Monthly Archives: May 2011

အချစ်လှေကားထစ်လေးများ…….. (၂)

Standard

(၃)

ညနေခင်းက သာသာယာယာရှိလှသည်။ တစ်နေ့တာအတွက် သင်တန်းချိန်ပြီးတော့ တစ်ချို့တွေက အနားယူကြသည်။ တစ်ချို့တွေက ရွာထဲကို လမ်းလျှောက်ထွက်ကြသည်။ ငြိမ်းရယ်.. ၀တ်ရည်ရယ်.. မဒီရယ် သုံးယောက်သားက ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်လာကြသည်။ ချောင်းသာကမ်းခြေတစ်လျှောက်မှာ ရေကူးသူတွေ သိပ်မရှိကြတော့။ Hotel Max ရှေ့မှာတော့ မီးပုံပွဲအတွက် ပြင်ဆင်နေကြသည်။ နောက်ဆုံးညမှာ ကိုယ့်အဖွဲ့မှာလည်း မီးပုံပွဲ လုပ်ဖြစ်ကြအုံးမည်။ ကောင်းကင်ကြီးကတော့ နေ၀င်ချိန်မို့ထင်သည်.. ပုဇွန်ဆီသွေးရောင်တောက်ကာ လှချင်တိုင်း လှနေတော့သည်။ ပင်လယ်ထဲသို့ ငုပ်လျိုးလုလုဖြစ်နေသော နေမင်းကြီးကို အမိအရ ဓါတ်ပုံတွေ ရိုက်နေမိတော့သည်။ ၀တ်ရည်တို့ကတော့ ဘုရားလေးဘက်ကို လမ်းဆက်လျှောက်သွားကြသည်။ ပတ်ဝန်းကျင်မှာ တစ်ဖြည်းဖြည်းမှောင်ရီ ပျိုးလာသည်။ ကမ်းစပ်ကို လှိုင်းရိုက်သံတွေကလည်း တစ်ဖြည်းဖြည်းပီပြင်လာသည်။ ကမ်းစပ်ဆီသို့ အရောက်လာနေသော ရေလှိုင်းတွေကို ခြေနဲ့ မထိ တထိလေး ဆော့ရသည်မှာ ပျော်စရာကောင်းပါသည်။ တစ်ချက် တစ်ချက်မှာတော့ ပင်လယ်ထဲတွင် မျောလာသည့် ဒိုက်တွေကို တွေ့ရသည်။ ကမ်းစပ်တစ်လျှောက်တွင် စွန့်ပစ်ခံခဲ့ရသော ပလပ်စတစ်အိတ်များကလည်း တစ်လွင့်လွင့်။ ချောင်းသာ ကမ်းခြေကို လာရောက် အပန်းဖြေသူတွေ စည်းကမ်းရှိကြရင် တော်တော်ကောင်းမည်။ ပင်လယ်ပြင်ကြီးကလည်း ပြာလဲ့လဲ့အရောင်မရှိတော့။ ရေတွေလည်း အရောင်ပြောင်းနေပြီ။ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး အသိပညာသာမက ၊ လက်တွေ့လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းရပေအုံးမည်။

ခဏကြာတော့ ဘုရားဘက်ကို လမ်းလျှောက်သွားသော ၀တ်ရည်တို့ ပြန်လှည့်လာကြသည်။ ငြိမ်းတို့ သုံးယောက် တည်းခိုရာ ဟိုတယ်ဆီသို့ ပြန်လာလိုက်ကြတော့သည်။ ပင်လယ်ဘက်မှ ဟိုတယ်ဆီလာရာလမ်းတွင် မီးရောင်လေးက အားမရှိ တရှိလင်းလက်နေသည်။ တစ်နေရာအရောက်တွင်တော့ ငြိမ်း အကြည့်တွေ ရုတ်တရက် တစ်ယောက်ယောက်ဆီကို စိုက်ကြည့်မိသွားသည်။ ဓါတ်တိုင်အောက်တွင် ဂဏန်းသည်တွေနဲ့ စကားပြောနေသည့် ဖြိုးပိုင်။ ဂဏန်းရောင်းသည့်သူတွေက ငါးတန်း ၊ ခြောက်တန်းအရွယ် ကလေးလေးတွေ။ ဖြိုးပိုင်တစ်ယောက်တော့ ဂဏန်းတွေချက်စားဖို့ မှာလိုက်ပြန်ပြီထင်သည်။

“ဟာ ဟိုမှာ ဖြိုးပိုင်ပါလား.. ဂဏန်းရောင်းတဲ့ကလေးတွေကို ဘာရှုပ်ပြန်ပြီလဲ မသိဘူး”

ဝတ်ရည်လည်း ဖြိုးပိုင်ကို မြင်သွားပြီဖြစ်သည်။ ပြောပြောဆိုဆို ၀တ်ရည်တစ်ယောက် ဖြိုးပိုင်ဆီသို့ ပြေးသွားသည်။

“ဟဲ့ ဘာရှုပ်နေတာတုန်း”

“အား မ၀တ်ရည်တို့ပါလား.. မငြိမ်းတို့လည်း ပါတာကိုး.. ကျွန်တော် ဂဏန်းမှာနေတာဗျ.. မနက်ဖြန်ကျရင် စားရအောင်လေ”

“၀ိုးး မိုက်တယ် ငါတို့မောင်လေးကို ဒါကြောင့် ချစ်ရတာ.. ဒါနဲ့ နင်ပြီးရင် ဟိုတယ်ပြန်မှာ မဟုတ်လား.. တူတူပြန်မယ်လေ”

“ပြန်မယ်ဗျ.. သွားကြမယ်.. “

သို့နှင့် ဖြိုးပိုင်ရယ်.. ငြိမ်းတို့ရယ် ဟိုတယ်ကို တူတူပြန်လာခဲ့ကြသည်။ ငြိမ်း လက်ထဲမှ ကင်မရာကို မြင်သဖြင့် “အမလည်း ဓါတ်ပုံ မရိုက်ရရင် မနေနိုင်ဘူးထင်တယ်နော်လို့..” ငြိမ်းကို ပြောနေသေးသည်။ ထို့နောက်.. “ကျွန်တော့် ပုံလေးလဲ ပါအောင် ရိုက်ဗျနော” ဟု ပြောလိုက်သေးသည်။ ငြိမ်းကတော့ သူ့ကို ပြုံးရုံသာ ပြုံးပြလိုက်မိသည် ထင်သည်။

ဟိုတယ်ကို ပြန်ရောက်တော့ ၁၀၄ ရှေ့မှာ အဖွဲ့သားတွေ စုရုံး စုရုံးဖြစ်နေကြသည်ကို တွေ့ရသည်။ ၁၀၄ ဆိုတာက သားသားရယ် ၊ ဘိုဘိုရယ်၊ နွေဦးရယ် သုံးယောက်သား နေကြသည့်အခန်း။ ခရီးအစမှာ ဖြိုးပိုင်နဲ့ တူတူထိုင်လာခဲ့သည့် သားသားက အဖွဲ့ထဲက ရွှတ်နောက်နောက်နှစ်ယောက်ဖြစ်သည့် ဘိုဘိုတို့နဲ့ ဘယ်လိုပေါင်းစည်းဖြစ်သွားပါလိမ့်ဟု တွေးမိသေးသည်။ ခိုင်စိုးလင်းတို့ ၊ သားငယ်တို့က ပုလင်းဖောက်နေကြသည်။ ထွန်းထွန်းနှင့် မိုးအောင်ကတော့ ပိုးအိအတွက်ဟုဆိုကာ Cocktail စပ်နေသည်။ တစ်ခြားသူတွေကတော့ ၁၀၄ အခန်းထဲမှာ ဖဲဆော့နေကြသည်တဲ့။ ငြိမ်းကိုတွေ့တော့ ထွန်းထွန်းက ဘာသောက်မလဲဟု မေးသည်။ အအေးပဲပေးပါလို့ ပြောလိုက်ရသည်။ ဒီကောင်တွေက မလွယ်သည့်ကောင်တွေ.. ငြိမ်းက ခပ်တည်တည်နေတတ်သူမို့သာ။ ခုလည်းကြည့်လေ အိမ့်နဲ့ စုစုကို ဘီယာတွေ အတင်းလိုက်တိုက်နေသေးသည်။

တစ်ခုတော့ ထူးခြားသည်ဟု ပြောရမည်။ ဖြိုးပိုင်တို့အခန်းက ယောင်္ကျားလေးတွေ တစ်ယောက်မှ အရက်မသောက်တတ်ကြ။ အာကာ ၊ ရဲကျော်နဲ့ ဖြိုးပိုင်.. အရက်ကိုဆို အနံ့တောင် မခံနိုင်ကြသူတွေတဲ့။ ဒီတစ်ချက်တော့ သူတို့ကို ငြိမ်း လေးစားသွားရသည်။ Camp မှာရှိသည့် ယောင်္ကျားလေးတိုင်း အရက်သောက်နေချိန်တွင် ထိုသုံးယောက်ကတော့ အုန်းပင်အောက်တွင် အေးအေးလူလူထိုင် စကားပြောနိုင်ကြသည်။ အားလုံး ၁၀၄ အခန်းရှေ့မှာ အရှိန်ရနေကြပြီ။ ထွန်းထွန်းက ပါလာသည့် Woofer နဲ့ Laptop တွဲကာ ဒီဂျေသီချင်းတွေ စဖွင့်သည်။ ခင်မြတ်တို့က သီချင်းလေးနဲ့လိုက်ကာ ခန္ဓာကိုယ်လေးတွေ ယိမ်းနေကြပြီ။ နွေဦးကတော့ ဒီဂျေနဲ့ အပြိုင်ဟုဆိုတာက ဂစ်တာကို မရ အရ တီးနေသေးသည်။ အိမ့် ၊ စုစုနဲ့ ၀တ်ရည်တို့ကလည်း ဘာတွေပြောပြီး ရီနေကြသည် မသိ။ ပိစိရယ် ခိုင်စိုးလင်း မခရေတို့ရယ်ကတော့ နံရံတွင်မှီပြီး ဖြစ်သမျှအကြောင်း အကောင်းဆိုသည့် ပုံစံဖြင့် ကြည့်နေကြသည်။ သူတို့ရှေ့မှာလည်း ပုလင်းတွေ စီရီလို့။ အားလုံးကတော့ သူတို့ကို ဘံဆိုင်ကောင်တာက အစောင့်တွေတဲ့။

ငြိမ်းကတော့ အစကတည်းက အေးအေးနေတတ်သူမို့ အုန်းပင်လေးအောက်ရှိ ခုံလေးတွင်သာထိုင်နေမိသည်။

“အမ ပျင်းရင် ကျွန်တော်နဲ့ စကားပြောမလား”

လှည့်ကြည့်တော့ ဖြိုးပိုင်။ သူမနောက်တွင် Max ကိုလာပုလင်းလေး ကိုင်ကာ ရပ်နေသည်။

“အာကာတို့ ရဲကျော်တို့က အခန်းထဲ ပြန်သွားကြပြီဗျ.. အိပ်ချင်လိုတဲ့.. သူတို့က မနက်စောစောထပြီး ငါးတွေ သွားမှာမယ်ဆိုလား”

“သြော်.. ရတယ်လေ ဖြိုးပိုင်ရဲ့.. အမလည်း ဟိုအဖွဲ့တွေကိုကြည့်ပြီး ထိုင်ရီနေတာ.. တော်တော်မနိုင်တဲ့လူတွေ”

“ဟုတ်ပါ့ဗျာ..  သူတို့ကို ကြည့်ရင်း ကျွန်တော်တောင် ဘာမှမလုပ်ပဲ အလိုလိုပျော်နေတာ.. အမကော ပျော်လားဟင်”

“ဟုတ်ပါ့… အမလို လူတွေချည်းပဲဆိုရင်လည်း Camp က ဘယ်ပျော်စရာ ကောင်းတော့မလဲ”

“ဟုတ်ပါ့ အမနဲ့ ကျွန်တော်နဲ့ တူတယ်ဗျနော်.. အေးအေးဆေးဆေးနေတတ်တာကို ပြောပါတယ်”

