My Bad Fate!

Standard
“ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကြိုဆိုပါ၏” ဆိုသည့်စာတန်းကို မြင်ရုံနဲ့ ကျွန်မ ရင်ဖိုမိသည်။ ဒီနေ့ကို စောင့်ခဲ့ရတာ ကာလအတော်ပင် ကြာခဲ့ပါသည်။ ရင်ခုန်ရင်း၊ ပျော်ရွှင်ရင်း မျှော်လင့်ခဲ့ရသည့်နေ့ကို တစ်ကယ်ရောက်လာပြန်တော့ ကျွန်မ၏ ရင်ခုန်မှုက ပြောပြမတတ်နိုင်အောင်ပင်။ နာရီကို ကြည့်လိုက်တော့ 12 နာရီ အတိ။ အင်း လေယာဉ်တောင်ဆိုက်လောက်ပြီထင်တယ်။ ဒါတောင် ဘတ်စ်ကားနဲ့ လာရလို့ နောက်ကျပြီထင်နေတာ.. အချိန်မီလေး ရောက်လာလို့ တော်သေးသည်။ လေယာဉ်ပေါ်မှ ဆင်းလာကြသည့် လူများကို တိုးဝှေ့ရင် မမြင်ရတာ ကြာပြီဖြစ်သော မျက်နှာတစ်ခုကို ကျွန်မ အသဲအသန်လိုက်ရှာမိတော့သည်။ ဟော…. ကျွန်မကို လက်လှမ်းပြလိုက်သည့် သူ့ကို ကျွန်မ လက်ပြန်ပြရင် သူ့အနားကို အပြေးလေး သွားကြိုလိုက်သည်။

“သဲ .. နေကောင်းတယ်နော်”

“ကောင့်ပါ့ရှင်.. အချစ်ကို လွမ်းလိုက်တာ.. နည်းနည်းတောင် ပိုဝလာသလိုပဲ”

“ဟုတ်ပါ့ဗျာ..ဘီယာတန်ခိုးတွေနေမှာပေါ့ သဲရဲ့.. ကို့ အိမ်ကို လိုက်ပို့မယ် မဟုတ်လား”

“ပို့မှာပေါ့.. ပြီးမှ ဆက်ရန်တွေ လာမယ်လေ ဟဲဟဲ”

“အိုကေပါဗျာ.. ဆက်ရန်များကို ဆက်ရန် အသင့်”

ကျွန်မ သူနဲ့ မတွေ့ရတာ နှစ်နှစ်လောက်တောင် ရှိပေရော့မည်။ နိုင်ငံခြားတွင် ပညာသင်ရင်း အလုပ်သွားလုပ်သော ချစ်သူကို စိတ်မချသော်လည်း သူ့ဘ၀တိုးတက်လမ်းကို ကျွန်မ ပိတ်ပင်တားဆီးခြင်း မပြုလုပ်လိုပါ။ ကျွန်မကိုပါ သူရှိသော နေရာသို့ လိုက်လာရန် တစ်ဖွဖွနဲ့ပြောနေပေမယ့် ဘာကြောင့်မှန်းကိုမသိပါပဲ ကျွန်မ မြန်မာပြည်ကို မခွဲနိုင် မခွာရက် ဖြစ်နေတော့သည်။ ဒီနေ့တော့ အလုပ်မှ ခွင့်ယူပြီးခဏ ပြန်လာသည့် ချစ်သူနဲ့ ကျွန်မ တစ်ဝကြီး အတူနေလိုက်ပါအုံးမည်။

