You, Me and Feburary!

Standard

ရှင်ရယ်၊ ကျွန်မရယ်၊ ဖေဖော်ဝါရီရယ်

မြူ……………………. မနက်ခင်းမှာ မှိုင်းမှုန်ရီဝေတတ်တဲ့ မြူတွေ။ ကျွန်မသိပ်ချစ်တာပေါ့။ ပိန်းပိတ်အောင်မှိုင်းနေတဲ့ မြူတောထဲ တိုးဝင်လမ်းလျှောက်ရတာကို ကျွန်မအတိုင်းမသိ နှစ်သက်မိတယ်လေ။ အဲလိုမျိုး မြူတွေဝေတတ်တဲ့ ဖေဖော်ဝါရီ မနက်ခင်းတွေ ရောက်လာပြီဆိုရင် ကျွန်မသိပ်ပျော်နေမိသည်။ မနက် မနက်ကို စက်ဘီးတစ်စီးနဲ့ မြူတောထဲ လျှောက်စီးရတာ ကျွန်မအတွက်တော့ လောကီစည်းစိမ်တစ်ခုပါပဲ။ ဟေမာန်က နွေကိုကြိုဖို့ ကြိုးစားတဲ့ ပြယုဂ်အနေနဲ့ မြူတွေအုံ့ဆိုင်းတာကို သတ်မှတ်တတ်ကြတယ်လေ။ ဒါဆိုရင် မြူတောထဲ လမ်းလျှောက်တာကိုနှစ်သက်တဲ့၊ ဆောင်းရာသီမှာ မွေးဖွားတဲ့ကျွန်မဟာလည်း နွေကိုကြိုဖို့ ဟန်ပြင်နေတဲ့ ပြယုဂ်တစ်ခု များလားဟင်။ နွေကိုကြိုဖို့ မွေးဖွားလာခဲ့တာ မဟုတ်ရင်တောင်မှ ကျွန်မဟာ အနည်းဆုံးတော့ ရှင့်ကို ချစ်ဖို့ မွေးဖွားလာတဲ့ လူတစ်ယောက်တော့ ဖြစ်ချင်ခဲ့ပါသည်။

ကျွန်မသိပ်ချစ်တဲ့ မြူတွေကြားထဲမှာ ကျွန်မရဲ့ စက်ဘီးလေးနဲ့ လျှောက်သွားနေတုန်းမှာပဲ ကျွန်မသိပ်ချစ်တဲ့ ရှင့်ကို တွေ့ခဲ့ရတာ ရှင်မှတ်မိအုံးမလား။ အဲဒီ့ဖေဖော်ဝါရီ မနက်ခင်းဟာ ခါတိုင်းနေ့တွေထက် မြူတွေနဲ့ ပိုမှိုင်းနေတာကို ကျွန်မ အမှတ်တရ ရှိနေဆဲဖြစ်သည်။ စစတွေ့ချင်းပဲ ကျွန်မရှင့်ကို သတိတရဖြစ်စေမယ့် အဖြစ်အပျက်လေးတစ်ခုကို ကျွန်မတို့ နှစ်ယောက်စလုံး ကြုံခဲ့ရတာပဲ မဟုတ်လား။ ကျွန်မ မှတ်မိသေးတယ်.. အဲဒီတုန်းက မြူတွေ ထူလိုက်ပုံများ ရှေ့တစ်တောင်လောက် အကွာကိုတောင် မနည်းအားစိုက်ပြီး ကြည့်ရတာကိုလေ။ စက်ဘီးလမ်းကြောင်းကို အားယူပြီးကြည့်ရင်း ၀ုန်း ဆိုတဲ့အသံနဲ့အတူ ကျွန်မ လူ တစ်ယောက်ကို ၀င်တိုက်မိခဲ့တယ်။ ကျွန်မကိုယ်တိုင်လည်း အရှိန်မထိမ်းနိုင်ပဲ ၀ရုန်းသုန်းကားနဲ့ကို လဲကျသွားခဲ့သေးတယ်။ ကျွန်မကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ ကျွန်မနားကလူတွေပဲ ဖြစ်ဖြစ် တစ်ခုခုဖြစ်သွားရင် အထိတ်တလန့်နဲ့ ကြောက်ရွံ့ တတ်တာကို အဲဒီတုန်းကတော့ ရှင် ဘယ်သိအုံးမလဲ။ အဲဒါကြောင့်ပဲ ရှင် ကျွန်မကို အဲဒီတုန်းက ဆူပူခဲ့သေးတယ် မဟုတ်လား။ ကျွန်မ၀င်တိုက်မိတဲ့ အန်တီကြီးက သိပ်တော့ အနာတရ မဖြစ်ပေမယ့် ကျွန်မကတော့ ကိုယ့်စက်ဘီးနဲ့ ကိုယ်ပိပြီး တော်တော်အထိနာသွားတယ်။ ရှင်လည်း အနီးတစ်နေရာမှာ ရှိနေခဲ့တာပေါ့နော်။ ဒါကြောင့် ရှင် ပြေးလာပြီး အန်တီကြီးကို လာပြေးထူတာပေါ့။ ကျွန်မကိုတော့ ရှင်က ဆူတယ်လေ။ ဘယ်လိုကောင်မလေးလည်း မသိဘူး.. မြူတွေပိတ်နေတုန်း စက်ဘီးစီးရလားတဲ့။ ကျွန်မမှာတော့ ဟို အန်တီကြီးကို စိုးရိမ်တာရော၊ ကိုယ့်ဒဏ်ရာနဲ့ကိုယ် နာနေတာရော ကြောက်နေတာကြောင့်ရော စကားကို ဟဟ ပြန်မပြောနိုင်ခဲ့ပါဘူး။ နောက်တော့ ကျွန်မနာကျင်နေတာကို ရှင်သတိပြုမိသွားတယ်ထင်တယ်။ ကျွန်မကို အားပေးတဲ့ အပြုံးတစ်ခု ရှင်ပေးခဲ့တယ်။

