ကျွန်မတို့ အချင်းချင်း တစ်ယောက်ကို တစ်ယောက်လေးစားမှုတွေ တစ်ဖြည်းဖြည်းလျော့ပါးလာကြပြီလို့ ခံစားမိတာ မြန်မာ – အိုမန် ဘောလုံးပွဲပြီးကတည်းကပါပဲ။ ရှုံးသည်ဖြစ်စေ ၊ နိုင်သည်ဖြစ်စေ ၊ ပရိတ်သတ်တွေဘက်ကသော်လည်းကောင်း ၊ အားကစားသမားတွေ ဘက်ကသော်လည်းကောင်း ၊ တစ်ဦးကို တစ်ဦးအချင်းချင်းလေးစားကြရမှာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုအားတွေ လျော့ပါးခဲ့ရလို့ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ဖို့ ပိတ်လုနီးဆဲဆဲအခြေအနေတွေ ဖြစ်ခဲ့ကြရတယ် မဟုတ်လား။
နောက်တစ်ခု ထပ်ပြီး ခံစားမိတာက ကျွန်မ ဆွဇ်ဇာလန်သွားကာနီး အဖြစ်အပျက်လေးကြောင့်ပါ။ အဲ့ဒီတုန်းက ကျွန်မမှာ ပတ်စပို့ပျောက်နေတာကြောင့် အသဲအသန်ကို စိတ်တွေပူပြီး လိုက်လုပ်နေရတဲ့အချိန်ပေါ့။ One Young World ကို နောက်တစ်ကြိမ် တက်ခွင့်ရတဲ့အတွက် ၀မ်းသာလုံးဆို့ပြီး အားမနာတမ်း လိုက်ကြွားနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကို သူငယ်ချင်းတစ်စုက နည်းနည်းကြည့်မရဖြစ်လာတယ်နဲ့ တူပါတယ်။ သာမန်စတာကနေ အလွန်ဆိုးဝါတဲ့ စကားလုံးတွေနဲ့ စော်ကားတဲ့အထိကို ဖြစ်လာတော့တာပါပဲ။ တစ်ကယ်တမ်းပြောရမယ်ဆိုရင် ကျွန်မစိတ်ထဲမှာလည်း ဒဏ်ရာတော်တော်ဖြစ်ခဲ့ပါတယ်။ တစ်ယောက်ကို တစ်ယောက်သာ လေးစားကြမယ်ဆိုရင် တစ်ဖက်နဲ့ တစ်ဖက် အမြင်မကြည်စရာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ စတယ် နောက်တယ်ဆိုတာလည်း အတိုင်းအတာတစ်ခုထက်တော့ မကျော်လွန်သင့်ဘူးလေ။ ဒါဟာ သာမန်ကိစ္စတစ်ရပ်လို့ ထင်ပေမယ့် တစ်ကယ်တမ်းကျတော့ လူအချင်းချင်း လေးစားမှုနဲ့ အများကြီး ဆက်စပ်နေတာပါ။
နောက်တစ်ခုက လုပ်ငန်းခွင်ထဲမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကလေးပါ။ ဒီနေရာမှာ ကျွန်မပြောချင်တာက လက်အောက်ငယ်သားဆိုတာ အထက်လူကြီးရဲ့ ဒေါသအိုး ပေါက်ကွဲစရာတွေ မဟုတ်ကြဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ရာထူး အကြီးအငယ်ဆိုတာ လုပ်ငန်းအတွေ့အကြုံ ၊ ပညာအရည်အချင်း ၊ လုပ်သက်ကြာမှု ၊ လုပ်ရည်ကိုင်ရည်ရှိမှု အစရှိတာကြောင့် ဖြစ်လာတာရှိသလို လူကြီး သူမတွေနဲ့ ပေါင်းတတ်ရင် ပေါင်းတတ်သလို ရလာတတ်တာမျိုးလည်း ဖြစ်ပါတယ်။ လူတိုင်းမှာလည်း မိသားစုကိစ္စ၊ အခြားလူမှုရေး ၊ စီးပွားရေး ကျန်းမာရေး ကိစ္စတွေကြောင့် စိတ်မကြည်မလင် ဖြစ်တတ်ကြတဲ့ အချိန်ရှိပါတယ်။ အထက်လူကြီးများဟာ သူတို့စိတ်မကြည်မလင် ဖြစ်ကြတဲ့အချိန်မှာ ၀န်ထမ်းငယ်တွေကို သာမန်ထက် ပိုဆူတာ ၊ ပိုပြီးအလိုမကျတာတွေ ဖြစ်တတ်ကြပါတယ်။ တစ်ကယ်တမ်းဆိုရင် လက်အောက်ငယ်သားဆိုတာလည်း သူရာထူးအဆင့်နဲ့ ကိုက်ညီတဲ့ အလုပ်ဝန်ထုပ်ရှိပါတယ်။ လက်အောက်ငယ်သားတွေ အလုပ် မလုပ်ကြရင် အထက်လူကြီးလည်း နားကားမှာပါပဲ။ ငါက ရာထူးကြီးတယ်… အငယ်တွေကို ငါဆူချင်သလိုဆူလို့ ရတယ်ဆိုတာကလည်း လေးစားမှုမရှိရာရောက်ပါတယ်။ အပြန်အလှန်လေးစားမှု မရှိတဲ့အခါ အလုပ်ကို မလာချင်တာတွေ၊ အလုပ်ထဲမှာ စိတ်မပါတာတွေ ဖြစ်လာတတ်ပါတယ်။ နောက်ဆုံးထိခိုက်တာကတော့ ကုမ္ပဏီကိုပါပဲ။ အထက်လူကြီးတွေကလည်း လက်အောက်ငယ်သားတွေကို လေးစားတဲ့စိတ် ရှိရပါမယ်။
