Old Model ကို စိတ်မကုန် သေးလို့နဲ့ တူတာပဲ။

ခေါင်းဆောင်နဲ့ ပတ်သက်လာရင် စိတ်ဝင်စားစရာ ကောင်းတဲ့ အယူအဆ တစ်ရပ် ရှိသေးတယ်။
Leaders are born (မွေးရာပါ)
Leaders are made (လေ့ကျင့်ယူခြင်း)

1940s ခေတ်တွေဆီက ဟစ်တလာတို့၊ ရုစဗဲ့လ်တို့၊ စတာလင်တို့ရဲ့ အမူအကျင့်တွေနဲ့ ချဉ်းကပ်ကြတဲ့ သူတွေက ခေါင်းဆောင်ဆိုတာ မိုးပေါ်က ကျလာသလိုပဲ မွေးရာပါ ဇာတာ ပါလာသူတွေလို့ ဆုံးဖြတ်ကြတယ်၊ 1960s ခေတ်တွေ ရောက်လာတော့ ကမ္ဘာ့နိုင်ငံ အသီးသီး၊ စီမံခန့်ခွဲမှု ကျောင်းကြီးတွေက မွေးထုတ် လိုက်တဲ့ ခေါင်းဆောင်တွေ မနည်းမနော ကြီးပွားလာကြတာ တွေ့ရတော့ ‘Leaders are made’ ဆိုတဲ့ ခေါင်းဆောင်ကို လေ့ကျင့် ယူလို့ရတယ် ဆိုတဲ့ အယူအဆက ခြေဖျက်လိုက်တယ်။ ခရစ်နှစ် (၂၀၀၀) ကျော်မှာတော့ ပြောစရာ မလိုတော့ဘူး။ ပညာ ကောင်းကောင်း သင်ပြီး အတွေ့ အကြုံ ကောင်းကောင်း ပေးနိုင်ရင် ဘယ်သူမဆို ခေါင်းဆောင်ဖြစ်ခွင့် ရှိသွားကြပြီ။ စိတ်ဝင်စားဖို့ ကောင်းတယ်။

ခေါင်းဆောင်ရဲ့ စရိုက်၊ အမူအကျင့်၊ အလေ့အထနဲ့ ပတ်သက်ပြီး ခွဲခြမ်း စိတ်ဖြာလိုက်ရင် အမျိုးပေါင်း ၅၀ ကျော် လောက် ရှိတယ်။ သန်ရာ သန်ရာ အခြေခံ ခေါင်းဆောင်တွေပေါ့။ အဲဒီထဲက Autocratic (အာဏာရှင်)နဲ့ Democratic (ဒီမိုကရက်တစ်) ဆိုတဲ့ ခေါင်းဆောင် နှစ်မျိုးရဲ့ လုပ်ပုံကိုင်ပုံ၊ အကျိုးရလဒ် တွေက နှိုင်းယှဉ်ပြဖို့ ကောင်းလာတယ်။ Decision Making ဆိုတဲ့ အဆုံးအဖြတ် ပေးမှုအပေါ် အခြေခံပြီး လေ့လာရရင် Autocratic Leader က အဆုံး အဖြတ်ကို သူတစ်ဦးတည်း လုပ်တယ်။ Democratic Leader က တိုင်ပင်၊ ညှိနှိုင်း၊ ဆွေးနွေးပြီးမှ အသင့်လျော်ဆုံးလို့ ထင်တဲ့ အဆုံးအဖြတ်ကို ပေးတယ်။ Autocratic / Democratic ဆိုလို့ နိုင်ငံရေးမှာ တင်ချည်း ရှိတာ မဟုတ်ဘူး။ စီးပွားရေးမှာလည်း ရှိတယ်။ လူမှုရေးမှာလည်း ရှိတယ်နော်။ မိသားစုလေး တစ်ခုအတွင်း မှာလည်း ရှိတယ်။