အဲဒီတုန်းက မြူတွေ ပိတ်နေတာမှန်တယ်။ ရှင့်ရုပ်ရည်ကိုလည်း ကျွန်မ မသဲကွဲတာ ဟုတ်တယ်။ ဒါပေမယ့် ဒီလို မှုန်မှုန်မှိုင်းမှိုင်းတွေကြားထဲမှာ ရှင့်အပြုံးက ဘာကြောင့်လက်နေရတာလဲ။ ဒါ ဆွဲဆောင်မှုတစ်ခုလား။ ကျွန်မ ရှင့် ရုပ်ရည်ကို လုံးမ၀မမှတ်မိဘူး။ ဒါပေမယ့် ရှင့် ပြုံးတာကို ကျွန်မ ဘာကြောင့် သတိရနေမိတာလဲဆိုတာတော့ ကျွန်မ မပြောတတ်တော့ပါ။ ဒီလိုအပြုံးလေး တစ်ခုကြောင့်ပဲ ရှင်နဲ့ ကျွန်မ နောက်ထပ်တွေ့ဖို့၊ ရှင့်ကို လုံးဝမှတ်မိဖို့ အခွင့်အရေးများ ကျွန်မ ရရှိလာခဲ့ပါသည်။

ကျွန်မတို့မြို့ကလေးမှာ လူမှုရေး အသင်းအဖွဲ့ပေါင်း မြောက်များစွာ ရှိသည့်အနက် ကျွန်မသည် ဓါတ်တော်ဘုရားကြီး၏ စနေနေ့သန့်ရှင်းရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ မြို့ရဲ့ဆင်ခြေဖုန်းရပ်ကွက် တစ်ခုမှာရှိတဲ့ ဓါတ်တော်ဘုရားကြီးဟာ ကျွန်မတို့မြို့ရဲ့ ကြက်သရေဆောင် ဘုရားကြီးဖြစ်သလို ဆုတောင်းပြည့်ဘုရားဟုလည်း ယုံကြည်နေသော ဘုရားကြီးဖြစ်သည်။ ထိုဘုရားကြီး၏ သန့်ရှင်းရေး ကိစ္စအ၀၀ကို ဆောင်ရွက်ရန်၊ ဘုရားပရ၀ုဏ် အစဉ်အမြဲ သန့်ရှင်းနေစေရန် ဟူသော ရည်ရွယ်ချက်များဖြင့် သန့်ရှင်းရေးအဖွဲ့ကို ဂေါပက လူကြီးများက ဦးဆောင်ကာ မြို့ပေါ်ရှိ လူငယ်များနှင့် ဖွဲ့စည်းပေးခဲ့ကြခြင်းဖြစ်သည်။ ကျွန်မလည်း ထိုအဖွဲ့တွင် တက်တက်ကြွကြွ ပါဝင်ကာ စနေနေ့တိုင်း မပျက်မကွက် ဘုရားကြီးဝင်းအတွင်း သူငယ်ချင်းများနှင့်အတူ သန့်ရှင်းရေးများ လုပ်ပေးရင်း ပျော်ရွှင်ခဲ့သည်။ ဖေဖော်ဝါရီရဲ့ တစ်ခုသော စနေနေ့ တုန်းကပေါ့…………။


အဲဒီနေ့က ခါတိုင်းလိုပဲ ကျွန်မ ဘုရားပေါ်မှာ သူငယ်ချင်းတွေနဲ့အတူ ရှိနေခဲ့သည်။ ဘုရားဖူးလာသော သူများလည်း ခါတိုင်းလိုပဲ စည်ကားနေခဲ့သည်။ သက်ဆိုင်ရာ မွေးနံထောင့်တွေမှာ ၀တ်ပြုသူ၊ ဆုတောင်းသူ၊ ယတြာချေသူ စသည်တို့သည်လည်း အရင် စနေနေ့များကလိုပဲ ရှိနေခဲ့သည်။ ဒါပေမယ့်… လူတစ်ယောက်.. ပိုသေချာအောင် ပြောရမယ်ဆိုရင် ရှပ်အင်္ကျီဖြူနဲ့ အပြာနုရောင် ပုဆိုးကွက်စိပ် ကလေးတွေဝတ်ထားတဲ့ မျက်မှန်နဲ့ လူတစ်ယောက်။ ကြာသပတေး ထောင့်မှာ အကြာကြီးရပ်ပြီး ဘာကိုကြည့်မှန်းမသိ ကြည့်နေတာကို ကျွန်မတွေ့လိုက်ရသည်။ သူ့ကို ကြည့်ရတာ ဘုရားရှိခိုးနေတာလည်း မဟုတ်။ တစ်ယောက်ယောက်ကို ရပ်စောင့်နေတာလည်း မဟုတ်။ ကြာသပတေးနံထောင့်မှာ ဒီအတိုင်း ရပ်နေခဲ့ခြင်းဖြစ်သည်။ အဲဒီတုန်းက ရှင် ကသိုင်းရှုနေတာများလားလို့ ကျွန်မ တွေးမိခဲ့ဖူးသေးသည်။ နောက်တော့မှ ကျွန်မသိလိုက်ရတာက ရှင်က ရှင့်ချစ်သူကို လွမ်းနေတာတဲ့။ ရှင့်ချစ်သူနဲ့ ရှင် ဒီဘုရားကို တူတူလာခဲ့ဖူးကြပြီး ရှင်တို့နှစ်ယောက် ကြာသပတေးထောင့်မှာ တောင်းဆုတွေ ပြုခဲ့ကြတယ်ဆိုပဲ။ ရှင့်ကို စစတွေ့ချင်းတုန်းကတော့ ကျွန်မ ရှင့် အကြောင်းတွေကို ဘယ်သိအုံးမလဲ။ ကျွန်မသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ နွယ်နီကိုတောင် အထူးအဆန်းအနေနဲ့ ရှင်ဖြစ်နေပုံကို ခေါ်ပြခဲ့သေးတယ် မဟုတ်လား။ အဲဒီအချိန်အထိ ကျွန်မ ရှင့်ကို မြူတောထဲက လူတစ်ယောက်အဖြစ် အမှတ်မရသေးပါဘူး။ နွယ်နီ မိတ်ဆက်ပေးတော့မှ ကျွန်မရှင့်ကို မှတ်မိခဲ့တာ။ အဲ.. ရှင့်ကို ဆိုတာထက် ရှင့်အပြုံးကို မှတ်မိခဲ့တာဆိုရင် ပိုမှန်လိမ့်မည် ထင်ပါသည်။

