သူငယ်ချင်း မီးလေးဇာဆိုတာ အွန်လိုင်းပေါ်က ကျွန်မနဲ့ အတော်လေးကိုခင်တဲ့ ဖက်တီးမလေးပါ။ သူဘလောဂ့်မရေးခင်ကတည်း ကျွန်မရဲ့ ဘလောဂ့်ကိုဖတ်ပြီး ကျွန်မရဲ့ ဘလောဂ့်ရီဒါတစ်ယောက်အဖြစ် အရမ်းကို ခင်ခဲ့ကြတဲ့ သူပေါ့။ ခုတော့ သူလည်း ဘလောဂ့်ဂါကြီးဖြစ်လာ.. အပေါင်းအသင်းတွေလည်း များလာပေမယ့် ကျွန်နဲ့ ခင်မြဲ ခင်ဆဲ ချစ်စရာ သူငယ်ချင်း တစ်ယောက်ပေါ့။ ဆိုးတာတစ်ခုတော့ ရှိတယ်ရှင့်.. သူ့ကို လူတကာ တဂ်လုပ်တဲ့ ပိုစ့်တွေကို ရေးပြီး အပုဒ်တိုင်းကိုလည်း ကျွန်မကို ပြန်ပြန် တဂ်တတ်တာလေ။ ခုလည်း အတွေ့ချင်ဆုံးလူ (၁၀)ယောက်ဆိုပြီး ရေးလာခိုင်းပြန်တော့ ကျွန်မလည်း လက်ကလေးပြန်လှုပ်ရတာပေါ့ရှင့်။
လူဖြစ်ရတဲ့ အခိုက်မှာ တွေ့ရတဲ့ သူတွေအားလုံးဟာ ရှေးဘ၀က ရေစက်ကြောင့်ပဲလို့ ကျွန်မ မှတ်ယူပါတယ်။ အရင့် အရင်ဖြစ်လာခဲ့သမျှ ဘ၀တွေက ကောင်းမှုကုသိုလ်တွေ အတူတူလုပ်ခွင့် ကြုံခဲ့လို့ ဒီဘ၀မှာလည်း ကလျာဏမိတ်ဆွေများ အဖြစ်နဲ့ ပြန်လည်တွေ့ဆုံကြရတာကြောင့် တွေ့ရတဲ့ သူတိုင်းကို ကျွန်မ ခင်ခင်မင်မင် ပေါင်းသင်းပါတယ်။ တတ်အားသလောက် ကူညီပေးပါတယ်။ ဒီလို ရေစက်ကြောင့် တွေ့ရတဲ့ သူများရှိသလို မီးစက်ကြောင့် တွေ့ရတဲ့ သူများလည်း ရှိပါတယ်ရှင်။ ဒါကတော့ တစ်ခြားမဟုတ်ပါဘူး.. အွန်လိုင်းပေါ်က မိတ်ဆွေ သူငယ်ချင်းများပေါ့။ ဘာလို့လဲ ဆိုတော့ ကျွန်မတို့ မြန်မာပြည်မှာက တစ်ခြားနိုင်ငံများမှာလို မီးမှန်မှန်လာတာ မဟုတ်ဘူးလေ။ အင်တာနက်ကို ကိုယ်တက်ချင်တဲ့ အချိန်မှာတက်ပြီး အွန်လိုင်းမှာ ကိုယ်တွေ့ချင် ပွားချင်သောသူများတဲ့ ပွားများနိုင်ဖို့က မီးစက်မောင်းမှ အလုပ်ဖြစ်တာကိုးရှင့်။ ဒါကြောင့် ကျွန်မအတွက်တော့ အွန်လိုင်းပေါ်က သူငယ်ချင်းများဟာ မီးစက်ကြောင့် တွေ့ရသူများလို့ မှတ်ယူပါတယ်။
