Category Archives: ဟိုအကြောင်းဒီအကြောင်း

Things around Love

Standard

အချစ်ဆိုတာ လူသားတိုင်းရဲ့ ဘ၀မှာ မဖြစ်မနေ ကြုံတွေ့ကြရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိဘ ညီအစ်ကိုမောင်နှစ်မ သူငယ်ချင်း ချစ်သူ.. စတဲ့ များပြားလှစွာသော အချစ်များနဲ့သာ ကျွန်မတို့ အသက်ရှင်သန် နေထိုင်ကြရတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ အချစ်ဆိုတာ အသက်ရှင်သန်ဖို့ မရှိ မဖြစ်လိုအပ်တဲ့ အရာလိုတောင် ဆိုချင်ပါတယ်။ အချစ်ဆိုတာ ကျွန်မတို့ နှလုံးသားကနေ ပေါက်ဖွားလာပြီး ကျွန်မတို့တွေရဲ့ စိတ်ခံစားချက်များစွာနဲ့ တိုက်ရိုက်သက်ဆိုင်မှု ရှိပါတယ်။ လူတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်း ၊ ၀မ်းနည်းခြင်း ၊ အောင်မြင်ခြင်း ၊ ကျရှုံးခြင်း ၊ ကိုယ်ချင်းစာစိတ်ရှိခြင်း ၊ အတ္တစိတ်ကြီးမားခြင်းတွေဟာ အချစ်ကိုခံစားမိလို့ ၊ အချစ်နဲ့ ထိတွေ့မိလို့ ဖြစ်ပေါ်လာရတယ်ဆိုရင် တစ်စိတ်တစ်ပိုင်းအားဖြင့် မှန်တယ်လို့ ကျွန်မက ဆိုချင်ပါတယ်။ အချစ်ဆိုတာ ကျွန်မတို့ရဲ့ လူနေမှုစရိုက်နဲ့ ကျွန်မတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဆီမှာ များစွာအကျိုးသက်ရောက်မှု ရှိပါတယ်။

“The Art of Love” ဆိုတဲ့ စာအုပ်ကိုရေးသားတဲ့ Erich Formm ဆိုသူကတော့ “လူတိုင်းကို မချစ်နိုင်ပဲနဲ့ လူတစ်ယောက်တည်းကို စစ်မှန်စွာ မချစ်နိုင်ပါဘူးတဲ့” ။ ဒီစကားက စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်မဟာ လူတိုင်းကို မသိ ၊ မချစ်ပဲနဲ့ ကျွန်မချစ်ချင်တဲ့သူတွေကို ချစ်နေနိုင်တာပါပဲ။ သူဘာကြောင့် ဒီလိုပြောဆိုခဲ့သလဲ ဆိုတာတော့ ကျွန်မလည်း မသိပါဘူး။ သူကတော့ လူတိုင်းကို မေတ္တာထားတတ်ဖို့ အလေးပေးပြောဆိုခဲ့တာ နေပါလိမ့်မယ်။ ကျွန်မ စဉ်းစားမိတာကတော့ လူတိုင်းကို ချစ်မနေနိုင်ရင်တောင် လူတစ်ဦး တစ်ယောက် အုပ်စုလိုက်အပေါ်မှာ နားလည်ခံစားမှု အဆင့်အမျိုးမျိုး ရှိဖို့ လိုအပ်လိမ့်မယ်ထင်ပါတယ်။ လူတွေကို နားလည်ပေးတတ်ဖို့ လိုပါတယ်။ နားလည်ပေးတတ်ဖို့ ဆိုတာကလည်း လူတွေရဲ့ စိတ်လိုအပ်ချက်တွေဟာ ဘယ်အချိန်မှာ ၊ ဘယ်လိုလူမျိုးမှာ ဘာရှိနေတယ်ဆိုတာ အကြမ်းဖျင်းသိနေတဲ့ ဗဟုသုတရှိဖို့ လိုအပ်ပါတယ်။ Erich Formm ကတော့ အချစ်ဆိုတာ အရေးကြီးမှန်း လူတိုင်းသိနေကြပေမယ့် ချစ်တတ်ဖို့ ၊ အချစ်စွမ်းအင်ကို ဘယ်လိုမြှင့်တင်ဖို့ဆိုတာကိုတော့ တစ်ယောက်ကမှ မလေ့လာပဲ အမှုမဲ့ အမှတ်မဲ့ နေကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူတွေပြောပြောနေကြသလို အချစ်ဟာ တစ်ကယ်ပဲ အရေးပါရဲ့လား ဆိုတာကိုတော့ ကျွန်မလည်း ခုချိန်ထိ သေသေချာချာ မသိသေးတာကတော့ ၀န်ခံရပါလိမ့်မယ်ရှင်။ အချစ်ရဲ့ အရေးပါမှုနဲ့ အခြားလူမှုဝန်းကျင်မှာ ဆက်စပ်နေတဲ့ အရာတွေကို တွေးကြည့်ချင်ပါသေးတယ်။

အချစ်ဆိုတာ အရေးပါတယ်လို့ ပြောကြပေမယ့် တစ်ခါတစ်လေကျပြန်တော့လည်း လူအဖွဲ့အစည်းမှာ အချစ်ကို ထည့်စဉ်းစားဖို့ မလိုအပ်တာတွေ အများကြီး ရှိနေပါတယ်။ လူမှုကိစ္စတွေလောက် အချစ်ဟာ အရေးမပါတာမျိုးလည်း ရှိနေတတ်ပါသေးတယ်။ ဒါဆိုရင် အချစ်ဟာ ပညာရေး ၊ တရားရေး ၊ ဘာသာရေး စတဲ့ ကိစ္စတွေနဲ့ကော ဘယ်လောက်များ ဆက်စပ်မှု ရှိနေပါသလဲ? Read the rest of this entry

I Hate Myself

Standard

ငိုချင်တယ်ဆိုတဲ့ စကားတစ်ခွန်းကိုပဲ ကျွန်မ ထပ်ကာ ထပ်ကာ ပြောချင်နေမိတယ်.. ပြောနေတဲ့အတိုင်းလည်း ကျွန်မရဲ့ နီရဲ မို့အစ်နေတဲ့ မျက်လုံးတွေဆီက မျက်ရည်ပူပူတွေ ကျွန်မပါးပြင်ပေါ်ကို အထိန်းအချုပ်မဲ့စွာ စီးဆင်းကြတယ်.. ကျွန်မဘေးမှာ ဘယ်သူမှ မရှိဘူး.. ကျွန်မကို နှစ်သိမ့်ပေးမယ့်သူတွေ ဘယ်ရောက်နေကြပြီလဲ.. အမေရယ်.. လို သံကုန်ဟစ်ပြီး အော်လိုက်ချင်ပေမယ့် ကျွန်မရဲ့ ကွဲအက်နေတဲ့ အသံတွေကို အမေကြားရင် စိတ်မကောင်း ဖြစ်နေမှာစိုးလို့ ကျွန်မ ၀မ်းထဲမှာပဲ သိမ်းထားလိုက်ရတယ်… ကျွန်မ ရင်ထဲမှာ ဆို့နစ်နေတယ်.. ကျွန်မ နားထင်တွေဆီက ကိုက်ခဲတယ်ဆိုတဲ့ အသိကို ကျွန်မ ရတယ်… ကျွန်မလေ တစ်ယောက်ယောက်ကို ဖက်ပြီး ကျွန်မရင်ထဲမှာ ဖြစ်နေတာတွေကို ကရားရေလွှတ်ပြော.. မကျေနပ်ချက်တွေကိုဖွင့်ဟပြီး အသာကုန် ပေါက်ကွဲချင်လိုက်တာ… ကျွန်မ အော်ဟစ်ငိုကြွေးချင်လိုက်တာ… ကျွန်မ စိတ်လွတ် ကိုယ်လွတ် ရမ်းပစ်ချင်လိုက်တာ… ကျွန်မ ဘာကိုမှ မထိမ်းချုပ်ချင်ဘူး.. လေနှင်ရာ လွှင့်နေတဲ့ တိမ်စိုင်တွေလို… တစ်ဝေါဝေါနဲ့ အနှောင့်အယှက်ကင်းစွာ စီးကျနေတဲ့ ရေတံခွန်က ရေတွေလို… အားကုန် မိုင်ကုန် တိုက်ခတ်လေ့ရှိတဲ့ ဟာရီကိန်း မုန်တိုင်းကြီးတွေလို.. နောက်ဆုံး ဘာဆို ဘာမှ ဂရုစိုက်စရာ မလိုပဲ ရွာချင်တိုင်း ရွာနေကြတဲ့… မုန်သုန်မိုးရေစက်တွေလို.. ကျွန်မ စိတ်တွေ ကိုယ်တွေကို ထွက်ပေါက်တစ်ခု ပေးချင်လိုက်တာ…။

