Last Day of Thingyan

Standard

မနက်အိပ်ရာကနိုးတော့ စစချင်း သတိပြုမိတာက ဆာလောင်မှုဖြစ်သည်။ ဟုတ်တာပေါ့ မနေ့က ဥပုသ်စောင့်ထားလို့ ညနေစာ မစားရတော့ ဒီနေ့မနက်မှာ ကျွန်မ အတော်လေးကို ဗိုက်ဆာနေတော့တာပေါ့။ သွားတိုက် မျက်နှာသစ်ပြီး တစ်ခုခုစားမယ်ဆိုတဲ့ စိတ်ကူးနဲ့ အိပ်ရာက ထလိုက်တော့ ခေါင်းထဲက မိုက်ခနဲဖြစ်သွား၍ ပြန်လှဲနေလိုက်ရသေးသည်။ ကျွန်မက ဒီလိုပါပဲ။ နဂိုကတည်းက ကိုယ်ခံအား သိပ်မကောင်းတော့ တစ်ခုခုဖြစ်ဆိုလျှင် သူများထက်ပိုလို့ ဒဏ်ခံရတတ်သည်။ ခုလည်းကြည့်လေ.. ညနေစာလေး တစ်နပ်မစားတာနဲ့ ခေါင်းမူးသလိုလိုဖြစ်ချင်နေပြီ။ ဒီအတိုင်းဆိုရင်တော့ ကျွန်မများ သီလရှင် ရာသက်ပန်ဝတ်လိုက်ရင် ဘယ်လိုများနေလိမ့်မလဲ ဆိုပြီး တွေးလိုက်မိသေးသည်။ မဖြစ်သေးပါဘူးလေ.. ဒီလိုပျော့နေပုံထောက်လို့ကတော့ မိဝေး ဖဝေးမှာ ကျွန်မတစ်ယောက်တည်း ဒီအတိုင်းသာ ဆက်နေလို့ တစ်ခုခုအသည်းအသန်ဖြစ်ရင် ခက်ချေပြီလို့ တွေးပြီး အစာများများစားဖို့ လေ့ကျင့်ပေးရမည်။ အိပ်ရာထာခဲ ခဏလေး ထပ်မှိန်းနေပြီး အားယူထလိုက်သည်။

လမ်းထိပ်က ဒီဂျေဖွင့်သံကြားရသည်။ မနက်စောစော ခုနစ်နာရီဆိုပေမယ့် အရင်ရက်တွေနဲ့ မတူ အော် ဟစ် ဆူ ညံ သံတွေက ပတ်ဝန်းကျင်ကို လွှမ်းနေသည်။ အင်း ဒီနေ့ သင်္ကြန် နောက်ဆုံးရက်ဆိုတော့ ကဲမယ့်သူတွေ အပီကဲမယ့်နေ့ပဲလေ။ ဒီလောက်တော့ ဖြစ်မှာပေါ့။ သင်္ကြန်တွင်းကို အရင်နေ့များကလို မီးအကြာကြီး မပြတ်တာတစ်ခုတော့ ကျေးဇူးတင်စရာ ကောင်းပါသည်။ သွားတိုက် မျက်နှာသစ်ပြီး ကော်ဖီဖျော်တော့ တစ်ယောက်ယောက်ကို သတိရသလို၊ လွမ်းသလိုလို ခံစားလိုက်ရသေးသည်။ အာ.. ကော်ဖီနဲ့ လွမ်းတာ ဘာဆိုင်လို့တုန်း။ မနက်စာစားနေတုန်း ၀ရံတာ ထွက်ရပ်တော့ သင်္ကြန်ကားမျိုးစုံ လမ်းမထက်မှာ ဥဒဟို သွားလာ နေကြလေရဲ့။ အော်သူကအော်၊ သီချင်းဆိုသူကဆို၊ ကသူကကနဲ့ သူတို့တွေ သင်္ကြန် နောက်ဆုံးရက်ကို အပီကဲကြပေရော့မည်။

