Love I Understand!

Standard

အချစ်ဆိုသောအရာကို ကျွန်မလုံးဝကြီး နားလည်လိုက်သောအချိန်တွင် ကျွန်မ၏ နှလုံးသားများသည် နာကျင်မှုကြောင့် တစ်ဆတ်ဆတ်တုန်လျက်ရှိသည်။ ကျွန်မသည် ယောင်္ကျားတစ်ယောက်ကို ပုံ၍ ချစ်ခဲ့သော်လည်း ကျွန်မ၏ ခံစားချက်များကို အလေးမထားတတ်သော ယောင်္ကျားတစ်ယောက်ကိုသာ ချစ်ခဲ့ခြင်းဖြစ်သည်။ ထိုယောင်္ကျား၏ ပျော်ရွှင်ခြင်း ၀မ်းနည်းများကို မျှဝေခံစားရန် ကြိုးစားနေဆဲမှာပင် ကျဆုံးသွားခဲ့ရသော သူတစ်ယောက်ဖြစ်သည်။ ကျွန်မနားလည်ထားသော ချစ်သူကို ပိုမိုပေးဆပ်ဖို့ အရှိန်နောက်တစ်ဆင့် မြင့်လိုက်စဉ်မှာ လဲပြိုကျသွားခဲ့ရသော သူတစ်ယောက်ဖြစ်သည်။  ချစ်သူအား ကျွန်မ၏ ချစ်ခြင်းများဖြင့် တုပ်နှောင်ခြင်းကို မခံစေလိုသော စေတနာကြောင့် ကျွန်မအပေါ်တွင်ထားသော သူ၏ စိတ်ဓါတ်မှန်ကို သိရှိစေခြင်းငှာ လှည့်ကွက်တစ်ခုထွင်လိုက်ရာမှ ကိုယ့်ဇတ်ကိုယ် မနိုင်ဖြစ်သွားရသော အချစ်ဇတ်ဆရာ တစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့ ကျရှုံးမှုများဖြင့် နပန်းလုံးခဲ့ရသော်လည်း ရည်းစားသက်တမ်းတစ်လျှောက် ကျွန်မကိုယ်တိုင် မှန်းဆ၍ မရခဲ့သော ချစ်သူ၏ စိတ်များကို လုံးဝ သိရှိနားလည်လိုက်ခြင်းသည် ကျွန်မအတွက် အရှုံးထဲမှ အမြတ်တစ်ခုဖြစ်ပါသည်။ တစ်ကယ်တော့ ကျွန်မသည် ကိုယ့်အတ္တ၊ မာနနှင့် အနိုင်ရလိုမှုများအတွက် အတွက် အရာရာကို တိုက်ခိုက်တတ်သော ယောင်္ကျားတစ်ယောက်ကိုသာ ချစ်ခဲ့မိခြင်းဖြစ်သည်။