“ငယ်… အဲဒါ ငါတို့အိမ်ဘေးက အကိုကြီးဟ.. ဒေါ်ဒေါ်စု သားလေ”

“ဒေါ်ဒေါ်စုသားက နိုင်ငံခြားမှာဆို ဘယ်လိုလုပ် ဒီကိုရောက်လာတာတုန်းဟ.. သူ ထွက်သွားတုန်းကတောင် ငါတို့ ခပ်ငယ်ငယ်ပဲ ရှိသေးတာ မဟုတ်လား”

“အင်းလေ.. ပြန်ရောက်နေတာ မကြာသေးဘူး.. ဒီမှာပဲ အပြီးနေတော့မယ် ဆိုလား.. နေအုံး ငါနဲ့သိတယ် ခေါ်လိုက်မယ်”

ပြောပြောဆိုဆိုနဲ့ နွယ်နီထွက်သွားတော့ ကျွန်မလည်း သူ့နောက်က အပြေးကလေး လိုက်ရသည်။

“အကို ဘုရား လာတာလား”

“သြော် အေး ညီမလေး.. ဘာရယ်မဟုတ်ဘူး ပျင်းပျင်းရှိတာနဲ့ ဘုရားဘက်ကို ထွက်လာခဲ့လိုက်တာ”

“ဟွန့် အကိုကလည်း ပျင်းလို့ ဘုရားလာတယ်ပဲ ရှိရသေးတယ်.. ပျင်းရင် နွယ်နီတို့နဲ့လိုက်ခဲ့လေ.. သန့်ရှင်းရေး လုပ်ကြတာပေါ့”

“ဟေ ကောင်းတာပဲကွ.. ညီမတို့က ဒီမှာ သန့်ရှင်းရေး လုပ်နေကြတာလား”

“ဟုတ်တယ်လေ နွယ်နီတို့က ဘုရားမှာ စနေနေ့တိုင်း သန့်ရှင်းရေး လာလုပ်ကြတာ.. အကိုလည်း ပျင်းရင် နွယ်နီတို့အသင်းထဲ ၀င်ပေါ့.. အကုန်လူငယ်တွေချည်းပဲ အကိုရဲ့ ပျော်ဖို့ကောင်းတယ်”

“အင်း စိတ်ဝင်စားတယ်.. အကို နောက်တစ်ပါတ်ကနေ စလာခဲ့မယ်လေ.. ဒီနေ့တော့ အကို မဖြစ်သေးဘူး”

“ရပါတယ် အကိုရယ်.. မိတ်ဆက်ပေးရအုံးမယ်.. ဒါ နွယ်နီ့ သူကယ်ချင်း. ငယ် တဲ့၊ နာမည်အပြည့်အစုံက မြတ်လေးငယ်.. ငယ်ရေ ဒါက တို့အိမ်ဘေးက အကို.. ကိုဘုန်းသန့်”

“တွေ့ရတာ ၀မ်းသာပါတယ် ညီမ.. အကို့က ခင်တတ်ပါတယ်..”

“ဟုတ်ကဲ့ရှင့်.. ကျွန်မလည်း ခင်တတ်ပါတယ်”

“အိုကေဗျာ.. အကို ပြန်လိုက်အုံးမယ်.. ဆုံကြသေးတာပေါ့. သွားပြီနော်”

ပြောပြောဆိုဆို ရှင် ကျွန်မတို့ကို ပြုံးပြလိုက်တယ်။ ဘုရားရေ.. အဲဒါ….. အဲဒါ ကျွန်မ မှတ်မိနေတဲ့ ရှင့်အပြုံးပေါ့။ ထူးခြားတယ်၊ လျှို့ဝှက်တယ်၊ ပြုံးပုံက သေသပ်တယ်၊ ဆွဲဆောင်မှု ရှိတယ်။ အိုး.. ရှင်ဟာ ကျွန်မနဲ့ ဆုံခဲ့ဖူးတယ် ၀ရုန်သုန်းကား မနက်ခင်းတစ်ခုက မြူတောထဲက လူပေါ့။ ဘာကြောင့်မှန်း မသိဘူး။ ကျွန်မပျော်လာတယ်။ နောက်တော့ ရင်တွေလည်း တစ်သိမ့်သိမ့်ခုန်တယ်။ ကြည့်စမ်းပါအုံး… ဘာမှ မဟုတ်သေးခင် အချိန်တုန်းကတောင် ကျွန်မ ဒီလောက်ပျော်ပြီး ရင်တွေခုန်နေခဲ့မိသည်။