ချောင်မှာ ကုပ်ပြီး လူမမြင် သူမမြင် ငိုခဲ့ရတာမျိုးတွေကို ကျွန်မ မလုပ်ချင်တော့ဘူး..။ ကိုယ်မမှားပဲ မှားနေသလို အပြောခံနေရတဲ့ စကားတွေကို ကျွန်မ သည်းမခံချင်တော့ဘူး။ ၀န်ထုပ်ဝန်ပိုးတွေကို မတန်တစ်ဆ ရွက်ခိုင်းကြပြီးမှာ နင် ဟိုဟာလည်းမနိုင်ဘူး.. ဒီဟာလည်း ဆွဲအုံးလေ.. အသုံးကိုမကျဘူးလို့ ပြောနေတဲ့ စကားတွေကြားက စည်းတစ်ခုကိုလည်း ဂရုမစိုက်ချင်တော့ဘူး။ မဆိုင်ပဲ ၀င်ဝင်တိုက်ခိုက်ကြတဲ့ အဖြစ်မျိုးတွေကိုလည်း မကြုံချင်တော့ဘူး။ မလုပ်ရင်တစ်မျိုး.. လုပ်ပြန်တော့လည်း အကောင်းမမြင်ကြတဲ့ တစ်ချို့လူတွေနဲ့ မဆက်ဆံချင်တော့ဘူး။ နာမည်ကောင်းတွေ ၀င်ယူကြပြီး.. အပြစ်လွတ်ဖို့အတွက်ဆို သူတစ်ပါးကို လွှဲချတတ်တဲ့သူမျိုးနဲ့လည်း အောင့်အီးပြီး မပေါင်းသင်းချင်တော့ဘူး။ နောက်ဆုံး…. မဖိတ်ခေါ်ပဲ ရောက်ရောက်လာတတ်ကြတဲ့ ခံစားချက်တစ်ချို့နဲ့လည်း မိတ်ဆွေမဖွဲ့ချင်တော့ပါဘူး။

ကျွန်မကပဲ မှားနေတာလား.. အဲ့ဒီလူတွေကပဲ လွဲနေတာလား။ ဘာကြောင့်ပဲဖြစ်ဖြစ် နောက်ဆုံးအထိနာစေတဲ့ အရာတွေဟာ ဘာကြောင့်များ ကျွန်မဆီကို ရောက်ရောက်လာကြတာလဲ။ ကံဆိုးတယ် ဆိုတာ လူတိုင်းအတွက် သဘာဝတရားရဲ့ စွန့်ကျဲမှုတွေအဖြစ် ရှိနေခဲ့တယ်ဆိုရင်.. ဒီအချိန်တွေဟာ ကျွန်မက ကံဆိုးမှုကို လက်ခံရမယ့် အချိန်တွေပဲ ဖြစ်မှာပေါ့။ သူတို့တွေ ကျွန်မစိတ်ဓါတ်တွေကို ဟိုး အောက်ထိ မရောက် ရောက်အောင် ဆွဲချနေကြတာလား။ ကျွန်မ တက်ကြွနေတာကို မမြင်ချင်ကြတော့ဘူးလား။ ကျွန်မရဲ့ လုပ်နိုင်စွမ်းတွေကို မရှုစိမ့်ကြတော့ဘူးလား။ ဒါမှ မဟုတ်.. ကျွန်မ အရှိုက်ကိုထိပြီး တမင်များ ချောက်ချဖို့ ကြိုးစားနေခဲ့ကြလေသလား။ ကျွန်မကို ကျွန်မ မဟုတ်တဲ့ အခြားသူတစ်ယောက်အဖြစ်များ ပြောင်းလဲဖို့ ကြိုးစားနေကြတာလား။

ဥပေက္ခာ ဆိုတာကို ကျွန်မ ကောင်းကောင်းကြီး သဘောပေါက်တာပေါ့။ ဒါပေမယ့် အသွေးတွေ၊ အသားတွေ၊ ခံစားချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်မ.. ဒါတွေကို မကျင့်သုံးနိုင်သေးတော့လည်း စိတ်ရဲ့ ဒဏ်ခတ်မှုတွေကို လက်ခံပေးလိုက်ရုံပဲ ရှိတော့တာပေါ့။ ကျွန်မ ၀မ်းနည်းတယ်။ ကျွန်မ ငိုချင်တယ်။ ဒါပေမယ့် ကျွန်မ အရှုံးပေးတာ မဟုတ်ဘူးနော်။ ကျွန်မ ငိုချင်လို့ကို ငိုတာပါ။ ကျွန်မဘေးမှာ အမေ ရှိမနေဘူး။ ကျွန်မ ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေ ရှိမနေကြဘူး။ နောက်ဆုံး… ကျွန်မကို မျက်ရည် အလိမ်းလိမ်းပေကျံအောင် လုပ်သွားတဲ့သူလည်း ရှိမနေပါဘူး။

ကျွန်မ ကိုယ့်ကိုကိုယ် မုန်းတယ်။ ကိုယ်နဲ့ မသင့်တော်တဲ့ စကားလုံးရိုင်းရိုင်းတွေကို အံကြိတ်ပြီး နားထောင်ခဲ့တဲ့ ကျွန်မကိုယ် ကျွန်မ မုန်းတယ်။ ကိုယ်ကိုယ်တိုင်ပဲ မွန်းကျပ်ခံပြီး သူတို့ လုပ်ချင်ရာကို လုပ်ခွင့်ပေးခဲ့တဲ့ ကျွန်မကို ကျွန်မ မုန်းတယ်။ ကွာဟချက်ဆိုတဲ့ သတ်မှတ်မှု တစ်ခုအောက်မှာ ကိုယ့်ကိုကိုယ် နှိမ့်ချနေရတဲ့ အဖြစ်ကို မုန်းတယ်။ တစ်ချို့က မရ အရတက်နင်းခွင့်ဖြစ်အောင် တစ်ချက်လေး သတိလက်လွတ် ဖြစ်သွားခဲ့တဲ့ ကျွန်မကိုယ် ကျွန်မ မုန်းတယ်။ လူတိုင်းကို ကိုယ့်စိတ်နဲ့ နှိုင်းပြီး ရိုးသားစွာ ဆက်ဆံခဲ့မိတာကို မုန်းတယ်။ နောက်ဆုံး မဖြစ်နိုင်တော့တာကို မသိစိတ်တစ်ခုကနေ တမ်းတနေ တဲ့ကျွန်မကို ကျွန်မ သိပ်မုန်းတယ်။

ကျွန်မလေ.. အမုန်းတရားတွေနဲ့ ရှင်သန်နေချင်တာ မဟုတ်ပါဘူး။ ဒါ ကျွန်မရဲ့ ပင်ကိုစိတ်လည်း မဟုတ်ခဲ့ပါဘူး။ လူ တစ်ချို့ရဲ့ စကားတစ်ချို့ကြောင့် ကိုယ့်အခြေအနေတွေကို ပြောင်းလဲပစ်တတ်တဲ့ လူစားမျိုးလည်း မဟုတ်ပါဘူး။ စိတ်အလိုကို လိုက်ပြီး ထင်ရာ မြင်ရာကို လျှောက်လုပ်တတ်တဲ့ လူစားမျိုးလည်း မဟုတ်ပါဘူး။ တစ်ခုခုကို လွယ်လွယ်နဲ့ ခံစားတတ်တဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ ပြောင်းလဲသွားတယ်။ ကျွန်မဟာ လွန်ခဲ့တဲ့ လေးလေလောက်ကနဲ့ကို မတူတော့တာ ကျွန်မကိုယ် ကျွန်မ သတိထားမိတယ်။ ထစ်ခနဲရှိ ဒေါသထွက်တတ်တာကလည်း ကျွန်မ ပင်ကိုစရိုက်မှ မဟုတ်ခဲ့တာ။ ၀မ်းနည်းလွယ်တာကလည်း အရင်တုန်းက ကျွန်မနဲ့ တစ်ကယ်ကို မသက်ဆိုင်ခဲ့ပါဘူး။ တစ်ခုခုကို အသေအလဲ မုန်းတတ်တာ ကျွန်မနဲ့ နည်းနည်းမှကို မတူဘူး။ မှိုင်တွေဆွေးငေးပြီး စိတ်အလိုမကျ ဖြစ်နေတတ်တာမျိုးကိုလည်း ကျွန်မ အရင်တုန်းက မလုပ်ဖူးပါဘူး။

ဒီလို ဒီလို ပြောင်းလဲသွားတဲ့ ကျွန်မဟာ ကျွန်မ ပတ်ဝန်းကျင်က မုန်းစရာ ကောင်းတဲ့ လူတစ်ချို့ကို မုန်းနေမယ့် အစား.. ကိုယ့်ကိုကိုယ် မုန်းလိုက်တာက ပိုကောင်းမှာပေါ့နော်။

ဟုတ်တယ်.. လောလောဆယ်မှာ ကျွန်မကိုယ် ကျွန်မ သိပ်မုန်းနေတယ်။ ကျွန်မ ဘာတွေ လျှောက်ရေးနေတာလဲလို့ ထင်နေကြတယ် မဟုတ်လား။ ကျွန်မကိုယ် ကျွန်မ မုန်းတဲ့အကြောင်းတွေကို အစီ အစဉ်မကျ ရေးနေခဲ့မိတာပါ။

My Hobby!