ပကတိရိုးသာ၍ လှည့်ကွက်မများသော ပတ်ဝန်းကျင်တွင် ရိုးရှင်းသောသူများနှင့်သာ ဆက်ဆံခဲ့ရသော ကျွန်မသည် သဘာဝတရား၏ ပြောင်းလဲမှုများ လှည့်ကွက်များကို မသိရှိ နားမလည်ခဲ့ရိုး အမှန်ပါ။ ကျွန်မကြုံတွေ့ခဲ့ရသည့် အကွေ့အကောက်များဆိုသည်မှာလည်း အလုပ်နှင့်ပတ်သက်သော အတက် အကျများသာဖြစ်သည်။ အသက် နှစ်ဆယ့်ငါ့းနှစ်တိုင်အောင် အချစ်ဆိုသောအရာကို မကြုံဖူးခဲ့သော ကျွန်မသည် ဘ၀၏ သုံးပုံတစ်ပုံ အစိတ်အပိုင်းကို ရောက်ကာမှ ချစ်မိခဲ့ခြင်းကြောင့် အချစ်နှင့်ပတ်သက်သော လှည့်ကွက်များကိုလည်း ကြိုမတွေး၊ ကြိုမမြင်နိုင်ခဲ့ပါ။ အချစ်ဆိုတာ ချစ်နေရုံမျှဖြင့် ပြီးမနေကြောင်းကို အသိနောက်ကျခဲ့သူ တစ်ယောက်လည်းဖြစ်သည်။ ယောင်္ကျားများ၏ လွတ်လပ်စွာနေလိုသော သဘာဝကို အတိုင်းအတာ တစ်ခုထိသာ နားလည်ခဲ့ပြီး Limit ကျော်နေခြင်းကို ခွင့်လွတ်ဖို့ကိစ္စတစ်ခုအဖြစ် မတွေးတောမိခဲ့သော သူတစ်ယောက်လည်း ဖြစ်သည်။ ချစ်သူ၏ အတိတ်မှ အပြစ်များအားလုံး (တစ်ကယ်တော့ သူက အပြစ်ဟု မယူဆထသောအရာများလည်း ဖြစ်နိုင်သည်) ကို ခွင့်လွတ်နိုင်ခဲ့သော်လည်း လက်ရှိ ကျွန်မနှင့် ချစ်နေစဉ်တွင် အတိမ်းအစောင်းလေး တစ်ချက်ကိုတောင် အသဲပွင့်မတတ် ခံစားခဲ့ရသော သူတစ်ယောက်ဖြစ်သည်။ အဝေးရောက်ချစ်သူနှင့် မဆုံနိုင်ခင်စပ်ကြားလေးတွင် လွတ်လပ်စွာနေလိုသော ယောင်္ကျားတစ်ယောက်၏ သဘောသဘာဝကို လျစ်လျူမရှုနိုင်ခဲ့သော သူတစ်ယောက်လည်း ဖြစ်သည်။ ခေတ်မီလွန်းနေသော ယောင်္ကျားတစ်ယောက်ကို အမီလိုက်ကာ နားမလည်နိုင်ခဲ့သော မိန်းမတစ်ယောက်လည်း ဖြစ်သည်။ သို့သော် ကျွန်မသည် ချစ်သူ၏ ချစ်တမ်းကစားပွဲမှ သားကောင်တစ်ကောင်လည်း ဖြစ်နေနိုင်ခဲ့ပါသည်။

သူသည် ကျွန်မကို ချစ်ချင်လည်း ချစ်ခဲ့ပါလိမ့်မည်။ သဘောကျရုံသက်သက်လည်း ဖြစ်နေနိုင်ခဲ့ပါသည်။ ယောင်္ကျားတော်တော်များများသည် ထက်မြက်သောမိန်းမများကို သဘောကျတတ်ကြသော်လည်း တစ်ကယ်တမ်း သူတို့လိုချင်သည်မှာ သူတို့ပြောသမျှ ခေါင်းညိတ်တတ်သော၊ ပြောသမျှယုံတတ်သော၊ သူတို့နောက်ကိုလိုက်ကာ သူတို့လုပ်သမျှ လိုက်မစုံစမ်းတတ်သော ခပ်အေးအေးမိန်းမများကိုသာ ဖြစ်သည်။ ထိုအဖြစ်သည် ယောင်္ကျားတိုင်းအတွက် ဟုတ်ချင်မှ ဟုတ်မည်ဖြစ်သော်လည်း တော်သောယောင်္ကျား တော်တော်များများသည် ထိုကဲ့သို့ စိတ်ထားများ ရှိနေတတ်ကြပါသည်။ ကျွန်မကိုယ်ကျွန်မ တစ်ခြားယောင်္ကျားများနှင့် အကင်းရှင်းဆုံး နေထိုင်ခဲ့သော်လည်း ချစ်သူကိုလည်း ကိုယ့်လိုကင်းရှင်းစေချင်ခဲ့သော စိတ်ကြောင့် ကျွန်မ အသဲများ ကြေမွခဲ့ရခြင်း ဖြစ်သည်။ ယောင်္ကျားဆိုတာ တစ်ခါ တစ်လေ လွှတ်ထားရတယ် ဆိုသော စကားများကို လစ်လျူရှုခဲ့ခြင်းကြောင့် ရင်ဘတ်ကြီးတစ်ခုလုံး စူးရှနာကျင်ရသည့် အဖြစ်မျိုးကို ကြုံခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ကျွန်မသည် ချစ်သူကို ကျွန်မ၏ စကားများနှင့် စိတ်မညစ်စေချင်ခဲ့သောကြောင့် တစ်ကယ်မဟုတ်သော အကြောင်းပြချက်တစ်ခုဖြင့် ကိုယ့်ကိုကိုယ် နာကျင်စေမည့်လမ်းကို ရွေးချယ်လိုက်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် အချစ်ကြီးသော်လည်း မချစ်တတ်သည့် ကိုယ့်ကိုကိုယ် ဒဏ်ခတ်လိုက်ခဲ့ခြင်းသာဖြစ်သည်။