ဖြိုးပိုင်ကို သူမ မျက်စောင်းလေး လှမ်းထိုးလိုက်မိသည် ထင်ပါသည်။ ရုတ်တရက် နေ့လည်က အိုင်ပေါ့ ကိစ္စကို သတိရမိသည်။ မေးလိုက်ရင် ကောင်းမလား။ အိုး…. သူတောင်မှ မမေးတာ မမေးတော့ပါဘူးလေ။ ကျွန်တော့် အိုင်ပေါ့ကို အမ ဘယ်တုန်းက စပြီး သတိထားမိတာလဲဗျ လို့ မေးရင်ကော ဘယ်လို ဖြေရမှာပါလိမ့်။ ဒီလိုပဲ မထင်မှတ်ပဲ သတိထားမိတာလို့ပဲ ဖြေလိုက်ရမှာပေါ့လေ။ အား.. သူကမှ မမေးတာကို ငါက ဘာလို့ အတွေးတွေ များနေရတာပါလိမ့်.. ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်ရှက်မိသေးသည်။

“အမ.. ကျွန်တော် ပြောတာ ပြန်လည်း မပြောဘူး”

“အင်.. ဘာလဲ ဖြိုးပိုင်…”

“အမကလည်းဗျာ… အမ ဂဏန်းကြိုက်တယ် မဟုတ်လားလို့.. ညနေထမင်းစားတုန်းက ဂဏန်းဟင်းတွေ အများကြီးစားတာ တွေ့တယ်”

“အင်း ကြိုက်တာပေါ့ ပင်လယ်စာတွေထဲမှာ ပုဇွန်ထက်တောင် ပိုကြိုက်သေးတာ”

“အဲ့ဒါကြောင့် ကျွန်တော့ ခုနက ကလေးတွေဆီမှာ ဂဏန်းမှာထားခဲ့တာပေါ့.. အမနဲ့ ကျွန်တော် အကြိုက်ချင်း တူပြန်ပြီ.. “

“အားလုံးစားဖို့ မမှာခဲ့ပဲနဲ့များ…”

“အား.. အားလုံးတော့ မဟုတ်ဘူးလေဗျာ.. ဒီအတိုင်း အမကို သတိရပြီး မှာခဲ့တာ.. အမလည်းစား.. ကျန်တဲ့သူလည်း စားပေါ့.. ဒါနဲ့ အမကို ပြောစရာ ရှိသေးတယ်ဗျ… ကျွန်တော်တို့ မနက်စောစောကမ်းခြေမှာ ပလပ်စတစ်အိတ်တွေ လိုက်ကောက်ရင် မကောင်းဘူးလား”

” WOW!! မိုက်တာပေါ့.. အမလည်း ညနေက ကမ်းခြေမှ လမ်းလျှောက်ရင်း စဉ်းစားနေတာ.. ပိုးအိကို ပြောကြမယ်လေ..”

“တွေ့လား အမနဲ့ ကျွန်တော် တူတာတွေ များနေပြီဗျ”

ဖြစ်ရပြန်ပြီ ဖြိုးပိုင်ရယ်.. တမင်များပြောနေတာလား.. သူ့ရင်ထဲကအတိုင်း ပြောနေတာလား ဆိုတာကိုတော့ သူမှလွဲ၍ တစ်ခြားသူ သိနိုင်မည် မထင်ပါ။ ငြိမ်းတို့နှစ်ယောက် စကားတွေ ဆက်ပြောကြသည်။ မနက်ဖြန်မှာ လုပ်ရမည့် Training ကိစ္စတွေ… ပင်လယ်ကြီးကို ချစ်သည့်အကြောင်းတွေ.. ခရီးသွားတာကို နှစ်သက်သည့်အကြောင်းတွေ.. နောက်ပြီး ကြယ်တွေကို တူတူကြည့်ဖြစ်ကြသေးသည်။ အဲ့ဒီနေ့က လလည်း သာပါသည်။ ကြယ်တွေလည်း စုံပါသည်။ ဖြိုးပိုင်၏ စကားလုံးများကလည်း ချိုပါသည်။ ဘာကြောင့်များ သူ့စကားတွေ ချိုမြရသည်ဟု ငြိမ်း ထင်မိပါလိမ့်။ သေချာတာကေတော့ ဖြိုးပိုင်နဲ့ စကားပြောနေရသော အချိန်များကို သူမ၏ မသိစိတ်က တန်ဘိုးထားနေမိခြင်းဖြစ်သည်။ သူမတို့နှစ်ယောက် သစ်ပင်လေးတွေကို ချစ်ကြသည်။ ပင်လယ်စာတွေကို နှစ်သက်ကြသည်။ သီချင်းလေးတွေကိုလည်း ထပ်တူ ထပ်မျှ နှစ်သက်ကြသေးသည်။ ရန်ကုန်မှာ ရှိစဉ်တုန်းက အဖွဲ့မီတင်တိုင်းတွင် တွေ့ခဲ့ကြပါလျှက် ဘာကြောင့်များ ခုလောက်ထိ စကား မပြောမိခဲ့တာ ပါလိမ့်။ တစ်ကယ်ဆို သူမတို့နှစ်ယောက် ယခုထက် ပိုစောကာ ရင်းနှီးဖို့ကောင်းသည်။

“ကျွန်တော် ရန်ကုန်ပြန်ရောက်ရင် ဒီအချိန်လေးကို လွမ်းနေမှာ…. အခုလို လသာတဲ့ ညတိုင်းကိုပေါ့”

သူမလည်း လွမ်းနေလိမ့်မည် ထင်ပါသည်။ လေပြည်လေးက တသော့သော့တိုက်ခတ်နေသည်။ သူ၏ ကိုယ်သင်းနံ့လေးကို သူမ အမှတ်မထင် ရှူမိသည်။ သူ့ကိုလှည့်ကြည့်တော့ ကောင်းကင်ကြီးကို အပြုံးမျက်နှာဖြင့် ကြည့်နေသည်ကို တွေ့ရသည်။ သူမကိုယ်တိုင်လည်း လမင်းကြီးကို ပြုံးပြုံးကြီး ကြည့်နေလိုက်မိတော့သည်။

“အား လုပ်ကြအုံး.. ပဲသီးတောင့် တစ်ယောက် ၁၀၄ ထဲမှာ အိပ်ပျော်နေပြီဗျ”

“ဟဲ့.. ပဲသီတောင်း ဘီယာသောက်ပြီးများ အခန်းမှားတာလား .. နေပါအုံး အဲ့အခန်းထဲမှာ ဘိုဘိုတို့ ဖဲဆော့နေတာ မဟုတ်လား”

“မဟုတ်ဘူး.. အကုန်လုံးအပြင်မှာ သီချင်းထိုင်ဆိုနေတာ.. ပိုးအိက မနက်ဖြန်အတွက် စာလုပ်မယ်ဆိုပြီး အဲ့အခန်းထဲ ၀င်သွားတာ”

ပြသနာတော့ တက်ပြီထင်သည်။ ဖြိုးပိုင်ကော သူမကော ၁၀၄ ထဲကို ပြေးသွားကြတော့ ၀တ်ရည်တို့လည်း ရောက်လာသည်။ အခန်းထဲမှာတော့ ပိုးအိက ငြိမ်းချမ်းစွာ အိပ်ပျော်လို့နေသည်။ ဘေးခန်းမှ မဒီနဲ့ မူနွှဲ့တို့လည်း ပြေးထွက်လာကြသေးသည်။ သီချင်းသံတို့ ရပ်ကုန်သည်။ ယောင်္ကျားလေးများ မျက်လုံးတွေ ပြူးကုန်ကြသည်။

“မဟုတ်ဘူး.. ဘာမှ မဖြစ်ဘူး.. ငါသိတယ်ဟဲ့.. သူက ဖဲလည်းမဆော့တတ်ဘူးလေ.. ငါတို့နဲ့ ဖဲဆော့တုန်း ဘေးနားမှာ စာထိုင်လုပ်နေတာ.. နောက်တော့ အိပ်ပျော်သွားတာနဲ့… ငါတို့လည်း သူ့ကိုထားပြီး ထွက်လာတာ.. ငါပြန်မှ နှိုးမလို့ဟာကို..”

ဝတ်ရည်ကပြောတော့မှ အားလုံး ဟင်းချနိုင်ကြသည်။ ခဏနေတော့ ပိုးအိကို ၀ိုင်းနှိုးကြသည်။ ပိုးအိတစ်ယောက်ကတော့ ဘယ်သူ့အခန်းမှာ အိပ်ပျော်သွားမှန်းတောင် သိရဲ့လား မသိ။ အိပ်ချင်မူးတူးနဲ့ နိုးလာသောသူ့ကို အားလုံးက ၀ိုင်းရီတော့မှ သူလည်း သဘောပေါက်သွားသည် ထင်သည်။ တစ်ဟားဟားနဲ့ ထိုင်ရီကြတော့သည်။

ချောင်းသာ၏ ပထမညသည်.. ပျော်ရွှင်စရာများဖြင့် ထုံလွှမ်းနေတော့သည်။ ညလည်း နက်ချေပြီ… ယောင်္ကျားလေးတွေကတော့ ၀ိုင်းကောင်းတုန်း။ မိန်းကလေးတစ်ချို့ အိပ်ကုန်ကြပြီ။ သူမလည်း နောက်နေ့အတွက် အားမွေးဖို့ အိပ်ရအုံတော့မည်။ အခန်းထဲ ၀င်ကာနီးကျတော့ ဖြိုးပိုင်က လှမ်းပြောသည်။

“Good Night, Sweet Dreams”

ထိုညအဖို့ ငြိမ်းတစ်ယောက် အေးချမ်းစွာ အိပ်ပျော်ခဲ့ပါသည်။ အိပ်မက်တော့ မမက်ဖြစ်ခဲ့ပါ။

အချစ် လှေကားထစ်လေးများ….

Standard

(၁)

ည (၁၀) နာရီဆိုပေမယ့် မြေနီကုန်းမှာ လူသွား လူလာမပြတ်သေးပေ။ ဒဂုံစင်တာရှေ့က လက်ဘက်ရည်ဆိုင်လေးတွေနဲ့ ထမင်းကြော်ဆိုင်လေးတွေကလည်း စည်စည်ကားကားရှိတုန်း။ ညဘက်ဂိတ်ထိုးသည့် တက္ကစီကားတန်းတွေက ကားသမားတွေကလည်း ခရီးသည်တွေကို စောင့်နေကြတုန်း။ အလှပြင်ဆိုင်တစ်ချို့နဲ့ စတိုးဆိုင်လေးတွေကတော့ ပိတ်စပြုနေကြပြီ။ ဆိုင်ပတ်ရန်ပြင်နေသော စတိုးဆိုင်လေးတစ်ဆိုင်မှာ အအေး (၁၀) ဘူးခန့်ဝင်ဝယ်ပြီး ကောင်းကောင်း ဟော့ပေါ့ဆိုင်ရှေ့သို့ သူမတို့ သူငယ်ချင်းနှစ်ယောက် ခပ်သွက်သွက်လေး လျှောက်သွားလိုက်ကြသည်။ ပိန်သွယ်သွယ် ကိုယ်လုံးလေးနဲ့ စတိုင်မိုက်မိုက် သူမတို့ကို ကားပေါ်မှ  ကာင်လေးတွေ အော်ဟစ် နောက်ပြောင်သွားကြသေးသည်။ အင်း ညဘက် (၁၀) နာရီဆိုတာ မိန်းကလေး လမ်းထွက်သင့်တဲ့ အချိန်မှ မဟုတ်ပဲကို။ သူမတို့အဖွဲ့ကတော့ ကိုယ့်အပျော်နဲ့ကိုယ် ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့ မအားကြပါ။ ခဏကြာတော့ ကောင်းကောင်း ဟော့ပေါ့ဆိုင်ရှေ့မှာ လှုပ်စိ လှုပ်စိဖြစ်နေသော လူငယ်တစ်သိုက်ကို တွေ့လိုက်ရသည်။

“ဟေးးးးးးးးးးးးး “

မြတ်မဒီက ၀မ်းသာအားရအော်လိုက်တော့ ကောင်လေးတစ်ယောက် လက်လှမ်းပြပြီး ပါးစပ်မှလည်း စကားလုံးတွေ တရစပ်မှုတ်တော့သည်။

“နင်တို့ကလည်း နောက်ကျလိုက်တာ.. ငါတို့မှာ တစ်ယောက်ပြီး တစ်ယောက်မျှော်ရတာ တော်တော်မောလာပြီ.. ချိန်းထားတာက ၁၀ နာရီ ၊ နင်တို့ရောက်တာက ၁၀ နာရီခွဲ .. ကဲ ကောင်းကြသေးရဲ့လား”

“အမလေး မျောက်ကောင်နော်… နင် သိပ်ဆရာ မလုပ်နဲ့ ကားထွက်မှာက ၁၁ နာရီမှ ကားမထွက်ခင်ရောက်ရင် ပြီးရော မဟုတ်လား”

