Article of Dr.Nay Zin Latt (2)

Standard

ခေါင်းဆောင်ဖြစ်ဖို့ တက်လှမ်း လာကြရာမှာ ချဉ်းကပ် လမ်းကြောင်း ၄ မျိုးရှိတာ တွေ့ရပါတယ်။

– The incidental approach (အမှားမှ သင်ခန်းစာယူ)
– The restrospective approach (ပြန်လည် သုံးသပ်မှု)
– The prospective approach (ဦးနှောက် အလုပ်ပေး)
– The intuitive approach (အာရုံ အခြေခံ)

တချို့သူတွေက အမှားထဲက သင်ခန်းစာ ထုတ်တာကို အားသန် ကြတယ်။ ကောင်းပေမယ့် အမှားများ ဖို့တော့ မလိုအပ် ဘူးလို့ ယူဆရပါတယ်။ ကိုယ့်လုပ်ရပ်၊ သူများ လုပ်ရပ်တွေကို သုံးသပ်ပြီး ရယူတဲ့ အရည်အချင်း ကတော့ ထောက်ခံတယ်။ တချို့ နည်းနည်း ပိုတော်တဲ့ သူတွေကျတော့လည်း ဦးနှောက် အလုပ်ပေး (Brain Storming) လုပ်ပြီး ကြိုးစားကြတယ်။

“ဒီလို ပြဿနာမျိုး ပေါ်လာရင်”
“ငါသာဆို သည်လို လုပ်လိုက်မှာ”

စသဖြင့်ပေါ့၊ စိတ်ထဲက ပြဿနာ တစ်ရပ်ကို ဖန်တီး၊ ပြီးတော့ အဖြေရှာတဲ့နည်း၊ ဦးနှောက်ရဲ့ အစဉ်းအစား၊ အတွေး အခေါ်ကို ဖွံ့ဖြိုးစေရာ ကျသလို အဆင်သင့် ဖြစ်ရာလည်း ကျလို့ ဘမောင် တို့ သဘောကျတဲ့ နည်းပါ။ နောက်ဆုံး တစ်ခု ကတော့ Intuition ဆိုတဲ့ “အာရုံ” ပေါ် အခြေခံတာ၊ အဲဒါက ပညာအခြေခံ ရင့်သန်ပြီး အတွေ့အကြုံများမှ ရတာ၊ အခက်ခဲဆုံး ဖြစ်ပေမယ့် လေ့ကျင့်ယူရင် ရနိုင်တယ်။ အလွန်ကြီးတဲ့ ကုမ္ပဏီကြီးတွေ၊ Multinational Corporation တွေ ရဲ့ CEO တွေဆိုရင် အတွေ့အကြုံနဲ့ ပညာပေါ် အခြေခံပြီး တချို့ ကိစ္စရပ်တွေ ကို အဲဒီ အာရုံပေါ်ကနေ အဆုံးအဖြတ် ပေးသွားရတာတွေ ရှိတယ်။ နိုင်ငံရေး ဘက်မှာ ပိုထင်ရှားတယ်။ အဲဒီ အဆင့်ကို ချဉ်းကပ်တဲ့ ခေါင်းဆောင် ဆိုရင်လည်း သူများလိုက်လို့ မမီတော့ဘူး။

အလုပ်ရုံ ဆွေးနွေးပွဲက အတော် ကလေး ကောင်းပါတယ်။ မြန်မာပြည် အင်အား အကြီးဆုံးထဲက တစ်ခုလို့ ပြော လို့ရတဲ့ ကုမ္ပဏီက ၀န်ထမ်း တော်တော် များများကို တွေ့ရတယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ တပ်မတော် အရာရှိတွေကိုလည်း သတိထားမိတယ်။ ပညာကို ချစ်တတ်တဲ့ အကယ်ဒမီ (ဒေါ်) ဆွေဇင်ထိုက်ကိုလည်း တွေ့လိုက်ရတယ်။ အမေး အဖြေမှာ သူကတောင် ၀င်ပြီး ဆွေးနွေး ပေးသွားသေးတယ်။ ချက် မိမိ ဆွေးနွေးနိုင်လို့ သူ့ကို ပရိသတ်က လျှံထွက် မတတ် လက်ခုပ်သြဘာ ပေးလိုက်ကြပါတယ်။