ချစ်သူသည် ကျွန်မကို ချစ်တတ်အောင် သင်ကြားပေးခဲ့သော ကျွန်မ၏ အချစ်လက်ဦးဆရာ ဖြစ်သည်။

ချစ်သူသည် အလွမ်းများကြောင့် ရီဝေနေသော ကျွန်မ၏ မျက်ဝန်းများကို ငေးမကြည့်ဖူးသူ ဖြစ်သည်။

ချစ်သူသည် ခံစားချက်များကြောင့် ဆတ်ဆတ်တုန်နေသော ကျွန်မ၏ နုတ်ခမ်းနှင့် မျက်ရည်လဲ့နေသော မျက်လုံးများကို မမြင်ဖူးသူဖြစ်သည်။

ချစ်သူသည် ကျွန်မထက် တစ်ခြားအရာများကို ဦးစားပေးချစ်ခဲ့သော ယောင်္ကျားတစ်ယောက် ဖြစ်သည်။

ချစ်သူသည် ကျွန်မ၏ စိုးရိမ်ပူပန်မှုများကို နားမလည်ခဲ့သော သူတစ်ယောက်ဖြစ်သည်။

သို့သော်လည်း ချစ်သူသည် ကျွန်မ အချစ်များကို တစ်ဘ၀စာလုံးအတွက် သိမ်းပိုက်သွားခဲ့သူ တစ်ယောက်သာ ဖြစ်ပါတော့သည်။

ကျွန်မသည် အတွေ့အထိမပါသော အငွေ့ချစ် သက်သက်ဖြင့် ကျွန်မချစ်သူကို ရှိသမျှ ပုံချစ်ခဲ့သော မိန်းမတစ်ယောက်သာ ဖြစ်ပေတော့သည်။

24 responses »

  1. (၁) ခေတ်မီတယ်ဆိုတာ ခုခေတ်မှာ ယောက်ျားနဲ့ မိန်းမ တန်းတူ အခွင့်အရေး ခံစားတာ ကိုယ်ချင်းစာတာ တယောက်နဲ့တယောက် အပြန်အလှန် လေးစား နားလည်တာ… ဒါကမှ တကယ့် မှန်ကန်သော ခေတ်မီမှု။ လွန်ခဲ့တဲ့ နှစ် ၅၀၀၀ လောက်ကသာ မိန်းမဆိုတာ ယောက်ျားတွေအတွက် အသုံးချခံ ပစ္စည်းလို သဘောထားနေတာ

    တချို့ လူစားတွေက သူတို့ စည်းလွတ်ဝါးလွတ်နေချင်တာကို ခွင့်လွှတ်ချစ်နဲ့ ချစ်နိုင်ရမယ် ဘာညာနဲ့ လူပါးဝတာ.. ဒါဟာ ခေတ်မီလွန်းနေတာ မဟုတ်ဘူး ကိုယ်ကျင့်တရားနဲ့ ကိုယ်ချင်းစာမှု တရားတွေ မွဲတေ စုတ်ပြတ်နေတာ

    (၂) တော်တဲ့ ယောက်ျားတွေက လက်ညှိုးထောင် ခေါင်းငြိမ့် ခပ်အေးအေး မိန်းမတွေကို သဘောကျတယ် ဆိုတာလဲ မဟုတ်ပြန်ဘူး တကယ်က အတ္တကြီးလွန်းတဲ့ ယောက်ျားတွေက ခပ်အေးအေး မိန်းမတွေကို သဘောကျတာ..