“ဟ.. လုပ်စရာတွေ ရှိသေးတယ်လေ.. ငါတို့က ဒီခရီးကို စီစဉ်သူတွေဖြစ်တာ နောက်ကျလို့ ကောင်းမလား”

“ကဲ အဖိုးနဲ့ အဖွားနော်.. အိမ်မှာကတည်းက တကျက်ကျက်နဲ့ လမ်းမှာဗျာ.. အော်ကြီးဟစ်ကျယ် မလုပ်ကောင်းပါဘူး.. ရော့ ကျွန်တော် ဓါးပေးမယ် သတ်ကြ ဖြတ်ကြ”

ပိစိက ၀င်အရွှန်းဖောက်တော့ “သေနာလေး” ဟု မကြား တကြား ပြန်ပြောကာ မျောက်ကောင်ဟု သူမတို့ခေါ်သော မိုးအောင်နဲ့ စကားများတာ ရပ်ရသည်။ မိုးအောင် ဆိုတာကလည်း ဒီလိုပါပဲ.. အလုပ်က ဖြစ်ဖြစ်မြောက်မြောက် မရှိပဲ စကားများမည့်နေရာမှာတော့ နှစ်ယောက်မရှိ။ အဖွဲ့ထဲမှာလည်း ရီစရာ အပြောတတ်ဆုံး.. မိုးအောင်ရယ် ပိစိရယ် တွေ့လို့ကတော့ အဲ့ဒီနေ့မှာ အူတက်ပြီး မသေဖို့သာ ပြင်တော့။

“ဟဲ့ ပဲသီးတောင့်လည်း မတွေ့ပါလား.. ကားလည်း မရောက်သေးဘူးကော”

“ပဲသီးတောင့်က ပဲလင်းမြွေသီးနဲ့ ချိန်းတွေ့နေလို့ ဖြစ်မှာပေါ့ဗျ”

“အေး ဖြစ်နိုင်တယ်.. ပဲသီးတောင့်ရယ် ပဲလင်းမြွေရယ်ဆို လိန်လိန်ပိန်ပိန်နဲ့ ကြည့်ကောင်းမှာ မြင်ယောင်သေး”

“ဟဲ့.. အို.. သားကိုနော် နားရှက်ချာတွေ ပြောနဲ့… သူတို့က ဘာလုပ်ကြမှာတုန်း”

“သြော်.. စကားကများလိုက်တာ.. ဟော ဟိုမှာ လာပါပြီဗျာ.. ပဲသီးတောင့်.. ပဲလင်းမြွေသီးတော့ မပါဘူး… လက်ထဲမှ အထုပ်တွေပဲ ပါတယ်.. ကူသယ်လိုက်အုံးမယ်”

ပြောပြောဆိုဆို မိုးအောင်က ပဲသီးတောင့်ဟု သူမတို့ခေါ်သော အဖွဲ့ခေါင်းဆောင်ဆီ အပြေးလေး ထွက်သွားသည်။ ပဲသီးတောင့်ဆိုတာက President ကို နာမည်ဖျက်ကာ ခေါ်ကြခြင်းဖြစ်သည်။ ဒီလိုပါပဲ သူမတို့အဖွဲ့မှာ ခေါင်းဆောင်တွေ ဘာတွေဖြစ်ပေမယ့် အားလုံးက အသက်နှစ်ဆယ်ကျော် မတိမ်း မယိမ်းလူငယ်တွေချည်း ဖြစ်တာကြောင့် ဘယ်လောက် စ စ စိတ်ဆိုးလေ့ မရှိကြ။

“ဟူးးးး မောလိုက်တာ.. ကားကလည်း မနည်းငှားလာရတယ်.. အိုး.. ငြိမ်းတို့တောင် ရောက်နေကြပြီ တစ်ခြားသူတွေကော လူစစ်ဖို့ လုပ်ရမယ်.. ရှိတဲ့သူတွေကို စုခိုင်းလိုက်ပါအုံး.. ပစ္စည်းတွေကာ စုံပြီလား.. ဗီနိုင်းတွေလည်းပါပြီ မဟုတ်လား.. နေအုံး ခိုင်စိုးလင်းတို့ မခရေတို့ရော”

“ရှိတယ် ပဲသီးတောင့်ရေ… မြေနီကုန်းမှာ ရေသွားဖြည့်နေကြတယ်.. ဟဲဟဲ.. သိတယ်မလား ဒီကောင်တွေက ဒါပါမှ ဖြစ်မှာလေ.. ငြိမ်း လူသွားစုလိုက်အုံမယ်နော်”

ပြောပြောဆိုဆိုနဲ့ သူမလည်း လူစုဖို့ ပြေးရသည်။ သူမတို့အဖွဲ့က Myanmar Youths in Action ဟုခေါ်သည့် လူငယ်တွေချည်း စုထားသော အဖွဲ့။ ဒီနေ့က ချောင်းသာမှာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုင်ရာ Youth Camp ကို သွားရောက်ကြဖို့ဖြစ်သည်။ ကိုယ့်အဖွဲ့ထဲက လူတွေသာမက အသစ်တွေလည်းပါသည်။ ဒီ camp က MYIA ရဲ့ ပထမဆုံး ကမ့်ဖြစ်တာကြောင့် ငြိမ်းတို့ စိတ်တွေ လှုပ်ရှားရသည်။ အဖွဲ့နာမည်ကောင်းရဖို့နဲ့ ခရီးစဉ်တစ်လျှောက် အဆင်ပြေစေဖို့ လွန်ခဲ့သည့် တစ်လလောက်ကတည်းက သူမတို့ စီစဉ်စရာတွေ စီစဉ်ကြရသည်။ မောပေမယ့် ငြိမ်းတို့ ပျော်ပါသည်။ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုတာ အခုအချိန်မှာ အင်တိုက် အားတိုက် လုပ်ဆောင်ကြရတော့မှာ မဟုတ်လား။

ချောင်းသာကိုသွားမှာက စုစုပေါင်း အယောက် (၃၀) တိတိ။ ခဏကြာတော့ ကားလည်းရောက်လာသည်။ မီနီဘတ်စ်အသေးစားလေးက ချစ်စရာလေး။ ခိုင်စိုးလင်းတို့လည်း ပြန်ရောက်လာသည်။ လူတွေ တော့ စုံသလောက်ရှိနေပါပြီ။ ဖြိုးပိုင်ကိုလည်း မတွေ့သေးပါလား။ သူက အဖွဲ့ထဲကဆိုပေမယ့် Website ပိုင်းကို ကူညီသူဖြစ်လို့ သူမတို့နဲ့အတူ ပရောဂျက်ထဲမှာ သိပ်မပါဖြစ်။ မီတင်တွေ ဘာတွေ ရှိမှသာ ရောက်လာလေ့ရှိသည်။ ဖြိုးပိုင်က ပရိုဂရမ်မာ တစ်ယောက်ဖြစ်ပြီး MYIA Website ကို လုပ်ပေးသူ ဖြစ်သည်။

“အမ.. ကျွန်တော်ရောက်ပြီ.. အမ လူစုနေတယ်ဆိုလို့.. ဘာကူရအုံးမလဲ”

လှည့်ကြည့်တော့ ဖြိုးပိုင်… သူ့စတိုင်လ်အတိုင်း စတိုင်ဘောင်းဘီလေးနဲ့ ရှပ်အင်္ကျီကို သေသေသပ်သပ်လေး ၀တ်ထားသည်။ သူ့မှာက ဆောင်းနေကျ ဦးထုပ်ကိုလည်း ဆောင်းရသေးသည်။ အေးတိအေးစက် နေတတ်သော်လည်း သူ့က ဖော်ဖော်ရွေရွေတော့ ရှိပါသည်။

“အေး မောင်လေး… အမ ဖုန်းလည်း လိုက်ဆက်နေတယ်.. တော်တော်များများလည်း ရောက်နေကြပြီ.. ပဲသီးတောင့်က လူစစ်မယ်ဆိုလို့.. အဲ့ဒါ လိုက်စုပေးပါအုံး.. အိုကေလား”

“လူစုံနေပြီ အမရဲ့.. ဟိုဘက်မှာ အကုန်ရောက်နေပြီ လာ.. အမလည်း လိုက်ခဲ့တော့”

ဖြိုးပိုင် ထွက်သွားတော့ သူမလည်း နောက်ကနေ လိုက်ရသည်။ သူမက ဒီဘက်ကားလမ်းမှာ တစ်ယောက်ပြီး တစ်ယောက်ဖုန်းဆက်ပြီး လိုက်ခေါ်နေတာမို့ လူစုံတာတောင် မသိလိုက်ရ။ ခဏကြာတော့ ပဲသီးတောင့်ဟု ခေါ်သော ပိုးအိနဲ့ မခရေက လူလိုက်စစ်သည်။

“ဟဲ့.. ဟိုတစ်ယောက် ရောက်မလာသေးဘူးနော်.. Application ကို သေချာတင်တဲ့ တစ်ယောက်လေ”

“ဟား ဟား.. ဟုတ်ပါ့ ငါတို့ Youth Camp မှာလည်း ကောင်းကောင်း ကန်းကန်း ဖောင်ဖြည့်ပြီး စနစ်တကျ တင်တာဆိုလို့ သူပဲ ရှိတယ်.. နေပါအုံး သူ့နာမည်က မင်းမင်းဆိုလား.. သားသား ဆိုလား”

“နှစ်လုံးပေါင်းပြီး မင်းသားပဲ ခေါ်လိုက်ပါတော့..”

မအိမ့်ဆိုသည့် တစ်ယောက်က အရွှန်းဝင်ဖောက်သည်။

“မင်းသားရှိရင် မင်းသမီးလိုတာပေါ့နော်.. ဟယ် တို့လုပ်ချင်တယ်ကွယ်.. အားဘွား ကိုကို လုပ်ပလိုက်မှာအေ့”

နွေဦးဆိုသည့် ကောင်လေးက ကနွှဲ့ကလျနဲ့ အခြောက်ပုံစံလေး လုပ်ပြတော့ အားလုံး ၀ိုင်းရီရသေးသည်။

“ပဲသီးတောင့်.. ဟိုဘက်မှာ ရပ်နေတဲ့ တစ်ယောက်လား မသိဘူးနော်.. ငြိမ်း.. နင်သွားခေါ်လိုက်ပါလား”

မိုးအောင်က ၀င်ပြောလို့ ကြည့်လိုက်တော့.. သူမတို့နဲ့ မလှမ်းမကမ်းမှာ ဟန်းဘက်အိတ်လေးဆွဲကာ ရပ်နေသာ ကောင်လေး တစ်ယောက်ကို တွေ့ရသည်။

“အို ငါ မခေါ်ချင်ပါဘူး.. နင်တို့ ယောက်ျားလေး ချင်းချင်း သွားခေါ်ကြပါလား..”

