Still Raining

Standard

အခုတလော ရန်ကုန်မြို့ မှာမိုးတွေကသဲ၊ လေတွေက ၀ုန်းဒိုင်းကျဲနဲ့ ဘယ်လိုအငြိုးရယ်ကြောင့်များ အရပ်မနားစွေနေရပါလိမ့်။ မိုးဆိုတာ ကျွန်မကြိုက်တဲ့ ရာသီဥတု တစ်ခုတော့ မဟုတ်ပါဘူး။ အပြင်ထွက်ရတာ အဆင်ရယ်ကမပြေ၊ သွားလာရေးကခက်ခဲ၊ ဒီကြားထဲ ရွှေရန်ကုန်ရဲ့ လမ်းတစ်ချို့ မှာ မြောင်းတွေရေလျှံမှုကြောင့် တစ်ချို့ နေရာတွေ၊ တစ်ချို့ အိမ်တွေမှာဒုက္ခတွေ ရောက်ကြရတာ မြင်ရတာ စိတ်မချမ်းသာလှပါဘူး။ ဒီလိုပဲလေ အကောင်းနဲ့ အဆိုးဒွန်တွဲနေတဲ့ သဘာဝတရားကြီးမှာ အဆိုးတွေရှိနေရင် ချစ်စရာလေးတွေလည်း ရှိနေတတ်ကြစမြဲ မဟုတ်လား။ မိုးအကြောင်းတွေးရင်း၊ မိုးရွာတာငေးရင်း မှတ်မိသေးတဲ့ ငယ်ပုံရိပ်တစ်ချို့ ကတော့ အမြင်အာရုံမှာေ၀၀ါးရာကနေ ပြတ်သားလို့ လာလေရဲ့။ ငယ်ငယ်တုန်းက မိုးရွာရင် ပျော်တယ်၊ မိုးရေထဲမှာဆော့ရတာ ကြိုက်တယ်၊ လယ်ကွင်းထဲမှာ ဖားသွားကောက်ရတာ နှစ်သက်တယ်၊ ရေတွေဖွေးနေတဲ့ လယ်ကွင်းတွေဟာ မျက်စိတစ်ဆုံး ရှုမျှော်မဆုံးနဲ့ ပြာရီရီမိုးသားအောက်မှာ စိမ်းလဲ့ လန်းဆန်းလို့လေ။

မိုးရေတက်ရေ တစ်ဖွေးဖွေး
ကွင်းလယ် တစ်ဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်။
ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
တဲနဲ့ ပနံတင့်။…. ဒါကတော့ ကျွန်သိပ်ကြိုက်တဲ့ ကဗျာလေးပေါ့။ ငယ်ငယ်တုန်းကဆို ကဗျာရွတ်ရင်း လယ်ကွင်းတွေထဲ လျှောက်ပြေး၊ ကောက်စိုက်သမတွေကို လိုက်နောက်၊ ကျွန်မတို့ဒေသမှာရှိတဲ့ မြက်ဥလို့ခေါ်တဲ့ လယ်ကွင်းတွေထဲမှာသာ ရှာလို့ရနိုင်တဲ့ ချိုမြိန်တဲ့မြက်တွေကို ရှာစားရတာလည်း ပျော်စရာ ကောင်းလှတယ်လေ။ ရခိုင်ကမ်းမြောင်ဒေသ၊ မိုးကြီးတဲ့ဒေသရယ်လို့ နာမည်ကြီးတဲ့ ကျွန်မတို့ မာန်အောင်ကျွန်းမှာ မိုးတွင်းဆို ပျော်စရာကောင်းသလို၊ မိုးတွင်းတစ်ခုလုံးတိုက်ခတ်တတ်တဲ့ မုန်းတိုင်းငယ်တွေ၊ မုန်တိုင်းကြီးတွေကြောင့် စိတ်ညစ်စရာတွေလည်း ပေါလှပါရဲ့။ မုန်တိုင်းတိုက်ရင် သစ်ပင်ကြီးတွေတောင် အမြစ်ကကျွတ်ပြီး လဲကျတတ်တာမို့ ကျွန်မတို့မိဘတွေဆို ကလေးတွေကို ပူပန်ရ၊ သစ်ပင်တွေ ဘယ်ဘက်ကို လဲမလဲ၊ အိမ်ပေါ်များ လဲကျလာမလားဆိုတာ တွေးပူရနဲ့ ရတက်မအေးရရှာပါဘူး။ ကျွန်တို့ကတော့ ကလေးပီပီမုန်တိုင်း တိုက်လည်းပျော်နေတာပဲ။ လေနီကြမ်းတွေကြောင့် ယိမ်းထိုးနေကြတဲ့ သရက်ပင်၊ အုန်းပင်၊ ကွမ်းသီးပင်တွေကို ကြည့်ရင်း ပျော်တယ်။ လမ်းတွေမှာရေတွေလျှံရင် တစ်ယောက်ကို တစ်ယောက် ရေနဲ့ပက်ရတာ ပျော်တယ်။ တစ်ခါကဆို ဆိုင်ကလုန်းမုန်တိုင်းတိုက်တာ ကျွန်မတို့အိမ်ခေါင်မိုးကျွတ်ပါသွားပြီး မနက်ကျတော့ အဖေနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် လိုက်ရှာရတာတောင် ကြံဖန်လို့ပျော်နေသေးရဲ့။ အဲဒီတုန်းက ကျွန်မတို့တွေ အိမ်မှာ အမိုးမရှိလို့ ခြံထဲမှာတဲလေးထိုးပြီး အိမ်မိုးပြီးတဲ့အထိ စောင့်နေရတာ မှတ်မိလို့နေသေးပါရဲ့။

