The Life of A Forsaken Girl!

Standard
“ ကဲ.. မင်းဘာလုပ်မှာလဲ”

“ ကျွန်မက ဘာလုပ်ရမှာလဲ”

“ ဟ.. မင်းတစ်ခုခု ဆုံးဖြတ်ရမယ်လေ.. ငါတို့ နှစ်ယောက်က ဒီအတိုင်းဆက် စခန်းသွားနေတော့မှာလား”

ကျွန်မ သူ့မျက်လုံးတွေကို ခပ်ရဲရဲကြည့်မိသည်။ ကျွန်မကို စူးစိုက်ကြည့်နေသော ဒေါသအကြည့်တွေကို ကျွန်မရင်ဆိုင်ရသည်။ သူ့မျက်ဝန်းတွေက ဒေါသကြောင့် လင်းလက်နေသည်။ အမြဲပြုံးနေတတ်သော မျက်နှာတွင် တင်းမာမှု အရိပ်အယောင်များကို တွေ့နေရသည်။

ပတ်ဝန်းကျင်ကို အမှောင်ထုက စိုးမိုးလာသည်။ ကျွန်မတို့ နှစ်ယောက်ကြား တင်းမာမှုတွေလည်း တစ်ဖြည်းဖြည်းကြီးထွားလာသည်။ ကျွန်မတို့ဘာကြောင့် ဒီလိုဖြစ်သွားရတာလဲ။ သူနဲ့ကျွန်မကြား ပြန်လည်စေ့စပ်ညှိနှိုင်းလို့ မရနိုင်တော့ဘူးတဲ့လား။ တစ်ကယ်တော့ ဒီလိုအခြေအနေကို သူမ မရောက်ချင်ပါ။ ဒီလိုဖြစ်လာလိမ့်မယ်လို့လည်း ဘယ်တော့မှ မမျှော်လင့်ခဲ့ပါ။ သို့သော်.. လက်ရှိအခြေအနေမှာတော့ သူမ အချစ်နဲ့ ယုံကြည်ချက်အတွက် တစ်ခုခုကို ဆုံးဖြတ်ရတော့မည်။ ချစ်သူကို စွန့်ရမလား၊ ယုံကြည်ချက်ကို ဆက်ပြီး လက်ကိုင်ထားမလား။ စဉ်းစားရသည်မှာ ရင်မောလှပါသည်။ ဖျောင်းဖျ၍ မရတော့သောချစ်သူကို အဖြေတစ်ခုခုတော့ ပြန်ပေးရပေတော့မည်။

“ ရှင်က ကျွန်မကို လုံးဝ စွန့်လွှတ်တော့မယ်ပေါ့.. ဟုတ်လား”

“ မင်း ဒီအတိုင်းဆက်သွားနေရင်တော့ ငါတို့ ရှေ့ဆက်ဖို့ ခက်ခဲလိမ့်မယ် ထင်တယ်”

“ကောင်းပြီလေ.. ရှင်ကလည်း ရှင်ဖြစ်ချင်နေတာကို ပြောနေသလို ကျွန်မကလည်း ကျွန်မ ဖြစ်ချင်တာကို လုံးဝ လက်မလွှတ်ဘူး”

“ မင်းက ငါနဲ့ လမ်းခွဲမယ်ပေါ့ ဟုတ်လား… တောက်”

သူ တောက် တစ်ချက် ခပ်ပြင်းပြင်းခေါက်လိုက်သံကို ကြားလိုက် မိသလိုလိုတော့ရှိသည်။ ကျွန်မရင်ထဲ မွန်းကျပ်လာသည်။ ပြောမထွက်သော စကားတစ်ခွန်းကို ကျွန်မပြောရတော့မည်။ ၀မ်းနည်းမှုကြောင့် ကျွန်မရင်ဘတ်တွေ လှိုက်ဖိုလာသည်။ နှလုံးခုံသံပြင်းပြင်းကို သူကြားချင်လည်း ကြားပေလိမ့်မည်။ စကားတစ်ခွန်းပြောဖို့အရေး ကျွန်မ ဘယ်သောအခါမှ ဒီလောက်အချိန်မယူဖူးပါ။ ဒီလောက်လည်း မတုန်လှုပ်ဖူးပါ။ ကျွန်မ စိတ်တွေကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထိမ်းလိုက်မိသည်။ စကားသံကို အတတ်နိုင်ဆုံး ပြတ်သားဖို့ ကြိုးစားသည်။ ကျွန်မ မျက်ဝန်းကတွဲကျလုလုမျက်ရည်တွေကို အတတ်နိုင်ဆုံး အရှိန်လျှော့လိုက်သည်။

