London Trip to Attend One Young World Summit (Preparation)

Standard

လန်ဒန်ဆိုတာ ကျွန်မ အရမ်းသွားချင်ခဲ့ဖူးတဲ့ ကျွန်မရဲ့ အိပ်မက်ထဲက မြို့တော်ကြီးပါ။ ဒီမြို့ကြီးကို သွားလည်ဖို့ ကျွန်မ အကြိမ်ကြိမ်အိပ်မက်တွေ မက်ခဲ့ဖူးတယ်။ စိတ်ကူးတွေလည်း ယဉ်ခဲ့ဖူးတယ်။ လန်ဒန်ရောက်နေတဲ့သူတွေနဲ့ မိတ်ဆွေဖြစ်ရတာကို ဂုဏ်ယူစရာလို့လည်း ထင်ခဲ့ဖူးတယ်။ လန်ဒန်ရဲ့ ထယ်ဝါမှုတွေ၊ လန်ဒန်ရဲ့ ခမ်းနားမှုတွေကို ဓါတ်ပုံတွေကြည့်ပြီး ရူးခဲ့ဖူးတယ်။ ”ဘယ်တော့များမှ ဒီမြို့ကြီးဆီ ရောက်နိုင်ပါ့မလဲ” ဆိုပြီး အားတွေလည်းငယ်ခဲ့ဖူးတယ်။ တစ်သက်မှာ တစ်ခေါက်လောက်တော့ ရောက်အောင်သွားအုံးမယ်ဟဲ့ ဆိုပြီး သန္နိဌာန်လည်း ချခဲ့ဖူးပါရဲ့။

၂၀၀၉ ဒီဇင်ဘာလောက်တုန်းက လန်ဒန်မြို့မှာ One Young World Summit လို့ခေါ်တဲ့ Global Issues တွေနဲ့ ပတ်သက်ပြီး လူငယ်တွေဆွေးနွေးပွဲလေးတစ်ခုကို လုပ်မယ်လို့ ကျွန်မ သူငယ်ချင်းတစ်ယောက်က ကျွန်မကိုပြောတယ်။ စိတ်ဝင်စားရင်လျှောက်ကြည့်ပေါ့တဲ့.. သူက ပထမအဆင့်ကို မဲစနစ်နဲ့ ရွေးတယ်.. အရွေးခံရတော့မှ လျှောက်လွှာတွေ သေချာဖြည့်ခိုင်းတယ်.. သွားဖို့စပွန်စာကို ကိုယ်တိုင်ရှာရမှာတဲ့။ စပွန်စာကြေးကတော့ Euro 3000 တောင်းရမှာတဲ့။ မဲများများရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ့ Profile ကောင်းကောင်းသာရေးတဲ့.. သူငယ်ချင်းတွေကိုလည်း မဲပေးခိုင်းပေါ့တဲ့။ မဲ ၂၀၀ ကျော်ရင်တော့ ပါဖို့သေချာပါပြီတဲ့။ ဒါနဲ့ကျွန်မလည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကိုယ့်အကြောင်းကို ကောင်းကောင်းလေးရေးပြီး One Young World Delegate အဖြစ်အရွေးခံရဖို့ ရှိသမျှလူတွေကို မဲပေးခိုင်းခဲ့တာ အတော်များများ မှတ်မိအုံးမယ်ထင်ပါတယ်။ ဒါနဲ့ facebook မှာ သူငယ်ချင်းများတဲ့ ကျွန်မ တစ်ပတ်လောက်အတွင်းမှာပဲ မဲ ၂၀၀ ကျော်ပြီး Delegate အဖြစ် အရွေးခံရပါတယ်။ နောက်တော့ သူတို့ရဲ့ Application Form မှာ ကိုယ့်အကြောင်းတွေလည်း ဖြည့်ခိုင်း၊ essay တွေလည်းရေးခိုင်းပါတယ်။ ကိုယ်တိုင် စပွန်စာတောင်းဖို့အတွက် သူတို့ဆီက Recommendation Letter, Press Release Letter, Sponsor Letter Format တွေကို ပို့ပေးပါတယ်။ ဒါနဲ့ ကျွန်မလည်း နိုင်ငံတကာ Company ကြီးတွေကို တစ်ခြားသူတွေနည်းတူ စပွန်စာတောင်းရတော့တာပေါ့။ မြန်မာပြည်မှာက ကြီးကြီးမားမား Euro 3000 တတ်နိုင်တဲ့ Organization မရှိတော့.. Nokia, Total, OPEC အစရှိတဲ့ အဖွဲ့အစည်းတွေကို စာပို့ပြီး တောင်းပါတယ်။ တစ်ဘက်ကလည်း One Young World အဖွဲ့ကို စပွန်စာရှာရတာ အရမ်းခက်ခဲကြောင်းနဲ့ ကျွန်မတို့အတွက် ကူညီပြီး စပွန်စာရှာပေးဖို့အကြောင်း စာတွေ ဆယ်စောင်မကပို့ပေးခဲ့ပါတယ်။ One Young World Delegate Forum မှာလည်း စပွန်စာမရလို့ ညည်းကြတဲ့သူတွေ မနည်းမနောပါပဲ။ များသောအားဖြင့် ကျွန်မတို့လို့ Developing Country က Delegate တွေပေါ့။

