Reviewing 2008 and Welcoming 2009!

Standard
2008 မှာ ဘာတွေလုပ်ခဲ့သလဲ.. 2009 ကို ဘယ်လိုဖြတ်သန်းမလဲ ဆိုတဲ့ ပိုစ့်လေး တစ်ခုကို ကျွန်မ အစကတည်းက ရေးဖို့ရည်ရွယ်ထားပါတယ်။ အခု မမီက တဂ်လုပ်လိုက်တော့ ကျွန်မ မဖြစ်မနေကို ရေးရတော့မှာပါ။ 2009 ကို ဘာအကြွေးမှ မသယ်သွားချင်ဘူးလေ။ ညီမလေး နေ့အိပ်မက်က စိတ်ကူးယဉ်ခိုင်းထားတာလည်း ရှိသေးတော့ 31 ရက်နေ့မတိုင်ခင်တော့ အပြတ်ဖြတ်ရအုံးမှာပေါ့ရှင်။

2008 ဟာ ကျွန်မအတွက် အလုပ်အများဆုံးနှစ်၊ အထူးခြားဆုံးနှစ်လို့ ဆိုနိုင်ပါတယ်။ 2008 မှာ ကျွန်မ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နှလုံးသားရေးရာ အစရှိတဲ့အရာတွေထဲက တစ်ခါမှ မလုပ်ဖူး၊ မကြုံဖူးတာတွေကို ဆက်တိုက်ကို ကြုံခဲ့ရတယ်လေ။ ဒါကြောင့် ကျွန်မဖြတ်သန်းခဲ့ရတဲ့ သက္ကရဇ်တွေထဲမှာ 2008 ဟာ အထူးခြားဆုံးနှစ်လို့ ကျွန်မ ထပ်ပြောချင်ပါတယ်။

2008 မှာ ကျွန်မ အရင်လုပ်နေတဲ့ Blazon ကိုစွန့်ခွာပြီး လက်ရှိလုပ်နေတဲ့ Inforithm-Maze ကို ပြောင်းရွှေ့ခဲ့တယ်။ အလုပ်သစ်မှာ ကျွန်မအတွက် အတွေ့အကြုံသစ်တွေ၊ ပညာတွေ၊ Working Procedures, Working Behaviors အသစ်တွေ အများကြီးပဲ ရှိခဲ့ပါတယ်။ ပြောင်းလဲနေတဲ့ Dynamic Environment ကို အမီလိုက်ပြီး ခေတ်ကာလကို မျက်ခြေမပြတ်အောင် လုပ်တတ်ကိုင်တတ်အောင် Inforithm-Maze က အများကြီးသင်ပေးခဲ့ပါတယ်။ Stress တွေ၊ Pressure တွေ၊ လူမှုရေး ပြသနာတွေဆိုတာကတော့ အလုပ်တိုင်းမှာ ရှိနေတာမို့ ဒါတွေကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောမနေချင်တော့ပါဘူး။ သေချာတာကတော့ အလုပ်သစ်မှာ ပညာအသစ်တွေ၊ အတွေ့အကြုံသစ်တွေ၊ လုပ်ဖော်ကိုင်ဖက် အသစ်တွေနဲ့ ကျွန်မ ပျော်ရွှင်ခဲ့ရတယ် ဆိုတာပါပဲရှင်။

