(၃)
ညနေခင်းက သာသာယာယာရှိလှသည်။ တစ်နေ့တာအတွက် သင်တန်းချိန်ပြီးတော့ တစ်ချို့တွေက အနားယူကြသည်။ တစ်ချို့တွေက ရွာထဲကို လမ်းလျှောက်ထွက်ကြသည်။ ငြိမ်းရယ်.. ၀တ်ရည်ရယ်.. မဒီရယ် သုံးယောက်သားက ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်လာကြသည်။ ချောင်းသာကမ်းခြေတစ်လျှောက်မှာ ရေကူးသူတွေ သိပ်မရှိကြတော့။ Hotel Max ရှေ့မှာတော့ မီးပုံပွဲအတွက် ပြင်ဆင်နေကြသည်။ နောက်ဆုံးညမှာ ကိုယ့်အဖွဲ့မှာလည်း မီးပုံပွဲ လုပ်ဖြစ်ကြအုံးမည်။ ကောင်းကင်ကြီးကတော့ နေ၀င်ချိန်မို့ထင်သည်.. ပုဇွန်ဆီသွေးရောင်တောက်ကာ လှချင်တိုင်း လှနေတော့သည်။ ပင်လယ်ထဲသို့ ငုပ်လျိုးလုလုဖြစ်နေသော နေမင်းကြီးကို အမိအရ ဓါတ်ပုံတွေ ရိုက်နေမိတော့သည်။ ၀တ်ရည်တို့ကတော့ ဘုရားလေးဘက်ကို လမ်းဆက်လျှောက်သွားကြသည်။ ပတ်ဝန်းကျင်မှာ တစ်ဖြည်းဖြည်းမှောင်ရီ ပျိုးလာသည်။ ကမ်းစပ်ကို လှိုင်းရိုက်သံတွေကလည်း တစ်ဖြည်းဖြည်းပီပြင်လာသည်။ ကမ်းစပ်ဆီသို့ အရောက်လာနေသော ရေလှိုင်းတွေကို ခြေနဲ့ မထိ တထိလေး ဆော့ရသည်မှာ ပျော်စရာကောင်းပါသည်။ တစ်ချက် တစ်ချက်မှာတော့ ပင်လယ်ထဲတွင် မျောလာသည့် ဒိုက်တွေကို တွေ့ရသည်။ ကမ်းစပ်တစ်လျှောက်တွင် စွန့်ပစ်ခံခဲ့ရသော ပလပ်စတစ်အိတ်များကလည်း တစ်လွင့်လွင့်။ ချောင်းသာ ကမ်းခြေကို လာရောက် အပန်းဖြေသူတွေ စည်းကမ်းရှိကြရင် တော်တော်ကောင်းမည်။ ပင်လယ်ပြင်ကြီးကလည်း ပြာလဲ့လဲ့အရောင်မရှိတော့။ ရေတွေလည်း အရောင်ပြောင်းနေပြီ။ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး အသိပညာသာမက ၊ လက်တွေ့လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းရပေအုံးမည်။
ခဏကြာတော့ ဘုရားဘက်ကို လမ်းလျှောက်သွားသော ၀တ်ရည်တို့ ပြန်လှည့်လာကြသည်။ ငြိမ်းတို့ သုံးယောက် တည်းခိုရာ ဟိုတယ်ဆီသို့ ပြန်လာလိုက်ကြတော့သည်။ ပင်လယ်ဘက်မှ ဟိုတယ်ဆီလာရာလမ်းတွင် မီးရောင်လေးက အားမရှိ တရှိလင်းလက်နေသည်။ တစ်နေရာအရောက်တွင်တော့ ငြိမ်း အကြည့်တွေ ရုတ်တရက် တစ်ယောက်ယောက်ဆီကို စိုက်ကြည့်မိသွားသည်။ ဓါတ်တိုင်အောက်တွင် ဂဏန်းသည်တွေနဲ့ စကားပြောနေသည့် ဖြိုးပိုင်။ ဂဏန်းရောင်းသည့်သူတွေက ငါးတန်း ၊ ခြောက်တန်းအရွယ် ကလေးလေးတွေ။ ဖြိုးပိုင်တစ်ယောက်တော့ ဂဏန်းတွေချက်စားဖို့ မှာလိုက်ပြန်ပြီထင်သည်။
