For My Beloved Father

Standard

ဇွန်လဆိုတာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အဖေများနေ့ကို ကျင်းပကြတဲ့ မင်္ဂလာရှိသော လတစ်လပေါ့။ ကျင်းပတဲ့ နေ့ရက်တွေက နိုင်ငံအလိုက် ကွဲပြားမှုရှိပေမယ့်.. နှစ်တိုင်း နှစ်တိုင်းတော့ အဖေများနေ့ကို မပျက်မကွက် ကျင်းပလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျင်းပတဲ့ အစဉ်အလာ သိပ်မကြီးသေးပေမယ့် အဖေချစ်တဲ့ သူတိုင်းကတော့ ကိုယ့်အသိစိတ်ဓါတ်လေးနဲ့ကိုယ် အဖေများနေ့ကို ကျင်းပကြတာ မင်္ဂလာတစ်ပါး ပါပဲရှင်။

ကျွန်မကတော့ ပြောရရင် သမီးမိုက် တစ်ယောက်ပါ။ ဘာလို့လဲဆိုတော့ အဖေများနေ့ကိုတောင် သတိမရနိုင်တဲ့ သူတစ်ယောက် ဖြစ်နေလို့လေ။ MySuboo Website အတွက် အဖေများနေ့ ကဗျာပြိုင်ပွဲတစ်ခုကို ကျင်းပဖို့ တာဝန်ယူလာရတော့မှ သြော် အဖေများနေ့တောင် ရောက်နေပါပကောလား ဆိုတာ သတိရမိတယ်။ MySuboo မှာ ကဗျာပြိုင်မယ့် သူတွေကို အသိပေးဖို့ announcement လေးတစ်ခု ရေးဖြစ်တော့မှ ဗြုန်းခနဲဆို အဖေ့ကို ပြေးသတိရပြီး ငိုချင်စိတ်တွေကို မနည်း ထိန်းထားမိရတယ်။ ကျွန်မလည်း မြန်မာပြည်ထဲမှာ နေပေမယ့် အဖေနဲ့ အမေနဲ့ ဝေးရာကို ရောက်နေတဲ့ သူတစ်ယောက်ပါ…။

“အဖေ့ကို ချစ်တဲ့ သင့်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ကဗျာအဖြစ် ပြောင်းလဲသီကုံးပြီး MySuboo မှ တစ်ဆင့် ပြောပြလိုက်ပါ…”

ဒီစာသားလေးကို ရေးနေရင်းနဲ့မှ “ငါရော အဖေ့အတွက် ဘာများ လုပ်ပေးနိုင်လဲ.. အဖေ့ကျေးဇူးကို ငါဘယ်လောက်များ ပြန်ဆပ်ပြီးပြီလဲ.. အဖေ ငါ့ကြောင့် ဘယ်နှစ်ခါ စိတ်ချမ်းသာ ဖူးလဲ….” စသော အတွေများ တစ်စစ ၀င်လာခဲ့တယ်။

ဘုရားရေ….

ကျွန်မဟာ အဖေ အတွက် ဘာမှမလုပ်ပေးနိုင်သေးတဲ့ သမီးဆိုး တစ်ယောက် ဖြစ်မှန်း မသိဖြစ်နေပါ့ကော..

ကျွန်မ အဖေဟာ စည်းကမ်းတင်းကျပ်တဲ့ ကျောင်းဆရာ တစ်ယောက်ပါ။ ကျွန်မတို့ မြို့မှာဆို အဖေကို မသိသူမရှိသလောက်ပါပဲ။ ကျွန်မတို့လည်း အဖေ့အရှိန်ကြောင့် မျက်နှာသာပေးခြင်းတွေ ခံရတာပေါ့လေ။ သြော် ဆရာ့ သမီးလေးလား.. မုန့်စားသွားပါအုံး.. ဘာညာနဲ့ပေါ့။ အဖေ့တပည့်တွေက အဖေ့ကို ချစ် ကြောက် ရို သေ ကြပါတယ်။ သားသမီးကို အုပ်ချုပ်တဲ့ နေရာမှာလည်း တင်းသင့်တဲ့ အချိန်တင်း၊ လျော့သင့်တဲ့ အချိန် လျော့၊ အလို လိုက်စရာရှိ လိုက်၊ ရိုက်စရာ ရှိရိုက်နဲ့ ဆုံးမတတ်ပါတယ်။ ကျောင်းဆရာ ဆိုတော့ လက်သံလည်း ပြောင်ပါတယ်။ ကျွန်မဆို ငယ်ငယ်တုန်းက ပြောမရ ဆိုမရလို့ ခဏ ခဏ အရိုက် ခံရဖူးပါတယ်။ အဖေကလည်း ပြောဖူးပါရဲ့

“ငါ့ သမီးက အရွဲ့တိုက်တတ်၊ အလုပ်တစ်ခုကို မသပ်မရပ် ပြီးပြီးရော လုပ်တတ်တာလေးကလွဲ ရင် တော်ရှာပါတယ်တဲ့..”

