ဒီလိုဆောင်းပါး ပုံစံမျိုးကိုရေးဖို့ ခုချိန်မှာ မလိုတော့ဘူးလို့ ကျွန်မ ထင်ခဲ့မိတယ်.. အဲ့လိုထင်နေတုန်းမှာပဲ ဒီဆောင်းပါးမျိုးဟာ ရေးနေဖို့ ပြောနေဖို့ လိုအပ်ဆဲမှန်း ကျွန်မသိလာရတယ်။ ရှာကြ၊ ဖတ်ကြ၊ သိကြတဲ့ သူတွေကို ကျွန်မမရည်ရွယ်ပါဘူးဆိုတာကိုတော့ အလေးအနက်ပြောပါရစေရှင်။ ကျွန်မတို့အားလုံးဟာ အင်တာနက်ကမ္ဘာကြီးထဲမှာ ဗဟုသုတ ရှာမှီးနေသူတွေပါ။ တစ်ချို့အတွက်ကတော့ အင်တာနက်ဆိုတာ ဗဟုသုတ ရှာဖို့ သက်သက် ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုခု သိချင်တယ် ရှာချင်တယ်ဆိုရင် Google ကိုတော့ အားကိုးရတာ အမှန်ပါပဲ။ သိချင်တာတွေအပေါ်မှာ ကျွန်မတို့ ရှာကြတယ်.. အဖြေတွေ ထွက်ချင်သလို ထွက်လာတယ်.. ဒီလို ထွက်လာတဲ့ အဖြေတွေထဲကပဲ ကိုယ့်လိုအပ်ချက်နဲ့ အသင့်တော်ဆုံးတွေကို ကျွန်မတို့ ရွေးထုတ်ကြတယ်.. နောက်ပြီး Social Media တွေကနေတစ်ဆင့် ကျွန်မတို့ ရှာဖွေရင်း တွေ့လာ သိလာတာတွေကို မျှဝေကြတယ်.. ဒါကြောင့်ပဲ ဒီလိုမျိုးတွေကို တစ်ကယ်လိုအပ်နေတဲ့ တစ်ခြားသူတွေအတွက် အဆင်အသင့်ဆုံးသော အဖြေတွေရှိလာတယ်.. တစ်ယောက်ရဲ့ ကြိုးပမ်းမှုကြောင့် အများကောင်းကျိုးဖြစ်ရတယ်လို့ပဲ ဆိုလိုက်ပါရစေ။ သူလည်းရှာတယ်.. ကိုယ်လည်းရှာတယ်.ု.. ရှာလို့ရလာတာတွေကို သူလည်း မျှဝေတယ်.. ကိုယ်လည်း မျှဝေတယ်.. ဒါပေမယ့် တစ်ခါတစ်လေမှာ ဒီလိုလုပ်နေခြင်းတွေဟာ တစ်ခြားလူတွေကို အကျင့်ပျက်ရာ ရောက်စေသလား.. ကိုယ့်အားကို ကိုးဖို့ တွန်းအားမပေးရာ ရောက်နေသလားလို့ ကျွန်မ စဉ်းစားမိတယ်။ တစ်ချို့ တစ်ချို့တွေဟာ.. တစ်ခုခုကို သိချင်တယ်ဆိုရင် ကိုယ်တိုင်အရင် ရှာကြည့်ဖို့ထက်.. သူများကို မေးဖို့ကို ဦးတည်နေတတ်ကြတယ်။ အဆိုးဆုံးကတော့ Ready Made တွေကို လိုချင်တတ်ကြတာပေါ့။ ငါ့မှာ အဲ့ဒါမျိုး ရှာထားတာ မရှိဘူးလို့ ပြောလိုက်မိရင်ပဲ “ဒါဆိုရှာပေးလေ” ဆိုတဲ့ စကားမျိုးကို ပြောဖို့ ၀န်မလေးကြတော့ဘူး။ “ဘယ်လိုရှာရမလဲ” လို့ မေးတာကို ကျွန်မ လေးစားပေမယ့်.. “ရှာပေးလေ” လို့ ပြောတာမျိုးကိုတော့ ကျွန်မ သည်းမခံနိုင် ဖြစ်ရပါတယ်။ မြန်မာပြည်မှာ အင်တာနက် သုံးစွဲမှု အကန့်အသတ်တွေ ရှိပါတယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း Youtube, Flickr နဲ့ အခြား Ban ထားတဲ့ ဆိုဒ်မျိုးမှာရှိတဲ့ Information တွေအတွက် နိုင်ငံခြားက အရမ်းကိုရင်းနှီးသူငယ်ချင်းတစ်ချို့ကို “ရှာပေးလေ” လို့ အနိုင်ကျင့်ရပါတယ်။ ဒါပေမယ့် ကျွန်မတိုက်တွန်းချင်တာကတော့ “ရှာပါ” ဆိုတာပဲ ဖြစ်ပါတယ်။
Do You Search?
