Monthly Archives: April 2008

Untitle….!

Standard

ကိုယ်က

အပင်ပျိုး၍

မျှော်စောင့်ရသည့် ကာလကြာဘိ

မြတ်နိုး၏ ။

သူက

အပွင့်အပင်

အသင့်စိုက်ပျိုး ပန်းတစ်အိုးကို

တန်ဘိုးပေးညှိ ၀ယ်လိုက်၏ ။ ။

Advertisements

Stylish Evening Dress

Standard

မိန်းမ တစ်ယောက်ရယ်လို့ ဖြစ်လာရင် သူဟာ သူ့ရဲ့ အလှအပ အတွက် တစ်နေ့မှာ အနည်းဆုံး နာရီဝက်ကနေ သုံး၊ လေး နာရီလောက်ထိ အချိန်ပေးရပါလိမ့်မယ်။ (တစ်ထိုင်တည်း အချိန်ကြာကြာ အလှပြင်မှ မဟုတ်ပါဘူး။ တစ်နေ့မှာ မှန်ကြည့်တာ၊ ခေါင်းဖြီးတာ စတာတွေကိုလည်း အလှပြင်တာလို့ မှတ်ယူပါတယ်)။ ဒီဘက်ခေတ်က မိန်းကလေးတွေကတော့ အလှအပထက် စတိုင်လ်ကို အသားပေး ပြင်ဆင်လာကြတာ တွေ့ရပါတယ်။ စတိုင်လ်ရှိမှ စတားဖြစ်မယ် ဆိုသလိုပေါ့ရှင်။ ဒီဘက်ခေတ်က အမျိုးသမီး လုပ်ငန်းရှင်တွေ၊ မိန်းမပျိုလေးတွေ၊ မော်ဒယ်လ် အစရှိသူတွေဟာလည်း လှဖို့ထက် စတိုင်လ်ကျဖို့ကို ပိုဦးစားပေး ပြင်ဆင်လာ ကြတယ် မဟုတ်လား။ နောက်ပြီးတော့ အမျိုးသမီး တွေအတွက် ပွဲတက်ဖက်ရှင် ဆိုတာလည်း အရေးကြီးလို့ လာပြန်ပါတယ်။ ဒင်နာသွားတာ၊ မိတ်ဆုံစားပွဲ သွားတာ၊ ဧည့်ခံပွဲ အစရှိတာတွေကိုလည်း လူမှုရေးအရ သွားလာနေရတော့ အဲဒါတွေအတွက် ၀တ်ဖို့ စားဖို့ကိုလည်း အရေးတစ်ကြီး ပြင်ဆင်ရပါသေးတယ်။ ကျွန်မ သတိထားမိသလောက် မြန်မာနိုင်ငံမှာသာမက၊ ကမ္ဘာပေါ်မှာပါ နောက်ပိုင်း ပွဲတက်ဖက်ရှင်တွေဟာ ဂါဝန်တွေပဲ ဖြစ်လာတာကို တွေ့ရပါတယ်။ အဲဒီတော့ ကျွန်မလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ ဂါဝန်လေးတွေ အ၀တ်အစားလေးတွေ တွေ့ရင် ငါလည်း ပွဲတက်ရင် ဒီလိုဝတ်သွားမယ်လို့ စိတ်ကူးမိဖူးပါရဲ့။ ဒီဇိုင်းတွေကမိုက်၊ cutting တွေကလှ၊ အဲ ဈေးကလည်း မိုက်မှမိုက် ပါပဲ။ ခု ဖော်ပြထားတဲ့ ပုံလေးတွေကတော့ ကျွန်မ နှစ်သက်မိတဲ့ စတိုင်လ်လေးတွေကို ဖော်ပြထားတာပါ။ လူတစ်ယောက် အကြိုက် တစ်မျိုးပေါ့နော်….

Photobucket

Photobucket

Photobucket

Photobucket

Photobucket

Photobucket

Photobucket

What Brand Executive is! (2)

Standard

မမခွန်မြလှိုင် ရေးခိုင်းတဲ့ ပိုစ့်လေး တစ်ခုဖြစ်တဲ့ What Brand Executive is! ဆိုတဲ့ ပိုစ့်လေးကို ကျွန်မ ပြီးအောင် မရေးပဲ တစ်ပိုင်းတစ်စနဲ့ ရပ်ထားခဲ့တာ ဖတ်ဖူးတဲ့ သူတွေ မှတ်မိကြလိမ့် ဦးမယ်ထင်ပါတယ်။ ရပ်ထားခဲ့တဲ့ အချိန်ကာလကလည်း တော်တော်ကြာခဲ့ပြီမို့ ကျွန်မရဲ့ Brand Executive တစ်ယောက်အကြောင်း ဒုတိယ ပိုင်းလေးကို ဆက်ပါရစေ။ ပထမ ရေးတာကို ဖတ်ချင်တဲ့ သူတွေကတော့ ဒီနေရာ လေးမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

ဒီတစ်ခေါက် ပြောရမှာကတော့ ဈေးကွက်ထိုးဖောက်နည်းဖြစ်တဲ့ Marketing အကြောင်းကို ပြောရမှာပါ။ အဲဒီတော့ ဒီဘလောဂ့်ကို လာဖတ်တဲ့ သူတွေထဲမှာ Marketing ကိုအထူးပြုနေတဲ့ သူတွေလည်း ပါရင် ပါပါလိမ့်မယ်။ ကျန်တဲ့သူတွေကကော Marketing ဆိုတာကို ဘယ်လို နားလည်ပါသလဲရှင်။ တော်တော်များများကတော့ Marketing ကို selling နဲ့ မှားယွင်းယူဆတတ်ကြပါတယ်။ ဈေးကွက်မှာ ပစ္စည်းရောင်တာပေါ့။ ရောင်းတယ်ဆိုတာ ပစ္စည်းရှိမှ ရောင်းလို့ရတာပါ။ Marketing လုပ်တယ်ဆိုတာကတော့ ပစ္စည်း မရှိခင်ကတည်းက Brand တစ်ခုကို တည်ဆောက်တာ၊ customer value တစ်ခုကို တည်ဆောက်တာတွေ အပြင်၊ ကြော်ငြာခြင်းနဲ့လည်း အနည်းငယ် သက်ဆိုင်နေပါသေးတယ်။ Marketing Guru တစ်ယောက်ဖြစ်တဲ့ Phillip Kotler ရဲ့ အဓိပ္ပာယ်ဖွင့်ဆို ချက်ကို ပြောရမယ်ဆိုရင်….