ဒီနေ့တော့ ကျွန်မ ဥပုသ် မစောင့်တော့ပါဘူးလေ။ သူငယ်ချင်းတွေကို ဖုန်းဆက်ကြည့်လျှင်တော့ ကောင်းမည်။ သူတို့တွေ ဘယ်တွေများ သွားနေကြမလဲ.. ကျွန်မကို သတိရနေလေမလား။ မဏ္ဍပ်ထိုင်မည့် သူငယ်ချင်းတွေကတော့ ခုချိန်လောက်ဆို အလှပြင်နေကြရောပေါ့။ ကော်ဖီသောက် မုန့်စားပြီးတော့ ကျွန်မ ထမင်းချက်ဖို့ လုပ်ရသည်။ မီးက အစိုးရတာ မဟုတ်.. နေ့လည်စာရော ညစာပါ တစ်ခါတည်းပေါင်းချက်လိုက်တော့ အေးတာပါပဲလေလို့ တွေးမိပြီး ကျွန်မ မီးဖိုချောင်ဝင်သည်။ အာလူးရယ် ငါးခြောက်ရယ်ကိုချက်၊ ထမင်းကို ပေါင်းအိုးနဲ့ ပေါင်းထားလိုက်သည်။ ဒီနေ့ လမ်းထဲမှာလည်း ခါတိုင်းထက် ပိုပြီး စည်ကားနေပါသည်။ ကြာဆံကြော် စတုဒီသာ ကျွေးမည့် အဖွဲ့၊ မုန့်လုံးရေပေါ် လုံသည့်အဖွဲ့တွေကလည်း စည်ကားလို့။ လမ်းထဲက ကာလသား တစ်သိုက်ကတော့ လမ်းထိပ်မှာ ရေတိုင်ကီတွေ အသင့်ပြင်ပြီး လမ်းသွား လမ်းလာတွေကို ရေလောင်းဖို့ ပြင်ဆင်လို့။ အားလုံးကတော့ သူ့ဟာနဲ့သူ ပျော်နေကြတာ ချည်းပါပဲလေ။

ကျွန်မအဖို့တော့ သင်္ကြန်နောက်ဆုံးရက်သည် အီလည်လည်ကြီး ဖြစ်နေလေတော့သည်။ နေ့လည်စာအတွက် ထမင်းဟင်းချက်ပြီးတော့ မနက် ၁၀ နာရီကျော်ပြီ။ သူငယ်ချင်းတွေကို ဖုန်းခေါ်ကြည့်ရမည်.. သူတို့ တစ်ခုခုသွားရင်တော့ ကျွန်မလည်း လိုက်သွားချင် လိုက်သွားနိုင်တာပဲ။ အမ တစ်ယောက်ကို ဖုန်းဆက်တော့ အ၀တ်လျှော်နေသည်တဲ့။ သူ့အိမ်က တစ်အိမ်လုံး ဒီနေ့လည်မယ်ဆိုတော့ သူက အိမ်မှာ နေခဲ့ရမယ်တဲ့လေ။ နောက် သူငယ်ချင်း တစ်ယောက်ရဲ့ ဖုန်းကတော့ ဆက်မရ။ အကို တစ်ယောက်ကိုဖုန်းဆက်တော့ ညီမလေးရယ် အကိုက အစ နှစ်ရက်က လည်တာ.. လှည်းတန်းကိုလည်း နေ့တိုင်းရောက်တယ်.. ညီမလေးကိုလည်း ၀င်ခေါ်ဖို့ သတိရတယ်.. အိမ်ကိုလည်းမသိဘူး.. ဖုန်းဆက်တော့လည်း မရဘူး။ ဒီနေ့တော့ ကားကို အဖေယူသွားတယ်တဲ့။ အင်း ထားလိုက်ပါတော့လေ.. အရင်နေ့တွေလိုပဲ အိမ်မှာ စာကျက်လိုက် ၀တ္ထုဖတ်လိုက် အချိန်ကုန်ရပေအုံးမှာပေါ့။

စာကျက်ဖို့ စာအုပ်ကိုင်တော့ အိမ်ဘေးက သီချင်းသံ၊ လမ်းထိပ်က ဒီဂျေသံတွေကြောင့် အာရုံစူးစိုက်လို့ မရ။ ကြိုးစားပြီး စိတ်နှစ်လိုက်တော့ နည်းနည်းစိတ်ဝင်စားလို့ရသွားသည်။ ခဏကြာတော့ လမ်းထဲကောင်လေးတွေ အိမ်ပေါက်စေ့ ကြာဆံကြော်တွေ လိုက်ဝေသည်။ ကျွန်မတို့အိမ်ကိုလည်း လာပေးသောကြောင့် ကျေးဇူးတင်ရသေးသည်။ ကြာဆံကြော်ကို ထမင်းနဲ့ နေ့လည်စာစားပြီးတော့ စာကျက်ရင်းနဲ့ နေ့လည်ခင်းကို အချိန်ဖြုန်းရသည်။ နည်းနည်းလောက်ကြာတေ့ ပျင်းပျင်းရှိသည်နဲ့ ၀ရံတာကို ထွက်ရပ်ကြည့်သည်။ ရာသီဥတုကလည်း အရင်နေ့တွေတုန်းက မိုးရွာခဲ့သလောက် ဒီနေ့ကျမှ အတော်လေးကို ပူနေသည်။ လမ်းပေါ်မှာ အော်ဟစ်ရင်း သွားနေကြသည့် သင်္ကြန်ကားများကိုကြည့်ကာ နေပူပူမှာ ဒီလိုအော်နေတာ ငရဲကျနေတာနဲ့ တူနေသလားဟု တွေးမိသေးတော့သည်။ အင်း သူတို့များ သိသွားရင်တော့ ငါ့ကို သူမလည်ရလို့ ဒီလိုပြောတယ်လို့များ စွပ်စွဲနေအုံးမလား မသိ။

