To My Dearests!

Standard

ဖေဖော်ဝါရီလဆိုတာ အချစ်ရည်၊ အချစ်သွေးတို့ လွှမ်းခြုံနေပြီး ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ ပြယုဂ်ကာလလို့ သိထားလေ့ ရှိကြပါတယ်။ ဒီနေ့ခေတ်မှာ လူတွေနားလည်ထားတဲ့ St. Valentine’s Day နေ့ထူးနေ့မြတ်ကြီးဟာ ရှေးခေတ် ရောမရိုးရာနဲ့ ခရစ်ယာန် ဘာသာအတွက် အလေးအမြတ် ပြုရတဲ့ အထိမ်းအမှတ် နေ့တစ်နေ့လည်း ဖြစ်ခဲ့ပါတယ်။ တစ်ကယ်တော့ ဗယ်လင်တိုင်းဒေးဆိုတာ ချစ်သူရည်းစားတွေနဲ့ချည်းပဲ သက်ဆိုင်တာ မဟုတ်ပါဘူးရှင်။ ကမ္ဘာပေါ်မှာနေထိုင်ကြတဲ့ ချစ်တတ်ကြတဲ့၊ အချစ်ကို တန်ဘိုးထားတတ်ကြတဲ့ သူတွေအားလုံးနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်ကလေး ဖြစ်ပါတယ်ရှင်။ ချစ်သူရည်းစားချင်း၊ မိသားစုတွေချင်း၊ သူငယ်ချင်း မောင်နှမတွေချင်း အားလုံး အားလုံးဟာ ဗယ်လင်တိုင်းဒေးကို အတူတူဆင်နွှဲနိုင်ကြပါတယ်။ လက်ဆောင်လေးတွေ အပြန်အလှန် ပေးအပ်နိုင်ကြပါတယ်။ အချစ်ကို ဖော်ညွှန်း ဖွင့်ဆိုနိုင်ကြပါတယ်။ ကျွန်မလည်း ကျွန်မသိပ်ချစ်ရတဲ့ သူတွေကို သူတို့ကို ကျွန်မသိပ်ချစ်တဲ့အကြောင်းကို ဒီလို ဗယ်လင်တိုင်းနေ့မှာ ဖွင့်ဟပြချင်တာပေါ့ရှင်။

ကျွန်မမှာ သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေရှိတယ်။ ကျွန်မတို့အားလုံးဟာ အွန်လိုင်းပေါ်မှာ တွေ့ဆုံခဲ့ကြပြီး တစ်ကယ့်ညီအစ်ကို မောင်နှမတွေကို ချစ်ခဲ့ကြတာဖြစ်တယ်။ အချင်းချင်း အပြန်အလှန် နားလည်ကြင်နာမှု ရှိကြတယ်။ နေ့တိုင်းလိုလို အဆက်အသွယ်ရှိကြတယ်။ ရေမြေတွေ ဝေးနေပေမယ့် စိတ်ချင်းကတော့ အမြဲတမ်း နီးနေခဲ့ကြတယ်။ ဂျီတော့ပေါ်မှာ မတွေ့ဖြစ်ကြရင်တောင် ဖုန်းတော့ခေါ်ဖြစ်ကြတယ်။ တစ်ရက် စကားမပြောရရင် တစ်ရက်လွမ်းရလောက်အောင်ကို ကျွန်မတို့ ချစ်ကြတယ်။ ဒါကြောင့် အွန်လိုင်းအချစ်ကို ကျွန်မယုံတယ်။ ပကတိ ဖြူစင်တယ်၊ ရိုးသားတယ်။ ဘာ ပကာသနမှ မရောပဲ အသံလေးကြားရုံ၊ နေ့တိုင်းစကားပြောဖြစ်ရုံ၊ ခံစားချက်တွေ ဖလှယ်ကြရုံနဲ့ လူတစ်ယောက်ရဲ့ စိတ်ကို အဆုံးစွန်ထိ ညှို့ယူသွားနိုင်စွမ်းရှိတယ်။ ဟုတ်ကဲ့.. ကျွန်မှာ သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေ ရှိပါတယ်။

