Two Nights, Three Days Trip to Bogalay

Standard
ကျွန်မဒီတစ်ခေါက်တော့ ဘာညာတို့၊ ကိုဂေါက်တို့နဲ့ ဘိုကလေးကို လိုက်သွား ဖြစ်ပါတယ်။ အဲဒီဘက်တွေကို တစ်ခေါက်မှ မရောက်သေးတာရယ်၊ ကိုယ်တိုင်လည်း တတ်အားသလောက် ပါဝင်လုပ်ကိုင်ပေးချင် တာရယ်ကြောင့် သွားဖြစ်တာပါ။ ကိုဂေါက်တို့ ဘာညာတို့ကတော့ ဘိုကလေးကို ခဏ ခဏ သွားပြီးလှူနေကြပါ။ ဒီတစ်ခေါက်ကတော့ ဘာညာတို့တွေအတွက် စတုတ္ထအကြိမ်မြောက်၊ ကျွန်မအတွက် ပထမဆုံးအကြိမ်မြောက် သွားရောက်ခြင်းပေါ့။ သူတို့တွေကတော့ ဘိုကလေးနဲ့ အနီးတစ်ဝိုက်က ရွာတွေကိုပဲ အာရုံ စိုက်ပြီး ထောက်ပံ့ရေးတွေ လုပ်ဆောင်ကြတာပါ။ ထိထိရောက်ရောက်လည်း လုပ်တယ်၊ တောဘက်က တစ်ကယ် ဒုက္ခရောက်နေတဲ့ ရွာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လှူဒန်းကြတာဆိုတော့ အားရစရာလည်း ကောင်းလှပါတယ်။ အရင်အခေါက်တွေတုန်းက ကွမ်းခြံကုန်း၊ ဒေးဒရဲဘက် သွားနေလို့ မလိုက်ဖြစ်တာရယ်၊ ရုံးမှာ အလုပ်တွေများလို့ မလိုက်ဖြစ်တာရယ်ကို ပေါင်းပြီး ဒီတစ်ခေါက်တော့ နှစ်ညအိပ် သုံးရက်တိတိ ဘိုကလေး မြို့ကို လိုက်သွား ဖြစ်ပါတယ်ရှင့်။ ကျွန်မတို့ ဘလောဂ့်ဂါတွေ ချည်းပဲ သွားတာလား ဆိုတော့ မဟုတ်ပါဘူး။ တိပိဋက ဘုန်းတော်ကြီး ကျောင်းက ဆရာတော် ဘုရားတွေနဲ့ တစ်ခြား volunteer ၁၅ ယောက်လောက်လည်း ပါပါသေးတယ်။ လှူမယ့် ပစ္စည်းတွေကတော့ ဆယ်ဘီးကားကြီး တစ်စီးစာ လောက်ရှိတယ် ဆိုတော့ လူအင်အား များများလေးပါလေ ပိုကောင်းလေပဲ မဟုတ်လား။