ရေစက်ကြောင့်ကော မီးစက်ကြောင့်ကော ကြုံခွင့် ဆုံခွင့်ရတဲ့ သူတွေအကုန်လုံးကို ကျွန်မ ကြုံချင် ဆုံချင်ပါတယ်။ တွေ့ဖူးပြီးသားသူတွေကိုသာမက မတွေ့ရသေးတဲ့ သူတွေကိုလည်း ကျွန်မ တွေ့ချင် မြင်ချင်ပါတယ်။ ခက်တာက ဆယ်ယောက်ပဲ ရေးရမယ်ဆိုတော့ ကျွန်မအနေနဲ့ ရေးဖို့က အခက်ကြုံရပြန်ပါတယ်။ တစ်ချို့တွေက ဘလောဂ့်ဂါတွေကိုချည်းပဲ ရွေးထုတ်ပြီး တွေ့ချင်တဲ့သူတွေကို ဖော်ပြကြသလို၊ တစ်ချို့တွေကလည်း ဘလောဂ့်ဂါရယ် ဘာရယ်လို့ မဟုတ်ပဲ ကိုယ်တစ်ကယ် တွေ့ချင်တဲ့သူတွေကို ရေးထားကြတာ ကျွန်မဖတ်ရပါတယ်။ ကျွန်မအနေနဲ့ အားလုံးကို တွေ့ချင်ပေမယ့်လည်း အတွေ့တကာ့ အတွေ့ချင်ဆုံးသူ ဆယ်ယောက်ကို ရွေးထုတ် ဖော်ပြချင်ပါတယ်။ မီးလေးကိုတော့ နဂိုကတည်းက တွေ့ချင်ပြီးသားမို့ စရင်းထဲ မထည့်တော့ပါဘူး။ မီးလေး + ဆယ်ယောက်ပေါ့နော်။ ဘလောဂ့်လောကမှာတော့ ကျွန်မတွေ့ဖူးတဲ့သူတွေ တော်တော်များတယ်ရှင့်။ ရန်ကုန်ကလူတွေလည်း အားနေရင် တွေ့နေကြ၊ အချင်းချင်းချိန်းပြီး တစ်ခုခုလုပ်လိုက်ကြ၊ စီမီနာတွေ လုပ်လိုက်ကြဆိုတော့ ကျွန်မအနေနဲ့ ဘလောဂ့်ဂါ တော်တော်များများကို တွေ့ဖူးပါတယ်။ နိုင်ငံခြားက ပြန်လာတဲ့ ဘလောဂ့်ဂါတွေဆိုရင်လည်း ရန်ကုန်ရောက်ရင် တွေ့ဆုံပွဲလေး လုပ်ဖြစ်ကြတယ်ဆိုတော့ ကျွန်မ မတွေ့ဖူးသေးတဲ့ အရမ်းလည်း တွေ့ဖူးချင်တဲ့သူ ဆယ်ယောက်ကတော့ လာပါပြီရှင်….။
1. Barack Obama
အိုဘားမားကို တွေ့ဖူးချင်တယ်ဆိုတာ မဖြစ်နိုင်ပေမယ့် တစ်ကယ့်ရင်ထဲမှာ ရှိတဲ့အတိုင်းကို ပြောလိုက်တာပါ။ လူငယ်တွေရဲ့ ဟီးရိုးဖြစ်သလို ကျွန်မအတွက်လည်း သူက ဟီးရိုးပါပဲ။ 2008 ခုနှစ်ရဲ့ ပြောင်းလဲမှုတွေထဲက အကြီးမားဆုံး ပြောင်းလဲမှုဟာ အိုဘားမးပါလို့ ပြောရင်လည်း မမှားဘူး မဟုတ်လားရှင်။ လေဖမ်းပြီး ဒန်းစီးချင်တယ်ပဲ ပြောပြော ကျွန်မကတော့ အိုဘားမားကို အမှန်ကို တွေ့ချင်တာပါ။
2. Ko Htike
ကိုထိုက် ကို တွေ့ချင်တယ်ဆိုလို့ တစ်မျိုးတော့ ဖြစ်မသွားကြပါနဲ.။ ကိုထိုက်နဲ့ ကျွန်မက 2006 ခုနှစ်လောက်ကတည်းက သူရော ကျွန်မပါ ဘလောဂ့်မရေးခင် အချိန်ကတည်းက ဖိုရမ်တစ်ခုမှာ ခင်မင်လာခဲ့ကြတဲ့သူတွေပါ။ အခုအချိန်ထိလည်း အခင်ဆုံး သူငယ်ချင်းတွေအဖြစ် ရှိနေကြတုန်းပါပဲ။ တစ်နေ့နေ့တော့ ဖြစ်လာမယ် ထင်ပါရဲ့။
3. ပန်ဒိုရာ
