Sue and Phat (Thorn and Leaf)

Standard

ဟိုတစ်နေ့က သတင်းလေးတစ်ပုဒ် ဖတ်လိုက်မိတယ်။ မိန်းကလေးတစ်ယောက် အသတ်ခံရတဲ့ သတင်းလေးပါ။ ဖြစ်တာက ရန်ကုန်ပြင်ပ တစ်နေရာမှာ ဖြစ်တာ.. ရည်းစားဖြစ်သူ မိန်းကလေးကို သူ့ကောင်လေးက သတ်သွားတဲ့ အဖြစ်အပျက်လေးပါ။ အဓိက အကြောင်းရင်းက ကောင်မလေးမှာ ကိုယ်ဝန်ရှိပြီး ကောင်လေးက တာဝန်မယူချင်လို့ ဖြစ်ကြတဲ့ ကိစ္စကြီးတစ်ခုပါ။ ကိုယ်တော်ချောက သူနဲ့ရတဲ့ ကိုယ်ဝန်ကိုလည်း တာဝန်မယူချင်တော့ ကောင်မလေးကို သတ်ပစ်ခဲ့တာလေ။ အင်မတန် ရက်စက်တဲ့၊ အသဲနှလုံးမရှိတဲ့၊ အောက်တန်းကျတဲ့ ယောင်္ကျားမျိုးတွေပဲ ဒါမျိုးလုပ်ကြမယ် ထင်တယ်။ ဒီနေ့ ဒီလို အင်မတန် တိုးတက်ခေတ်မီဖွံ့ဖြိုး (သူများဆီက စကားငှားသုံးသည်) နေတဲ့ခေတ်မျိုးမှာ ၀န်ထုပ် ၀န်ထည်ဖြစ်အောင် နေကြတဲ့ စုံတွဲမျိုးကိုလည်း အံ့သြပါရဲ့ (ပင့်ဂိုလ်းနော် ဘာမှ မသိဘူး.. သူများပြောတာ ကြားဖူးလို့ အဟီး)။

တစ်ကယ်တမ်းကြတော့ မိန်းကလေးတွေဘက်က အင်မတန်ကို နစ်နာပါတယ်။ ယောင်္ကျားအပေါင်း သူတော်ကောင်းများကတော့ ဆူးကျိုးစရာကိစ္စမှ မရှိပဲကိုးရှင့်။ တစ်ချို့မိန်းကလေးတွေ ပညာမတတ်လို့၊ ဗဟုသုတ နည်းပါးလို့ မိုက်ကြတယ်။ တစ်ချို့မိန်းကလေးတွေကျတော့လည်း သိသိကြီးနဲ့ကို မိုက်ကြတယ်။ ဒါပေမယ့် ဖြစ်လာရင်တော့ နှစ်ဦးစလုံးမှာ တာဝန်ရှိသလို နှစ်ဦးစလုံး တိုင်ပင်ဖြေရှင်းမှ ရမယ့်အဖြစ်မျိုးပါ။ လျစ်လျူရှုလိုက်တာကတော့ အင်မတန်ကို နှမချင်း မစာနာရာ ရောက်ပါတယ်။ တောရွာဒေသတွေမှာ ကိုယ်ဝန်ဖျက်ချလို့ သေကြတဲ့ မိန်းကလေးတွေ မနည်းပါဘူး။ ကျောင်းသူ ကျောင်းသားလေးတွေ စိတ်မထိန်းနိုင်ကြလို့ မှားခဲ့ပြီးမှ မရှုနိုင် မကယ်နိုင် ဇတ်လမ်းတွေလည်း ကြားရပေါင်း များလှပါပြီ။ ပညာတတ် စုံတွဲတွေ နေချင်သလို နေခဲ့ကြပြီးမှ အရှက်တကွဲ အကျိုးနည်းရတဲ့ သတင်းတွေဟာလည်း နေ့နဲ့အမျှကို ကြားနေရတဲ့ အရာတစ်ခု ဖြစ်နေပါပြီ။