မန္တလေးက တစ်ဦးဆို သည်ပွဲကို တက်ချင်လို့ လေယာဉ် လက်မှတ် အကုန်ခံပြီး လာခဲ့ရှာတယ်လို့ သိရတော့ ဘမောင် အတော် ၀မ်းသာတယ်။ ပြီးတော့ မန္တလေးမှာလည်း အဲသလို ပွဲမျိုး လုပ်ပေးဖို့ ဖိတ်ရှာခဲ့သေးတယ်။ ဘာပဲပြောပြော အသိ ဖလှယ်ခွင့်၊ အပြန်ပြန် အလှန်လှန် ဆွေးနွေးခွင့်တွေ ရကြလို့ ဘမောင်တို့ ၀မ်းသာရပါတယ်။ ပညာ တန်ဖိုးသိသူတွေ များလာတာ တွေ့ရလို့လည်း ပီတိဖြစ်ရပါတယ်။ တစ်ချိန် အနာဂတ် ခေါင်းဆောင်ဆိုတာ သူတို့လို လူငယ်တွေ ဆီကပဲ ဖြစ်ကြရတာ မဟုတ်လား၊ မစွမ်းမသန် ပညာ မပြည့်ဘဲ ဖြစ်လာကြရင် မည်ကာမတ္တ ခေါင်းဆောင် တွေပဲ ဖြစ်ကြမှာမို့ ရင်ပူမိတယ်။ အလား အလာကောင်းတွေ တွေ့ရတော့ ဘမောင် ပြောရတာ အားတော့ ပိုရှိသွား တာအမှန်ပဲ။ တတ်လို့ ပြောတာတော့ မဟုတ်ပါဘူး။ နိဒါန်းမှာကိုက “ဆွေးနွေးတာ၊ အမြင် ဖလှယ်တာလို့” ဘမောင်က ပြောထားပြီးသား။

ဒုတိယပိုင်းကို ဘမောင်က “Power and Leader” ဆိုပြီး ခေါင်းစဉ် တင်လိုက်တယ်။ ပါဝါဆိုလို့ အမြင် မကျဉ်းကြဖို့ စကားဦး ခံလိုက်ရသေးတယ်။ ဆိုက်ကားသမား ခေါင်းမှာလည်း သူ့ပါဝါသူ ရှိတယ်။ မိသားစုတွင်း အစ်ကိုကြီး၊ အစ်မကြီးတွေမှာလည်း သူ့ပါဝါသူ ရှိကြတယ်၊ CEO တွေမှာလည်း သူ့အဖွဲ့အစည်း အတွင်း ပါဝါတွေ ရှိကြတယ်။ အဲဒီတော့ “ပါဝါ ဆိုတာ ဘာလဲ” ဆိုတာ ဖြစ်လာရော။

Power is not power over others.
Power is ability to get things done တဲ့။
ပါဝါဆိုတာ တခြားလူတွေကို အတင်းအကျပ် စေခိုင်းမှု၊ လွှမ်းမိုးမှု မဟုတ်ဘူး။ “အလုပ်တွေဖြစ်အောင်” လုပ်နိုင်တဲ့ စွမ်းရည် တစ်ခုပဲလို့ ဆိုလို ချင်တာ။
ပါဝါအခြေခံ ၃ မျိုးကို ဆွေးနွေး ဖြစ်တယ်။

Power base:
– Personal power (ပုဂ္ဂလိက အခြေခံ)
– Positional power (ရာထူးအရ)
– Institutional power (ဥပဒေ၊ လုပ်ထုံးလုပ်နည်း အခြေခံ)

အလုပ် သိပ်ကြီးလာရင် Leader က နေရာတကာ လိုက်လုပ်လို့ မရတော့ဘူး။ Power to empowerment ဆိုတဲ့ “လုပ်ပိုင်ခွင့်” ကို ပေးရလေ့ ရှိတယ်။ သဘောက အဖေက ငွေရှာ၊ မူဝါဒချပေး၊ အမေက သားသမီးတွေကို အုပ်ထိန်း၊ သား၊ သမီးတွေက သန့်ရှင်း ရေးလုပ်၊ ထမင်းချက်သူချက်ပေါ့။ လူတိုင်းမှာ ၂၄ နာရီထက် ပိုမရှိကြဘူး။ ကိုယ် ထမ်းဆောင်တဲ့ တာဝန်ပေါ်မှာ တာဝန် ကျေအောင် ကိုယ့်အလုပ်ပဲ ကိုယ် လုပ်သင့်ကြတယ်။ သူများ အလုပ် လိုက်လုပ် ရင် ကိုယ့်အလုပ်မှာ အချိန် မရလို့ ပီပြင်မှာ မဟုတ်ပါဘူး။ တစ်ဖက်ကို လုပ်ပိုင်ခွင့်ပေးတာဟာ Empower လုပ်တာပဲ။