Standard

မီးလေးဇာက ကျွန်မကို ၀ါသနာတွေအကြောင်းရေးခိုင်းဖို့ တဂ်လုပ်ထားတာတော့ နည်းနည်းကြာခဲ့ပါပြီ။ ကိုယ့်အကြောင်းနဲ့ကိုယ် ချက်ချင်းမရေးနိုင်ခဲ့တဲ့အတွက် မီးလေးကို အရင်ဆုံးတောင်းပန်ချင်ပါတယ်။ လူ အတော်များများ ရေးပြီးဖြစ်ကြတဲ့ ကျွန်ုပ်၏ ၀ါသနာ ဆိုတဲ့ပိုစ့်လေးကို ကျွန်မလည်း အခုရေးပါမယ်။

“လူတစ်ယောက် ၀ါသနာတစ်မျိုး” ဆိုပေမယ့် ကျွန်မရဲ့ ၀ါသနာကတော့ တစ်ခုမကပါဘူးရှင်။ ၀ါသနာဆိုတာ ကိုယ်ရောက်ရှိနေတဲ့ အသက်အရွယ်နဲ့ ကိုယ်ကျင်လည်နေရတဲ့ ပတ်ဝန်ကျင်တွေကို လိုက်လျောညီထွေပြီး ပြောင်းလဲတတ်တယ်လို့လည်း ကျွန်မထင်ပါတယ်။ ငယ်ငယ်တုန်းက စိန်ပြေးတန်း ကစားဖို့ကို ၀ါသနာပါခဲ့တဲ့ သူတစ်ယောက်ဟာ အရွယ်ရောက်လာတဲ့ အခါမှာတော့ ရှော့ပင်းထွက်တဲ့ ၀ါသနာကို ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ဝါသနာတွေကတော့ ငယ်ငယ်ကကို အခုချိန်ထိ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရပဲ.. သေတဲ့အထိတောင် ပါသွားတတ်ကြတဲ့ ၀ါသနာမျိုးပါ။ ဥပမာ.. စာဖတ်တာ.. ပန်းချီဆွဲတာ.. တံဆိပ်ခေါင်းတွေစုတာ.. အစရှိသဖြင့်ပေါ။ တစ်ချို့တွေကတော့ ၀ါသနာပါတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြသလို တစ်ချို့အတွက်ကျပြန်တော့ ၀ါသနာဆိုတာ အပန်းဖြေစရာ တစ်ခုအဖြစ်နဲ့ပဲ အသုံးချကြပြန်ပါတယ်။ ကျွန်မရဲ့ ၀ါသနာတွေထဲမှာ ငယ်ငယ်ကတည်းက မပျောက်မပျက်ပဲ ၀ါသနာ ပါခဲ့တာတွေ ရှိသလို… အသက်အရွယ်နဲ့ ပတ်ဝန်းကျင်အလိုက် ပြောင်းလဲပေါ်ပေါက်လာတဲ့ ၀ါသနာမျိုးလည်း ပါပါတယ်ရှင်။

စာဖတ်ခြင်း

ကျွန်မ စာဖတ်တာကို ၀ါသနာပါပါတယ်။ ငယ်ငယ်ကတည်းက ကာတွန်းစာအုပ်၊ မိုးသောက်ပန်း စာစောင်များ၊ မင်္ဂလာမောင်မယ် စာစောင်များ အစရှိတာတွေကို ဖတ်ခဲ့ပါတယ်။ ကျွန်မကို စာဖတ်ဝါသနာပါအောင် လေ့ကျင့်ပေးခဲ့တာကတော့ ကျွန်မရဲ့ အဖေပဲဖြစ်ပါတယ်။ ကျောင်းဆရာ တစ်ယောက်ဖြစ်တဲ့ ကျွန်မရဲ့ အဖေဟာ သမီးနှစ်ယောက်လုံးကို စာဖတ်ခြင်းကို စိတ်ဝင်စားစေဖို့ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်မဖတ်တဲ့ စာမျိုးက သုတစာပေထက် ရသစာပေတွေ ပိုများပါတယ်။ အချစ်ဝတ္ထုသီးသန့်ထက် ရသစုံ ပေးစွမ်းနိုင်တဲ့ ၀တ္ထုမျိုးတွေကိုလည်း ဖတ်ဖြစ်ပါတယ်။ ဘာသာပြန်စာပေတွေကိုလည်း ဖတ်ဖြစ်ပါတယ်။ တစ်ခါ တစ်ရံမှာတော့လည်း ဘာသာရေးနဲ့ ပတ်သက်တဲ့ စာပေတွေကို ဖတ်ပါတယ်။ မဖတ်ချင်ဆုံးကတော့ တတ်ကျမ်းတွေကိုပါ။ ဘာလုပ်ရမယ် ဘာလုပ်ရမယ်ဆိုပြီး ပြောထားတာတွေကို လိုက်မလုပ်နိုင်တာ များတော့လည်း ကိုယ့်ဟာကိုယ် စိတ်ပျက်ရင်း မဖတ်ချင်တော့တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဆရာဖေမြင့်ရေးတဲ့ စာအုပ်တစ်ချို့ကိုတော့ ကြိုက်ပါတယ်။ လောလောဆယ်မှာတော့ နာမည်ကျော်ပုဂ္ဂိုလ်များရဲ့ Biography တွေကို ဖတ်ဖို့ စိတ်ဝင်စားနေပါတယ်။ ဖတ်နေတာကတော့ ချေဂွေဗားရားအကြောင်း ဖြစ်ပါတယ်။ ကျွန်မအကြိုက်ဆုံး စာရေးဆရာတွေကတော့ ဂျူး၊ မြသန်းတင့်၊ ဂျာနယ်ကျော်မမလေး၊ အကြည်တော်၊ တာရာမင်းဝေ၊ ဆရာအောင်သင်း၊ မောင်ထွန်းသူ၊ ဆရာတော် ဦးဇောတိကနှင့် အရှင်ဆန္ဒာဓိက တို့ပဲဖြစ်ပါတယ်ရှင်။ ဂျူးရဲ့ “အမှတ်တရ” ကို အရမ်းကြိုက်သလို၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ် ရေးတဲ့ “The Colorful Myanmar” စာအုပ်ကိုလည်း နှစ်သက်မိပါတယ်။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ “လာခြင်းကောင်းသော အရှင်” စာအုပ်ကလည်း ကျွန်မအသဲစွဲထဲက တစ်ခုပါပဲ။ ဆရာမင်းလူရဲ့ ဘ၀သရုပ်ဖော် ၀တ္ထုတွေကိုလည်း နှစ်သက်မိပါတယ်။ ဦးအေးမောင်ရေးတဲ့ ဘာသာရေးစာအုပ်များနဲ့ စိတ်ပညာစာအုပ်များကိုလည်း ဖတ်ဖြစ်ပါတယ်ရှင်။

သီချင်းဆိုတာ၊ သီချင်းနားထောင်တာ

သီချင်းတွေက ကျွန်မကို စိတ်ပျော်စေပါတယ်။ ရွှင်လန်းစေပါတယ်။ သီချင်းဆိုခြင်းကလည်း စိတ်ဖိစီးမှုတွေကို ပျောက်ကွယ်စေပါတယ်။ ကျွန်မကတော့ သီချင်းနားထောင်တာကော သီချင်းဆိုတာပါ နှစ်မျိုးလုံး ၀ါသနာ ပါပါတယ်ရှင်။ အခွေထုတ်ဖို့ အဆိုတော် အသစ်ရှာနေသူများ ဆက်သွယ်နိုင်ကြပါတယ် :D :P ။ ကြိုက်တဲ့ Music အမျိုးအစားကတော့ Hip Hop / R & B တွေကို ကြိုက်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်၊ ဂျေးမီ၊ ကြက်ဖ အစရှိတဲ့ အဆိုတော်တွေကတော့ ကျွန်မရဲ့ ဖေးဗရိတ်တွေပေါ့။ ကာရာအိုကေတွေ ဘာတွေ ဆိုဖြစ်ရင်တော့ ပေါ့ပ်တွေပဲ အဆိုများပါတယ်။ ရှင်ဖုန်း၊ တင်ဇာမော်၊ ရေဗက္ကာဝင်း တို့ရဲ့ သီချင်းတစ်ချို့ကို ကြိုက်ပါတယ်။ လေးဖြူ၊ မျိုးကြီး၊ အငဲ တို့ရဲ့ သီချင်းတွေကိုလည်း နားထောင်ဖြစ်ပါတယ်။ သီချင်းတိုင်းကိုတော့ နားထောင်ဖြစ်တယ်ရှင့်။ အင်္ဂလိပ်သီချင်းတွေကတော့ အဆိုတော်နာမည် မသိပဲ နားထောင်ဖြစ်တာတွေ အများကြီးပါ။ အကြိုက်ဆုံး သီချင်းရယ်လို့ မရှိပါဘူး။ အိပ်ပျော်စေတဲ့ သီချင်းမျိုးကလွဲရန် ကျန်တာအကုန် ကြိုက်ပါတယ်။ ဝေဖန်ရေးတွေ ဘာတွေတော့ သိပ်မလုပ်တတ်ပါဘူး။ ကြိုက်လို့ နားထောင်ဖြစ်ရုံလေးပါ။

