နန်းစကား၊ မန်းစကား၊ မြန်မာစကား

Standard

မြန်မာစကားဟာ တစ်ခြားစကားတွေနဲ့ မတူပဲ ဝေါဟာရအတော်ကြွယ်ဝ လှပါတယ်။ ခေတ်အမျိုးမျိုးမှာလည်း ဘန်းစကားတွေ၊ လမ်းစကားတွေနဲ့ ဝေေ၀ဆာဆာရှိနေခဲ့ပါသေးတယ်။ ကျွန်မတို့ခေတ်မှာတော့ တစ်ချို့စကားတွေဟာ လုံးဝကို ကွယ်ပျောက်နေပြီး တစ်ချို့စကားလုံးတွေကတော့ ကွယ်ပျောက်လုနီးပါး ရှိနေကြပါတယ်။ မြန်မာ့စကား၊ နန်းစကား တွေကို ဆက်လက်ပြောဆိုနေကြတဲ့ မြန်မာလူမျိုးတွေလည်း ဒီနေ့ခေတ်အထိ ရှိတော့ ရှိနေကြပါသေးတယ်။ မြန်မာတို့ရဲ့ နောက်ဆုံးနန်းစိုက်ရာ မန္တလေးမှာဆိုရင် တစ်ချို့စကားတွေကို ဒီနေ့ထက်ထိ သုံးစွဲနေကြတာ တွေ့ရပါသေးတယ်ရှင်။ ဒီစကားတွေဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ မှတ်သားစရာလည်း ကောင်းလှပါတယ်။ ကျွန်မအခု ဖော်ပြမယ့် စကားလုံးတွေဟာ လူထုစိန်ဝင်းရေးသားတဲ့ နန်းစကား၊ မန်းစကား၊ မြန်မာတို့ရဲ့ မြန်မာစကား ဆိုတဲ့ စာအုပ်ထဲက ကောက်နုတ်ဖော်ပြချက်တွေ ဖြစ်ပါတယ်။ ဆရာရေးတဲ့အတိုင်း ကျွန်မပြန်ရေးထားတာ ဖြစ်ပါတယ်။

 

၁။ လှေပြေးကလေး

            ဒီစကားလုံးဟာ ကွယ်ပျောက်လုနီးတောင် မဟုတ်တော့ပါဘူး။ လုံးဝကို ကွယ်ပျောက်သွားပါပြီ။ "တီးတိုင်းမြည်တဲ့ ဗေဟီစည်ကြီးလိုပဲ" ဆိုတဲ့စကားနဲ့ အဓိပ္ပာယ်တူစကားပါ။ ဆရာကြီးရွေဥဒေါင်းက ကျွန်ုပ်မှာ မှတ်ဥာဏ်အတော်ကောင်းသေး၍ ဆရာတော်ပို့ချပေးသော စာများကို အခြားကျောင်းသားကြီးများထက် ရလွယ်သည်ဖြစ်သောကြောင့် ဆရာတော်က လှော်တိုင်းပြေးတဲ့ လှေပြေးကလေး ဟုအမည်မှည့်ကာ ကျောင်းသားကြီးများ၏ မနာလိုခြင်း ခံရလေသည် လို့ ရေးခဲ့ပါတယ်။

 

၂။ တစ်ဖြတ်တည်း

            ပိတ်အုပ်တစ်အုပ်တည်းက အတူတူဖြတ်ထားတဲ့ အ၀တ်စလို တစ်ဆင်တည်း၊ တစ်သွေးတည်း ဖြစ်ကြတာကို ဆိုလိုပါတယ်။ "အသားညိုခြင်း၊ ဆံရစ်ဆံတောက်ထားခြင်း၊ မျက်လုံးအိမ်ကြီးခြင်းမှစ၍ မျက်နှာအဆင်ပြေပုံတို့မှာ တစ်ဖြတ်တည်းဟု ဆိုရမလောက် တူညီလှပေရာ" ဟု ဆရာကြီး ရွှေဥဒေါင်းက သုံးနှုန်းခဲ့ဖူးပါတယ်။

 

၃။ တံပြာ (ဒပြာ)