နောက်တစ်ပတ် စနေနေ့မှာ တစ်ကယ်ပဲ ရှင် ကျွန်မတို့အဖွဲ့ဝင် ဖြစ်သွားခဲ့သည်။ ရှင်ဟာ တစ်ခါတစ်လေမှာ လူတိုင်း လူတိုင်းနဲ့ စကားတွေဖောင်ဖွဲ့ပြီး ပြောတတ်ပေမယ့် တစ်ခါတစ်လေကျတော့လည်း အတော်လေးကို ခပ်တည်တည်ကြီးနေတာ ကျွန်မသတိပြုမိသည်။ တခါတရံမှာတော့ ရှင် တစ်ခုခုကို လွမ်းသလိုလို ဆွေးသလိုလို လုပ်နေတတ်တာကိုလည်း ကျွန်မက သတိထားမိခဲ့တာပါပဲ။ ရှင်နဲ့ကျွန်မ နည်းနည်းခင်လာတော့ ရှင့်အကြောင်း တစ်စွန်း တစ်စကို ကျွန်မ သိခွင့်ရခဲ့သည်။ ရှင်က အနုပညာကို စိတ်ဝင်စားသည်။ တစ်ယောက်တည်း သီးသန့်နေရခြင်းကို နှစ်ခြိုက်သည်။ စာအုပ်များနှင့် မွေ့လျော်သည်။ ကျွန်မကိုတောင် စာများများဖတ်ဖို့ ရှင် တိုက်တွန်းခဲ့သေးတာပဲ။ ဘွဲ့ရပြီးလို့ ချစ်သူနဲ့လက်ထပ်ဖို့ ကြိုးစားချင်လို့ နိုင်ငံခြားတွင် အလုပ်သွားလုပ်ခဲ့သည်။ ဒီအတောအတွင်း ကျွန်မ မသိတဲ့.. သိဖို့လည်း မလိုအပ်တဲ့ ပြသနာတွေကြောင့် ရှင်တို့ နှစ်ယောက် အဆင်မပြေဖြစ်ခဲ့ကြသည်။ နောက်တော့ ကောင်မလေးလည်း အိမ်ထောင်ကျပြီး ရှင်လည်း တော်တော် အသဲကွဲခဲ့ရတယ်တဲ့။ လွမ်းစရာတော့ ကောင်းသားနော်။

ရှင့် ဇတ်လမ်းလေးကို သိခဲ့ရတဲ့နေ့က ကျွန်မရင်ထဲ နာနာကျင်ကျင် ခံစားမိပါသည်။ သေလုမတတ်ခံစားရမည့် ရှင့်ဝေဒနာများကိုလည်း စာနာမိပါသည်။ ဒါတွေကြောင့် ရှင် တစ်ချက် တစ်ချက်မှာ ငိုင်နေတတ်တာကိုး။ ရှင့်ဒဏ်ရာတွေ မကျက်သေးဘူးပေါ့ ဟုတ်လား။ ရှင် ကိုယ်တိုင်က ဒီဒဏ်ရာတွေကို ကျက်ဖို့ မကုစားတာလား။ ရှင့် ချစ်သူပေးခဲ့တဲ့ အလွမ်းဝေဒနာကို အမှတ်တရ အနေနဲ့ သိမ်းဆည်းခံစားနေတာလား။ ရှင့်ကို ကျွန်မ သနားမိသည်။ ရှင် အနည်ထိုင်သွားဖို့ ကျွန်မ တိတ်တိတ်ကလေး ဆုတောင်းမိသည်။ ကျွန်မ တွေးထားခဲ့သလို ရှင် ကိုယ်တိုင်က ကျက်ဖို့ မကြိုးစားချင်တဲ့ ဒဏ်ရာမျိုးဆိုရင်တော့ ကျွန်မရဲ့ဆုတောင်းမှုကို ရှင်များသိရင် ဒေါသများတောင် ထွက်နေအုံးမလား မသိ။

နောက်ပိုင်းတွေမှာ ရှင်နဲ့ ကျွန်မ သူများတွေထက် ရင်းနှီးမှု ပိုလာခဲ့ကြသည်။ ရှင်က ကျွန်မကို သူများတွေခေါ်သလို “ငယ်” ဟုခေါ်ခဲ့သည်။ တစ်ခါတစ်လေတော့လည်း ညီမလေးတစ်ယောက်ကို ခေါ်သလို “မိငယ်” လို့ခေါ်တတ်သား။ ကျွန်မကတော့ ရှင့်ကို ရိုးရိုးလေးပဲ “အကို” လို့ခေါ်ခဲ့တာပေါ့။ ကျွန်မကလည်း စကားနည်းသူ တစ်ယောက်မို့ ရှင် ပြောသမျှကို ခေါင်းညိတ်နားထောင်ရင်း၊ တစ်ခါတစ်လေ ရှင်နဲ့အတူ ၀င်ရောက်ဆွေးနွေးရင်း ရင်းနှီးခဲ့ကြတယ်လို့တော့ ကျွန်မ ထင်မိသား။ အဲဒီတုန်းက ကျွန်မတို့ ပြောခဲ့တယ် ဆိုတာက ကျွန်မအလုပ်အကြောင်း၊ ရှင့်ရဲ့ နိုင်ငံရပ်ခြား အတွေ့အကြုံတွေ၊ ကျွန်မကျောင်းဆက်တက်ဖို့ ကိစ္စအတွက် ရှင် အကြံပြုခဲ့တဲ့ နိုင်ငံရပ်ခြားက ကျောင်းတွေ၊ နောက်တော့ ကျွန်မတို့ နှစ်ယောက်စလုံး အရူးအမူးစွဲလမ်းကြတဲ့ စာအုပ်တွေအကြောင်း။ ကျွန်မက ဂျူး ၀တ္ထုများကို ကြိုက်သလို ရှင်ကလည်း သူ့စာတွေဖတ်ဖို့ ကျွန်မကို အားပေးခဲ့သေးတာပဲ။ ရှင်ကတောင် ကျွန်မကို နောက်သလိုလို ပြောင်သလိုလို ပြောခဲ့သေးတယ်လေ.. ကျွန်မစကားပြောတဲ့ လေသံတွေက ဂျူးစာအုပ်ထဲက လေသံတွေ အတိုင်းပဲတဲ့။ နောက်တော့ ကျွန်မ ချစ်တဲ့ မြူတွေအကြောင်း၊ ဖေဖော်ဝါရီ မနက်ခင်းတွေအကြောင်း၊ ဒါတွေလည်း ပြောဖြစ်ခဲ့သေးတယ်နော်။ ဒါပေမယ့် ရှင်နဲ့ ကျွန်မ အမှတ်တမဲ့ ဆုံခဲ့ဖူးကြတယ်ဆိုတာကိုတော့ ရှင့်ကို ကျွန်မ မပြောပြမိခဲ့ဘူး။ ကျွန်မ တမင်ကို မပြောပဲ ချန်ထားခဲ့တာလား။ ဟုတ်တာပေါ့.. ကျွန်မက ရှင့် အပြုံးတွေကို စွဲလမ်းမိတာကို ရှင် သိသွားမှာ သိပ်ကြောက်နေခဲ့တာကိုး။