သူ့အိမ်ကို လိုက်ပို့ပြီးတော့ အဲဒီအိမ်ကလူတွေနဲ့ စကားခဏပြောပြီး နေ့လည်စာစားရန် ကျွန်မတို့နှစ်ယောက် အေးအေးဆေးဆေးဖြစ်မည့် စိန်းလန်းစိုပြေသို့ ထွက်လာခဲ့လိုက်တော့သည်။ အဲဒီမှာ နေ့လည်စာစားရင်း စကားတွေ တစ်လှေကြီး ပြောဖြစ်ကြသည်။ အလုပ်အကြောင်း၊ သူငယ်ချင်းတွေအကြောင်း၊ မိသားစုတွေအကြောင်း.. အို စုံလို့ပါပဲ။ စကားပြောနေရင်း ကျွန်မခေါင်းတွေ တစ်ဆစ်ဆစ်နဲ့ ကိုက်ခဲလာသည်။ မနက်ကလည်း အကောင်းပါ။ ခုမှ ဘာကြောင့် ခေါင်းတွေဒီလောက် ကိုက်လာမှန်းကို မသိတော့ပါဘူး။ ကိုယ်ခံစားရတာကို ဖုံးကွယ်တတ်တဲ့ ကျွန်မရဲ့ အကျင့်အတိုင်း ခေါင်းကိုက်တာကို ဖုံးကွယ်ပြီး သူပြောနေသည့်စကားများကို ကြိုးစားပြီး နားထောင်ပါသေးသည်။ အစပိုင်းတော့ ဟုတ်သလိုလိုနဲ့ နောက် နည်းနည်းကြာလာတော့ ကျွန်မဘယ်လိုမှ ဟန်ဆောင်၍ မရတော့။ မျက်နှာ ပျက်သထက် ပျက်လာသော ကျွန်မကို သူသတိပြုမိသွားသည်ထင်သည်။

“သဲ.. နေမကောင်းဘူးလား”

“ဟုတ်တယ်.. ခေါင်းတွေကိုက်လာလို့.. ကောင်းသွားမှာပါ.. စိတ်မပူပါနဲ့”

“ဖျားနေတာလား…ကိုယ်လည်း မပူပါဘူး”

“ကျွန်မ အကောင်းကြီးပါ ကိုရဲ့.. ဒီလိုပဲ ခေါင်း ခဏ ခဏ ကိုက်တတ်လို့လေ.. ပြီးတော့လည်း ပျောက်သွားတာပဲ”

“အင်း ဆေးသောက်လိုက်လေ. ပြီးရင် ကိုယ့်ကိစ္စတွေ လိုက်လုပ်ပေးအုံး.. နော်”

“ဟုတ်ကဲ့ပါရှင့်.. ကျွန်မမှာ ဆေးပါလာပါတယ်.. ကောင်းသွားမှာပါ စိတ်မပူနဲ့နော်.. ကို့ ကိစ္စတွေပြီးမှ အိမ်ပြန်မယ် ဟုတ်ပြီလား”

နေ့လည်စာစားပြီး ကျွန်မတို့ထွက်လာတော့ နေ့လည် 2 နာရီကျော်ပြီ။ ကားငှားကာ သူ့အလုပ်ကိစ္စများရှိရာ နေရာသို့ ထွက်လာခဲ့လိုက်တော့သည်။ ထီးဆောင်းရမှာ ပျင်းသည့် ကျွန်မတို့နှစ်ယောက် ကိစ္စတွေ မပြီးမချင်း လမ်းလျှောက်သွားလိုက်၊ ဟိုနေရာနဲ့ ဒီနေရာကို ကူးလိုက်နဲ့ အလုပ်တွေ အကုန်ပြတ်သွားတော့ ညနေ ၆ နာရီကျော်။ ကျွန်မ ခေါင်းကိုက်တာ ဘယ်လိုမှ မသက်သာသွားပါ။ ခေါင်းတွေ တစ်စစ်စစ်နဲ့ ကိုက်ကသထက် ကိုက်လာလို့ ဘယ်မှ လျှောက်မသွားတော့ပဲ ကျွန်မအိမ်ကို စောစော လိုက်ပို့ခိုင်းလိုက်သည်။

“သဲ ဆေးသောက်လိုက်အုံး.. ဒီနေ့ တော်တော်ပင်ပန်းသွားတယ် ထင်တယ်.. ကို ကလည်း ဒီနေ့ချိန်းထားပြီးသား ဖြစ်နေလို့ကွ.. မနက်ဖြန်ဆို ဒီကောင်တွေအကုန် ခရီးထွက်ကြတော့မှာလေ.. ဒါကြောင့် ခရီးရောက်မဆိုက် သွားလိုက်ရတာ”

