အမှိုက်ကောက်တာဟာ ရှက်စရာ မဟုတ်ပါဘူး။ စည်းကမ်းမဲ့ ပြန့် ကျဲ နေတဲ့ အမှိုက်တွေကို လိုက်ကောက်ရတာဟာ ဂုဏ်ယူဖို့ ကောင်းတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံရေး အလုပ်တစ်ခုပါပဲ။ စည်းကမ်းမဲ့ အမှိုက်ပစ်တာကမှ ရှက်စရာ လုပ်ရပ်တစ်ခုပါ။
ဒီခံယူချက်တွေနဲ့ Myanmar Youths in Action လို့ ခေါ်တဲ့ ကျွန်မတို့အဖွဲ့သားတွေ မကြာသေးခင်ကမှ ကျင်းပပြုလုပ် ပြီးစီးခဲ့တဲ့ Barcamp Yangon 2012 မှာ အမှိုက်ကောက်တဲ့ အစီအစဉ်လေးကို ပြုလုပ်ခဲ့ပါတယ်။ Barcamp လုပ်တဲ့ နှစ်တိုင်းမှာ flyer တွေ ၊ ဆေးလိပ်တိုတွေ ၊ စားကြွင်းစားကျန်တွေ လမ်းတစ်လျှောက်မှာ ပြန့်ကျဲနေတာကို တွေ့ခဲ့မိတာကြောင့် ဒီနှစ်မှာတော့ ကိုယ်အဖွဲ့အနေနဲ့ အမှိုက်ကောက်တဲ့ အစီအစဉ်လေးကို လုပ်ကြမယ်ဆိုပြီး တိုင်ပင်ကြတာပါ။ ဒါ့အပြင် စည်းကမ်းတကျ အမှိုက်စွန့်ပစ်နိုင်အောင်လည်း အမှိုက်ပုံး သုံးလုံးတွဲ (9) စုံ စီစဉ်ပေးခဲ့ပါတယ်။ ကျွန်မတို့ကို ဒီအစီအစဉ်လေး လုပ်ခွင့်ပြုခဲ့တဲ့ Barcamp Organizer တွေကိုရော စည်းကမ်းတကျ အမှိုက်ပစ်ခဲ့ကြတဲ့ ဘားကမ့် တက်ရောက်သူများကိုပါ ကျေးဇူးတင်ပါတယ်လို့ အရင်ဆုံး ပြောပါရစေရှင်။
ဒါပေမယ့် ဘယ်လောက်ပဲ စည်းကမ်းရှိအောင် လုပ်ပေး လုပ်ပေး စည်းကမ်းမရှိသူများလည်း ရှိပါတယ်ဆိုတာကို မပြောလို့လည်း မဖြစ်ပြန်ပါဘူး။ တစ်ခုခုတိုးတက်ဖို့ဆိုရင် ကျွန်မတို့တွေက ဟိုဟာမရှိလို့ပါ ၊ ဒီဟာမရှိလို့ပါ ၊ အစိုးရက ဘာမလုပ်ပေးလို့ပါ ၊ ညာမလုပ်ပေးလို့ပါဆိုပြီး ထိပ်ဆုံးက အော်တတ်ကြပါတယ်။ ရှိတာလေးကို အခြေခံပြီး ဘယ်လိုပြုပြင်ပြောင်းလဲကြမယ်ဆိုတာက နောက်မှ လာတဲ့ တော့ပစ်ပါ။ အခုလည်း ကျွန်မတို့က အမှိုက်ပုံးထားပေးတယ်။ ဒါပေမယ့် လမ်းမှာ ၊ ကော်ရစ်ဒါမှာ ၊ မြက်ခင်းပြင်မှာ လွှင့်ပစ်တဲ့သူတွေက ရှိဆဲပါပဲ။ အမှိုက်ပုံးက လက်တစ်ကမ်းတိုင်းမှာ ရှိပါတယ်။ Canteen အထွက်မှာ ၊ Main Building အထွက်မှာ ၊ Function Hall အထွက်မှာ ၊ ကော်ရစ်ဒါတစ်လျှောက်မှာ စသည်ဖြင့် ကျွန်မတို့ ငှားလို့ရထားတဲ့ (9) စုံနဲ့ လောက်ငအောင် စီစဉ်ပေးခဲ့ပါတယ်။ အမှိုက်ပုံးကလည်း ကျွန်မတို့ အပိုင်မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပလပ်စတစ် လုပ်ငန်းရှင်များအသင်းအတွက် ထုတ်ပေးတဲ့ Popular Plastic Industry ကနေ မရ ရအောင် ငှားယူလာခဲ့တာပါ။
ကျွန်မတို့အဖွဲ့တွေ နှစ်နာရီခြား တစ်ခါ ၊ တစ်နာရီခြား တစ်ခါလောက်ကို Round လှည့်ပြီး တွေ့သမျှ အမှိုက်ကို လိုက်ကောက် ၊ ပြည့်လျှံနေတဲ့ အမှိုက်ပုံးတွေကို ရှင်း ၊ အိတ်အသစ်တွေ ထပ်သွပ်ပေးပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ကျွန်မတို့တွေ အမှိုက်ပစ်တဲ့ Practice ကို လေ့ကျင့်ရပါအုံးမယ် ဆိုတာပါပဲ။ အမှိုက်တွေကို ပစ်ဖို့အတွက် Papers / Cans and Bottles/ General Trash ဆိုပြီး ခွဲပေးထားပါတယ်။ ဒါပေမယ့် အမှိုက်တွေကတော့ အရောရောပါပဲ။ စာကိုပဲ သေချာ မဖတ်မိကြတာလား ၊ ပြီးပြီးရော ပစ်သွားကြတာလား ဆိုတာတော့ မပြောတတ်ပါဘူး။ ဒီတော့ ကျွန်မတို့မှာ အမှိုက်တွေကို ပြန်ခွဲရတဲ့ အလုပ်တစ်ခု ထပ်ပိုလာတာပေါ့ရှင်။