“ ညှိမရတဲ့အဆုံးတော့ ဒီလိုပဲ လုပ်ရတော့မှာပေါ့”

“အေးပေါ့လေ ငါက အစကတည်းက မင်းအတွက် ဘာမှ မှ မဟုတ်ခဲ့တာ.. ငါ မင်းကိုချစ်မိတာ သိပ်မှားတယ်. သိပ်နောင်တရတယ်… ရပါတယ်. မင်းလမ်းကို မင်းလျှောက်ပါ.. ငါ မင်းကို မတွေ့ခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ့မယ်’

ချာခနဲ လှည့်ထွက်သွားသော သူ့ကို ကျွန်မ စူးစိုက်ကြည့်မိသည်။ ကျွန်မ မျက်ဝန်းကမျက်ရည်တွေ အတိုင်းအဆမရှိ ကျဆင်းလာသည်။ ကျွန်မ တင်းထားခဲ့သမျှကို လျှော့ချပြီး ငိုချလိုက်မိတော့သည်။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်အားတော့။ ခေါင်းတစ်ချက် မော့ကြည့်လိုက်တော့ သူ့ကျောပြင်ကို ခပ်လှမ်းလှမ်းတွေ့မြင်ရသည်။ ကျွန်မ တစ်ချိန်တုန်းက မှီခဲ့ဖူးသော သူ့ကျောပြင်ကို လွမ်းဆွတ်စွာ ကြည့်မိသည်။ ရင်မှာ နာကျင်မှုဝေဒနာကို စတင်ခံစားရသည်။ အလွန်တန်ဘိုးထားရသော ပစ္စည်းလေးတစ်ခုကို ဆုံးရှုံးရသလို ၀မ်းနည်းမိသည်။ နောက်ဆုံးတော့ သူ စတင်လမ်းခွဲခဲ့သော ဒီနေရာလေးကို ကျွန်မ အမှတ်တရ အနေနဲ့ကြည့်မိသည်။ ထိုနေရာကို နာကြည်းစွာကြည့်ရင်း ကျွန်မ ချာခနဲ လှည့်ထွက်မိသည်။

Photobucket

တစ်ကယ်တော့ ကျွန်မတို့နှစ်ယောက်ကို သိပ်ချစ်ကြသော ချစ်သူတွေအဖြစ် သူငယ်ချင်းတွေက အသိအမှတ်ပြုထားခဲ့ခြင်းဖြစ်သည်။ ပညာတတ်၍ အသိုင်းအ၀ိုင်းကြီးမှ ပေါက်ဖွားလာသောသူနှင့် ကိုယ့်ဘ၀ကိုယ် ရုန်းကန်နေရသော ကျွန်မတွေ့ဆုံခဲ့ခြင်းက အံ့သြစရာလည်း ကောင်းနေသည်။ တစ်ချိန်တုန်းက ပျော်ရွှင်ကြည်နူးခဲ့ရသော နေ့ရက်များသည် ကျွန်မ ကျောင်းပြီးလို့ အလုပ်ဝင်ပြီးနောက်ပိုင်းမှာ တစ်ဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

“ သဲ ကိုကြည့်ရတာ ပင်ပန်းလိုက်တာကွာ.. ဒီ အလုပ်တွေ မလုပ်ပါနဲ့လား”

“ ကို ကလည်း.. ကျွန်မတို့က ကို့လောက်မှ မချမ်းသာတာ… စားဖို့ သောက်ဖို့တော့ အလုပ် လုပ်ရမှာပေါ့ ကိုရဲ့”