“ဂျူဂျူး” နဲ့ ကျွန်မဟာ ပလန်းနက်ဖိုရမ်မှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်တယ်။ Dungeonsis ဆိုတဲ့ သူ့ရဲ့ Nick Name ကြောင့် လူတော်တော်များများက ဒုန်းကြမ်းစိ လို့ခေါ်လေ့ရှိကြတယ်။ ကျွန်မသာမက ဖိုရမ်ထဲက လူတော်တော်များများလည်း သူ့ကို တော်တော်လေး ခင်ကြပါတယ်။ ထိုင်းနိုင်ငံ ABAC မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက် ဖြစ်သလို ထိုင်းမှာ ရောက်နေတဲ့ ကျွန်မသူငယ်ချင်း တော်တော်များများက သူ့ကို လူမမြင်ဖူးပဲ နာမည်ကိုတော့ သိနေကြတယ်။ ကျွန်မက သူ့အကြောင်းတွေ အမြဲပြောပြောနေတတ်တာကိုး။ ပလန်းနက်ဖိုရမ်မှာတော့ သူနဲ့ကျွန်မ သိပ်မရင်းနှီးခဲ့ကြဘူး။ “မြန်မာတီးရှော့ပ့်” ဆိုတဲ့ ဖိုရမ်မှာမှ အတော်လေးကို ခင်မင်ရင်းနှီးပြီး ဂျီတော့ပေါ်မှာရော၊ ဖုန်းဆက်ပြီးတော့ရော၊ အီးမေလ်းနဲ့ကော အဆက်အသွယ် မပြတ်နေခဲ့ကြတယ်လေ။ သူကျောင်းပိတ်လို့ မြန်မာပြည် ပြန်လာရင်လည်း ကျွန်မတို့ နှစ်ယောက် အမြဲတမ်းတွေ့ဖြစ်ကြတယ်။ ကျွန်မရုံးနဲ့ သူ့ဆိုင်နဲ့ကလည်း နီးတာကိုးရှင်။ မေလမှာ နာဂစ်ဖြစ်တော့ ကျွန်မသူ့အိမ်မှာ လိုက်အိပ်တဲ့နေ့နဲ့ ကြုံတယ်။ ကြောက်လို့ဆိုပြီး တစ်ယောက်ကို တစ်ယောက် အသေဖက်ထားကြတာ မေ့မရနိုင်ဘူး။ ကျွန်မသူ့ကို သိပ်ချစ်ပါတယ်။

ဂျူဂျူးနဲ့ပတ်သက်ပြီး နောက်ထပ်ချစ်စရာ ကောင်းတဲ့သူငယ်ချင်း သုံးယောက်နဲ့ ကျွန်မ ထပ်ရင်းနှီးခွင့်ရခဲ့တယ်။ “မြန်မာတီးရှောပ့်” ဖိုရမ်ပျက်သွားတော့ အဲဒီကလူတွေ တော်တော်များများ ဘလောဂ့်ဂါ ဖြစ်ကုန်ကြတယ်။ ကျွန်မလည်း အဲဒီကနေတစ်ဆင့် ဘလောဂ့်ဂါ ဖြစ်ခဲ့တာပါပဲ။ အဲဒီအချိန်တုန်းက MonsterOfRock လို့ခေါ်တဲ့ ကိုမွန်းစတားရဲ့ ပဒုမ္မာဖိုရမ်က နာမည်စရလာတဲ့ အချိန်ဖြစ်တယ်။ ပလန်းနက်မှာ ကတည်းက ခင်မင်ရင်းစွဲရှိခဲ့ကြတဲ့ သူငယ်ချင်းတွေ ဖြစ်တာကြောင့် ပလန်းနက်က ယူဇာတော်တော်များများလည်း ပဒုမ္မာမှာ သွားရေးဖြစ်ကြတယ်။ ကျွန်မလည်း ယောင်လည်လည်နဲ့ ပါသွားတာပေါ့။ ဂျူဂျုးတို့ကတော့ နောက်ပိုင်းအဲဒီမှာ ဖိုရမ်တွေ တောက်လျှောက်ရေးဖြစ်တယ်။ ကျွန်မကတော့ ဖိုရမ်သိပ်မရေးတော့ပဲ ဘလောဂ့်လောကမှာ တောက်လျှောက်ကျင်လည်ဖြစ်တယ်။ ပဒုမ္မာကိုလည်းရောက်ကော ပါရမီ လို့ခေါ်တဲ့ ချစ်စရာ မမတစ်ယောက်နဲ့ ထပ်ခင်ခွင့်ရခဲ့တယ်။ တစ်ကယ်တော့ အဲဒီ မမနဲ့ မခင် ခင်ကတည်းက ပဒုမ္မာရဲ့ အမာခံ မန်ဘာကြီး ဂျူဂျူးကြောင့် သူ့အကြောင်းတွေ ကြားဖူးနေတာ ကြာလှပြီ။ ကျွန်မတို့က ဂျီတော့ပြောရင် သူ့အကြောင်း ကိုယ့်အကြောင်းကအစ သူငယ်ချင်းတွေအကြောင်းပါ အမြဲထည့်ပြောတတ်ကြတာကိုးရှင့်။