“ပိစိရေ ခေါ်လိုက်ပါအုံး.. သူရောက်လာပြီဆိုတော့ လူစုံပြီ.. အားလုံး ကားပေါ်တက်ကြမယ်.. Vinyl ကပ်တဲ့သူတွေလည်း တက်လို့ရပါပြီ” … ပိုးအိ ၀င်ပြောတော့ ပိစိက မိုးအောင်ကို ခေါ်ကာ အသစ်ကောင်လေးကို သွားကြိုကြသည်။ လူစုံပြီဖြစ်သဖြင့် အားလုံး ကားပေါ်တက်ကြသည်။

“ဟေ့ ဟေ့ တစ်ယောက်မှ မအိပ်ကြေးနော်.. ဒီမှာ ဂစ်တာလည်း ပါလာတယ်.. အကုန်သီချင်းဆိုရမယ်.. အိပ်တဲ့လူ သေဖို့သာပြင်” … ဘိုဘို ဆိုသည့်တစ်ယောက်က အသံစာစာနဲ့ ၀င်ပြောသည်။

“ဗုဒ္ဓေါ” ဟု ညည်းသံကြားလို့ လှည့်ကြည့်လိုက်တော့ အခုမှ အသစ်လိုက်လာသည့် မူနွှဲ့ဖြစ်နေသည်။ သူ့ကို ပြုံးပြရင်း သူမလည်း ကိုယ့်အထုပ်ကိုယ်ဆွဲကာ ကားပေါ်တက်ဖို့ ပြင်ရသည်။ ကားပေါ်ရောက်တော့ မြတ်မဒီက နေရာဦးပေးထားသည်။ ဘိုဘိုတို့ မိုးအောင်တို့ ပိစိတို့တွေကတော့ နောက်ဆုံးတန်းမှာ ဂစ်တာ တစ်ဒေါင်ဒေါင်တီးဖို့ ပြင်နေကြပြီ။ သူမတို့ အဖွဲ့ထဲက အားကိုးအရဆုံး သားငယ်ဆိုသည့် ရခိုင်ကောင်လေးကတော့ ရေသန့်ဗူးတွေ လိုက်ဝေနေသည်။ ပဲသီးတောင့် ပိုးအိကတော့ သိပ်နေလို့မကောင်းဘူးဟု ပြောကာ ဆေးသောက်ဖို့ ပြင်နေသည်။ “ငါ ကားမူးတတ်တယ်.. ဆန်ပြုတ် ပြုတ်တာ မကြည့်ချင်ရင် ငါ့ကို သေချာဂရုစိုက်” ဟု သူ့ဘေးနားက ၀တ်ရည်ကို ပြုံးစိစိဖြင့် ပြောနေသေးသည်။ ခိုင်စိုးလင်းနဲ့ မခရေကတော့ ရှေ့မှာ နေရာအသင့်ယူပြီးပြီ.. တစ်ခြား အဖွဲ့သားတွေလည်း အချင်းချင်းစကားတွေများနေကြသည်။ နောက်ဆုံးမှ ရောက်လာသည့် သားသားက ယောင်လည်လည်လေး ဖြစ်နေရှာသည်။

“မောင်လေး… အနောက်မှာ နေရာတွေရှိတယ်… ငြိမ်းရေ.. သူ့ကို နေရချပေးမလားဟင်”

ပိုးအိကပြောတော့ သူမလည်း နေရာလွတ်လိုက်ရှာကြည့်သည်။ ဖြိုးပိုင် ဘေးမှာ တစ်နေရာလွတ်သေးသည်။

“ဖြိုးပိုင် မောင်လေးဘေးမှာ သားသားကို ခေါ်ထိုင်ပါလား.. မောင်လေးနဲ့လည်း စကားပြောဖော်ရတာပေါ့”

“ရတယ် အမ.. ကိုသားသား လာလေ ကျွန်တော့်ဘေးမှာ ထိုင်… အပျိုကြီးတွေနား မသွားနဲ့. .. ဓါတ်ကူးတတ်တယ်”

“ဒါတော့ မဖြစ်ဘူးဗျ.. ကျွန်တော်က ဘ၀ကို အဖော်လေးနဲ့မှ ဖြတ်သန်းချင်တာ.. ဓါတ်ဆိုလည်း စွံတဲ့ဓါတ်ပဲ ကူးချင်တာ ဟီး”

“အောင်မာ .. နင်တို့ကများ ပြောရတယ် ရှိသေး.. ချောင်းသာရောက်မှ သိမယ်”

“ဟား ဟား ချောင်းသာမှာ MYIA က အပျိုကြီးတွေ ဖလမ်းနိုင်ပါစေဗျာ.. ဟား ဟား”

“ဟဲ့ ဟဲ့… ငါတို့က မလိုချင်လို့နော်.. နင်တို့လောက်များ သနားသေးတယ်” အိမ့်နဲ့ မူနွှဲ့က ၀င်ပြောတော့ သားသားနဲ့ ဖြိုးပိုင် ဘာမှ ၀င်မပြောတော့.. “အပြောကြီးရင် အပျိုကြီး တတ်တယ်” ဟု နွေဦးတို့က မကြား တကြားဝင်နောက်ကြသေးသည်။

ခဏကြာတော့ ကာဘီးလေး စလိမ့်သည်။ ရန်ကုန်ကနေ ချောင်းသာဆိုသည့်နေရာကို အဖွဲ့လိုက်ကြီး ပျံသန်းကြတော့မည်။ အိုး… ချောင်းသာရေ.. ငါတို့လာပြီ.. လတ်ဆတ်တဲ့ လေတွေကို ရှူဖို့.. သဘာဝ ပတ်ဝန်းကျင်ကို လေ့လာဖို့.. နောက်ပြီး.. ဘာတွေများထပ်ကြုံရမလဲ မသိ။ သူငယ်ချင်းတွေနဲ့ မကြာမခဏ ခရီးထွက်ဖြစ်ပေမယ့် Camp ပုံစံနဲ့ ခရီးထွက်ရတာ ပထမဆုံးဖြစ်သောကြောင့် စိတ်ကတော့ တော်တော်လှုပ်ရှားနေသည်။ ခဏကြာတော့ သီချင်းနားထောင်ဖို့ Ipod လေးထုတ်လိုက်သည်။ တစ်ခုခုကို သတိရလိုက်မိ၍ ဖြိုးပိုင်တို့ခုံကို လှည့်ကြည့်လိုက်တော့ သူလည်း Ipod လေးနဲ့ သီချင်းနားထောင်နေသည့်။ ထူးခြားတာက သူမနဲ့ သူရဲ့ 3G Ipod လေးက ပုံစံတွေ ဆင်တူနေကြခြင်းဖြစ်သည်။ နောက်တော့ ပိုးအိက ခရီးစဉ်အတွင်းမှာ တစ်ဦးနဲ့ တစ်ဦး ဖေးမကြဖို့ ၊ အချင်းချင်းစည်းလုံးကြဖို့ ချောင်းသာရောက်ရင်လည်း စုစုစည်းစည်းနေကြဖို့ စသည်ဖြင့် သြ၀ါဒခြွေသည်။ တစ်ခါ တစ်လေ ပိုးအိကို သူမ အားကျသည်။ လုပ်ချင်သည့်အလုပ်ကို ရသည့်အချိန်တွင် အကောင်းဆုံး လုပ်ဆောင်နိုင်သည့် အရည်အချင်းကိုလည်း လေးစားသည်။ သူမရယ်.. ပိုးအိတို့တွေရယ်.. MYIA ရယ်.. ချောင်းသာရယ်….. မကြာခင်မှာ ရောက်လာတော့မည့် ပျော်စရာအချိန်လေးတွေကို တွေးရင်း…. သီချင်းသံလေးနဲ့အတူ စီးမျောလိုက်မိတော့သည်။

(၂)

ကားပေါ်မှာ တစ်ညလုံး သီချင်းတွေဆိုကြ ၊ ဂိမ်းတွေဆော့ကြနဲ့ အိပ်ဖို့အချိန်တောင်မရပဲ ချောင်းသာနား နီးလာခဲ့သည်။ မနက် ငါးနာရီခွဲလောက်မှာတော့ အရှေ့ဘက်ဆီက ရောင်နီပျို့လာသည်။ ၀ါရွှေရောင် နေလုံးကြီးက သူ့ရဲ့ လက်တံတွေကို ဖြန့်ကျက်ပြီး ကမ္ဘာလောကကို အလှဆင်စပြုပြီ။ ကောင်းကင်ယံမှာ မိုးသားပြာပြာတို့ကလည်း တစ်ရွေ့ရွေ့လွင့်လာနေကြသည်။ ကားမှန်တံခါးကို ဖွင့်လိုက်တော့ လေအေးအေးတို့ တိုးဝင်ကြသည်။ အအေးကြောက်သော သူမ အိတ်ထဲမှ အနွေးထည်ပါးပါးလေးကို ထုတ်ဝတ်ရသေးသည်။ ပင်လယ်ဆီသို့ မရောက်ခင်ဖြတ်ကျော်ရသည့် ရိုးမတောင်က အကွေ့အကောက်များလှသည်။ တောင်စောင်းမှာ တည်နေကြသည့် ရွာကလေးတွေကလည်း ချစ်စရာကောင်းသည်။ ဓါတ်ပုံရိုက်ဝါသနာပါသော သူမ ကင်မရာတစ်လုံးဖြင့် အလုပ်များရတော့သည်။ နွေဦးတို့ကတော့ သီချင်းဆိုလို့ ကောင်းတုန်း။ ရိုးမတောင် တစ်လျှောက်မှာတော့ ကျွန်းပင်လေးတွေကို ခြံနဲ့ ပျိုးထားတာ တွေ့ရသည်။ အပင်ကြီးတွေဆိုတာ ရှာမတွေ့တော့။ သြော်.. သစ်ပင်တွေ   တော်တော်နည်းသွားပြီပဲ။ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းပါလို့ အော်လာခဲ့ပေမယ့် နေ့စဉ်ဘ၀ထဲမှာပဲ အလုပ်များနေခဲ့တာမို့ အခြေအနေတွေ ဒီလောက်ဆိုးသွားမှန်း သူမ မသိခဲ့ရိုး အမှန်ပါ။ တောင်ဆိုတာ တောရှိမှ စည်စည်ပင်ပင်ရှိတာ မဟုတ်လား။ ကတုံးနီးပါးဖြစ်နေသော.. ၀ါးရုံပင်နဲ့ ချုံပင်သာသာလောက်သာရှိသော တောင်နံရံတွေကို သူမ ၀မ်းနည်း တသစွာ ကြည့်မိသည်။ အဝေးတစ်နေရာမှာတော့ မီးခိုးတစ်လူလူထွက်နေသည့် တောင်ယာစိုက်ခင်း တစ်ခုနဲ့ တဲလေးတစ်လုံးကို လွမ်းစရာ ကောင်းလောက်အောင် တွေ့ရသေးသည်။

“ဝေးးးးးးးးး ရောက်ပြီကွ.. လှလိုက်တဲ့ ပင်လယ်ကြီးကွာ.. Youth Camp မဟုတ်ပဲ ချစ်သူလေးနဲ့သာ လာရရင် တော်တော်ပျော်ဖို့ ကောင်းမှာ”

“ဟေ့ကောင် မင်းကိုယ်မင်း ယောက်ျားဖြစ်ကြောင်းပဲ အရင် သက်သေပြစမ်းပါအုံး.. ဟီး ဟီး”

ထွန်းထွန်းနဲ့ အာကာတို့ပြောနေတဲ့ စကားတွေကြောင့် တစ်ကားလုံး ရီရပြန်သည်။ ထွန်းထွန်း တစ်ယောက်အဖွဲ့ထဲ ၀င်လာတော့ အားလုံးက သူ့ကို ယောင်္ကျားလျာလေးဟု ထင်ကြသည်။ ထွန်းထွန်းပုံစံကလည်း ထင်ချင်စရာ.. အသံလေးက မိန်းကလေးသံလို သေးသေးလေး ဖြစ်သည့်အပြင် ဆံပင်ရှည်ကိုလည်း အနောက်တွင် စုချည်ထားသေးသည်။ အင်္ကျီတွေ ၀တ်ပြန်တော့လည်း အထဲက တီရှပ်တစ်ထပ်ကိုခံပြီးမှ အပေါ်က ရှပ်အင်္ကျီကို ၀တ်လေ့ရှိသည်။ မိုးအောင်နဲ့ ငယ်ငယ်ကတည်းက ပေါင်းလာသည့် သူငယ်ချင်းဖြစ်လို့သာ ယောင်္ကျားလေးဆိုတာကို လက်ခံရခြင်းဖြစ်သည်။ ဒါတောင် ၀တ်ရည်တို့ စုစုတို့တွေက သိပ်ယုံကြသေးတာ မဟုတ်။ စုစုနဲ့ ၀တ်ရည်ဆိုတာကလည်း မိန်းကလေးသာ ဆိုရတာ ယောင်္ကျားလေးတွေနဲ့ ရင်ဘောင်တန်ပြီး သွက်လက်ကြသူတွေ ဖြစ်သောကြောင့် အဖွဲ့အတွက် အားကိုးရသူတွေ ဖြစ်သည်။

