Donation to the Victims at Kuwn Chan Kone

Standard

မေလ ၁၁ ရက်နေ့၊ တနင်္ဂနွေနေ့က ကျွန်မတို့တွေ ရန်ကုန်တိုင်းအတွင်းက လေဘေးကျရောက်မှု အဆိုးဝါးဆုံး ဒေသဖြစ်တဲ့ ကွမ်းခြံကုန်းမြို့မှာ ရှိကြတဲ့ ဒုက္ခသည်တွေကို သွားရောက် လှူဒန်း ခဲ့ကြပါတယ်။ အဲဒီနေ့က တစ်ကယ်တမ်း သွားမယ်လို့ ရည်ရွယ်ခဲ့တာက လှိုင်သာယာ မြို့နယ်ကိုပါ။ ဒါပေမယ့် ကွမ်းခြံကုန်းမှာ တော်တော် အခြေအနေဆိုးတယ်လို့ ကြားတာနဲ့ အဲဒီကိုပဲ ခရီးဆက်လိုက်ကြပါတယ်။ သွားခါစကတော့ အဲဒီဘက်မှာ လုယက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းကြောင့် နည်းနည်းတော့ လန့်မိပါတယ်။ ဒိုင်နာတစ်စီး၊ Publica တစ်စီး စုစုပေါင်း နှစ်စီးနဲ့အတူ ဆန်အိတ် 30 အိတ်၊ T-Shirt အထည် 200 နဲ့ ကိုယ့်မှာ ရှိတဲ့အ၀တ်အစား အဟောင်းတွေယူပြီး ထွက်လာခဲ့ကြတာပါ။ သူငယ်ချင်းတွေနဲ့ သွားရတဲ့ ခရီးလည်းဖြစ်တယ်၊ လှူရမယ်ဆိုတဲ့ စိတ်ကလေးကလည်း ရှိနေတဲ့အတွက် ဟိုကိုမရောက်ခင်ထိတော့ စိတ်ကလေးက ကြည်နူးလို့ပေါ့။

ရန်ကုန်ကို လွန်လာလို့ ပန်းလှိုင်တံတားကို ဖြတ်ကျော်ပြီးချိန်မှာတော့ မြင်ကွင်းတွေ တော်တော်ပြောင်းလဲ သွားပါတယ်။ လမ်းတစ်လျှောက်က ရွာကလေးတွေ လေမုန်တိုင်းကြောင့် အကုန်ပြိုလဲ ကြေကွဲ ဖြစ်နေကြပါတယ်။ ယိုင်နဲ့နဲ့လေးတွေ၊ ခေါင်မိုးမရှိတော့တဲ့ အိမ်တွေ၊ လုံးဝကို ပြိုလျက်သား ပုံလဲကျနေတဲ့ အိမ်တွေ.. အို….. အိမ်ကောင်းကောင်းဆိုတာ မရှိသလောက် ရှားပါးလှပါတယ်။ နေစရာ နေရာမရှိတဲ့ ရွာသူ ရွာသားတွေကတော့ ဘုန်းကြီးကျောင်းမှာ၊ နည်းနည်း ခပ်ကောင်းကောင်းလေး ကျန်ခဲ့တဲ့ အိမ်တွေမှာ၊ ဓမ္မာရုံတွေမှာ၊ လမ်းဘေး ဇရပ်တွေမှာ ဖြစ်သလို စုဝေးနေထိုင်ကြတာ တွေ့ရပါတယ်။ နေစရာကလည်းမရှိ၊ လုပ်ကိုင်စားစရာ အလုပ်ကလည်း ပျောက်နေတယ်ဆိုတော့ သူတို့ခမျာ အလှူရှင်တွေကို မျှော်လင့်နေကြရပါတယ်။ အစိုးရကတော့ ကယ်ဆယ်ရေး စခန်းတစ်ခုကို တစ်နေ့မှာ ဆန် နှစ်အိတ်နှုန်း ချပေးတယ်လို့ သိရပါတယ်။ သူတို့အဓိက အားထားရတာကတော့ ပုဂ္ဂလိက အလှူရှင်တွေဆီက လာလှူတဲ့ ဆန်၊ ကြက်သွန်၊ အာလူး၊ ခေါက်ဆွဲခြောက်၊ ဘီစကစ် စတဲ့အရာတွေ ဖြစ်ပါတယ်။