လန်ဒန်မှာနေတဲ့ မမပါရမီကလည်း ကျွန်မတို့နဲ့ စိတ်ချင်းနီးခဲ့တာပါပဲ။ ဂျီတော့ကနေတစ်ဆင့် ဖိုရမ်ထဲနေတစ်ဆင့် ကျွန်မတို့ရဲ့ ခင်မင်မှုတွေတိုးခဲ့ရတယ်။ စိတ်ထားကောင်းလွန်းတဲ့ ပါရမီကို ကျွန်မ လေးစားအားကျခဲ့ရတယ်။ တိုက်ဆိုင်တာ တစ်ခုက သူ့နာမည်ကလည်း “ထက်ထက်” ပဲဖြစ်နေတာကြောင့် ကျွန်မတို့နှစ်ယောက် တရုပ်လို ထက်ကျဲကျဲနဲ့ ထက်မေ့မေ့ဆိုပြီး တစ်ယောက်ကို တစ်ယောက် ခေါ်ကြတာ။ မမပါရမီနဲ့ ဂျူဂျူးမှာ သိပ်ချစ်စရာကောင်းတဲ့ နောက်အမ တစ်ယောက်ရှိသေးတယ် ဆိုတာကြောင့် နင်တို့အမလည်း ငါ့အမပဲပေါ့ဟာ ဆိုပြီးကျွန်မ အဲဒီအမတစ်ယောက်နဲ့ ထပ်ခင်ခွင့် ရခဲ့ပြန်တယ်။ Silver လို့ခေါ်တဲ့ ခပ်၀၀ မမတစ်ယောက်ပေါ့။

မမဆေလ်းဗားက ပျော်ပျော်နေတတ်တယ်။ လူတိုင်းကို ကူညီတတ်တယ်။ တစ်ခါ တစ်ခါ အားလုံးကို နွှဲ့ဆိုး ဆိုးတတ်သေးတယ်။ ကျွန်မတို့ဆို အကြီးဆုံးက အငယ်ဆုံးဖြစ်နေတယ်ဗျို့ဆိုပြီး သူ့ကိုနောက်လေ့ ရှိကြတယ်။ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မမဆေလ်ဗားကလည်း ကျွန်မနဲ့ ဂျီတော့အပြောအများဆုံးသူ တစ်ယောက်ဖြစ်ခဲ့တာပါပဲ။ ကျွန်မတို့ အားလုံးအတွက်လည်း စင်ကာပူကနေ လက်ဆောင်တွေ ပို့ပေးတတ်သေးတယ်။ ကျွန်မ မှာတောင် သူပေးတဲ့အမှတ်တရလက်ဆောင်လေးတွေ အများကြီး ရှိသေးတယ်။ သူ မြန်မာပြည် ပြန်လာတိုင်း ကျွန်မနဲ့ အမြဲတွေ့ဖြစ်ကြပါတယ်။