ဒီလိုနဲ့ ရက်တွေသာ ကြာလာတယ် စပွန်စာလည်း မရခဲ့သလို One Young World အဖွဲ့ကလည်း စပွန်စာမရလို့ မတက်နိုင်ရင်လည်း စိတ်မညစ်ကြဖို့နဲ့ အွန်လိုင်းကနေ ဒီပွဲကြီးကို ဆင်နွှဲနိုင်ကြောင်း စာတွေပို့လာပါတယ်။ ကျွန်မလည်း မျှော်လင့်ချက်တွေ မဲ့လို့ပေါ့လေ။ မြန်မာပြည်က အရွေးခံရတဲ့ အခြား delegate တွေလည်း စပွန်စာ မရကြပါဘူး။ တစ်ကယ်ဆို မြန်မာပြည်က စုစုပေါင်း ငါးယောက် အရွေးခံထားရတာပါ။ Summit တက်ရဖို့တော့ ဝေးပါပြီဆိုပြီး အချင်းချင်းတောင် ပြောနေကြသေးတာ။

ဒီလိုနဲ့ ဇန်န၀ါရီလ (၈) ရက်နေ့မှာ ကျွန်မဆီကို One Young World က အီးမေလ်းလာပါတယ်။ American Express ကနေ ကျွန်မကို သူတို့ရဲ့ Official Sponsored Delegate အဖြစ် ရွေးချယ်လိုက်တယ်တဲ့။ သူတို့နဲ့ အင်တာဗျုးတွေ ဘာညာတွေ လုပ်ရမယ်တဲ့။ ကျွန်မမှာ ပျော်လိုက်တာ။ တစ်ညလုံးအိပ်မပျော်ခဲ့ပါဘူး။ လန်ဒန်သွားရမယ့် အရေးကိုလည်း စိတ်ကူးတွေ ယဉ်လို့ပေါ့။ ဒါနဲ့ passport အမြန်လုပ်ရပါတယ်။ Visa လျှောက်ဖို့လည်း ပြင်ဆင်ရတော့တာပေါ့။ ဟိုဘက်ကလည်း Invitation Letter တွေ ပို့ပေးပါတယ်။ Air Ticket လည်း ပို့ပေးပါတယ်။ ကျွန်မမှာတော့ Passport လည်း မရသေး.. ဗီဇာလည်း မလျှောက်ရသေးဘူးလေ။ ဒါနဲ့ ဇန်န၀ါရီလကုန် ဖေဖော်ဝါရီ လဆန်းလောက်မှာ Passport ရပြီး ချက်ချင်းပဲ ဗီဇာတွေ ဘာတွေလျှောက်ရတာပေါ့။ ကျွန်မကို လွယ်လွယ်ကူကူပဲ ဗီဇာပေးလိုက်ပါတယ်။ Counsellor နဲ့တောင် မတွေ့ခဲ့ရပါဘူး။ ဒီအတိုင်း ကျလာတာပါပဲ။ ကျွန်မရဲ့ Passport စာအုပ်မှာ ပထမဆုံး ဗီဇာက UK Visa ဖြစ်နေတာကို ၀မ်းသာလိုက်တာ မပြောပါနဲ့တော့။