ကျွန်မတို့ ဒီကစထွက်တော့ လမ်းခရီးမှာ ကားဘီကလည်း နှစ်ခါပေါက်တာကြောင့် မှန်းထားတဲ့ အချိန်ကိုတော့ ကွက်တိရောက် မသွားဘူးရှင့်။ ဒါပေမယ့် ဘိုကလေးက တည်းနေကျ ဘုန်းကြီးကျောင်းကို ရောက်ရောက်ချင်းပဲ ပစ္စည်းတွေကို ငှားထားတဲ့ စက်လှေပေါ် ချက်ချင်းတင်ပြီး မရောက်သေးတဲ့ ရွာသုံးရွာလောက်ကို လှူဖို့ သွားခဲ့ကြပါတယ်။ နောက်နေ့မှာတော့ ရွာတွေ များများကို ရောက်နိုင်အောင် မနက်လေးနာရီကတည်းက ထပြီး ပြင်ဆင်ကြတယ်လေ။ မနက်ခြောက်နာရီလောက် စထွက်မှာ သွားရမယ့် ရွာတွေကို အချိန်မီ ရောက်မှာ ဖြစ်သလို ဘိုကလေးကိုလည်း မမှောင်ခင် ပြန်ရောက်မှာ မဟုတ်လားရှင်။ ဒါတောင် မှန်းထားသလို မနက် ခြောက်နာ၇ီကို မထွက်ဖြစ်ဘူး၊ ပစ္စည်းတွေတင်ရတာ အရမ်းများတော့ မနက် ၇ နာရီလောက်မှ ထွက်ဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ မိုးတွေ ပက်ပက်စက်စက်ကို ရွာတာ၊ ဘယ်ပြောကောင်းမလဲ လူတွေလည်း ကြွက်စုတ်တွေကို ဖြစ်ရော။ ကျွန်မတို့ သွားခဲ့တာ နာမည်တွေတော့ သေချာ မမှတ်မိပေမယ့် (၁၀) ရွာလောက် သွားဖြစ်ခဲ့ပါတယ်။ လိုအပ်တဲ့ data တွေကိုလည်း သေချာကောက်ပြီး ဘာတွေဆက်လှူရင် ကောင်းမလဲ၊ ဘယ်နေရာတွေကို ဆက်သွားမလဲ ဆိုတာလည်း ပြန်တိုင်ပင်ရပါသေးတယ်။ ကျွန်မတို့ သွားခဲ့တဲ့ ရွာတွေမှာ ကောက်ခဲ့တဲ့ အချက်အလက်တွေကို စုပြီး သူတို့ ဘာတွေလိုအပ်နေတယ်၊ ဘာတွေလုပ်ပေးဖို့ လိုအပ်တယ်၊ လက်ရှိမှာ ဘယ်လို အခြေအနေတွေ ဖြစ်နေတယ်ဆိုတာ အားလုံးလည်း သိအောင် ကျွန်မ တစ်ချက် ပြောပြချင်ပါတယ်။

သွားရောက်ခဲ့သော ရွာများ………………… (၁၃) ရွာ၊ နာမည်များကို အသေးစိတ် မပြောပြတော့ပါ

လက်ရှိနေထိုင်စား သောက်မှု

လက်ရှိမှာတော့ သူတို့တွေ ပုဂ္ဂလိက အလှူရှင်တွေရဲ့ စေတနာကို မှီခိုအားထားပြီး နေထိုင်နေရပါတယ်။ တစ်ချို့ရွာတွေမှာတော့ ငါးဖမ်းတဲ့ အလုပ်ကို လုပ်ကိုင်စား သောက်ကြပေမယ့်၊ တစ်ချို့ရွာတွေမှာတော့ ဘာမှ လုပ်ကိုင်စရာ မရှိတော့တဲ့ အတွက် ထောက်ပံ့ရေးတွေကိုပဲ မျှောလင့်ရပါတယ်။ နေထိုင်စရာ အနေနဲ့ကတော့ တဲလေးတွေ ထိုးပြီး နေကြသလို၊ UNICEF, WFP အစရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက အလှူရှင်များက ပေးတဲ့ တာလာပတ်တွေကို အမိုးအကာ လုပ်ပြီး နေထိုင်ကြတာ တွေ့ရပါတယ်။ ရွာတွေထဲက ခပ်ကောင်းကောင်းလေး ကျန်တဲ့ အိမ်မျိုးမှာ စုဝေးနေထိုင်ကြသလို ခပ်ကောင်းကောင်းလေး ကျန်တဲ့ ဓနိပင်တွေကို အမိုးအကာ ပြုလုပ်ပြီး နေထိုင်ကြပါတယ်။