“Marketing is the set of human activities directed at facilitating and consummating exchanges.”
– Philip Kotler (“Marketing Management”)

တစ်ချို့ကလည်း ဒါမျိုးပြောကြပါတယ်…

Marketing is a societal process which discerns consumers’ wants, focusing on a product or service to fulfill those wants, attempting to move the consumers toward the products or services offered.

နောက် ပညာရှင်တွေလည်း အများကြီး ဖွင့်ဆိုကြတာကို တွေ့ဖူးပါတယ်။ ကျွန်မ ဆရာတစ်ယောက် ပြောသလိုပေါ့။ ကိုယ်နားလည်တာကို ကိုယ်ပြော။ တစ်ချိန်ချိန် ကိုယ်နာမည်ကြီး အောင်မြင်လာတဲ့အခါ ကိုယ့်ရဲ့ အပလာ စကားတွေတောင် သမိုင်းတွင်လိမ့်မယ်တဲ့။ ကဲ ရှင်တို့ရော Marketing ကို ဘယ်လိုမျိုး အဓိပ္ပာယ် ဖွင့်ဆို ချင်ကြပါသေးလဲ….. ???

ဒါကတော့ ကြုံတုန်းလေး Marketing အကြောင်းကို ပြောပြတာပါ။ တစ်ကယ်တမ်းသာ ပြောကြစတမ်းဆိုရင် Marketing ဆိုတာ သိမ်မွေ့နက်နဲ့ပြီး ခက်ခဲတဲ့ ပညာရပ်တစ်ခုမို့လို့ ပိုစ့်လေးတစ်ခု တင်ရုံလောက်နဲ့တင် မလုံလောက်နိုင်ပါဘူးရှင်။ ကျွန်မလုပ်ခဲ့ရတဲ့ Marketing ပိုင်းကတော့ နည်းပါတယ်။ ကျွန်မတို့ရဲ့ Brand က Hair Product တစ်ခု ဖြစ်တာကြောင့် ဒီဟာကိုဝယ်နိုင်မယ့်၊ ဒီဟာကို ရောင်းချင်မယ့် သူတွေဆီ အဓိက သွားရပါတယ်။ ဈေးကွက်မှာ နာမည်ရပြီးသား Hair Products တွေလည်း အထိုက်အလျောက် ရှိနေပြီး ဖြစ်တာကြောင့် ပစ္စည်းသစ်တစ်ခုကို ထိုးဖောက်ရတာ နောက်ကနေ ကြော်ငြာအား မလိုက်နိုင်ဘူးဆိုရင် အတော်လေးကို ခက်ခဲတဲ့ ကိစ္စရပ်တစ်လု ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အားနည်းချက်ကကျတော့ Advertising Budget အလွန်နည်းပါးတာကြောင့် ကျွန်မတို့ ကြော်ငြာ များများ မလိုက်နိုင်ပါဘူး။ အဲဒီတော့ customer တွေနဲ့ တိုက်ရိုက် ထိတွေ့နိုင်မယ့် နေရာမျိုးဖြစ်တဲ့ Beauty Salon တွေ၊ ကိုထိုက် (Smile) တို့လို နာမည်ကြီး Hair Stylist တွေရဲ့ အကူအညီကို ရယူရပါတယ်။ ဒီနေရာမှာလည်း အခက်အခဲတွေ ရှိနေပြန်ပါတယ်။ London မှာရှိတဲ့ ကျွန်မတို့ရဲ့ Head Quarter က ချမှတ်ပေးထားတာက TONI&GUY သည် သူများ ဆလွန်းအောက်ကို မ၀င်ရပါဘူး။ Supermarket တွေမှာပဲ ရောင်းရမယ်ဆိုတဲ့ rules and regulations တွေ သတ်မှတ်ထားတော့ ကျွန်မ အနေနဲ့ အခက်အခဲတွေ အများကြီး တွေ့ရပါတယ်။ ကြော်ငြာအားကလည်း မလိုက်နိုင်တော့ World No.1 Hair Product တစ်ခု မြန်မာပြည်မှာ မပေါက်နိုင်တာဟာ အချိန်တိုအတွင်းမှာတော့ မဖြစ်နိုင်တာဟာ အံ့သြစရာ မဟုတ်ပါဘူးရှင်။

အဲဒီတော့ ဒီ ပစ္စည်းကို Marketing လုပ်ဖို့အတွက် ကျွန်မအနေနဲ့ ရှဥ့်လည်းလျှောက်သာ၊ ပျားလဲစွဲသာတဲ့ နည်းလမ်းမျိုး ရှာရပါတယ်။ ဆလွန်းက လူတွေကိုလည်း ရောင်းချင်တယ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင် store တွေကိုလည်း လာရောက်ဝယ်ယူ စေချင်တယ်၊ Head Quarter ရဲ့ စည်းကမ်းတွေနဲ့လည်း ကိုက်ညီစေချင်တယ် ဆိုတော့ Beauty Salon တွေမှာ Discount Card တွေ ပေးတာမျိုး၊ နာမည်ကြီး Stylist တွေကို ကိုယ့်ရဲ့ ပစ္စည်းကို စပွန်စာပေးသုံးပြီး သူတို့ကမှ တစ်ဆင့် customer တွေကို ညွှန်ပေးခိုင်းတာမျိုး စတာတွေကို လုပ်ရပါတယ်။ မြန်မာပြည်က လူတွေရဲ့ ဆိုက်ကို ကလည်းတစ်မျိုးရှင့်။ Color Cosmetic လိုမျိုးတွေကျတော့ မျက်နှာမှာ လိမ်းလိုက်ရင် လှနေတာကို ချက်ချင်းမြင်ရတယ်။ ခေါင်းလျှော်ရည်လိုမျိုး product ကကျတော့ တစ်ခါလျှော်ရုံနဲ့ ဆံပင်က ချက်ချင်း လှလာတတ်ကြတာမျိုး မဟုတ်တော့ သူတို့ကို trust ရှိအောင် လုပ်ရတာ ခက်ခဲလှပါတယ်။ ပြီးတော့ Branded Product ပီပီ ဈေးကလည်းကြီးသေးတော့ စမ်းသုံးကြည့်မယ် ဆိုတဲ့ သူမျိုးကတော့ ရှားပါတယ်ရှင်။