နောက် ဒုတိယအချက်က Control of Operation ဆိုတဲ့ စီမံခန့်ခွဲမှုကို ထိန်းသိမ်းတဲ့ အချက်၊ Autocratic က အရာရာကို သူကိုယ်တိုင် ညွှန်ကြားတယ်။ သူမပါရင်မပြီးဘူး။ Democraticက စနစ် (System) တစ်ခုကို ထူထောင်ပြီး အဲဒီ စနစ်ရဲ့ အပံ့အပိုးနဲ့ လုပ်တယ်။

နောက် တတိယအချက်က Communication ဆိုတဲ့ အပေါ်အောက် အပြန်ပြန် အလှန်လှန် ဆက်သွယ်ရေး လမ်းကြောင်း၊ Autocratic ကတော့ လားရာမဲ့ သူအမိန့် ပေးလိုတဲ့ သူကို တိုက်ရိုက် အမိန့် ပေးတဲ့ စနစ်ကို သုံးတယ်။ Democratic ကတော့ ပြန်လည် ဆွေးနွေးခွင့်၊ တင်ပြခွင့်၊ အကြံ ဥာဏ် ဖလှယ်ခွင့် စတာတွေကို ပေးတယ်။ စနစ်တစ်ခုရဲ့ အောက်မှာပဲ အလုပ်လုပ်တယ်ပေါ့။ အဲဒီ အခြေခံ မူလ ပင်မ သုံးချက် အပေါ် အကွာအဟကို နှိုင်းယှဉ် လိုက်တော့ နောက်ဆုံး အဖြေ ရလဒ်မှာ Autocratic က စွန့်စားရမှု များပြီး ရလဒ် ကောင်းထက် ဆန့်ကျင် ဘက်ကို ရတာများတာ တွေ့ရပါတယ်။ ဒီမိုကရက်တွေကတော့ သင့်တင့်တဲ့ စွန့်စားမှု (Moderate Risk) လောက် သာရှိပြီး ရလဒ်ကောင်းတွေ ရတတ်တာ သာဓက အများကြီးပဲ ဖြစ်ပါတယ်။ ဒီမိုကရက်၊ အော်တိုကရက်လို့ ပြောရင် နိုင်ငံရေး ရှုထောင့် တစ်ခုတည်းကသာ ကြည့်လို့ ရတာမျိုး မဟုတ်ဘဲ စီးပွားရေးမှာပါ လုံးဝ အကျုံးဝင်တယ်လို့ ပြောချင်ပါတယ်။

ဆက်ပါအုံးမယ်ရှင်…………

Jeans Take Shape

Standard
Image Hosted by ImageShack.us

ရွေးစရာ ဂျင်းဘောင်းဘီတွေ တစ်လှေကြီးရှိနေတဲ့ ဒီလိုခေတ်မျိုးကြီးထဲမှာ ဂျင်းကောင်းကောင်းလေးနဲ့ လှလှလေး တစ်ထည်ရဖို့ ဈေးဝယ်ထွက်ရတာဟာ နည်းနည်းတော့ စိတ်ရှုပ်စရာ ကောင်းလှပါတယ်။ ကျွန်မဆိုလည်း ဂျင်းဘောင်းဘီကို အသေကြိုက်တာ။ ဒါပေမယ့် တစ်ကယ်တမ်း ဂျင်းဝယ်ထွက်တဲ့ အချိန်မျိုးမှာဆို ဘယ်ဟာကို ရွေးလို့ ရွေးရမယ်မှန်း မသိပဲ complicated ဖြစ်တတ်တယ်ရှင့်။ အမျိုးသမီး တော်တော်များများရဲ့ အ၀တ်ဗီဒိုတွေထဲမှာလည်း ဂျင်းတွေဟာ နေရာယူတတ်ကြပါသေးတယ်။ ဒေါက်ဖိနပ် ချွန်ချွန်သေးသေးလေးတွေနဲ့ ဂျင်းကျပ်ကျပ်ကလေးတွေသာ ၀တ်မယ်ဆိုရင်.. WOW!! လုံးဝ လန်းသွားပြီပေါ့ရှင်။ ဂျင်းတစ်ထည်ကို ၀ယ်ဖို့အတွက် အဓိက စဉ်းစားရမယ့် အချက်တွေထဲမှာ အရောင်၊ အရည်အသွေး၊ cutting နဲ့ brand တွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်ရှင်။ ဂျင်းနဲ့ပတ်သက်လို့ စုစည်းလို့ ရမိသလောက်လေးကို တင်ပြပေးလိုက်တယ်နော်။