Blogging

အစကတော့ စာရေးတာလို့ ပြောအုံးမလို့ပဲ။ ဒါပေမယ့် စာရေးတယ်ဆိုတာ မီဒီယာပေါင်းစုံနဲ့ ချိတ်ဆက်ရေးသားမှ ပိုပြီးခေါ်လို့ကောင်းတယ်လို့ စဉ်းစားမိတာကြောင့် ဘလောဂ့်ရေးတာလို့ပဲ ရေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက ဘလောဂ့်ပေါ်မှာပဲ ရေးတာကို။ ၂၀၀၇ ခုနှစ်မှာစပြီး ဘလောဂ့်ရေးခဲ့ပါတယ်။ ခုဆိုရင် သက်တမ်းတစ်နှစ်ကျော်ရှိပါပြီ။ အစတုန်းကတော့ အလှအပနဲ့ ပတ်သက်တာလေးတွေကို အရေးများပေမယ့် ခုနောက်ပိုင်းမှာတော့ ရေးချင်စိတ်ရှိတာ အကုန်ရေးပါတယ်။ ဒါကြောင့် ကျွန်မက လိုင်းတစ်လိုင်း သီးသန့်မဟုတ်ပဲ အထွေထွေလို့ပဲ ဘလောဂ့်ကို နာမည်တပ်ပါတယ်။ ဒါကတော့ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းမိတဲ့ သူငယ်ချင်းတွေကြောင့် ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ ၀ါသနာပေါ့ရှင်။

Translation

မြန်မာလိုကနေ အင်္ဂလိပ်လိုသို့ပဲ ဖြစ်ဖြစ်၊ အင်္ဂလိပ်လိုကနေ မြန်မာလို သို့ပဲဖြစ်ဖြစ် တစ်ခုခုကို ဘာသာပြန်နေရရင်လည်း ကျွန်မပျော်နေပါတယ်။ ကျွန်မ ရခိုင်ကနေ ရန်ကုန်ကို တက်လာတော့ အဒေါ်တစ်ယောက်အိမ်မှာနေပါတယ်။ စမ်းချောင်း မင်္ဂလာလမ်းမှာပါ။ ဆရာကြီး ဦးလှသမိန်ရဲ့သား ဆရာဦးလှဘုန်းအောင် နေတဲ့အိမ်နဲ့ အပေါ်ထပ် အောက်ထပ်ပါ။ သူတို့အိမ်မှာက ဘာသာပြန်ဆရာတွေ စုစုဝေးဝေးရှိနေတတ်ပါတယ်။ ဆရာ့ဆီမှာလည်း အင်္ဂလိပ်စာသင်ရင်း၊ ဆရာတို့လုပ်တာကိုလည်း လိုက်ကြည့်ရင်း ဘာသာပြန်ချင်စိတ်တွေ ပေါ်လာရတာ ဖြစ်ပါတယ်။ အရင်တုန်းကဆို The Best English Magazine, Top English Magazine မှာပါတဲ့ ဘာသာပြန်ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ဖူးပါတယ်။ ဆုတော့ တစ်ခါမှ မရဖူးပေမယ့် အကောင်းဆုံး ဆယ်ယောက်ထဲမှာတော့ ပါဝင်ဖူးပါတယ်။ အခုလည်း ဘလောဂ့်အတွက် စာရေးတာတွေက ဘာသာပြန်ဆောင်းပါးတွေ များပါတယ်။ ကိုယ်ပိုင်ဖန်တီးတာထက် အကြောင်းအရာ တစ်ခုကို အင်တာနက် ထဲမှာရှာပြီး တွေ့လာတဲ့အရာတွေကို ပေါင်းစပ်ပြီး ပိုစ့်တစ်ပုဒ် လုပ်ပါတယ်။

ကျွန်မရဲ့ အသက်မွေးဝမ်းကြောင်းအဖြစ် ရွေးချယ်ထားမိတာကတော့ Business Management and Marketing ပိုင်းပါ။ ကျွန်မ၀ါသနာ ပါတာတွေနဲ့လည်း တစ်ခုမှ မဆိုင်ဘူးနော်။ ငယ်ငယ်တုန်းကတော့ Architect တစ်ယောက် အရမ်းကို ဖြစ်ချင်ခဲ့ပါတယ်။ ပုံဆွဲရတာကိုလည်း ၀ါသနာတစ်အား ပါပါတယ်။ သူငယ်တန်းလောက်ကနေ ကိုးတန်း ဆယ်တန်းလောက်ထိ တွေ့ကရာ စာရွက်မှာ အရုပ်ဆွဲလို့ ကောင်းတုန်းပေါ့။ အိမ်ပုံလေးတွေ ဆွဲရတာ သဘောကျခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဆယ်တန်းအောင်တော့ YIT ဆိုတာကြီးကို တိုက်ရိုက်တက်ခွင့် မရတော့ပါဘူး။ GTC ကနေတစ်ဆင့်မှ B.Tech, B.E အထိရောက်အောင် တက်ရတာမျိုးပါ။ အမှတ်က ကောင်းတယ်ဆိုပေမယ့် ဆေးကျောင်းကိုလည်း မမီပြန်ဘူး။ GTC ဆိုတာကိုလည်း စိတ်ကထင်မိတာက နည်းနည်းနိမ့်တယ်ပေါ့လေ။ မတက်ချင်ဘူးပေါ့.. ငယ်တုန်းဆိုတော့လည်း ရေရှည်ကို မတွေးမိပြန်ဘူး။ အိမ်က မိဘတွေကလည်း အင်ဂျင်နီယာလုပ်ဖို့ အားမပေးတာကြောင့် စီးပွားရေး တက္ကသိုလ်တက်ခဲ့ရင်းနဲ့ပဲ ဒီလိုင်းထဲကို ရောက်လာရကြောင်းပါရှင်။

Thingyan Shades..!

Standard

သင်္ကြန်ရောက်ခါနီးတော့ စိတ်ကလေးက မရိုးမရွ ဖြစ်လာတယ်။ ပိတောက်ပန်းမြင်ရင် ရင်ခုန်တယ်။ သင်္ကြန်သီချင်းတွေလည်း ဟိုမှာ သည်မှာ စဖွင့်နေကြပြီ။ ခေတ်အဆက်ဆက်က သီဆို ဟစ်ကြွေးလာကြတဲ့ သီချင်းတွေကို ရိုးရာမပျက်တဲ့ မူလလက်ဟောင်း သံစဉ်တွေအတိုင်းဖွင့်ကြတယ်။ တစ်ချို့ပညာရှင်တွေက Remix ဆိုတာတွေလုပ်ပြီးတော့ Electro နဲ့ ရောသမမွှေကြတယ်။ ဘယ်လိုပဲ ပြောပြော သင်္ကြန်သီချင်းတွေကတော့ လူတွေကို မရိုးမရွဖြစ်စေတာ အမှန်ပါပဲ။ ကျွန်မက ဒီနှစ်သင်္ကြန်ကို အိမ်တွင်းပုန်းပြီး စာကျက်မယ်လို့ပဲ စိတ်ကူးထားတယ်။ ဒါပေမယ့် စိတ်ကူးထားတယ်ဆိုတော့လည်း လာရောက်ညမြှူဆွယ်သူများရှိရင် အချိန်မရွေး စိတ်ကူးပြောင်းရင်လည်း ပြောင်းသွားနိုင်တယ်။ ခုကတည်းကတောင် ရုံးက အကိုတစ်ယောက်က သူ့ဂျစ်ကားကို အလှူပေးမယ်လို့ ပြောနေတော့ စိတ်က နည်းနည်းယိုင်နေတယ်။