ဘလောဂ့်လောကမှာ ကျွန်မခင်ရတဲ့ အမ လေးယောက်ရှိတယ်ရှင့်။ မပန်၊ မဂျစ်၊ မမီ၊ မခွန်မြလှိုင်တို့ပါပဲ။ သူတို့တွေ ရေးတဲ့စာကိုဖတ်ပြီး အတွေးအမြင်တွေ ပွင့်လာရသလို ကျွန်မချစ်ပြီး လေးစားရတဲ့ အမတွေပါ။ ကျွန်မတို့တွေဟာ ဂျီတော့ပေါ်မှာ အရည်မရ အဖတ်မရတွေကော အရည်ကော အဖတ်ပါ ရတဲ့အကြောင်းအရာတွေ တော်တော်များများကို ပြောဖြစ်ခဲ့ကြပါတယ်။ မပန် ဟိုတစ်လောက် မြန်မာပြည် လာသွားပေမယ့် တွေ့ခွင့်မကြုံလိုက်ပါဘူးရှင်။ ကျွန်မကို မပန် လက်ဆောင်ပေးထားတဲ့ မီးချောင်းရုပ်ကလေးနဲ့ Key Chain လေးကိုလည်း ကျွန်မ ခုချိန်ထိ သိမ်းထားတုန်းပါပဲ။
4. မဂျစ်တူး
ဘလောဂ့်လောကမှာ ကျွန်မအတွက် ၀မ်းနည်းစရာ အရာတွေထဲက တစ်ခုကို ပြောပါဆိုရင် မဂျစ် တစ်ယောက် ဘလောဂ့်ရေးခြင်းကို ရပ်နားလိုက်တာလည်း တစ်ခုအပါအ၀င်ပါပဲလို့ ပြောပါရစေရှင်။ ကျွန်မကိုလည်း ညီမလိုချစ်တဲ့ ကျွန်မကလည်း အစ်မတစ်ယောက်လို ပြန်ချစ်တဲ့ မဂျစ်ကို ဘလောဂ့်ဆက်ရေးစေချင်သေးတာ မှန်ပေမယ့် သူအလုပ်အင်မတန်များတာကြောင့် ရပ်နားလိုက်ရတာကိုတော့ ကျွန်မတို့ ဘယ်လိုမှ မတားဆီးနိုင်ခဲ့ပါဘူး။ မဂျစ်ရဲ့စာတွေဟာ လူငယ်တွေအတွက် တစ်ကယ့်ကို ကောင်းတဲ့စာတွေဖြစ်ပါတယ်။ ကျွန်မသူ့ကို တွေ့ခွင့်ရရင် တွေ့ချင်ပါတယ်ရှင်။
5. မခွန်မြလှိုင်
သူကတော့ ကျွန်မနဲ့ ညီအစ်မလိုကော သူငယ်ချင်းလိုကော ပေါင်းတဲ့သူတစ်ယောက်ပါ။ ကျွန်မရဲ့ လိုအပ်ချက်တွေကိုလည်း အမြဲထောက်ပြတတ်တဲ့ စေတနာကောင်းတဲ့ အမတစ်ယောက်ပါရှင်။ အခုတော့ ချင်းမိုင်မှာ သူ့ချစ်တဲ့ သမီးလေးနဲ့ ပျော်နေလေရဲ့။ ကျွန်မတို့တွေ ရေစက်ကော မီးစက်ကောရှိရင် တစ်နေ့နေ့တော့ တွေ့ရမှာပေါ အမရယ်။
6. ကိုကောင်းကင်ကို
လေပြင်းတွေ ခြွေလာလို့ သေမင်းဆီ ငါကြွေသွားရင်တောင် ကဗျာတွေကို စုပ်ခဲ့တဲ့နှုတ်ခမ်းနဲ့ ကမ္ဘာမြေကိုနုတ်ဆက်နမ်းခဲ့မယ်ဆိုတဲ့ မိတ်ဆက်စာသားနဲ့ အလန်းဆုံး ကဗျာစာသားတွေကို ရေးဖွဲ့ပေးနေသူပေါ့ရှင်။ ဘန်ကောက်ရောက်ရင် ဘီယာတူတူသောက်ကြမယ်လို့တော့ စကားခံထားတာပဲရှင့်။ တစ်ကယ်တွေ့လို့ ထွက်ပြေးရင်တော့ မပြောတတ်ဘူး။ ဘလောဂ့်ပေါ်က ကျွန်မရဲ့ အကိုတစ်ယောက်ပါ။
7. ကိုလူအေး