Camp အတွက် Booking လုပ်ထားသည့် ဟိုတယ်က ချောင်းသာတွင် နာမည်သိပ်မကြီးသည့် ဈေးသက်သာသည့် နေရာတစ်ခုသာ ဖြစ်သည်။ ဟိုတယ်ကိုရောက်တော့ ပိုးအိက အဖွဲ့ဝင်တွေကို Group တွေခွဲပြီး တာဝန်တွေပေးသည်။ ခိုင်စိုးလင်းတို့၊ သားငယ်တို့၊ မခရေတို့ ၊ ၀တ်ရည်တို့ကတော့ အစားအသောက် တာဝန်ကျတာကြောင့် ရောက်ရောက်ချင်း မနားကြပဲ ကမ်းခြေဘက်တွင် ထမင်းချက်သမား ရှာဖို့ထွက်ကြသည်။ ချောင်းသာတွင် တစ်ခုကောင်းသည်က ကမ်းခြေတစ်လျှောက်တွင် ဧည့်သည်များအတွက် ထမင်းချက်ပေးသည့် ထမင်းချက်သမားများ ရှိနေကြခြင်းဖြစ်သည်။ ရွာထဲကဆိုင်တွေမှာ ထမင်းစားခြင်းထက် အများကြီးပိုသက်သာပြီး ပင်လယ်စာ လတ်လတ်ဆတ်ဆတ်လည်း စားရသည်။ သူမကတော့ Training အတွက် တာဝန်ကျသည်။ သူမအဖွဲ့မှာ တူတူတာဝန်ကျသည်က ဖြိုးပိုင်၊ အာကာနဲ့ ခင်မြတ်။ မိန်းကလေးနှစ်ယောက်၊      ယောက်ျားလေး နှစ်ယောက် ခွဲပေးထားသည်က Gender အားဖြင့်တော့ ညီမျှပါသည်။ အာကာနဲ့ ခင်မြတ်ဆိုတာကလည်း Camp အတွက် အသစ်ရောက်လာသည့် အဖွဲ့ဝင်များဖြစ်တာကြောင့် ဖြိုးပိုင်နဲ့ သူမနဲ့က Training အတွက် ပိုပြီး အားထည့်ရပေတော့မည်။

“အမ ကျွန်တော်တို့ တာဝန်တွေအတွက် အမပဲ ဦးဆောင်ပေးနော်.. ကျွန်တော်က ဘာမှ သိပ်နားမလည်ဘူးဗျ”

“အို အမရော ဘာထူးလဲ ဖြိုးပိုင်ရဲ့.. ဒီလိုပဲ တူတူခေါင်းစားကြတာပေါ့.. နေအုံး.. မောင်လေးနဲ့ အမက Facilitate လုပ်ပေးမယ့် ဆရာကို သွားခေါ်ကြမယ်.. ဆရာက Hotel Max မှာတည်းတယ်.. အာကာနဲ့ ခင်မြတ်ကို စာရွက် စာတမ်းတွေ ပြင်ခိုင်းထားလိုက်မယ်”

“အိုးကေ.. ကျွန်တော် တစ်ယောက်တည်း သွားလည်း ဖြစ်ပါတယ်ဗျ.. အမ ပင်ပန်းနေရင် နားလေ.. ရေချိုးထားလိုက်ပါလား”

“အို အားလုံး တူတူပင်ပန်းကြတာ တစ်ယောက်တည်းတော့ ကွက်မနားချင်ပါဘူး”

“ကျွန်တော် အမအတွက်ကော နှစ်ယောက်စာ လုပ်ပေးမှာပေါ့.. အမနေမကောင်းဖြစ်မှာ စိုးတယ်”

“အပိုတွေ.. ကဲလာ ဆရာ့ကို တူတူသွားခေါ်ကြရအောင်”

ဖြိုးပိုင်နဲ့သူမ Hotel Max ကို လမ်းလျှောက်လာတော့ လမ်းမှာ အစားအသောက်တာဝန်ကျသည့် ၀တ်ရည်တို့ အဖွဲ့ကိုတွေ့သည်။ နေ့လည်စာရော ညနေစာရော အားလုံး အိုကေတယ်ဟု ပြောသွားကြသည်။ Hotel ကိုရောက်တော့ Lobby တွင် စောင့်နေသည့် ဆရာကို အဆင်သင့်ပဲ တွေ့ရသည်။ ဆရာ့ကို နုတ်ဆက်ပြီး Training Schedule တွေ ဆွဲကြသည်။ ဆရာက သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးမှာ တက်ကြွလှုပ်ရှား   နေသူတစ်ယောက်ဖြစ်သည်။ ၂၀၀၈ ခုနှစ် နာဂစ်နောက်ပိုင်းမှာတော့ ဧရာဝတီတိုင်းဘက်တွေကို သွားပြီး ဒီရေတော့ ပရောဂျက်တွေမှာ ပါဝင်လှုပ်ရှားနေသူလည်း ဖြစ်သည်။ UNEP နဲ့ လက်တွဲပြီး ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ပညာပေးလုပ်ငန်းတွေကို လူငယ်များနှင့် လက်တွဲဆောင်ရွက်နေသူလည်း ဖြစ်သည်။ အလုပ်များသော ဆရာဦးမြင့်ဝေကို သူမတို့ ချောင်းသာ Youth Camp အတွက် ကံကောင်း၍ ရခဲ့ခြင်းဖြစ်သည်။ ဆရာကလည်း ချောင်းသာဘက်တွင် အသင့်ရောက်နေပြီးသား ဖြစ်သဖြင့် တော်သေးသည်။

“မပိုးအိ ကော သမီးတို့”

“ပဲသီးတောင့်…. အဲ.. ပိုးအိက ဟိုတယ်မှာ Training အတွက် ပြင်နေပါတယ် ဆရာ.. သူက ကားပေါ်မှာလည်း အန်လာတော့ သိပ်နေကောင်းတာနဲ့.. လိုက်မလာတော့ဘူးတဲ့”

“အိုးကေ သမီးတို့ Camp မှာက ကိုယ်ရယ်.. ပိုးအိရယ် နှစ်ယောက်ပဲ facilitate လုပ်မှာဆိုတော့ အကြောင်းအရာတွေ သေချာညှိဖို့ လိုတယ်လေ.. ဆရာ တစ်ခါတည်း လိုက်ခဲ့လိုက်မယ်..”

နောက်တော့ ဆရာရယ်.. သူမတို့ နှစ်ယောက်ရယ် Camp လုပ်မည့်ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။ ပိုးအိက ဆရာ့ကို ထွက်ကြိုပြီး အစီအစဉ်တွေ ဆွဲကြသည်။ ဖြိုးပိုင်ကလည်း အခန်းထဲ ခဏနားမည်ဟု ဆိုကာ သူ့အခန်းထဲ ၀င်သွားသည်။ သူ့မ ကိုယ့်အခန်း နံပတ်တောင် ကိုယ်မသိသေး။ ဒီတော့မှ Admin အတွက် တာဝန်ကျသည့် မအိမ့်တို့ မစုတို့ မိုးအောင်တို့ကို ရှာပြီးမေးရသည်။ ၁၀၇ ဆိုသဖြင့် Reception တွင် သော့တောင်းကာ အခန်းထဲ လာခဲ့လိုက်တော့သည်။ သုံးယောက်တစ်ခန်းနေရမည့် အခန်းလေးက ချစ်စရာကောင်းပါသည်။ ဟိုတယ်ကြီးတွေကို TV တွေ ရေခဲသေတ္တာတွေ မပါသည်မှ လွဲပြီး သက်တောင့် သက်သာလည်း ရှိလှသည်။ သူမရယ် မြတ်မဒီရယ်၊ မူနွှဲ့ရယ်က တစ်ခန်း တူတူနေရသည်။ ရေမိုးချိုးပြီး…. လမ်းခရီး တစ်လျှောက် ပင်ပန်းလာသည့်ဒဏ်တွေကြောင့် ခဏမှေးခနဲဖြစ်သွားသည်မှာ Participant Manager ထွန်းထွန်းနဲ့ ဘိုဘိုတို့၏ ၀ီစီသံကြားမှ နိုးလာမိတော့သည်။

“အားလုံး မင်္ဂလာပါ.. မနေ့က တစ်ညလုံး ပင်ပန်းတာတွေ ပျောက်စေဖို့ ကျွန်မတို့ရဲ့  Camp ကို ရီရီမောမောလေးတွေနဲ့ စလိုက်ကြရအောင်.. စစချင်း ကျွန်မတို့ Game လေး တစ်ခု ဆော့ပါမယ်.. အဲ့ဒါကတော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သစ်ရွက်ကြွေလေးတွေကို ကောက်ပါ.. နောက်ပြီး သစ်ပင်ပုံလေးဖြစ်အောင် အခု ပေးထာတးတဲ့ A 3 စာရွက်ပေါ်မှာ သစ်ရွက်လေးတွေ ကပ်ပြီး ပုံဖော်ကြရပါမယ်.. သစ်ရွက်လေးတွေ ပေါ်မှာတော့ အခုပါလာတဲ့ Participants တွေထဲက ရုတ်တရက် ကိုယ် မှတ်မိလိုက်သူတစ်ဦးရဲ့ မထင်မှတ်တဲ့ အကြောင်းအရာလေးတွေကို ရေးရပါမယ်.. နာမည်တွေ မရေးရပါဘူး သူဆိုတာလေးပဲ ရေးရမယ်.. နောက်တော့မှ အဲ့ဒီ သူဆိုတာ ဘယ်သူလဲ ကျွန်မတို့ ဖော်ကြမယ်.. ဟုတ်ပြီလား… အိုးကေ ကျွန်မတို့ စလိုက်ကြရအောင်.. အားလုံးပဲ ငါးမိနစ် အချိန်ရပါတယ်”

သူမတို့ရဲ့ Facilitator လည်းဖြစ် President လည်းဖြစ်သော ပိုးအိရဲ့ အဖွင့်အစီအစဉ်မှာပဲ ဂိမ်းစဆော့ရတော့သည်။ ပတ်ဝန်းကျင်မှာ ရှိသည့် သစ်ရွက်ကြွေတွေကို ကောက် .. စာလေးတွေရေးပြီး စာရွက်ပေါ်မှာ အပင်ပုံလေးဖြစ်အောင် ကပ်ရသည်။ A 3 စာရွက်လေးတွေကလည်း ထူးခြားသည်။ ရုံးတွေမှာ မသုံးပဲ ထားကြသည့် တစ်ဖက်လွတ် စာရွက်ကလေးများဖြစ်သည်။ ဒီစာရွက်တွေကို အဖွဲ့ဝင်တွေအားလုံး ရှာဖွေစုစည်းလာကြခြင်းဖြစ်သည်။

အားလုံးပြီးသွားတော့ စာရွက်တွေကို နံရံပေါ်မှာ ကပ်ရသည်။ လူအယောက် (၃၀).. စာရွက် (၃၀).. သစ်ပင် (၃၀) ပေါ့။ နောက်တော့ ဆရာဦးမြင့်ငွေရဲ့ သစ်ပင်တွေအကြောင်းကို သင်ရသည်။ ဆရာ့အချိန်ပြီးတော့ ကျွန်မတို့ရဲ့ သစ်ပင်တွေက သစ်ရွက်တွေပေါ်မှာ ရေးထားသည့် စာတွေကို အားလုံး တူတူလိုက်ဖတ်ကြသည်။

“ကားပေါ်မှာ ဆန်ပြုတ် ပြုတ်ရောင်းသူ တစ်ဦး”

“မျိုးကြီးရဲ့ မိုး သီးချင်တွေ ဆိုနေသူ”

“ဘေးကတစ်ယောက်များ ဟောက်တောင် ဟောက်တယ်”

“Beer နံ့လေး သင်းတယ်ကွဲ့”

စသည်ဖြင့် မျိုးစုံတွေ ရေးထားကြသည်။ “၀ိုး.. ထူးထူးခြားခြား Message နှစ်ခု တူနေပါတယ်ဗျို့”.. လို့ အာကာက လှမ်းအော်သည်။ အားလုံး စိတ်ဝင်စားပြီး သစ်ပင်လေး နှစ်ပင်ဆီသို့ အာရုံတွေ စုပြုံရောက်သည်။

“Ipod ချင်း ဆင်တူတယ်.. သီချင်းလေးတွေကိုချစ်တယ်”

ဘုရားရေ.. အဲ့ဒါ ကျွန်မ ရေးလိုက်တဲ့ စာသားလေးပါ။ နောက်သစ်ပင်လေး တစ်ခုမှာလည်း အဲ့ဒီအတိုင်းရေးထားသည်။ သူမ ရုတ်တရက် ဖြိုးပိုင်ကို ကြည့်လိုက်တော့.. ဖြိုးပိုင်ကလည်း သူမကို အံ့သြသလိုလေး ကြည့်နေသည်။ သူမ ရှက်ရွံ့စွာ အကြည့်တွေ လွှဲလိုက်မိသည်။ “ရှာရမယ်.. တရားခံကို တွေ့အောင်ကို ရှာရမယ်.. ခုချိန်ကစပြီး.. Ipod များကို သတိထားပါတော့မယ်ရှင်” ဟု ၀တ်ရည်က ရွှတ်နောက်နောက်ကလေး ၀င်ပြောသည်။ စာသားတွေချင်း ဘာလို့များ လာတိုက်ဆိုင်နေရတာပါလိမ့်။ အို.. တိုက်ဆိုင်မှာပေါ့.. ခုံချင်းက ရှေ့ နောက် ထိုင်ကြတာကိုးလို့   တွေးမိတွေးရာ   တွေးလိုက်သေးသည်။