“ ဟုတ်ပါတယ် သဲ အလုပ်လုပ်တာ ကိုယ်အပြစ် မပြောပါဘူး.. ခုတော့ သဲ ပင်ပန်းတာ ကို မကြည့်ရက်လို့ပါ”

ကျွန်မပင်ပန်းလာတိုင်း ကျွန်မကို ဖေးမပေးတတ်သည်။ ကျွန်မ အမောပြေအောင်၊ အားရှိအောင် အစားတွေ တစ်မျိုးပြီး တစ်မျိုးကျွေးမွေးတတ်သည်မှာလည်း သူပင်ဖြစ်တော့သည်။ မိဘလုပ်ငန်းတွေကို ဦးစီးဖို့ ပညာတွေ ဆက်လက်သင်ကြားနေသော သူ့က ကျွန်မလောက် မပင်ပန်းတော့ ကျွန်မပင်ပန်းတာတွေ၊ အလုပ်များတာတွေကို မကြည့်ရက်ရှာပေ။ သူ့မိဘတွေ လုပ်ငန်းမှာ ကျွန်မကို လုပ်စေချင်ခဲ့သော်လည်း ကျွန်မ၏ မွေးရာပါ မာနကြောင့် အကြောင်းအမျိုးမျိုးပြကာ မလုပ်ပဲ နေခဲ့ခြင်းဖြစ်သည်။

“ သဲ သာ ကိုယ့်ဖေဖေရဲ့ ကုမ္ပဏီမှာ လုပ်ရင် ဒီလောက် ပင်ပန်းမှာ မဟုတ်ဘူး”

“ ဒါတော့ သိတာပေါ့ ကိုရဲ့.. ကျွန်မက ကိုယ့်အစွမ်းအစနဲ့ကိုယ် တိုးတက်ချင်တာ ကို လည်းသိသားနဲ့… သူများ အကူအညီ မယူချင်ပါဘူး”

“သူများ မဟုတ်ပါဘူးကွာ.. တစ်ချိန်ကျလည်း မိသားစုတွေ ဖြစ်မှာပဲဟာ… ပြီးတော့ သဲကလည်း အလုပ်တွေ ပိုပိုများလာတော့ ကိုယ်တို့ တွေ့ရချိန်နည်းတယ်ကွ… မင်းကလည်း မအားတာပဲ များများလာတယ်”

“ ရုံးမှာ လုပ်ငန်းတွေ ပိုချဲ့ပြီး လုပ်လို့ပါ ကို ရာ… သိတယ် မလား.. ကို့ရဲ့ သဲ က ငတော်လေးဆိုတော့ ခိုင်းချင်ကြတာပေါ့ ဟဲဟဲ’

“ခိုင်းစရာကလည်း ဒီလောက်တောင် ရှားရသလားကွာ… တစ်ယောက်ထဲကိုပဲ ဖိခိုင်းရသလား.. ကိုယ်တော့ သဲ ကို အလုပ်ထွက်စေချင်ပြီ”
“ကို နော် ကျွန်မကို အလုပ်မထွက်ခိုင်းနဲ့.. ကျွန်မ အစွမ်း အစနဲ့ ကြိုးစားပြီး ခုမှ နေရာလေး တစ်နေရာ ရလာတာ.. ကျွန်မကတော့ ကိုယ် အစွမ်းရှိသလောက် ဒီထက် မကကြိုးစားချင်သေးတာ.. ပြီးတော့ ကို့ဖေဖေရဲ့ အလုပ်တွေက ကျွန်မ စိတ်မ၀င်စားတာကြီးတွေ”