ကိုယ်လိုချင်တဲ့ Information တွေအတွက် ကိုယ်တိုင်ရှာဖွေမှု ပြုလုပ်ပါသလား။ လုပ်တဲ့သူတွေ အများကြီးရှိပါတယ်။ မလုပ်တဲ့သူတွေလည်း ရှိနေပါတယ်။ Google ဆိုတာ အလကားထားတာ မဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို Google ကနေ အကန့်အသတ်မရှိရနိုင်ပါတယ်။ ဘယ်လိုရှာရမလဲ.. ? ဒါကတော့ မြန်မာပြည်မှာ အင်တာနက်ကို စတင်မိတ်ဆက်စ အချိန်တုန်းက Seminar, Workshop အတော်များများမှာ ပြောကြပြီးသားပါ။ အရိုးရှင်းဆုံးကတော့ ကိုယ်လိုချင်တာကို ရိုက်ထည့်ပြီး ရှာလိုက်ပါ.. Scholarship, Jobs in Singapore, Anti Virus, Myanmar Weather အစရှိတာမျိုးပေါ့။ တစ်လောက ကျွန်မကို တစ်ယောက်လာမေးပါတယ်… Gtalk မှာ အဗာတာကို အလိုလိုပြောင်းနေတာမျိုးလေး လုပ်ချင်တယ်.. သိလားတဲ့… ကျွန်မကလည်း ပြန်ပြောပါတယ်.. Gtalk Shell ကို သုံးပါလို့။ ရှိရင် ပို့ပေးပါလားတဲ့။ လောလောဆယ်တော့ ရှိမနေဘူး.. Google မှာ Gtalk Shell လို့ရှာလိုက်ရင် ထွက်လာလိမ့်မယ်လို့ ပြောတော့.. ဒါလေးပေးဖို့ကိုတောင် ကပ်စည်းနဲလိုက်တာတဲ့.. ရှာပေးလိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲတဲ့ ကဲ။ ကိုမျက်လုံးကလည်း တစ်ခါတုန်းက Do You use Google? ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကို သူ့ဘလောဂ့်မှာ ရေးဖူးပါတယ်။ မသိရင် ရှာဖို့ကို တိုက်တွန်းထားတဲ့ အရမ်းကောင်းတဲ့ ဆောင်းပါေးလါး။ “ရှိရင်ပေးပါလား” ဆိုတာနဲ့ “ရှာပေးပါလား” ဆိုတာ လုံးလုံးကြီးကို အဓိပ္ပာယ်ကွဲပါတယ်။ တစ်ဘက်လူက အလုပ်များနေတဲ့အချိန်၊ မအားတဲ့အချိန်မျိုးမှာ ကိုယ်နဲ့လည်း သိပ်မသိပဲနဲ့ “ရှာပေးလေ” လို့ပြောရဲတဲ့ သူမျိုးကတော့ တစ်ကယ်ကို စံတင်လောက်ပါတယ်ရှင်။ ရှာလို့ရတဲ့ ဆိုဒ်တွေ အများကြီးရှိပါတယ်။ ကျွန်မ သုံးနေကျလေးတွေကို ဥပမာအနေနဲ့ ပေးလိုက်ပါတယ်။ ကိုယ်တိုင်ရှာလို့ အဖြေရတာ သိပ်ကိုပျော်စရာ ကောင်းပါတယ်။
http://www.google.com
http://www.wikipedia.com
http://www.ask.com
http://www.tellmehowto.net
Do You Read?