နောက်တော့ တစ်ယောက်ချင်း မိတ်ဆက်ရသည်။ တစ်ခြားသင်တန်းတွေလို.. မိတ်ဆက်ပြီးမှ အစီအစဉ်တွေ စတာမျိုးမဟုတ်ပဲ.. အစီအစဉ်တစ်ချို့ စထားပြီးမှ မိတ်ဆက်ရသည့် အစီအစဉ်ကို ဘယ်သူကများ အကြံပေးလိုက်ပါလိမ့်ဟု တွေးမိသေးသည်။ မိတ်ဆက်သည့်အချိန်တွင် ဘယ်နေရာမှာ ဖြစ်ဖြစ် ယူဆထားသည့် အယူအဆတစ်ခုကို ထည့်ပြောရသည် ။ သူမအလှည့်ရောက်လာသည်။

“မင်္ဂလာပါ.. ငြိမ်းအေးသန့်ပါ.. အားလုံးကတော့ ငြိမ်းလို့ခေါ်ကြပါတယ်.. MYIA အဖွဲ့ထဲကပါပဲ.. ခင်ရတာ ၀မ်းသာပါတယ်.. ကျွန်မရဲ့ Professional အလုပ်ကတော့ Web Developer ပါ… Social Work တွေ လုပ်ရတာ ၀ါသနာပါပါတယ်.. အဲ.. ကျွန်မရဲ့ အယူအဆတစ်ခုကတော့ ဘ၀နဲ့ ပတ်သက်ပါတယ်.. ဘ၀မှာ လက်ရှိပိုင်ဆိုင်ထားတာလေးတွေကို ကျေနပ်ပြီး ဒီထက်မက ပိုင်ဆိုင်ဖို့ ကြိုးစားချင်ပါတယ်။

တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ကြသည်။ ဖြိုးပိုင်အလှည့်ရောက်တော့ သူပြောလိုက်သည့် စကားလေး၊ သူ့ရဲ့ အယူအဆလေး တစ်ခုကြောင့် အားလုံးပြောစရာ ဖြစ်ရတော့သည်။

“ကျွန်တော့် မောင်ဖြိုးပိုင်ရဲ့ အယူအဆကတော့ အချစ်နဲ့ ပတ်သက်တာလေးပါ.. ကိုယ်ချစ်တဲ့သူရဲ့ အချစ်ကို ရဖို့အတွက် လှေကားထစ်တွေ တစ်ထစ်ချင်း တက်သွားမှသာ ပန်းတိုင်ရောက်နိုင်မှာ ဖြစ်ပါတယ်.. ကျွန်တော်ကတော့ လှေကားထစ် တစ်ထစ် စတက်နေပြီဗျ… ဟား ဟား”

“လှေကားထစ်ကို တက်တာလား.. Ipod ကို တက်တာလားဗျို့” သားသားက ၀င်နောက်တော့ ဖြိုးပိုင်က ပြန်ပြောသည်။

“လှေကားထစ်ပေါ်မှာ Ipod ကို တွေ့တာဗျ.. Lucky Ipod လို့တော့ ထင်တာပဲ”

ဝိုးးးးးးး.. လုပ်ထားကွ ဖြိုးပိုင်ရ…

ဒါဆို သစ်ပင်ပေါ်က အိုင်ပေါ့ တစ်လုံးတော့ တွေ့ပြီ နောက်တစ်လုံး ကျန်သေးတယ်

မျက်စိရှင်ရှင် ရှာရမယ်….. စသည် စသည်ဖြင့် စကားတွေ တစ်ယောက် တစ်မျိုးပြောကြတော့ သူမ နေထိုင်မတတ် ဖြစ်ရပါသေးသည်။ လှေကားထစ်တွေ တက်မယ်တဲ့လား ဖြိုးပိုင်ရယ်.. အိုင်ပေါ့ဆိုတာ.. ကိုယ့်ကိုများ စောင်းပြောလေသလားဟု ထင်မိသေးသည်။ အိုး ချောင်းသာရယ်… အတွေ့အကြုံအသစ်တွေ မထင်မှတ်လောက်အောင် များလာတော့မှာလားကွယ်…. ။

(ဆက်ရန်)

Live Simply – Save Environment

Standard

ဒီနေ့ သူငယ်ချင်း သီတာလင်းက ဖေ့စ်ဘုတ်မှာ နုတ်စ်လေးတစ်ခု တဂ်လုပ်လာပါတယ်။ ရိုးရှင်းစွာ နေထိုင်းခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်တဲ့..

အဲ့ဒါလေးကတော့ မေလ (၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲမှာ ဆရာမဂျူး ပြောပြခဲ့တဲ့အကြောင်းအရာလေးတွေကို သီတာက ကျွန်မတို့ကို ပြန်လည်မျှဝေတာဖြစ်ပါတယ်။ ဆရာမ ပြောတဲ့အထဲမှာ မှတ်သားစရာ ကောင်းတဲ့အချက်ကလေးတွေ အများကြီးပါပါတယ်။ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးကိုလုပ်နေတဲ့ ကျွန်မကိုယ်တိုင်တောင် ငါ ရိုးရိုးရှင်းရှင်းနေတတ်ပြီလား လို့ ပြန်တွေးကြည့်မိပါတယ်။ ကျွန်မတို့ တစ်ဦးတစ်ယောက်ရှင်းစီဟာ နည်းပညာရဲ့တိုးတက်မှုတွေ ၊ ရုပ်ဝတ္ထုတွေနောက်ကို ဖိနပ်ပါးမတတ်ပြေးလိုက်ရင်း ကျွန်မတို့ရဲ့ ဘ၀ကြီးဟာလည်း ပိုမိုပြီးတော့ ရှုပ်ထွေားလာခဲ့ပါပြီ။ တောနေလူထုနဲ့ မြို့နေလူထုရဲ့ နေပုံထိုင်ပုံချင်းကလည်း အနည်းနဲ့ အများတော့ ကွာခြားကြတာပါပဲ။ တောအရပ် ဒေသတွေက လူတွေဟာ မြို့နေလူထုလောက် ဗဟုသုတ မများကြသလို ၊ နည်းပညာနဲ့လည်း အတွေ့ အထိ နည်းကြပါသေးတယ်။ ဒါကြောင့် သူတို့တွေရဲ့ နေထိုင်မှုပုံစံဟာ မြို့နေလူထုတွေထက် ပိုပြီး ရိုးရှင်းပါတယ်။ ဒါကြောင့် တောအရပ်ကိုသွားရင် သဘာဝရဲ့ အလှအပနဲ့ ငြိမ်းချမ်းမှုကို ကျွန်မတို့ ခံစားနိုင်ကြတာပေါ့။ ဒါဆိုရင် မြို့ပေါ်မှာ ရိုးရိုးရှင်းရှင်း ဘယ်လိုနေထိုင်ရပါ့မလဲ ရှင်။

Management Your Demand – လိုချင်မှုကို ထိမ်းချုပ်ပါ

အနီးစပ်ဆုံးပြောရမယ်ဆိုရင် ကျွန်မတို့ ဖေ့စ်ဘုတ်သုံးတာကို ထောက်ပြချင်ပါတယ်။ တစ်နေ့မှာ ကျွန်မတို့ ဘယ်နှစ်ကြိမ် ဖေ့စ်ဘုတ်ကို ၀င်ကြည့်ပါသလဲ။ မကြည့်ပဲ ဖွင့်ထားတာမျိုးကော ရှိပါသလား။ သေချာတာကတော့ ဖေ့စ်ဘုတ်သုံးမယ်ဆိုရင် အင်တာနက်ချိတ်ရမယ်။ အင်တာနက်ချိတ်မယ်ဆိုရင် ကွန်ပျူတာရှိရမယ်။ တစ်ချိန်လုံးသာ အင်တာနက် အသုံးပြုမယ်ဆိုရင် ကွန်ပျူတာကို တစ်နေကုန် ဖွင့်ထားရမယ်.. စွမ်းအင်တွေ ပိုကုန်မယ်.. အလိုရှိသလောက်ပဲ သုံးမယ်ဆိုရင် တစ်ခြားအချိန်တွေမှာ ကွန်ပျူတာ ပိတ်ထားပြီး စွမ်းအင်ကို ချွေတာနိုင်ပါမယ်။ ဒါက ဖေ့စ်ဘုတ် ၊ အင်တာနက်သုံးတာနဲ့ ဥပမာပြလိုက်တဲ့ လိုချင်မှုကို ထိမ်းချုပ်တာပါ။ နောက်ပြီး ကျွန်မတို့ အသုံးပြုနေတဲ့ Gadget တွေ.. iPhone 3G ထွက်ပြီးလို့ မကြာခင်မှာပဲ 4G ဆိုတာ ထပ်ထွက်တယ်။ ipad ထွက်ပြီးလို့ မကြာပါဘူး.. ipad 2 ဆိုတာလေး ပေါ်လာပြန်တယ်။ တစ်ခုပြီး တစ်ခုကိုသာ လိုချင် ၀ယ်ချင်နေမယ်ဆိုရင် သိပ်ကို ခက်ပါတယ်။ ပိုက်ဆံကုန်တာက ပြသနာမဟုတ်ပေမယ့် များပြားလာတဲ့ ၀ယ်လိုအားအတွက် အရေအတွက် အများအပြားထုတ်လုပ်ရတဲ့ စက်ရုံတွေကနေ ကာဗွန်တွေ အများအပြားထုတ်လုပ်မှာ အမှန်ပါပဲ။ ဒီလိုပါပဲ အ၀တ်အထည်နဲ့ အခြားအသုံးအဆောင်တွေမှာလည်း လိုချင်လို့ ၀ယ်တာထက် လိုအပ်လို့ ၀ယ်တာမျိုးကိုသာ ပြုလုပ်သင့်ပါတယ်။ လိုအပ်မှုဆိုတာ မဖြစ်မနေကို ဖြည့်ဆည်းပေးရမှာပါ။ ဒါပေမယ့် လိုချင်မှု ဆိုတာကိုတော့ ကျွန်မတို့လူသားတွေ ထိမ်းချုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ခရီးသွားလာရေးအတွက် ကျွန်မတို့တွေ သယ်ယူပို့ဆောင်ရေး ယဉ်တွေကို မဖြစ်မနေ အသုံးပြုရတယ်။ လမ်းလျှောက်သွားသင့်တဲ့ နေရာကို လမ်းလျှောက်သွားမယ် ၊ ကားကို စီးသင့်မှစီးတာမျိုးလည်း လုပ်လို့ ရနိုင်ပါသေးတယ်။ နောက်ပြီး ကျွန်မတို့တွေ ကားဝယ်ချင်ကြတယ်။ လူတိုင်းသာ တစ်ယောက် တစ်စီး ကားပိုင်ကြမယ်ဆိုရင် လေထုညစ်ညမ်းမှုတွေဟာလည်း ပိုတိုးလာနိုင်ပါတယ်။ ဆင်းရဲသူ ချမ်းသာသူဆိုပြီး ရှိနေတာကိုတောင် ကျေးဇူးတင်ရမလို ဖြစ်နေပါပြီ။ ကားတစ်ယောက်တစ်စီး စီးတာထက် အများနဲ့မျှဝေပြီး အသုံးပြုလို့ရတဲ့ ဘတ်စ်ကား ၊ မီးရထား အစရှိတာတွေကို စီးရင်းနဲ့လည်း ရိုးရှင်းစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