နောက်တစ်ယောက်ကတော့ အမေရီးကားမှာနေတဲ့ ဆန်းဒေးဆိုတဲ့ အငယ်ဆုံး ကောင်မလေးပေါ့။ အငယ်ဆုံးဖြစ်လို့ အပေါဆုံးလည်းဖြစ်တယ်။ (ဂျစ် စိတ်ဆိုးရဘူးနော်)။ သူ့ကိုလည်း ဂျူဂျူးနဲ့ ပတ်သက်ပြီး သိခဲ့တာပါပဲ။ ကျွန်မနဲ့ မခင်ခင် ကတည်းက သူက နောက်သုံးယောက်နဲ့ တော်တော်ရင်းနှီးနေပြီ။ ကျွန်မလိုပဲ ပျော်ပျော်နေတတ်တဲ့ (တစ်ကယ်က ပေါပေါနေတတ်တာ.. ဟီး) ဆန်းဒေးကိုလည်း ကျွန်မ သိပ်ချစ်ခဲ့တာပါပဲ။ အခွင့်အရေးရတိုင်း သူတို့အားလုံးနဲ့ ကျွန်မ Yahoo Conference ပြောဖြစ်ကြတယ်။ အားလုံးနဲ့ ဖုန်းပြောရတာ ဘယ်လောက် ပျော်ဖို့ကောင်းလိမ့်မလဲဆိုတာ တွေးသာကြည့်ကြတော့ပေါ့နော်။ ခုဆို ဆန်းဒေးပို့ပေးတဲ့ ကျွန်မလည်း သိပ်ကြိုက်တဲ့ Beyond Paradise ရေမွှေးပုလင်းကို မြင်တိုင်း ကျွန်မ သူ့ကို သိပ်သတိရတယ်။ ဂျူဂျူးတို့ ဆန်ဒေးတို့အားလုံးထဲမှာ ကျွန်မနဲ့တွေ့ဖူးတာဆိုလို့ ဂျူဂျုးရယ် မမဆေလ်ဗားရယ်ပဲ ရှိသေးတယ်။ မမပါရမီနဲ့ ဆန်းဒေးကိုလည်း ကျွန်မ တစ်နေ့နေ့မှာ တွေ့ခွင့်ရလိမ့်မယ် ထင်တယ်။ ဒါပေမယ့် ကျွန်မတို့အားလုံးက လူချင်းဝေးနေကြပေမယ့် ရင်ခုန်းသံချင်း အနီးဆုံးမှာ ရှိနေကြပါတယ်။ ကျွန်မ သူတို့အားလုံးကို သိပ်ချစ်သလို သူတို့ကလည်း ကျွန်မကို ချစ်ကြလိမ့်မယ်လို့ ယုံကြည်တယ်။

ဗယ်လင်းတိုင်းနေ့မှာ အချစ်အကြောင်းကို ဖွင့်ဆိုပြသဖို့ဆိုရင် ကျွန်မချစ်သူကို ဘယ်လောက်ချစ်ကြောင်းလည်း ချစ်သူသိအောင် ပြောပြရအုံးမှာပေါ့။ ကျွန်မရဲ့ စိတ်ကူးယဉ် ၀တ္ထုတွေကို ဖတ်ပြီး “ကိုယ့်ကိုများ စောင်းရေးထားသလား” လို့မေးလေ့ရှိတဲ့ ချစ်သူအတွက် သူ့ကို တိုက်ရိုက် ရည်ညွှန်းတဲ့စာလေးကိုတော့ ကျွန်မဒီနေ့မှာရေးပြချင်သေးတယ်။ ကျွန်မ အချစ်တွေကိုလည်း သူ နားလည်နိုင်ဖို့ မျှော်လင့်တယ်။

အင်တာနက်ခေတ်ကြီးမှာ သူနဲ့ကျွန်မ စတင်တွေ့ဆုံခဲ့တဲ့ နေရာကလည်း အွန်လိုင်းရဲ့ တစ်နေရာမှာလို့ ပြောပါရစေရှင်။ သူ့ အပြောတွေအရတော့ ကျွန်မ သူ့ကို စိတ်မ၀င်စားခင် အချိန်ကတည်းက သူက ကျွန်မကို ချစ်နေခဲ့တာဆိုပဲ။ ကျွန်မထက် အသက်နည်းနည်းကြီးတဲ့သူက အချစ်နဲ့ပတ်သက်လို့ အတွေ့အကြုံတွေ အများကြီးရှိခဲ့ဖူးတယ်။ ကျွန်မတို့နှစ်ယောက် အပြင်မှာ တွေ့ဖူးကြတဲ့ အချိန်တွေကထိ ကျွန်မသူ့ကို လုံးဝ စိတ်မ၀င်စားခဲ့သေးတာ သေချာတယ်။ သူ ကျွန်မကို ရည်းစားစကား ပြောခဲ့တုန်းကလည်း ကျွန်မသူ့ကို အရမ်းမချစ်ခဲ့သေးတာတော့ ကျွန်မ ၀န်ခံရပါလိမ့်မယ်။ ရည်းစား မထားဖူးပေမယ့် ရည်းစားစကားပြောတာကို တော်တော်များများ ခံရဖူးတဲ့ ကျွန်မအတွက် သူ့စကားကို စ ကြားရတုန်းကလည်း သိပ်တော့ မထူးဆန်းပါဘူး။ ထူးဆန်းတာ တစ်ခုကတော့ အဲဒီတုန်းက ကျွန်မ ရင်တွေခုန်နေခဲ့တယ်လေ။ တစ်ခြား ကောင်လေးတွေ အပြင်မှာကော အွန်လိုင်းမှာကော ကျွန်မကို လိုက်ကြိုက်ဖူးကြတယ်။ ကျွန်မ ရင်ကလေးတောင် တစ်ချက်မခုန်ခဲ့တာတော့ အမှန်တရားပါ။ ဒီထက် ပိုထူးဆန်းတာက သူ ကျွန်မကို ချစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ဖူးခဲ့တာပါပဲ။