ကွမ်းခြံကုန်းမြို့ဟာလည်း တော်တော်လေးကို အခြေအနေ မလှပါဘူး။ စောစောက ပြောခဲ့သလိုပဲ အိမ်ကောင်းကောင်းဆိုတာ လုံးဝကို မရှိတော့ပါဘူး။ အဲဒီမှာတော့ ရွာဘက်တွေကနေ တက်လာတဲ့ ဒုက္ခသည်တွေကို တပ်မ ၇၇ က ဗျူဟာမှူးနဲ့ တစ်ခြား စစ်ဗိုလ်တွေက ဦးဆောင်ပြီး အလှူရှင်တွေရဲ့ ပစ္စည်းတွေကို ပေးဝေနေတာတွေ့ရပါတယ်။ ကျွန်မတွေ့ခဲ့ရသလောက်နဲ့ မေးမြန်းသိရှိခဲ့ရသလောက် အခြေအနေတွေကို ပြောပြရရင်တော့ အဲဒီဘက်မှာ စစ်တပ်က လာလှူတဲ့ ပစ္စည်းတွေကို ဒုက္ခသည်တွေဆီသို့ မှန်မှန်ကန်ကန် ပေးဝေနေပါတယ်။ အလှူရှင်တွေရဲ့ ပစ္စည်းတွေကို သူတို့ဆီမှာ အပ်ခဲ့ချင်ရင်လည်း ရသလို၊ ဒုက္ခသည်တွေကို ကိုယ်တိုင် ပစ္စည်းတွေ ပေးဝေချင်တယ်ဆိုရင်လည်း ခွင့်ပြုပါတယ်။ ကျွန်မတို့ကတော့ ပါလာတဲ့ ပစ္စည်းတွေကို ကိုယ်တိုင်ပဲ လှူခဲ့ပါတယ်။ Hall ခန်းကြီးတစ်ခု (ကွမ်းခြံကုန်း City Hall လို့ထင်တယ်) ထဲမှာ ဒုက္ခသည်တွေကို တန်းစီ စုဝေးစေပြီး တစ်ယောက်ချင်းစီ အလှည့်ကျ ပေးဝေခိုင်းပါတယ်။ သူတို့တွေခမျာ အလှူရှင်တွေကို ကျေးဇူးလည်းတင်၊ မျက်ရည်လည်းကျနဲ့ မြင်ကွင်းလေးကတော့ ၀မ်းနည်းစရာ ကောင်းလှပါတယ်။

မြို့ပေါ်မှာ လှူပြီးတော့ ကျွန်မတို့ တောဘက်ကို ဆက်သွားမယ်လို့ ရည်ရွယ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီဘက်က ချောင်းတွေ၊ လက်ကွင်းတွေ၊ လမ်းတွေမှာ အလောင်းတွေ ဒီအတိုင်းပဲ ရှိနေသေးတယ်၊ မရှင်းလင်းရသေးဘူး ဆိုတာနဲ့ ကျန်တဲ့သူတွေကလည်း ကြောက်နေကြတာလည်း ပါတာကြောင့် ဆက်မသွားခဲ့ပါဘူး။ ပါလာတဲ့ ဆန်အိတ်တွေကိုတော့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေအတွက်ရော၊ ဘုန်ကြီးတွေအတွက်ပါ စားသုံးနိုင်ဖို့အတွက် ဘုန်းကြီးကျောင်းတွေမှာ လှူဒန်းခဲ့ကြပါတယ်။ လမ်းမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေမှာလည်း တစ်ခုကို နှစ်အိတ်လောက်စီ ပေးခဲ့ပါတယ်။ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အနည်းဆုံးတော့ လူ ၁၀၀ ကနေ ၃၀၀ လောက်ထိ ခိုလှုံနေထိုင်ကြပါတယ်ရှင်။

ဒီနေရာမှ ကျွန်မတစ်ခုပြောချင်တာက ကျွန်မတို့ ပေးတဲ့၊ လှူတဲ့ ပစ္စည်းတွေဟာ ဒုက္ခသည်တွေ လက်ထဲကို တစ်ကယ်ရောက်မယ်ဆိုရင် စစ်တပ်ကိုပဲ ဖြစ်ဖြစ်၊ ဘုန်းကြီးကိုပဲ ဖြစ်ဖြစ် ပေးခဲ့သင့်ပါတယ်။ အဲဒီဘက်ကို သွားလို့ ကြုံခဲ့ရတဲ့ အတွေ့အကြုံအရဆိုရင်တော့ ဒုက္ခရောက်နေတဲ့ သူတွေကိုပဲ တိုက်ရိုက်ပေးတာ သိပ်မကောင်းလှပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ လူတိုင်းဟာ ငတ်ပြတ်နေတာ ဖြစ်တဲ့အတွက် လမ်းမှာ ပေးမယ်လို့ ကားရပ်လိုက်တာနဲ့ ကားနားကို အကုန်ဝိုင်းလာကြပြီး ပစ္စည်းတွေကို အတင်းဆွဲတော့တာပါပဲ။ ကားလမ်းတစ်လျှောက်မှာလည်း သူတို့ကို ဘာတွေများ ပေးမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ တစ်ရွာလုံးမှာ ရှိသူတိုင်း ထွက်ပြီး ရပ်စောင့်နေကြပါတယ်။ တစ်ချို့ကားတွေကတော့ ရပ်မပေးပဲ coffee mix, cereal, ဘီစကစ်၊ ခေါက်ဆွဲခြောက် စတဲ့အထုပ်တွေကို ဒီအတိုင်းကြီးကို ပစ်ချပေးခဲ့ပါတယ်။ အဲဒီတော့ ကျလာတဲ့ အထုပ်ကို ၀ိုင်းဆွဲကြ၊ လုယက်ကြနဲ့ မြင်ရတာ စိတ်ချမ်းသာစရာ မကောင်းလှပါဘူး။ အဲဒီအချိန်မှာ အဲလိုပစ်ချပေးခဲ့တဲ့ ကားတွေကိုလည်း ကျွန်မတော်တော် ဒေါသထွက်ပါတယ်။ ပေးတာတော့ ပေးတာ ဖြစ်ပေမယ့် အဲလိုပေးတာတော့ မကောင်းဘူးပေါ့ရှင်။ ဒါပေမယ့်လည်း သူတို့ဘက်က ပြန်တွက်ရင်တော့ ကားရပ်ရင်လည်း လူတွေဝိုင်းလာပြီး စားစရာတွေ အကုန်ဆွဲချတော့မှာကိုး။ အဲဒီတော့ ကယ်ဆယ်ရေးစခန်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ အားလုံးမပေးချင် မအပ်ချင်ခဲ့ကြတဲ့ စစ်တပ်ကို ကိုယ်ပေးချင်တဲ့ ပစ္စည်းလေးတွေ ပေးခဲ့၊ အပ်ခဲ့ပြီး စနစ်တစ်ကျ ပေးဝေစေတာဟာ အကောင်းဆုံး ဖြစ်မယ်လို့ ထင်မိပါတယ်။