Personal Power ဆိုတဲ့ ပုဂ္ဂလိက အရည်အချင်းကို တချို့ ပညာရှင်တွေက နည်းနည်း အနုတ်လက္ခဏာနဲ့ ရေးကြတာ ဘမောင် သတိထားမိတယ်။ အဲဒီ ပွဲမှာတော့ ဘမောင်က ရဲရဲကြီး ကိုယ့်အယူအဆကို တင်ပြလိုက်တယ်။ တကယ်တော့ ပါဝါကို ဘယ်လို သုံးသလဲ။ “အသုံးချမှု မှားယွင်းခြင်း၊ မှန်ကန်ခြင်း” ပေါ်မှာပဲ မူတည်သွားတယ်လို့။

Apple က Steve Jobs ဆို လူတိုင်း သိတယ်။ သူ့ iPod, iPhone ကို သတင်းစာ ရှင်းလင်းပွဲလုပ်တော့ မိနစ်ပိုင်း အတွင်း ရှယ်ယာ ဈေးကွက်မှာ တစ်ဟုန်ထိုး တက်သွားတယ်။ ပစ္စည်းက ဈေးကွက်ထဲ မရောက် သေးဘူးနော်။ သူ့ကိုယုံလို့၊ သူ့ အစွမ်းအစကို စိတ်ချလို့၊ အဲဒါ သူ့ရဲ့ Personal Power ကြောင့်ပဲ။ ဘမောင်တို့ သူ့နေရာမှာ သူ့လိုပဲရှင်းကြည့်၊ ဘယ်သူကမှ အရေးစိုက်မှာ မဟုတ်ဘူး။ သူ့လိုမှ Personal Power မရှိတာ၊ Iaccoca ဆိုရင်လည်း Ford ကားကုမ္ပဏီက အထုတ်ခံရတော့ Chrysler ကား ကုမ္ပဏီက ချက်ချင်း Chairman ခန့်ခဲ့တယ်၊ သူ့ရဲ့ Personal Power ကြောင့် သူ့ကို လုံးဝ ယုံကြည်လို့၊ တကယ်လည်း တော်ခဲ့တဲ့ သူတွေပါ။

တချို့ အလုပ်ပြုတ်မှာ သိပ် ကြောက်ကြတယ်။ အဲဒါ ပါဝါ မရှိတော့ တခြား အလားတူ၊ ဒါမှမဟုတ် ပိုကောင်းတဲ့ အလုပ်ကို မရှာနိုင်ဘူးလေ။ လူတွေမှာ ထိုက်သင့်တဲ့ Personal Power ရှိသင့်ကြတယ်။ တချို့ အိမ်ထောင်ဦးစီး ဖခင်ကြီးတွေ ဇနီးရဲ့ လွှမ်းမိုးမှုအောက်မှာ တုတ်တုတ် မလှုပ်ရဲကြဘူး။ အဲဒါလည်း အဲဒါ ပါဝါ ပျောက်နေလို့။ Positional Power ကို ရှင်းတော့ ကိုရီးယားက Kin Jung-tae ကို ဥပမာ ပေးဖြစ်တယ်။ မြန်မာပြည်မှာတော့ သူ့ကို သိသူ အင်မတန်နည်းတယ်။ တိုးတက်ပြီး နိုင်ငံတွေရဲ့ စီးပွားရေး နယ်ပယ်မှာတော့ သူက လူစွမ်းကောင်းပဲ။ ခေတ်မမီတော့တဲ့ ကိုရီးယားရဲ့ ဘဏ္ဍာရေးနဲ့ ဘဏ်စနစ်ကို ပုံစံပြန် သွင်းပေးခဲ့တဲ့ သူ၊ သူ့ရာထူး CEO ဖြစ်တုန်း အဲဒီ ရာထူးပေါ် အမှီပြုပြီး သူ့နိုင်ငံကောင်းအောင် သူလုပ်ပေးလိုက်တာ။ တောင်ကိုရီးယား တိုးတက် သွားတယ် ဆိုတဲ့ အထဲမှာ သူ့ကျေးဇူးလည်း မကင်းဘူး။ ဘဏ္ဍာရေး ထောက်တိုင်ကြီးကို သူအသစ် တည်ဆောက်ပေးသွားတာ။ နောက်ဆုံး Korea Kookman Bank နဲ့ H&CB တို့က ပေါင်းပြီး မဟာ အင်အားကြီး ဘဏ်လုပ်ငန်းကြီး ဖြစ်အောင် လုပ်ပေးခဲ့တာလည်း Kim ပဲ။

