Category Archives: MBS

Happy Wedding, Ma Nine Nine Sanay

Standard

မနိုင်းနိုင်း မင်္ဂလာဆောင်တော့မယ် ဆိုတဲ့သတင်းဟာ ကျွန်မအတွက်တော့ တစ်ကယ်ကို အထူးအဆန်းပါပဲ။ မနိုင်းနိုင်းကို အပျိုကြီးဘ၀နဲ့ပဲ ဆက်လက်ရှိနေစေချင်တာမျိုး မဟုတ်ပေမယ့် ရုတ်တစ်ရက်ကြီး ကြားလိုက်ရတဲ့အတွက် အံ့သြမှင်သက်သွားခဲ့မိတာတော့ အမှန်ပါ။

2009 ခုနှစ် ၊ အောက်တိုဘာလ (28) ရက်နေ့က ကမ္ဘာကျော် ဘလောဂ့်ဂါ မနိုင်းနိုင်းစနေရဲ့ မင်္ဂလာဆောင်ပွဲကို Western Park မှာ ကျင်းပခဲ့ပါတယ်။ အမျိုးသားကတော့ အမေရီးကားမှာနေတဲ့ ကိုမင်းမင်းဆိုတဲ့ အကိုပါရှင်။ မနိုင်းနိုင်းရဲ့ မင်္ဂလာပွဲကို နှစ်ဘက်မိဘ ဆွေမျိုးသားချင်း သူငယ်ချင်းများအပြင် နာမည်ကြီး ဘလောဂ့်ဂါများပါ တက်ရောက်ခဲ့ပါတယ်။ အထူးဧည့်သည်အနေနဲ့ကတော့ စင်ကာပူက ခဏပြန်လာတဲ့ ကျွန်မတို့ သူငယ်ချင်း မောင်ပွတ်ကလည်း တက်ရောက်အားပေးခဲ့ပါတယ်။

ကိုမင်းမင်းနဲ့ မနိုင်းနိုင်းစနေ (ခ) မမီးမီး တို့နှစ်ယောက် အသက်ထက်ဆုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးပေါင်းစည်း နိုင်ကြပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်ရှင်။ ပျော်ရွှင်သာယာ သိုက်သိုက်ဝန်းဝန်းရှိသော မိသာစုတစ်ခုကိုလည်း ဖန်တီးနိုင်ကြပါစေ။

img3855e

img3906

img3911j

Image Hosted by ImageShack.us

DVB သို့ ဖြေရှင်းချက်

Standard
ကျွန်တော် ဒီကနေ့ ရက်စွဲနဲ့ DVB သတင်းဌာနမှာ ဖော်ပြထားတဲ့ ဘလောက်နည်းပညာဟော ပြောပွဲ အစိုးရက ပိတ်ပင် ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့ အချက်အလက်တွေကို ပြောချင်ပါတယ်။ အခုပြောတဲ့သတင်းကို ကျွန်တော့် သူငယ်ချင်း ပင့်ကူကနေ ကြားသိလာတာဖြစ်ပြီး ကိုဖိုးသူတော်ကို ပြောရက ကျွန်တော်သိခဲ့တာဖြစ်ပါတယ်။ အဲဒီသတင်းကို ဖတ်ကြည့်တဲ့ အခါမှာ အချက်အလက်တွေ မှားယွင်းနေတဲ့ အပြင် ကျွန်တော်တို့ပွဲစီစဉ်သူတဦးဦးက ပြောကြားထားတဲ့ ပုံစံမျိုးလဲပေါက်နေတာတွေ့ရပါတယ်။
တကယ်တော့ အခုနှစ်ပွဲကို ကျွန်တော်တို့နဲ့အတူ မြန်မာနိုင်ငံကွန်ပျုတာ ပညာရှင်အသင်းနဲ့ ပူးတွဲ တင်ဆက်ဖို့နဲ့ အသေအခြာပြောရရင် အဲဒီအသင်းရဲ့ အောက်ကနေ ကျွန်တော်တို့ ပြုလုပ် ဖို့စီစဉ် ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ဘလောက်တွေကို အများက နိုင်ငံရေးအသုံးချပစ္စည်းတခု အဖြစ်ဘဲ မြင်နေတာရယ်၊ အများက ဘလောက်ဂါဆိုရင် ဒီလိုချည်းဘဲ ဆိုတဲ့ အမြင်တွေကို ခွာချ ပြီး အင်တာ နက်ပေါ်က နည်းပညာတွေနဲ့ ကျွန်တော်တို့ အတွေ့အကြုံတွေ ၊ အခွင့်အလမ်းတွေကို ပြောပြပေးချင်တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတော်အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းတခု ဖြစ်သလို ကျွန်တော်တို့ အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ မြန်မာနိုင်ငံ ကွန်ပျုတာ ပညာရှင်များအသင်း ကို အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ အစဦးပိုင်းမှာ သဘောတူညီမှုတွေရခဲ့ ပေမယ့် နောက်ပိုင်းမှာ ကျွန်တော်တို့ ဟာ ကွန်ပျူတာ ပညာရှင်များမဟုတ်တဲ့အတွက် အခု ပွဲကို ဦးဆောင်ပေးဖို့ရာမဖြစ်နိုင်တော့တဲ့ အကြောင်း ပြောခဲ့တာကြောင့် တူတူမလုပ်နိုင်တော့တာဖြစ်ပြီး။ သူတို့ ဦးဆောင်မှုမပါ ဘဲ ကျွန်တော်တို့ ကိုယ်တိုင် ဆက်လက် ပြုလုပ်နိုင်တဲ့ အကြောင်းလဲ သိရပါတယ်။ ဒါပေမယ့် နီးကပ်နေတဲ့ အချိန်၊ စီစဉ်စရာအများအပြားနဲ့ အခြားသော မလိုလားအပ်တဲ့ ပြသနာများ ပေါ်ပေါက်မှာ စိုးရိမ် တဲ့အတွက်ကြောင့် ဆက်မလုပ်ဖို့ရာ ကျွန်တော်တို့ပွဲစီစဉ်သူများက ဆုံးဖြတ်လိုက်တဲ့အတွက် မလုပ်ဖြစ်တော့တာလဲဖြစ်ပါတယ်။ လုံးလုံးလျားလျား ပိတ်ပင်တယ်ဆိုတဲ့ ဖိအားပေးမှုများ ကျွန်တော်တို့ အပေါ်ကို မကျရောက်ခဲ့ပါဘူး။ကျွန်တော်တို့ ရည်ရွယ်ချက်က ရိုးသားပါတယ်၊ သူတပါး အသုံးချခံမဖြစ်ချင်ပါဘူုး။