ရေရရှိမှု အခြေအနေ

ရွာတွေမှာ အရင်တုန်းကတော့ သောက်ရေကန်တွေ ရှိပေမယ့်၊ မုန်တိုင်းပြီးတဲ့ အချိန်ကတည်းက အဲဒီကန်တွေလည်း အကုန်ပျက်စီးပြီး သုံးလို့မရတော့တဲ့ အခြေအနေထိ ဖြစ်နေပါတယ်။ တစ်ချို့ရွာတွေမှာ ကန်တွေကို ပြန်လည်ပြုပြင်ပြီး၊ Water Guard ရေသန့်ဆေးတွေ ထည့်ထားကြပေမယ့် အဲဒါတွေဟာ လောက်ငမှု မရှိတာကို တွေ့ရပါတယ်။ သောက်ရေအခက်အခဲကို ရွာတိုင်းမှာ လိုလိုကြုံတွေ့ရပြီး မိုးရွာမှသာ ရေသောက်ရတဲ့ အခြေအနေကို ရောက်နေပါတယ်။ ကန်တွေကို ပြန်လည်သန့်စင်နိုင်တဲ့ ရွာတွေ တော်တော်ရှားနေပြီး ရွာတစ်ခုမှတော့ စင်ကာပူရောက် မျိုးချစ်မြန်မာများက ကန်ကို ပြန်လည်ပြုပြင်ပေးထားတာ တွေ့ရှိခဲ့ရပါတယ်။ မှတ်မှတ်ရရ “ငယ်သူ” ဆိုတဲ့ ရွာမှာ ဆိုရင် ရေကန်တစ်ဝိုက်မှ အသေကောင်တွေ အရိုးတွေ စုဝေးနေပြီး ကန်ရေဟာလည်း ပုပ်စော်နဲလျက် ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ထောက်ပံ့ရေး ရရှိမှု အခြေအနေများ

ဘိုကလေး တစ်ဝိုက်မှာ UN, WFP, နယ်စည်းမခြား ဆရာဝန်များ၊ မွန်မြတ်ကရုဏာရှင်များ အဖွဲ့က အဓိက ထောက်ပံ့နေတာကို တွေ့ရပြီး ပုဂ္ဂလိက ထောက်ပံ့ရေး အဖွဲ့တွေလည်း ရက်ခြားလောက် ရောက်နေတယ်လို့ သိရပါတယ်။ ရွာတစ်ရွာကို အများဆုံး ထောက်ပံ့ရေးအဖွဲ့ (၈) ဖွဲ့လောက် ရောက်ပေမယ့်၊ တစ်ချို့ရွာတွေကျတော့ တစ်ဖွဲ့နှစ်ဖွဲ့လောက်သာ ရောက်ပြီး ရတဲ့ပမာဏဟာလည်း လောက်ငမှု မရှိဘူးလို့ သိရပါတယ်။ အဓိက ရရှိတဲ့ ထောက်ပံ့ပစ္စည်းတွေကတော့ ဆန်၊ တာလာပတ်၊ ခေါက်ဆွဲခြောက် စတဲ့အရာများ ဖြစ်ပြီး Red Cross ကလည်း တစ်ခါတစ်လေ ဆေးလာကုပေးတယ်လို့ သိရပါတယ်။

ရွာသားများ၏ ကျန်းမာရေး အခြေအနေများ

ကျန်းမာရေး အခြေအနေကတော့ မဆိုးလှသလို၊ အသဲအသန်ဖြစ်နေတဲ့ လူမျိုးလည်း တော်တော်တော့ ရှားပါတယ်။ အဓိက ဖြစ်နေတာတွေကတော့ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ဒဏ်ရာအနာတစ်ရ ဖြစ်ခြင်း၊ ပွန်းပဲ့ထိခိုက်ခြင်းများနဲ့ ဖျားနာခြင်း တို့ပဲ ဖြစ်ပါတယ်။ အဓိက ဖြစ်နေတာတွေကတော့ ချောင်းဆိုးတာတွေပါ။ သူတို့တွေ မုန်တိုင်း ပြီးပြီးချင်းတုန်းက စားစရာတွေ သောက်စရာတွေ ဘာမှ မရှိတာကြောင့် အုန်းသီးရည်တွေကိုပဲ မှီခိုအားထားရတယ်လို့ သိရပါတယ်။ ချောင်းဆိုးတာဟာ ဒါတွေကြောင့်လည်း ဖြစ်နိုင်သလို၊ အမိုးအကာ ပြည့်ပြည့် စုံစုံ မရှိတဲ့ နေရာတွေမှာ နေရတာကြောင့် အအေးမိတာလည်း ဖြစ်နိုင်ပါတယ်ရှင်။