သမားရိုးကျ လူတွေနဲ့ နည်းနည်းကွဲထွက်တဲ့၊ ထူးဆန်းတဲ့ အတွေးအခေါ်တွေရှိတဲ့၊ မာန နည်းနည်းကြီးတဲ့၊ လူ့အသိုင်းအ၀ိုင်းနဲ့ နည်းနည်း အံမ၀င်တဲ့ သူ့ကိုချစ်ရတာ ကျွန်မအတွက်တော့ ပင်ပန်းလွန်းလှပါတယ်။ ကျွန်မသူ့ကို တော်တော်ကြီးချစ်မှန်း သိသွားရတာကတော့ သူနဲ့ ကျွန်မကြားမှာ နတ်ဆိုးမ တစ်ယောက်ဝင်မွှေတဲ့ အချိန်မှာပေါ့။ အဲဒီတော့မှ ကျွန်မသူ့ကို ဘယ်လိုနည်းနဲ့မှ ဆုံးရှုံးလို့ မဖြစ်ကြောင်း ကျွန်မသိလိုက်ရတာပါ။ သူ့အတွက်နဲ့ ကျရတဲ့ မျက်ရည်တွေဟာ ဘယ်သူမှ မသိနိုင်ဘူးဆိုရင်တောင် ကျွန်မ အိပ်ရာထဲက ခေါင်းအုံးလေးကတော့ သိလိမ့်မယ်ထင်တယ်။ ဟုတ်တယ်.. အဲဒီအချိန်တွေတုန်းက ကျွန်မ တော်တော်ငိုခဲ့ရတယ်။

သူနဲ့သက်ဆိုင်တဲ့ သူ့ရဲ့ အတိတ်ကအကြောင်းတွေဟာ ကျွန်မအတွက်တော့ ရင်နာစရာ ကောင်းလွန်းလှတဲ့ အဖြစ်တွေဖြစ်တယ်။ ဒါပေမယ့် ကျွန်မက အတိတ်ကို ပြန်တွေးပြီး အစဖော် ရစ်တတ်တဲ့ လူစားမျိုး မဟုတ်ဘူးလေ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ချင်ပြီး ပစ္စုပန်နဲ့ အနာဂတ်ကိုသာ သူ့နဲ့အတူ အကောင်းဆုံး ရင်ဆိုင်သွားချင်တာ။ သူပဲ ဘာပဲ ဖြစ်ခဲ့၊ ဖြစ်ခဲ့ ကျွန်မသူ့ကို သိပ်ချစ်တဲ့အတွက် သူ့ကို ခွင့်လွတ်နိုင်ပါတယ်။ လက်ရှိအချိန်မှာ ပြသနာ နည်းနည်းကြုံလာရပြန်တော့လည်း ကျွန်မ ဒါတွေကိုမေ့ထားပြီး နေတတ်အောင်ကြိုးစားခဲ့တယ်။ ကျွန်မအတွက်ကြောင့် သူ စိတ်ညစ်မှာကို ကျွန်မ မလိုလားဘူးလေ။ ကျွန်မက သိပ်ချစ်တာကိုးရှင့်။