သင်္ကြန်ဆိုတော့ ငယ်ငယ်တုန်းက သင်္ကြန်၊ မငယ် တစ်ငယ်ကသင်္ကြန်၊ လူကြီးအဖြစ်နဲ့ နွှဲရတဲ့ သင်္ကြန်.. စသော စသော သင်္ကြန်ပုံရိပ်တွေက စိတ်ကူးထဲကို အစီအရီ ထင်ဟပ်လာတယ်။ ကျွန်မကို မာန်အောင်ကျွန်းဆိုတဲ့ ဟိုး ပင်လယ်ထဲက လူမသိ သူမသိ နေရာလေးမှာ မွေးခဲ့တော့ ကျွန်မရဲ့ သင်္ကြန်ရက် တော်တော်များများကိုပြောရင် မာန်အောင်ကို ပြေးသတိရတော့တာပါပဲ။ မှတ်မိတဲ့ အရွယ်လောက်ကစပြောရရင် ရွာသင်္ကြန်ကနေ စပြောရမယ်။ ကျွန်မတို့ဆီမှာ ခုချိန်ထိ တစ်ခြားမြို့တွေမှာလို မဏ္ဍပ်အကြီးကြီးတွေထိုး၊ ပိုက်တွေနဲ့ပက်ကြတဲ့ ရိုးရာ မရှိဘူး။ ရခိုင်ပြည်နယ်က တစ်ခြားမြို့တွေမှာလိုတောင် စည်စည်ကားကား ကျင်းပပြုလုပ်တဲ့ သင်္ကြန်ရက်မျိုး မရှိဘူး။ ကျွန်မတို့ဆီက သင်္ကြန်ပွဲတော်ဟာ ကိုယ့်ရပ် ကိုယ့်ရွာမှာပဲ လူကြီးသူမတွေက ဥပုသ်စောင့်၊ ကလေးတွေက ခွက်စုတ်ကလေးနဲ့ ရေပက်၊ အပျို လူပျိုတွေက ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်သည်တွေအတွက် စုပေါင်းအလှူတွေ လုပ်ပေးဆိုတာမျိုးလောက်ပဲ ရှိပါတယ်။ ဘာပဲ ပြောပြော သူ့ဟာလေးနဲ့သူတော့ လူတိုင်းပျော်ကြတာပါပဲ။

ကျွန်မ ငယ်ငယ်ကလည်း ရေသေနပ်တစ်လက်နဲ့ လာသမျှလူကို ပါးစပ်ကလည်း ဘာတွေရွတ်မှန်းမသိ ရွတ်ပြီး ရေလိုက်ပက်နေတော့တာ။ အဖွားနဲ့အတူ ဘုန်းကြီးကျောင်းလိုက်ပြီး ရွာကလှူသမျှတွေကိုလည်း လိုက်စား၊ အဖေ့တပည့် အကိုကြီး အမကြီးတွေဆီကလည်း ညာစား ကပ်စားနေခဲ့တာ မှတ်မိနေပါသေးတယ်။ နည်းနည်းလေးကြီးလာတော့ ရွာရိုးကိုးပေါက် လျှောက်သွားတတ်လာပြီ။ သူငယ်ချင်းတွေဆိုတာလည်း ရလာပြီး။ ဟိုဘက်ရွာ ဒီဘက်ရွာကိုလည်း ကူးတတ်လာပြီ။ အိမ်က လူကြီးတွေမသိအောင်လည်း တစ်ခုခုကို ခိုးလုပ်တတ်လာပြီ။ ကျွန်မတို့ဆို ငယ်ငယ်ကတည်း သူ့ရွာ ကိုယ့်ရွာက ကလေးအုပ်စုတွေနဲ့ ရွာပြင်မှာ ရေစစ်ပွဲတွေ နွှဲနေကြ။ ခွက်စောင်းထိလို့ တစ်ယောက်ကငိုရင် ရှုံးပြီပဲ။ ရှုံးရင်တော့ ဘာမှလုပ်ပေးရတာလည်း မဟုတ်ပဲနဲ့ အောင့်သက်သက်ဖြစ်ရသေးတယ်။ နာလို့ ငိုမိတဲ့သူကိုလည်း ဒေါသကထွက်ကြသေးတယ်။ နင်ငိုလို့ ငါတို့ ရှုံးတာ ဆိုတာမျိုးတွေလည်း ပြောတတ်လာပြီပေါ့။

အသက် ကိုးနှစ် ဆယ်နှစ်ရောက်လာတော့ မာန်အောင်မြို့ပေါ်ကို ပြောင်းလာကြတယ်။ ကျွန်မ အဖေရော၊ အမေပါ ကျောင်းဆရာတွေဆိုတော့ မာန်အောင်ကျွန်းပေါ်မှာပဲ နယ်လှည့်တာဝန်ထမ်းဆောင်ကြရတယ်။ ကျွန်မ ငယ်ငယ်တုန်းကတော့ အဖေက နယ်က အလယ်တန်းကျောင်း တစ်ကျောင်းမှာ တာဝန်ကျတော့ ရွာမှာပဲ နေခဲ့ရပါတယ်။ မြို့ပေါ်ရောက်လာတော့ အသိကတစ်ယောက်မှ မရှိဘူး။ အိမ်ဘေးနားမှာလည်း ရွယ်တူ ကလေးတွေ မရှိဘူး။ ကျောင်းကလည်း မဖွင့်သေးလို့ အတန်းမတက်ရသေးတော့ သူငယ်ချင်း အသစ်မရသေးဘူး။ အဲဒီတုန်းက သင်္ကြန်က တော်တော်ပျင်းစရာကောင်းတာ မှတ်မိနေသေးတယ်။ အမေကတော့ အိမ်ရှေ့မှာ ဇလားကြီးချပေးပြီး ရေတွင်းက ရေတွေခပ်ထည့်။ ကျွန်မ မပျင်းအောင်ဆိုပြီး လမ်းသွား လမ်းလာတွေကို ကျွန်မနဲ့အတူ ရေလိုက်ဆော့ပေးပါသေးတယ်။ ဒါပေမယ့် ပျင်းတာပေါ့နော်။

နောက်လည်း နှစ် နည်းနည်းကြာတော့ ခွက်စုတ်သင်္ကြန်၊ ရေသေနပ်သင်္ကြန် မဟုတ်တော့ဘူး။ အပျိုနည်းနည်း လုပ်ချင်လာပြီ။ ရွယ်တူ ကောင်မလေးတွေစုပြီး မြို့တစ်ပတ် စက်ဘီးလေးနဲ့ လျှောက်သွားချင်လာပြီ။ ဘုန်းကြီးကျောင်းက အလှူတွေမှာ ဟိုမရောက် သည်မရောက်ပါဝင် ချင်လာပြီ။ အပျိုကြီးမမတွေ ခိုင်းတာလုပ်၊ အကိုကြီးတွေ ခိုင်းတာလုပ်နဲ့ လူတောသူတော နည်းနည်းတိုးချင်လာပြီ။ ကျွန်မတို့ မာန်အောင်မှာ သင်္ကြန်အပြီးမှာ (၃) ရက်လောက် ထပ်လုပ်တဲ့ ရေစစ်ပွဲနားကို ယောင်ချင်လာပြီး။ မနှစ်တုန်းကလည်း ကျွန်မ ရေစစ်ပွဲအကြောင်း ရေးဖူးပါတယ်။ မြန်မာ တစ်နိုင်ငံလုံးမှာ သင်္ကြန် နှစ်ခါကျတာဆိုလို့ ကျွန်မတို့ တစ်မြို့တည်းမှာပဲ ရှိမယ်ထင်တယ်။ သင်္ကြန်ရက်တွေဟာ ထူးထူးခြားခြား ပျော်စရာမကောင်းလို့ သင်္ကြန်အပြီး တစ်ပတ်လောက်အကြာမှာ တစ်မြို့လုံးမှာ မဏ္ဍပ်တွေထိုးပြီး အပျိုနဲ့ လူပျိုချင်း ရေပက်ကြတဲ့ ရေစစ်ပွဲဆိုတာ လုပ်ကြပါတယ်။ လုပ်လာတာ ဘယ်နှစ်နှစ် ရှိပြီမှန်းတော့ သေချာမသိပေမယ့် ဟိုး အရင် အမေတို့ခေတ်ကတည်းက လုပ်လာခဲ့ကြပါတယ်။ မနှစ်တုန်းက ရေးထားတဲ့ အကြောင်းအရာလေးကိုတော့ ဒီနေရာလေးမှာ ဖတ်နိုင်ပါတယ်။