****************************************************************************************

နောက်ပိုင်းတွင် ကျွန်မ အလုပ်တွေ ပိုပိုများလာသည်။ လုပ်ငန်း၏သဘောတရားနှင့် ခေတ်ကာလ၏ လိုအပ်ချက်အရ ပညာတွေပိုတတ်ဖို့ ကြိုးစားရသည်။ ရုံးတွင်း မီတင်တွေ၊ အပြင် customer များရဲ့ လိုအပ်ချက်တွေ၊ Plan Ahead တွေ၊ ကျောင်းတက်ရတာတွေနဲ့ ကျွန်မရဲ့ အချိန်တွေက သူ့အတွက် ရှားသည်ထက်ရှားလာခဲ့သည်။ သူ တွေ့ချင်တိုင်း၊ သူ ကျွန်မကို တွေ့ဖို့ ချိန်းတိုင်း အမြဲတမ်းကျွန်မ မသွားနိုင် မတွေ့နိုင်တော့ပေ။ သူ့ကို ဂရုစိုက်ဖို့ အားနည်းလာသော ကျွန်မကို သူ ပြသနာတွေ ရှာရှာတတ်လာသည်။ ကျွန်မ အလုပ်တွေလောက် သူ့ကို နေရာမပေးတော့ဟု စောင်းမြောင်းကာ ပြောဆိုတတ်သည်များလည်း ရှိသေးသည်။ ကျွန်မ အလုပ်လုပ်သော ရုံးထိလိုက်လာပြီး လူကိုယ်တိုင် ပြသနာ လာရှာတတ်သည်က ရှိသေးသည်။ ကျွန်မ ရင်မောရပါတယ်။ ကျွန်မ အနေဖြင့် အလုပ်တွေ ပညာရေးတွေကို ပစ်မထားချင်သလို၊ ချစ်သူနဲ့လည်း အဆင်ပြေချင်ပါသည်။ အစွန်းနှစ်ဖက်ကို ညီအောင်ညှိဖို့ ကြိုးစားရင်း ချစ်သူ၏ အထင်လွဲမှုတွေကို ကျွန်မ မီအောင်မဖြေရှင်းနိုင်တော့ပါ။ ကျွန်မရှင်းပြဖို့ ကြိုးစားတိုင်းလည်း သူ လက်မခံနိုင်သည့် အကြောင်းရင်းတွေက များလာသောကြောင့် အချစ်အတွက် အချိန်အများကြီး မပေးနိုင်တော့သော ကျွန်မအဖို့ ကျွန်မတို့ နှစ်ယောက်ကြား ပဋိပက္ခများသည် ပိုမိုကြီးထွား လာလေတော့သည်။

“ သဲ က ကိုယ့်ကို အချိန်မပေးနိုင်တာတွေ များလာပြီကွာ”

“ကိုရယ် ကျွန်မ အလုပ်များတာ ကိုလည်း သိသားနဲ့.. ကျွန်မကြိုးစားမှ တစ်ချိန်မှာ အောင်မြင်မှာပေါ့”

“သဲ ကြိုးစားတာ ကိုယ် ၀မ်းသာပါတယ်.. ဒါပေမယ့် ကိုယ့် ကိုလည်း နည်းနည်းဂရုစိုက် အုံးလေကွာ”

“ဂရုစိုက်ပါတယ်.. ကို ရဲ့.. အရင်လို နေ့တိုင်းမတွေ့နိုင်တာပဲ ရှိတာပါ… ကို့ကို လုံးဝ ပစ်ထားတာမှ မဟုတ်တာ.. ကျွန်မ ဒီလိုလုပ်နေတာ ကို့ကို ပိုလွမ်းရတယ်ရှင့် သိရဲ့လား”

“တစ်ခါ တစ်လေ မင်း ငါ့ကို မချစ်တော့ဘူးလား၊ ငါဟာ မင်းအတွက် ဘာမှအရေး မပါတော့ဘူးလား၊ မင်း တွေ့ချင်မှတွေ့ မတွေ့ချင် ပစ်ထားခြင်း ခံရတဲ့ ဘာကောင်မှ မဟုတ်တော့ဘူးလား လို့တောင် ထင်မိသေးတယ်”

“ကို ကလည်း ကျွန်မ ကို့ကို မချစ်တော့တာမှ မဟုတ်တာ… ခု ချိန်မှာ လုပ် ထားမှ နောင်တစ်ချိန် ကျွန်မတို့ အေးအေး ဆေးဆေး နေနိုင်မှာပေါ့လို့”

“မင်း တော်တော် လောဘကြီးတယ်… အတ္တလည်း သိပ်ကြီးတယ်.. နေပါအုံး မင်း သေသွားတော့ရော ဒါတွေကို သယ်သွားနိုင်မှာ မို့လို့လား”