အလုပ်နဲ့ စာရေးခြင်းနှင့် အရက်ကို ကျွန်မထက် ပိုအလေးပေးတဲ့၊ ကျွန်မထက် ပိုဂရုစိုက်တဲ့ သူ့ကို ကျွန်မ တစ်ခါ တစ်လေ နည်းနည်းတော့ စိတ်တိုချင်သေးတယ်။ သို့သော် ကျွန်မသည် သူ့ကို ချစ်တဲ့အတွက် သူနဲ့ပတ်သက်သော၊ သူစိတ်ဝင်စားသော အရာအားလုံးကိုလည်း ချစ်နိုင်ရမယ်လို့ တွေးလိုက်တဲ့အခါ ကျွန်မ အလိုလိုစိတ်ချမ်းသာသွားရပြန်တယ်။ ကျွန်မကို မေ့ထားပြီး သူ့အလုပ်မှာ၊ သူစိတ်ဝင်စားတဲ့ အနုပညာတွေမှာ သူ့သူငယ်ချင်းတွေနဲ့ သူပျော်နေရင် ကျွန်မလည်း ပျော်ရတာပေါ့ရှင်။ မိန်းမတို့ သဘာဝ ကိုယ့်ကိုဂရုစိုက်တာ မခံချင်ဘူးလားလို့ မေးတော့ အရမ်းကို ခံချင်တာပေါ့။ ဒါပေမယ့် ကျွန်မဆိုတဲ့ မိန်းမကလည်း နည်းနည်း မာနကြီးလေတော့ သူ့ကို ဒါလေးဖွင့်ပြောရမှာ ၀န်လေးနေခဲ့မိတာကတော့ အမှန်တရားတစ်ခုလို့ ပြောရမှာဖြစ်တယ်။

“ကိုယ့်ကို ဘာလို့ မချုပ်ချယ်တာလဲ.. ဘာလို့ မကြပ်တာလဲ” လို့ သူက ကျွန်မကို မေးခဲ့ဖူးတယ်။ ယောင်္ကျားဆိုတဲ့ အမျိုးတွေက သူတို့ကို သံသယများပြီး ချုပ်ချယ်လွန်းရင် ရွဲ့ပြီး ပိုမခံချင်အောင် လုပ်ပြတတ်တယ်ဆိုတဲ့ သဘောကိုတော့ ကျွန်မ နည်းနည်း နားလည်ပါတယ်။ ယုံကြည်ကြလွန်းရင်လည်း ခြေတစ်ဖက်က နောက်တစ်နေရာကို ခုန်ကျော်တတ်တာမျိုးကိုလည်း ကျွန်မ သတိရှိပါသေးတယ်။ အဲဒီ အစွန်းနှစ်ဘက်ကြား မျှအောင် နေရတာ ကျွန်မအတွက်တော့ သိပ်ပင်ပန်းလွန်းလှပါတယ်။ ဒါပေမယ့် သူ နေတတ်သလို၊ နေချင်သလို နေခွင့်ပြုထားတာဟာ ကျွန်မသူ့ကို အရမ်းချစ်လို့ ဖြစ်တယ်ဆိုတာကိုတော့ သူ့ကို သိစေချင်သေးတယ်။

သူ့ရဲ့ ဘယ်နှစ်ယောက်မြောက် ရည်းစားမှန်း မသိတဲ့ ကျွန်မ အတွက်တော့ သူသည်သာလျှင် ပထမဆုံး ချစ်ရတဲ့သူ ဖြစ်တယ်။ သူ့အပြင် နောက်တစ်ယောက်ကို ပြောင်းချစ်ဖို့ ဆိုတာကတော့ ကျွန်မအတွက် တစ်သက်စာ ဆိုတဲ့အချိန်တစ်ခုတော့ လိုလိမ့်မယ် ထင်တယ်။ ချစ်သူ ရည်းစားတွေကြားမှာ အမှတ်တရ တစ်ခုခုဆိုတာကတော့ အမြဲရှိနေတတ်ကြတယ်။ သူနဲ့ ကျွန်မကြားက အမှတ်တရ ဆိုတာကတော့ လက်ဆုပ်လက်ကိုင်ပြဖို့ တော်တော်ခဲယဉ်းတဲ့ အရာတစ်ခုဖြစ်တယ်။ ဒါပေမယ့် သူနဲ့ စကားပြောနေရတဲ့ အချိန်တိုင်း၊ သူ့ကို လွမ်းနေရတဲ့ အချိန်တိုင်းဟာ ကျွန်မအတွက်တော့ သူနဲ့ ပတ်သက်သမျှ အမှတ်တရတွေ ဖြစ်တယ်။

ကျွန်မှာ သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေရှိသလို၊ သိပ်ချစ်ရတဲ့ ချစ်သူတစ်ယောက်လည်း ရှိနေပါတယ်။

15 responses »

