ကျွန်မရဲ့ ရင်ကွဲနာဆိုတဲ့ ၀တ္ထုလေးနဲ့ ပတ်သက်ပြီး ကျေးဇူးတင်စရာ ၀န်ခံစရာလေးတွေ ရှိပါတယ်။ ဒီဝတ္ထုလေးက ကျွန်မ ရေးခဲ့သမျှ အချစ်ဝတ္ထုတွေထဲမှာ အပေါက်ဆုံးလို့ ပြောလို့ရပါတယ်။ လူတော်တော်များများ အားပေးကြတာကို တွေ့ရပါတယ်ရှင်။ ကျွန်မလည်း ကိုယ့်ဟာကိုယ် နည်းနည်းတော့ လက်ရည်တက်လာတယ်လို့ ခံစားမိပါတယ်။ နောက်တစ်ခါ အချစ်ဝတ္ထု ထပ်ရေးဖြစ်ရင်တောင် ဒီလောက် ကောင်းနိုင်ပါတော့မလား မသိဘူး။
ဒီ ၀တ္ထုလေးဟာ တစ်ကယ့်အဖြစ်အပျက်လေးတစ်ခုကို အခြေခံပြီး ဇာတ်အိမ်တည်ထားပေမယ့် ၀တ္ထုတစ်ပုဒ်ကို ၀တ္ထုလို့ပဲ ခံစားပြီး ဖတ်စေချင်ပါတယ်ရှင်။ ကျွန်မ သုံးထားတဲ့ အသုံးအနှုန်းလေးတွေထဲမှာ ကျွန်မအရမ်းနှစ်သက်တဲ့ စာရေးဆရာမ ဂျူးရဲ့ စာသားတွေကို ယူသုံးထားမိပါတယ်ဆိုတာ ၀န်ခံပါရစေ။ ကျွန်မ အမှတ်ရနေပြီး ယူသုံးခဲ့မိတာတွေကတော့…အပိုင်း (2) ထဲမှာပါတဲ့
ကျွန်မ စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးသည်။ မရင့်ကျက်သော သူများအတွက် အချစ်ဆိုသည်မှာ လိုအပ်ချက် တစ်ခုဖြစ်ပြီး ရင့်ကျက်သောသူများအတွက် အချစ်ဆိုသောအရာသည် အချစ်ပင် ဖြစ်တော့သည်တဲ့။
ကျွန်မ ချစ်သော အချစ်သည် အတွေ့အထိကင်းသော အငွေ့သက်သက်သာ ဖြစ်သည်။
အပိုင်း (၁) ထဲမှာပါတဲ့ စွန်ကလေးနဲ့ ပေးတဲ့ ဥပမာကတော့ ဘုန်းဘုန်းဦးကုမာရက ကျွန်မကို ဆုံးမသွားခဲ့တာ ဖြစ်ပါတယ်။ ဘုန်းဘုန်းပြောခဲ့တဲ့ စကားကိုလည်း ထည့်ရေးခဲ့တယ်ဆိုတာ ၀န်ခံရင်း ဘုန်းဘုန်းကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ရှင်။
လေထဲမှာ ပျံနေတဲ့ စွန်ကလေးတွေဟာ.. ရစ်လုံးကနေ ကြိုးနဲ့ထိန်းထားရက်နဲ့တောင် ဘယ်ဘက်ကိုယိမ်းလိုက်၊ ညာဘက်ကိုယိမ်းလိုက်နဲ့ လေနှင်ရာကို လိုက်ပါနေကြတယ်။ ရစ်လုံးနဲ့ အဝေးမှာရှိနေခိုက် သူတို့ ယိမ်းချင်ရာဘက်ကို ယိမ်းနေကြတယ်။ နောက်ဆုံးတော့လည်း ရစ်လုံးဆီကို တစ်ဖြည်းဖြည်းပြန်ရောက်လာရတာပဲ။
ကျွန်မကို ကွန်းမန့်တွေရေးပြီး အားပေးခဲ့ကြသော စာဖတ်ပရိတ်သတ်များနှင့် facebook မှ သူငယ်ချင်းများ၊ public comments များကိုသာမက အီမေလ်းပို့ပြီး private comments များဖြင့် အားပေးခဲ့ကြသူများ၊ severe response ပေးကြသူများ၊ ဝေဖန်အကြံပြုပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုပါတယ်ရှင်။
ကျွန်မဒီဝတ္ထုကို ဘာကြောင့်ရေးဖို့ စဉ်းစားခဲ့တာလဲ ဆိုရင်. သိပ်ချစ်တတ်သွားရင် သိပ်ခံစားတတ်ကြတယ် ဆိုတာပြချင်လို့ပါပဲ။ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ ပုံအပ်ပြီး မယုံကြည်သင့်ကြဘူးဆိုတာကို ကျွန်မရဲ့ အဖြစ်နဲ့ယှဉ်ပြီး သင်ခန်းစာ ယူတတ်စေချင်လို့ ဆိုရင် ကျွန်မစကားတွေ အရမ်းကြီးကျယ်သွားမှာလည်း စိုးရပါသေးတယ်။ အွန်လိုင်းပေါ်မှာ အချစ်စစ်ကို တွေ့နိုင်သလို၊ အလိမ်အညာများလည်း ရှိပါတယ်ဆိုတာကို လူတိုင်း သိပြီးသားဖြစ်ပေမယ့် ပိုသတိထားမိကြအောင် ချပြချင်တာမျိုးလည်း ဖြစ်ပါတယ်။
မည့်သူ့ကိုမျှ ထိခိုက်ရန် မရည်ရွယ်ခဲ့ပါ။ တိုက်ဆိုင်မှုရှိကောင်း ရှိနိုင်ပါသည်။ တိုက်ဆိုင်မှုရှိကလည်း ခွင့်လွတ်ပေးကြပါလို့ ပြောလိုပါတယ်ရှင်။