“ဟာ ဟိုမှာ ဖြိုးပိုင်ပါလား.. ဂဏန်းရောင်းတဲ့ကလေးတွေကို ဘာရှုပ်ပြန်ပြီလဲ မသိဘူး”
ဝတ်ရည်လည်း ဖြိုးပိုင်ကို မြင်သွားပြီဖြစ်သည်။ ပြောပြောဆိုဆို ၀တ်ရည်တစ်ယောက် ဖြိုးပိုင်ဆီသို့ ပြေးသွားသည်။
“ဟဲ့ ဘာရှုပ်နေတာတုန်း”
“အား မ၀တ်ရည်တို့ပါလား.. မငြိမ်းတို့လည်း ပါတာကိုး.. ကျွန်တော် ဂဏန်းမှာနေတာဗျ.. မနက်ဖြန်ကျရင် စားရအောင်လေ”
“၀ိုးး မိုက်တယ် ငါတို့မောင်လေးကို ဒါကြောင့် ချစ်ရတာ.. ဒါနဲ့ နင်ပြီးရင် ဟိုတယ်ပြန်မှာ မဟုတ်လား.. တူတူပြန်မယ်လေ”
“ပြန်မယ်ဗျ.. သွားကြမယ်.. “
သို့နှင့် ဖြိုးပိုင်ရယ်.. ငြိမ်းတို့ရယ် ဟိုတယ်ကို တူတူပြန်လာခဲ့ကြသည်။ ငြိမ်း လက်ထဲမှ ကင်မရာကို မြင်သဖြင့် “အမလည်း ဓါတ်ပုံ မရိုက်ရရင် မနေနိုင်ဘူးထင်တယ်နော်လို့..” ငြိမ်းကို ပြောနေသေးသည်။ ထို့နောက်.. “ကျွန်တော့် ပုံလေးလဲ ပါအောင် ရိုက်ဗျနော” ဟု ပြောလိုက်သေးသည်။ ငြိမ်းကတော့ သူ့ကို ပြုံးရုံသာ ပြုံးပြလိုက်မိသည် ထင်သည်။
ဟိုတယ်ကို ပြန်ရောက်တော့ ၁၀၄ ရှေ့မှာ အဖွဲ့သားတွေ စုရုံး စုရုံးဖြစ်နေကြသည်ကို တွေ့ရသည်။ ၁၀၄ ဆိုတာက သားသားရယ် ၊ ဘိုဘိုရယ်၊ နွေဦးရယ် သုံးယောက်သား နေကြသည့်အခန်း။ ခရီးအစမှာ ဖြိုးပိုင်နဲ့ တူတူထိုင်လာခဲ့သည့် သားသားက အဖွဲ့ထဲက ရွှတ်နောက်နောက်နှစ်ယောက်ဖြစ်သည့် ဘိုဘိုတို့နဲ့ ဘယ်လိုပေါင်းစည်းဖြစ်သွားပါလိမ့်ဟု တွေးမိသေးသည်။ ခိုင်စိုးလင်းတို့ ၊ သားငယ်တို့က ပုလင်းဖောက်နေကြသည်။ ထွန်းထွန်းနှင့် မိုးအောင်ကတော့ ပိုးအိအတွက်ဟုဆိုကာ Cocktail စပ်နေသည်။ တစ်ခြားသူတွေကတော့ ၁၀၄ အခန်းထဲမှာ ဖဲဆော့နေကြသည်တဲ့။ ငြိမ်းကိုတွေ့တော့ ထွန်းထွန်းက ဘာသောက်မလဲဟု မေးသည်။ အအေးပဲပေးပါလို့ ပြောလိုက်ရသည်။ ဒီကောင်တွေက မလွယ်သည့်ကောင်တွေ.. ငြိမ်းက ခပ်တည်တည်နေတတ်သူမို့သာ။ ခုလည်းကြည့်လေ အိမ့်နဲ့ စုစုကို ဘီယာတွေ အတင်းလိုက်တိုက်နေသေးသည်။