လက်ရှိနှင့် အနာဂတ်အတွက် အလုပ်အကိုင် အခြေအနေ

လက်ရှိမှာတော့ တစ်ချို့တွေဟာ ငါးတွေ၊ ဖားတွေ ရှာစားကြပေမယ့် ဒါတွေဟာလည်း လတ်တစ်လော ငတ်မွတ်မှုကို ဖြေရှင်းဖို့ အတွက်ပါပဲ။ အဓိက လုပ်ငန်းဖြစ်တဲ့ လယ်ယာလုပ်ငန်းကို ဘယ်လိုမှ ပြန်လည်လုပ်ကိုင်နိုင်ခြင်း မရှိပါဘူး။ အဓိက ပြသနာကတော့ ကျွဲ၊ နွား များ သေဆုံးမှုနဲ့ မျိုးစပါးများ ရေစိုပျက်စီးခြင်းကြောင့် ဖြစ်ပါတယ်။ လက်ရှိမှာ တပ်မတော် အနေနဲ့ လယ်ထွန်စက်များကို ချပေးနေတာကို တွေ့ရပါတယ်။ ဘိုကလေး မရောက်ခင် လမ်းပေါ်မှာ ရှိကြတဲ့ လယ်ကွင်းတစ်ချို့မှာတော့ စက်ကိုအသုံးပြုပြီး လယ်ထွန်နေတာကို တွေ့ခဲ့ရပေမယ့်၊တစ်ချို့ရွာတွေမှာတော့ ခုချိန်ထိ စက်မရရှိသေးပါဘူး။ လောလောဆယ်မှာ တပ်မတော်ကနေ စစ်ကား အစီးတစ်ရာလောက် နဲ့ လယ်ထွန်စက်များကို ဘိုကလေးမြို့နဲ့ အနီးတစ်ဝိုက် ရွာတွေအတွက် ပို့ဆောင်ပေးနေတာကို တွေ့ခဲ့ရပါတယ်။ မျိုးစပါးပြသနာကို ဘယ်လိုဖြေရှင်းပေးမယ် ဆိုတာကိုတော့ မသိခဲ့ရသေးပါဘူးရှင်။

မုန်တိုင်းသင့် ရွာများ၏ ပညာရေး အခြေအနေများ

နိုင်ငံတော်ကတော့ မုန်တိုင်းသင့် ဒေသတွေအတွက် ကျောင်းဖွင့်ဖို့ကို တစ်လ တိတိနောက်ဆုတ်ပေးထား ပါတယ်။ ဒါပေမယ့် စာသင်ကျောင်း တော်တော်များများဟာ လေဒဏ်ကြောင့် ပျက်စီး ပြိုလဲသွားပြီး တစ်လ အတွင်း ပြန်လည်ထူတောင်နိုင်ဖို့ ဖြစ်နိုင်ပါ့ မလားဆိုတာ စဉ်းစားစရာ ဖြစ်လို့နေပါတယ်။ ကျောင်းပြန်ဖွင့်ရင်တောင်မှ ကလေးသူငယ်မျာ သေဆုံးမှု များပြားတာကြောင့်ရယ်၊ လက်ရှိ စားဝတ်နေရေးကို ဖြေရှင်းဖို့ လုံးပန်းနေရတာကြောင့်ရယ်နဲ့ ကျောင်းစရိတ် ပြသနာကြောင့် ကျောင်းကို ကလေး ဘယ်နှစ်ယောက်များ ပြန်လာနိုင်မလဲ ဆိုတာတော့ တစ်ချက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လက်ရှိ လိုအပ်ချက်များနှင့် အရေးပေါ် လိုအပ်ချက်များ