ဒီမှာ နာမည်ကြီးနေတဲ့ ပစ္စည်းတွေဟာ TVC တွေ၊ မင်းသား မင်းသမီးတွေရဲ့ ထောက်ခံပြောဆိုမှုတွေ၊ Hair Stylist တွေရဲ့ လမ်းညွှန်မှုတွေ အပြင် ဈေးသက်သက် သာသာနဲ့ လူတိုင်း တတ်နိုင်ကြတဲ့ ပစ္စည်းမျိုးတွေ ဖြစ်ကြပါတယ်။ အဲတော့ ကျွန်မအနေနဲ့ ဒါတွေနဲ့ ပြိုင်ဆိုင်နိုင်အောင် Promotion တွေ များများလုပ်၊ တစ်ခြား နေရာတွေမှာ X-Stand တွေထောင်၊ email marketing လုပ်နဲ့ ကြော်ငြာ Budget မရှိတဲ့ကြားက ကိုယ့်ပစ္စည်းကို လူသိအောင် လုပ်ရပါတယ်။ တစ်ချို့ နိုင်ငံခြားက ပြန်လာတဲ့ သူတွေကျတော့ TONI&GUY မှ TONI&GUY ဆိုပြီး ဖြစ်နေကြတဲ့ သူတွေကို တွေ့ဖူးပါတယ်။ သူတို့ကို ကျတော့လည်း အာပေါက်အောင် ပြောစရာမလိုပဲ ရောင်းလိုက်ရတာမျိုးတွေ ရှိတာပေါ့နော်။ တစ်ခြားသူတွေကို ကျတော့ ရှန်ပူလေး တစ်ပုလင်း ရောင်းရဖို့ အရေး မနည်းကို တိုက်တွန်းပြောဆိုရတယ် အမရေလို့ ကျွန်မရဲ့ sales girls တွေ ညည်းနေကြတာလည်း ရှိပါတယ်။

ပြောချင်တာကတော့ Marketing လုပ်တယ်ဆိုတာ အပြောလေး ချိုရုံ၊ စကားလေး ကြွယ်ရုံနဲ့ လုပ်လို့ရတာ မဟုတ်ပါဘူး။ customer တစ်ယောက်ဟာ ကိုယ့်ရဲ့ brand အပေါ်မှာ ယုံကြည်မှု တစ်ခု ရရှိလာအောင်၊ ရောင်းအားလည်း တက်အောင်၊ brand တစ်ခု ဈေးကွက်အလယ်မှာ နာမည်ရလာအောင် ကိုယ့်လက်ထဲမှာ ပစ္စည်းမရောက်ခင်ကတည်းက ကြိုတင်လုပ်ဆောင်ထားရတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်ရှင်။ Advertisng နဲ့ Branding အကြောင်းကိုလည်း ဆက်လက်ရေးသား ပေးပါအုံးမယ်ရှင်။

Thanlwin Magazine is Back Online!!

Standard

သံလွင်မဂ္ဂဇင်း အတွဲ (2)၊ အမှတ် (1) ထွက်ပေါ်လာပါပြီ ဆိုတဲ့ အကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေ။ သံလွင်ကို ချစ်တဲ့၊ သံလွင်ကို မျှော်လင့်နေတဲ့ သံလွင်ရဲ့ စာဖတ် ပရိတ်သတ်တွေ အတွက်၊ သံလွင်ရဲ့ မောင်နှမတွေကလည်း အားတက်သရော ကြိုးစား ဖန်တီး ပေးထားကြပါတယ်ရှင်။ စာဖတ်သူတွေ အကြိုက်တွေ့စေမယ် ကာတွန်း၊ အက်ဆေး၊ အင်တာဗျူး၊ ကဗျာ၊ ၀တ္ထုတွေ အပြင် တစ်ခြား ပါနေကျ ကဏ္ဍလေးတွေနဲ့ ဝေေ၀ ဆာဆာ ဖော်ပြထားတဲ့ ဒီမဂ္ဂဇင်းကို
သံလွင်အိပ်မက်
မှာ သွားရောက် ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ ရှင်!!!!

Online Advertising

Standard

အိုင်တီခေတ်ရယ်လို့ ရေပန်းစားလာတဲ့အချိန်၊ အင်တာနက်တွေ ဖောဖောသီသီ သုံးလာကြတဲ့ အချိန်မှာ Internet Marketing ဆိုတာဟာလည်း ခေတ်သစ် စီးပွားရေးလောကမှာ ချက်ချင်းကြီးဆိုသလို ခေတ်စားလာခဲ့တဲ့ ဈေးကွက် ထိုးဖောက်နည်း တစ်ခုဖြစ်ပါတယ်။ ဝေးဝေး မကြည့်ပါနဲ့။ တစ်ချို့ blogger တွေတောင် Google Ad sense လိုဟာမျိုးတွေကို side bar မှာ ထည့်ထား တတ်ကြသေးတယ် မဟုတ်လား။ ဘယ် website ကို ၀င်ဝင် အဲဒါနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ကြော်ငြာလေးတွေကိုတော့ တစ်ခုစ နှစ်ခုစ ဆိုသလို တွေ့နေရတတ်ပါတယ်။ proxy ဆိုဒ်တွေမှာ ဆိုရင်တော့ ကြော်ငြာတွေ များမှ များပေါ့။

ဒီလို Internet Marketing လုပ်ကြတာဟာ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ဘယ်လောက် တွက်ချေကိုက်သလဲတော့ မသိပါဘူး။ လက်ခံရရှိတဲ့သူတွေကတော့ တစ်ခါတစ်လေ မလိုလားအပ်တဲ့၊ ကိုယ်နဲ့ မသက်ဆိုင်ဘူးလို့ ခံစားရတဲ့ ကြော်ငြာမျိုးဆိုရင် တော်တော်လေးကို စိတ်အနှောင့် အယှက်ဖြစ်စရာ ကောင်းပါတယ်။ နောက်တစ်ခုက တစ်ချို့သူတွေဆိုရင် ကြော်ငြာထားတဲ့ အရာတွေကို ယောင်လို့တောင် ကလစ် မနှိပ်ကြတော့ ကြော်ငြာရှင်တွေ အနေနဲ့ ဘယ်လောက်ထိ အကျိုး သက်ရောက်မှု ရှိလဲ ဆိုတာ စဉ်းစားစရာ အချက်တော့ ဖြစ်လာပါတယ်။ ကျွန်မတောင် တစ်ခါတစ်လေ email marketing လုပ်တာ ဆဲတဲ့စာတွေ၊ ဒေါသတစ်ကြီး ပြန်လာတဲ့ reply တွေကို လက်ခံရရှိပါသေးတယ်။