ကျွန်မတို့ ကိုးတန်း ဆယ်တန်းကိုရောက်လာတော့ ရေစစ်ပွဲမှာ ၀င်နွှဲလို့ရပြီပေါ့ရှင်။ မြီးကောင်ပေါက်ကလေးတွေ သစ်ရွက်လှုပ်တာတောင် ရီချင်တဲ့ အရွယ်လေးတွေဆိုတော့ ကိုယ့်ကို ဘယ်သူများ ရေပက်ဖို့ လာတောင်းဆိုမလဲဆိုပြီး ရင်ခုန်ရတာ ရှိသေးတယ်။ အလှတွေ သေချာပြင်၊ အ၀တ်အစားဆိုလည်း အလန်းတွေဝတ်နဲ့ မဏ္ဍပ်ထဲမှာ တစ်ရပ်ကွက်လုံးက အပျိုတွေနဲ့ အတူထိုင်ပြီး တစ်ခြားရပ်ကွက်က ကောင်လေးတွေနဲ့ ရေပက်ဖို့ စောင့်ရတယ်။ တစ်ချို့ ကာလသားလေးတွေက ရှိသေးတယ်။ ကိုယ့်မဏ္ဍပ်ကိုလာလည်ရင် ကိုယ်နဲ့ကျတဲ့ ကောင်မလေးနဲ့ ပက်တာမျိုးမဟုတ်ပဲ ဟိုတစ်ယောက်နဲ့မှ ပက်ချင်ပါတယ်ဆိုတာမျိုး။ ကိုယ့်ကိုများ လက်ညှိုးထိုးပြီး ခေါ်ရင်၊ ခေါ်တဲ့ ကောင်လေးကလည်း ချောရင် ပင့်ဂိုလ်းတို့မှာ အယောင်ယောင် အမှားမှားနဲ့ပေါ့။

အဲဒီအချိန်မှာ တစ်ခြားမြို့က သင်္ကြန်တွေကိုလည်း ရုပ်ရှင်တွေမှာ ကြည့်ဖူးထားတော့ ရန်ကုန်မှာ သင်္ကြန်ကျရရင် ကောင်းမှာဆိုတဲ့ စိတ်ကလေးကလည်း ၀င်မိသေးပါရဲ့။ ဆယ်တန်းအောင်တော့ ရန်ကုန်ရောက်လာပြီ။ ကျောင်းကလည်း သင်္ကြန်အပြီးမှာ စာမေးပွဲ စစ်တာမို့ သင်္ကြန်ကို ရန်ကုန်မှာပဲ ကျရတာ 2001 ခုနှစ်လောက်ကတည်းက ခုချိန်ထိပဲ ဆိုပါတော့။ စစချင်း ကြုံတဲ့နှစ်တုန်းက သင်္ကြန်လည်ရမှာ ကြောက်လည်းကြောက်တယ်၊ လိုက်လည်း လိုက်ချင်တယ်။ သူငယ်ချင်းတွေကလည်း အခေါ်ကောင်းတာနဲ့ ကားစုငှားပြီး သင်္ကြန်လည် ထွက်ကြတယ်။ အဲဒီမှာ ပိုက်နဲ့ထိုးတာကို စခံရတော့တာပါပဲ။ မီးသတ်ပိုက်ဒဏ်ကို မခံနိုင်လို့ ကားပေါ်ကဆင်းပြေးရတယ်။ ဆရာစံလမ်းမှာ အူယား ဖားယားထွက်ပြေးတာ ပြန်မြင်ယောင်ရင် တော်တော်ရီစရာ ကောင်းတယ်။ ခုချိန်မှာတော့ ဘာပိုက်မှ မကြောက်တော့ပါဘူး။ အထာနပ်သွားပြီ။ ကြောက်လို့ ပုန်းကြ ကွယ်ကြတဲ့ လူမျိုးဆို မီးသတ်ပိုက်ကိုင်တဲ့ ကိုယ်တော်ချောတွေက ပိုကျီစယ်တတ်ကြတယ်။ ဘာမှ မလုပ်ရင် ဘာမှမဖြစ်ဘူးပေါ့။ ရန်ကုန်မှာ မဏ္ဍပ်ထိုင်ရတာထက်စာရင် လည်ရတာကို ပိုကြိုက်တယ်။ မဏ္ဍပ်ထိုင်ရင် လက်မှတ်ဖိုး အ၀တ်အစားဖိုးနဲ့ ပိုက်ဆံ တော်တော်ကုန်ပါတယ်။ ရည်းစားလေးရှိရင်တော့ ကောင်းတာပေါ့နော်။ ဒါပေမယ့် သင်္ကြန်တစ်ခါလည်ပြီးရင် အသားအရေကို နဂိုအတိုင်းပြန်ဖြစ်အောင် လုပ်ရတာက တော်တော် အချိန်ကြာတယ်။

ဒါတွေကတော့ မှတ်မိသလောက် သင်္ကြန်ပုံရိပ်တွေပါ။ ဒီနှစ် သင်္ကြန်တော့ စာကျက်မှ ဖြစ်မယ်။ မဟုတ်ရင် အလုပ်နဲ့ ကျောင်းစာနဲ့ ရောနေတော့ ခေါင်းထဲကို သေချာ မ၀င်ဘူးဖြစ်နေတယ်။ သင်္ကြမတိုင်ခင်တော့ ချောင်းသာသွားမှာရှင့်။ ရုံးက တစ်ရုံးကို လိုက်ပို့ပေးမှာလေ။ ချောင်းသာ သွားလိုက်ရပြီပဲ ကျေနပ်ပါတော့ ပင့်ဂိုလ်းရယ်။ သင်္ကြန်မှာ အိမ်မှာပဲ အေးအေးနေလိုက်ပါတော့ကွယ်။ :P

April Fool

Standard

April (1) ရက်နေ့မှာ သူများကို အရူးလုပ်ရတာလည်း ပျော်စရာကောင်းတယ်။ ကိုယ့်ကို အရူးလုပ်ခံရတာလည်း အောင့်သက်သက်နဲ့ ခံရတယ်။ ဒီနှစ် ဧပရယ်လ်မှာ ကိုယ်တိုင်ပါဝင်စီစဉ်တဲ့ အရူးလုပ်ခြင်း အစီအစဉ်လေး ပေါက်သွားတာတော့ ပျော်တယ်။ (သူများကို အရူးလုပ်ရဖို့ဆို ပင့်ဂိုလ်းတို့ အဲလိုကြိုးစားတာ)။ All Channel က ကိုသီဟ နဲ့ပေါင်းပြီးတော့ All Channel ကနေ မြန်မာပြည်ကို အခမဲ့ ဖုန်းခေါ်နိုင်မယ့် ၀န်ဆောင်မှုကို စတင်နေပါပြီ ဆိုတဲ့ ကြေငြာချက်နဲ့ အရူးလုပ်ကြတာလေ။ ကျွန်မက ကြေငြာချက် ထုတ်ပေး၊ ကိုသီဟက April Fool ဆိုတဲ့ Message လေးပေါ်လာအောင် Program ရေးနဲ့ ကြိုးစားလိုက်ကြတာ ယူဇာ တော်တော်များများ ထိသွားတာပေါ့ရှင်။ ပျော်စေ ပျက်စေလုပ်တာမို့ အားလုံးကို ဒီကနေ အနူးအညွတ်တောင်းပန်ပါတယ်။

မနက်စောစော ရုံးရောက်ရောက်ချင်းမှာပဲ ကျွန်မလည်း အရူးလုပ်တာ ခံရတော့တာပါပဲ။ ကိုဂျွန်က ဖိုရမ်မှာ ပိုစ့်တစ်ခုတင်ထားတယ်။ အိုဘားမား လုပ်ကြံခံရတယ်တဲ့။ အမလေး အချစ်တော့ သွားပါပြီဆိုပြီး ဖွင့်ကြည့်လိုက်တာ.. ထိတော့တာပဲ။ နောက် ရုံးက ပရိုဂရမ်မာ တစ်ယောက်ကလည်း NASA reported about “Waters on Mars” ဆိုတဲ့ ခေါင်းစဉ်ကြီးတဲ့ ပိုစ့်တင်ပြီး Click here to see “How waters exist on Mars” တဲ့။ ယုံချင်စရာကြီးဆိုတော့လည်း သွားနှိပ်တာပေါ့။ ခံရပြန်တော့တာပါပဲရှင်။ နောက်တော့လည်း ဘယ်သူ ဘာလင့်ခ် ပို့ပို့ မနှိပ်ဘူး လို့ ဆုံးဖြတ်ပြီး တစ်ကယ် ဂျီတော့ပေါ်ကနေ လှမ်းပို့ကြတဲ့ လင့်တွေကို ကိုယ်မနှိပ်ပဲ သူများတွေကို သွားသွားပြီး ပေစ့်လုပ်လိုက်တာပေါ့။ ဟဲဟဲ ဖွင့်ကြည့်မိသူ ခံပေးရော့ပဲလေ။