ပြုလုပ်မဲ့နေရာကလဲ မြန်မာအင်ဖိုတက်အဆောက်အဦးသာဖြစ်ပြီး မနှစ်ကပွဲမှာလဲ အားပေးလေ့လာသူ ၆၀၀ ကျော်တက်ရောက်ခဲ့တဲ့ အောင်မြင်တဲ့ ပွဲတခုဖြစ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့ ပွဲနဲ့အခုပွဲရဲ့ အဓိက ဦးတည်ချက်ကတော့ ကျွန်တော်တို့အနေနဲ့ မြန်မာလူငယ်လူကြီးမရွေး လက်တကမ်းက နည်းပညာနဲ့ ဗဟုသုတတွေ အခွင့်အလမ်းတွေ တိုးပွားစေချင်တာဘဲဖြစ်ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ အခုလို မည်သည့်သတင်းဌာနကိုမှ ဆက်သွယ်ပြောဆိုခြင်းများမရှိသလို သတင်းရေးတဲ့သူတွေကလဲ ကာရကံရှင်တွေ ရဲ့ ပြောစကားမဟုတ်တဲ့ ကိုးကားသတင်းတွေကို ထင်ယောင် ထင်မှားဖြစ်အောင် တဆိတ်ကိုတအိတ်လုပ်ပြီး ပြောဆိုရေးသား ဖော်ပြတာတွေကို ဆက်မလုပ်စေချင်ပါဘူး။

စာဖတ်သူအနေနဲက အခုပေးထားတဲ့ သတင်းကိုဖတ်ပြီး ချင့်ချိန်နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ကိုဘလာဂေါက် ဆီကနေ ယူထားပါတယ်ရှင်။

Blogday 2008!

Standard
Blog Seminar လုပ်မယ်လို့ ရည်ရွယ်ပြီး စုပေါင်းကဗျာလေး တစ်ပုဒ်ကို မြန်မာ ဘလောဂ့်ဂါတွေ စုပေါင်းရေးဖြစ်ခဲ့ကြတယ်။ စီမီနာ မလုပ်ဖြစ်ပေမယ့် Blog Day အမှတ်တရ ကျွန်မရဲ့ ဘလောဂ့်မှာ တင်လိုက်ပါတယ်ရှင်။

စကားချီး

ဘလော့ဂါဆိုတာ
ဗလာဂေါ်မဟုတ်
စာဖော်သရုပ်နဲ့
မြန်မာရုပ်ကို
အဟုတ်မည်စေ
ဝဿုန်မြေ။

—-

ငါတို့ငယ်ငယ် ကလေးအရွယ်က
ဝလုံးတွေဝိုင်း စာသင်ခိုင်းပြီး
ကျောက်သင်ပုန်းထက် သင်အံကျက်ခဲ့ကြတယ်။
စာပေတန်ဖိုး လူ့တန်ဖိုးကို
လေ့လာရင့်ကျက် တို့ဘလော့ဂါတွေရဲ့ လက်တွေ..

တွဲဆက်မြဲမြံ
တိုင်းပြည်ကျိုးပြု လူထုအတွက်
သယ်ပိုးရွက်စို့ ခက်လို့နေသလား
အပျော်စကားတွေနဲ့
ဖော်များသဟာဆွေအပေါင်း
စကားတွေဖောင်ဖွဲ့
ယောင်ယဲ့လို့ မနေကြပဲ
(ပို့စ်တွေလည်းတင်ယင်း)
အမျိုးမျိုးခင်းကျင်းလို့
အပေါင်းအသင်းတို့ရေ……
တို့တိုင်းပြည် ကောင်းစားအောင်လို့
ဘလော့ဂါတို့ရဲ့ လက်တွေနဲ့ပို့။

ရှေ့တစ်လှမ်းတိုးဖို့
နောက်ကို တစ်ခဏ
လှည့်ကြည့်မိတဲ့အခါ
မနှစ်က ဒီလိုအချိန်ကို ငါပြန်မြင်မိ…။
ငါ့ဘေး၊ ငါ့အနားမှာ
ငါ့လက်တွဲဖေါ်တွေ အနည်းစုရယ်လေ…။

ခုတော့ဝေဆာ
တို့မြန်မာ ဘလော့ဂါများ
ပေါင်းဆုံရာ MBSနဲ့
တစ်နှစ်ကို ရှေ့ဆက်
သွေးမပျက်ခဲ့ ငါတို့တွေ…။

သွေးမပျက်ဆို
နေ့ညမရွေး ငါတို့တွေအချိန်ပေး
ရေးသားခဲ့တဲ့ ပို့စ်တွေ
အလေးထားရတဲ့ ကွန်မန့်တွေ
တစ်ယောက်က တစ်ယောက်ကိုအားပေး
လူချင်းမနီးပေးမယ့် နှလုံးသားချင်း နီးနေခဲ့ကြတယ်။
ခံစားမှုတွေမတူညီ ယုံကြည်ချက်တွေကွဲပြား
အယူအဆတွေကွာခြား အရောင်တွေများနေပေမယ့်
တို့တွေ တစ်ညီတစ်ညွတ်တည်း
လက်ခံယုံကြည်ထားကြတာက
ငါတို့ဟာ Blogger များ ဖြစ်တယ်။
အားလုံးအတူတူ ပေါင်းစုရင်း
အလွှာမခွဲခြား
ညီညာစွာ စိတ်ကိုထား၍
လက်တွဲ မဖြုတ်စတမ်း
ပျှော်ရွှင်စွာ ဘလော့ကြတယ်။

ဖြစ်တည်လာခဲ့
ငါတို့ဘလော့အဖွဲ့
အောင်မြင်မှုကို ရှေးရှုရင်းနဲ့
ပညာ သုတ ရသ စုံစွာ
အခက်အခဲများကို စုပေါင်းဖြေရှင်း
တတ်နိုင်သမျှ ပေးစွမ်းရင်းနဲ့
ဆက်လက်ချီတက်သွားကြမယ်…..