    အမရဲ့ ခံယူချက်တွေကို ပြောတာပါ.. ဒီနေရာလေးတွေ ထက်ရေးတာနဲ့ သဘောချင်း မတိုက်ဆိုင်လို့လေ

  2. အချစ်တွက် ကံမကောင်းခဲ့သူပါ.. မေ့ပျောက်ဖို့ကြိုးစားလည်းကွာ ဘယ်လိုမှ ငါမေ့မရပါ.. အွန်လိုင်းတက်လည်း မပြောချင်ဘူးလား မင်းအတွက် ငါအရှုပ်ထုတ်လား… အဲ့လို မျိုးတော့ အဖြစ်မခံနဲ့ မပင့်.. ဒါက ဘာရယ်မဟုတ် သီချင်းဆိုပြတာ.. ဟိဟိး ကောင်းကောင်းနေ…

    သူတော်လိမ်….

  3. ရေးထားတာ ကောင်းတယ်။ သာမန်စကားလုံတေါနဲ့ ရင်ထိအောင် ရေးထားတာ။ သိပ်လည်း မခံစားနဲ့။ ခံစားရင် ရှုံးတယ်။ အချစ်မှာ အနိုင်၊ အရှုံးမရှိဘူးဆိုတာ လျှောက်ပြောတာ။ အမြဲတမ်း ရှိတယ်။

    • မခံစားပါဘူး အကိုရာ… အဖြစ်သဘောလေး တစ်ခုလောက် ရေးကြည့်တာ.. လူအထင်ကြီးခံရလည်း နည်းလား.. အဟိ

  4. ကောင်းပါတယ် အက်ဆေးလေး။

    ခွန်မြလှိုင်ကို ပြောချင်တာက ကိုယ်အိမ်ထောင်ကျရုံလေးနဲ့ ဘွားတော်ကြီးလို လိုက်သြဝါဒပေးတာတော့ သိပ်ကြည့်မရပါ။

    ကိုယ်ကရော ဘယ်လောက် လိမ်မာခဲ့ပြီလဲ။

    မိခင်ကောင်းဖြစ်ဖို့ သမီးကောင်းရော ဖြစ်ပြီးပြီလား။

    အပြောကတော့ ရွှေမန်းကျအောင် လူတိုင်း ပြောနိုင်ပါတယ်။

    သူများခံစားချက်နဲ့ရေးတာ သူ့ခံစားချက်ပါပဲ။ လွတ်လပ်စွာ ကွဲလွဲလို့ရတာပဲ။

    ဒီနိုင်

  5. ညီမလေးရေ…..စကားတခွန်း အတွက် ကျနော် လေးလေး နက် နက် တောင်း ပန် လိုက် ပါတယ်၊ ကိုယ် ပိုင်ရေး ထား တဲ့ အတွေး ကို ဘာ သာပြန် လိုံ့ပြော မိတာ ဟာ အစော်ကား ခံရ တဲ့ ကိစ္စပါ ၊ ဒီတော့ ကျနော် တောင်း ပန် ရ မှာ ၀န် မလေး ဘူး ၊ စကား မှား သွားပြီဆိုတာ ကို သိတာ နဲက ကျနော် တော် တော် လေး စိတ် ထိခိုက် ရ ပါ တယ်၊ ဘယ် လိုရည် ရွယ် ချက် မျိုး အထူး သဖြင့် နာ ကျင် စေ ချင်တဲ့ ဆန္ဒ မြူ လောက် တောင် မှ မရှိ ခဲ့ ပါ ဘူးဆို တာ ကို ပြော ရင်း စကကား အမှား အတွက်း လေးလေး နက် နက် တောင်း ပန် ပါတယ် ဗျာ….
    ဥပသကာ