အဲလိုဖြစ်လာခဲ့ရင် ကိုယ်ကျိုးနည်းရသူတွေကတော့ မိန်းကလေးတွေပါပဲ။ ပတ်ဝန်းကျင်ကလည်း ယောင်္ကျားများကို နောက်မှ အပြစ်ပြောကြပြီး မိန်းကလေးတွေကိုပဲ “တော်တော်ရွတယ်” ဆိုတဲ့ စကားနဲ့ အရင်ဆုံး နှိပ်ကွပ်တတ်ကြပါတယ်။ ဒီနေ့ ဒီအချိန်မှာ စုံတွဲတွေကြား အနေအထိုင်ပွင့်လင်းကြတာဟာ အရင်တုန်းကလောက် ပြောစရာ ကိစ္စကြီးတော့ မဟုတ်တော့ပေမယ့် နှစ်ဦးစလုံး ဆင်ခြင်ကြရင်တော့ အကောင်းဆုံးပေါ့ရှင်။ ယောင်္ကျားလေးများ ဘက်က တောင်းဆိုတယ် ဆိုပေမယ့် မိန်းကလေးများကလည်း မလိုက်လျောမိကြဖို့၊ လိုက်လျောမိကြရင်လည်း ပြသနာ မဖြစ်အောင် ကာကွယ်ကြဖို့က အရေးကြီးပါတယ်။ မဟုတ်လို့ဖြစ်လာရင် လက်ညှိုးထိုးခံရတာက မိန်းကလေးများကိုပဲ ဖြစ်ပါတယ်။

ကျွန်မ စဉ်းစားကြည့်တယ်.. မိန်းကလေးများ ကိုယ်ဝန်ဖျက်ချချင်ကြတဲ့ အကြောင်းရင်းက အလုပ်ပျက်မှာစိုးလို့၊ ကျောင်းပျက်မှာစိုးလို့ ဆိုတာမျိုးတွေထက် မိဘ ညီအစ်ကို မောင်နှမတွေရဲ့ ဂုဏ်သိက္ခာရယ်၊ ပတ်ဝန်းကျင်က ကဲ့ရဲ့ကြမယ့် စကားတွေကို မခံနိုင်လို့ရယ် ဆိုတဲ့အကြောင်းပြချက်က များပါလိမ့်မယ်။ ပတ်ဝန်းကျင်ဆိုတာ ဂရုမစိုက်ချင်ပေမယ့်လည်း ဂရုစိုက်နေရတဲ့ အရာကိုးရှင့်။ ဒီတော့ လောကထဲကို ရောက်ဖို့အခွင့်အရေး ရှိလျက်နဲ့ မရှိလိုက်ကြပဲ ဖြစ်တဲ့ ကလေးလေးတွေ များလာကြရတာပေါ့။ ကျွန်မပြောချင်တာ နည်းနည်းတော့ တိုင်ပတ်နေပြီ။ ကျွန်မ အတွေးက၊ ပြောချင်တာက အဲ့လိုဖြစ်လာရင် မိန်းကလေးရဲ့ ကိုယ်ထဲကို သတ္တိတွေထည့်ပေးလိုက်ရမှာ ဖြစ်တယ်။ လောကအလယ်မှာ မျက်နှာမငယ်အောင် ၀ိုင်းဝန်းဖေးမပေးကြစေချင်တယ်။ ဖြစ်ပြီးသား ကိစ္စကို အပြစ်တင်နေရင် အဖြေဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ကိုယ်ဝန်ဖျက်ချတယ်ဆိုတာလည်း လူသတ်မှုပဲလေ။ အကုသိုလ် အလုပ်ပါပဲ။ ဒီတော့ မိန်းကလေးတွေ ဒီကိစ္စမျိုး မကျူးလွန်မိကြစေဖို့ ပတ်ဝန်းကျင်ရဲ့၊ မိဘရဲ့၊ မိတ်ဆွေတွေရဲ့ အားပေးမှု ဆိုတာမျိုးက မရှိ မဖြစ်လိုအပ်တယ်။ ဘာဖြစ်လဲ.. ဒင်းမရှိလည်း ငါတစ်ယောက်ထဲ သတ္တိရှိရှိ ရင်ဆိုင်မယ် ဆိုတာမျိုးတွေ ကျွန်မက ဖြစ်စေချင်တယ်။ ဒါမှ ရှေးဘ၀က ကောင်းမှုကြောင့် လူဖြစ်ခွင့်ရတဲ့ သတ္တ၀ါကလေးတွေကိုလည်း ချီးမြှောက်ပေးရာ ရောက်မှာပေါ့။ ဒါ့အပြင် ဟို တာဝန်မယူချင်တဲ့ အမောင်ယောင်္ကျား သကောင့်သားကိုလည်း လှလှပပ လက်စားချေပြီးသား ဖြစ်တယ်လို့ ကျွန်မက ခံယူပါတယ်။ ကိုယ်ဝန်ဖျက်ချလို့ အသက်ဆုံးရှုံးကြတဲ့ rate လည်း နည်းသွားလိမ့်မယ်။