တစ်ခုတော့ ထူးခြားသည်ဟု ပြောရမည်။ ဖြိုးပိုင်တို့အခန်းက ယောင်္ကျားလေးတွေ တစ်ယောက်မှ အရက်မသောက်တတ်ကြ။ အာကာ ၊ ရဲကျော်နဲ့ ဖြိုးပိုင်.. အရက်ကိုဆို အနံ့တောင် မခံနိုင်ကြသူတွေတဲ့။ ဒီတစ်ချက်တော့ သူတို့ကို ငြိမ်း လေးစားသွားရသည်။ Camp မှာရှိသည့် ယောင်္ကျားလေးတိုင်း အရက်သောက်နေချိန်တွင် ထိုသုံးယောက်ကတော့ အုန်းပင်အောက်တွင် အေးအေးလူလူထိုင် စကားပြောနိုင်ကြသည်။ အားလုံး ၁၀၄ အခန်းရှေ့မှာ အရှိန်ရနေကြပြီ။ ထွန်းထွန်းက ပါလာသည့် Woofer နဲ့ Laptop တွဲကာ ဒီဂျေသီချင်းတွေ စဖွင့်သည်။ ခင်မြတ်တို့က သီချင်းလေးနဲ့လိုက်ကာ ခန္ဓာကိုယ်လေးတွေ ယိမ်းနေကြပြီ။ နွေဦးကတော့ ဒီဂျေနဲ့ အပြိုင်ဟုဆိုတာက ဂစ်တာကို မရ အရ တီးနေသေးသည်။ အိမ့် ၊ စုစုနဲ့ ၀တ်ရည်တို့ကလည်း ဘာတွေပြောပြီး ရီနေကြသည် မသိ။ ပိစိရယ် ခိုင်စိုးလင်း မခရေတို့ရယ်ကတော့ နံရံတွင်မှီပြီး ဖြစ်သမျှအကြောင်း အကောင်းဆိုသည့် ပုံစံဖြင့် ကြည့်နေကြသည်။ သူတို့ရှေ့မှာလည်း ပုလင်းတွေ စီရီလို့။ အားလုံးကတော့ သူတို့ကို ဘံဆိုင်ကောင်တာက အစောင့်တွေတဲ့။
ငြိမ်းကတော့ အစကတည်းက အေးအေးနေတတ်သူမို့ အုန်းပင်လေးအောက်ရှိ ခုံလေးတွင်သာထိုင်နေမိသည်။
“အမ ပျင်းရင် ကျွန်တော်နဲ့ စကားပြောမလား”
လှည့်ကြည့်တော့ ဖြိုးပိုင်။ သူမနောက်တွင် Max ကိုလာပုလင်းလေး ကိုင်ကာ ရပ်နေသည်။
“အာကာတို့ ရဲကျော်တို့က အခန်းထဲ ပြန်သွားကြပြီဗျ.. အိပ်ချင်လိုတဲ့.. သူတို့က မနက်စောစောထပြီး ငါးတွေ သွားမှာမယ်ဆိုလား”
“သြော်.. ရတယ်လေ ဖြိုးပိုင်ရဲ့.. အမလည်း ဟိုအဖွဲ့တွေကိုကြည့်ပြီး ထိုင်ရီနေတာ.. တော်တော်မနိုင်တဲ့လူတွေ”
“ဟုတ်ပါ့ဗျာ.. သူတို့ကို ကြည့်ရင်း ကျွန်တော်တောင် ဘာမှမလုပ်ပဲ အလိုလိုပျော်နေတာ.. အမကော ပျော်လားဟင်”
“ဟုတ်ပါ့… အမလို လူတွေချည်းပဲဆိုရင်လည်း Camp က ဘယ်ပျော်စရာ ကောင်းတော့မလဲ”
“ဟုတ်ပါ့ အမနဲ့ ကျွန်တော်နဲ့ တူတယ်ဗျနော်.. အေးအေးဆေးဆေးနေတတ်တာကို ပြောပါတယ်”
ဖြိုးပိုင်ကို သူမ မျက်စောင်းလေး လှမ်းထိုးလိုက်မိသည် ထင်ပါသည်။ ရုတ်တရက် နေ့လည်က အိုင်ပေါ့ ကိစ္စကို သတိရမိသည်။ မေးလိုက်ရင် ကောင်းမလား။ အိုး…. သူတောင်မှ မမေးတာ မမေးတော့ပါဘူးလေ။ ကျွန်တော့် အိုင်ပေါ့ကို အမ ဘယ်တုန်းက စပြီး သတိထားမိတာလဲဗျ လို့ မေးရင်ကော ဘယ်လို ဖြေရမှာပါလိမ့်။ ဒီလိုပဲ မထင်မှတ်ပဲ သတိထားမိတာလို့ပဲ ဖြေလိုက်ရမှာပေါ့လေ။ အား.. သူကမှ မမေးတာကို ငါက ဘာလို့ အတွေးတွေ များနေရတာပါလိမ့်.. ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်ရှက်မိသေးသည်။