ကဲ.. ဒီလိုမျိုး အခြေအနေမှာတောင် အင်တာနက် ပေါ်မှာ ကြော်ငြာတွေ အားကောင်းတာတာ၊ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ဒါကို မဖြစ်မနေ လုပ်ရမယ့် Advertising တစ်ခု အနေနဲ့ လက်ခံ ကျင့်သုံးလာကြတာဟာ ဘာကြောင့်ပါလဲရှင်။ သူ့မှာလည်း ကောင်းကွက်လေးတွေ ရှိနေလို့ပေါ့။ အဲဒီတော့ Marketing ကို စိတ်ဝင်စားတဲ့ သူတွေ၊ Internet Marketing လုပ်ချင်နေကြတဲ့ သူတွေအတွက် ဒါဟာ ဘယ်လို ကောင်းကျိုးတွေများ ရှိနေလဲ ဆိုတာကို ကြည့်ကြရအောင်နော်။

1. Reach to you targeted customers!.. ခုနောက်ပိုင်းမှာ လူတော်တော်များများဟာ သူတို့ရဲ့ အချိန်တော်တော်များများကို အွန်လိုင်းပေါ်မှာပဲ ကုန်ဆုံးတတ်ကြပါတယ်။ တစ်နေ့ တစ်နေ့ အီးမေလ်း စစ်တာ၊ အင်တာနက်ကြည့်တာ၊ ချက်တင် လုပ်တာတွေဟာ blah blah တွေရော၊ မဖြစ်မနေပါ သုံးနေရတဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ TV, Video ကြည့်တာ အစား အွန်လိုင်းကို အစားထိုး သုံးလာကြတော့ ဒီလူတွေဆီကို ရောက်ဖို့အတွက် အလွယ်ဆုံးနဲ့ အသက်သာဆုံး နည်းလမ်းတစ်ခုကတော့ Online Advertising ပဲ ဖြစ်ပါတယ်ရှင်။

2. Involve customers with your brand!…. တစ်ချို့သူတွေဟာ အွန်လိုင်း အသုံးပြုနေရင်းနဲ့ပဲ ကိုယ်နှစ်သစ်တဲ့ Brand တစ်ခုရဲ့ ကြော်ငြာတွေကို ကလစ်တွေခေါက်ကြည့်၊ ကြိုက်ရင် အဲမှာပဲ တစ်ခါတည်း အရောင်းအ၀ယ် လုပ်ဖြစ်သွားတာလေးတွေ ရှိတတ်ပါတယ်။ လူတွေအတွက် အချိန်ကို ချွေတာနိုင်တာပေါ့လေ။ ကိုယ်နှစ်သက်တဲ့ ပစ္စည်းတစ်ခုကို မအားတဲ့ ကြားက တစ်ကူးတစ်က သွားဝယ် ရတာထက်စာရင် အွန်လိုင်းမှာ ကြုံတုန်းလေး ၀ယ်လိုက်၊ ကြည့်လိုက်တာမျိုးတွေ လုပ်နေတတ်ကြတာကြောင့် Online Ads ဟာ ထိရောက်မှု ရှိနိုင်ပါတယ်။

3. Enhance the performance of your other media!… ကျွန်မတို့တွေ Print Media တစ်ခုမှာ ကြော်ငြာမယ် ဆိုပါစို့။ စစချင်း ဒီဇိုင်းဆွဲရမယ်။ အဲတော့ design charges တွေ ရှိမယ်။ နောက်တော့ အဲဒီ print media ပေါ်တင်ဖို့အတွက် သူတို့တောင်းတဲ့၊ သူတို့ သတ်မှတ်ထားတဲ့ charges တစ်ခုကို ထပ်ပေးရမယ်။ နောက်ထပ် မီဒီယာ တစ်ခုမှာ ကြော်ငြာချင်ရင် နောက်ထပ် ပိုက်ဆံထပ်ကုန်မယ်။ အွန်လိုင်းမှာသာ ကြော်ငြာမယ်ဆိုရင် ကိုယ့်မှာလည်း website တစ်ခု တည်ဆောက်ပြီးသား ရှိနေရင် ကိုယ်ကြော်ငြာတဲ့ နေရာမှာ တစ်ခါတည်း လင့်ပေးလိုက်ရုံနဲ့ အကျိုးများစွာ ဖြစ်ထွန်းစေပါတယ်။ နောက်ပြီတော့ ဒီ design တစ်ခုတည်းကိုပဲ အကုန်အကျ မရှိတဲ့ email marketing လုပ်လို့ရသေးတော့ အကျိုးရှိတဲ့ ကုန်ကျမှု တစ်ခု ဖြစ်ပါတယ်ရှင်။

4. Achieve your marketing objective!.. ကျွန်မတို့တွေဟာ ခဲတစ်လုံးတည်းနဲ့ ငှက်တွေ အများကြီး ပစ်လို့ရပါတယ်။ Online Advertising လုပ်ခြင်းဟာ ကိုယ့်ရဲ့ ရည်ရွယ် ချက်ပေါင်းများစွာကို အကောင်အထည် ဖော်နိုင်ပါတယ်။ ကြော်ငြာလိုက်ရုံနဲ့ ကြော်ငြာကို ကြည့်တဲ့၊ လက်ခံရရှိတဲ့ သူတစ်ယောက်ဟာ ပစ္စည်းတစ်ခု ပေါ်မှာ awareness, interest, desire, action ဆိုတာတွေကို တစ်ခါတည်း ပြုလုပ်သွားနိုင်ပါတယ်။ ပြီးတော့ potential customers တွေကိုလည်း ရရှိလာနိုင်ပါ သေးတယ်။

5. Online is easier than ever to plan, buy and measure!…. ကိုယ့်ရဲ့ ကြော်ငြာကို လူဘယ်လောက်ကြည့်လဲ၊ ဒီနေ့ ကိုယ့် website ကို လူဘယ်လောက် ၀င်သွားလဲ ဆိုတာတွေဟာ တိုင်းတာရ လွယ်ကူတဲ့ အရာတွေပါ။ Print Media တစ်ခုမှာ Customer Group တစ်ခုကို Target ထားပြီး ကြော်ငြာလိုက်တယ်ပဲ ဆိုပါစို့။ ဒီ မီဒီယာကို ဘယ်သူတွေက ကြည့်သွားလဲ၊ customer reach ဘယ်လောက်ရှိလဲ ဆိုတာ တိုင်းတာရ ခက်ပါတယ်။ တိုးတက်လာတဲ့ အိုင်တီနည်းပညာတွေနဲ့ online advertising တစ်ခု ဘယ်လောက်ထိ အောင်မြင်၊ လူကြည့်များလဲ ဆိုတာ တိုင်းတာ နိုင်တာကလည်း ကျေနပ်စရာ ကောင်းတဲ့ အကျိုးကျေးဇူးပဲ မဟုတ်လား။