ဒီခေတ်မှာ ပညာတတ်ပိုပြီး ပေါများပါတယ်။ ပညာတတ်တွေ ပိုများတဲ့ လူ့အသိုင်းအ၀ိုင်းဆိုတာလည်း တစ်ဦးကို တစ်ဦး လေးစားမှုကို အခြေခံတဲ့ အသိုင်းအ၀ိုင်းပဲ ဖြစ်သင့်ပါတယ်။ Respect ဆိုတဲ့ စကားလုံးကို လူတိုင်း နားလည်ရုံသာမက ကျင့်သုံးတတ်ဖို့လည်း လိုပါသေးတယ်။ ကျွန်မတို့က ဦးနှောက်က သိနေရုံနဲ့ မပြီးပါဘူး။ နှလုံးသားထဲက သိနေဖို့လည်း လိုအပ်ပါတယ်။
ကျွန်မကိုယ်တိုင်မှာလည်း တစ်ခြားတစ်ဦးကို မလေး မစားလုပ်ခဲ့မိတာ ရှိခဲ့ပါတယ်။ တစ်ခါတစ်လေ သိသိကြီးနဲ့ အရွဲ့တိုက်တယ် ၊ တစ်ခါတစ်လေကျတော့ ပေါ့ပေါ့တန်တန်ပဲ သဘောထားပြီး ပြောဆိုမိတယ်။ တစ်ဘက်လူရဲ့ စိတ်ထဲမှာ တစ်ခုခုဖြစ်သွားခဲ့ရင် တစ်ချိန်ချိန်မှာ ဒါကလည်း ကိုယ့်အပေါ်မှာ တန်ပြန်သက်ရောက်မှု ရှိတာပါပဲ။ လူတိုင်း လူတိုင်းမှာလည်း ကိုယ့်ကို သူတစ်ပါးက မလေးမစားလုပ်ခဲ့သည်ကြောင့်ဖြစ်စေ၊ ကိုယ်က သူတစ်ပါးကို မလေးမစား ဆက်ဆံခဲ့မိသည်ကြောင့်ဖြစ်စေ နစ်နာဆုံးရှုံးခဲ့ရတဲ့ ပုံပြင်လေးတွေ ရှိကြမှာပါ။ ကျွန်မတို့က အမှားကိုသိရင် အမှန်ကို ပြန်ပြင်ကြရမှာ မဟုတ်လား။ ကျွန်မတို့ မြန်မာပြည်မှာ စကားပုံ တစ်ခုရှိပါတယ်။ “ကြီးသူကို ရိုသေ ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား” ဆိုတာလေးပါ။ ကျွန်မကတော့ လူကြီး ၊ လူငယ် ၊ ရွယ်တူမရွေးကို လေးစားသင့်တယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်း လူတိုင်းမှာ လေးစားသင့်တဲ့ Dignity ရှိနေတတ်ကြလို့ပါပဲ။
တစ်ယောက်ကို တစ်ယောက် လေးစားကြတဲ့ အကျင့်ကောင်းလေးတွေသာ ရှိကြမယ်ဆိုရင် ကျွန်မတို့ရဲ့ အလုပ်ခွင်မှာ၊ မိသားစုတွင်းမှာ၊ သူငယ်ချင်း အချင်းချင်းကြားမှာ လုပ်ကိုင်ပြောဆို နေထိုင်ရတာဟာ ပိုပြီး နွေးထွေးအဆင်ပြေမှု ရှိလာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် လေးစားသလို ၊ ကျွန်မတို့ အချင်းချင်း တစ်ယောက်ကို တစ်ယောက် လေးစားတဲ့ အသိုင်းအ၀ိုင်းလေးကို ပူးပေါင်းတည်ဆောက်ရင် ပိုမိုကောင်းမွန်တဲ့ လူ့ဘ၀ကြီးကို ဖန်တီးကြရအောင်လားရှင်။

Absolutely right ! Agree with you chit . ဘယ်သူမှ အမှားနဲ့ မကင်းကြပါဘူး။ အဓိက နားလည်မှုနဲ့ ချစ်ခင်မှုပါပဲ။ ပြင်မရတဲ့ အရာဆိုတာမရှိပါဘူး။ နောက်ပြီး လူဆိုတာ ကိုယ်ခံရတာရော၊ သူများကို လုပ်မိရင်ရော ဘယ်ခံစားချက်ကမှ ကောင်းမယ်မထင်မိဘူး။ နားလည်မှုရှိရင် ချစ်တဲ့ မျက်စိနဲ့မြင်မိကြမှာပါပဲ။ နားလည်မှု လွဲခဲ့ကြရင်တောင် ချစ်ခင်မှုကို အခြေခံထားရင် အငြိုးအတေးဆိုတာ ရှိမှာမဟုတ်ဘူး။ ငါတော့ နင့်ကို အမြဲချစ်ပါတယ်။ ဒေါ်ကြီးပင့် နင်ဟာ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းထဲက တစ်ယောက်ပါပဲ…
နင်ပြောသလို .. ” ကိုယ့်ကိုကိုယ် လေးစားသလို ၊ ကျွန်မတို့ အချင်းချင်း တစ်ယောက်ကို တစ်ယောက် လေးစားတဲ့ အသိုင်းအ၀ိုင်းလေးကို ပူးပေါင်းတည်ဆောက်ရင် ပိုမိုကောင်းမွန်တဲ့ လူ့ဘ၀ကြီးကို ဖန်တီးကြရအောင်လား ..”