ရွာတိုင်း လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တာကတော့ ဆန်ဖြစ်ပါတယ်။ ဒုတိယ လိုအပ်ချက်ကတော့ သောက်ရေပါ၊ နောက်လို အပ်တာတွေကတော့ အမိုးအကာတွေရယ်၊ တာရှည်ခံ အစားအသောက်တွေရယ် ဖြစ်ပါတယ်။ အ၀တ်အထည် အနေနဲ့ကတော့ ရှိတာလေးနဲ့ နေထိုင်လို့ ရနိုင်ပေမယ့် သူတို့တွေမှာ လုံးဝ မရှိတာကတော့ ဖိနပ်တွေပဲ ဖြစ်ပါတယ်။ ကျွန်မ အရင်တုန်းက သွားခဲ့တဲ့ ကွမ်းခြံကုန်း၊ ဒေးဒရဲ ဘက်မှာလည်း ဖိနပ်စီးထားတဲ့ ဒုက္ခသည်တွေ ဆိုတာ မရှိသလောက်ပါပဲ။ အဲဒီတော့ သူတို့တွေ ခြေထောက်မှာ သံစူးတာတို့၊ ဆူးစူးတာတို့ကို မကြာခဏ ခံရလေ့ရှိတဲ့ အတွက် ဖိနပ်ကိုလည်း မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုလို့ ထင်မြင်မိပါတယ်ရှင်။ အဲတော့ အဓိက လိုအပ်ချက်တွေဟာ…

(၁) ဆန်
(၂) သောက်ရေ
(၃)အမိုးအကာ
(၄)ဖိနပ်
(၅) တာရှည်ခံ အစားအစာနှင့် ဆန်၊ ဆီ၊ ကြက်သွန်…. စသည်တို့ ဖြစ်ပါတယ်ရှင်။

ကျွန်မတို့၏ ထောက်ပံ့မှုများ..

ကျွန်မတို့ အဓိက ထောက်ပံ့တာကတော့ ဆန်၊ တာရှည်ခံ အစားအစာ၊ ရေသန့်၊ ပလပ်စတစ် ဖျာများ၊ ဆေးပစ္စည်း နည်းနည်းပါးပါးနဲ့ အ၀တ်အထည် တွေပဲ ဖြစ်ပါတယ်ရှင်။ ရန်ကုန်မှာ ရှိတဲ့ ကိုဘလာဂေါက်၊ ဘာညာ၊ ဖိုးသူတော် စတဲ့ ဘလောဂ့်ဂါတွေ အပြင် တစ်ခြား လိုက်နိုင်တဲ့ လိုက်ချင်တဲ့ သူတွေက ထိုင်းနိုင်ငံမှ အလှူရှင်များ ပို့ပေးတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို သွားရောက် လှူဒန်းပေးနေပါတယ်ရှင်။ ကျွန်မတို့တွေ အခုလိုသွားရောက် လှူဒါန်းပေးနေတဲ့ ပစ္စည်း တွေကို ထိုင်းမြန်မာ ကူညီရေးအဖွဲ့နဲ့စေတနာရှင်တွေက မဟာချူုလာလောင်ကွန်း တက္ကသိုလ်က အရှင် ဇောတိကကို လှူဒါန်းထားတာတွေဖြစ်ပြီး ၊ တိပိဋက ဆရာတော် ဦးဝံသပါလ ကိုလှူဒါန်းထားတာတွေလဲ ပါဝင် ခဲ့ ပါတယ်။ တစ်ခြား စိတ်ပါဝင်စားတဲ့ သူတွေလည်း ထောက်ပံ့ရေးတွေ ပါဝင်ချင်တယ် ဆိုရင် ကျွန်မတို့ကို ဆက်သွယ်နိုင်ပါတယ်။ ဆက်သွယ်ရမယ့် မေလ်းတွေကတော့…..