            ဒီနေ့ခေတ် လူငယ်တွေ သုံးဖို့မဆိုထားနဲ့ ကြားဖူးနားဝတောင် တယ်မရှိရှာတော့ပါဘူး။ "ဒီနွားက တံပြာတို့မှ သွားတဲ့ နွားကွ" ၊ "သူ့နွားကတော့ တံပြာလွတ်ပဲ" ၊ "ကျော်ကောင်းလို့ တံပြာတောင်းသလား" ဆိုတဲ့စကားတွေ အစား ခုခေတ်မှာ ကြိမ်တံတို့ ကြိမ်လုံးတို့ပဲ သုံးလေ့ရှိကြပါတော့တယ်။

 

၎။ ဒိုဘီချ၊ ဒိုဘီဆိုင်

            "အင်္ကျီ ဒိုဘီချ နဲ့ ဘယ်သွားမလို့လဲ" ဆိုတဲ့ စကားမျိုးဟာ လွန်ခဲ့သော နှစ်ပေါင်း 30 လောက်ထိ တွင်တွင်ကျယ်ကျယ် သုံးလေ့ရှိကြပါသေးတယ်။ ရပ်ကွက်တစ်ခုမှာ ဆံပင်ညှပ်ဆိုင် တစ်ဆိုင်နှစ်ဆိုင် ရှိမြဲဖြစ်သလို ဒိုဘီဆိုင်လို့လည်းခေါ်၊ ပင်မင်းဆိုင် လို့လည်းခေါ်တဲ့ ဆိုင်တွေလည်း တစ်ဆိုင်နှစ်ဆိုင်ရှိမြဲပါ။ ခုခေတ်တော့ ရန်ကုန်လို မြို့ကြီးတွေမှာတောင် ဒိုဘီဆိုင်တွေ ကွယ်ပျောက်ကုန်ပြီဆိုတော့ ဒိုဘီချ ဆိုတဲ့အသုံးအနှုန်းလည်း ပျောက်သလောက်ဖြစ်သွားပါပြီ။ အဲဒါအစား "မီးပူတိုက်" ဆိုတဲ့စကားလုံးပဲ သုံးကြပါတော့တယ်။

 

၅၊ အလွမ်းသန္ဓေ

            ဒီစကားလုံးများဟာဆိုရင် ကျွန်ုပ်တို့ ကြားတောင် မကြားဖူးပါဘူး။ ဒေါ်ဒေါ် (လူထုဒေါ်အမာ) ရဲ့စာကိုဖတ်မှပဲ တွေ့ဖူးကြရတာပါ။ "ဘုန်းကြီးပျံနဲ့ ဧယင်ကျူး" ဆိုတဲ့ဆောင်းပါးထဲမှ ဒေါ်ဒေါ်သုံးလိုက်တဲ့ စကားပါ။ စကားလုံးလေးက လှလိုက်၊ ကဗျာဆန်လိုက်တာ။

            ဘုန်းကြီးပျံမှာ ဧယင်ကျူးတဲ့ ဧယင်ချင်းတွေဟာ လှိုက်လှိုက်လှဲလှဲ ကြားရသူအဖို့ ထိထိခိုက်ခိုက် လွမ်းရော့ဆွေးရော့လို့ ငိုတဲ့အငိုမျိုးတော့ မဟုတ်ပါဘူး။ ပျံလွန်တော်မူတဲ့ ဆရာတော်ရဲ့ ဂုဏ်ကျေးဇူးတွေကို ထုတ်ဖော်ချီးကျူး ငိုယိုတာမို့ ကြည်ညိုသဒ္ဓါစိတ်ပဲ ၀င်ကြတယ်။ ဒါကြောင့် လူရွှင်တော်များက ရယ်စရာဝင်ပြီး ပြက်ပေးရင် ဧယင်ကျူးတဲ့ မင်းသမီး မင်းသား အမောပြေအောင် လုပ်ပေးတဲ့ သဘောပဲ ရှိတယ်။ သူတို့ပြက်လုံးဟာ အလွမ်းသန္ဓေကို ဖျက်ရာမရောက်ဘူး။ ပရိတ်သတ်က အခုအဖို့ လို့ပဲ သဘောထားတယ်။ (ရတာနာပုံ မန္တလေး၊ မန္တလေး ၊ ကျွန်မတို့ မန္တလေး) ။

 

 