ဒီလိုနဲ့ ရှင်နဲ့ ကျွန်မကြား သံယောဇဉ်တွေ တစ်စစ ပိုလာခဲ့သည်။ စနေနေ့ မဟုတ်သည့်နေ့တွေမှာတောင် ကျွန်မတို့ တွေ့ဖြစ်ခဲ့ကြသည်။ တစ်ခါ တစ်ခါ မနက်ခင်းတွေမှာ ကျွန်မနဲ့အတူ စက်ဘီးလိုက်စီးခဲ့သည်။ အဲလို ရှင်နဲ့အတူသွားရတဲ့ ရက်မျိုးတွေဆို ကျွန်မ သိပ်ပျော်ခဲ့တာပေါ့။ တစ်ရက်တစ်လေ ကျွန်မ အလုပ်လုပ်တဲ့ နေရာထိ လိုက်လာ၊ ကျွန်မရုံးဆင်းချိန်ထိစောင့်ပြီး ကျွန်နဲ့အတူ မုန့်သွားစားတတ်ကြသေးသည်။ ထူးခြားတာ တစ်ခုက ရှင်နဲ့ ရှင့်ချစ်သူတို့ရဲ့ လွမ်းစရာ ဇတ်လမ်းလေးအကြောင်းကို ရှင်ကိုယ်တိုင် ကျွန်မကို တစ်ခါမှ မပြောပြဖူးဘူးနော်။ ရှင် သူ့ကိုမေ့သွားပြီလား။ ဒါမှမဟုတ် မေ့ချင်ယောင် ဆောင်နေတာလား။ ကျွန်မကို မသိစေချင်တာလား။ ဒါဆိုရင် ဘာကြောင့် မသိစေချင်တာလဲ။ ရှင် ကိုယ်တိုင် ပြောလာခဲ့ရင်ကော ကျွန်မ နားထောင်နိုင်စွမ်းရှိပါ့မလားဆိုတာ ကျွန်မကိုယ် ကျွန်မတောင် မသေချာနိုင်သော အရာတစ်ခုဖြစ်သည်။

ဒီလိုပါပဲ.. ရက်တွေ လတွေကုန်လာခဲ့သလို.. ကျွန်မလည်း ရှင့်ကို ချစ်လာခဲ့တယ် ထင်ပါရဲ့။ မိန်းကလေးတွေရဲ့ အချစ်ဟာ လေးစားခြင်းကနေစတယ်လို့ ပြောတာကို ကျွန်မလက်ခံပါသည်။ ကျွန်မလည်း ရှင့်ကို လေးစားခဲ့တာကိုး။ ရှင်ရဲ့ အနေအထိုင် တည်ကြည်မှုကို ကျွန်မ လေးစားသည်။ အလုပ်တစ်ခုကို ပြတ်ပြတ်သားသားနဲ့ စိတ်နှစ်ပြီး လုပ်တတ်တာကို ကျွန်မ အားကျသည်။ ရှင့် မိသားစုအတွက် ရှင် ဦးဆောင်နေတာမျိုး ကျွန်မလည်း လုပ်ချင်ခဲ့တာပေါ့။ ရှင့်ရဲ့ စူးရှတဲ့ အကြည့်တွေ၊ ဆွဲငင်အားပါတဲ့ အပြုံးတွေကလည်း ရှင့်ကို ချစ်ဖို့ တွန်းအားတစ်ခု ဖြစ်နေခဲ့သည်လေ။ ဒါပေမယ့် ကျွန်မ ရှင့်ကို စိတ်ဝင်စားနေတာ ရှင် ဘယ်လိုမှ မရိပ်မိအောင် ကျွန်မနေနိုင်ခဲ့ပါတယ်။ မိန်းကလေးဘက်က စရတဲ့ အချစ်ဇတ်လမ်းမျိုးကို ကျွန်မ သိပ်မုန်းတယ်လေ။ ကျွန်မရဲ့ ခံယူချက်က ချစ်တယ်ဆိုတာ ယောင်္ကျား တစ်ယောက်က စပြောရမယ့် စကားပဲ။ ယောင်္ကျားတစ်ယောက်က မိန်းမတစ်ယောက် ရှေ့မှာ ဒူးထောက်ဝန်ခံရမယ့် အဖြစ်မျိုးပဲ။ ကမ္ဘာဦးအစကတည်းက ဒီလိုအစဉ်အလာအတိုင်းပဲ ကျွန်မ ဖြစ်စေချင်နေခဲ့တာ။ ယောင်္ကျား တစ်ယောက်ကို ချစ်စကား ကြိုက်စကား စပြောတဲ့ မိန်းမတွေကိုလည်း ကျွန်မ အတော်လေးကို အထင်သေးမိပါသည်။