နှောင်တွယ် သွေးချင်း
တို့ အမျိုးရင်းတွေ..
ရင်းနှီးချစ်ခင်
တိုင်ပင်နှီးနှော
မေးမြန်းပြောဆို
ဘလော့ဒေး မှသည်
အဓွန့်ရှည်တည်
လက်တွဲသွားမည်…..MBS ဆီ………..။

MBS
မြန်ပြည်တစ်လွှား
ပြိုင်စံရှားစေ
ခက်ခဲကျော်လွှား
ဘလော့ဂါများသည်
ကြိုက်သလိုစမ်း
ကျော်ဖြတ်သန်းကာ
ဘလော့ခဲ့ကြ
Second ဆီမီနာတိုင်ခဲ့ပြီ။
ပေါင်းဆွေသဟာ
ကျောင်းဒကာတို့
သေဖော်ညှိလည်း
ပျော်ရွှင်ရယ်မော
ဆက်ဘလော့မည်။

စားလဲဒီစိတ် နားလဲဒီစိတ်
အတွေးတို့ အထွဋ်အထိပ်နဲ့
ငါတို့ ရင်ဘတ်တွေနဲ့ဘလော့တယ်။

တခါတလေ တွေးရင်းဘလော့
ကဗျာတွေ ရေးရင်းဘလော့
ဖတ်တဲ့သူမရှိလဲ ဆက်ဘလော့
ဒိုင်ယာရီသဘောမျိုး ငါ့ဘလော့
ခေါင်းမော့ရင်ကော့ (ငါတို့တွေ) ဆက်ဘလော့မယ်။

တစ်ချို့က..အချစ်အတွက် ဘလော့
တစ်ချို့က.. အပြစ်ဖွဲ့ဖို့ ဘလော့
တစ်ချို့က..၀ါသနာအတွက် ဘလော့
တစ်ချို့က..ပညာအတွက် ဘလော့
တစ်ချို့က..ယုံကြည်ချက်အတွက် ဘလော့
တစ်ချို့က..ရင့်ကျက်မှုတွေနဲ့ ဘလော့
ငါတို့တွေ…
လက်ချင်းမြဲမြဲ ဆက်ထားမယ်။

တို့တွေ ဆုံတွေ့ရာ
အွန်လိုင်းပေါ်မှာ…
တစ်ယောက်နဲ့တစ်ယောက်
ဗဟုသုတဖလှယ်ရာ
ဘလော့ပေါ်မှာ…

ဘလောဂ့်ရင်းနဲ့ ချစ်ခင်တွယ်
သံယောဇဉ်နှောင်ကြိုး ထပ်ထပ်တိုးလို့
Network တစ်ခုကိုဖက်တွယ်
Global ခေတ်ကို အမှီပြုရင်း
စည်းလုံးစွာ ဘလောဂ့်ကြမယ်
ဇွဲမလျှော့နဲ့ သူငယ်ချင်းတို့။

ရဲရင့်ပါ၏။
ပြတ်သားပါ၏။
နူးညံ့ပါ၏။
မာကျောပါ၏။
သွေးစက်အားလုံး
နီရဲပါ၏။
သွေးကြောများစွာ
စီးဆင်းပါ၏။
ဆုံဆည်းပါသည်။
ပျော်ခြင်းရွှင်ခြင်း
ငိုခြင်းရီခြင်း
ဖလှယ်ကြသည်။

ရင်ဘတ်ကိုဖောက်ချ…..
တစ်စစနဲ့….နစ်ဝင်ခဲ့ရ…
ဒီ ဘလော့လောက….
အမှတ်တရတွေ များလှသည်။

သွေးချင်းရယ်မို့
တူတူခံစား
တူတူကျော်လွှား
နေ့ရက်များကို
ကဗျာလေးနဲ့
လာအတူတူ
သွားစို့လားကွယ်။

ဘလော့ဂါ ဘာလဲ ဘယ်လဲ။
အတွေးနယ်ချဲ့
ရေးမယ်ကွဲ့ လို့အားတင်း
အချင်းချင်းအမြင်မတူ
အမြင်မတူတော့ ခေါင်းစဉ်ကွဲ
မတူတဲ့အမြင်
မထပ်တဲ့အရေး
အမျိုးမျိုးသော အတွေးတွေကို ပေါင်းစုလိုက်တော့
ရောင်မျိုးစုံတဲ့သက်တံ့ကြီးပါတကား။
တွေးမြဲတွေးပါ…
ရေးမြဲရေးပါ…
တို့ .. တွေက ဘလော့ဂါတွေပဲ
ရောင်စုံလို့အသွင်ကွဲ
လွဲသွားတော့ဘာဖြစ်လဲ
ဘလော့ဂါ .. ဒီမြစ်တစ်စင်း
စီးဆင်းရင်းနဲ့။

—–

ဘလော့တခုပိုင်ရုံနဲ့ ဘလော့ဂါလို့ ပြောချင်လဲ ပြောပေါ့…
မခေါ်ချင်လဲ ရပါတယ်…
အနုပညာဆိုတာ ဖန်တီးသူရဲ့ နှလုံးသွေးစုတ်ချက် …..
ကောင်းခြင်း၊ ဆိုးခြင်းဆိုတာ ဖန်တီးသူရဲ့ အလုပ်မဟုတ်ဘူး…
ကျွန်တော့်တို့ စုတ်ချက်တွေ ၀ိဥာဉ်ရှိသ၍ ခြယ်မှုန်းနေကြအုံးမှာပါပဲ….
စကားလုံးပန်းချီတွေ ဟောဒီ့ရှေ့မှာ သွန်မှောက်ချပြနေအုံးမှာပါပဲ…
တခါတရံ ကာရံညီချင်ညီမယ်…၊ တခါတရံ သံစဉ်မဲ့နေမယ်..
တခါတရံလဲ ထော်လော်ကန့်လန့် ဖြစ်ချင်ဖြစ်နေမယ်….
အားပေးသူရှိချင်ရှိမယ်….၊ ရှိချင်မှလဲ ရှိမယ်…..
ဟုတ်ကဲ့ ကျွန်တော် ဘလော့တခု ပိုင်ဆိုင်ပါတယ်….
ဒါပေမယ့် ဘလော့ဂါ ဖြစ်ချင်မှ ဖြစ်မယ်…..
ဟုတ်ကဲ့……

ကျွန်တော့် မှာ ဘလော့တခုပိုင်ဆိုင်ပါတယ်။
—-
(၂၀၀၈ခုနှစ် MBS Seminar အတွက် ဘလော့ဂါအများ ပေါင်းစပ်ရေးသားသည်။)