Institutional Power ကတော့ အမြင့်ဆုံးပဲ။ အမေရိကန် သမ္မတ သမိုင်းမှာ လေ့လာသူ တချို့က Hary Truman နဲ့ Ronal Reagan ကို အကောင်းဆုံး သမ္မတလို့ အမှတ် ပေးထားတာ ဘမောင် မှတ်သားမိတယ်။ Nixon နုတ်ထွက်ရပြီး Gerald Ford နဲ့ Jimmy Carter သမ္မတနှစ်ဦး လက်ထက် ၈ နှစ်တာ ကာလမှာ အမေရိကန်ကို ဆိုဗီယက်က နှာတစ်ဖျား သာသွားဖူးတယ်။ ရေဂင်လည်း တက်လာရော Star War အပါအ၀င် စီးပွားရေး၊ စစ်ရေး၊ ပညာရေးတွေကို မဟာ ဗျူဟာမြောက် စီမံကိန်းချပြီး လုပ်နိုင်ခဲ့လို့ အမေရိကန်တွေ ပြန်ကျော်တက် သွားတယ်။ ဆိုဗီယက် ၁၉၉၀ ပြည့်နှစ် တွေမှာ ပြိုလဲသွားတာ ရေဂင် စနက် အများကြီးပါတယ် လို့လည်း လေ့လာမိဖူးတယ်။

တကယ်တော့ ရေဂင်ဆိုတာ ရုပ်ရှင် မင်းသားပါ။ ၀န်ကြီး၊ ၀န်လေးတောင် မလုပ်ဖူးပါဘူး။ စနစ်ကောင်း ရှိထားတော့ စနစ်ရဲ့ ချီပိုးမှုခံပြီး ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်း လုပ်ကိုင် နိုင်ခဲ့ခြင်းရဲ့ ရလဒ်ပါပဲ။ အဲဒါ Institutional Power ပါပဲ။ စနစ်ကောင်း ရှိဖို့တော့ လိုတာပေါ့လေ။
နားထောင်သူတွေ သဘောကျ နိုင်ကြရဲ့လားတော့ မသိဘူး။ ဘမောင်တော့ ပြောဖြစ်သွားတယ်။

အဖွဲ့အစည်း ဘယ်လောက်ပဲ ငယ်ငယ် ခေါင်းဆောင်ရယ်လို့ ဖြစ်လာရင် Conflict ဆိုတဲ့ ၀ိဝါဒ ကွဲပြားမှု၊ ပဋိပက္ခတွေကတော့ ရှိနေမှာပဲ။ အဲဒါတွေကို အကောင်းဆုံး ဖြေရှင်းနိုင်တဲ့ အရည်အချင်း ရှိသင့်တယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဒါမှမဟုတ် တစ်ဦးနဲ့ တစ်ဦး အခြေခံပုံချင်းတော့ မတူဘူးပေါ့။ ဘယ်လောက်အထိ တစ်ဖက်က ပွင့်လင်းတယ်။ ပူးပေါင်း လိုမှု ရှိတယ်ဆိုတဲ့ အချက် နှစ်ခုပေါ်မှာ မူတည်ပြီး ညှိနှိုင်း ရပါတယ်။ အများအကျိုး အတွက် ရှေးရှုရင် ပြေလည် တတ်ပေမယ့် ကိုယ်ကျိုးဘက် အကြည့်များရင်တော့ အကောင်းဆုံး အဖြေကို ရလေ့မရှိဘူး။

– ကိုယ်ကျိုးနည်းပြီး ပွင့်လင်းမယ်။ အများအကျိုး ရှေးရှုပြီး ပူးပေါင်းလိုရင် အကောင်းဆုံး အဖြေကို ရတယ်။ Collaboration ဖြစ်တယ်။ နှစ်ဖက်လုံး အကျိုးရှိ (win-win) ပေါ့။
– အဲဒါကို လုံးဝ ဆန့်ကျင်ဘက် နှစ်ဖက်လုံးက ဖြစ်ရင် တစ်ဦးနဲ့ တစ်ဦး ရှောင်လွဲနေတတ်ပြီး (lose-lose) ဖြစ်သွားတယ်။ နှစ်ဖက် အကျိုးမရှိပေါ့။
– တစ်ဖက်က အများအကျိုး ရှေးရှု ပေမယ့် တစ်ဖက်က မပူးပေါင်း လိုရင်လည်း တစ်ဖက်ရှုံး တစ်ဖက်နိုင် (lose-win) ။
– သူနဲ့ဆန့်ကျင်ရင်လည်း တစ်ဖက်နိုင် တစ်ဖက်ရှုံး (win-lose)