ကျွန်မ ရေးပြ ပြောပြခဲ့တာတွေ အပြင် နောက်ထပ် အားသာချက်တွေလည်း ရှိပါလိမ့်မယ်။ ၀မ်းနည်းစရာ ကောင်းတာကတော့ e-commerce မထွန်းကားသေးတဲ့၊ အိုင်တီ နည်းပညာတွေ မဖွံ့ဖြိုးသေးတဲ့၊ အင်တာနက်ဆိုတာကို ဖောဖောသီသီ မသုံးနိုင်တဲ့ မြန်မာပြည်မှာ ဒီလို online ads တစ်ခု ပြုလုပ်ခြင်းဟာ awareness ကို ဖြစ်စေတာကလွဲရင် ကျန်တဲ့ အကျိုးသက်ရောက် မှုတွေကတော့ နည်းပါး နေပါလိမ့်အုံးမယ်ရှင်။

My Thingyan Days, My Thingyan Review.

Standard

ဒီနေ့ မြန်မာနှစ်ဆန်း (1) ရက်နေ့ကို ရောက်လာလို့၊ နှစ်သစ်ချိန်ခါကို ကူးပြောင်းလို့ လာပြန်ပါပြီ။ မြန်မာတို့ရဲ့ မင်္ဂလာရှိသော နှစ်သစ်မှာ၊ ကျွန်မတို့ မြန်မာနိုင်ငံ သားတွေအားလုံး မင်္ဂလာရှိနိုင်ကြပါစေလို့ တောင်းဆု ပြုပါရစေရှင်။ နှစ်သစ်ကို ကူးပြောင်းခြင်းရဲ့ အမှတ်အသားဖြစ်တဲ့ မြန်မာ့ရိုးရာ သင်္ကြန်ဟာလည်း ပျော်ရွှင်စွာပဲ အဆုံးသတ်ခဲ့ပါတယ်။ ပျော်ရွှင်စွာ အဆုံးသတ်ခဲ့တယ်လို့ပဲ ပြောပါရစေ။ ဘာကြောင့်လဲ ဆိုတော့ တစ်နှစ်ပတ်လုံး ရုန်းကန် လှုပ်ရှား လုပ်ကိုင်ခဲ့ရသမျှ သင်္ကြန်ကာလလေးမှာ လူတိုင်းလူတိုင်း အနားယူ၊ ကုသိုလ်ပြုနဲ့ အများစုဟာ ပျော်ပျော်လေး ဖြတ်သန်းနေကြလို့ပါပဲ။ သင်္ကြန်ဆိုတာ ပင်ပန်းမှုကို ဖြေဖျောက်နိုင်တဲ့ စိတ်ရဲ့ ထွက်ပေါက်တစ်ခု ဖြစ်တယ်လို့ ကျွန်မက ပြောရင်လည်း လက်ခံနိုင်ကြမယ်ထင်ပါတယ်။

ကျွန်မရဲ့ သင်္ကြန်နေ့ရက်တွေကရော ဘယ်လိုလဲ၊ ပင့်ဂိုလ်းတစ်ယောက် သင်္ကြန်ကို ဘယ်လို ဖြတ်သန်းခဲ့လဲ သိချင်ကြမှာပေါ့။ မေးချင်ကြမှာပေါ့။ တစ်ကယ်တော့ အကြတ်နှစ်ရက် ထပ်တဲ့ 5 ရက်တာ သင်္ကြန်ငာလဟာ ကျွန်မ အတွက်တော့ ခြောက်သွေ့လုနီးနီး ဖြစ်ခဲ့ပါတယ်။ အတက်နေ့ တစ်ရက်လေးပဲ ကျွန်မ အပြင်ထွက် ပျော်နိုင်ခဲ့တာပါ။ သင်္ကြန်အကြိုနေ့ကတည်းက ကျွန်မ နေမကောင်း ဖြစ်နေခဲ့တော့ ဘယ်လိုလုပ် ပျော်နိုင်တော့မှာလဲနော်။

ကျွန်မရဲ့ အကုသိုလ်တွေ အကျိုးပေးတာလား၊ အကြောင်းတရားကပဲ တိုက်ဆိုင်လွန်းလှတာလားတော့ မသိဘူးရှင်။ အခါကြီး ရက်ကြီးမှာ နေမကောင်းဖြစ်တာကတော့ ကျွန်မအတွက် တော်တော်လေးကို မကောင်းတာပါ။ အကြိုနေ့ကတည်းက သွားတွေ သေလောက်အောင် ကိုက်နေပြီး၊ အကျနေ့မှာတော့ အဖျားပါ ၀င်လာတော့တယ်လေ။ သွားကိုက်ပြီး သွားဖုံးရောင်တဲ့ အရှိန်ကြောင့် ပါးကလည်း ရောင်ကိုင်းနေတာမှ ဘယ်လိုမှကို မြင်မကောင်းပါဘူး။ သင်္ကြန်ရက်အတွင်း ဆေးခန်းတွေကလည်းပိတ်တော့ ကျွန်မတစ်ယောက် အိမ်ထဲမှာပဲ ဝေဒနာကို ဆေးသောက်ရင်း ကုရတော့တာပေါ့။ ဒေါက်တာ ရမ်းကု ဆိုတဲ့ ဘွဲ့ကို သင်္ကြန်ကာလအတွင်း ကိုယ့်ကိုကိုယ့် ရဲရဲကြီး နာမည်ပေးလိုက်တော့တယ်။ လမ်းထိပ် ဆေးဆိုင်ကနေ အကိုက်အခဲ ပျောက်ဆေးတွေ၊ အရောင်ကျဆေးတွေ၊ အဖျားပျောက်ဆေးတွေကို ဗမာဆေးရော၊ အင်္ဂလိပ်ဆေးပါ အကုန်ဝယ်ပြီး သောက်လိုက်တော့တာပါပဲ။ မောရိယ မန်းဆေးတွေကိုလည်း ပါးမှာ လိမ်းထားတာ ၀ါထိန်ပြီး တော်တော်ကို ရီချင်စရာ ကောင်းနေပါသေးတယ်။ သင်္ကြန် ဒုတိယ အကြတ်နေ့ရောက်တော့ ဆေးတွေကပဲ တန်ခိုးပြတာလား၊ ကောင်းချင်လို့လားပဲ မသိတော့ဘူး၊ ကျွန်မ နည်းနည်းလေး ထူထူထောင်ထောင် ဖြစ်လာတယ်လေ။

