One Day at Daeda Yea

Standard

မေလ ၁၈ ရက်၊ တနင်္ဂနွေနေ့က ကျွန်မတို့အဖွဲ့ ဒေးဒရဲ မြို့ကိုသွားပြီး ထောက်ပံ့ရေးတွေကို ဆက်လက်လုပ်ဆောင် ခဲ့ပါတယ်။ တစ်ကယ်တော့ အဲဒီနေ့ မနက် ၆ နာရီကမှ ကျွန်မ မန္တလေးကနေ ရန်ကုန်ကို ပြန်ရောက်လာလာပါ။ ရောက်ရောက်ချင်း ဒေးဒရဲကို တန်းသွားရတော့တာပါပဲ။ ကျွန်မတို့သွားတာက ဒေးဒရဲမြို့ပေါ်ကို သွားလှူတာ မဟုတ်ပါဘူး။ ပဲ့ထောင်စီးပြီး တစ်ကယ်ပျက်စီး ဒုက္ခရောက်နေတဲ့၊ အလှူရှင်တွေလည်း အရောက်အပေါက်နည်းတဲ့ တောရွာလေးတွေဘက်ကို သွားရောက်လှူဒန်းခဲ့တာပါ။ လမ်းခရီးမှာ ကြုံတွေ့ ခဲ့ရတာတွေရယ်၊ ဒေသခံတွေကို ကျွန်မ အင်တာဗျူးလာတာတွေရယ်ကိုပါ ပြောပြချင်ပါတယ်ရှင်။

ကွမ်းခြံကုန်းကို ကျော်လို့ ဒေးဒရဲကို သွားရာလမ်းတစ်လျှောက်မှာ ပိုမိုများပြားတဲ့ ဒုက္ခသည်တွေကို ကျွန်မတို့ တွေ့ခဲ့ရပါတယ်။ ကားလမ်းဘေးတစ်လျှောက် အလှူခံနေကြတဲ့ လူတွေက ကွမ်းခြံကုန်း အကျော်လေးကနေ ဒေးဒရဲ တံတားအထိ ဆက်တိုက်ပါပဲ။ တစ်ချို့ကားတွေကလည်း အဲနေရာမှာပဲ ရပ်ပြီး ပါလာတဲ့ ပစ္စည်းတွေကို ပေးဝေပါတယ်။ အ၀တ်အထည်၊ အစားအသောက်၊ ရေသန့် စတာတွေပေါ့။ ကျွန်မတို့ အဖွဲ့ကတော့ ဒေးဒရဲထိ ခရီဆက်ခဲ့ကြပါတယ်။

လမ်းတစ်လျှောက် စီတန်းနေကြသော များပြားလှတဲ့ ဒုက္ခ သည်များ

ဒေးဒရဲကို ရောက်တော့ အသင့်ငှားထားတဲ့ ပဲ့ထောင်ကို မတွေ့ရပါဘူး။ ကျွန်မတို့ ရောက်တာ နည်းနည်းနောက်ကျတဲ့ အတွက် တစ်ခြားအဖွဲ့တစ်ခုနဲ့ လိုက်သွားပြီတဲ့။ ဒါနဲ့ပဲ ဒေးဒရဲက အသိတွေ နောက်ပဲ့ထောင်ကို လိုက်ရှာတုန်းမှာပဲ အချိန်ရသလောက်လေး ဒေးဒရဲမြို့ရဲ့ ပျက်စီး ဒုက္ခရောက်ရမှု အခြေအနေလေးတွေကို မေးမြန်းစပ်စုခဲ့ပါတယ်။ ကျွန်မမေးသမျှကို အဲဒီက အမကြီးက စိတ်ရှည်ရှည်နဲ့ ဖြေပေးခဲ့ပါတယ်။