နောက်တစ်ခု ကျွန်မပြောချင်တာက. သင် စာဖတ်ပါသလား ဆိုတာပဲ ဖြစ်ပါတယ်။ ဟိုတစ်လောတုန်းက Earth Hour လုပ်ကြဖို့ ကျွန်မပြောခဲ့တာကို လူတော်တော်များများ မှတ်မိကြအုံးမယ်ထင်ပါတယ်။ တစ်ချို့တွေကမေးတယ်.. ဘာလဲ Earth Hour တဲ့။ ကျွန်မတတ်နိုင်သလောက် ရှင်းပြပါတယ်.. ပြီးတော့ အပြည်အစုံဖတ်နိုင်ဖို့ Earth Hour ကျင်းပရခြင်းနဲ့ ဘယ်နိုင်ငံက စတင်ခဲ့တယ်.. 2010 မှာတော့ ဘယ်လိုကျင်းပမယ် စသည်ဖြင့် အချက်အလက်အစုံပါတဲ့ Link တစ်ခုကို ရှာပြီးပေးခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့ မေးတုန်းပါပဲ ဘာလို့အဲ့လိုလုပ်တာလဲ ဘာညာပေါ့.. ကျွန်မ သူတို့ကို “ရှင်တို့စာမဖတ်ကြဘူးလား” လို့ ဒေါသထွက်ထွက်နဲ့ ပြန်ပြန်မေးမိတယ်။ Google မှာ ရှာကြည့်ပါလားလို့ ပြောလိုက်တိုင်းကိုလည်း ရှာတယ်. ဘာတွေမှန်းလည်း မသိဘူး အများကြီးပဲ ဘာကို ယူရမှာလဲ လို့ မေးတတ်ကြတဲ့ သူတွေလည်း တစ်ပုံတစ်ပင်ပါ။ လိုက်ဖတ်ရမှာ ပျင်းလိုက်တာလို့ ပြောတဲ့သူတွေလည်း မနည်းမနောပါ။ ရှာလို့ ထွက်လာတာကို မဖတ်ပဲနဲ့ ကိုယ်လိုချင်တာကို ဘယ်လိုလုပ်ရမှာတုန်းရှင်။ ဟိုတစ်လောတုန်းက သူငယ်ချင်း တစ်ယောက် ကျွန်မကိုလာမေးတယ်.. facebook မှာ ဓါတ်ပုံတွေကို Tag မလုပ်တတ်လို့တဲ့။ အိုကေ ဒါဆိုရင် ဓါတ်ပုံအောက် ညာဘက်မှာရှိတဲ့ Tag.. something ကို နှိပ်ပြီး ဘာစာပေါ်လာလဲ ဖတ်ကြည့်လို့။ ကလစ်နှိပ်ပါလို့ ပေါ်လာတယ်တဲ့ ငါနှိပ်တာပဲ Tag လည်း လုပ်မသွားဘူးတဲ့.. အဲ့ဒါနဲ့ ကျွန်မလည်း.တမင်ကို ရစ်ချင်ပြီး .. ဘာကို ကလစ်နှိပ်တာတုန်းမေးတော့ Done Tagging ကိုလေ.. နင် စာဖတ်လားဆိုတော့ ဖတ်သားပဲတဲ့.. ငါ့ကို ကလစ်နှိပ်ပါပဲ ပြောတာတဲ့.. နင့်ကို People’s face ကို မနှိပ်ခိုင်းဘူးလား မေးတော့.. အေး ဟုတ်သားပဲ အခုမှ ငါ စာဖတ်မိတယ်တဲ့.. ကဲ။ တစ်ခုခု မသိဘူး မတတ်ဘူးဆိုရင် သူ့မှာပြထားတဲ့ Instruction တွေကို မဖတ်ပဲနဲ့ သူများကို မမေးစေချင်ပါဘူး။ ကိုယ်ဖတ်ရမှာ ပျင်းတယ်ပဲထား.. သူများလည်း ပျင်းမှာပါပဲ… မပျင်းရင်တောင် အလုပ်များနေမှာ တစ်ခုခု အဆင်မပြေဖြစ်နေမှာ ဒါမျိုးတွေကို ထည့်စဉ်းစားသင့်ပါတယ်။ Website တော်တော်များများမှာလည်း Help Center တွေ ၊ Instruction တွေ အမြဲပါတတ်ပါတယ်။ များများဖတ်လေ များများသိလေပါပဲလို့ တိုက်တွန်းချင်ပါတယ်။
Do you Know?