နည်းနည်းလေး နေကောင်းလာတဲ့ ကျွန်မ၊ ရှေ့ရက်တွေက ဘာမှ မလုပ်ဖြစ်ခဲ့တာကို အငြိုးထားပြီး သင်္ကြန်နောက်ဆုံးနေ့မှာ ပျော်ပျော်ကြီး ကဲလိုက်ပါသေးတယ်။ ဒါတောင် မနက် အိမ်က ထွက်ချိန်မှာ ကိုယ်နည်းနည်းပူပြီး၊ ပါးရောင်တာကလည်း မပျောက်သေးဘူးလေ။ မတတ်နိုင်ဘူးရှင့် ဒီနေ့မှ မထွက်ရရင် မနက်ဖြန်ဆိုတာ မရှိတော့ဘူး၊ ဘုန်းကြီးကျောင်းသွားဖို့လည်း စိတ်သိပ်မပါတာနဲ့ ဘာညာတို့၊ ဒီမိုတို့၊ ကိုဘလာဂေါက်တို့နဲ့ တူတူ ရေပက်ခံ ထွက်တော့တာပေါ့။ ဒီမှာတင် ကျွန်မရဲ့ Thingyan Review ရေးဖို့ အကြောင်း ဖန်လာတော့တာပေါ့။

Thingyan Review

ကျွန်မ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ ယဉ်ကျေးမှု မှတ်တိုင်တစ်ခု၊ ရိုးရာပွဲတော် တစ်ခုပါ။ တစ်နိုင်ငံလုံး စိတ်လွတ် ကိုယ်လွတ် ပျော်ကြတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပျော်တယ်ဆိုတာလည်း ပျော်တတ်မှ ရသလို၊ မပျော်တတ်ရင်တော့ ဘေးတစ်ခုခုနဲ့ ကြုံမှာပါပဲ။ ကျွန်မပြောချင်တာကတော့ ဒါတွေကို အဓိကထား ပြောမှာ မဟုတ်ပါဘူး။ သင်္ကြန်မှာ ကျွန်မ တွေ့ခဲ့ မြင်ခဲ့တာလေးတွေကို ပြန်လည် ဖောက်သည်ချချင်တာလေးပါ။

စစချင်း ပြောချင်တာကတော့ ကောင်မလေးတွေပါပဲ။ မြန်မာ မိန်းကလေးတွေပေါ့။ ပြောင်းလဲ လာတဲ့ ခေတ်ရေစီးကြောင်းနဲ့ အညီ၊ နေထိုင်ဝတ်စားမှု စရိုက်တွေ ပြောင်းလဲလာတာကို လက်ခံလို့ ရပါတယ်။ ဒါပေမယ့် အများအမြင်မှာ မရိုင်းရလေအောင် ပြောင်းလဲတာကတော့ အသင့်တော်ဆုံး ဖြစ်မယ်ထင်ပါတယ်။ ၀တ်တာ စားတာ၊ နေတာ ထိုင်တာတွေဟာ မိန်းကလေး တစ်ယောက်အနေနဲ့ ဆင်ခြင်သင့်တဲ့ အရာတစ်ခုပါ။ သင်္ကြန်ပဲ တစ်နှစ်မှ တစ်ခါကဲရတာ၊ နေချင်သလို နေမယ်ဆိုရင် ကဲ ဘာဖြစ်မလဲ။ ခေတ် ပေါ်စကားနဲ့ ပြောရရင် ယောင်္ကျား သားအပေါင်းကို အလှူပေးသလို ဖြစ်သွားတာပေါ့။ ဒီနှစ် မိန်းကလေးတွေ ၀တ်တာစားတာ တော်တော် လွန်ပါတယ်။ အောက်ပိုင်းမှာ တိုပြတ်နေအောင် ၀တ်ထားသလို၊ အပေါ်ပိုင်းမှာလည်း အလယ်တစ်ဝိုက်လောက်ကိုပဲ လုံရုံဖုံးထား ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် မဏ္ဍပ်ထိုင်တဲ့ ကောင်မလေးတွေပေါ့။ လက် ငြိမ်ငြိမ်နေတတ်တဲ့ ကောင်လေးတွေနဲ့တွေ့ရင်တော့ ပြသနာ မရှိလောက်ပေမယ့်၊ အဲ တစ်ချို့တစ်ချို့သော ကိုကို ကာလသားများနဲ့ဆိုရင်တော့ မတွေးရဲ စရာလေးတွေပါ။ အမှန်အတိုင်း ပြောရရင် ဒီအချိန်မှာ ကောင်လေး တော်တော်များများကလည်း မူးနေကြတော့၊ မိန်းကလေးတွေကို ငမ်းနေကြတော့ supply=demand ဖြစ်သွားမှာ အသေအချာပါပဲ။

နောက် တစ်ခုက သင်္ကြန်မှာ မပါ မပြီးတဲ့ အရက်ပါ။ မပါ မပြီးတဲ့ ဘီယာပါ။ ဘယ်လောက်ပဲ မူးအောင် သောက်သောက် ကိုယ့်ကိုကိုယ် ထိန်းနိုင်တယ်ဆိုရင် ပြသနာ မရှိပါဘူး။ အရက်သောက်တာလည်း သင်္ကြန်ရိုးရာ လို့တောင် ပြောရမလို ဖြစ်နေပြီရှင်။ ဆယ်တန်း ကျောင်းသား အရွယ် လောက်ကနေ အသက် 60 လောကိထိက အရက်ကလေး တစ်မြမြနဲ့။ ကလိုက်ကြ၊ ခုလိုက်ကြ၊ ဆိုလိုက်ကြနဲ့ ပျော်စရာတော့ ကောင်းပါတယ်။ ကျွန်မ ပြောချင်တာက ယောင်္ကျားလေးတွေ မူးနေလို့ ဘာမှ မဖြစ်ပါဘူး။ မိန်းကလေးတွေ မူးနေတာ၊ လမ်းဘေး ပလက်ဖောင်းပေါ်မှာ ကောင်မလေးနဲ့ ကောင်လေးနဲ့ မူးပြီး ပြဲကွဲနေတာတွေဟာ ဆင်ခြင်သင့်တဲ့ အရာလေးတွေလို့ ထင်မြင်မိပါတယ်။ လူမြင်ကွင်းကြီးမှာ ကြည့် မကောင်းဘူးမဟုတ်လားရှင်။