ကျွန်မ အမေကလည်း ကျောင်းဆရာမ တစ်ယောက်ပါ။ နယ်မှာသွားပြီး တာဝန်ထမ်းဆောင် ရတာကြောင့် ကျွန်မရဲ့ ငယ်ဘ၀ဟာ အဖေနဲ့ပဲ တူတူနေခဲ့ရတာ များပါတယ်။ ငယ်ငယ်လေး ကတည်းက စာဖတ်ခြင်းကို စိတ်ဝင်စားအောင်၊ အင်္ဂလိပ်စာ ကောင်းအောင်၊ လူတွေနဲ့ ပြောတတ် ဆိုတတ်အောင်၊ မမှားသင့်တာကို မမှားအောင် ကိုယ်ပိုင်အတွေးနဲ့ ဆုံးဖြတ်တတ်အောင် လေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။ စီးပွားရေး ချို့တည့် တဲ့ ကျွန်မတို့ မိသားစုရဲ့ စားဝတ်နေရေး၊ ကျွန်မတို့ရဲ့ ကျောင်းစရိတ်၊ တစ်ခြား အသုံးစရိတ်၊ အိမ်စရိတ်တွေ ကာမိဖို့အတွက် ကျူရှင်သင်ပြီး ကျွေးမွေးပြုစုခဲ့ပါတယ်။ ငယ်ငယ်တုန်းကပေါ့.. ထမင်းစားနေတုန်း ကျွန်မကြိုက်တဲ့ ဟင်းကို ချက်မကျွေးလို့ ကျွန်မ စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး လုပ်နေတာ့ အဖေက ခုလိုပြောပါတယ်…

“သမီးက ခုချိန်မှာ အဖေ့ရှိနေတော့ ဘာမဆို ပူဆာလို့ ရတာပေါ့။ တစ်ချိန် သမီးအရွယ်ရောက်လာလို့ မိဘနဲ့ ဝေးရာမှာ အလုပ်လုပ်ရမယ်၊ ဒါမှ မဟုတ် ဒီမာန်အောင်ကျွန်လောက်တောင် မပြည့်စုံတဲ့ ဝေးလံတဲ့ နေရာကို ရောက်နေမယ်၊ စားစရာရှားတဲ့ နေရာကို သွားရမယ် ဆိုရင် သမီး ဘ၀ကို သမီးပဲ ထိန်းကျောင်းရမှာ။ မစားချင်လည်း စားတတ်အောင် လေ့ကျင့်ရမှာပဲ သမီး။ ဒီလိုပဲ အလုပ်တစ်ခုကိုလည်း ကိုယ့်အတွက် အကျိုးရှိမယ် ထင်ရင် မလုပ်ချင်လည်း လုပ်ရမှာပဲ။ ကိုယ့်အတွက် အကျိုးမရှိတောင် တစ်ခြား သူတွေအတွက် အကျိုးရှိတယ် ဆိုရင် သမီးမကြိုက်လည်း လုပ်ပေးရမှာပဲ..”

ကျွန်မအခု အဖေနဲ့ ဝေးရာမှာ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းအတွက်၊ အလုပ်တွေလုပ်၊ ပညာတွေ သင်ကြားနေပါတယ်။ ကျွန်မတို့ သူငယ်ချင်း အချင်းချင်းတွေထဲမှာ ယှဉ်လိုက်ရင် ကျွန်မက တော်တော်လေးကို ကံကောင်းပြီး၊ သူငယ်ချင်းတွေထက် နည်းနည်းသာတဲ့ သူတစ်ယောက်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘယ်သူ့ အကူအညီမှ မယူပဲနဲ့ အလုပ်ရအောင်ရှာ၊ လူတွေရဲ့ အထင်ကြီးမှုကို တစ်ခါ တစ်လေခံရ၊ နေရာတစ်ခုကို ရောက်တိုင်း တော်လိုက်တာလို့ အပြောမခံရရင်တောင် ဒီကလေးမလေး တက်လမ်းရှိတယ်၊ ဒီကလေးမလေးက ကြိုးစားတယ် တော်တယ် လို့ အပြောခံရတာ အဖေ့ရဲ့ လေ့ကျင့် သင်ကြားပေးမှုကြောင့်ပါပဲ။ ဘယ်အရာကိုမဆို အခြေခံကောင်းအောင်၊ ဘယ်ပညာကို မဆိုစိတ်ဝင်စားတတ်အောင်၊ ဘယ်သူနဲ့မဆို တည့်အောင်ပေါင်းတတ်ဖို့ သင်ကြားပေးခဲ့တာ အဖေပါပဲ။ ခုချိန်ထိလည်း ကျွန်မကို ဖုန်းတွေဆက်ပြီး ဆုံးမနေတုန်း ပါပဲ။ အရွဲ့တိုက်တတ်လွန်းတဲ့ ကျွန်မကို မလုပ်ချင်တာကို လုပ်ချင်လာအောင်၊ မလုပ်သင့်တာကို မလုပ်မိအောင် ၀ုန်းဒိုင်းကျဲ ဒေါသထွက်တဲ့ ပုံစံမျိုးနဲ့ မဟုတ်ပဲ ခပ်အေးအေးလေးနဲ့ နားဝင်အောင် ဆုံးမတတ်တာလည်း ကျွန်မ အဖေပါပဲရှင်။