  1. အိမ်း….ဂျစ်တစ်ယောက် ငါတို့မျက်စိရှေ့ မှာတင် ချစ်ချစ်တစ်ယောက်ထပ်တိုးသွားသကိုးကွဲ့  ။
    နောက်ပိုင်းကျ ငါရစ်ရမယ့် list ထဲ နင်ပါသွားပြီ။ ဒီနေ့တင် မမထက်တစ်ယောက်ပျော်နေတာကို သွားရစ်ပြီးပြီ။
    ဘာပဲဖြစ်ဖြစ် (၁၅၀၀) မှာ ဆန္ဒတွေထပ်တူညီပါစေ ဂျစ်ရေ။

  2. Happy Valentine’s Day….. my beloved mai mai lay :* :* :*
    we all miss u so much n❤ u so much, too.
    ဝေ့… ချောကက်ကျွေးမယ်ဆို ဘယ်မှာလဲ…? ဘားမှလည်းရှိဝူးးး…. ပုံပြောတွားတယ်…

    မိုင်စစ်စတားမေ့မေ့လေး V.dayလေးမှာ ချစ်သူ.. ခင်သူတွေနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေ…. ဂျစ်ဂျစ်နဲ့ အားလုံးအဆင်ပြေပြီး စိတ်တူ ကိုယ်တူ နားလည်းပြီး ချစ်နိုင်ပါစေလို့… :* ;;).

    ကျဲ့ကျဲ့

    • ကျဲကျဲရေ.. ဘာပဲ ဖြစ်ဖြစ် အကိုလေးကိုတော့ လက်မလွှတ်နိုင်သေးဘူးနော်… အကိုလေးက မီးတို့အားလုံးရဲ့ ဘုံဆိုင် ကြီးဆိုတော့… ဂျူးကြားရင် ဘယ်လိုများ နေမလဲ မသိဘူး ဟီးဟီး… ဆန်းဒေးကိုလည်း ပြောပြီးသား.. ကိုလေးကိုတော့ ဆိုင်ချင်သေးတယ်လို့…

  3. ဖတ်သွားတယ်ဟေ့ အတော်ရေးသားနိုင်တယ်ကွာ

    အရှည်ကြီးပဲ

    ရေ တိုက်အုံး

    ယာင်္ကျားဆိုတဲ့ အမျိုးတွေက သူတို့ကို သံသယများပြီး ချုပ်ချယ်လွန်းရင် ရွဲ့ပြီး ပိုမခံချင်အောင် လုပ်ပြတတ်တယ်ဆိုတဲ့ သဘောကိုတော့ ကျွန်မ နည်းနည်း နားလည်ပါတယ်။ ယုံကြည်ကြလွန်းရင်လည်း ခြေတစ်ဖက်က နောက်တစ်နေရာကို ခုန်ကျော်တတ်တာမျိုးကိုလည်း ကျွန်မ သတိရှိပါသေးတယ်။ အဲဒီ အစွန်းနှစ်ဘက်ကြား မျှအောင် နေရတာ ကျွန်မအတွက်တော့ သိပ်ပင်ပန်းလွန်းလှပါတယ်။ ဒါပေမယ့် သူ နေတတ်သလို၊ နေချင်သလို နေခွင့်ပြုထားတာဟာ ကျွန်မသူ့ကို အရမ်းချစ်လို့ ဖြစ်တယ်ဆိုတာကိုတော့ သူ့ကို သိစေချင်သေးတယ်

    ဟီး ဒါတော့ ဟုတ်တယ်လမင်းလဲတူတူပဲ

    မှန်တာသိပ်ရေးတာပဲ

  4. သြော်..လဒ လဒ ငါ့အစ်ကိုကိုများ ဘုံဆိုင်ကြီးဆိုပဲ..။ >..< (ကိုလေးနဲ့တွေ့ချင်လို့ ဂွင်ဆင်ပြီး လက်ဗလာနဲ့ နာ့ဆိုင်ကိုသွားတယ်…။)😛

  5. အပေါ်မှာပျော်စရာတွေ ဖတ်လာပြီး အောက်ကျတော့ တစ်မျိုးဖြစ်သွားတယ်….
    သူငယ်ချင်းတွေနဲ့ရော ချစ်သူနဲ့ရော ပျော်နိုင်ပါစေနော်…🙂