“ကျွန်မက တိုးတက်ရာ တိုးတက်ကြောင်းအတွက် ကြိုးစားနေတာကို ကို က အတ္တကြီးတယ်လို့ စွပ်စွဲရင်လည်း မတတ်နိုင်ဘူး.. ပြီးတော့ ကျွန်မက မသေခင် ဖြစ်ကတတ်ဆန်း နေသွားရမှာလား”

ကျွန်မ သူ့ကို နားလည်အောင်ရှင်းပြဖို့ ကြိုးစားပါသည်။ ကျွန်မကို အတ္တကြီးတယ်လို့ ပြောတိုင်း၊ ကျွန်မကို လောဘကြီးတယ်လို့ပြောတိုင်း ကျွန်မ သူ့ကို နည်းနည်းတော့ ဒေါသထွက်ချင်ပါသည်။ ကျွန်မကို နားမလည်တတ်သော သူတစ်ယောက်ကို ကျွန်မ ချစ်ခဲ့မိတာလားလို့ ရူးကြောင်ကြောင်ပင် တွေးမိတတ်သေးတော့သည်။ ကျွန်မ ဘ၀မှာ ဖြစ်သလို မနေချင်ပါ။ ကျွန်မ ပတ်ဝန်းကျင်အတွက်၊ ကျွန်မ မိသားစုအတွက်၊ ကျွန်မရဲ့ နောင်ရေး အတွက် စိတ်အေးရအောင် ကျွန်မ အသက်ငယ်တုန်းကြိုးစားချင်ပါသေးသည်။ သူ့ကိုလည်း နားလည်စေချင်သည်။ သည်းခံစေချင်ပါသည်။ သို့သော်လည်း ကျွန်မ၏ ညံ့ဖျင်းမှုကြောင့် သူ့ကို ကျွန်မဘက်ပါအောင် မစည်းရုံးနိုင်သောအခါ ချစ်သူနှစ်ယောက်ကြား နားလည်မှုများ ပိုမို လွဲမှား လာခဲ့ရတော့သည်။
*****************************************************************************************

“သဲ.. မင်း ငါ့ကို လက်ထပ် အုံးမှာလား.. အလုပ် တွေလုပ်၊ ကျောင်းတွေပဲ တက်နေတော့မှာလား”

“ကျွန်မ ဒီအချိန်မှာ လင်ယူ၊ သားမွေး မလုပ်ချင်သေးဘူး၊ ကျွန်မ အသက်ငယ်တုန်းလေး တတ်နိုင်သလောက် အစွမ်းရှိသလောက်လေး ကြိုးစားသွားချင်သေးတယ်.. ကို ကလည်း အရမ်းလောတာပဲ.. ၂ နှစ်လောက်စောင့်လိုက်ရင် အရာရာဟာ အိုကေ သွားမှာပါ ကိုရာ”

“မဟုတ်ဘူး.. ဒီထက်ကြာရင် မင်း ပိုဆိုးသွားလိမ့်မယ်.. ဒီတော့ ငါ မင်းကို မေးရမယ်… မင်း ငါ့ကို လက်ထပ်မှာလား.. ဒါတွေပဲ ဆက်လုပ်နေမှာလား”

“ကို.. ကို့ကို ကျွန်မ သိပ်ချစ်တယ်.. လက်လည်းထပ်မယ်.. ဒါပေမယ့် ခုတော့ မဟုတ်သေးဘူး.. ကျွန်မ ရည်မှန်းချက်တွေ ပြည့်သွားမှ လက်ထပ်မယ်”

“ငါက အစတုန်းက မင်းကို ခပ်ရိုးရိုးလေး နေတတ်တဲ့ မိန်းမ တစ်ယောက်လို့ ထင်ပြီး ချစ်ခဲ့တာကွ.. မင်း ပြောတော့ ဘ၀မှာ အေးအေး လူလူနေချင်တယ်ဆို”