“အမ.. ကျွန်တော် ပြောတာ ပြန်လည်း မပြောဘူး”
“အင်.. ဘာလဲ ဖြိုးပိုင်…”
“အမကလည်းဗျာ… အမ ဂဏန်းကြိုက်တယ် မဟုတ်လားလို့.. ညနေထမင်းစားတုန်းက ဂဏန်းဟင်းတွေ အများကြီးစားတာ တွေ့တယ်”
“အင်း ကြိုက်တာပေါ့ ပင်လယ်စာတွေထဲမှာ ပုဇွန်ထက်တောင် ပိုကြိုက်သေးတာ”
“အဲ့ဒါကြောင့် ကျွန်တော့ ခုနက ကလေးတွေဆီမှာ ဂဏန်းမှာထားခဲ့တာပေါ့.. အမနဲ့ ကျွန်တော် အကြိုက်ချင်း တူပြန်ပြီ.. “
“အားလုံးစားဖို့ မမှာခဲ့ပဲနဲ့များ…”
“အား.. အားလုံးတော့ မဟုတ်ဘူးလေဗျာ.. ဒီအတိုင်း အမကို သတိရပြီး မှာခဲ့တာ.. အမလည်းစား.. ကျန်တဲ့သူလည်း စားပေါ့.. ဒါနဲ့ အမကို ပြောစရာ ရှိသေးတယ်ဗျ… ကျွန်တော်တို့ မနက်စောစောကမ်းခြေမှာ ပလပ်စတစ်အိတ်တွေ လိုက်ကောက်ရင် မကောင်းဘူးလား”
” WOW!! မိုက်တာပေါ့.. အမလည်း ညနေက ကမ်းခြေမှ လမ်းလျှောက်ရင်း စဉ်းစားနေတာ.. ပိုးအိကို ပြောကြမယ်လေ..”
“တွေ့လား အမနဲ့ ကျွန်တော် တူတာတွေ များနေပြီဗျ”
ဖြစ်ရပြန်ပြီ ဖြိုးပိုင်ရယ်.. တမင်များပြောနေတာလား.. သူ့ရင်ထဲကအတိုင်း ပြောနေတာလား ဆိုတာကိုတော့ သူမှလွဲ၍ တစ်ခြားသူ သိနိုင်မည် မထင်ပါ။ ငြိမ်းတို့နှစ်ယောက် စကားတွေ ဆက်ပြောကြသည်။ မနက်ဖြန်မှာ လုပ်ရမည့် Training ကိစ္စတွေ… ပင်လယ်ကြီးကို ချစ်သည့်အကြောင်းတွေ.. ခရီးသွားတာကို နှစ်သက်သည့်အကြောင်းတွေ.. နောက်ပြီး ကြယ်တွေကို တူတူကြည့်ဖြစ်ကြသေးသည်။ အဲ့ဒီနေ့က လလည်း သာပါသည်။ ကြယ်တွေလည်း စုံပါသည်။ ဖြိုးပိုင်၏ စကားလုံးများကလည်း ချိုပါသည်။ ဘာကြောင့်များ သူ့စကားတွေ ချိုမြရသည်ဟု ငြိမ်း ထင်မိပါလိမ့်။ သေချာတာကေတော့ ဖြိုးပိုင်နဲ့ စကားပြောနေရသော အချိန်များကို သူမ၏ မသိစိတ်က တန်ဘိုးထားနေမိခြင်းဖြစ်သည်။ သူမတို့နှစ်ယောက် သစ်ပင်လေးတွေကို ချစ်ကြသည်။ ပင်လယ်စာတွေကို နှစ်သက်ကြသည်။ သီချင်းလေးတွေကိုလည်း ထပ်တူ ထပ်မျှ နှစ်သက်ကြသေးသည်။ ရန်ကုန်မှာ ရှိစဉ်တုန်းက အဖွဲ့မီတင်တိုင်းတွင် တွေ့ခဲ့ကြပါလျှက် ဘာကြောင့်များ ခုလောက်ထိ စကား မပြောမိခဲ့တာ ပါလိမ့်။ တစ်ကယ်ဆို သူမတို့နှစ်ယောက် ယခုထက် ပိုစောကာ ရင်းနှီးဖို့ကောင်းသည်။
“ကျွန်တော် ရန်ကုန်ပြန်ရောက်ရင် ဒီအချိန်လေးကို လွမ်းနေမှာ…. အခုလို လသာတဲ့ ညတိုင်းကိုပေါ့”