“ကိစ္စမရှိပါဘူးရှင်.. အခု အလုပ်တွေပြီးသွားတော့ နောက်နေ့တွေမှာ ကျွန်မနဲ့ အချိန်များများနေနိုင်တာပေါ့ မဟုတ်ဘူးလား”

“အိုကေပါဗျာ.. မနက်ကျရင် ဖုန်းဆက်လိုက်မယ်.. အနားယူနော်.. ဆေးလည်းသောက်အုံး”

ကျွန်မကို နုတ်ဆက်ပြီး သူပြန်သွားတော့ ကျွန်မ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ပဲ အိပ်ရာထဲ ဘိုင်းကနဲ့လဲတော့သည်။ ခေါင်းကိုက်တယ်.. တော်တော်လေးကို ကိုက်တယ်.. တစ်ခါမှ မခံစားဖူးလောက်အောင်ကို ကိုက်တယ်။ ဦးနှောက်တစ်ခုလုံး ပွင့်ထွက် သွားတော့ မတတ်၊ အာရုံကြောတွေ ပြတ်ထွက် သွားတော့မတတ် ကိုက်ခဲလှပါသည်။ ဆေးသောက်သော်လည်း ပျောက်မသွားသည့်အပြင် ဇက်ကြောများပါ တက်လာသေးသည်။ ဘယ်လိုမှ မခံနိုင်တော့သည့်အဆုံး ဆေးခန်းသွားဖို့ ကျွန်မပြင်ဆင်ရသည်။ နီးနီးနားနား SSC ကိုပဲ သွားလိုက်ပါတယ်။ ဈေးကြီးပေမယ့် စက်တွေစုံတော့ တစ်ခါတည်း စစ်ချင်တာစစ်၊ ကုချင်တာကု လုပ်လို့ရတာပေါ့။ ဆေးရုံဆေးခန်းကြီးတို့ရဲ့ ထုံးစံအတိုင်း သွားပြပြီဆိုတာနဲ့ မပြီးတော့ပါဘူး။ ဟိုနားလေး စစ်လိုက်ပါအုံး၊ ဒီနားလေး စစ်လိုက်ပါအုံးနဲ့ ကျွန်မလည်း မထူးတော့ဘူးလေဆိုပြီး အကုန်လျှောက်လုပ်လိုက်တော့တယ်။ မနက်ဖြန်တွေ၊ နောက်နေ့တွေဆိုတာ အားတော့မှာ မဟုတ်ဘူးလေ။ ကျွန်မမှာ အပေါဆုံးက ပိုက်ဆံ၊ အရှားဆုံးက အချိန်ဖြစ်နေတာ မဟုတ်လား။ ခေါင်းကိုက်တယ်ပြောတော့ ဦးနှောက်ကို CT Scan တွေလည်းဖတ်၊ ဟိုရိုက် ဒီရိုက်နဲ့ အဲဒီနေ့ ညက ကျွန်မအိတ်ကပ်ထဲက ပိုက်ဆံ တော်တော်လေးတော့ ထွက်သွားလေရဲ့ရှင်။ ဆေးစစ်တဲ့ အဖြေကတော့ ထုံးစံအတိုင်း တစ်ရက်စောင့်ရပါသေးတယ်။ နောက်နေ့ကို ထပ်လာဖို့ ဆရာဝန်က ချိန်းပြီး သောက်ဆေးတွေ ပေးလိုက်ပါတယ်။ အဲဒီနေ့ညကတော့ ကျွန်မ ခေါင်းကိုက်ကိုက်နဲ့ အိပ်ပျော်မှန်းမသိ ပျော်သွားခဲ့တော့သည်း အိပ်မက်ထဲမှာတော့ ချစ်သူကို အပြုံးတွေဝေလို့ တွေ့လိုက်ရသေးသည်။