အဲဒီမှာ နှစ်ဖက်တိုး လျှော့ပြီး ညှိနှိုင်းရတဲ့ အဖြေက Compromise ပဲ။ အကောင်းဆုံးလားလို့ ပြောရင် မဟုတ်ဘူး။ တစ်ကျပ်နဲ့ ရောင်းလို့ မရတဲ့ ကုန်ကို ပြားငါးဆယ်နဲ့ ရောင်းတဲ့ သဘော။ ဒါဖြင့် ဘာလို့ Compromise လုပ်ကြသလဲလို့ မေးရင် နှစ်ဖက် တင်းမာမှုက ရတဲ့ ဆုံးရှုံးမှုထက် စာရင် နည်းလို့ပဲလို့ ဖြေရလိမ့်မယ်၊ win-win မဟုတ်တာကတော့ အသေအချာပဲ။ တချို့က အဲဒီ Compromise ကို အကောင်းဆုံးလို့ ရေးကြ၊ ပြောကြတာတွေ ရှိတယ်။ ဘမောင်က လက်မခံဘူး။ အကောင်းဆုံးက Collaboration ဆိုတဲ့ ပူးပေါင်းမှုပဲ။ ပေတံအတိုနဲ့ ယှဉ်ရင်တော့ “မြတ်” သလိုရှိပေမယ့် ကျပ်ပြည့် ပေတံရှည်နဲ့ တိုင်းရင် “တို” နေတာကို ငြင်းလို့ မရဘူး၊ lose-lose ပဲ။ နှစ်ဖက်ရှုံး အခြေအနေ။ အရှုံးကြီးတော့ မဟုတ်ဘူးပေါ့လေ။
အဲဒီကဏ္ဍက ခေါင်းဆောင် ဖြစ်လာရင် ညှိနှိုင်းမှု (Negotiation Skill) မှာ သိပ်အရေးကြီးတယ်။ ခေါင်းဆောင်တွေ မကြာခဏ ကြုံရတဲ့ ပြဿနာထဲက တစ်ခု။

ယုံကြည်မှုပေါ်က ရလာတဲ့ ပါဝါ အကြောင်းလည်း ပြောဖြစ်သွားတယ်။ ဘုရင့်နောင်ရဲ့ နောင်ရိုး တိုက်ပွဲက သာဓက ကောင်းပဲ။ ခေါင်းဆောင်အပေါ် ငယ်သားများရဲ့ ယုံကြည်မှုက တစ်ဝက် ပဲ။ ငယ်သားအပေါ် ခေါင်းဆောင်ရဲ့ ယုံကြည်မှုလည်းပါမှ တစ်ကျပ်ပြည့်တာ။ အပြန်ပြန် အလှန်လှန် ယုံကြည်မှု မရှိဘဲ အဲဒါ ပါဝါမရဘူး။ နောင်ရိုး တိုက်ပွဲဆိုတာ ဖြစ်မလာနိုင်ဘူး။

ဘမောင်တို့ အာရှသားတွေက ကိုယ့်ကိုယ်ကို လိုတာထက် ပိုပြီး အထင်ကြီးကြတာ (Over Estimate) ဘမောင် သတိထားမိတယ်။ တကယ့် ဈေးကွက် စီးပွားရေး ပီပီပြင်ပြင် ဖြစ်လာလို့ သူ့နိုင်ငံ၊ ကိုယ့်နိုင်ငံ အပြန်ပြန် အလှန်လှန် ရင်းနှီး မြှုပ်နှံမှုတွေ လုပ်လာပြီး ယှဉ်ပြိုင်ကြရတဲ့ အချိန် ရောက်ရင် ကုမ္ပဏီ ခေါင်းဆောင်တွေ ဘယ်လို အရည်အသွေးတွေ ရှိကြရမလဲ ဆိုတာ ဆင်ခြင်မိတဲ့သူ အတော်နည်းတယ်။ Globalization ပိုပီပြင်လေ အရည်အသွေး ပိုရှိရလေပဲ။ အဲဒီတော့ တူတူတန်တန် ဖြစ်အောင် ဘမောင်တို့ရဲ့ အရိုးစွဲနေတဲ့ စိတ် (Asia Mindset) ကို ပြင်ရလိမ့်မယ်။ Global Mindset ကို လေ့ကျင့် ယူကြရလိမ့်မယ်။ ဒါမှ တန်းတူ ရည်တူ ယှဉ်ပြိုင်နိုင်မှာ။