“အမတို့ ဒေးဒရဲမှာတော့ မြို့မှာထက် ရွာဘက်တွေမှာ ပိုပျက်စီးတယ်။ မုန်တိုင်းတိုက်တဲ့ ညကဆို ရေတွေလည်း ခါးလောက်ထိ တက်လာတယ်။ အိမ်ခေါင်မိုးတွေ လန်နေတာကတော့ မြင်တဲ့အတိုင်းပဲ။ ပင်လယ်ဝက ရွာကလေးတွေမှာ ပိုပျက်စီးတယ်။ အကင်းတို့၊ ထင်းပုံတို့၊ သန္ဒိတ်တို့၊ ချောင်းကြီးတို့ ဘက်မှာဆို ရွာတွေပါ အကုန်ပျောက်ထွက်ကုန်တာ။ လူတွေလည်း ဘေးလွတ်ရာကို ပြေးကြရတော့တာပေါ့။ တော်တော် များများလည်း သေကြတယ်။ တစ်ချို့မိသားစုတွေဆို လင်ယောင်္ကျားတစ်ယောက်ပဲ ကျန်ခဲ့တာတွေ၊ လူမမယ်ကလေး တစ်ယောက်ပဲ ကျန်ခဲ့တာတွေ၊ ဘာမှ မလုပ်တတ်တော့တဲ့ အဖွားကြီးကပဲ အသက်ရှင်ကျန်ခဲ့တာတွေ ရှိတယ်။ ကျွဲ၊ နွားတွေ မသေပဲ ကျန်ခဲ့တာတွေလည်း ရှိတယ်။ ဒါပေမယ့် ကျွဲတွေ နွားတွေ ကျန်ခဲ့ပြန်ရင်လည်း လုပ်ကိုင်ပေးမယ့် ယောင်္ကျားသားက မရှိ၊ ယောင်္ကျားသား ရှိတဲ့ အိမ်ထောင်စုတွေ ကျပြန်တော့လည်း ကျွဲ နွားက မရှိနဲ့ ဘာမှ လုပ်လို့မရတော့ဘူး။ အဓိက ကတော့ မျိုးစပါးတွေ ရေစိုကုန်တာပဲပေါ့။ နေစရာကမရှိ၊ စားစရာက မရှိနဲ့ တော်တော် ဒုက္ခရောက်နေကြတယ် ညီမလေးရယ်”

“ခုရော သူတို့တွေ ဘယ်လို နေထိုင် စားသောက်ကြလဲ အမ”

“ဒီလိုပဲ လာတဲ့ အလှူရှင်ကို မျှော်ရတာပေါ့။ တော်တော် များများကတော့ ဘုန်းကြီးကျောင်းမှာ ခိုနေကြရတယ်လေ။ ဘုန်းကြီးက အလှူခံ ကျွေးတာပေါ့။ မနက်ကပေါ့ အကင်းဆိုတဲ့ ရွာက ဘုန်းကြီးက မြို့ကိုတက်လာပြီး ဥက္ကဌဆီမှာ လာအလှူခံတာ ဥက္ကဌက ပေးစရာ ဘာမှ မရှိဘူးဆိုပြီး မောင်းထုတ်လိုက်တယ်။ သူ့အိမ်ပေါ်မှာ နိုင်ငံခြားက ရောက်နေတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေရော၊ စစ်တပ်က ပေးတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေရော ပုံလို့။ မေးလိုက်ရင်တော့ အထက်ကညွှန်ကြားတာကို စောင့်နေတာလေး ဘာလေးနဲ့၊ အဲဒါနဲ့ပဲ ဒုက္ခရောက်နေတဲ့သူတွေ ငတ်သေတော့မှာ။ အမလည်း မကြည့်ရက်တာနဲ့ မနက်က တတ်နိုင်သလောက်လေး ဆန်နှစ်အိတ် သွားလှူနေတာ ညီမလေးတို့နဲ့ လွဲသွားတာပေါ့။ ဆိုးတာက ကြံ့ခိုင်ရေးက အတွင်းရေးမှူးတွေ ဥက္ကဌတွေပဲ။ ရသမျှကို အကုန် အမျိုးတွေနဲ့ မျှဝေ စားသောက်နေတာလေ။ စွမ်းအားရှင်တို့ ဘာတို့ဆိုတာ အရင်တုန်းက တစ်နေ့လုပ်မှ တစ်နေ့စားရတာတွေ၊ ခုတော့ ဆန်တွေကို အိတ်လိုက်ထောင်စား နိုင်တဲ့အခြေအနေရောက်နေပြီ။ သူတို့က ခုမှ သူဌေးတွေ ဖြစ်နေကြတာလေ။ ရပ်ကွက်လူကြီးဆိုတာကလည်း သူ့အိမ်တောင် လေတိုက်လို့ ပျက်သွားတာ သူများအိမ်တွေ ပျက်စီးတာ သူလည်း ဘယ်လိုက်ကြည့် အားမတုန်း”

“အိမ်ပျက်တွေကို မိုးဖို့ ဟိုကထောက်ပံ့တဲ့ သွပ်တွေရော အမ၊ သူတို့ မပေးဘူးလား”