ဒီအကြောင်းတွေကို စာရေးဆရာတွေလည်း ဇတ်လမ်းအမျိုးမျိုးဆင်ပြီး ပညာပေးဆောင်းပါးတွေ ရေးကြတယ်။ PSI တို့လို NGO တွေကလည်း ကွင်းဆင်းပြီးတော့ကို ပညာတွေပေးကြတယ်။ သူများဆီမှာ သွားနားထောင်ရမှာ ရှက်တယ်ဆိုရင်တော့ ဖတ်စရာ စာအုပ်တွေလည်း တစ်ပုံတစ်ပင်ကြီး။ မိဘတွေကလည်း သားသမီးတွေကို ဘယ်လိုစာအုပ်မျိုး ဖတ်နေတာလဲလို့ ဆူပူကြိမ်းမောင်းဖို့ထက် ဖတ်သင့်ရင် ပေးဖတ်ကြရမယ်လို့ ကျွန်မ ထင်မိတယ်။ ကာယကံရှင်များကလည်း ရိုးရိုးပဲ ချစ်ကြရင်တော့ အကောင်းဆုံးပေါ့ရှင်။ ဆရာမ ဂျူး နောက်ဆုံးရေးတဲ့ “သူမင်းကို ဘယ်တော့မှ” ဆိုတဲ့ စာအုပ်ထဲမှာဆို ယောင်္ကျားလေးက တာဝန်မယူချင်လို့ ပစ်သွားတဲ့ ကိုယ်ဝန်ကို ရအောင်မွေးပြီး အဖေနဲ့တူတဲ့ ကလေးလေးကိုပြ၊ အဲ့ဒီယောင်္ကျားကို တရားရုံးမှာ တရားစွဲလို့ တရားနိုင်လိုက်တဲ့ မိန်းကလေးကို ကျွန်မ အရမ်းချီးကျူးပါတယ်။

ဖက်ပေါ်ဆူးကျလို့ ဆူးကျိုးတဲ့ ပြသနာမျိုး မရှိဘူးလို့လည်း ကျွန်မက မပြောပါဘူး။ ဒါပေမယ့် လက်ရှိမှာ ဆူးကျိုးတာထက် ဖက်ပေါက်တာက ပိုအရေးကြီးတာကိုးရှင့်။ ကိုကိုများကိုလည်း ပြောချင်ပါတယ်.. ထိန်းချုပ်ကြပါ၊ တာဝန်ယူကြပါ၊ ကိုယ်ချင်းစာကြပါလို့။ မမများကိုလည်း ပြောချင်ပါတယ် သိပ်မရက်ရောကြပါနဲ့လို့။

15 responses »

  1. ကွမ်းသီး ပြောဖူးတာ သတိရသေးတယ်။ ဖက်ပေါ်ဆူးကျ ဆူးကျိုး၊ ဆူးပေါ်ဖက်ကျ ဆူးကျိုး ဆိုတာလေ။ အဲဒီတော့ပစ်တွေက ဆွေးနွေးရတာ အရမ်း ကျယ်ပြန့်ပါတယ်။ အဲဒီတော့ မဆွေးနွေးတော့ ပါဘူး။

  2. ကျယ်ပြန့်ပါတယ်.. ပြောရတာ လူအမျိုးအမျိုး အတွေးအမျိုးမျိုးပါ…

  3. ဖတ်ရတာ စိတ်တောင် မကောင်းပါဘူး… ညိုနိုင်းပြီး..နာလည်မူရှိဖို့က အရေးကြီး ပါတယ်…

  4. “မမများကိုလည်း ပြောချင်ပါတယ် သိပ်မရက်ရောကြပါနဲ့လို့”…ဟ ဟ ဟ အေးရော။

  5. ပင့်ဂိုးလ်ရေးထားတာလေးကောင်းပါတယ်–
    အနောက်တိုင်းယဉ်ကျေးမှုကတော့ ( အမေရိကား ) မှာဆိုရင်–
    Single mother ဆိုပြီး ကလေးတွေ မွေးကြတယ်–အစိုးရက
    တာဝန်ယူပြီး ထောက်ပံ့ကြေးပေးတယ်–
    အဖေမရှိပဲခလေးမွေးသူတွေကိုလည်း မကဲ့ရဲ့ဘူး
    သူ့ယဉ်ကျေးမှုပေါ့လေ–
    အခုလိုအသက်ဆုံးရှုံးရတဲ့အထိအဖြစ်ဆိုးကတော့–
    ကြေကွဲစရာပါပဲ–