Asia Mindset က ဘယ်ပေါ် အခြေခံသလဲဆိုရင်-

– ထုတ်လုပ်မှု စွမ်းရည်ထက် အရွယ် အစားပေါ်မှာ အလေးထားတယ်။
– ကိုယ်ပိုင် စွမ်းရည်ထက် အခွင့် အလမ်းပေါ်မှာ ပိုပြီးအာရုံထားတယ်။
– ကုမ္ပဏီတွေ မူဝါဒချတဲ့ အခါ ဗဟို ဦးစီးချုပ်ကိုင်မှု များနေတယ်။
– မိသားစု အကျိုးစီးပွား ရှေ့တန်း တင်လွန်းနေတယ်။
Global Mindset ဆိုတဲ့ နိုင်ငံ တကာ စိတ်ဓာတ်က တစ်မျိုး
– ရည်မှန်းချက်
– အခွင့်အရေးထက် စွမ်းရည်ပေါ် အမှီသဟဲပြုတယ်။
– ဗဟိုဦးစီး ချုပ်ကိုင်မှုထက် လုပ်ပိုင်ခွင့် အောက်ခြေကို ပိုပေးထား။
– မိသားစုထက် ကုမ္ပဏီ အကျိုး၊ ရှယ်ယာရှင်တွေအကျိုးကို ပိုကြည့် တယ်။ ဝေးကွာတဲ့ အနာဂတ်ကို ပိုပြီး လှမ်းကြည့်လေ့ရှိတယ်။
Mindset ဆိုတဲ့ စိတ်အခြေခံချင်းက အတော်ကွာတယ်။ စင်ကာပူလို နိုင်ငံကတော့ အာရှစိတ်ဓာတ် သိပ်မရှိတော့ဘူး။ ကမ္ဘာ့ စိတ်ဓာတ် ကောင်းကောင်းဝင် သွားပြီ။ ယဉ်ကျေးမှုကတော့ အာရှ ယဉ်ကျေးမှု ကျန်သေးတယ်။ ဘမောင်တို့ဆီမှာ တော်တော် ပြင်ယူကြရဦးမယ်။ ဒါလည်း ပြဿနာတော့ မဟုတ်ဘူး။ စနစ်ကောင်း တစ်ခု ထူထောင်ပြီးရင် အားလုံးဟာ လုပ်ယူလို့ ရတာချည်းပါပဲ။ တိုးတက်သွားတယ် ဆိုတဲ့သူတွေလည်း သည်ပုံစံကပဲ တိုးတက်သွားကြတာ။

ခေတ္တနားချိန် နာရီဝက်မှာ လက်ဖက်ရည် သောက်ကြတုန်း အလွတ် သဘော ဆွေးနွေးမှုတွေက အားရစရာ ကောင်းတယ်။ တချို့ တော်တော် အမြင် ရှိကြသူတွေ ပါတယ်။ နောက်တစ်ပွဲ လုပ်ပေးဖို့၊ လူအရေအတွက် မကန့်သတ်ဖို့က အစ ပြောကြတယ်။ ဘယ် ကုမ္ပဏီကို လာပြောပေးဖို့၊ လေ့ကျင့် ပေးဖို့တွေလည်း ပါတယ်။ ကုမ္ပဏီတွေကို ဦးဆောင်ကြသူတွေ အမြင်အတော် ကျယ်ပြန့်လာပြီ ဆိုတာ သတိထားမိရလိုက်လို့ ဘမောင် ၀မ်းသာဖြစ်ရတယ်။ ဘာပဲပြောပြော မြန်မာလူမျိုးတွေ ဒီ့ထက်မက တိုးတက် စေချင်တာ အမှန်ပဲ။