Seminar Organized by Bloggers

Standard
သြဂုတ်လ (၃၁) ရက်နေ့မှာ ကျရောက်မည် World Blog Day အထိမ်းအမှတ်အနေဖြင့် MBS (Myanmar Blogger Society) အဖွဲ့ဝင် Blogger တွေ ဦးစီးပြုလုပ်မယ့် Seminar တစ်ရပ်ကို 2008 ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့မှာ ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေထဲမှာရှိတဲ့ MICT မှာ နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ Seminar အမည်ကိုတော့ “Socialization on Net” လို့အမည်ပေးထားပြီး မြန်မာ Blogger များရဲ့ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Seminar ပဲဖြစ်ပါတယ်။ ဒီပွဲကို ပြည်တွင်းမြန်မာဘလောဂ့်ဂါတွေရဲ့ ဦးဆောင်မှု၊ ပြည်ပမြန်မာ ဘလောဂ့်ဂါတွေရဲ့ ပူးပေါင်းပါဝင်မှု တို့ဖြင့် စည်းစည်းလုံးလုံး ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အင်တာနက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ Social Networking နဲ့ Blogging တို့ကို အခြေခံပြီး အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးနိုင်တာတွေ၊ စီးပွားရေး ဈေးကွက်ကို ထိုးဖောက်ဝင်ရောက် နိုင်တာတွေ၊ ပညာရေးကို မြှင့်တင်ပေးနိုင်တာတွေ၊ Global ရေစီးကို ပိုမိုလျင်မြန်အောင် စီးဆင်းနိုင်ဖို့ လုပ်ဆောင်နိုင်တာတွေကို မြန်မာ ဘလောဂ့်ဂါ လူငယ်များမှ ဟောပြောပေးသွားမှာ ဖြစ်ပါတယ်။ MBS ရဲ့ အနာဂတ် လုပ်ငန်းစဉ်များကိုပါ ပြောကြားပေးမှာ ဖြစ်ပြီး Guest Speaker တစ်ဦးကိုလည်း ဖိတ်ကြားဖို့ စီစဉ်နေပါတယ်ရှင်။

ဒီ စီမီနာ အခမ်းအနားလေးကို အိုင်တီ၊ ကွန်ပျူတာ၊ အင်တာနက်၊ စီးပွားရေး၊ ပညာရေး အစရှိတဲ့ နယ်ပယ် အသီးသီးကလူတိုင်းအတွက် ရည်ရွယ် ဟောပြောပေးမှာ ဖြစ်လို့ လူတိုင်း မလွတ်တမ်း လာရောက်နားထောင်သင့်တဲ့ ဟောပြောပွဲတစ်ခု ဖြစ်ပါတယ်။ Social Networking နဲ့ Blogging တို့မှ ရရှိလာမယ့်၊ ဖန်တီးယူနိုင်တဲ့ အခွမ်းအလမ်းတွေဟာ ဘာတွေဖြစ်မလဲ ဆိုတာကိုတော့ အဲဒီနေ့မှာပဲ လာရောက်နားထောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

Blogger… ဘာလဲ..? ဘယ်လဲ… ?

Standard

ငါက ဘလောဂ့်ရေးတယ်လေ… ဒါ ငါ့လိပ်စာ အားရင် ၀င်ဖတ်ပေါ့ဟာ

အမ်.. ဒါဆိုနင်က Blogger ပေါ့

အေးပေါ့ဟဲ့.. ဘလောဂ့်ရေးပါတယ်ဆို ဘလောဂ့်ဂါ မဟုတ်တော့ ဘာတုန်း

အမလေးတော်ပြီ.. နင်နဲ့ ဝေးဝေး နေမှပဲ.. ငါ ဘလောဂ့်ဂါတွေကို နည်းနည်းတော့ လန့်တယ်…..

ကျွန်မ သူငယ်ချင်းတွေကို ဘလောဂ့်ရေးတယ်လို့ ပြောတိုင်း၊ ကျွန်မရဲ့ ဘာလောဂ့်လေးကို လာဖတ်ဖို့ ခေါ်တိုင်း အဲလို စကားလေးတွေကို အတည်မဟုတ်တောင် နောက်ပြောင်ပြီးတော့ ပြောတာ ကျွန်မကြားရပါတယ်။ ဘုရားရေ.. ဘလောဂ့်ဂါဆိုတိုင်း ဘာလို့ သူတို့တွေ ကြောက်နေကြတာတုန်း။ ငါတို့တွေ မဟုတ်တာများ လုပ်နေတာလား။ အို… ပေါက်ကရ.. သူတို့တွေ အတွေးခေါင်တာပါ။ ဘလောဂ့် အမျိုးမျိုးရှိတယ်.. ဘလောဂ့်ဂါ အမျိုးမျိုးရှိတယ် ဆိုတာ ဘလောဂ့်ဖတ်တဲ့ သူတွေ ဘလောဂ့်ဂါတွေက လွဲရင် ဘယ်သူမှ မသိနိုင်ပါဘူး။

ဟိုတစ်နေ့က စန္ဒကူး ဆိုတဲ့ အမကြီး တစ်ယောက်က template ပြင်ပေးပါလို့ အကူအညီ တောင်းလာလို့ ပြင်ပေးလိုက်တယ်။ ဆိုးလိုက်တဲ့ ကိုရွှေ ကော်နက်ရှင်က မကောင်းတော့ အရောင်လေး ပြောင်းတာကို မိုးလင်းကနေ မိုးချုပ်ထိ ကြိုးစား လိုက်ရတယ်။ ဒီကြားထဲ Proxy က ခံရသေးတော့ ကြာတဲ့ကြားက ပိုကြာ သွားတာပေါ့။ ဟွန်း.. ဒီကောင်တွေ အပျင်းထူကြပုံများ.. Blog တွေကို By Name နဲ့ ဘန်းလို့ ရရက်သားနဲ့ ရှာရမှာ ပျင်းလို့ထင်ပါရဲ့ ပုဂံက ကိုအက်ဒမင် များက Blogger တစ်ခုလုံးကို ဘန်းချ လိုက်တာ အေးရော။ ဒီနေရာမှာ MPT ကိုတော့ နည်းနည်း ကျေးဇူး တင်ချင်သား။ သူကတော့ နိုင်ငံရေး ဘလောဂ့်တွေကိုပဲ ရွေးဘန်းပြီး Blogger ကိုတော့ ချန်ထားသေးတာ့ သူနဲ့ ချိတ်ထားတဲ့ အင်တာနက် လိုင်းတွေကတော့ ဘလောဂ့်ရေးသူတွေ အတွက် အဆင်ပြေသပေါ့ရှင်။ ဒါပေမယ့် သိတယ်မလား MPT ရဲ့ ကော်နက်က စုတ်တော့ လူတော်တော် များများက အင်တာနက်ကို Bagan နဲ့ပဲ ချိတ်ကြတယ်လေ။ အဲတော့ ကျော်ပေအုံးတော့ Proxy. ဒါပေမယ့် တော်သေးတာပေါ့ ရှင်။ သူတို့တွေ ဘလောဂ့်ဂါ ကို illegally ဘန်းထားလို့လေ။ ထိုင်းမှာ Youtube ဘန်းတုန်းကလို တရားဝင် များ ဘန်းထည့် လိုက်လို့ကတော့ Blogger ကို Proxy သုံးပြီး ကျော်ရင် ပုဒ်ထီး ဘယ်လောက် ပုဒ်မ ဘယ်လောက် ဆိုပြီး Cyber Law တွေများ ထွက်လာမလား မသိဘူး။ ခုတော့ ပိတ်တဲ့ သူကလည်း တရားမ၀င်ပိတ်၊ ကျော်တဲ့သူကလည်း တရားမ၀င်ကျော်နဲ့.. ဘန်းသူ ကျော်သူ အသွင်ကို တူလို့.. (အဟတ်).. မဟုတ်လို့ကတော့ မြန်မာနိုင်ငံတွင်းက ဘလောဂ့်ဂါတွေ တန်းစီပြီး အထဲရောက်မှာ ပျော်စရာတောင် ကောင်းနေမလား မသိ။