နောက်တစ်ချက်ကတော့ လူတွေရဲ့ စိတ်ဓါတ်လေးတွေပါ။ တစ်ချို့တွေက မြက်ခင်းပေါ်မှာ ထိုင်ပြီး အအေးသောက် ၊ မုန့်စား ပြုလုပ်ကြပါတယ်။ ပြီးတော့ အမှိုက်ပုံးနဲ့လည်း နီးနေလျက်နဲ့ မြက်ခင်းပေါ်မှာ အမှိုက်တွေကို ပစ်ချထားခဲ့ကြပါတယ်။ တစ်ချို့နေရာတွေမှာဆို သူတို့ဘေးမှာ အမှိုက်တွေ ပြန့်ကျဲနေတာပါပဲ။ အဲ့ဒါကို ကျွန်မတို့က သွားကောက်တဲ့အခါ ရှက်ရှက်နဲ့ အမှိုက်တူတူ လိုက်သိမ်းပေးတဲ့ သူမျိုးလည်း ရှိသလို အမှိုက်ကောက်နေတဲ့ ကျွန်မတို့အနားမှာ တမင် တကာ အမှိုက်ပစ်ချတဲ့ သူမျိုးလည်း ရှိပါတယ်။ နောက်တစ်ချက်က တစ်ချို့ Barcamp Volunteer တွေပါ။ အမှန်ဆို ဒီ အစီအစဉ်အတွက် အားလုံးက ပူးပေါင်းပါဝင်ကြလိမ့်မယ်လို့ ထင်ထားပေမယ့် ရေသာခိုချင်တဲ့ စိတ်ဓါတ်ကိုလည်း လူတစ်ချို့မှာ တွေ့ရတာပါပဲ။ “ဟိုမှာ အမတို့သိမ်းဖို့ အမှိုက်တွေ ပုံထားတယ်။ သွားသိမ်းလိုက်ပါအုံး” ဆိုတဲ့ စကားမျိုးကို ပြောထွက်ကြပါတယ်။ ဘားကမ့်ကို တက်ရောက်လာသူတွေ အမှိုက်ကို ပြီးပြီးရော ပစ်ချခဲ့တာကို အပြစ်မပြောလိုပါဘူး။ ကျွန်မတို့ အမှိုက်သိမ်းရလို့လည်း စိတ်ဆိုးတာ မဟုတ်ပါဘူး။ အများကောင်းကျိုးအတွက် အလုပ်လုပ်နေတဲ့ Barcamp Volunteer တစ်ချို့ကိုယ်တိုင်မှာ ကိုယ်တိုင် လိုက်လုပ်ချင်စိတ် မရှိတာကို တွေ့ရလို့ ၀မ်းနည်းရုံ သက်သက်ပါ။ စားကြွင်း စားကျန်တွေကို လိုက်သိမ်းတဲ့အခါ ခွေးတစီစီနဲ့ ဖြစ်နေတာ ၊ ခွေးနဲ့အပြိုင် အမှိုက်လုရတာတွေလည်း ရှိခဲ့ပါတယ်။ ဘေးနားက ဖြတ်သွား ဖြတ်လာတွေ ဘယ်သူမှ “ဟဲ့ ခွေး” လို့ ကူမောင်းပေးခဲ့တာမျိုး မကြုံခဲ့ရပါဘူး။
ကျွန်မတို့ကို အမှိုက်ကောက်တဲ့ အဖွဲ့တွေလို့ ခေါ်တာကို ကျွန်မတို့ ဂုဏ်ယူပါတယ်။ စကြ နောက်ကြတာကိုလည်း ကျေနပ်ပါတယ်။ ပျော်လည်း ပျော်ပါတယ်။ တစ်ခြားပွဲတွေမှာလည်း အခွင့်သာရင် သာသလို လိုက်လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ စည်ပင်သာယာက ၀န်ထမ်းတွေ မဟုတ်ကြပါဘူး။ ကျွန်မတို့အားလုံးက ကိုယ့်အလုပ်ခွင်မှာ နေရာတစ်ခု ရရှိပြီးဖြစ်တဲ့ သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင်သူတွေပါ။ ကျွန်မတို့ အမှိုက်ကောက်တယ်ဆိုတာ အများသူငှာ လိုက်လုပ်လာအောင် ပညာပေးတာပါ။ ကျွန်မတို့ အမှိုက်ကောက်တာဟာ လူတွေကို ဒါမျိုးလုပ်သင့်တယ်ဆိုတဲ့ Practice လေး ရှိစေချင်လို့ပါ။ နောက်နောင်လည်း လုပ်သွားအုံးမှာပါ။
ဒါပေမယ့်……….. တစ်ခုတော့ ပြောချင်လို့ပါ။
ကျွန်မတို့နဲ့ ပူးပေါင်း ပါဝင်ပါ။
ကျွန်မတို့နဲ့ အလေ့ အကျင့် လိုက်လုပ်ပါ။
ကျွန်မတို့နဲ့ စည်ပင်ဝန်ထမ်းတွေကိုလည်း နှိမ့်ချ မဆက်ဆံကြပါနဲ့ဆိုတာလည်း ပြောချင်ပါတယ်။