ဒါနဲ့လည်း ပြီးပြီလားမှတ်တယ် မပြီးသေးဘူး။ အင်္ဂလန်က အင်မတန်ချစ်ရသော ကျဲကျဲပေါ့.. မေ့မေ့ရေ ကိုမျိုးသော်ကြီး မင်္ဂလာဆောင်တော့မယ် သိလားတဲ့။ ကိုမျိုးသော်ဆိုတာက ပဒုမ္မာဖိုရမ်က အက်ဒမင်ကြီးပါ။ ကိုမွန်းစတားကြီးလို့လည်း ခေါ်ကြတယ်လေ။ သူ့ကောင်မလေးနဲ့ လက်ထပ်မှာတဲ့။ ဧပရယ်လ်မှာ ကျမယ့် သူ့မွေးနေ့မှာပဲ လက်ထပ်ပွဲလုပ်မှာတဲ့။ မင်္ဂလာပွဲကိုတော့ စင်ကာပူမှာပဲ လုပ်မယ်ဆိုပြီး ပြောပါလေရော။ ကျဲကျဲက တစ်ခါမှ မနောက်ဖူးဘူး။ ဒါပေမယ့် သေချာအောင် ထပ်မေးလိုက်သေးတယ်။ ကျဲကျဲ ထက်ကို အရူးလုပ်တာတော့ မဟုတ်ပါဘူးနော ဆိုပြီးတော့။ မရွှေချောက ပြောသွားသေးတယ်.. အယ် ဒီနေ့ ဧပရယ်လ် (၁) ရက်နေ့ဆိုတာ မေ့မေ့ပြောမှ သတိရတယ် ကြည့်စမ်း တဲ့။ သူများက အကောင်းပြောတာကို သူက အရူးလုပ်လားလို့ မေးတယ် ဘာညာ ဆိုပြီး စိတ်ကောက်ပြတော့ ဒီကလည်း မယုံပဲ မနေနိုင်တော့ဘူးလေ။ ကျွန်မက ယုံလွယ်သူကြီးကိုရှင့်။ ဒါနဲ့ ကိုမျိုးသော်ကို ဂျီတော့ကနေပဲ လှမ်းမေးတော့ အရူးမ တဲ့။ ကောင်းရော။

ဧပရယ်လ်ဖူးလ်မှာ သူများကို အရူးလုပ်ရတာတော့ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် အလွန်အကျွံမဖြစ်စေဖို့တော့ လူတိုင်း သတိထားရမှာပေါ့နော်။

2007 Myanmar Academy Award

Standard

Image Hosted by ImageShack.us

2007 ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားကြီးကို 2009 ခုနှစ် ဖေဖော်ဝါရီလ (7) ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရုပ်ရှင် အနုပညာရှင်တိုင်း ရင်ခုန်ရတဲ့ နေ့ရက်ဖြစ်သလို ရုပ်ရှင်ချစ်ပရိတ်သတ်များလည်း အနုပညာရှင်တွေနဲ့ ထပ်တူတပ်မျှ ရင်ခုန်ရတဲံ နေ့ကလေး တစ်နေ့ပဲပေါ့ရှင်။ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုကို ဘယ်နှစ်ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာလည်။ ဘယ်အနုပညာရှင်တွေက မြန်မာပြည်ရဲ့ ပထမဆုံးသော အကယ်ဒမီဆု ပိုင်ရှင်တွေ ဖြစ်ခဲ့ကြတာလဲ။ အကယ်ဒမီကို ကျင်းပလာတာ ဒီနှစ်နဲ့ဆိုရင် ဘယ်နှစ်ကြိမ်မြောက်လဲ။ ဘယ်ဇတ်ကားတွေကို အကယ်ဒမီပေးဖို့ ရွေးချယ်ထားတာလ။ ကျွန်မ သိချင်တာတွေ အများကြီး ဖြစ်သလို၊ ရုပ်ရှင်ချစ်တဲ့ သူတိုင်းလည်း သိချင်ကြမှာပေါ့နော်။

မြန်မာနိုင်ငံတွင် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းသည် ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ထွန်းလာခဲ့ပြီး ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုပေးအပ်သည့် ခုနစ်မှာ ၁၉၅၂ ဖြစ်သည်။

၁၉၅၂ ခုနစ်တွင် ပထမဆုံးအကြိမ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဗြိတိသျှဘားမားရုပ်ရှင် ဒါရိုက်တာရွှေဒုံးဘီအောင်၏ ‘မာလာရီ’ ဇာတ်ကား၌ အကောင်ဆုံးသရုပ်ဆောင်ထားသော ဦးကျော်ဝင်းမှာ ပထမဆုံးအမျိုးသား ဇာတ်ဆောင်ဆု ကိုရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ဆုချီးမြှင့်ခြင်း ခံရသည့် ဇာတ်ကားမှာ အေ၀မ်းဖလင်မှ ဒါရိုက်တာမောင်တင်မောင် ရိုက်ကူးသော ‘ချစ်သက်ဝေ’ ဇာတ်ကားဖြစ်သည်။ အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ကြည်ကြည်ဌေးမှာ မြန်မာ့ပထမဆုံး အမျိုးသမီးထူးချွန်ဆုကို ရရှိခဲ့သည်။

ပထမအကြိမ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဇာတ်ကားဆု (၃)ဆု ၊ ပညာသည်ဆု (၂)ဆုဖြင့် စုစုပေါင်း ထူးချွန်ဆု (၅)ဆု ချီးမြှင့်ခဲ့သည်။

၁၉၅၄ ခုနစ်တွင် ပထမဆုံးချီးမြှင့်သော ဒါရိုက်တာဆုကို ‘သြော်မိန်းမ’ ဇာတ်ကားရိုက်ကူးသူ ဦးသုခ မှ ရရှိခဲ့သည်။ အဆိုပါဇာတ်ကားဖြင့်ပင် ဦးသုခသည် အကောင်းဆုံးဇာတ်ကားဆု (ဒုတိယ) ကိုရရှိခဲ့သည်။

အဆိုပါအချိန်များတွင် ဇာတ်ကားဆု ၊ အမျိုးသားပညာသည်ဆု ၊အမျိုးသမီးပညာသည်ဆု၊ ဒါရိုက်တာဆုများကို ပေးအပ်နေခြင်းဖြစ်ရာ အထူးဆုအနေဖြင့် ၀င်းမာမှ ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် ၁၉၅၅ ခုနစ်တွင် ပထမဆုံးချီးမြှင့်ခြင်း ခံရပြန်သည်။

၁၉၅၆ တွင် အကောင်းဆုံး ရုပ်ရှင်ဓါတ်ပုံဆု အဖြစ်ထပ်တိုးချီးမြှင့်ခဲ့ပြီး ဦးချစ်ဖွယ်မှ ‘လွမ်းငွေ့တဝေေ၀’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၁၉၆၂ ခုနစ်တွင် ထူးထူးခြားခြားစတင်ပေးအပ်ခဲ့သည့် ဆုမှာ ဇာတ်ပို့ဆုဖြစ်သည်။ ဇာတ်တစ်ခုလုံးကို အထမြောက်အောင် ပို့ပေးရသော သရုပ်ဆောင်များအဖြစ် ဦးကျောက်လုံး နှင့် ဒေါ်မေနွဲ့ တို့မှ ‘အတွေ့’ ဇာတ်ကားကြီးဖြင့် အကောင်းဆုံး ဇာတ်ပို့ဆုများ အဦးဆုံး ရရှိခဲ့ကြပါသည်။

မှတ်မှတ်ရရ ရုပ်ရှင်သမိုင်းတွင် ချန်လှပ်ထားမရသော သရုပ်ဆောင်မှာ အောင်ထွန်းလေးဖြစ်သည်။ အောင်ထွန်းလေးသည် ၁၉၇၇ခုနစ်တွင် ‘အဖေတစ်ခု သားတစ်ခု’ ဇာတ်ကားဖြင့် ပထမဆုံးကလေးသရုပ်ဆောင် ဆုကိုရရှိခဲ့သည်။

ဇာတ်ကားတစ်ကားတွင် အများဆုံးအထောက်အပံ့ပေးနိုင်သော ဆုတစ်ဆုရှိသည်။ ထိုဆုမှာ ပရိသတ် ကို ငိုအောင် ရီအောင် ၊ ရင်ခုန်လှုပ်ရှားမှုကို သရုပ်ဖော်သည့် တေးဂီတဆုဖြစ်သည်။ အဆိုပါဆုကို မြန်မာ့နိုင်ငံ၏ ဂီတဖခင်ကြီး တစ်ဦးဖြစ်သည့် ဂီတလုလင်မောင်ကိုကို မှ ၁၉၉၁ ခုနစ်တွင် ‘ မယ်သီတာလို မိန်းကလေး’ ဇာတ်ကားဖြင့် ပထမဆုံး ရရှိခဲ့သည်။

ရှားရှားပါးပါး ပရိသတ်သတိမထားနိုင်သည့် ပညာသည်ဆုတစ်ဆုကို ၁၉၉၄ ခုနစ်တွင် ရုပ်ရှင်သမိုင်း၌ ထပ်တိုးချီးမြှင့် ခဲ့သေးသည်။

ဆက်လက်ဖတ်ရှုရန်

Online Love!