2008 မှာ ကျွန်မဘ၀အတွက် အရေးပါမယ့် ပညာတစ်ခုကိုလည်း ကျွန်မ သင်ယူခဲ့ပါသေးတယ်။ ABE (Association of Business Executive) UK က နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ စာမေးပွဲတွေထဲက တစ်ခုဖြစ်တဲ့ Advance Diploma in Business Management ဆိုတာကိုရဖို့ ကျွန်မ အသဲအသန်ကြိုးစားခဲ့ရတယ်။ လက်ရှိမှာ စာမေးပွဲ Result ကို စောင့်နေဆဲ ဖြစ်တာမို့ ကျွန်မအတွက် ရင်ခုန်နေရတဲ့ အချိန်ပေါ့ရှင်။ 2009-June လမှာ အဲဒီစာမေးပွဲရဲ့ နောက်ထပ်ဘာသာရပ်တွေ ဆက်ဖြေဖို့ ကျွန်မ စာတွေဆက်ကျက်ရပါအုံးမယ်။ Adv DBM ကိုသာပြီးသွားခဲ့ရင် ပြည်တွင်းအလုပ်အကိုင်အတွက် ပိုကောင်းတဲ့ အခွင့်အရေးကို ရရှိနိုင်သလို၊ MBA ဆက်တက်ဖို့အတွက်လည်း အထောက်အကူဖြစ်မယ်လို့ ကျွန်မ ယုံကြည်မိပါတယ်။ ကျွန်မရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ 2008 ကိုအခြေခံပြီး ကျွန်မ ရှေ့ဆက်အများကြီး ကြိုးစားရအုံးမှာပါ။

2008 မှာ ကျွန်မ မလုပ်ဖူးတာတွေ၊ မကြုံဖူးတာတွေလည်း ဆက်တိုက်ကြုံခဲ့ရသေးတာပေါ့။ နာဂစ်ဆိုတာကြီးကလည်း လူ့အသက်ပေါင်းများစွာကို စုပ်ယူသွားခဲ့သေးတယ် မဟုတ်လား။ လူလိမ်၊ လူညာ၊ ဗြောင်လိမ်၊ ဗြောင်စားဆိုတဲ့ သူမျိုးကိုလည်း လက်တွေ့ကို ကြုံခဲ့ရတာပါ။ အဲဒီလူအတွက်နဲ့ ကျွန်မ အတော်လေးကို သောကပင်လယ်ဝေလိုက်ရပါသေးတယ်။ နောက်ဆက်တွဲ အမှားတစ်ခုကိုလည်း လုပ်လိုက်မိသေးတယ်။ နောက်တော့လည်း ပြီးခဲ့တာတွေကို ပြန်တွေးပြီး ဆွေးနေရင်လည်း အပိုပါပဲလေလို့ စိတ်ကိုလျှော့ပြီး သင်ခန်းစာတစ်ခုအဖြစ် မှတ်ယူခဲ့ရတာပေါ့ရှင်။ ကျွန်မသာမက ကျွန်မ မိသားစုကိုပါ အနည်းငယ် ဂယက်ရိုက်ခတ်ခဲ့တဲ့ ဒီသောကမျိုးကို နောက်ဘယ်တော့မှ မကြုံစေရအောင် ကျွန်မ ဂရုစိုက်ရတော့မှာပါ။ သြော် ပြီးတော့ ပြောရအုံးမယ် 2008 မှာ ကျွန်မ ပက်ပက်စက်စက်ကို စန်းပွင့်တာနော်.. Online ရော Offline ရော စုံနေတာပဲ။ တစ်ခါမှ မကြုံဖူးဘူး အဲလိုနှစ်ယောက်ပြိုင်တွေ၊ သုံးယောက်ပြိုင်တွေ။ အတွေ့အကြုံရတာပေါ့ရှင် ဟား ဟား။

ဘာပဲ ပြောပြောပါ 2008 ကတော့ ကျွန်မအတွက် အလုပ်အများဆုံး၊ အထူးခြားဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့တာ အမှန်ပါပဲ။ သူငယ်ချင်း မိတ်ဆွေတွေလည်း တိုးပွားခဲ့သလို စစ်မှန်းတဲ့ ချစ်ခြင်းတရားတွေ၊ ခင်မင်ခြင်းတွေကိုလည်း ခံစားသိရှိခဲ့ရပါသေးတယ်။ ခုတော့ 2008 လည်းကုန်တော့မှာမို့ 2009 ကိုလှလှ ပပကြီး ကြိုဆိုဖို့ ကျွန်မ အသင့်ဖြစ်နေပါပြီ။