ညနေစောင်းတော့ မိုးရိပ်မိုးသားတွေ တက်လာသည်။ ရုတ်တရက် မနေ့က အင်တာနက်တွင် ဖတ်ခဲ့သော မုန်တိုင်း သတိပေးချက်များကို သတိရမိသည်။ ဘုရားရေ မုန်တိုင်းတိုက်လို့ ရခိုင်ပြည်ကို ၀င်မွှေရင်တော့ ဒုက္ခပဲဆိုပြီး အိမ်ကိုလည်း လှမ်းစိတ်ပူမိသေးသည်။ မဖြစ်သေးပါဘူးလေ… အိမ်ကိုတော့ အကြောင်းကြားအုံးမှပဲ.. မနှစ်တုန်းကလည်း ဒီလိုပဲ မထင်မှတ်ပဲ နာဂစ်ဝင်မွှေသွားခဲ့တာ မဟုတ်လား။ ရာသီဥတုက ပူလိုက် မိုးအုံ့လိုက်ဖြင့် အတော်လေးတော့ မနှစ်မြို့စရာ ကောင်းလှ သေးတော့သည်။

သင်္ကြန်ကားများကတော့ မုန်တိုင်းကိုလည်း စိတ်ပူကြပုံ မရပါဘူး။ အင်း ဒီနေ့ဟာ နှစ် တစ်နှစ်ရဲ့ နောက်ဆုံး နေ့ရက်ပဲ။ မနက်ဖြန်ဆို နှစ်ကူးပေတော့မည်။ ဒီလိုနဲ့ အသက်တစ်နှစ်ကြီးသွားမည်။ သေမယ့်အချိန်လည်း တစ်နှစ်နီးလာပေတော့မည်။ ကျွန်မ ဘာတွေများ လုပ်ခဲ့ပါလိမ့်။ ဒီလိုများ သေသွားခဲ့ရင် ကျွန်မဟာ ဆန်ကုန် မြေလေးခဲ့ရုံကလွဲလို့ ဘာမှ အကျိုးမရှိ ဖြစ်ခဲ့မှာပါလားဟု အတွေးဝင်ကာ လက်ရှိထက် ပိုကြိုးစားဖို့ နှလုံးသွင်းရသည်။

တစ်ဖြည်းဖြည်းနေညိုလာသည်။ ပတ်ဝန်းကျင်ကို အမှောင်ထုက စိုးမိုးလာသည်။ သင်္ကြန်ကားများလည်း အိမ်ပြန်ချိန် ရောက်ပြီ။ လမ်းထိပ်က ကာလသားအဖွဲ့ကတော့ သောင်းကျန်း၍ ကောင်းတုန်း။ ပျော်သူတွေလည်း ပျော်ခဲ့ပြီးကြပြီ။ ကဲသူများလည်း ကဲခဲ့ပြီးကြပြီ။ လွမ်းသူများလည်း ရှိပေရော့မည်။ ဒီလိုနဲ့ပဲ သင်္ကြန်သုံးရက်တာကာလသည် ကုန်ဆုံးလွန်မြောက် သွားခဲ့လေပြီ။

4 responses »

  1. ကော်ဖီနဲ့ လွမ်းတာ ဘာဆိုင်လို့တုန်း ဆိုတော့ ဆိုင်တာပဲဟ။ လွမ်းတာက အဲဒီလိုပဲ ကောက်ကာငင်ကာ လွမ်းတတ်တယ်လေ။

  2. သင်္ကြန်မလည်တာချင်းတူလို့ သဘောတွေကျပြီး ဖတ်သွားပါတယ် ပင့်ဂိုးလ်ရေ။ ရိုးရှင်းတာလေးတွေကိုပဲ စိတ်ဝင်စားစရာကောင်းအောင် ရေးသွားတာ ဖတ်လို့တကယ်ကောင်းပါတယ်။ စကားမစပ် ဘလော့ကို လာလည်သွားတာကိုလည်း ကျေးဇူးတင် ဝမ်းသာမိပါတယ်း)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s