THE RIGHT FIT

ကိုယ်နဲ့ Fit ဖြစ်တဲ့ ဘောင်ဘီမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ဖို့က လူတိုင်းအတွက် အရေးကြီးပါတယ်ရှင်။ အမျိုးသားတွေကတော့ ခန္ဓာကိုယ်နဲ့ ကွက်တိကြီးကို Fit ဖြစ်နေတဲ့ ဘောင်းဘီမျိုးကို ရှောင်သင့်ပါတယ်။ သာမန် ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်တဲ့သူတွေကတော့ သမရိုးကျ ဂျင်းဘောင်းဘီ ပုံစံမျိုးတွေနဲ့ ပိုလိုက်ဖက်ပါလိမ့်မယ်။ အရမ်းကို ခေတ်ရှေ့ပြေးနေတဲ့ ဘောင်ဘီမျိုး မဟုတ်ဘူးပေါ့နော်။ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ သူမျိုးတွေ ကျပြန်တော့ boot – cut Style မျိုးကို ၀တ်ဆင်သင့်ပါတယ်တဲ့။ တင်ပါးအရမ်းကြီးကို ကြီးနေတဲ့ သူမျိုးတွေကတော့ အောက်ရှူးတဲ့ ဘောင်းဘီမျိုးကို ၀တ်ဆင်သင့်ပါတယ်။ ခုခေတ်အခေါ် ချက်ပြုတ်လို့ ခေါ်တဲ့ Skinny Jeans မျိုးတွေမဟုတ်ပဲ high – Waist ဖြစ်တဲ့ ဂျင်းဘောင်းဘီမျိုးပေါ့။ ခန္ဓာကိုယ် အောက်ပိုင်းပုတဲ့ သူမျိုးတွေကတော့ အစင်းတွေပါတဲ့ ဘောင်းဘီမျိုးနဲ့ သင့်တော်မှာ ဖြစ်ပြီး ပေါင်လုံးကြီးတဲ့သူတွေကတော့ အရမ်းကိုကျပ်ထုပ်နေတဲ့ ဘောင်းဘီမျိုးမဟုတ်ပဲ အနေတော်ကိုသာ ၀တ်ဆင်သင့်ပါတယ်။ Low Waist ဘောင်းဘီမျိုးကလည်း သင့်တော်မှာပါ။ ဘောင်းဘီအောက်ဖျားတွေက သိပ်မရှည်ပဲ ဖိနပ်အလယ်နားလောက်မှာ ကျနေတာမျိုးဆိုရင်တော့ ပိုကောင်းတာပေါ့ရှင်။