ကျွန်မတို့ လိုချင်တာတွေ အားလုံး အင်တာနက်ထဲမှာ ရှိနေတယ်ဆိုတာကို အားလုံး မေ့မထားဖို့ လိုအပ်ပါတယ်။ ကျောင်းတွေရှာမလား၊ သတင်းတွေဖတ်မလား၊ အလုပ်ရှာချင်လား.. ဒါတွေအားလုံးကို အင်တာနက်ထဲမှာ ရှာနိုင်ပါတယ်။ Social Networking ဆိုတာဟာလည်း သူငယ်ချင်းဖွဲ့ရုံ ၊ သူတို့နဲ့ စကားပြောရုံသက်သက်လုပ်ထားကြတာ မဟုတ်ပါဘူး။ အချင်းချင်း Information တွေကို Share လုပ်နိုင်တဲ့အထိ လုပ်ထားကြတာပါ။ ဥပမာ.. Facebook မှာဆိုရင် Environment, Health, NGO, Soccer, အစရှိသည်ဖြင့် Company တွေ Youth Group တွေက ဖန်တီးထားတဲ့ Page တွေ၊ Group တွေရှိပါတယ်။ အဲ့ဒီကနေ တစ်ဆင့် ကိုယ်သိချင်တာလေးတွေကို လိုက်ရှာလို့ လိုက်ဖတ်လို့ရပါတယ်။ လောလောဆယ်မှာတော့ ကျွန်မရဲ့ Community ထဲမှာရှိနေတဲ့ အသုံးဝင်နိုင်တဲ့ Facebook Group and Pages တွေကို လင့်ခ်ပေးလိုက်ပါတယ်။
ဂျူး
One Young World
Youth should take an active role on climate change policy
Info Hub for Myanmar Charity Groups
Myanmar Egress
SEACHANGE Myanmar
MM Weather
Save The Aged
MYD (Myanmar Youth Donation)
တစ်ခြား အသုံးဝင်တဲ့ Group တွေလည်း အများကြီး ရှိပါသေးတယ် ရှာလိုက်ကြပါအုံးရှင်။
ဟော အခုပြောရင်းဆိုရင်း မင်္ဂလာဈေးမှာ မီးလောင်နေပြီတဲ့ www.news-eleven.com မှာ သတင်းတွေ ဖတ်လိုက်ကြပါအုံး။

ဟုတ်တယ် မ။ တစ်ခါတစ်လေ တော်တော်စိတ်ကုန်တယ်။ မတတ်လို့ဆို ပြောပြသေးတယ်။ လုပ်မှတတ်မှာပေါ့ မလုပ်ဘဲ သူများကိုပဲ အားကိုးနေရင် ဘယ်တတ်မှာလဲ။ မြန်မာပြည်ကမို့ တချို့တွေ ဝင်မရလို့ လုပ်ပေးပါ ကူညီပါ ရှာပေးပါဆို တော်သေးတယ်။ အပြင်ရောက်တာတောင် ကိုယ့်ဘာသာမလုပ်ချင်တဲ့လူတွေအပုံ… ။
သေသေချာချာရေးရင်စာမျက်နှာဒီလောက်နဲ့မဆန့်တာနားလည်ပါတယ်။ ဒါပေစိ..ဒီထက်ရှင်းအောင်ရေးသင့်တယ်လို့မထင်ဘူးလား။ အဓိက Target ထားတဲ့သူတွေက..မရှာသူ၊ မဖတ်သူ နဲ့မသိသူတွေဆိုရင်…ပိုပြီးခက်လှချည်းရဲ့။ ငါပြောတာရှုပ်သွားလားမသိ။
ဟုတ်ပါတယ် တစ်ခါတစ်လေ ကိုယ်က ရှာပေးတာတောင် မလုပ်တတ်ဘူး ကိုယ်တိုင် ဝင်ထည့်ပေး ဝင်လုပ်ပေး ဆိုတဲ့ သူတွေလဲ အများကြီးဗျ တစ်ကယ်က မလုပ်တတ်တာ မဟုတ်ဘူး ခေါင်းရှုပ် စိတ်ရှုပ် မခံချင်လို့ စာဖတ်ပြီး လိုက်လုပ်ကြည့်ရမှာ ပျင်းလို့ ..။