“အဲဒါပေါ့ ဟိုနေ့က စွမ်းအင်ဝန်ကြီး လာမယ်ဆိုတော့မှ ၀န်ကြီးဖြတ်သွားမယ့် လမ်းက အိမ်တွေကို ဝေပေးလိုက်တာ။ ၀န်ကြီးဖြတ်သွားတဲ့ လမ်းကလည်း အမတို့ဆီမှာ သူဌေးတွေနေတဲ့ လမ်းမကြီးပါ။ ဗိုလ်ချုပ်လမ်းလေ။ အဲဒီတော့ သူဌေးတွေပဲ ရပြီး တစ်ကယ်လိုအပ်နေတဲ့ ဆင်းရဲသားတွေက မရဖြစ်နေတာပေါ့။ သူ့အိမ်မှာပဲ သွပ်တွေ အများကြီး ကျန်သေးတယ်။ ဘာလုပ်ဖို့ ထားတာလဲ မသိဘူး ညီမလေးရဲ့၊ နေစရာ နေရာ မရှိတဲ့ သူတွေကတော့ သာသနာ့ဗိမ္မာန် ဓမ္မာရုံမှာ စုနေကြတယ်လေ။ စစ်တပ်က ပေးတော့ပေးပါတယ်။ ဒါပေမယ့် မလောက်တော့ လူကုန်မရဘူး။ ရပ်ကွက် လူကြီးက အိမ်ထောင်စု တွေကို မဲဖောက်ပေးရတာပေါ့။ ကိုယ်မဲပေါက်တာကိုပဲ ယူရတာ။ ကိုယ်တစ်ကယ် လိုအပ်နေတာကို ရချင်မှ ရတာ။”

ကျွန်မတို့ စကားပြောနေတုန်းမှာပဲ ပဲ့ထောင်ရပြီဆိုလို့ မြစ်ဆိပ်ကို ပဲ့ထောင်စီးဖို့ သွားကြပါတယ်။ ကျွန်မတို့နဲ့ အသိအိမ်က ပဲ့ထောင်ခခံပေးလို့ ကျွန်မတို့ ၀မ်းသာရပါသေးတယ်။

ဆန်အိတ်တွေ တင်တယ်

ရေသန့်ဘူးတွေရော၊ အင်္ကျီတွေရော

ဒေးဒရဲက ပျက်စီးမှုတွေ

မြစ်ကမ်းဘေး တစ်လျှောက်က နွားသေ ကျွဲသေတွေ

ကျွန်မတို့ သွားခဲ့တဲ့ ရွာကလေးကတော့ ချောင်းကြီးလို့ ခေါ်ပါတယ်။ ဒေးဒရဲကနေ တစ်နာရီ ကျော်ကျော်လောက် ပဲ့ထောင် စီးသွားရပါတယ်။ လမ်းခရီမှာ ပဲ့ထောင်မောင်တဲ့ ဦးလေးက အခုလို ပြောပြပြန်ပါတယ်ရှင်။

“ခုချိန်မှာ ရွာတွေကို ပြန်လည်ထူထောင်နိုင်တာ ဆိုလို့ ဘုန်းကြီးပဲ ရှိတော့တယ်။ ဟိုကောင်တွေက လာကြည့်တာ မဟုတ်ဘူး။ ဘုန်းကြီးကျောင်း ပျက်နေတာကိုတောင် လာမပြင်ပေးဘူး။ ရွာသားတွေလည်း ဒီလိုပဲ မိုးလုံတဲ့ နေရာလေးမှာ စုနေကြရတော့တာပေါ့။ ဟိုနေ့ကလည်း စစ်တပ်က ငါးသေတ္တာတွေ၊ ခရမ်းချဉ်သီးတွေ ဝေပေးပါဆိုပြီး ကြံ့ခိုင်ရေးက အတွင်းရေးမှူးတွေကို ပေးလိုက်တာ ခရမ်းချဉ်သီးတွေပဲ ရောက်လာတယ်၊ ငါးသေတ္တာတွေပါမလာဘူး။ သူတို့ စားလိုက်ကြတာလေ။ ရောင်းလည်း စားကြတယ်။

“သမီးတို့ ဖြတ်လာတော့ ကွမ်းခြံကုန်းဘက်မှာ ပြန်လည်ထူထောင်ရေးကို Asia World Company ကနေ တာဝန်ယူနေတာ တွေ့တယ် ဒီဘက်တွေရော မရောက်ဘူးလား”