  6. အင်း … ဒီလိုပါပဲ၊ ကျွန်တော်ထင်တာ ပြောရရင် ဒီစာပိုဒ်လေးထဲကလို PinkGold က သူ့အပေါ်မှာ ဆက်ဆံတာက ဆွဲဆောင်မှု ဖြစ်နေမယ်ထင်ပါတယ်။ မပင်ပမ်းပါနဲ့၊ အဆင်ပြေမှာပါ။ အဲဒီနားလည်မှုနဲ့ ရှေ့ဆက်ရင် အဆင်ပြေမှာပါ။ ဒါပေမယ့် ဝေးလွန်းရင် အေးတော့ အေးတတ်တာပေါ့။ ပြန်,ပြန် နွေးပေးလေ… ဘယ်လိုနွေးရသလဲ ဆိုတာတော့ မသိဘူး…ဟား ဟား.. အဆင်ပြေပါစေဗျာ

    “ကိုယ့်ကို ဘာလို့ မချုပ်ချယ်တာလဲ.. ဘာလို့ မကြပ်တာလဲ” လို့ သူက ကျွန်မကို မေးခဲ့ဖူးတယ်။ ယောင်္ကျားဆိုတဲ့ အမျိုးတွေက သူတို့ကို သံသယများပြီး ချုပ်ချယ်လွန်းရင် ရွဲ့ပြီး ပိုမခံချင်အောင် လုပ်ပြတတ်တယ်ဆိုတဲ့ သဘောကိုတော့ ကျွန်မ နည်းနည်း နားလည်ပါတယ်။ ယုံကြည်ကြလွန်းရင်လည်း ခြေတစ်ဖက်က နောက်တစ်နေရာကို ခုန်ကျော်တတ်တာမျိုးကိုလည်း ကျွန်မ သတိရှိပါသေးတယ်။ အဲဒီ အစွန်းနှစ်ဘက်ကြား မျှအောင် နေရတာ ကျွန်မအတွက်တော့ သိပ်ပင်ပန်းလွန်းလှပါတယ်။ ဒါပေမယ့် သူ နေတတ်သလို၊ နေချင်သလို နေခွင့်ပြုထားတာဟာ ကျွန်မသူ့ကို အရမ်းချစ်လို့ ဖြစ်တယ်ဆိုတာကိုတော့ သူ့ကို သိစေချင်သေးတယ်။

    • ဟုတ်ပါ့ နွှေးပေးရမှာပေါ့ ရှင်။ နည်းလမ်းတော့ ရှာလိုက်အုံးမယ်.. မဟုတ်ရင်လည်း တိုက်ရိုက်ပဲ မေးလိုက်တော့မယ် ဘယ်လို နွှေးရမလဲလို့..😛

  7. လဒရေ.. ငါရေးထားတဲ့ comment ကဘာလို့အပြည့်မပေါ်ပဲနဲ့ အပေါ်ဆုံးနဲ့ အောက်ဆုံးစားကြောင်းလေးပဲပေါ်နေရတာတုန်းဟ..။ ကြားထဲမှာ ရေးထားတဲ့ စာတွေဘယ်ရောက်သွားလဲဟင်..။ :O ငါရေးထားတာအများကြီးပါ..။😦
    စာလုံးရေ ဘယ်နှစ်လုံးပဲရေးရမယ်တို့ စာကြောင်းရေ ဘယ်နှစ်ကြောင်း ပဲရေးရ မယ်လို့များရှိသလားကွယ်..။😛

    • လဒရေ. သူများတွေတော့ အများကြီးရေးကြတာပဲဟ.. စာလုံးရေ ကန့်သတ်ထားတာမျိုး မရှိပါဘူး။ ငါက နင် နှစ်ကြောင်းပဲ ရေးထားတယ် ထင်တာ.. ပြောတတ်တော့ဝူး…😦

  8. ကျွန်တော်လည်း အွန်လိုင်းအချစ်ကို ယုံတယ်… ကိုယ်ဘက်က မှန်ကန်ရင်ပေါ့…🙂

  9. Pingback: 10 Persons Who I wanna meet most! « The World of Pinkgold

  10. သိပ် ချစ်လွန်းတာ ၊ သိပ် အားစိုက်လွန်းတာ ၊ သိပ်မျှော်လင့်လွန်းတာ ၊

    သိပ် ကြိုးစားလွန်းတာ … အလွန်အကျွံ ဖြစ်တာတွေ ထက် စာရင်

    မဇ္ဈိမ အလယ်အလတ် ဆိုတာက ပိုကောင်းလိမ့်မယ် ထင်မိပါတယ် မပင့်ဂိုးလ် ရေ …

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s