၆။ ဆ၀ါး

            "နိုင်ငံခြား ဗိသုကာက မန္တလေးရဲ့ အပူဒဏ်ကို မဆ၀ါးမိတော့ သွပ်မိုးတဲ့ အမိုးက နိမ့်ပေမယ့် မျက်နှာကျက်ထည့်မပေးခဲ့တော့ နွေအခါမှာ ပူတဲ့ဒဏ်ကို ဈေးသည်တွေခံရတဲ့ အဖြစ်ပေါ့"

            ဒီခေတ်မှာ မှန်းဆတယ်၊ ချင့်ချိန်တွက်တယ်လို့သာ အပြောလေ့ကြတော့ ဆ၀ါး ဆိုတဲ့အသုံးက ကွယ်သလောက် ရှိသွားပါပြီ။ မြန်မာအဘိဓါန်မှာ ဆ၀ါးကို မှန်းဆချင့်ချိန်သည်၊ ၀ိုးတိုးဝါးတါး သိသည် စသည်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

 

၇။ ဆင်တော်မှားတယ်

            ဒီမှားတယ် ဆိုတဲ့ အသုံးအနှုန်းဟာ "သေတယ်" ဆိုတဲ့ အဓိပ္ပာယ်လည်း ထွက်ရှိတယ်ဆိုတာ သိရရင် ဒီခေတ်ကလေးတွေရဲ့ ပါးစပ်ဖျားက ထစ်ခနဲရှိ "မှားပါတယ် မှားပါတယ်" နဲ့ ပြောနေတာတွေ တန့်သွားမလား မသိပါဘူး။ "ဆင်တော်သေတဲ့အခါ သုံးနှုန်းတဲ့ မြန်မာဝေါဟာရက ဆင်တော်မှားတယ် လို့လည်း သုံးတယ်၊ ကံငြိမ်းတယ် လို့လည်း သုံးတတ်ပါတယ်။

 

၈။ မသောင်သာတဲ့ အခါ

            ဗမာမတွေက ဒါမျိုးဟာ လုပ်ရိုးလုပ်စဉ်လို "ယောင်္ကျား မသောင်သာတဲ့ အခါဆိုပြီး" မိန်းမက ရှာကျွေးကြတာပဲ။ (မန္တလေးသူ၊ မန္တလေးသားများ စာ ၁၀၉)။

            ဒီစကားလုံးကတော့ လုံးဝကို ကွယ်ပျောက်ခဲ့ပါပြီ။ မန္တလေးသား လူငယ်၊ လူလတ်တွေတောင် မသိကြတော့ပါဘူး။ မသောင်သာဆိုတာ မတတ်နိုင်တဲ့အခါ၊ မစွမ်းဆောင်နိုင်တဲ့အခါလို့ ဆိုတာပါ။ မြန်မာအဘိဓါန်ကျမ်းက သောင်သာ.. ကြိုးစားအားထုတ်သည်၊ လုံ့လပြုသည်လို့ အနက်ပေးထားပါတယ်။

 

၉။ ချဉ်ရဲပြေ

            အာသာပြေရုံသဘော၊ ချဉ်ခြင်း အတပ်ပျောက်ရုံသဘော၊ ဖြစ်ကတတ်ဆန်း လုပ်လိုက်ရတာမျိုးကို ပြောတာပါ။ ဒေါ်ဒေါ်ရဲ့ မန္တလေးသူ၊ မန္တလေးသားများ စာအုပ်မှာပဲ "ဒါ့ကြောင့် အစစ်ကမူ သူဌေးများအတွက်၊ အတုကလေးတွေက ဆင်းရဲသားများအတွက် ချဉ်ရဲပြေ ၀တ်ဆင်ရန်အတွက် ဖြစ်လာရတာပေါ့" လို့ ရေးထားပါသေးတယ်။

 