အဲတော့ ဂျင်းဘောင်းဘီတွေ ၀ယ်တဲ့အခါ ဘယ်လိုမျိုးအချက်တွေကို ရွေးဝယ်ရမလဲ ဆိုတာကိုလည်း တစ်ချက်လောက် ပြောပြချင်ပါတယ်။
  • Lycra 2% လောက်ပါဝင်တဲ့ ဂျင်းသားကို ရွေးချယ်ဝယ်ယူပါ။ ဒါမှ ဘောင်းဘီတွေဟာ ပြန့်နေမှာဖြစ်ပြီး၊ ခန္ဓာကိုယ်ပုံစံကိုလည်း ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီကို ဘယ်လို cut လုပ်ထားလဲဆိုတဲ့ အချက်လည်း ပေါ်လွင်နေမှာ ဖြစ်ပါတယ်ရှင်။
  • အညွှန်းတွေဟာ price tap ရဲ့ နောက်ဘက်မှာ ရှိနေတယ်ဆိုတာ မမေ့ကြပါနဲ့
  • ဂျင်းဘောင်းဘီတွေကို try ကြည့်တဲ့အခါ ထိုင်ကြည့်ဖို့ကိုလည်း လိုပါလိမ့်မယ်။ ဒါမှ ဒီဘောင်းဘီဟာ comfort ဖြစ်လား မဖြစ်လားဆိုတာ သိရမှာပေါ့။
  • ဘောင်းဘီတွေရဲ့ Size သတ်မှတ်ချက်ဟာ Brand တစ်မျိုးနဲ့ တစ်မျိုးကြား ကွဲလွဲချက်တွေ ရှိပါလိမ့်မယ်။ ဒါကြောင့် Size တစ်မျိုးတည်းကိုပဲ ပုံသေမှတ်ထားတာမျိုးထက် ကိုယ်နဲ့အဆင်ပြေရာကို ရွေးချယ်တာက ပိုကောင်းပါလိမ့်မယ်ရှင်။
  • ပြီးတော့ နည်းနည်းကျပ်တဲ့ ဘောင်းဘီမျိုးကို ၀ယ်ပါ။ ဂျင်းတွေက နောက်ပိုင်းမှာ ပိုပိုချောင်လာတတ်တဲ့အတွက် ဖြစ်ပါတယ်။

SHADES OF BLUE

ဂျင်းတွေဟာ များသောအားဖြင့် အပြာရောင် ဆိုပေမယ့် တစ်ကယ့်စံနဲ့ကိုက်ညီတဲ့ အရောင်မျိုးကို ရွေးရတာကျတော့ မလွယ်ပြန်ပါဘူးရှင်။ အဓိက ကတော့ အရောင်ကြာရှည်ခံပြီး ကိုယ်သွားလာချင်တဲ့ နေရာမျိုးနဲ့ အံကိုက်ဖြစ်ဖို့ပဲ မဟုတ်လား။ အရောင်လွင်လွင်လေးတွေကတော့ ပိုပြီး casual ဆန်ပါတယ်။ အပြာရင့်ရင့်ကျပြန်တော့ ညဘက်လမ်းလျှောက်ထွက်တဲ့ အချိန်မျိုးတွေမှာ ၀တ်ဆင်သင့်ပါတယ်တဲ့။ အနက်ရောင်ဘောင်းဘီတွေ ရှိတယ်ဆိုပေမယ့် သိပ်ပြီးတော့ popular ဖြစ်တာကို မတွေ့ရပါဘူးရှင်။

MATERIAL

ဂျင်းထည် တော်တော်များများကတော့ ချည်နဲ့ လုပ်ထားတယ်လို့ ပြောလို့ရပေမယ့် ဆွဲသားပါတဲ့ ဂျင်းမျိုးတွေက ပိုကောင်းပါတယ်။ ဆွဲသားပါတဲ့အတွက် ခန္ဓာကိုယ်နဲ့ ကပ်နေပြီး သွားရ လာရတာလည်း ပိုမိုပေါ့ပါး သက်တောင့် သက်သာ ရှိစေပါတယ်။ ဒါမျိုးဘောင်းဘီတွေဟာ အရမ်းကြီး ကျပ်တဲ့ပုံစံမျိုးနဲ့ သက်တောင့်သက်သာလည်း ဖြစ်စေတယ်လေ။ ဆွဲသားဖြစ်တဲ့အတွက် အထိုင်အထ လုပ်တဲ့အခါမှာလည်း အဆင်ပြေစေပါတယ်။

TAKING CARE

ဂျင်းဘောင်းဘီတွေကို အကောင်းဆုံး ထိမ်းသိမ်းဖို့ နည်းကတော့ ပြောင်းပြန်လှန်ပြီး ရေအေးအေးနဲ့ လျှော်ဖို့ပါပဲ။ လူတော်တော်များများက ဂျင်းဘောင်းဘီကို လျှော်တဲ့အခါ ဆပ်ပြာမှုန့်တွေ များများသုံးတတ်ကြပါတယ်။ ဒါ မလုပ်သင့်ပါဘူးရှင်။ ဆားတစ်ဇွန်းလောက် ထည့်လျှော်တာမျိုးက အရောင်မလွင့်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။