အို.. ပေရှည်နေလိုက်တာ ပြောချင်တာတောင် ဘယ်နားရောက်သွားမှန်း မသိ။ ကျွန်မ ဘာကိုရေးမှာပါလိမ့်။ သြော် Blogger ဘာလဲ.. ဘယ်လဲ။ စိတ်ချ အင်းစိန်ကိုတော့ မသွားပါဘူးရှင့်။ ဟုတ်ကဲ့ ကျွန်မ ဒီအကြောင်းကို ရေးတာ တော်တော်တော့ နောက်ကျနေပြီ ထင်ပါရဲ့။ ဒါပေမယ့် ပြောရမှာပါပဲ။ ဘလောဂ့်ဆိုတာ လူတွေက ဖန်တီးတာပါ။ လူတွေထဲမှာ နိုင်ငံရေး သမား၊ စီးပွားရေး သမား၊ ပညာရေး သမား၊ နည်းပညာ သမား စသည် စသည်ဖြင့် အမျိုးမျိုး ရှိကြတာ အားလုံးလည်း သိကြပါတယ်။ ဒီလို လူမျိုးစုံက ဖန်တီထားတဲ့ ဘလောဂ့် မျိုးစုံဟာလည်း လူတစ်ယောက်ရဲ့ စိတ်ဝင်စားမှုအပေါ် မူတည်ပြီးတော့ အမျိုးအစား ကွဲပြားနေမှာပါပဲ။ ဒါပေမယ့် ဘာကြောင့် လူတွေက တစ်သားထဲ ထင်နေကြတာလဲ။ သာမန် လူတွေတောင် မဟုတ်ဘူး၊ သာမန် မဟုတ်တဲ့ လူတွေကတောင် ဘလောဂ့်ဂါ ဆိုတိုင်း တစ်မျိုးတည်း တစ်သားတည်း ထင်နေကြတယ်။ အဲတော့ ဘလောဂ့်ဂါတွေကို အမြင်တစ်မျိုးနဲ့ ကြည့်ကြတယ်။ ဘလောဂ့်ရေးတိုင်း နိုင်ငံရေး လုပ်ကြတာ မဟုတ်ပါဘူး။ ရှင်တို့တွေ သိနေကြပါတယ်။ ဟုတ်တယ် မဟုတ်လား။ ဒါပေမယ့် ကျွန်မကတော့ နိုင်ငံရေး ဘလောဂ့်ရေးတိုင်း နိုင်ငံရေး လုပ်နေတယ်၊ နိုင်ငံရေးကို စိတ်ဝင်စားတယ်လို့ မထင်မိပေါင်ရှင်။ အာပလာတွေ လို့တောင် မြင်မိသေးရဲ့ (ပင့်ဂိုလ်း အဆော်တော့ ခံချင်နေပြီ ထင်တယ်.. အဟိ).. တစ်ရုပ် ကားတွေ ထဲမှာလို မပြောခဲ့ ဘူးလို့ သဘောထားလိုက်နော်။ ရတယ် မလား။ ပုဂံက အက်ဒမင်များ ဘန်းချင်သလား။ နိုင်ငံရေး ဘလောဂ့်တွေကို အထဲက လူတွေကို သွားမဖတ်စေ ချင်ဘူးလား။ ဘန်းလိုက်စမ်းပါ။ အဲလို နိုင်ငံရေးတွေ ရေးနေ တင်နေတဲ့ ဘလောဂ့်တွေ ရွေးပြီး ဘန်းစမ်းပါ။ စိတ်ချ လုံးဝ သွားမဖတ်ဘူး။ Subscribe လုပ်ပြီး Reader ကနေပဲ ယူဖတ်မှာ.. (အဟိ).. အဲလိုပြောလို့ Google ပါ ဘန်းချ လိုက်တော့မှ ဟုတ်ပေ့ ဖြစ်နေမယ်။

အဲတော့ ကျွန်မတို့ ပြည်တွင်းက ဘလောဂ့်ဂါတွေ ဘာလုပ်ကြမှာလဲ။ ဘယ်ကို ဦးတည်ပြီး ရပ်တည်နေကြတာလဲ။ ကျွန်မ တစ်ချက်လောက် ပြောပြချင်ပါတယ်။ ကိုဘလာဂေါက်ရေးထားတဲ့ ဘလောက်ဂါ ဘာလဲ၊ ဘယ်လဲ ဆိုတာကို ကျွန်မ ကိုးကား တင်ပြပါ့မယ်။ ကျွန်မလား ရေးမှာ။ ဒီလောက် စာရိုက်ရမှာ အပျူထင်းတာ။ မရေးပါဘူး။ သူများ ရေးပြီးသားကိုပဲ ကော်ပီ လုပ်မှာပေါ့.. အဟ။ တစ်ကယ်တော့ ကျွန်မတို့နဲ့ ကိုဂေါက်တို့ MBS အတွက် လုပ်နေတဲ့ သူတွေ အချင်းချင်း ရည်ရွယ်ချက် တူတာကြောင့် သူရဲ့ ပိုစ့်လေးကို ကျွန်မ ဖော်ပြလိုက်တာပါရှင်။