ဒုတိယ အချိန်မှာတော့ သည်နေ့ အပြော များနေတဲ့ ပညာဆိုတဲ့ Know-ledge ကို အဆင့်ငါးဆင့်နဲ့ ခွဲခြမ်း စိတ်ဖြာ ဆွေးနွေး ပေးလိုက်နိုင်ပါတယ်။ သည်မှာ အဲဒါနဲ့ ပတ်သက်ပြီး ရေးတာ သိပ်မတွေ့မိသေးဘူး။ ဘယ်အဆင့်ကျမှ ပညာ ဖြစ်လာသလဲ။ Information အဆင့်ကို ပညာ ထင်နေကြတာ များတယ်။ ဘယ်အဆင့်မှာ ဘယ်လို အကျိုး ကျေးဇူးတွေ ရတယ်ပေါ့။ မြန်မာလို (သုတသိ) (ထိုးထွင်းသိ) (တတ်အပ်သိ) ဆိုပြီး အဆင့်တွေ ခွဲပြီး ပြောလိုက်တော့ အတွေ့အကြုံ နည်းသေးတဲ့ လူတွေ အဖြေ တစ်ခု အနီးစပ်ဆုံး ရသွားနိုင်မယ်ပေါ့။ အဆင့်ဆင့် ပညာတိုးတက်၊ ဖွံ့ဖြိုးလာမှုကိုလည်း အတိုလောက် အကျဉ်းချုံးပြီး ပြောနိုင်ခဲ့ပါတယ်။ ဘမောင် ပြောရတဲ့ အပိုင်းက Leadership in Action ဆိုတဲ့ လက်တွေ့ပိုင်း၊ သီအိုရီတွေချည်း စာအုပ်ထဲက အတိုင်း ပြောလို့ မပီပြင်ဘူး။ ကိုယ့် အယူအဆကိုလည်း တင်ပြရတယ်။ သဘောမတူလို့ ငြင်းပယ်တာက တစ်ကဏ္ဍ၊ အယူအဆ တစ်ရပ်ကို ကိုယ့် အတွေ့အကြုံနဲ့ တင်ပြရတာ တစ်ကဏ္ဍ။

ဘမောင် သဘောကျတဲ့ Super Heros တွေဖြစ်တဲ့ Peter Drucker, Lee Iacocca, Carlos Ghson, Steve Jobs, Iger တို့အကြောင်း ဥပမာ ပေးဖြစ်တယ်။ သူတို့ အကြောင်းတွေက စီးပွားရေး ခေါင်းဆောင်၊ စီးပွားရေး သူရဲကောင်းတွေ ကဏ္ဍမှာ ထိပ်ဆုံးကပါ။ တကယ် တော်ပြီး ပါရမီရှင် တွေပါ။ Michael Porter ဆိုရင် GE က Jack Welch တို့၊ စင်ကာပူက လီကွမ်ယူတို့က ခေါ်ပြီး တိုင်ပင်ရတဲ့ ပညာရှင်ကြီးတွေ။ သီအိုရီ အတိုင်း ရာနှုန်းပြည့် မလိုက်တော့ဘဲ လက်တွေ့ ဘ၀နဲ့ ပေါင်းစပ် နိုင်သူတွေပါ။ အရေးကြီးတာ ဒါပဲ။ သီအိုရီတွေ ဆိုတာလည်း အမြဲတမ်း ပြောင်းနေတတ်တာ။ ကိုယ်သုံးတဲ့ သီအိုရီက အဟောင်း ဖြစ်နေရင် “ပြောတတ်” ရုံထက် ပိုပြီး အကျိုးမရှိနိုင်ဘူး။ သီအိုရီနဲ့ လက်တွေ့ ပေါင်းစပ် နိုင်တာကမှ တကယ့် အနှစ် သာရ။ တကယ့် ခေါင်းဆောင်ကောင်း။

ဆွေးနွေးပွဲ၏ နောက်ဆုံး အပိုင်းကို မဟာဗျူဟာ မိတ်ဆက်နဲ့ အဆုံးသတ် လိုက်တယ်။ ၂၁ ရာစု အဖွဲ့အစည်းတွေကို ဘယ်လို ဦးဆောင်မလဲ ဆိုတဲ့ မေးခွန်းနဲ့ ယူဆချက် အဖြေ ဆွေးနွေး ဖြစ်တယ်။ စီမံခန့်ခွဲရေး ဂုရုကြီး Peter Drucker ရဲ့ အမေရိကန် သမ္မတ ရော်နယ်ရေဂင် အပေါ် မှတ်ချက်ကိုလည်း မျှဝေပေးတယ်။ နားထောင်သူတွေ လှုပ်လှုပ်ရွရွ ဖြစ်အောင် ဦးနှောက် အလုပ်ပေး (Brain Storming) ကိုလည်း ဘမောင် အရစ်ရှည် ဖြစ်လိုက်သေးရဲ့။