STYLES AND TRENDS

ဒီနေ့ခေတ်ရဲ့ ဂျင်းစတိုင်တွေကတော့ တစ်ဖြည်းဖြည်း အနောက်ကို ပြန်သွားနေတဲ့ သဘောမှာ ရှိနေပါတယ်။ ဒူးနဲ့ ဘောင်းဘီအိတ်အောက်နားမှာ အတွန့်ရာတွေပါတဲ့ ဘောင်းဘီမျိုးတွေ၊ ပေါင်တစ်လျှောက်မှာ အရောင်ခပ်မွဲမွဲ လုပ်ထားတာမျိုးတွေ စတဲ့ ဂျင်းဘောင်းဘီတွေဟာ ထင်သလောက်တော့ စတိုင်လ်မမိုက်ဘူးရှင့်။ ကဲ တွေ့ရလေ့ရှိတဲ့ ဂျင်းဘောင်းဘီမျိုးတွေကို တစ်ချက်လောက် ကြည့်ရအောင်နော်။
Skinny အမျိုးအစားတွေ၊ အောက်ဝ ကျယ်တဲ့ ဘောင်းဘီတွေ၊ အရောင်ပါတဲ့ ဂျင်းတွေ၊ အကုန်လုံးကတော့ မိုက်နေတာ ချည်းပါပဲ။

Image Hosted by ImageShack.us

Skinny Jeans ကိုတော့ ကျွန်မလည်း တော်တော်ကြိုက်ပါတယ်။ 2008 မှာခေတ်စားလာသလို မိန်းကလေး တော်တော်များများလည်း ၀တ်လာကြပါတယ်။ ခုတစ်လော ကျွန်မ၀ယ်ဖြစ်တဲ့ ဂျင်းတွေကလည်း Skinny တွေချည်းပဲ။
Image Hosted by ImageShack.us

High-waist Jeans တွေကတော့ ခေတ်သိပ်မစားတော့ပါဘူး။ ကျွန်မလည်း လုံးလုံးကို မကြိုက်ပါဘူးရှင်။ ဒါပေမယ့် Celebrity တော်တော်များများကတော့ တော်တော်လေးကို ၀တ်ကြပါတယ်။ Gwen Stefani, Gwyneth Paltrow နဲ့ Kate Moss တို့တွေပေါ့။
Image Hosted by ImageShack.us

Wide-leg jeans မျိုးတွေကျတော့ ၀တ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ အရမ်းကို classic ဖြစ်တာပေါ့။

Image Hosted by ImageShack.us

Colored Jeans တွေကတော့ ခုချိန်မှာ အရမ်းကို ခေတ်စားနေပြီပေါ့။

Image Hosted by ImageShack.us

BRANDS

ဂျင်းဘောင်းဘီ အမျိုးအစားတွေသာမက တံဆိပ်တွေလည်း စုံလင်လှတဲ့အတွက် ကိုယ်နဲ့ Fit ဖြစ်တဲ့ လိုက်ဖက်တဲ့ ဘောင်းဘီတစ်ထည်ကိုရဖို့ တော်တော်လေးတော့ ရှာဝယ်ရမှာပေါ့။ ကိုယ်နှစ်သက်တဲ့ တံဆိပ်ကိုပဲ စွဲပြီး ၀တ်နေတာမျိုးထက် Design ကိုဦးစားပေးသင့်တယ်လို့ ကျွန်မက ထင်ပါတယ်ရှင်။ ပြောင်းလဲနေတဲ့ Fashion ရေစီးကြောင်းနဲ့အညီ အပြောင်းအလဲလေးတွေ ၀တ်ဆင်ပါမှ ကိုယ့်စတိုင်လ်ကို ထိမ်းရာလည်း ရောက်တယ် မဟုတ်လား။ ဒါကြောင့် Brand စုံ Design စုံ ၀တ်ဖို့ကို တိုက်တွန်းလိုက်ရပါတယ်ရှင်။