ရာသီတွေ ပြောင်းခဲ့တယ်။ ဖေဖော်ဝါရီလလည်း ကုန်ဆုံးသွားခဲ့တယ်။ နွေကူးလို့ သင်္ကြန်ရက်တွေကိုလည်း ကျော်လွန်လာခဲ့တယ်။ မိုးတွေသည်းတဲ့ ၀သုန်မှာလည်း ရှင်နဲ့ကျွန်မ အတူရှိနေခဲ့ဖူးတာပဲ။ တစ်ခါတုန်းက ဘုရားကအပြန် ရှင့်မှာ ထီးပါမလာလို့ ကျွန်မနဲ့အတူ ထီးလိုက်ဆောင်းတာကို ရှင်လည်း မှတ်မိအုံးမယ်ထင်တယ်။ အဲဒီတုန်းက ကျွန်မ ရင်တွေခုန်နေခဲ့တာ ရှင်များ ရိပ်မိသွားသေးလားဟင်။ ရက်တွေကြာလာတာနဲ့ အမျှ ရှင်နဲ့ ကျွန်မ အတွဲများနေတာကို လူတွေက သတိထားမိလာကြတယ်။ ကျွန်မပြောတဲ့ လူတွေဆိုတာ ဘုရားသန့်ရှင်းရေး အဖွဲ့က သူငယ်ချင်းတွေ၊ ရှင့်အိမ်က ရှင့်မိဘတွေ၊ ကျွန်မအိမ်က ကျွန်မမိဘတွေ နောက်တော့ ပတ်ဝန်းကျင်က လူတွေပေါ့။ သူတို့ ဘာပြောကြမယ်ထင်လဲ.. ဘယ်လိုမှတ်ချက်တွေ ပေးကြတယ် ထင်လဲ… ရှင်နဲ့ ကျွန်မက လိုက်ဖက်တယ် တဲ့လေ။

ကျွန်မ သတင်းတွေကြားရတယ်။ ရှင့်ကို ရှင့်သူငယ်ချင်းတွေက ကျွန်မနဲ့မြှောက်ပေးကြတယ်။ ရှင့်အိမ်က လူကြီးတွေက ကျွန်မကို သဘောကျတယ်တဲ့။ ရှင် ကိုယ်တိုင်ကလည်း ကျွန်မကို သဘောကျတာပဲ မဟုတ်လား။ ရှင် ကိုယ်တိုင် ကျွန်မကို ပြောခဲ့ဖူးတယ်လေ.. ကျွန်မက သိပ်ထက်မြက်တဲ့ မိန်းကလေးတဲ့။ အဲလို သွက်နေ ထက်နေတာကို ရှင်က သဘောကျသည်တဲ့လေ။ ရှင့်ထက် အသက်တော်တော်ငယ်တဲ့ ကျွန်မနဲ့တောင် ရှင် ကိစ္စတော်တော်များများ တိုင်ပင်ခဲ့ဖူးသေးတာပဲ။ ရှင် သဘောကျတာကို ကျွန်မသိတာပေါ့။ ဒါပေမယ့် သဘောကျတာက သဘောကျတာပါပဲ။ ကျွန်မရုံးက အထက်လူကြီးတွေလည်း ကျွန်မကို သဘောကျတာပဲ။ ရပ်ကွက်ထဲက လူတွေလည်း ကျွန်မကို တော်တဲ့မိန်းကလေးဆိုပြီး သဘောကျတာပဲ။ ရှင့်သူငယ်ချင်းတွေ မြှောက်ပေးရုံနဲ့၊ ရှင့်အိမ်က လူကြီးတွေ သဘောတူရုံနဲ့၊ ရှင် ကျွန်မကို သဘောကျရုံနဲ့ ရှင် ကျွန်မကို ချစ်ဖို့ မကြိုးစားပါနဲ့။ ကျွန်မက ရှင့်ကို အစောကြီးကတည်းက ချစ်နေခဲ့တာ ဖြစ်သလို၊ ကျွန်မရှင့်ဆီက ပြန်လိုချင်တာကလည်း အချစ် တစ်ခုပါပဲ။ ဒါပေမယ့် ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ်ဘူးလေ။ ရှင့် ရင်ထဲမှာက ကျွန်မထက် ဦးသူရှိခဲ့ပြီးသားကို။ သူ့ကို ကျော်ဖို့ဆိုတာ ကျွန်မအတွက် ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အရာမှန်း ကျွန်မသိတာပေါ့။ ရှင့်ရဲ့ အချစ်ဦးကို မေ့ပြီး ရှင်ကိုယ်တိုင်က ကျွန်မကို လိုလိုလားလားချစ်လာတာမျိုးကော မဖြစ်နိုင်ဘူးလား။ ဘုရားရေ… ကြည့်စမ်း… ကျွန်မတောင် စိတ်ကူးတွေ တော်တော်ယဉ်တတ်နေပြီပဲ။

ဒီကြားထဲ ရှင်နဲ့ ကျွန်မ ခါတိုင်းလိုပဲ သွားလာ နေထိုင်ခဲ့တာပါပဲ။ ပြောင်းလဲလာတာ တစ်ခုရှိတယ်။ ရှင် ကျွန်မကို နည်းနည်း ဂရုစိုက်လာတယ်။ စကားလမ်းကြောင်းတွေ ပြောင်းလာတယ်။ ရှင် အထီးကျန်တဲ့အကြောင်းကို ပြောပြခဲ့တယ်။ ရှင့် ကောင်မလေးအကြောင်းကိုတော့ ရှင် တစ်ခွန်းမှ မဟခဲ့ပါလား။ ကျွန်မကို ရှင့်နောက်ကြောင်းတွေ မသိဘူးလို့များ ထင်ခဲ့လို့လား။ ဒါမှမဟုတ် ရှင်တို့အကြောင်းကို ကျွန်မကို မသိစေချင်တာလား။ ရှင့် အကြောင်းကို ပြောပြလိုက်ရင် တစ်ခုခုပြောင်းလဲ သွားမှာကို စိုးရိမ်လို့လား။ နောက်တော့ ကျွန်မ သတင်းတွေကြားရတယ်။ ရှင့် သူငယ်ချင်းတွေက ရှင့်ကို ကျွန်မဆီစိတ်ရောက်သွားအောင် တွန်းပို့ပေးကြတယ်။ ရှင့်ရဲ့ ဝေဒနာ ဟောင်းကို ကုစားဖို့ ကျွန်မကို ဆေးအဖြစ် အသုံးချဖို့ ရှင်ကိုယ်တိုင်ကလည်း စဉ်းစားနေခဲ့တယ်တဲ့။ ဟင့်အင်း ကျွန်မ မလိုချင်ဘူးနော်။ ရှင့်ကို ကျွန်မ ချစ်တာမှန်တယ်။ ရှင့်ရဲ့ အတိတ်ဇတ်လမ်းကိုသိပြီး ရှင့်ကို စာနာ သနားမိတာလည်း ဟုတ်တယ်။ ဒါပေမယ့် ကျွန်မဟာ ရှင့်အတွက် စိတ်ပြေရာ ပြေကြောင်းလေးတော့ မဖြစ်ချင်ဘူး။ ဒါမျိုးဆို ရှင် ကျွန်မကို မချစ်တာကမှ ပိုကောင်းပါလိမ့်မယ်။ ကျွန်မ အထင်ကြီးလေးစားတဲ့ ရှင်က သူများတွေ မြှောက်ပေးရုံနဲ့၊ ရှင်ကိုယ်တိုင်စိတ်သက်သာရာ ရစေဖို့အတွက်နဲ့ မိန်းကလေးတစ်ယောက်ကို ချစ်စကားပြောမှာလည်း မဟုတ်ဘူး မဟုတ်လား။ ကျွန်မ သိပါတယ်။ ရှင်က ဒီလိုလူစား မဟုတ်ပါဘူး။ ကျွန်မကို ဘေးမှာထားပြီး ရှင့်ရဲ့ အရင်တစ်ယောက်ကို တမ်းတနေတာမျိုးကိုလည်း ကျွန်မ အလိုမရှိဘူး။