မနက်ရောက်တော့ ကျွန်မ သူ့ဆီဖုန်းဆက်ပြီး ညနေမှ လာရန်ပြောလိုက်ရသေးသည်။ ကျွန်မဒီနေ့ ဆရာဝန်နဲ့ သွားတွေ့မည့်အကြောင်းကိုတော့ သူ့ကို မပြောဖြစ်လိုက်ပါ။ ဒီလိုနဲ့ ဆေးစစ်ချက် အဖြေထွက်လာတော့ ကျွန်မ လိပ်ပြာလွင့်မတတ်ခံစားလိုက်ရသည်။ ဘာတဲ့ ကျွန်မ ဦးနှောက်အမြှေးပါးရောင်နေတယ် ဆိုပါလား။ ဘုရားရေ.. ကျွန်မ ဘာကြောင့် ဘာကြောင့်များ ဒီလိုဖြစ်သွားရတာလဲ။ ဆရာဝန်ကတော့ ငယ်ငယ်က ခရုတွေနဲ့ ဆော့ဖူးလားလို့ မေးသေးသည်။ ပေါက်ပေါက်ရှာရှာ.. ကျွန်မက ခရုတွေကို ရွံတတ်တယ်လေ။ မဆော့ဖူးပါဘူး ပြောတော့.. ခေါင်းများများလျှော်ရင်လည်း ဖြစ်တတ်တယ်တဲ့။ သေပြီဆရာပဲ။ ကျွန်မလောက် ခေါင်းလျှော်တာ ကျွန်မပဲရှိသည်။ နွေရာသီတွင်လည်း ပူအိုက်လွန်းသည်ဟုဆိုကာ နေ့တိုင်းနီးပါး ခေါင်းလျှော်သည်၊ မိုးရာသီတွင်လည်း ဖုန်းကပ်သည်ဟုဆိုကာ တစ်ပတ်ကို သုံး လေးကြိမ်တော့ အနည်းဆုံးလျှော်သည်၊ ဆောင်းရာသီမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ နှစ်တွေ ကြာလာတော့ ကျွန်မ ဦးနှောက်အမြှေးပါးတွေ ရောင်လာတာ ထင်ပါရဲ့။ ကျွန်မ ပထမဆုံးတွေး မိတာက ကျွန်မရောဂါက သေလောက်အောင် ပြင်းထန်လား ဆိုတာပါပဲ။ ဆရာဝန်ကတော့ ပြောပါတယ်.. အခုမှ အစဆိုတော့ ဆေးသောက်ကြည့်ပါအုံးတဲ့.. ကုသမှုတွေ မှန်မှန် ခံယူကြည့်ပါအုံးတဲ့.. အဆိုးဆုံးအနေနဲ့တော့ ကျွန်မ အတော်လေးကို မေ့တတ်လာမယ်.. ခေါင်းတွေ ခဏ ခဏ အပြင်းအထန်ကိုက်မယ်.. နောက်ဆုံးမှာ ရူးသွားနိုင်တယ်တဲ့.။

ဘုရားရေ… ဒါတွေ… ဒါတွေဟာ တစ်ကယ်ပဲလား။ ကျွန်မ မဆင်မခြင်လုပ်မိတာတွေ အတွက် တစ်ကယ်ပဲ ခံရတော့မှာလား။ ကျွန်မ မရူးချင်သေးပါ.. ကျွန်မ အရာရာကို မေ့မသွားချင်သေးပါ။ ကျွန်မ သေသွားတာကမှ ပိုကောင်းပါလိမ့်မည်။ အို မြတ်စွာဘုရား ကျွန်မကို ဒီအဖြစ်ဆိုးတွေက လွတ်အောင် ကူညီစောင်မတော် မူပါ။ ကျွန်မလေ ကျွန်မ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ကျွန်မ ၀ါသနာပါတဲ့ ပရဟိတ အလုပ်တွေ အများကြီး လုပ်ချင်ပါသေးတယ်။ ကျွန်မ မိဘတွေကို လုပ်ကျွေးချင်ပါသေးတယ်။ ကျွန်မ ပညာတွေဆက်သင်ချင်ပါသေးတယ်။ ခရီးတွေ ထွက်ချင်သေးတယ်၊ မရောက်ဖူးတဲ့ နေရာတွေ သွားချင်သေးတယ်။ ကျွန်မမှာ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ကျွန်မချစ်တဲ့သူနဲ့ အတူတူ နေသွားချင်ပါသေးတယ်။ ကျွန်မ တစ်ကယ်ပဲ ဒီအဖြစ်ဆိုးကို လက်ခံလိုက်ရတော့မှာလား။ ကျွန်မ အပြစ်တွေပါ.. ကျွန်မ စိတ်အလို လိုက်မိခဲ့တဲ့ အပြစ်တွေပါ။ ကျွန်မကို နေမြန်မြန်ကောင်းအောင် ကယ်တော်မူကြပါ၊ ဆုတောင်းပေးကြပါ။ ကျွန်မ မရူးချင်သေးလို့ပါ။