***ကျွန်တော်လုပ်တဲ့ ၊ ကျွန်တော် ရေးတဲ့ ပေါ်ကို မူတည်ပြီး ဒီဘလောက်ရဲ့ အမည်နဲ့ အနှစ်သာ ရ ဟာ ကွဲ ပြား သွားမှာပါဘဲ။ ဒါပေမယ့် အားလုံးသော ဘလောက်ဂါတွေ (အများစုလို့ထင်ပါသည်) ရည်ရွယ်ရင်းတစ်ခု ရှိတယ်ဗျ။ အဲဒါ ကိုသိပြီးတဲ့ အကြောင်းအရာတွေ ကို ဝေငှ ပေး ချင်တယ်။ ဝေငှတဲ့နေရာမှာ အမျိုးမျိုး ရှိမှာပါ။ အဲဒီထဲက အတူညီဆုံးတစ်ခု ဟာ အင်တာနက်သုံးနေတဲ့ သူတွေတင်မက မသုံးရသေးတဲ့ သူတွေကိုပါ အသိပညာ ဝေငှ ပေးချင်ကြတယ်။ အတတ်ပညာတွေ ဝေငှချင်ကြတယ်။ ဒါကြောင့်လဲ ဘလောက်သက် နုနယ် နေ ကြသေးတဲ့ အချိန်ကတည်းက နေယနေ့ အထိ ကျွန်တော်တို့ နိုင်ငံတကာ က မြန်မာ ဘလောက်ဂါတွေရဲ့ရသမျိုးစုံပါတဲ့ စာအုပ်တအုပ်ကို ထုတ်ဝေဖို့ စုစည်း ခဲ့ကြတာ ယနေ့အချိန်အထိပါ။ ကျွန်တော်တို့အခက် အခဲတွေ ကြားထဲက ကြိုးစားနေကြဆဲ ပါ။ နောက်ပိုင်း ရန်ကုန် နဲ့ မန်း မှာပါ အမှတ်တရ ဟော ပြောပွဲတွေ လုပ်နိုင်လာ ခဲ့ အောင် စုစည်းပေးနိုင်ခဲ့ကြပါတယ်။ မန်းကလဲ မန်း အလျောက် အောင်မြင်ပါတယ်။ ရန်ကုန် ကလဲ ရန်ကုန်အလျောက် အောင်မြင်ကြပါတယ်။ အဲဒီ အချိန်ကစလို့ ကျွန်တော်တို့ အနေနဲ့ အွန်လိုင်းပေါ်တယ် တခုဖန်တီးကြပြီး ဘလောက်ဖတ်သူရော ရေးသူတွေပါ အကျိုးရှိစေမယ့် အစဉ်အစဉ်တွေ ပါတဲ့ဆိုဒ် တခုတည်ထောင်ဖို့ လေ့ လာ ကြိုးစားလာခဲ့ပြန်ပါတယ်။ နောက်ဆုံး အနေနဲ့ လာမည့် နွေက စလို့ ကျွန်တော်တို့ တွေ စုစည်းနိုင်တဲ့ အားတွေနဲ့ ပြည်တွင်း ပညာရေး တိုးတက်စေမယ့် တဖက်တလမ်း ဖြစ်တဲ့ ကွန်ပျုတာ အခြေခံ သင်တန်းတွေလို၊ ရုံးသုံးကွန်ပျုတာ လက်တွေ့ အသုံးချ သင်တန်းတွေလို အကျိုးရှိစေမယ့် သင်တန်းများ ကို အခမယ့် သင်ကြားပေး ကြဖို့ ဆုံးဖြတ်ခဲ့ပြန်ပါတယ်။ ကျွန်တော်တို့ရဲ့မှန်ကန်တဲ့ ပရဟိတ လုပ်ငန်းနဲ့ နည်းပညာ ပြန့်ပွားရေး အခြေခံ အုတ်မြစ်ကို ကျွန်တော်တို့ လက်တွေ့ဖော် ဆောင် နိုင် အောင်ကျွန်တော်တို့ ကြိုးစားကြဖို့ သဘော တူညီစွာနဲ့ လက်ခံခဲ့ကြပါတယ်။ အဲဒီလို လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပြည်တွင်း မှာလုပ်ဆောင်ကြမယ့် သူတွေ အတွက် များစွာသော ငွေအား၊ လူအား စတဲ့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့မည်သည့် ဘလောက်ရေးသားသော ဆန္ဒရှိတဲ့ ဘလောက်ဂါများမဆို ပါဝင် ဆောင်ရွက် နိုင်စေဖို့ စီစဉ်ကြပါတယ်။ အဲဒီ အတွက် ကျွန်တော်တို့ မှာ ဘာ အရောင်မှ မဆိုး အဖြူရောင် သက်သက်လှုပ်ရှားခဲ့ကြတာပါ။ ပါဝင်သူတွေအနေနဲ့ မည်သည့် အကြောင်း အရာများ ကိုရေးသားနေသူ မဆို ပါဝင်နိုင်ပါတယ်။ သူ့ရဲ့ရေးသား မှု တိုင်းအပေါ် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို ကာယကံရှင်သာလျှင် ခံစား တာဝန်ယူ နိုင်ရမည်ဆိုတဲ့ မူအရ ကျွန်တော်တို့ အားလုံးသော ဘလောက်ဂါများ အား ဖိတ်ခေါ် ခဲ့ ကြတာဖြစ်ပါတယ်။ အထက်ပါရေးသား ချက်များ ကတော့ ကျွန်တော့် ကိုယ်တိုင် ပါဝင်လာ ခဲ့တဲ့ ကျွန်တော့် မြန်မာ ဘလောက်ဂါဘာလဲ ဖြစ်ပါတယ်။ ဘလောက်ဂါဘယ်လဲ ဆိုတဲ့မေးခွန်း ကတော့ တယောက်ခြင်းရဲ့ သဘောထားနဲ့သာ ဆိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ အားလုံးသိမ်းကြုံးသဘော တူတယ်ဆိုတာ အိပ်မက် အရမ်းဆန်ပါ လိမ့်မယ်။ ကျွန်တော်တို့ ဟာ ကို့ အမြင် ၊ ကို့ အတွေး ၊ ကို့ပညာ တွေ ကို လွတ် လွတ် လပ်လပ်ဖြန့်ဝေနေတဲ့ သူတွေပါ။ ကျွန်တော်တို့ ဟာ သူတပါး အသုံးချခံတဲ့ သူတွေ မဖြစ်စေရပါဘူး၊ အဝေးကနေ ဘာတွေပြောပြော ကို့ အိမ်ထဲက အကြောင်း ကိုသိ ရသလို ကို့အိမ်ရဲ့ ကျေးဇူးကိုကျွန်တော်တို့ ဘယ်တော့မှ မေ့လို့ မရကြပါဘူး၊ မခေါ်ချင် နေလို့ ရပါတယ်၊ မတော်ချင်လို့ မရတဲ့ မြန်မာ စကားပုံကို နားလည်ကြမှာ ပါ။

ကျွန်တော်တို့ တဦးချင်း ယုံကြည်ရာ လျှောက်လှမ်း လို့ ရပါတယ်။ ကိုယုံကြည်တဲ့ လမ်း ကို ကိုလျှောက်ကြတာ အကောင်းဆုံးပါလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ သွားနေတာ အသိပညာ ဖြန့်ဝေတဲ့၊ နည်းပညာ တွေ တန်းတူတတ်စေချင်တဲ့၊ ပညာရေးမှာ မနိမ့်ပါး ရအောင် ကျွန်တော်တို့သွားမှာပါ။ ကျွန်တော်တို့ လျှောက်တဲ့ လမ်းဟာ ကြမ်းနေမယ် ဆိုရင်တောင် သာသာ ယာယာ လျှောက် လှမ်း နိုင်မယ်လို့မျှော်လင့်ပါတယ်။ အဲဒီတော့ ကျွန်တော့် ကို ကျွန်တော်ပြန်မေးပါတယ်။ ဘလောက်ဂါဘယ်လဲလို့ – - -

To Nay Phone Lat………….!!