သရက်သီးတွေ မိုးရာသီမှာပေါလွန်းလို့ နေ့တိုင်းသရက်သီးစားရတာလည်း ပျော်တယ်။ လေတစ်အားတိုက်ရင် အပင်က သရက်သီးတွေကြွေတတ်ကြတာကြောင့် သရက်သီးကောက်ဖို့ တောင်းကိုင်ပြီးစောင့်ရတာလည်း မောပါ့။ ပြီးတော့ ကျွန်မတို့ဆီမှာ မိုးဦးကျဆို မြို့ကလူတွေ ကမ်းခြေမှာပျော်ပွဲစားထွက်တဲ့ ဓလေ့ရှိတတ်ကြပါတယ်။ ၀ါမ၀င်ခင်ထိ ပျော်ပွဲစားထွက်ကြတာ စနေ၊ တနင်္ဂနွေတွေမှာဆို ငပလီလိုကမ်းခြေတောင် ဒီလောက်စည်မှာ မဟုတ်ဘူးလို့ထင်တယ်။ မိုးလေးကရွာ၊ လှိုင်းတွေကကြီး၊ ပင်လယ်ထဲမှာ လှိုင်းစီးရတာ ခုနေများတောင် သွားချင်လာမိပါတယ်။ ဟုတ်ပ ဒီအချိန်ဆို ကျွန်မတို့ မာန်အောင်ကျွန်းရဲ့ ပင်လယ်ကမ်းခြေမှာ တော်တော် လူစည်ကားနေတော့မှာပဲ။ လွမ်းတယ်..ရေးရင်းလွမ်းတယ်.. တွေးရင်းလွမ်းတယ်..အိမ်ပြန်ချိန်ဆိုတာ တစ်နေ့နေ့တော့ ရှိလာမှာပေါ့လေ။

အသက်ကနည်းနည်းကြီးလာတော့ မိုးမှာ အရင်လိုမပျော်တော့ဘူး။ သွားလာရတာ အဆင်မပြေလို့စတ်ညစ်ရ၊ အ၀တ်တွေမခြောက်လို့ ပူပန်ရ၊ ချူချာတတ်တဲ့ကျန်းမာရေးအတွက် စိုးရိမ်ရနဲ့ ငယ်ဘ၀လောက် လွတ်လပ်မှုမရှိတော့ တာတော့အမှန်ပါ။ မိုး မိုး မိုး ချစ်စရာကောင်းသလို၊ မုန်းစရာလည်းကောင်းတဲ့မိုး။ လူတွေကိုအကျိုးပြုတတ်သလို ဒုက္ခတွေလည်း ပေးတဲ့မိုး။ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းလန်းနေတတ်သလို ရုတ်တရက်လည်း အလှဖျက်တတ်တဲ့မိုး။ လူတွေကို ခံစားမှုမျိုးစုံပေးတဲ့မိုး။ ဘာပဲပြောပြော သုံးရာသီမှာ မိုး ဆိုတာလည်း မရှိမဖြစ်တော့ လူတိုင်းကမျှော်ရတဲ့ မိုးလည်းဖြစ်လို့နေလေရဲ့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s