သူမလည်း လွမ်းနေလိမ့်မည် ထင်ပါသည်။ လေပြည်လေးက တသော့သော့တိုက်ခတ်နေသည်။ သူ၏ ကိုယ်သင်းနံ့လေးကို သူမ အမှတ်မထင် ရှူမိသည်။ သူ့ကိုလှည့်ကြည့်တော့ ကောင်းကင်ကြီးကို အပြုံးမျက်နှာဖြင့် ကြည့်နေသည်ကို တွေ့ရသည်။ သူမကိုယ်တိုင်လည်း လမင်းကြီးကို ပြုံးပြုံးကြီး ကြည့်နေလိုက်မိတော့သည်။
“အား လုပ်ကြအုံး.. ပဲသီးတောင့် တစ်ယောက် ၁၀၄ ထဲမှာ အိပ်ပျော်နေပြီဗျ”
“ဟဲ့.. ပဲသီတောင်း ဘီယာသောက်ပြီးများ အခန်းမှားတာလား .. နေပါအုံး အဲ့အခန်းထဲမှာ ဘိုဘိုတို့ ဖဲဆော့နေတာ မဟုတ်လား”
“မဟုတ်ဘူး.. အကုန်လုံးအပြင်မှာ သီချင်းထိုင်ဆိုနေတာ.. ပိုးအိက မနက်ဖြန်အတွက် စာလုပ်မယ်ဆိုပြီး အဲ့အခန်းထဲ ၀င်သွားတာ”
ပြသနာတော့ တက်ပြီထင်သည်။ ဖြိုးပိုင်ကော သူမကော ၁၀၄ ထဲကို ပြေးသွားကြတော့ ၀တ်ရည်တို့လည်း ရောက်လာသည်။ အခန်းထဲမှာတော့ ပိုးအိက ငြိမ်းချမ်းစွာ အိပ်ပျော်လို့နေသည်။ ဘေးခန်းမှ မဒီနဲ့ မူနွှဲ့တို့လည်း ပြေးထွက်လာကြသေးသည်။ သီချင်းသံတို့ ရပ်ကုန်သည်။ ယောင်္ကျားလေးများ မျက်လုံးတွေ ပြူးကုန်ကြသည်။
“မဟုတ်ဘူး.. ဘာမှ မဖြစ်ဘူး.. ငါသိတယ်ဟဲ့.. သူက ဖဲလည်းမဆော့တတ်ဘူးလေ.. ငါတို့နဲ့ ဖဲဆော့တုန်း ဘေးနားမှာ စာထိုင်လုပ်နေတာ.. နောက်တော့ အိပ်ပျော်သွားတာနဲ့… ငါတို့လည်း သူ့ကိုထားပြီး ထွက်လာတာ.. ငါပြန်မှ နှိုးမလို့ဟာကို..”
ဝတ်ရည်ကပြောတော့မှ အားလုံး ဟင်းချနိုင်ကြသည်။ ခဏနေတော့ ပိုးအိကို ၀ိုင်းနှိုးကြသည်။ ပိုးအိတစ်ယောက်ကတော့ ဘယ်သူ့အခန်းမှာ အိပ်ပျော်သွားမှန်းတောင် သိရဲ့လား မသိ။ အိပ်ချင်မူးတူးနဲ့ နိုးလာသောသူ့ကို အားလုံးက ၀ိုင်းရီတော့မှ သူလည်း သဘောပေါက်သွားသည် ထင်သည်။ တစ်ဟားဟားနဲ့ ထိုင်ရီကြတော့သည်။
ချောင်းသာ၏ ပထမညသည်.. ပျော်ရွှင်စရာများဖြင့် ထုံလွှမ်းနေတော့သည်။ ညလည်း နက်ချေပြီ… ယောင်္ကျားလေးတွေကတော့ ၀ိုင်းကောင်းတုန်း။ မိန်းကလေးတစ်ချို့ အိပ်ကုန်ကြပြီ။ သူမလည်း နောက်နေ့အတွက် အားမွေးဖို့ အိပ်ရအုံတော့မည်။ အခန်းထဲ ၀င်ကာနီးကျတော့ ဖြိုးပိုင်က လှမ်းပြောသည်။
“Good Night, Sweet Dreams”
ထိုညအဖို့ ငြိမ်းတစ်ယောက် အေးချမ်းစွာ အိပ်ပျော်ခဲ့ပါသည်။ အိပ်မက်တော့ မမက်ဖြစ်ခဲ့ပါ။