HISTORY

19 ရာစုနှစ်လောက်က ဖြစ်ခဲ့တဲ့ California Gold Rush သတ္တုတွင်း တူးသမားတွေက စုတ်လွယ်၊ ပြဲလွယ်တဲ့ အ၀တ်အထည်မျိုးထက် ခိုင်ခန့်တဲ့ အထည်မျိုးကိုသာ ၀တ်ဆင်ချင်ကြပါသတဲ့။ အဲဒီတော့ Jacob Davis ဆိုတဲ့ အ၀တ်ချုပ်သမားတစ်ယောက်က မစုတ်နပြဲစေတဲ့ ဖျင်ကြမ်းတစ်မျိုးကို ချုပ်လုပ်တီထွင်လိုက်ပါတယ်။ အဲဒါတွေက ဒီနေ့မှာ ဂျင်းရယ်လို့ ဖြစ်လာတဲ့ အရာတွေပေါ့ရှင်။ သူက သူ့ရဲ့ အိုင်ဒီယာကို ဆက်ထိန်းထားချင်ပြီး ဈေးကွက်ကိုလည်း ချဲ့ထွင်ချင်တာပေါ့။ ခက်တာက သူ့မှာ ငွေးကြေးကလည်း အဆင်မပြေပြန်ဘူးလေ။ အဲဒီတော့ 1872 ခုနှစ်လောက်မှာ Levi Strauss ဆိုတဲ့ လူတစ်ယောက်နဲ့ ဆက်သွယ်မိပြီး ဂျင်းတွေကို အကြီးအကျယ် ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် 1930 အစောပိုင်းကာလလောက်ထိတော့ ရုပ်ရှင်တွေမှာ မင်းသမီး၊ မင်းသားတော်တော်များများက ဂျင်းတွေမ၀တ်ကြသေးတော့ ခေတ်စားသင့်သလောက် ခေတ်မစားခဲ့သေးပါဘူး။ ဒီနေ့ခေတ်မှာတော့ လူတိုင်း လူတိုင်းဟာ ဂျင်းမှဂျင်းပါပဲရှင်။ အရောင်စုံ၊ ဒီဇိုင်းစုံနဲ့ brand မျိုးစုံတွေကြားမှာ ကျွန်မတို့ အိပ်ကပ်တွေထဲက ပိုက်ဆံတွေလည်း ထွက်မှန်းမသိ ထွက်ကျနေလေရဲ့။

စစ်ကိုင်းပညာဒါနသင်တန်း အတွက် အလှူရှင်များ လိုအပ်

Standard

စစ်ကိုင်းပညာဒါနသင်တန်း အတွက် အလှူရှင်များ လိုအပ်

စစ်ကိုင်းမြို့ ၊စစ်ကိုင်းတောင်ရိုး၊ သာသနဝေပုလ္လကျောင်းတိုက်တွင် စစ်ကိုင်းတောင်ရိုးတွင် သီတင်းသုံး နေထိုင်သော၊ ရဟန်း၊ သာမဏေ ၊ သီလရှင်များနှင့် ၊ငွေကြေးချို့ တဲ့သော လူပုဂ္ဂိုလ်များ အား ကွန်ပျူတာနည်းပညာနှင့်ပတ်သက်၍ ဦးဇင်းဦးကောဝိဒမှ အခမဲ့ သင်တန်းများပို့ ချပေးလျှက်ရှိပါတယ်။ အဲဒီလိုပို့ ချပေးတဲ့နေရာမှာ နောက်ပိုင်း သံဃာအင်အား လူအင်အားများပြားလာတာနဲ့ အမျှ စက်အင်အား၊ အဆောက်အဦးတွေ လိုအပ်လာပါတယ်။