သူ့ကတော့ ကျွန်မရဲ့ မျိုးတူအကိုပါ။ ရခိုင်အချင်းချင်းမို့ ရိုင်းပင်းကြပါတယ်။ ယောင်္ကျားများ ယူမနေပါနဲ့ ပင့်ကူရယ်။ ကလေးလိုချင်ရဲ့ အကိုမိန်းမယူပြီး ရလာမယ့် ညည်းရဲ့ တူတွေ တူမတွေကို လာထိမ်းလို့ ပြောပြောနေတတ်တယ်လေ။ မကြာသေးခင်ကမှ ဒေါ့ကွမ်းကြီး ၀ယ်ပြီး လာသမျှလူကို လိပ်စာပြောင်းပြီ လိပ်စာပြောင်းပြီလို့ လိုက်ကြွားနေတတ်တဲ့ လူကြီးပါရှင့်။
8. ကိုထွန်းတောက်နေ
ထွန်းတောက်နေ ဆိုတဲ့ နာမည်နဲ့ ဘလောဂ့်ရေးတဲ့ ရုပ်ဆိုးဆိုးအကိုကြီး တစ်ယောက်ပါ။ အလကား စတာပါ။ ရုပ်မဆိုးပါဘူး.. စိတ်နှလုံးကောင်းပြီး ခင်ဖို့အလွန်ကောင်းပါတယ်။ ခုတော့ ချင်းမိုင်မှာ ပုလင်းကိုင်နေတယ် ထင်ရဲ့။ အရက်လည်း အင်မတန်သောက်တာပေါ့ရှင်။ အကိုရေ.. အကိုနဲ့ ကျွန်မတွေ့တဲ့ နေ့ဟာ အကိုအသဲခြောက်ပြီး ဘ၀ပြောင်းတဲ့နေ့တော့ မဖြစ်ချင်ဘူးနော်(အလကား စတာပါ.. သူက စလို့ကောင်းတယ်လေ)။
9. Sunday
To My Dearest ဆိုတဲ့ ပိုစ့်ကို ဖတ်မိတဲ့သူတိုင်း ကျွန်မမှာ အခင်ဆုံး သူငယ်ချင်း လေးယောက်ရှိတာ သိကြမှာပါ။ အဲ့လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဂျစ် ဆန်းဒေးကိုတော့ ရင်ထဲ အသဲထဲကကို လှိုက်လှိုက်လှဲလှဲ နင့်နင့်သီးသီး တွေ့ချင်တာပါရှင်။ တစ်ကယ်ပါ။ သူနဲ့ တွေ့ဖြစ်ကြဖို့ ကျွန်မကို ၀ိုင်းဆုတောင်းပေးကြပါနော်။
10. ပါရမီ
The last, but not least ပါ ကျဲကျဲရေ။ အချစ်ဆုံး လေးယောက်ထဲက ကျွန်မနဲ့ မဆုံဖြစ်သေးတဲ့ အမပါ။ Padonma Forum က မော်ဒီရေတာ မမကြီးပေါ့။ ကျွန်မတို့ ငါးယောက်လုံးဆုံးနိုင်မယ့် နေ့ကလေးကို ရောက်လာဖို့ကလည်း ကျွန်မရဲ့ အတောင့်တဆုံး အိပ်မက်တွေထဲက တစ်ခုပါပဲရှင်။
ဆယ်ယောက်ပဲ ရေးခိုင်းလို့ပေါ့ရှင်။ မဟုတ်ရင်တော့ ကျွန်မ တွေ့ချင်တဲ့ သူတွေကို တွေ့ချင်သလောက်ကို ချရေးပစ်လိုက်အုံးမှာ။ ကိုရန်အောင်တို့၊ တစ်နိုင်ငံတည်းနေပြီး မတွေ့ဖြစ်ကြသေးတဲ့ လင်းဦးတို့၊ ကိုကြီးစေးထူးတို့ အို အများကြီး အများကြီး ကျန်နေသေးတာ။ နိုင်ငံတကာမှာ ရှိတဲ့ မြန်မာ ဘလောဂ့်ဂါတွေ အကုန်လုံးစုပြီး Blogger Conference ကြီးတစ်ခုလောက် လုပ်ရရင် ကောင်းမယ်လို့တောင် မျှော်လင့်မိပါသေးရဲ့ရှင်။