ဒီနှစ် သင်္ကြန်မှာ မဏ္ဍပ် နည်းပါတယ်။ အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းတို့ လောက်မှာပဲ မဏ္ဍပ်နည်းနည်း စိတ်ပါတယ်။ ကျန်တဲ့ နေရာတွေမှာတော့ တစ်ခုစ၊ နှစ်ခုစ လောက်ပါပဲ။ များတာကတော့ ကလေးတွေ၊ ရပ်ကွက်ထဲက လူငယ်တွေရဲ့ ခွက်စောင်း မဏ္ဍပ်တွေပေါ့။ မဏ္ဍပ်မှာ ရေပက်ဖို့ လက်မှတ်တွေကလည်း ခေတ်နဲ့အညီ ဈေးကြီးလို့လာပါတယ်။ မီးက မလာဘူးဆိုတော့ မဏ္ဍပ် Organizer တွေလည်း ရေမပြတ်လပ်ရေးအတွက် ကြံဖန်ရမှာမို့ ဟိုစရိတ်၊ ဒီစရီတ်တွေနဲ့ ဈေးကိုမြင့်လိုက်ကြမှာပေါ့လေ။ နှစ်တိုင်း စည်ကားနေကျ ပြည်လမ်းမှာလည်း မဏ္ဍပ်ဆောက်ဖို့ ပါမစ်မပေးတော့ပါဘူး။ ရေပက်ခံ ကားတွေ အရမ်းများပြီး မဏ္ဍပ်နေရာတွေက တစ်အားနည်းတာကြောင့် လမ်းတွေလည်း ပိတ်၊ ကားတွေက ကျပ်နေတာ တစ်နေရာထဲမှာတင် သုံးနာရီလောက် ကြပါတယ်။ အဆိုတော်တွေ ရှိတဲ့ မဏ္ဍပ်မှာဆို လူတွေရော၊ ကားတွေရော ပိတ်နေတာ တော်တော်ကြာအောင် မထွက်နိုင်ပါဘူးရှင်။ တစ်ချို့ကလည်း အဲနေရာမှာတင် မူးရမ်းပြီး ရန်ဖြစ်ကြတာတွေလည်း ရှိပါသေးတယ်။ မြင်ကွင်းကတော့ တော်တော်စုံတာပေါ့ရှင်။ အမျိုးစုံအောင် တွေ့နေရတယ်လေ။

သင်္ကြန်မှာ ပျော်ကြ ပါးကြ မူးကြတာ ပြသနာ မရှိပေမယ့်၊ ရန်မဖြစ်အောင် ထိန်းနိုင်ရင်၊ အပျော်မလွန်အောင် နေတတ်ရင်တော့ အကောင်းဆုံးပဲ ဆိုတာကို ထပ်ပြောလိုက်ပါရစေရှင်။

သြော် နောက်ဆုံး သတင်းကတော့ ပင့်ဂိုလ်းတစ်ယောက် မနေ့က သင်္ကြန်လည်စဉ်က တက္ကသိုလ်ရိပ်သာ လမ်းမှာ 4 နာရီလောက် ကြာကြာ ကားတွေ ပိတ်နေတုန်းမှာ အဲနေရာမှာပဲ မဏ္ဍပ်က လူတွေ၊ တစ်ခြား ကားပေါ်က လူတွေ၊ ကိုယ့်ကားပေါ်က လူတွေနဲ့ အပြိုင် 3 နာရီလောက် မနားတမ်း ကလိုက်တာ ခုချိန်မှာ ခြေတစ်ပေါင်ကျိုးဖြစ်ပြီး လမ်းလျှောက်ရတာ အနိုင်နိုင် ဖြစ်နေကြောင်းပါရှင်။

Mandalay Trip (April-2008)

Standard

ကျွန်မ မန္တလေးသွားတာ ဘလောဂ့်မှာ ကြော်ငြာထားလို့ လာဖတ်တဲ့ သူတွေလည်း သိကြရောပေါ့။ ကျွန်မ အလုပ်ကိစ္စလေး တစ်ခုရှိတာနဲ့ ကျွန်မရဲ့ General Manager နဲ့အတူ မန္တလေးကို 2 ရက်လောက် လိုက်သွားဖြစ်ပါတယ်။ ဒီတစ်ခေါက် ခရီးသွားရတာတော့ တန်တယ်ရှင့်။ ဘာကြောင့်လဲဆိုတော့ မမက ကျွန်မအရမ်းသွားချင်နေတဲ့ မန္တလေးတောင်ကို သူလည်းသွားချင်နေတော့ လိုက်ပို့ပေးတယ်လေ။ နောက်ပြီး ကျွန်မ တစ်ခါမှ မရောက်ဖူးတဲ့ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးလို့ မှတ်တမ်းတင် ခံထားရတဲ့ ကုသိုလ်တော် ဘုရားကိုလည်း ရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်မ ရောက်သွားချိန်မှာ မန္တလေးမြို့ ကြီး တော်တော်လေးကို စည်ကားနေပါတယ်။ သင်္ကြန်အတွက် ဈေးပွဲတော်တွေ၊ အထူး discount တွေနဲ့ ရောင်းချပေးနေတာတွေ ရှိတော့ ရောင်းသူ ၀ယ်သူတွေ စည်ကားလို့ နေလေရဲ့။

ပြီးတော့ ကျုံးတစ်လျှောက်မှာလည်း သင်္ကြန်မှာ ရေပက်ဖို့ မဏ္ဍပ်တွေ အပြိုင်အဆိုင် ဆောက်လုပ်နေကြပါတယ်။ ကျွန်မတောင် မန္တလေးမှာ သင်္ကြန်ကျချင်စိတ် ပေါက်သွားသေးတယ်။ မဏ္ဍပ်တွေမှ အများကြီးပါပဲ။ ကျုံးရေတွေကလည်း ကြည်လင်နေတော့ ရေလောင်းခံရမယ့် သူတွေရော၊ ရေလောင်းမယ့် သူတွေ အတွက်ပါ အေးမြစေမှာ အမှန်အကန်ပဲ ဖြစ်မှာပါ။