အခုလောလောဆယ် သင်တန်းကျောင်း အတွက် လိုအပ်နေတာက ကွန်ပြူတာများပဲ ဖြစ်ပါတယ်။ ဦးဇင်းဦးကောဝိဒ အနေနဲ့ တတ်နိုင်တဲ့ အင်အားနဲ့ ကြိုးစားပြီး ဖွင့်ထားရပေမယ့် စက်အင်အားက လောလောဆယ် ၆လုံးပဲ ရှိပါသေးတယ်။ (အခုလက်ရှိ ပညာဒါန သင်တန်းကို လျှောက်လွှာတင်သူ သင်တန်းသား ဦးရေက ၅၀ လောက်ရှိနေပြီလို့ ကြားသိရပါတယ်)။ ထို့ကြောင့် လိုအပ်သော ကွန်ပြူတာများ အတွက် အလှူရှင်များလိုအပ်နေပါတယ် ခင်ဗျာ။

နောက်တခု လိုအပ်ချက်ကတော့ စစ်ကိုင်းမှာ လျှပ်စစ်မီး ပုံမှန် မရရှာပါဘူး။ ဒါကြောင့် သင်တန်းပုံမှန် လည်ပတ်နိုင်ရေး အတွက် မီးစက်လဲ အရေးတကြီး လိုအပ်နေပါတယ်။ မီးစက်ရဲ့ တန်ဖိုးကတော့ မြန်မာကျပ်ငွေ ၁၇၀၀၀၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။ သို့ပါ၍့ ရပ်ဝေး ရပ်နီးမှ အလှူရှင်များ အနေနဲ့ ပညာဒါန အလှူ အတွက် လှူဒါန်းပေးစေလိုပါတယ် ခင်ဗျာ။

ပြည်တွင်းမှ လှူဒါန်းလိုသူများ အနေနဲ့
မန္တလေး ရိုးမဘဏ် (ရတနာပုံ)၊
ဦးကောဝိဒ -၉/ပဥလ(သ)၀၀၀၅၂၆
ဦးရဲဝင်းနောင် 09-2028917 ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ် ခင်ဗျာ။

ပြည်ပမှ လှူဒါန်းလိုသူများ အနေနဲ့တော့.. ကျွန်တော့် အီးမေးလ်
minnyoonthit@gmail.com ကို ဆက်သွယ်ပြီး လွှဲရမယ့် နာမည်နဲ့ မှတ်ပုံတင် ပေးပါ့မယ်။

Source: www.minnyoonthit.net

If you see your boyfriend walking with another girl….!!

Standard

မိန်းကလေး စုမိပြီဆိုလျှင် ဟိုရောက် ဒီရောက် စကားများတတ်တာ သဘာဝ။ ဖက်ရှင်အကြောင်း၊ အစားအသောက်တွေအကြောင်းကနေ သမီးရည်းစားတွေ အကြောင်းထိ ပြောတတ်ကြသလို၊ မိန်းမချင်းချင်း ပွင့်ပွင့်လင်းလင်းတွေလည်း ဆွေးနွေးတတ်ကြတာပေါ့။ ဒီလိုပါပဲ.. ဟိုနေ့က သူငယ်ချင်းတွေ စုမိပြီး ထွေရာလေးပါ စကားများဖြစ်ကြတယ်။ စလိုက်တာကတော့ ငါအခု ဘာကျောင်းတက်နေတယ်၊ ဒါပြီးရင် ဘာဆက်လုပ်မယ် ဆိုတာကိုတော့ စပြောကြတာပဲ။ နောက်တော့ ဘယ်သူက ဘယ်လိုစပြီး ပြောလိုက်တယ် မသိဘူး.. အချစ်အကြောင်း ရောက်သွားလေရဲ့။