ဒီလိုနဲ့ ရာသီတွေ တစ်ပတ်လည်လို့ ဖေဖော်ဝါရီ မနက်ခင်းတွေလည်း ပြန်ရောက်လာခဲ့သည်။ မြူတွေကို ချစ်တဲ့ကျွန်မအတွက်တော့ အပျော်ကြီး ပျော်ရတဲ့ ရာသီပေါ့။ မနက်ဆိ ချမ်းစိမ့်စိမ့်လေး ဖြစ်နေတတ်တာမျိုးက ကျွန်မ အကြိုက်ပဲ မဟုတ်လား။ တစ်ရက် … ဖေဖော်ဝါရီ လရဲ့ မြူတွေဆိုင်းတဲ့ နံနက်ခင်း တစ်ခုမှာပေါ့။ ကျွန်မ ရုံးသွားနေတုန်း ရှင် ကျွန်မနောက်ကို စက်ဘီးတစ်စီးနဲ့ အတင်းလိုက်လာပြီး ကျွန်မကို ရည်းစားစကားတွေ ပြောခဲ့တယ်။ ဘာမှကို နိဒါန်းမချီပဲ ပြောခဲ့တဲ့ ရှင့်စကားတွေ နည်းနည်းတော့ ကမောက်ကမ နိုင်နေသေးတယ်။

“ငယ့်ကို…. ကိုယ် ချစ်နေပြီထင်တယ်”

“ဟားးးးးးးး ဘယ်လိုကြီးတုန်း”

“ဒီလိုကြီးပဲ… ကိုယ် ငယ့်ကို ချစ်တယ် ထင်တယ်”

“ထင်တယ်ဆိုရင် သေချာအောင် လုပ်ရမှာပေါ့ အကိုရယ်”

“မဟုတ်ဘူး သေချာပါတယ်… ချစ်နေတာ.. ငယ် တော်တာကို ကိုယ်သဘောကျတယ်၊ ငယ် ခေတ်မီတာကို ကိုယ်အားကျတယ်၊ ငယ့် အတွေးအခေါ်တွေကို ကိုယ် လေးစားတယ်၊ အိုကွာ ငယ် နေပုံထိုင်ပုံ ပြောပုံဆိုပုံ အားလုံးက ကိုယ့်ကို လွှမ်းမိုးနေတယ်.. ပြီးတော့ ငယ်က ကိုယ့်ကို နားလည်ပေးနိုင်မယ့် မိန်းကလေး တစ်ယောက်လို့ ကိုယ် ယုံကြည်တယ်”

“အဲဒီတော့ ကျွန်မက ဘာလုပ်ပေးရမှာလဲ”

“ငယ် ကိုယ့်ကို စဉ်းစားပေးပေါ့…. ဖြစ်နိုင်ရင် အမှတ်တရလေး ဖြစ်အောင် ဖေဖော်ဝါရီ 14 မှာ အဖြေပေးပါလား ငယ်”

“ဟားးးးးးး ဖေဖော်ဝါရီ 14 က ဘာဖြစ်လို့လဲ”

“ချစ်သူများနေ့လေ ငယ်ရဲ့.. ငယ် ကိုယ်လိုချင်တဲ့ အဖြေကို ပေးခဲ့ရင် ကိုယ်တို့အတွက် အမှတ်တရ ဖြစ်အောင်လို့”

“၀ါးးးးးး ကဗျာ ဆန်လိုက်တာ.. အကိုပြောတော့ အထိမ်းအမှတ် နေ့တွေကို သတိမရတတ်ဘူးဆို”

“ခုတော့ ငယ့်ကြောင့် သတိရပါပြီဗျား”