အခုလို သွားရောက် လှူဒန်းကြတဲ့ အထဲမှာ သီးသန့်အဖွဲ့အစည်းဆိုတာတော့ မရှိပါဘူး။ အစိုးရက ပေးတာတွေရယ်၊ private companies တွေရယ်၊ ကျွန်မတို့လို့ လူငယ် volunteer တွေရယ်၊ ကျော်သူတို့လို့ NGO အဖွဲ့အစည်းတွေရယ်က တတ်နိုင်သလောက် သွားရောက် ပေးလှူနေကြတာ တွေ့ရပါတယ်။ ကျွန်မတို့ သွားတဲ့ အချိန်တုန်းကတော့ Unicef က ကားတွေနဲ့၊ သံရုံးတစ်ချို့က ကားတွေကိုလည်း တွေ့ခဲ့ရပါတယ်။ Company ကြီးတွေကလည်း ကားကြီးတွေနဲ့ လာရောက် လှူဒန်းကြပါတယ်။ ဒုက္ခသည်တွေအတွက် အဓိက လိုအပ်တဲ့အရာတွေကတော့ ဆန်၊ အခင်းအကာ၊ ဆေး၊ ပန်းကန်ခွက်ယောက်တွေ၊ တစ်ခြား အသင့်စားလို့ ရတဲ့ အစားအစာတွေ၊ သောက်ရေ၊ ကြက်သွန်၊ အာလူး၊ ဆီ တို့လို့ ပစ္စည်းတွေ ဖြစ်ပါတယ်ရှင်။

နောက် တစ်ပတ်မှာလည်း ကျွန်မ သွားပါအုံးမယ်။ ကွမ်းခြံကုန်း ရွာတွေဘက်အထိ တက်ဖို့ စိတ်ကူးထားပါတယ်။ အချိန်ရရင် ဒေးဒရဲထိ သွားပါတယ်။ အလှူငွေ ပါဝင်ချင်ကြသူများ ကျွန်မကို မေလ်းနဲ့ ဆက်သွယ်နိုင်ပါတယ်ရှင်။ ဒီကြားထဲမှာတော့ မန္တလေးကို အလုပ်ကိစ္စတစ်ခုနဲ့ သွားစရာ ရှိပါတယ်။ မေလ်းတော့ ပုံမှန်လေး သုံးဖြစ်မယ် ထင်ပါတယ်ရှင်။

4 responses »

  1. I got goose-pimples in my skins to read your post which i simply felt overwhelmed to knows about your guys effort to donated to the Victims.

    Although i wish i could put myself involve in activities but somehow i am away from my beloved country, sooo i feel very frustrating indeed.

    However, I applause and admire all your guys does. Weldone and GREAT Job. Thanks for the post.

    Look forward to hearing updates. Wish you guys good luck…,

    Best Regards.,
    Soe Mya Nandar Thet Lwin

  2. အင်မတန် ကောင်းမွန်တဲ့အလုပ်ပါ။ ကျွန်တော်ကတော့ အဝေးကနေပဲ ရသလောက် တွေကို ကြိုးစားလုပ်ဆောင်ပေးနေပါတယ်။

  3. ရွှေထက်ရေ.. အဲဒီတကယ့် ဒုက္ခသည်အစစ်တွေနဲ့ ဘန်ကီမွန်းကို တွေ့စေချင်တယ်..
    နအဖ ကို ကာကွယ်နေတဲ့ လူတွေနဲ့ တွေ့စေချင်တယ်..
    ဒုက္ခရောက်နေသူတွေရဲ့ ပစ္စည်းကို ဖြတ်စားနေသူတွေရမယ့် အကုသိုလ်က သေးမှာ မဟုတ်ဘူးကွယ်… ဒီလူတွေ ဘယ်တော့မှ အသိတရားရမလဲ မသိနော်..

  4. Pingback: The Nargis Nightmare! « The World of Pinkgold

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s