တစ်ဘက်ကလည်း ကျွန်မ Summit မှာ သူများတွေနဲ့ ဆွေးနွေးနိုင်ဖို့ အင်တာနက်ကနေရော ၊ ဆရာတွေနဲ့ရော တိုင်ပင်ပြီး အချက်အလက်တွေ စုပါတယ်။ အင်တာနက် ကော်နက်ရှင် မကောင်းတဲ့အတွက် ကျွန်မပို့ပေးတဲ့ Link တွေဆီကနေတစ်ဆင့် ကျွန်မအတွက် Download တွေ လုပ်ပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။ အခြားတစ်ဘက်ကလည်း ကျွန်မရဲ့ မိဘ ဆွေမျိုး သူငယ်ချင်းတွေက ကျွန်မကို စိတ်ပူကြပါသေးတယ်။ ဒီ Summit က ဘာလား ညာလား.. ကျွန်မမြန်မာပြည်ပြန်လာရင် အန္တရာယ်တစ်ခု ဖြစ်နိုင်လားပေါ့လေ။ Press တွေကို အတတ်နိုင်ဆုံးရှောင်ဖို့လည်း ကျွန်မကို သတိပေးခဲ့ပါတယ်။ ကျွန်မကလည်း ဒါဟာ ဗဟုသုတ သွားယူတာဖြစ်ကြောင်း ဘာမှမထိခိုက်နိုင်ကြောင်း အတတ်နိုင်ဆုံးရှင်းပြပြီး Press တွေကိုတော့ ရှောင်ပါ့မယ်လို့ မိဘတွေကို ကတိပေးရပါသေးတယ်။

ဒီလိုနဲ့ ကျွန်မ ခရီးသွားရမယ့် ဖေဖော်ဝါရီလ (၅) ရက်နေ့က တစ်ဖြည်းဖြည်းနီးလာပါတယ်။ ဒီအတောအတွင်းမှာလည်း One Young World Group, Forum အစရှိတဲ့နေရာတွေမှာ တစ်ခြားနိုင်ငံက လာမယ့်သူတွေနဲ့လည်း သူငယ်ချင်းတွေလုပ်၊ အချင်းချင်းမိတ်ဆက်ကြ၊ အကြိုဆွေးနွေးပွဲလေးလုပ်ကြနဲ့ အတော်လေးပျော်စရာ ကောင်းခဲ့ပါတယ်။ ၀မ်းနည်းစရာ ကောင်းတာတစ်ခုကတော့ စင်ပေါ်ကနေ စကားပြောရမယ့် သူတွေထဲမှာ ကျွန်မ အရွေးမခံရပါဘူး။ အို လူ ၁၅၀၀ ထဲက ခြောက်ယောက်ထဲမှာ ပါဖို့ဆိုတာကတော့ ခက်ခဲပါတယ်လေလို့ ကိုယ့်စိတ်ကို ကိုယ်ဖြေပြီး ဒီအတိုင်း Informal Discussion လေးလုပ်ဖို့တော့ စဉ်းစားသွားခဲ့ပါတယ်။ ခရီးမသွားခင်မှာ ကျွန်မပြင်ဆင်ရတာတွေကတော့ အများကြီးပါပဲ။ ပထမဦးဆုံး သွားရမယ့် နိုင်ငံခြားခရီးအတွက် စိတ်လှုပ်ရှားရသလို စိတ်လည်း ပူမိပါသေးတယ်။ အားပေးကြတဲ့ သူငယ်ချင်းတွေကြောင့် ခွန်အားလည်း ဖြစ်ရပါတယ်။ ထောင့်စုံ နေရာစုံကနေ ကူညီပေးကြတဲ့ သူတွေကြောင့်လည်း တက်ကြွမှု ဖြစ်ရပါတယ်။ ကျွန်မ ခရီးသွားဖို့ Baggage ကို သူငယ်ချင်းတစ်ယောက်က ငှားပေးပါတယ်။ အနွေးထည်ထူထူတစ်ချို့ကိုလည်း ရုံးက အယ်ဒီတာ မမတစ်ယောက်က ငှားပေးပါတယ်။ အင်္ဂလန်ရောက်ရင် ဖုန်းပြောနိုင်ဖို့ Handset လည်း လက်ဆောင်ရပါတယ်။ တစ်ခြားကိစ္စတွေကိုလည်း အကူအညီတွေပေးခဲ့ကြတဲ့အတွက် ကျွန်မ အင်္ဂလန်မရောက်ခင်ကတည်းက ဒီခရီးအတွက် ပြင်ဆင်ရတာဟာ ပျော်စရာ ကောင်းခဲ့တာတော့ အမှန်ပါပဲရှင်။