“အဖေတို့တုန်းက တက္ကသိုလ်တက်တော့ အိမ်ကဆင်းရဲတော့ ကျောင်းစရိတ် မထောက်နိုင်ဘူး။ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး တက်ခဲ့ရတယ်။ အဲဒီ ကတည်းက အဖေဆုံးဖြတ်ခဲ့တာ တစ်ခုက ငါ့ သားသမီး အလှည့်ကျရင် ဘယ်တော့မှ ဒီလိုမဖြစ်စေရဘူး ဆိုတာပဲ။ သမီး ဘာကျောင်းတက်ချင်လဲ၊ ဘာပညာ သင်ချင်လဲ အဖေရအောင် လုပ်ပေးမယ်။ ကျောင်းစရိတ် ပိုက်ဆံကိစ္စ ဘာမှ ပူစရာ မလိုဘူး။ ဒါပေမယ့် အသုံးလည်း မကြမ်းရဘူး။ လိုအပ်သလောက်ပဲ ပေးမယ်.. အပိုတွေ မလုပ်နဲ့…” ဆိုတာ ကျွန်မအဖေရဲ့ လေးစားစရာ စကားတွေထဲက တစ်ခုပေါ့ရှင်။

ခု ကျွန်မ အလုပ်လုပ်.. လစာတွေရ.. ရသလောက်သုံးနေတော့.. “သမီးရယ် သမီးရတဲ့ လခကို သမီးကြိုက်သလို သုံးတာ အဖေဘာမှ မပြောလိုပါဘူး.. အဖေတို့ကိုလည်း ဘာမှ ပေးစရာမလိုဘူး။ ငါ့သမီး ဒီလို ကိုယ့်ဟာကိုယ် ရှာသုံးနိုင်တာ အဖေအရမ်း ဂုဏ်ယူတယ်.. အေး ဒါပေမယ့် လိုအပ်ရင် သုံးဖို့တော့ နည်းနည်း စုဆောင်းထားပေါ့ကွယ်.. ကိုယ့်ဘ၀အတွက် တိုးတက်ရာကိုလည်း အမြဲရှာနေ.. အဖေက တောမှာနေတာ.. ခေတ်ကို လိုက်မမီတော့ဘူး…. ခုတော့ သမီးက အဖေ့ထက်သိ၊ အဖေ့ထက်တတ်၊ ခေတ်ကို အဖေ့ထက် အများကြီး လိုက်နိုင် သွားပြီ။ ဒီတော့ ကိုယ့်အောက်က ညီမလေးတွေ၊ အငယ်တွေကို အဖေတို့ ကိုယ်စား လမ်းညွှန်ပေးရမှာက သမီးဖြစ်သွားပြီ.. သမီးကို အဖေတို့ အားကိုးတယ်” ဆိုပြီး နှိမ့်ချ ပြောဆိုတတ်ပါသေးတယ်။

အဖေဟာ ကျွန်မအတွက်တော့ သူရဲကောင်းပါပဲ။ ကျွန်မရဲ့ ထာဝရ မှီခိုအားထားရာ ရွှေတောင်ကြီးပါ။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာက ကျွန်မ အဖေ့အတွက် ဘာမှ လုပ်မပေးနိုင်သေးဘူး။ အဖေကျွန်မကို ခုချိန်ထိ စိတ်ပူရတုန်း၊ ဆုံးမရတုန်း၊ အရိပ်တကြည့်ကြည့်နေရတုန်း၊ ပြသနာတွေ ၀င်ဖြေရှင်းရတုန်း။ အဖေများနေ့က စပြီး ကျွန်မ ကတိတစ်ခု ပြုပါတယ်။ နောက်နောင်မှာ အဖေစိတ်ချရတဲ့၊ အဖေအားကိုးရတဲ့ သမီးကောင်းတစ်ယောက် ဖြစ်အောင် သမီးကြိုးစား သွားပါမယ်လို့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s