ပရိသတ်ကိုမေးတဲ့ မေးခွန်းက-
Who dare to attack Singapore?
စင်ကာပူကို ဘယ်သူ စစ်တိုက်ရဲ သလဲလို့။
ရန်ကုန်လောက် မရှိတဲ့ နိုင်ငံသေး သေးလေးကို ဘယ်သူမှ စစ်မတိုက်ရဲအောင် စင်ကာပူ လုပ်ထားပါတယ်။ စစ်ရေး တည်ဆောက်ခြင်းနဲ့ ကာကွယ် ထားတာ မဟုတ်ပါဘူး။ ဘဏ္ဍာရေး ထီးနဲ့ မိုးထားတာပါ။ အဲဒါ မဟာ ဗျူဟာမြောက် အတွေးပဲ ဖြစ်ပါတယ်။ မဟာဗျူဟာ – ဟာ ၂၁ ရာစုမှာ ခေါင်းဆောင်တွေရဲ့ ဖွားဖက်တော်ပါ။ မဟာဗျူဟာ ကောင်းကောင်း မရှိတဲ့ ခေါင်းဆောင်ဟာ လက်မရှိတဲ့ ကိုယ်၊ ဦးနှောက်မရှိတဲ့ ခေါင်း၊ မျက်လုံးမရှိတဲ့ မျက်နှာနဲ့ တူပါတယ်။

IBC (International Business Center) ကို ညဘက် တစ်ခေါက် ပြန်ထွက်ရသေးတယ်။ အလုပ်ရုံ ဆွေးနွေးပွဲ ပြီးမြောက်ခြင်း လက်မှတ် ပေးဖို့၊ အားလုံးကို ညစာနဲ့ ဧည့်ခံပါတယ်။ ဧည့်ခံတီးလုံးထဲက တယောသံ ငြိမ့်ငြိမ့်ကို ဘမောင် အရသာခံ ဖြစ်ပါတယ်။ ရေပက်မ၀င် စီစဉ်တတ်တဲ့ MHR ဦးအေးကျော်က စင်ကာပူ သံရုံးက First Secretary နဲ့ တစ်ဦးကိုလည်း ဖိတ်ဖြစ် လိုက်ပါသေးတယ်။ ဘေးနားလာထိုင်လို့ စကားနည်းနည်း ပြောဖြစ်ကြည့်တော့ သူတို့ နည်းနည်း အံ့သြသွားကြတယ်။ အလားအလာကောင်း တစ်ရပ်လို့ ယူဆသွားတယ်နဲ့ တူတယ်။ မြင်ရခဲတဲ့ မြင်ကွင်း၊ လူငယ်ထုရဲ့ စိတ်ဝင်စားမှု၊ ပညာရပ်ကို တန်ဖိုး ထားတတ်မှု။

ဘမောင်တို့ လူမျိုးလည်း လုပ်ရင် ဖြစ်ပါတယ်။ ဘာပဲပြောပြော တုံ့ပြန်မှု အားကောင်းတဲ့ အပေါ်မှာ ဘမောင် ၀မ်းသာမှု ဖြစ်မိခဲ့ပါတယ်။ ပြီးတော့ ကြည်နူးမှု၊ ပြီးတော့…။

နေဇင်လတ်

7 responses »

  1. အရင် ရှေ့တစ်ပုဒ်နဲ့ ပေါင်းပြီး ၂ ပုဒ်လုံး ကို တစ်ခေါက်စီ ထပ်ဖတ်သွားတယ်ဗျို့.

    ရှယ်ပေးလို့. ကျေးဇူးပါ. 🙂

  2.်ဆရာ့ရဲ့စာအုပ်တော်တော်များများကို ဖတ်ဖူးပါတယ်။ဖြစ်နိုင်ရင် ဆ၇ာ့ရဲ့email address ကိုသိချင်ပါတယ်။အကြံဥာဏ်ပေးခြင်လို့ပါ။

    http://www.thantzin4142@gmail.com

  3. မပင့်ရေ အရမ်းကောင်းပါတယ်….ကူးယူသွားပါတယ်….မပင့်ကိုလည်း Credit ပေးထားပါတယ်…နော်

    • ကျေးဇူးပါရှင်.. မဟုတ်ရင် ကျွန်မကို ဆရာနေဇင်လတ် ကိုယ်တိုင်လို့ ထင်ပြီး လာမိတ်ဆက်ကြသူတွေကလည်း ရှိသေးတယ်.. ဒီ ပိုစ့်ကို စ တင်ခါတုန်းကဆို တော်တော်ကို ဖြေရှင်းရတာ🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s