Advertisements

9 responses »

  1. ညီမလေး နေ့အိပ်မက်က စိတ်ကူးယဉ်ပါ ဆိုပြီး တဂ်ထားလို့ စိတ်ကူး ယဉ်ကြည့်တာပါရှင်.. အကောင်းတွေ ချည်းပဲ ယဉ်လို့ရသလို မဖြစ်ချင်တာ အဆိုးတွေကိုလည်း ယဉ်လို့ရတာပဲနော်.. ဖြစ်ချင်တာလည်း နည်းနည်း ထည့်ထားတာပေါ့

  2. တကယ်များလားဆိုပြီး ပျော်သွားတာ
    ခုတော့ ဟွန့်

    😛

  3. ခေါင်းများများလျော်ရင်တကယ်ဖြစ်လား..:P
    ရေချိုးတိုင်းခေါင်းလျော်မိလို့မေးကြည့်တာ ပါ
    ပျော်ရွှင်ပါစေဗျာ

  4. သြော်… စိတ်ကူးယဉ်တာကို ကောမန့်ဆီရောက်မှသိတယ်…
    တကယ်လား၊ ၀တ္တုလား မေးတော့မလို့…

  5. ငါကဂိုဂယ်ရီဒါနဲ့ ပို့စ်တွေကိုဖတ်တာဆိုတော့ ကော်မင်းတွေမမြင်ရဘူးဟ။

    ချစ်သူနဲ့တွေ့တဲ့အခန်းဖတ်ပီး..ငါပျော်သွားတယ်။ လော်ရာက ချစ်သူတွေနဲ့..ပါလား။ သာသနာပြုတော့မယ်..ဆိုပြီး။

    စိတ်ကူးလေးတကယ်ဖြစ်လာပါစေဗျာ..

  6. အီး… အဲဒီစိတ်ကူးယဉ်ကြီးကိုတော့ ဖြစ်ပါစေလို့ မဆုတောင်းပေးရဲဘူးနော်…. :P။ လာဖတ်တာနောက်ကျသွားတယ် မမရယ်။ နေ့အိပ်မက်ကို ၀စ်ဂတ်တွေနဲ့မိုဒမ်း ၀ိုင်းနှိပ်စက်လိုက်ကြလို့…။ ရှောတီးနော်… 🙂

  7. မိန်းမ အစုတ်ပလုပ်
    ငါ့မှာတော့နင်အကြောင်းတွေပါနေတော့ လန့်သွားတာပဲ တွေ့ရင်တော့လား ဟင်းဟင်း
    စိတ်ကူးယဉ်ဆိုမှပဲ သက်ပျင်းချနိုင်တော့
    မိမယ်..ဟွန်း…ရေးချက်တော့ဖတ်လို့ကောင်းပါရဲ့ နောက်ဆိုရင်အဲ့လိုမလုပ်ပါနဲ့ဟာ နင့်အတွက်အခေါင်းဝယ်ဖို့ပိုက်ပိုက်ရှိသေးဝူးဟ
    ဟီးးးးးးးး

  8. ဖတ်လို့ အလွန်ကောင်း၏ ဒါပေမဲ့ တကယ်ရော
    ဂါတော့ မဖြစ်ပါစေနဲ့ဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s