ကျွန်မ မကြုံရသေးတဲ့ 2009 ဟာ ကျွန်မအတွက်တော့ စိန်ခေါ်မှုတွေနဲ့ ပြည့်နေမှာ အမှန်ပါပဲ။ ကျွန်မရဲ့ ညီမလေးလည်း ဒီနှစ်မှာ First Year စတက်တာမို့ သူ့ကို စောင့်ရှောက်ဖို့ဆိုတဲ့ တာဝန်ကလည်း တစ်ခုပိုလာခဲ့ပါပြီ။ ညီမလေးရဲ့ ကျောင်းစရိတ်ကို ကျွန်မ ထောက်ပံ့ပေးမယ်လို့ အိမ်ကိုလည်း ကတိပေးထားတာကြောင့် အရင်လို ရသလောက်သုံးနေလို့လည်း မဖြစ်တော့ဘူးလေ။ သေချာတာကတော့ ကျွန်မ ညီမလေး ရောက်လာတာကြောင့် 2008 ခုနှစ်မှာတုန်းကလို သွားချင်သလိုသွား၊ လည်ချင်သလိုလည်၊ သုံးချင်သလိုသုံးပြီး ဖလမ်း ဖလမ်းထနေတဲ့ အချိန်မျိုးတွေဟာ 2009 မှာတော့ တော်တော်ကြီးကို နည်းသွားတော့မယ် ဆိုတာပါပဲ။

အားလုံးကို ပျော်ရွှင်စရာ နှစ်သစ်ပါလို့ နုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ 2009 ခုနှစ်မှာ အောင်မြင်မှု သရဖူတွေကို အရယူနိုင်ကြပါစေလို့လည်း တောင်းဆုပြုလိုက်ပါတယ်။

10 responses »

  1. 2009 မှာ ခုထက်ပိုဆတိုးလို့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေ…. 🙂

  2. မိသားစုတာဝန်ကို ဒီလိုတတ်နိုင်သလောက် တစ်ဖက်တစ်လမ်းက ထမ်းတဲ့သူမျိုးကို ကျနော်သိပ်လေးစားတယ်။း)

  3. 2008 မှာ ကျွန်မ ပက်ပက်စက်စက်ကို စန်းပွင့်တာနော်.. Online ရော Offline ရော စုံနေတာပဲ။ တစ်ခါမှ မကြုံဖူးဘူး အဲလိုနှစ်ယောက်ပြိုင်တွေ၊ သုံးယောက်ပြိုင်တွေ။ အတွေ့အကြုံရတာပေါ့ရှင် ဟား ဟား။

    ကြော်ငြာကြီးကအရမ်းအရမ်းကိုကြမ်းတာပါပဲကွယ် 😛

  4. တစ်ခါတစ်လေလေး ကြွားလို့ရတာ ကြွားပါရစေ ဘဘ strike ရယ် အဟိ

  5. tag လို့ပဲရေးရေး ရေးချင်လို့ပဲရေးရေး ဝေးနေရတုန်း ထူးခြားပြောင်းလဲမှုတွေ သိရလို့ သိုင်းခရု
    Congrats your all achievements and love!
    Happy New year 2009 to you naw, sis

  6. When you’re lonely, I wish you Love!
    When you’re down, I wish you Joy!
    When you’re troubled, I wish you Peace!
    When things seem empty, I wish you Hope!
    Have a Happy New Year!

  7. ညီမလေးကိုပါ ဖလမ်းဖလမ်းထနည်း သင်ပေးလိုက်ပါ။
    ဒါဆို ကိုယ်လည်းလျှော့စရာမလို၊ အဖော်လည်းရ မကောင်းဘူးလားးးးးးး…..
    နောက်တာပါ။ ညီမလေးကျောင်းစရိတ်ထောက်မယ်ဆိုလို့
    သာဓု ၃ ကြိမ်ခေါ်ပါတယ်

  8. 2008 မှာဖြတ်သန်းခဲ့တာတွေ အစုံပါပဲလားဗျာ
    နောင်နှစ်တွေမှာလဲ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါ
    စေဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s