၁၀။ ဆင်ပွဲပ၀ါပျောက်သလို

            မထူးဆန်းတော့တဲ့ ဖြစ်ရိုးဖြစ်စဉ်၊ ဖြစ်ရပ်မျိုးကိုပြောတဲ့ အသုံးပါ။ ဒါနဲ့ပတ်သက်လို့ လူထုဒေါ်အမာက "ဆင်ပွဲ ပ၀ါပျောက်သလို" ဆိုတဲ့ စကားပုံ တစ်ခုဟာ အဲဒီဆင်ပွဲက ဖြစ်ပေါ်လာတာပါ။ ဆင်နဲ့လူ ကစားကြရာမှာ လူက အသက်ဘေးက သီသီကလေး လွတ်အောင်တိမ်းရှောင်လိုက်နိုင်ရင် ပွဲကြည့်သူတွေ သဘောကျလွန်းလို့ ခေါင်းကပ၀ါကို ချွတ်ပြီး မြှောက်ကြ၊ ဟစ်ကြ၊ ကြွေးကြ သြဘာပေးကြသတဲ့။ ပ၀ါချွတ်မြှောက်တဲ့အခါ ဆင်ကျုံးပေါ်က မြှောက်တာဆိုတော့ ကိုယ့်ပ၀ါကိုယ် ပြန်ဖမ်းမိချင်မှ မိတာကိုး။ ကျုံးထဲ ကျချင်လည်း ကျသွားတာပဲ။ တစ်ချို့ကတော့ ဆင်သမားကို သဘောကျလွန်းလို့ ခေါင်းကပုဝါကိုချွတ်ပြီး ဆင်သမားကို ပေါက်ထည့်လိုက်ကြတယ်။

            ဒါကြောင့် ဆင်ပွဲအပြန်ဆိုရင် ခေါင်းပေါ်မှာ ပုဝါပါပြီး ပြန်လာတဲ့သူက အနည်းသား။ လူချည်းပြန်လာခဲ့ကြတာများတယ်။ ဒီတော့ အိမ်ကလူတွေက "မင်း ခေါင်းက ပုဝါရော " လို့မေးရင် "သိကြသားမို့လား ကျုပ်လည်း ပ၀ါပျောက်ခဲ့ပြီလို့" ဖြေတတ်သတဲ့။ ဒါကြောင့် ဖြစ်ရိုးဖြစ်စဉ် သူသူငါငါ ဖြစ်နေကျ ကိစ္စမျိုးနဲ့ ကြုံတဲ့အခါ ဆင်ပွဲပ၀ါ ပျောက်သလိုလို့ ပုံခိုင်းပြောကြပါတယ်တဲ့"/

 

ခုတော့ ဒီလောက်ပါပဲရှင်။ နောက်လည်း အလျင်းသင့်သလို ရေးသားပါအုံးမယ်။

8 responses »

  1. ကျေးဇူးတင်ပါတယ်ရှင်။ အခုလို မသိတဲ့ မြန်မာစကားလုံးတွေကို ရှင်းလင်းပြောပြပေးတဲ့ အတွက်။ =)

  2. နေ့အိပ်မက်က မြန်မာစာစိတ်ဝင်စားလို့လားမသိဘူး။ ဒီပို့စ်လေးကို တအားသဘောကျတာပဲ။ တချို့စာလုံးတွေက မသုံးတော့ပေမယ့် ကြားလိုက်ရင် အဓိပ္ပာယ်ကို မှန်းလို့ရတယ်နော်။ မမ.. အဲဒီစာအုပ်က ebookရှိလားဟင်။

  3. ကိုခရုဆီမှာမလုပ်တော့ပဲနဲ့မြန်မာစာဌာန မှာပြောင်းလုပ်
    ပါလား ဟင်။…ဟိုမေမြို့ကပုံတွေကို ဓါတ်ပုံပီတာကတွေ့
    ပြီးပင့်ပင့်ကိုသူ့ စတူဒီယိုမှာ လက်စွမ်းပြချင်နေတယ်တယ့်။

  4. နေ့အိပ်မက်ရေ.. အီးဘွခ်ကတော့ မမကိုယ်တိုင် စာရိုက်ပြီး လုပ်ပေးမှ ဖြစ်မယ်ထင်တယ်.. လောလောဆယ်တွေ မတွေ့မိသေးပါဘူးကွယ်

  5. အလွန်တရာမှ တန်းဖိုးရှိတဲ့ပို့စ်ပါပဲဗျာ
    နောက်ထပ်ရှိရင်လဲ တင်ပါဦးဗျ မှတ်သား၇တာပေါ့ဗျာ။ကျေးဇူးလဲ တင်ပါတယ်

  6. FYI, Dhoby means wash/washing. In Singapore, there’s a place called Dhoby Gaut and the word “Dhoby Gaut” literally means washing place. I would like to remind u that “Dhoby” is not a burmese word but a Hindi word. Burmese adopted the Hindi word I guess. Btw, my sku is in Dhoby Gaut and City Hall…. ^-^

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s