Standard
ဘလော့ဂ်ဂါ မောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း “မြို့စားကြီးနေဘုန်းလတ်” လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ “လွတ်ကျခဲ့တဲ့မြို့တော်” ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း “လွတ်ကျခဲ့တဲ့မြို့တော်”တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေလန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူအစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီးရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောကအကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကိုအပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခုဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ် ဆိုရင်သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီးစောင့်နေကြတယ်။ ” မြို့စားကြီး ” လို့ စနောက်ကြဖို့ စောင့်နေကြတယ် …ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်အားလုံးက စောင့်မျှော်နေဆဲပါ ..။ ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကိုကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Blogger Free Gathering and MBS’s Future Plan

Standard
ဒီနေ့ ကျွန်မတို့ Yangon Blogger တွေ အလွတ်သဘော တွေ့ဆုံပွဲလေး တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ တစ်နယ်တည်းနေ ဘလောဂ့်ဂါ အချင်းချင်း ရင်းနှီး ကျွမ်းဝင် စေချင်တဲ့ သဘောလေးနဲ့ပါ။ ပြီးတော့ ကျွန်မတို့ Myanmar Blogger Society အနေနဲ့ September 1 ရက်နေ့မှာ Seminar တစ်ခု လုပ်ခဲ့တာကလွဲရင် ကျန်တဲ့ လုပ်မယ်လို့ ရည်မှန်းထားတဲ့ အစီအစဉ်လေးတွေကို ဘာမှ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်လေ။ အဲတော့ ဒီအကြောင်းလေးကိုလည်း ပြောရင်း ဘလောဂ့်ဂါတွေကိုလည်း ကိုယ်လုပ်နိုင်မယ့် တာဝန် အသီးသီးကို တာဝန် ခွဲဝေပေးရင်း ဆိုတဲ့ သဘောနဲ့ တွေ့ဆုံပွဲလေး လုပ်ဖို့ စီစဉ် ခဲ့တာပါ။ ၀မ်းနည်းစရာ ကောင်းတာက ကျွန်မတို့ တွေ့နေကျ လူဟောင်းတွေကလွဲရင် အသစ်တွေ သိပ်မလာဘူးရှင်။ မအားတာ ကြောင့်ပဲလား၊ မလာရဲတာလား၊ မျက်နှာပြရမှာ ကြောက်တာလားတော့ ကျွန်မလည်း မသိဘူးပေါ့နော်။ အဲတော့ လာတဲ့ သူလေးတွေ အချင်းချင်းပဲ ဘာတွေလုပ်ကြမယ်၊ ဘယ်လို အစီအစဉ်လေးတွေရှိတယ်၊ ဘယ်သူတွေက တာဝန်ယူမယ် စတာလေးတွေကို ပြောဖြစ်ခဲ့ပါတယ်။

ကျွန်တို့ MBS ရဲ့ နောက်ဆက်လုပ်မယ့် အစီအစဉ်လေးတွေကို စီမီနာ တုန်းကလည်း ပြောပြခဲ့ဖူးပါတယ်။ ဒါကတော့ Blogger တွေရဲ့ ပိုစ့်တွေကို သူတို့တွေရဲ့ ဘလောဂ့်တွေကို သွားစရာမလိုပဲ တစ်နေရာတည်းမှာ စုစု စည်းစည်း ဖတ်နိုင်မယ့် RSS Web Portal လေးတစ်ခု လုပ်မယ့် အစီအစဉ်လေးပါ။ ဒါလေးကိုလည်း ခုချိန်မှာ စလုပ်တော့မှာပါ။ နောက်တော့ ဒီ MBS ကနေ ဦးဆောင်ပြီး ရန်ကုန်မှာသာမက နယ်တွေမှာပါ နည်းပညာ ပြန့်ပွားရေး သင်တန်းတွေကို ပညာဒါန သဘောမျိုးနဲ့ သင်တန်းပေးသွားမယ့် အစီအစဉ်လေးတွေ၊ မိဘမဲ့ ကလေးကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေမှာ တတ်အားသရွေ့ လှူဒန်းသွားမယ့် အစီအစဉ်လေးတွေ ပါပါတယ်။ ကျွန်မတို့ လုပ်နိုင်သလောက်ကို ခုချိန်ကနေ Plan တွေ သေချာဆွဲပြီး စိတ်ဝင်စားမယ့်၊ တစ်ကယ်လည်း ပါဝင်လုပ်ဆောင်ချင်တဲ့ blogger တွေကို တာဝန်ခွဲဝေ ပေးပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ရှင်။ အဲတော့ ကျွန်မတစ်ခုလောက် request လုပ်ချင်တာက မြန်မာနိုင်ငံရဲ့ နယ်အသီးသီးကနေ blogging ပြုလုပ်နေကြတဲ့ blogger အသီးသီးဟာ volunteer သဘောမျိုးလေးနဲ့ ဒီအစီအစဉ်လေး ဖြစ်မြောက် အောင်မြင်အောင် အကူအညီလေးတွေ ပေးကြစေလိုပါတယ်။ နောက်နောင်မှာ ကျွန်မတို့ တွေ့ဆုံပွဲလေးတွေ လုပ်ရင်လည်း တက်တက်ကြွကြွနဲ့ လာရောက် ပါဝင်ပေးစေလိုပါတယ်။ ၀ိုင်းဝန်းပြီးတော့ အကြံလေးများ ပေးစေလိုပါတယ်။ ဒါမှာ MBS ရဲ့ အစီအစဉ်လေးတွေဟာ မြန်မြန်နဲ့ အောင်မြင်နိုင်မှာ မဟုတ်ပါလားရှင်။