Standard

“ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ်.. ဒါပဲနော် ကိုကို ငါးခါပြည့်အောင် ပြောပြီးပြီ.. သိပ်ဆိုးတာပဲ.. ဟွန်း”

အသံစာစာနဲ့ စကားပြောနေတဲ့ မိန်းကလေးကို လှည့်ကြည့်လိုက်တော့ ကျွန်မတို့ အရွယ်လောက်ပဲ ရှိမယ်ထင်ပါတယ်။ Head Phone ကနေ သေသေချာချာကို စကားပြောနေတော့တာပါပဲ။ သူ့ကွန်ပျူတာ Screen ပေါ်မှာလည်း ဂျီတော့ပေါင်း မြောက်မြားစွာကို ဖွင့်ထားလို့။ လက်ကလည်း လှုပ်၊ ပါးစပ်ကလည်းလှုပ်နဲ့၊ ကောင်မလေးရဲ့ မျက်နှာပေါ်မှာလည်း အပြုံးတွေ ဝေလို့။ အံမယ် လက်ကလေးတောင် ချိုးပြီး ရေတွက်နေလိုက်သေးတယ် ငါးခါပြည့်အောင်လေ။ ဘေးနားက လူတွေလည်း သူ့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ပေါ့။ မမလေးကတော့ သူ့ ဖီလ်းနဲ့သူ အပီကို စကားပြောနေတော့တာပါပဲ။ နောက်ပြီး ဆက်ပြောလိုက်သေးတယ်…

ကိုကိုနော် အွန်လိုင်းပေါ်မှ လျှောက်ကျူမနေနဲ့.. ဒီက ကိုကို့ကိုပဲ ချစ်တာ.. မတွေ့ဖူးပေမယ့် ချစ်ပြီးသားပဲ ဟင်း ဟင်း”

ခေတ်ကာလ သားသမီးတွေများ ခက်ပါတယ်။ ကျွန်မက အိမ်အောက်ထပ်က ဆိုက်ဘာ ကဖေးမှာ အင်တာနက် လာလာသုံးလေ့ရှိတော့ အွန်လိုင်းအချစ်ဇတ်လမ်းတွေကို မရိုးနိုင်အောင် ကြုံရတယ်ရှင့်။ အွန်လိုင်းဇတ်လမ်း သီးသန့်တွေလည်းပါတယ်၊ အဝေးရောက် ချစ်သူတွေရဲ့ အချစ်ဇတ်လမ်းတွေလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်။ အင်တာနက်ထဲမှာ ချိန်းတွေ့ကြ၊ စကားပြောကြတာဟာလည်း Global ခေတ်ကြီးမှာ ပိုများသထက်ကို များလာပြီ။ အွန်လိုင်း အချစ်ဇတ်လမ်းတွေလည်း ပေါသထက်ကို ပေါလာပြီ။ တစ်ချို့များဆို လက်ထပ်ကုန်ကြပြီ။ ဟိုတစ်လောတုန်းက အိမ်မှာ အတူနေတဲ့ သူငယ်ချင်းဆီကို စုံတွဲတစ်တွဲ လာလည်တယ်။ ကျွန်မလည်း ကိုယ်နဲ့သိတာမဟုတ်တော့ စကားဝင်မပြောမိပါဘူး။ အဲဒီအတွဲလည်း ပြန်သွားရော သူငယ်ချင်းက ပြောပြတယ်။ သူတို့နှစ်ယောက်က အွန်လိုင်းကနေ တွေ့ကြတာလေ.. သိပ်ချစ်ကြတာတဲ့။ ခု လက်ထပ်ပြီးသွားကြပြီတဲ့။ ကျွန်မကလည်း စပ်စပ်စုစု မေးမိပါသေးတယ်.. ဘယ်လောက်ကြာအောင် ချစ်ခဲ့ကြတာလဲဆိုတော့.. တစ်နှစ်လောက်တော့ ရှိပြီတဲ့။ အပြင်မှာ တွေ့ဖူးတာကတော့ နှစ်ကြိမ်တည်းရယ်။ ကောင်မလေးက ပြည်က၊ ကောင်လေးက ရန်ကုန်က။ ပထမ တစ်ကြိမ်မှာ ကောင်လေးက ပြည်ကို လိုက်သွားတယ်။ ဒုတိယ တစ်ကြိမ်မှာ ကောင်မလေးက ရန်ကုန်ကို လာတွေ့တုန်း တစ်ခါတည်းကို ချောင်းသာကို ခိုးပြေးတော့တာပဲတဲ့။ မိုက်တယ်ကွာ….. ဂလိုဘယ်ခေတ်မှာ မြန်လိုက်ကြပုံများ။ နှစ်ခါတည်း တွေ့ပြီး ခိုးရာလိုက်ကြရတယ်လို့။ အခုအဆင်ပြေလား မေးတော့ ပြေသမှ သိပ်ကိုပြေကြပါတယ်တဲ့။

ဟိုတစ်လောတုန်းကလည်း အဒေါ်တစ်ယောက် မင်္ဂလာဆောင် သွားမယ်ဆိုလို့ မေးကြည့်တော့ အမလေး ထက်ထက်ရယ် ပြောရအုံးမယ်.. အဲနှစ်ယောက်က နင်တို့ အင်တာနက်ကနေ တွေ့တာတဲ့တော် တဲ့။ ထက် တို့ အင်တာနက် မဟုတ်ပါဘူး အန်တီရယ် လူတိုင်းသုံးနေတာကို လို့ ပြောတော့. မဟုတ်ပါဘူး ညည်းတို့ သုံး သုံး နေတာ တွေ့လို့ ပြောတာပါအေ.. ကောင်လေးက စင်ကာပူက၊ ကောင်မလေးက အမေရီးကားက၊ အွန်လိုင်းပေါ်မှာ ကြိုက်လာကြပြီး အခု မြန်မာပြည်မှာ မင်္ဂလာပြန်လာဆောင်တာတဲ့။ သူတို့တွေ တစ်ပတ်လောက်တော့ နေကြလိမ့်မယ်.. ပြီးတော့ ယောင်္ကျားကလည်း စလုံးကိုပြန်၊ မိန်းမကလည်း အမေရီးကားကို ပြန်မယ်လို့ ပြောတယ် တဲ့။ နင်တို့ခေတ်မှပဲ ကြားဖူးတော့တယ်.. ကျူပ်တို့တုန်းကတော့ အရွေးမှားမှာစိုးလို့ စဉ်းစားလိုက်ရတာတဲ့။ အန်တီ့ကိုတောင် ပြောလိုက်သေးတယ် 21 ရာစုလေ အန်တီရယ်လို့။

အဲလိုပါပဲ ဟိုတစ်လောတုန်းကလည်း ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက် စစ်ဗိုလ်နဲ့ မင်္ဂလာဆောင်တယ်။ အွန်လိုင်းမှာ တွေ့တာတဲ့။ ဆိုက်ဘာကဖေးတွေမှာလည်း VZO နဲ့ ရုပ်ကြည့်ပြီး ပြောကြတဲ့ အတွဲတွေ၊ Gtalk နဲ့ စကားပြောနေကြတဲ့ အတွဲတွေ၊ စာရိုက်ပြီး ကျူကြတဲ့ အတွဲတွေ စုံအောင်ကို တွေ့ရတော့တာပါပဲ။ ကျွန်မ သုံးနေတဲ့ ဆိုင်မှာဆို အမကြီးတစ်ယောက် နေ့တိုင်း သူ့ရည်းစားနဲ့ စကားလာပြောတာ။ နေ့တိုင်းကို နှစ်နာရီလောက် ကြာအောင် ပြောတာနော်။ ကျွန်မ နေ့တိုင်း ဆိုက်ဘာကဖေး မသွားပေမယ့် ၀ရံတာကနေကြည့်လိုက်ရင် သူ ဆိုင်ထဲ ၀င်ဝင်သွားတာကို တွေ့ရတာပေါ့။

Digital ခေတ်ကြီး တိုးတက်လာတဲ့ အချိန်မှာ အင်တာနက်တွေ ပေါပေါသီသီ သုံးလာကြတဲ့ အခိုက်မှာ၊ လူတွေရဲ့အချိန်တွေ ရှားပါးလာကြတဲ့ ဒီနေ့လိုခေတ်မျိုးမှာ အွန်လိုင်းပေါ်မှာ အချစ်ရှာကြတာဟာလည်း အရင်တုန်းကလို မထူးဆန်းတော့ဘူး ထင်ပါရဲ့ရှင်။ တစ်ကယ်ချစ်ကြတဲ့ ချစ်သူတွေရှိမယ်၊ မမြင်ကွယ်ရာမှာ၊ အွန်လိုင်းမှာဆိုပြီး ရည်းစားတွေ မှိုလိုပေါက်အောင် ထားကြတဲ့ အပြောင် အပျက်တွေလည်းရှိမယ်။ ဘာပဲ ပြောပြောပေါ့လေ.. အွန်လိုင်းအချစ်ဆိုတာ လက်တွေ့ဘ၀မှာ များသထက်ကို များလာနေကြပါပြီ ဆိုတာ သိလိုက်ရတာပေါ့။