  6. Pinkgold ညီမ.. နေကောင်းလား၊ မလေးရဲ့ အဟောင်းတွေမွှေနှောက်သွားတာတွေ့လို့ အရမ်းသတိရလို့ ချက်ချင်းလိုက်လာတာ။ မတွေ့တာအရမ်းကြာနေကြပြီနော်..။

    ဒီပိုစ်လေးနဲ့ ပတ်သက်ပြီးတော့တော့ ဘာမှ မပြောတော့ပါဘူး ညီမရယ်… ။ ညီမပိုစ်ထဲက ယောင်္ကျားလေးလဲ ခုလောက်ဆို ငရဲကျသလိုခံစားနေရမှာပဲ။ ကလေးလေးတွေကို သနားတယ်။ မိန်းကလေးတွေကိုစာနာတယ်။ ယောက်ျားတွေကိုလဲ ကြိုးစားနားလည်ပေးပါတယ်….။
    ဒါပေမယ့် ….
    တစ်ကယ်လို့ ဘ၀လည်တာတွေဆိုတာရှိတယ်ဆိုရင်ပေါ့.. ဟိုလေ အာဖရိကတောနက်ထဲက ပင့်ကူမကြီးတွေက ပင့်ကူထီးတွေကိုလေ .. ……ပြီးတော့ စားပစ်လိုက်ရော..

    ဘ၀တွေသာ လည်ကြတယ်ဆိုရင် သူ့အလှည့်ကိုယ့်အလှည့်ဆိုတာ ကြောက်စရာကြီးနေမယ်နော်.. ကြောက်တတ်မယ်ဆိုရင်။

  7. မနှစ်က စာသင်ခန်းထဲမှာ ဂျန်ဒါအကြောင်း သင်ရင်းနဲ့…
    နှစ်ဦးသဘောတူ ဆက်စ်ကိစ္စမှာ ဖိုသတ္တဝါဘက်က တာဝန်ခွဲယူသင့်တယ်လို့ ဖိလစ်ပိုင် အပျိုကြီးမမက စောကဒတက်ပါတယ်။ သူဆိုလိုတာကတော့ အကာအကွယ် သုံးခြင်း စသဖြင့်ပေါ့…။ မိန်းကလေးဘက်ကချည်း အကုန် တာဝန်ယူ ထမ်းပိုးရတာ မတရားဘူး…စသဖြင့်နဲ့ ငြင်းကြပါရော။ သူတို့ကလည်း ကွန်ပလိန်းတွေ အများသားပဲ။ ဆရာမကလည်း အပျိုကြီး…။

    ဖိလစ်ဆိုတဲ့မောင်ရင်က စိတ်မရှည်တော့ဘူး။ ဒီတော့ သူက နိဂုံးချုပ် ပြောတယ်။
    ‘ဒါဖြင့်ရင်လည်း..’ တဲ့…
    အကုန်က စိတ်ဝင်စားနေတာပေါ့လေ။
    ‘ဓားနဲ့သာ ဖြတ်ထားလိုက်ကြတော့’…တဲ့။

    ကိုင်း

  8. မမတို့ရယ်…
    ဆူးထိုးရာ..လက်ဝင် မလျှိုပါနဲ့လား…

    ဆူးမကျိုးတဲ့ ဘူးမျိုးတွေအတွက်
    ဖက်ပေါလို့ ရက်ရောသူတွေက
    (အမြဲ) ရှိနေမှာပဲဟာကို

  9. အခုခေတ်က ဖက်နဲ့ဆူးခေတ်မဟုတ်တော့ဘူးဗျ ၊ ကြက်ဥ နဲ့ ကျောက်ပြင်ခေတ်

    ကြက်ဥပေါ်ကျောက်ပြင်ကျလည်းကြက်ဥကွဲတာပဲ ၊

    ကျောက်ပြင်ပေါ်ကြက်ဥကျလည်းကြက်ဥပဲကွဲတာပဲ။😀

  10. ဟုတ် သလိုလိုပါ …………….အသက်ဆုံတဲ.အထိတောမကောင်းဘူးပေါ.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s