ဘာညာ…. barnyar.demo@gmail.com
Pinkgold…… cuttiepinkgold@googlemail.com
ကိုဘလာဂေါက်…… zzml33@gmail.com
ဖိုးသူတော်………….mgphoethutaw@gmail.com….. တို့ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

ကဲ ခုတော့ ရိုက်လာတဲ့ ပုံလေးတွေကို ရှုစားလိုက်ကြပါ အုံးနော်

ပစ္စည်းတွေ တင်ကြတယ် (မနက် လေးနာရီ ထပြီးတော့)

Photobucket

တည်းတဲ့ဘုန်းကြီး ကျောင်းရှေ့မှာ ပစ္စည်းတွေ တင်ပြီးလို့ မောလို့ ခဏ နားနေတာ
Photobucket

စထွက်ကြပြီ…ရွာတွေဆီသို့….

Photobucket

အက်စစ်မိုးကြောင့်တဲ့.. အုန်းပင်တွေ ပျက်စီးနေတာ

Photobucket

ရွာသူ ရွာသားတွေကို ဆေးလည်း ကုပေး.. မေးချင်တာတွေလည်း မေးပေါ့

Photobucket

ဒီလို ဒီလိုတွေ အများကြီး တွေ့ခဲ့ရတယ်.. တရားကို ရရော..

Photobucket

ဖိနပ်တွေလည်း မစီးကြဘူး.. ရှိမှ မရှိတာကိုး…

Photobucket

တစ်ချို့တွေကြတော့ ဒီလိုနေကြ ရရှာတယ်..

Photobucket

ဒုက္ခသည်များ….

Photobucket

အလှူပစ္စည်းတွေ နဲ့ ရွာသားတွေ…

Photobucket

အားလုံးက ဆင်တူတွေနဲ့ ရေလည် လန်းတယ်…..

Photobucket

စင်ကာပူက အလှူရှင်တွေရဲ့ ကောင်းမှု

Photobucket

ကားဘီးက ခဏ ခဏ ပေါက်တော့ နားရတာ အညောင်း အညာပြေတာပေါ့

Photobucket

ကျွန်မတို့ အရမ်းပင်ပန်း ခဲ့ကြပါတယ်။ ရွာတွေဆီ သွားရာ လမ်းမှာ မိုးကလည်း သဲသဲ မဲမဲ ရွာတာကြောင့် လူတွေလည်း အချမ်းတွေတက်၊ ညဘက်မှာ ဖျားတဲ့ သူကဖျား၊ ကိုယ်တွေ လက်တွေ ကိုက်တဲ့ သူကကိုက်နဲ့ပေါ့။ ဒါပေမယ့် လှူဒန်းရတာ အရမ်းကို ပျော်ပါတယ်။ နောက်လည်း ဘိုကလေးကို ဆက်တိုက် သွားလှူအုံးမှာပါ။ ဘာညာ ဆိုရင်လည်း ဘိုကလေးမှကို တစ်လလောက် နေပြီး ဒေတာတွေ ကောက်ပါလိမ့်မယ်။ ဘာတွေ လိုအပ်တယ်.. ဘယ်လိုအခြေအနေ ရှိတယ် စတာတွေကိုပေါ့။

ဒီလို ဆိုးဝါးတဲ့ ကပ်ဒုက္ခ၊ ဘေးဒုက္ခမျိုး မြန်မာပြည်ကို နောက်တစ်ကြိမ် မလာပါ စေနဲ့တော့ရှင်။

4 responses »

  1. You have done very good write-up and very kind help to the needed people. I have got a lot of information about the refugees from your site. Keep it up. God Bless you and your work.

  2. ပင့်ကူရေ မွန်မြန်ဂရုဏာက အဓိကထောက်ပံ့နေတဲ့ အထဲမှာ မပါသလို လှူတဲ့ပစ္စည်းတွေက လဲ ဘလောက်ဂါ တွေပေးပို့တာမဟုတ်ဘူးဟ။ ထိုင်းက စေတနာ့ရှင်တွေ စုပြီး ဘုန်းကြီးကိုလှူတာကို ငါတို့ ဖြန့်ပေးတာ။ နင်ရေး တာတွေ အမှားတွေများနေတယ်။ သေခြာမေးပြီး ပြန်ပြင်ရေး ပါဦး။

  3. Pingback: The Nargis Nightmare! « The World of Pinkgold

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s