“ကျွန်မပြောတဲ့ အေးအေးလူလူဆိုတာ တောထဲသွားပြီး သစ်ပင်စိုက်စား နေတာကို ပြောတာမဟုတ်ဘူးကို.. အချိန်ရှိတုန်းလေး ကြိုးစား၊ ကြီးလာတဲ့ တစ်ချိန်ကျရင် မိသားစုနဲ့တူတူ မပူမပင်နေချင်တာကို ပြောတာ”

“မဟုတ်သေးဘူးကွာ.. ငါ မင်းကိုပြောမယ်.. မင်း အလုပ်ထွက်လိုက်တော့.. ငါမင်းကို မပူမပင် ထားနိုင်ပါတယ်ကွာ”

“ကျွန်မက ယောင်္ကျားလုပ်စာကို ထိုင်စားမယ့် သူလား… ယောင်္ကျားကို အပြင်ထွက် အလုပ်လုပ်ခိုင်း.. မိန်မက အိမ်မှာ ထမင်းချက် ကလေးထိန်း ဆိုတဲ့ ခေတ်ဟောင်းက အတွေးတွေထဲ ကျွန်မ မျောမနေချင်ဘူး.. ကျွန်မကို လက်ထပ်ဖို့ အကြောင်းချည်းပဲ ခဏ ခဏ လာမပြောနဲ့နော်.. ကျွန်မ စိတ်ဆိုးလိုက်တော့မှာ”

“ငါနဲ့ မင်း တစ်ခုခုတော့ ဆုံး ဖြတ်ရတော့မယ် ထင်တယ်”

နောက်ဆုံးတော့.. ဘယ်လိုမှ ညှိမရတော့သည့် အဆုံး သူကျွန်မကို လမ်းခွဲဖို့ စတင်စကားပြောလာပါတော့သည်။ ချစ်သူ၏ ယုယမှုကို ခံယူချင်သောသူက.. ကျွန်မ၏ အပြုအမူတွေကို ဘယ်လိုမှ သည်းမခံနိုင်ဖြစ်လာသည်။ ကိုယ့်ဘ၀အတွက် ကြိုးစားချင်သော ကျွန်မက သူ့ကို နားလည်တတ်စေချင်သည်။ ဘ၀ နှင့် နှလုံးသားရေးကြား ဆုံးဖြတ်ရသည်မှာ ကျွန်မ ရင်မောရပါသည်။ နောက်ဆုံးတော့ သူသည် ကျွန်ကို အတ္တကြီးသည်၊ လောဘကြီးသည်၊ လူတစ်ယောက်၏ ခံစားချက်ကို လျစ်လျူရှုသည်၊ သူချစ်သလောက် သူ့ကို ပြန်မချစ်ဘူးဟု ပြောကာ ကျွန်မကို စွန့်ခွာ သွားတော့သည်။ ကျွန်မသည် ဘ၀အရေးကို ဦးစားပေးမ၍ ချစ်သူ၏ စွန့်ခွာခြင်းကို ခံရသော မိန်းကလေး တစ်ယောက်သာ ဖြစ်တော့သည်။

8 responses »

  1. ရိုးရိုးလေးနဲ့ ဖတ်ကောင်းတဲ့ ၀တ္ထုတိုလေးပါ။

    ဒါလေးဖတ်ပြီး ဂျုးရဲ့ စက်ရုပ်တစ်ရုပ်နှင့်ချစ်ခင်ခြင်း (နံမည်အနည်းငယ်လွဲကောင်းလွဲနိုင်ပါသည်) ဆိုတဲ့ ၀တ္ထုတိုလေး စိတ်ထဲမှာပြန်ပေါ်လာတယ်။ ပညာရေးမှာ အလုပ်အပေါ်မှာ လောဘကြီးလွန်းလှတဲ့ ကောင်လေးနဲ့ ရိုးရိုးရှင်းရှင်းကောင်မလေးတစ်ယောက် အကြောင်း …. 🙂

  2. ကျေးဇူးပါရှင့်…

    ကိုသင်ကာက ကျွန်မကို နင် ဒီလောက်အလုပ်များနေရင် ရည်းစားရမှာ မဟုတ်ဘူးလို့ စ နောက် နေတတ်တော့.. အလုပ်များလွန်းတဲ့ ကောင်မလေးနဲ့ သူ့ချစ်သူအကြောင်းလေးကို စိတ်ကူးလေးနဲ့ ရေးမိတာပါ.. အားပေးလို့ ၀မ်းသာရပါတယ်ရှင်