ယောင်္ကျားတွေက မကောင်းဘူးလို့ ပြောပြီး အဲဒီ ယောင်္ကျားတွေနဲ့ ကင်းကင်းမနေနိုင်ကြတာဟာလည်း မိန်းမတွေပါပဲရှင်။ သြော် အလုပ်ထဲမှာ၊ ကျောင်းမှာ၊ စီးပွားရေး လုပ်တဲ့နေရာမှာလည်း ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းရတယ် မဟုတ်လားရှင့်။ အိမ်မှာတောင် အဖေတွေ မောင်လေးတွေ ရှိတတ်ကြသေးတယ်လေ.. ဟုတ်တယ် မဟုတ်လား။ အဲလို အဲလိုနဲ့ ပြောနေကြ ဆိုနေကြတုန်း မေးခွန်းလေး တစ်ခုထွက်လာလို့ ကျွန်မ အားလုံးသော သူငယ်ချင်း မိန်းကလေးများကို မေးလိုက်မိတယ်။

“ကိုယ့် ချစ်သူကို နောက်ကောင်မလေး တစ်ယောက်နဲ့ လမ်းမှာ တွဲလာနေတာကို တွေ့ရင် ဘာလုပ်မှာလဲ” လို့! ကျွန်မပြောတဲ့ နောက်ကောင်မလေးက သူတို့ရဲ့ နောက်ရည်းစား တစ်ယောက်ကို ပြောတာပါ။

အဖြေတွေကတော့ အမျိုးမျိုးပါပဲ…..

“ငါ သာဆိုရင်တော့ အဲနေရာမှာတင် ပွဲက ပြတ်သွားမှာ”

“တွေ့ကြည့်လိုက်လေ.. ပြုံးပြုံးကြီး ကြည့်ပေးလိုက်မယ်.. နေနှင့်အုံးပေါ့ကွာ ဆိုတဲ့ ပုံစံနဲ့”

“အမလေးလေး ငါးလောင်းပြိုင် လူသတ်မှုထက်ကို ဆိုးသွားမှာ ဘာမှတ်တုန်း”

“ငါသာဆိုရင် သွားနုတ်ဆက်ပြီး မိတ်ဆက်ပေးအုံးလေလို့ ပြောမိမှာပဲ”

“ကိုယ့်ရည်းစားကိုတော့ ဘာမှ မလုပ်ပါဘူးအေ.. အဲဒီမိန်းမကို ပါးသွားချလိုက်မယ်” (ဘုရား၊ ဘုရား)

ကိုယ်စတဲ့ မေးခွန်းက နောက်တော့လည်း ကိုယ့်ဘက်ပြန်လှည့်လာရော….”နေပါအုံး နင်ဆိုရင်ကော ဘာလုပ်မှာတုန်း”

ကျွန်မဆိုရင်ကော ဘာလုပ်မှာလဲ… ????????? တစ်ကယ်လို့များ ကိုယ်ချစ်ရတဲ့ ယောင်္ကျားတစ်ယောက်က ကွယ်ရာမှာ နောက်ကောင်မလေးတွေနဲ့ ရှုပ်နေတာကို သိခဲ့ရင်၊ မတော်တဆ လမ်းမှာ သူတို့နဲ့ တွဲသွားတာနဲ့ ဆုံခဲ့ရရင် ကျွန်မ ဘာလုပ်မိမှာလဲ။ ကျွန်မသူတို့ကို တစ်ကယ့်စိတ်ခံစားချက်အတိုင်း အဖြေပေးလိုက်ပါတယ်။

“ငါ သာဆိုရင် ပြေးပုန်းမှာ..၊ ငါ ချစ်တဲ့လူ ပျော်ဖို့အတွက် ငါ ဘာတွေပဲ သိထား သိထား၊ မသိသလိုပဲ နေပေးမှာပေါ့။ ထားခဲ့ရင်တောင် ကျေကျေနပ်နပ်ကြီး နေခဲ့လိုက်အုံးမယ်”

ကျွန်မလို မိန်းမမျိုးလည်း လောကကြီးမှာ တော်တော်များများ ရှိကြမှာပါ။ ရှိမယ်လို့ ယုံကြည်တယ်။ မိန်းမတွေကို နားလည်ရခက်တယ်လို့ ယောင်္ကျားတွေက ပြောကြတယ်။ ဒါဆိုရင် သူတို့တွေရဲ့ နားလည်မှု စွမ်းရည်တွေ နည်းနေလို့ပေါ့ရှင်။