အဲဒီတော့ ဒီလို ပညာပေး အစီအစဉ်တွေ၊ အလှူ ဒါနတွေကို အင်တိုက် အားတိုက် ပြုလုပ်နိုင်ရေး အတွက် ကျွန်မတို့မှာ fund တစ်ခုလိုအပ်ပါတယ်။ မြန်မာနိုင်ငံကသာမက တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ မြန်မာ ဘလောဂ့်ဂါတွေဆီမှာလည်း ကျွန်မတို့တွေ fund လေးတွေကို ကောက်ခံသွားမှာ ဖြစ်ပါတယ်ရှင်။ စိတ်ဝင်စားတဲ့ မည်သူမဆို blogger ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျွန်မတို့ရဲ့ အစီအစဉ်လေးအတွက် ၀င်ရောက်ပါဝင် ထောက်ပံ့ပေးနိုင်ပါတယ်။ ပြီးတော့ ကျွန်မတို့တွေ နောက်ပိုင်းမှာ Member System ကိုလည်း သေချာလေး ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Monthly Fund အနေနဲ့လည်း ရန်ကုန်မှာ ရှိတဲ့ သူတွေက တစ်လကို အနည်းဆုံး 1500 ကျပ်ထည့်ဝင်ဖို့ ဒီနေ့တက်ရောက် လာသူတွေနဲ့ အတည်ပြု သတ်မှတ်ပြီး သွားပါပြီရှင်။ နိုင်ငံခြားက blogger တွေ အတွက်ကတော့ Monthly Fund ထည့်ဝင်ဖို့ ကိစ္စကို ကျွန်မတို့ နိုင်ငံအလိုက် amount တစ်ခု ပြန်လည် သတ်မှတ်ပေးပါမယ်။ ပြီးတော့ Singapore မှာ Bank Account တစ်ခုဖွင့်ပြီးတော့ ငွေလွှဲဖို့ အဆင်ပြေနိုင်အောင် စီစဉ်ပေးသွားမှာပါ။ အားလုံးလည်း ကျွန်မတို့ကို ဘယ်လို ဘယ်ပုံ လုပ်သင့်တယ်ဆိုတာ ၀ိုင်းဝန်း အကြံပေးဖို့ တောင်းဆိုပါတယ်။ Two heads are better than one. ဟုတ်တယ်ဟုတ်!

ကျွန်မတို့ ဒီနေ့ ဘယ်သူက ဘာလုပ် စသည်ဖြင့် တာဝန်ခွဲဝေ ပေးသွားပုံကိုပါ တစ်ခါတည်း ပြောပြပေးပါမယ်။ MBS ရဲ့ တာဝန်ခံတွေ အဖြစ်ကတော့ လောလောဆယ်မှာ ကိုနေဘုန်းလတ်၊ မောင်ပွတ်၊ ဘာညာ၊ ကိုပီကေ စိုးဇေယျ တို့က တာဝန်ယူ လုပ်ဆောင်ပါလိမ့်မယ်။ Web Portal ကိစ္စကိုတော့ ကိုညီလင်းဆက်၊ တေဇာ၊ ကိုမျက်လုံး၊ စေတန် နဲ့ ကိုဥပက္ခာ တို့က ဆောင်ရွက်ပါလိမ့်မယ်။ ဒီနေ့မှာ စေတန်နဲ့ ကိုဥပက္ခာကတော့ တက်ရောက် မလာခဲ့ပါဘူး။ ဒါပေမယ့် သူတို့တွေက Web နဲ့ပတ်သက်တာတွေကို ကျွမ်းကျင်ကြတဲ့ အတွက် ဆက်သွယ်ပြီး အကူအညီတောင်းလို့ရအောင် ထည့်ထားလိုက်ပါတယ်။ ကူလည်း ကူညီကြမှာပါ (ဟဲဟဲ ချုပ်တာ)။ Funding စုဆောင်းဖို့ ကိစ္စကိုတော့ ကျွန်မ ပင့်ဂိုလ်းကပဲ တာဝန်ယူ ဆောင်ရွက်မှာပါ။ ကျွန်မနဲ့အတူ နှင်းမိုးဝေ (ကောင်မလေး) နဲ့ တိုလီလေးတို့ကို အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။ Public Realtion ပိုင်းကိုတော့ မမယ်လိုဒီမောင်က တာဝန်ယူ ဆောင်ရွက်ကြမယ် ဆိုပြီး ကျွန်မတို့ တာဝန်လေးတွေ ခွဲဝေခဲ့ပါတယ်။

ပြီးတော့ MBS ရဲ့ စတင် မတည်ငွေအဖြစ် ဒီနေ့ တက်ရောက်လာသူ Blogger များထံမှ Fund ကောက်ခံခဲ့ပါတယ်။ ကောက်ခံရရှိတဲ့ ငွေပမာဏနဲ့ တက်ရောက်လာသူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်ရှင်။

ကိုဘလာဂေါက် 10000 ကျပ်
မမယ်လိုဒီမောင် 30000 ကျပ်
ကိုချမ်းမြစိုး 20000 ကျပ်
ကိုတက်ဆလာ 10000 ကျပ်
စိုးဇေယျ 5000 ကျပ်
ကိုမင်းဆွေ (နောင်တော်ကဗျာလမ်း) 2000 ကျပ်
ပင့်ဂိုလ်း 10000 ကျပ်
ဆူးလင်းသစ် (blog reader) 2000 ကျပ်
ဖိုးသူတော် 2000 ကျပ်
မျက်လုံး 5000 ကျပ်
ဘာညာ 5000 ကျပ်
ကိုဝေ (သတင်းစာ) 5000 ကျပ်
969 Group (ကိုခနန္ဒ) 4000 ကျပ်
တေဇာ 5000 ကျပ
ကိုပီကေ 30000 ကျပ်
တော်ကီ 5000 ကျပ်
ကိုဂျက် (ကွမ်းခြံကုန် မဟုတ်ပါ) 10000 ကျပ်
အနှင်း (ကောင်မလေး) 10000 ကျပ်
ကိုနေဘုန်းလတ် 50000 ကျပ်
ကိုညီလင်းဆက် 30000 ကျပ်

စုစုပေါင်း မတည်ငွေ အဖြစ် 254000 (နှစ်သိန်းငါးသောင်းလေးထောင်ကျပ်) ရရှိပြီး အလုပ်တွေ စလုပ်ကြတော့မှာ ဖြစ်ပါတယ်။ Fund ထည့်ဝင်ချင်တဲ့ blogger များအနေနနဲ့ ကျွန်ကို ဆက်သွယ်နိုင်ပါတယ်ရှင်။ Gtalk အက်ချင်ရင်တော့ pinkgold@cuttiepinkgold.info ကိုအက်နိုင်ပြီ။ မေလ်းပို့ချင်ရင်တော့ pinkgold@misyou.net ကို ဆက်သွယ်နိုင်ပါတယ်။်