ရှင့် ကျွန်မကို ပြုံးပြနုတ်ဆက်ပြီး ထွက်သွားခဲ့တယ်။ ကျွန်မ ကြေကွဲရတယ် ကိုဘုန်းသန့်ရယ်။ ရှင် ရည်းစားစကား ပြောလို့ ကျွန်မ ကြေကွဲရတယ် သိလား။ လောကမှာ ကိုယ်ချစ်နေတဲ့ ယောင်္ကျား တစ်ယောက်က ကိုယ့်ကို ရည်းစားစကား ပြောလာဖို့ဆိုတာ မိန်းမ တော်တော်များများရဲ့ မျှော်လင့်ချက်ဖြစ်သည်။ သို့သော် ကျွန်မအနေနဲ့ သူ့စကားများကို ကြားရသောအခါ နင့်ခနဲ ခံစားရပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်မကို ချစ်တာမဟုတ်ပဲ တော်လို့ ထက်လို့ သူ့ကိုနားလည်နိုင်လို့ သဘောကျရုံ သက်သက်သာ ဖြစ်ကြောင်း ကျွန်မ အသေအချာ သိနေခဲ့သောကြောင့်ဖြစ်သည်။ ကျွန်မ ရှင့်ကို ချစ်အဖြေပေးဖို့ အတော်ကြီးကို စဉ်းစားရမည် ဖြစ်သည်။ လောကတွင် ကျွန်မထက် တော်သော၊ ကျွန်မထက် ထက်မြက်သော မိန်းကလေးပေါင်း မြောက်များစွာ ရှိနေသေးသည်။ သူတို့တွေနဲ့ ရှင်နဲ့ မတွေ့ကြတော့ဘူးလို့ ဆိုနိုင်မလား။ အဲလိုအချိန်မှာ ကျွန်မကို မေ့သွားပြီး အဲဒီမိန်းကလေးတွေဘက်ကို ရှင် စိတ်ပြောင်းမသွားဘူးလို့ အာမခံနိုင်မလား။ နောက်ပြီး ကျွန်မဟာလည်း ကိုယ့်ထက် တော်သော၊ ချောသော မိန်းကလေးများကို မနာလိုဝန်တိုစိတ်နဲ့ ကြည့်ရမယ့် အဖြစ်မျိုး ဖြစ်လာတော့မှာလား။ ကျွန်မ လိုချင်သည်မှာ ရှင့်ရင်ထဲမှ ပေါက်ဖွားလာသော၊ ကျွန်မကိုယ်တိုင်က ဘာမှ မဟုတ်သော မိန်းကလေး ဖြစ်သွားခဲ့ရင်လည်း ချစ်နေနိုင်မည်ဖြစ်သော အချစ်မျိုးသာ ဖြစ်သည်။ ရှင်ကလည်း ရှင့် တွက်ချက်မှုနှင့်ရှင် ကျွန်မကို ရွေးချယ် ခဲ့တာဖြစ်ပါလိမ့်မည်။ ကျွန်မကလည်း ကျွန်မ အတ္တနှင့် ကျွန်မ ကြေကွဲခံစားနေရသည်သာ ဖြစ်ပါသည်။

ကျွန်မ ရှင့်ကို ချစ်ခဲ့တာ ရယူပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ခဲ့တာ မဟုတ်ဘူးဆိုတာတော့ ကျွန်မကိုယ် ကျွန်မအ အသေအချာ သိနေခဲ့သည်။ ကျွန်မသည် ရှင့်ကို မြူနှင်းကလေးများ ကဲ့သို့ ချစ်သည်။ ဖေဖော်ဝါရီ မနက်ခင်းများကဲ့သို့ ချစ်သည်။ သူတို့သည် သဘာဝအတိုင်း တည်ရှိနေတာ ဖြစ်သလို ကျွန်မက သူတို့ကို ချစ်ကြောင်းကိုလည်း မသိနိုင်သော အရာများဖြစ်သည်။ သို့သော် သူတို့တည်ရှိနေတာကို သိနေရုံဖြင့် ကျွန်မ သူတို့ကို ချစ်နေနိုင်သည်။ သူတို့ တည်ရှိနေတာကို မြင်နေရရုံဖြင့် ကျွန်မ ကြည်နူးရသည်။ မြူနှင်းတွေရယ်၊ ဖေဖော်ဝါရီရယ်၊ ရှင်ရယ်ကို ချစ်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ ကျွန်မကိုယ် ကျွန်မ အလွန်ချစ်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှင်တို့ကို ချစ်နေရရုံဖြင့် ကျွန်မ စိတ်ချမ်းသာရသောကြောင့် ဖြစ်သည်။

မကြာခင် ရှင် ချိန်းဆိုထားခဲ့သော ဖေဖော်ဝါရီလ (14) ရက်နေ့ကို ရောက်ပါတော့မည်။ ကျွန်မသည် ရှင့်ကို ချစ်သော်လည်း ချစ်အဖြေပေးရန်ကိုကား မ၀ံ့မရဲ ဖြစ်နေမိတော့သည်။

Pinkgold!

7 responses »

  1. အသစ်ပြောင်းသွားပြီး ကထဲက မရောက်လိုက်တာ ခုမှဘဲ ရောက်တော့တယ်။ မှတ်သွားပြီဗျို့ လိပ်စာကို။

  2. ဟဟမိုက်တယ်ပင့်ကူရေ အဖြေဘယ်လိုပေးဖြစ်မှာလဲသေချာမေးလိုက်ပေါ့ဟာ
    ခက်တာမှတ်လို့……ဟီးးးးးးးးးးငါ့လဲဘယ်သူမှရည်းစားစကားလာမပြောဘူး
    အဟင့်………

  3. ကောင်းပါတယ်…. ဒါပေမယ့် ပထမပိုင်း ဖတ်ကောင်းနေတုန်း စကားပြေလို အရေးအသား ဖြစ်သွားလိုက်နဲ့ ဆိုတော့ ဖတ်ရတာ ထောက်နေတယ်။

    ဇာတ်လမ်းဆင်ပြီး လုပ်ထားတာ တော်တော်လေးကို ကောင်းတယ်…. ဖတ်သူကို အဆုံးထိ ခေါ်သွားစေတယ်…🙂

    Planet မှာလည်းတွေ့တယ်… ကွန်က တော်တော်ဆိုးနေလို့ ကွန်မတ် မရေးခဲ့ရဘူး။

    • တိုက်ဆိုင်သွားသလား ဒေါ်ညခင်း.. ဟွင်း ဟွင်း ဟွင်း😛

    • 🙂

      သုံးနှစ် သုံးမိုးစောင့်ပါလို့ အဖြေပေးလိုက်တာပေါ့ ရှင်.. အဟီး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s