Reuse – ပြန်သုံးကြည့်ကြပါ

ဟိုတစ်လောက မင်္ဂလာဆောင် တစ်ခု သွားစရာရှိလို့ အင်္ကျီတွေ ၊ ထမီအသစ်တွေ ၀ယ်ဖြစ်တယ်။ ကျွန်မမှာ ၀တ်စရာ မရှိလို့လား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ အသစ်ကလေးနဲ့ သွားချင်လို့ပါ။ အသစ် အသစ် ဆိုတာတွေကို လူတိုင်း သုံးချင်ကြပါတယ်။ ဒါဆိုရင် အသစ် အသစ်တွေကို ထုတ်လုပ်မှုတွေကြောင့် စက်ရုံတွေကနေ အငွေ့တွေ အသစ် အသစ် ထပ်ထပ်ထွက်နေအုံးမှာပါ။ ဗမာစကားပုံ ရှိပါတယ်.. ရှိတာလေးနဲ့ လှအောင်ဝတ် ၊ ရတာလေးနဲ့ ၀အောင်စား ဆိုတာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအတွက် ပြောခဲ့သလားလို့တောင် မေးရမလို ဖြစ်နေပါပြီ။ စောစောက ကျွန်မပြောခဲ့တဲ့ လိုချင်တပ်မက်မှုတွေကို ထိမ်းချုပ်နိုင်ဖို့ ကျွန်မတို့မှာ ရှိနေတာတွေကို ပြန်လည်အသုံးပြုတတ်အောင်လည်း ကိုယ့်ကိုကိုယ် လေ့ကျင့်ပေးရမှာပါ။ ကျွန်မကတော့ ဆုံးဖြတ်ထားပါတယ် ဒီနှစ်မှာ အ၀တ်အစားသစ်နဲ့ ဖိနပ်သစ်ဝယ်တာကို လုံးဝလျှော့ချပစ်မယ်လို့။ ဒီနှစ်ထဲမှာလည်း MYIA အနေနဲ့ Reuse Campaign လေးတစ်ခုလောက်တော့ ဖြစ်အောင်လုပ်ကြည့်မယ်လို့ စဉ်းစားထားပါသေးတယ်။

Pls Don’t Think Simple in Your Daily Routine – တစ်ခါ တစ်လေ ရိုးရိုးလေးပဲ မတွေးပါနဲ့

ကျွန်မတို့ ဈေးသွားတယ်။ ခပ်ရိုးရိုးလေးပဲ တွေးပြီး ပိုက်ဆံအိတ်တစ်အိတ်ပဲ ယူသွားတတ်ကြတယ်။ သဘောကတော့ ဈေးဝယ်ရင် ထည့်စရာ ကြွပ်ကြွပ်အိတ် ရမယ်ပေါ့လေ။ ပတ်ဝန်းကျင်အတွက်သာ သေသေချာချာတွေးမိရင် ဈေးခြင်းတောင်းတွေ ၊ အိမ်မှာ ရှိပြီးသား ကြွပ်ကြွပ်အိတ်တွေကို တကူးတကကြီး သယ်သွားကြမှာပါ။ ဒါကြောင့် စေ့စပ်သေချာစွာ တွေးရင်း ကမ္ဘာမြေကို လှပအောင်လည်း ထားနိုင်ပါတယ်။ ကျွန်မကတော့ ကြွပ်ကြွပ်အိတ်အသုံးကို လုံးဝ ဆန့်ကျင်နေတာ ၂၀၁၁ အစကတည်းကပါပဲ. ကျွန်မလိုပဲ တစ်ခြားသူတွေလည်း ထိထိရောက်ရောက် ဆန့်ကျင်နိုင်ရင် သိပ်ကောင်းမှာပဲရှင်။

နောက်ပြီး ကျွန်မတို့နေတဲ့ တိုက်တွေ ၊ လမ်းတွေ ၊ ပတ်ဝန်းကျင်တွေကို ခပ်ရိုးရိုးပဲ တွေးပြီး အမှုမဲ့ အမှတ်မဲ့ နေတတ်ကြတယ်။ လှေကားရင်းမှာ အမှိုက်ပုံနေတာတွေ ၊ အိမ်နောက်ဖေး ညစ်ပတ်နေတာတွေဟာ စည်ပင်သာယာရဲ့ အလုပ်လို့ ခပ်ရိုးရိုးပဲ တွေးတတ်ကြတယ်။ တစ်ကယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင် လှပဖို့က ကိုယ့်အလုပ်ပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်နှိုးဆော်ပြီး ကိုယ်က စလုပ်ရင် သူများတွေလည်း လိုက်လုပ်ကြမယ်လို့ ယုံကြည်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဒီအကျင့်ကို မွေးရအုံးမှာပါ။ အမှိုက်တွေကို နောက်ဖေးပြူတင်းပေါက်ကနေ ပြီးစလွယ် မပစ်ချပဲ အမှိုက်ပုံးထဲ သေချာထည့်ရမယ်ဆိုတာကိုလည်း သိရက်နဲ့ လုပ်မိနေတာကို ထိမ်းချုပ်ရမှာပါ။

နောက်တစ်ခုက ကိုယ့်စိတ်လည်းကြည် ၊ တစ်ခြားသူတွေလည်း စိတ်ကြည်အောင် အိမ်ဝရံတာမှာ ပန်းပင်လေးတွေ စိုက်ပျိုးတာကို အိမ်တိုင်း လုပ်သင့်ပါတယ်။ အပင်လေးတွေကို ပြုစုရတာဟာ အပိုအလုပ်ဖြစ်တယ်လို့ ခပ်ရိုးရိုးမတွေးပဲ အိမ်ပတ်ဝန်းကျင်လေး လှနေဖို့အတွက်လို့ သေသေချာချာလေး တွေးလိုက်ရင် တစ်ကယ်လည်း လုပ်ဖြစ်သွားပါတယ်။ အချိန်လည်း သိပ်မယူ ၊ အလုပ်လည်း သိပ်မရှုပ်ပါဘူး။ ဒီလိုပဲ နေ့စဉ်ဘ၀ထဲက ကိုယ့်အကျင့်တွေကို ပတ်ဝန်းကျင်ကောင်းဖို့ သေသေချာချာတွေးပြီး ကိုယ်ကိုယ်တိုင် ပြောင်းလဲသင့်ပါတယ်။

နောက်ပြီး ရိုးရှင်းသောဘ၀မှာ နေထိုင်ဖို့ ကျွန်မတို့ရဲ့ အတ္တတွေကိုလည်း နည်းသထက် နည်းအောင် လုပ်ရပါမယ်။ လောဘကို ထိမ်းချုပ်တာ ၊ အများကို ကူညီတာ ၊ အမူအကျင့်တွေကို ဖြည်းဖြည်းချင်းပြောင်းယူတာ အစရှိတာတွေနဲ့ ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်းရင် နေထိုင်ရာ ကမ္ဘာကြီးကို ကာကွယ်ကြရအောင်လားရှင်။

မွေးရပ်မြေမှာ ရောက်တတ်ရာရာ

Standard

ကျွန်မစီးလာတဲ့ သဘောင်္ကြီးက ဘင်္ဂလားပင်လယ်အော်ထဲမှာ အရှိန်မှန်မှန် ခုတ်မောင်းလို့နေတယ်… အမြန်နှုန်းကြောင့် ဖွာထွက်လာတဲ့ ရေလှိုင်းဖြူဖြူတွေရယ်… အဆုံးကို မမြင်ရတဲ့ ပင်လယ်ကြီးရယ်… နောက်ပြီး မိုးသားပြာပြာတွေရယ်.. ဒီမြင်ကွင်းတွေကို ကျွန်မ မမြင်ခဲ့ဖူးတာ တော်တော်ကြာနေပြီမို့ ကင်မရာတစ်လုံးနဲ့ အလုပ်ရှုပ်နေမိတယ်။ ခဏကြာတော့ သင်္ဘောရပ်သွားတာကို ခံစားမိတယ်.. ဘာဖြစ်လို့လဲလို့ မေးကြည့်တော့ မန်ကျည်းကျွန်းမှာ ခဏရပ်တာတဲ့။ သြော.. ကျွန်မရဲ့ ဘယ်ဘက်ကနေ မြင်ရတဲ့ မြင်ကွင်းက ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကြီး ဖြစ်နေပေမယ့်… ကျွန်မရဲ့ ညာဘက်မှာတော့ မန်ကျည်းကျွန်းက ထီးထီးကြီး ရှိလို့နေရဲ့။ ဆန့်ကျင်ဘက်သဘောတရားတွေကလည်း တစ်ခါ တစ်လေမှာ လူကို လှည့်စားတတ်ကြသားရှင်။

မန်ကျည်းကျွန်းကို ကျော်လာပြီး နောက်တစ်နာရီလောက် ထပ်မောင်းတော့ မာန်အောင်ကျွန်းကို မှုန်ပြပြလေး မြင်ရတယ်။ သူ့ဘေးမှာတော့ ရဲကျွန်း ၊ တိုက်ကျွန်းဆိုတဲ့ ကျွန်းသေးသေးလေးတွေ ၀န်းရံလို့။ ပင်လယ်ပြာပြာထဲမှာ စိမ့်ညို့ညို့ဖြစ်နေတဲ့ ကျွန်းကို မြင်ရတာ တစ်ကယ်ကို လွမ်းစရာကြီးပါ။ အိမ်ကို လွမ်းလို့ပြန်လာခဲ့တာ မဟုတ်ပေမယ့် အိမ်ပြန်ရောက်တော့မယ်ဆိုတဲ့အသိနဲ့ ကျွန်မ အတိုင်းမသိပျော်မိပါတယ်။ တစ်ကယ်တော့ အဲ့ဒီအချိန်မှာ ကျွန်မတော်တော်လေးကို ပင်ပန်းနေပြီ.. ရန်ကုန်ကနေ တောင်ကုတ်ကို တစ်ညလုံး ကားစီးရတယ်။ တောင်ကုတ်ကနေ ကျွန်မတို့ဆီကိုရောက်ဖို့ လျှပ်ပြေးလို့ခေါ်တဲ့ သင်္ဘောအမျိုးအစားနဲ့ နှစ်နာရီလောက် ပင်လယ်ပြင်ကို ဖြတ်ရသေးတာ။ ကားစီးတယ်ဆိုတာကလည်း မြေပြန့်မှာ သွားရတာမျိုးမဟုတ်ပဲ အကွေ့အကောက်များလှတဲ့ ရခိုင်ရိုးမကို ဖြတ်ကျော်ပြီး ကားစီးရတဲ့အတွက် တစ်ကိုယ်လုံးလည်း ကိုင်ရိုက်ထားသလို နာနေတယ်။ ဒါတောင် ခုချိန်မှာ လေအိပ်ကားတွေ ရှိနေလို့သာပေါ့။ တက္ကသိုလ်တက်တုန်းကဆို ရိုးရိုးမှန်လုံကားတွေနဲ့ သွားခဲ့ရတာ။ လူစီးသီးသန့်လည်း မဟုတ်တဲ့အတွက် ငါးပိနံ့ ၊ ငါးခြောက်နံ့တွေကြားမှာ လူလည်း ငါးခြောက်ဖြစ်တော့မတတ် ကားစီးခဲ့ရတာ။ အချိန်တွေ နည်းနည်းကြာလာလို့ ကားဂိတ်ပိုင်ရှင်တွေလည်း ပိုပိုပြီး ချမ်းသာလာကြလို့လာ သူတို့တွေမှာလည်း ခုမှ လေအိပ်ကားတွေ ၀ယ်နိုင်တာ ဖြစ်မှာပေါ့လေ။

Manaung Island Landing in the Bay of Bangle

Pagoda situated on the rock at the mouth of Taung Goke River

သင်္ဘောဆိပ်ကို ရောက်တော့ ကျွန်မတို့ ညီအစ်မကို လာကြိုနေတဲ့ အဖေ့ကိုတွေ့တယ်။ အမေ့ကိုလည်း တွေ့ချင်တာမို့ အိမ်ကို ဖုန်းဆက်ဖို့ ကျွန်မရဲ့ CDMA 450 ဖုန်းလေးကို ထုတ်လိုက်တော့ လိုင်းက အပြည့်ပါပဲရှင်။ ကျွန်မ မာန်အောင်မှာ နေခဲ့တဲ့ တောက်လျှောက်မှာလည်း ဘယ်နေရာသွားသွား ဆက်သွယ်မှုဧရိယာ ပြင်ပရောက်တယ်ဆိုတာ မရှိခဲ့သလောက်ပါပဲ။ ဒါနဲ့အမေလည်းရောက်လာရော ကျွန်မတို့ မိသားစုလေးယောက် ဆူညံပွက်လောရိုက်ပြီး အိမ်ကိုရောက်လာခဲ့ကြတော့တယ်။ မရောက်တာကြာတဲ့ မြို့ကလေးက ပိုသေးသွားတယ်လို့ စိတ်ထဲမှာ ထင်မိသလို၊ လမ်းတွေကလည်း ပိုကျဉ်းသွားတယ်လို့ ခံစားမိသေးတယ်။ ပိုပေါလာတာကတော့ ဆိုင်ကယ်တွေပါပဲ။ ကျွန်မရဲ့ အိမ်လေးကတော့ ချစ်စရာ ကောင်းမြဲ ကောင်းဆဲ။ ဒါပေမယ့် အဖေက အိမ်ချဲ့နေတာမို့ သစ်တွေ၊ အုတ်တွေ ၊ လက်သမားတွေနဲ့ အိမ်မှာ နည်းနည်းတော့ ရှုပ်နေတယ်။