Photobucket

Photobucket

Photobucket

ကျွန်မတို့ ရောက်သွားတဲ့ အချိန်မှာ မန္တလေးမြို့ကြီး တော်တော်လေးကို ပူလောင်နေပါတယ်။ မျက်နှာကို လေပူတွေ တိုက်တာများလေ မီစနဲ့ လာဟပ်သလိုပါပဲ။ ကျွန်မ အရင်တုန်းက သွားဖူးတာက ဆောင်းရာသီအချိန်၊ မိုးရာသီ အချိန်ဆိုတော့ မန္တလေး ဒီလောက်ပူမယ်မှန်း မသိခဲ့ပါဘူး။ ခုမှ တစ်ကယ် လက်တွေ့ကြုံရတာပါ။ လူတွေကလည်း နေပူကျဲတဲမှာ ဘာမှ မဆောင်းပဲ ဆိုင်ကယ် တစ်ဝီ၀ီနဲ့ သွားလာနေကြတာ သူတို့မှ အသား မမဲရင် ဘယ်သူတွေ အသားမဲအုံးမလဲနော်။ ဒါပေမယ့် သူတို့က အေးဆေးရှင့်။ သနပ်ခါးတွေ ပေါတယ် မဟုတ်လား။ ရွှေဘို သနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ၊ ဘယ်သူအသား မဲမဲ ၀ါဝါညက်ညက်ဖြူဆိုတာ အလကား စပ်ထားတဲ့ သီချင်းမှ မဟုတ်တာပဲ။ ကျွန်မတောင် မန္တလေးကနေ သနပ်ခါးတွေ ၀ယ်လာသေးတယ်။ နာမည်ကြီး ဒေါ်သီ သနပ်ခါးပေါ့။

Photobucket

မန္တလေးတောင်ကို ကားနဲ့တက်ရတာလည်း ပျော်စရာ ကောင်းပါတယ်။ တစ်ကယ်တော့ ကျွန်မက ခြေလျင်တက်ချင်တာပေါ့။ ဒါပေမယ့် အချိန်ကို ချွေတာသော အားဖြင့် ကားနဲ့ပဲ တက်ခဲ့ကြပါတယ်။ တောင်ပေါ်ကနေ မန္တလေးမြို့ကို မြင်ရတာ မြူတွေဆိုင်းပြီး လွမ်းစရာပါပဲ။ ခြစ်ခြစ်တောက် ပူနေတဲ့ နေ့လည်ခင်း ဖြစ်ပေမယ့် မြူတွေ ဆိုင်းနေတာဟာ လေထုကြောင့်ပဲ ဖြစ်မှာပေါ့နော်။

ကားနဲ့ တောင်ကို တက်ပြီးတော့ တစ်ခါ တောင်ထိပ်ကို စက်လှေခါးနဲ့တက်တယ်။ စက်လှေခါးနဲ့ လေးဆင့် တက်ရပါတယ်။

Photobucket

Photobucket

မန္တလေးတောင်ရဲ့ အထင်ကရ မြွေကြီး နှစ်ကောင်ရယ်၊ ဆုတောင်းပြည့်ဘုရားရယ်ကလည်း မန္တလေးတောင် ရောက်ရင် မလွဲမသွေ ဖူးရ တွေ့ရမယ့် အရာတွေ မဟုတ်ပါလားရှင်။

Photobucket

Photobucket

နောက်တော့ ကျွန်မတို့ ကုသိုလ်တော် ဘုရားဘက်ကို ခြေဦးလှည့်ခဲ့ကြပါတယ်။ ပိဋကတ် သုံးပုံကို ကျောက်စာများနဲ့ မှတ်တမ်းတင်ထားတဲ့ ဒီဘုရားကြီးဟာ အတော်လေးကို ထူးခြားပြီး ဘုရား ပရ၀ုဏ်ဟာလည်း ငြိမ်းချမ်းလှပါတယ်။ ဘုရားဝင်းထဲမှာ နှစ်ပေါင်း 250 ကျော်ရှိပြီဖြစ်တဲ့ ခရေပင်ကြီးလည်း ရှိပါသေးတယ်။ ကျောက်စာတွေကို ငုံပြီး တည်ထားတဲ့ စေတီ ဖြူဖြူလေးတွေကလည်း များပြားလွန်းပြီး သပ္ပာယ် လှပါတယ်ရှင်။

Photobucket

ဒါကတော့ နှစ်ပေါင်း 250 ကျော်ပြီ ဖြစ်တဲ့ ခရေပင်ကြီးပေါ့

Photobucket

ခရေပင်အောက်က ပိတောက် ချစ်သူတော့ မဟုတ်ဘူး။ ခရေပင်အောက်က ပင့်ဂိုလ်းပါရှင့်

Photobucket

နောက်တော့ ဘုရားကြီးကိုလည်း သွားခဲ့ပါသေးတယ်။ ဘုရားကြီးကတော့ မန္တလေးရောက်တဲ့ အခေါက်တိုင်းလိုလို သွားဖြစ်တော့ သိပ်ပြီး အထူး အဆန်းတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ဘုရားကြီးမှာ အရင်ကထက် အချိန်ကြာကြာ ပိုနေခဲ့ပါတယ်။ ဟိုကြည့်ဒီကြည့် ဟိုသွား ဒီသွားနဲ့ပေါ့။

အလေးချိန် ပိသာ 2000 ကျော်လေးတဲ့ ကြေးမောင်းကြီး ဖြစ်ပါတယ်

Photobucket

ဒါကတော့ ငါးကန်

Photobucket

အပြန်မှာ ကားပျက်လို့ တစ်နာရီလောက် ကြာအောင် လမ်းမှာ ရပ်နေခဲ့ရသေးတယ်

Photobucket

ရန်ကုန်ပြန်ရောက်တော့ ပင့်ဂိုလ်းတို့ ထုံးစံအတိုင်း ခရီးပန်းပြီး ဖျားတော့တာပေါ့။ ဒါပေမယ့်လည်း အကောင်း မနေရပါဘူး။ အလုပ်တော့ သွားလုပ်ရတာပါပဲ။ ဒီတစ်ခေါက်နဲ့ဆို ကျွန်မ မန္တလေးသွားတာ ခြောက်ခေါက်တောင် ရှိသွားပြီရှင့်။ မန္တလေးသူတောင် လုပ်လို့ရနေလောက်ပြီ။