“ဟုတ်တယ် အဲဒီ Asia World က စာသင်ကျောင်းတွေ ဆောက်ပေးဖို့ တာဝန်ယူထားတာ။ ကွမ်းခြံကုန်းမှာတော့ စဆောက်နေပြီပေါ့။ လျှပ်စစ်မီးတွေ ပြန်ရဖို့ကိုတော့ နောက်တစ်ခုကနေ လုပ်မယ်ပြောတယ်။ ကျောင်းတွေ ပြန်ဆောက်ဖို့ သစ်တွေကို ကြံ့ခိုင်ရေး ရုံးထဲမှာ ပုံထားတာ၊ ဟိုကောင်တွေက သစ်အကောင်းတွေနဲ့ အဆိုးတွေကို လဲလိုက်ကြတယ်။ ဆောက်ပေးတဲ့ ကုမ္ပဏီကလည်း သူတို့ပေးတာနဲ့ပဲ ဆောက်ရတော့တာပေါ့”

အဲဒီအချိန်မှာပဲ ဘေးနားက ဖြတ်သွားတဲ့ ပဲ့ထောင်သေးသေးလေး တစ်ခုက သူတို့ဆီမှာ ကုန်တွေများနေလို့ ကျွန်မတို့ ပဲ့ထောင်မှာ တစ်ခုလောက် ပေးလိုက်ပါရစေတဲ့။ ပဲ့ထောင်ချင်း ကပ်ပြီး အထုပ်ကို လှမ်းပစ်တော့ ကျလာတာက ဒီအထုပ်ပါရှင်။ စောင်တွေ အထည် ၅၀၀ ပါတဲ့။ တန် တန့် တန်……!!

ချောင်းကြီးကိုရောက်တော့ ရွာသားတွေကို ဘုန်းကြီးကျောင်းမှာ စုဝေးစေပြီး ပါလာတဲ့ ဆန်တွေ၊ ရေသန့်ဘူးတွေ ကို အိမ်ထောင်စု အလိုက်ဝေပါတယ်။ အင်္ကျီတွေကိုတော့ ဒီအတိုင်းပဲ ပေးလိုက်ပါတယ်။

ဆန်တွေကို ခွဲထည့်ကြတယ်….

အင်္ကျီတွေ လှူတယ်

အလှူရှင်မျှော်နေတဲ့ ဒုက္ခသည်တွေ

ဒါကတော့ ဘကြီး ဘုန်းကြီး

ကျွန်မတို့လိုပဲ လာလှူတဲ့ နောက်အဖွဲ့

ဒေးဒရဲကနေ ညနေ ၅ နာရီ ခွဲလောက်မှာ ပြန်လာခဲ့ကြပါတယ်။ ရန်ကုန်ရောက်တော့ ည ကိုးနာရီ ထိုးပါပြီး။ ကျွန်မမှာတော့ ပင်ပန်းလိုက်တာ။ မန္တလေးကနေ ရန်ကုန်၊ ရန်ကုန်ကနေ ဒေးဒရဲ၊ ဒေးဒရဲကနေ ရွာကို ခရီးဆက်။ စိတ်ကလေး ဆောင်နေလို့သာ ခရီးစဉ် တစ်လျှောက် ဘာမှ မဖြစ်တာ။ ပြန်လည်းရောက်ရော ဖျားလိုက်တာရှင်……။ နောက်လည်း သွားအုံးမှာရှင့်။ ဆိပ်ကြီးခနောက်တို ဘက်ကို သွားရင် ကောင်းမလား မသိဘူး။

လှူခဲ့သော ပစ္စည်းစာရင်

ဆန်အိတ် ၃၀ (၁၅၅၀၀ x ၃၀ = ၄၆၅၀၀၀)
ရေသန့် ဗူးကြီး ၁၅၀ (၇၅၀ x ၁၅၀ = ၁၁၂၅၀၀)
ရေသန့် ဗူးသေး ၂၀၀ (၃၀၀ x ၂၀၀ = ၆၀၀၀၀)
အင်္ကျီ အထည် ၅၀၀ (၅၀၀ x ၅၀၀ = ၂၅၀ ၀၀၀)
စုစုပေါင်း = ၈၈၇ ၅၀၀ ကျပ်

အလှူငွေများ ပါဝင်ကူညီသော ရန်ကုန်မှ ရွှေနဂါး မိသားစုနဲ့ ဒေါ်လာ ၅၀၀ ပို့ပေးသော စင်ကာပူမှာ မအေးချမ်းစိုး၊ Los Angles, America မှ မအိန္ဒြာစိုး တို့ကို ကျေးဇူး အထူးတင်ရှိပါတယ်ရှင်။

Advertisements

2 responses »

  1. You did very well. I appreciate your effort to do something for our people. You didn’t say a lot but you did a lot.

    God bless you, Nyi Ma lay.

  2. Pingback: The Nargis Nightmare! « The World of Pinkgold

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s