သင်္ကြန်တစ်တွင်းလုံးမှာတော့ အိမ်တွင်းအောင်းပြီး အိမ်အလုပ်တွေ လုပ်နေခဲ့လို့လား မသိပါဘူး.. သင်္ကြန်ရောက်နေတယ်ဆိုတာ ကျွန်မ မေ့တေ့တေ့လေးတောင် ဖြစ်သွားလိုက်သေးရဲ့။ သင်္ကြန်နောက်ဆုံးနေ့မှာ ကမ်းခြေဘက်ကို ဆိုင်ကယ်စီးဖို့ အိမ်ကအထွက် ရေလိုက်လောင်းတဲ့သူတွေကိုတောင် ဒေါကြီး မောကြီးနဲ့ ရန်တွေ့မိခဲ့သေးတာ။ ဒီနှစ်သင်္ကြန်က အဲ့လောက်ထိကို ကျွန်မအတွက် အဓိပ္ပာယ်မရှိခဲ့တာပါ။

ကျွန်မလည်း ရောက်တုန်းရောက်ခိုက်မှာ ကိုယ့်ဆီက လေ့လာစရာလေးတွေကို နည်းနည်းလေးတော့ လေ့လာမိခဲ့သေးရဲ့။ ဘင်္ဂလားပင်လယ်အော်ထဲမှာ ရှိတဲ့ ကျွန်မတို့ကျွန်းဟာ လက်ရှိမှာဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေသာ ဖြစ်လာခဲ့မယ်ဆို တစ်ကယ်ကို ကြောက်ဖို့ ကောင်းတဲ့ နေရာတစ်ခု ဖြစ်တယ်။ ကျွန်မတို့ဆီမှာ ဘာအကာအကွယ်မှ မရှိသလို၊ ဘာ အန်ဂျီအိုမှလည်း ရှိမနေပါဘူး။ ဒေသခံတွေကလည်း ရေကူးတတ်တယ်ဆိုတာမျိုးလောက်ပဲရှိပြီး ငလျင်တို့ ၊ ဆူနာမီတို့ဖြစ်လာရင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ မသိတဲ့သူတွေများပါတယ်။ ဒီလိုမျိုး ကျွန်းတွေက လူတွေကို တကူးတက လာရောက် ထရိန်နင်ပေးကြမယ့် ဘယ်အဖွဲ့အစည်းမှလည်း ရှိမှာ မဟုတ်ပါဘူး။ မဖြစ်ရင် မလုပ်တတ်ကြတဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာ မဖြစ်သေးသမျှ မလုပ်ခဲ့လို့လည်း နာဂစ်တုန်းက ဆုံးရှုံးမှုတွေ များခဲ့ရတာ မဟုတ်လား။ ဘယ်အရာကိုမှ ကြိုတင်မှန်းဆလို့ မရတဲ့ အနာဂတ်မှာ ကျွန်မတို့ ရခိုင်ကိုလည်း ၀င်နေကျ ဘေးအန္တာရာယ်တွေထက် ပိုဆိုးတဲ့ အရာမျိုး ရောက်မလာနိုင်ဘူးလို့ ပြောလို့ရပါ့မလားရှင်။ ကမ်းရိုးတန်းကို မှီခိုစားသောက်နေထိုင်ရတဲ့ သူတွေဖြစ်တာကြောင့် ငလျင်တို့ ဆူနာမီတို့နဲ့ ပတ်သက်တဲ့ ပညာပေးမှု ၊ လေ့ကျင့်သင်ကြားပေးမှုတွေဟာ ပိုမိုလိုအပ်တယ်လို့ ထင်မိပါသေးတယ်။ ဒါတွေကို ကြိုသိ ကြိုလုပ်ဖို့ ကြိုးစားတဲ့ အဖွဲ့အစည်းမျိုးရှိရင်တော့ လူ့အဖွဲ့အစည်းအတွက် တစ်ကယ့်ကို ပိုကောင်းတဲ့ ရလဒ်တွေ ဖြစ်လာအုံးမှာပါပဲ။

မာန်အောင်ကျွန်းရဲ့ ကမ်းခြေမှာ ဒီရေတောတွေလည်း အရင်ကလောက် မရှိတော့ဘူး။ ဒါတွေကို အပြစ်တင်လို့လည်း မရဘူး။ ကျွန်မတို့ဆီမှာ ညပိုင်း လေးနာရီလောက်ပဲ လျှပ်စစ်မီး ရတာကြောင့် ထင်းမရှိရင် ၊ မီးသွေးမရှိရင် ကျွန်မတို့ ထမင်းချက်စားဖို့ အဆင်ပြေမှာ မဟုတ်ဘူး။ ဖွဲနုတွေနဲ့ လည်ပတ်လို့ရတဲ့ မီးစက်ကြီးကို စလည်ပတ်ဖို့ ကြိုးစားနေတယ်လို့တော့ ပြောသံ သဲ့သဲ့ကြားခဲ့ပါရဲ့။ ဒါတောင် မြို့နယ်တစ်ခုလုံး မီးရသေးတာ မဟုတ်ပါဘူး။ အီးပီစီမှာ မီတာအိုးလျှောက်ဖို့ မတတ်နိုင်တဲ့သူတွေက ရပ်ကွက်ထဲက ပုဂ္ဂလိက မီးစက်တွေကိုပဲ အားကိုးနေရတာ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်လွှတ်တော်အတွက် မာန်အောင်ကျွန်းက အမတ်တစ်ယောက် အရွေးခံရတယ်။ အနာဂတ်မှာ ဖြစ်လာမယ့် နိုင်ငံရေးကို လွှတ်တော်ထဲက သူတို့တွေတောင် သေချာမပြောနိုင်ဘူးဆိုတော့ မာန်အောင်ကျွန်းသား အမတ်ကြီးလည်း မာန်အောင်ကျွန်းအရေးကို ပိုကောင်းအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ထင်မိပါသေးတယ်။ တစ်ကယ်ဆို ကျွန်မတို့မြို့မှာ လျှပ်စစ်မီးလေးတော့ ၂၄ နာရီမဟုတ်တောင် ၁၂ နာရီလောက်တော့ အလှည့်နဲ့ ပေးသင့်တာပေါ့ရှင်။ ထိုင်းနိုင်ငံရဲ့ သဘာဝဓါတ်ငွေ့သုံးစွဲမှု ရာခိုင်နှုန်း ၄၀ လောက်ကို တာဝန်ယူထားတဲ့ ရခိုင်ပြည်နယ်ထွက် သဘာဝဓါတ်ငွေ့တွေကိုလည်း ရခိုင်ပြည်သူ၊ ပြည်သားတွေ မူးလို့တောင် ရှုခွင့်မရကြရရှာပါဘူး။ ဂက်စ်လေးသာ ပေးနိုင်ခဲ့ရင် ထမင်းချက်ဖို့ ထင်းခုတ်စရာ ၊ မီးသွေးဖုတ်စရာလည်း မလိုတော့ဘူးပေါ့။

ကျွန်မတို့ဆီမှာ လူငယ်တွေ သိပ်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ တော်တော်များများက မလေးရှားနဲ့ ယိုးဒယားကို ရောက်နေကြလို့လေ။ ကျွန်မတောင် ကိုယ့်အိမ် ကိုယ့်ယာမှာ မနေပဲ ရန်ကုန်မှာ ဒုက္ခလာခံနေသေးတာပဲကို။ ကျောင်းသူ ကျောင်းသားအရွယ်တွေနဲ့ သုံးဆယ့်ငါးအထက်တွေသာ ကြီးစိုးနေကြလေရဲ့။ ကျွန်မရဲ့ သူငယ်ချင်းတွေလည်း တစ်ယောက်မှ မတွေ့ခဲ့ပါဘူး။ တော်တော်များများက မလေးရှားကို ရောက်နေကြလေရဲ့။ ကျွန်မတို့ဆီမှာ လုပ်ကိုင်စားသောက်စရာကလည်း အင်မတန်ကို ရွေးရခက်ပါတယ်။ နယ်မြေဒေသ ကျဉ်းမြောင်းတာကြောင့်လည်း ပါပါလိမ့်မယ်။ ဒါကြောင့် အပြင်ထွက်ပြီး စီးပွားရှာတဲ့ လူငယ် လူရွယ်တွေ များသထက် များလာခဲ့တာပါပဲ။ လက်ရှိ ရှိနေတကြတဲ့သူတွေကလည်း ကျောင်းဆရာ၊ ကျောင်းဆရာမတွေချည်းပဲ ဖြစ်နေကြတာကို အံ့သြဖို့ကောင်းလောက်အောင် တွေ့ခဲ့ရပါသေးတယ်။ ကျွန်မတို့အရွယ်တော်တော်များများကလည်း အိမ်ထောင်ရက်သားကျလို့ တစ်ပိုင် တစ်နိုင် အလုပ်ကလေးတွေနဲ့ ဖြစ်လို့နေကြပေါ့။ နောက်တစ်ခုက အရင်တုန်းက မရှိခဲ့ဖူးတဲ့ ဘီယာဆိုင်ကြီးကြီးတစ်ဆိုင်ကလည်း မြို့ထဲရောက်နေတာ တွေ့ခဲ့ရသေးတယ်ရှင်။ စားသောက်ဆိုင် ဆိုတာမျိုးကလည်း ဘယ်နေရာမှာ ဖွင့်ဖွင့် အခြေအနေကောင်းတဲ့ စီးပွားရေးမျိုးကို။

တစ်ခုအားရစရာ ကောင်းတာက ကျွန်မတို့ဆီက ကလေး လူကြီးမရွေး သစ်ပင်တွေကို ချစ်ခင်ကြတယ်။ သစ်ပင်စိုက်ဖို့ အသိရှိကြတယ်။ သစ်ပင်ရဲ့ အကျိုးကျေးဇူးကို ကောင်းကောင်းနားလည်ကြတယ်။ အဲ့ဒီမှာ ကျွန်မရှိတုန်း ငါးတန်း ခြောက်တန်းအရွယ် ကလေး အယောက် (၂၀) လောက်ကိုစုပြီး သစ်ပင်တွေအကြောင်းကို ပြောပြဖြစ်ခဲ့သေးတယ်။ လား လား.. သူတို့တွေက ရန်ကုန်က ကလေးတွေထက်ကို ဗဟုသုတ ပိုရှိနေကြတာပါလား။ ဘာပဲပြောပြော ကျောင်းတွေ ကျောင်းတွေမှာ သဘာဝ ပတ်ဝန်းကျင်အကြောင်းကို ဘာသာရပ် တစ်ခုအနေနဲ့ သင်ကြားဖို့လိုတယ်လို့တော့ ထင်တာပဲရှင့်။ ဆရာ ဆရာမတွေကလည်း ဒါနဲ့ပတ်သက်တဲ့ အသိပညာတွေကို ပိုတိုးအောင် လေ့လာကြဖို့လိုပါတယ်။

လူဆိုတာက ဘယ်နေရာ ဘယ်ဌာနကိုပဲ ရောက်ရောက် ကိုယ့်ရဲ့ မွေးရပ်မြေကို ချစ်ခင်တွယ်တာ တတ်ကြတာပဲ မဟုတ်လား။ နွေရာသီမှာ ရန်ကုန်မှာလို ပူလောင်မနေတဲ့ မာန်အောင်မြို့ကလေးက ရောက်တုန်းရောက်ခိုက်မှာ အေးချမ်းမှုတွေ ပေးခဲ့ပါတယ်။ ပင်လယ်စာတွေ ပေါတာကိုလည်း ကျွန်မက ချစ်တာပါပဲ။ သွားရ လာရ ခက်ခဲပေမယ့် ဒီနေရာကိုပဲ မရောက် ရောက်အောင် လာရတာကိုလည်း ကျွန်မ ပျော်တာပါပဲ။ ရန်ကုန်မှာ ကျွန်မလုပ်နေတဲ့ လူမှုရေး ဖွံ့ဖြိုးရေး အလုပ်တွေကိုလည်း တစ်ချိန်မှာတော့ ကိုယ့်ဒေသမှာ ကျွန်မကိုယ်တိုင် ဦးစီးပြီး လုပ်ခွင့်ကြုံဖို့ ကြိုးစားရအုံးမှာပါ။