  3. “ကျွန်မပြောတဲ့ အေးအေးလူလူဆိုတာ တောထဲသွားပြီး သစ်ပင်စိုက်စား နေတာကို ပြောတာမဟုတ်ဘူးကို.. အချိန်ရှိတုန်းလေး ကြိုးစား၊ ကြီးလာတဲ့ တစ်ချိန်ကျရင် မိသားစုနဲ့တူတူ မပူမပင်နေချင်တာကို ပြောတာ”

    စာအရေးသား ကောင်းပါတယ်.. ပိုင်ပိုင်နိုင်နိုင်ရေးနိုင်ကြောင်း စာဖတ်သူတစ်ယောက်အနေနှင့် အားပေးပါရစေ…

  4. ဒီလိုပြဿနာမျိုးက ခုခေတ်မှာ မကြာခဏ တွေ့ရတတ်သဗျ။ အထူးသဖြင့် ထက်လွန်းတဲ့ စုံတွဲတွေကြားမှာ ပိုဖြစ်တတ်ပါတယ်။ ယောင်္ကျားလေးကလည်း ငွေရှာကောင်းတော့ မင်းကို ငါ ရှာကျွေးနိုင်တယ်။ မင်း အလုပ်လုပ်စရာ မလိုဘူးပေါ့။ မိန်းကလေးဘက်က ကျတော့လည်း အရင်ခေတ်က မိန်းမတွေလို သေစာရှင်စာ ဖတ်တတ်ရင်တော်ပြီ။ လင်ကို ဘုရား သားကို သခင်တွေ ဘာညာတွေ မဟုတ်တော့ဘူး။ ခုခေတ်က ယောင်္ကျားနဲ့ မိန်းမ ရင်ဘောင်တန်းတယ်ပေါ့။ သူ့မှာလည်း သူ့ရည်ရွယ်ချက်နဲ့သူ ရှိတယ်ပေါ့ဗျာ။ ဒါနဲ့ပဲ ကွဲသွားကြတာတွေ မနည်းပါဘူး။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလေးထားပြီး ညှိယူကြမယ်ဆိုရင် ကိုယ့်စိတ်ကြိုက်မဟုတ်တောင် နှစ်ဘက်လုံးအဆင်ပြေမည့် ကြားအဖြေ (compromise) ရနိုင်တာပေါ့ဗျာ။

  5. ဖတ်လို့ကောင်းလိုက်တာ
    ပင့်ကူ၇ာ
    တော်လိုက်တာ ရိုးရိုးလေးနဲ့ကောင်မလေးကို
    ရိုးရိုးလေးဖတ်သွားပါတယ်..
း)
    တော်တယ် နာ့အတိုင်းပဲ အဟီး

  6. တကယ့်အဖြစ်အပျက်များလားလို့ တောင်ထင်မိတယ်

  7. နှစ်သက်စွာဖတ်သွားပါတယ်။
    အပြင်လက်တွေ့ဘ၀နဲ့ နီးစပ်စွာတင်ပြသွားတဲ့ အတွက် ဖြစ်ရပ်မှန်လိုလို တောင်ထင်မိသွား ပါတယ်။ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ..

  8. ကိုယ်တွေ့ အ ဖြစ်အပျက်များလားလို့တောင်ထင်မိတယ်။ အခြားသူတွေထားခဲ့တဲ့ကွန်မင်း ဖတ်မှဝတ္ထုတိုလို့သိလိုက်ရတာ။တကယ်ကော င်းတယ်။သိပ်ထက်မြက်လွန်းတဲ့မိန်းကလေးရဲ့စရိုက် ပေါ်လွင်တယ်။
    အဲ
    ..တစ်ချို့ယောက်ျားလေးတွေကသိပ်ထက် လွန်းရင်လည်းမကြိုက်ကြပြန်ဘူး။ ကြော်ငြာဝင်မယ်…အဲဒီအထဲမှာငါမပါဘူး ..။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s