About these ads

12 responses »

  1. မိုက်တယ် … ထပ်တူထပ်မျှ ဂုဏ်ယူပါတယ် … တကယ်ပါ။

    နောက် ပို့စ်တွေကို မျှော်နေမယ်

  2. အမလေး ဖတ်ရတာနဲ့တင် မောလိုက်တာ… အဲလိုပါပဲ မြန်မာပြည်က အထွက်ရ သိပ်ခက်တဲ့ နိုင်င်ံထဲမှာပါတယ် ထင်တယ်.. အမတုန်းကလဲ ခြေကိုတိုလို့…. ပတ်စ်ပို့ရဖို့ကို မနည်းမနော လုပ်လိုက်ရတယ်

  3. တခါတလေကျရင် ဒါဟာတကယ်အဖြစ်အပျက်ပါလား လို့တောင်ထင်မိတယ် အဲဒီလိုအချိန်ကျရင်ပေါ့ ….. ထူးချွန်တဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ ဂူဏ်ယူမိပါတယ်…

  4. အေးအေးဆေးဆေးရေးပါ။ မြန်မာပြည်လေဆိပ်အထွက် ကတည်းက စင်္ကာပူတဆင့် ပြီးမှ ဟီးသရိုး ဖြည်းဖြည်းသာရေးညီမလေး။ လန်ဒန်အကြောင်းက ဖြည်းဖြည်းပေါ့။ ခေတ်မီတိုးတက်တာတွေက သိပြီးသားတွေဖြစ်နေကြပေမယ့် နေရာတိုင်း၊ အဖြစ်အပျက်တိုင်းကို ကိုယ့်တို့တိုင်းပြည်နဲ့ ယှဉ်ပြီးရေးပြပါလား။ အသက်အရွယ်တူတွေစုမိတဲ့ အချိန်တွေမှာ တို့ရွှေတွေနဲ့ သူတို့ ဘာကွာလဲ၊ အဲဒါတွေလည်း ရေးလိမ့်မယ်လို့ ထင်ပါတယ်။ စောင့်ဖတ်မယ်နော်။ တစ်ပုဒ်ပြီးတိုင်း FB မှာတင်ပါ။ လာဖတ်မယ်။

  5. I’m not sure whether it’s a good thing to send more than 10 letters to the organizing committee to get funding…we have to be careful with that…we don’t want people from other countries look down on us, do we? we don’t want the world to think burmese are funding-hungry…..anyway, well-done!

  6. အဆုံးထိ ဆက်ရေးသွားမှာပါ.. ဖတ်ပေးကြတာ ကျေးဇူးပါ

  7. @talkative, you are right. It’s not good to request like that. But we need to understand how we gonna spend the money we get. It’s not like waiting for donor like some NGO do. To me, I believe other countries, especially OYW org may already understand about that kind of request.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s