  6. အင်း ဒီထက် ပိုပြီးလေးနက်တဲ့ စကားလုံးလေးတွေနဲ့ဆို ဒီအက်ဆေးလေးက ပိုအသက်ဝင်မှာပဲ… နောက်တစ်ခုက တစ်ဦးတစ်ယောက်တည်းအတွက် ရေးသားထားတဲ့ စာမျိုးထက် နှလုံးသားရယ် ခံစားမှုရယ်ပေါင်းပြီး အနုပညာတစ်ပုဒ်ပဲဖြစ်စေချင်တယ် မမရယ်.. ဘာပဲဖြစ်ဖြစ် နှစ်သက်မိပါတယ်….

  7. မလိုပါဘူး အကိုရယ်… ခေါင်းစဉ်ကို အင်္ဂလိပ်လိုရေးထားတော့ ဘာသာပြန်လို့ ထင်ချင်လည်း ထင်စရာပါပဲ။ မောင်နှမ အချင်းချင်းပဲ အကိုရယ်.. ရပါတယ်ရှင်

  8. မိုက်တယ်ကွာ
    လန်းလွန်းပါတယ် ပင့်ကူရာ….
    ကျွန်မသည် အတွေ့အထိမပါသော အငွေ့ချစ် သက်သက်ဖြင့် ကျွန်မချစ်သူကို ရှိသမျှ ပုံချစ်ခဲ့သော မိန်းမတစ်ယောက်သာ ဖြစ်ပေတော့သည်။
    သိပ်မှန်တာပဲ ..အရမ်းကောင်းတယ် နှုတ်ခမ်းလေးတွေတုန်လှုပ်ပီး မျက်ရည်တွေလဲ့နေတဲ့ မျက်ဝန်းတစ်စုံကိုအနော် တွေ့လိုက်တယ်လေ..:P
    သိပ်မခံစားပါနဲ့ပင့်ကူရာ………ပေးလိုက်တဲ့အချစ်တွေနဲ့အတူ
    ခံစားချက်တွေပါ ထပ်ပေးရရင် မင်းရင်ဘတ်ကြီးတစ်ခုလုံး ဘာမှကျန်တော့မှာမဟုတ်ဘူး
    ဘ၀က ဒါလေးနဲ့တင်ပီးမသွားဘူး ကျန်သေးတယ်ဆက်လျှောက်ဖို့
    အဲအတွက် ချန်ထားပေးအုံး ခံစားတာကို အားကုန်မခံစားပစ်နဲ့ ခံစားစ၇ာတွေကျန်သေးတယ်
    ပီးသွားတာကို မေ့ပစ်လိုက်…အသစ်သစ်သော ခံစားမှုတွေအတွက် ရင်ဆိုင်ဖို့ ကြိုးစား..ဒါသင်ခန်းစာလို့မှတ်လိုက်..
    လုံး၀၀မ်းမနည်းနဲ့…. ဘ၀မှာအချစ်ဆိုတာအစိတ်အပိုင်းပဲ လို့ပြောကြတယ် အဲဒီအစိတ်အပိုင်းဖြစ်တဲ့အချစ်အတွက် စိတ်တစ်ခုလို မနာကျင်စေပါနဲ့ကွာ…ခံစားရတာကို နားလည်ပါတယ်..။ ကြိုးစားမေ့ပျောက်လိုက်ပါ..။

  9. ကျွန်မရဲ့ အရေးအသားကနေတစ်ဆင့် ကျွန်မ ရင်ဘတ်ထဲကို မြင်နိုင်ကြတယ်ဆိုလို့ ၀မ်းသာရပါတယ်ရှင်

  10. ရေးထားတာကောင်းပါတယ်..အချစ်ဆိုတာပူဆွေးဝမ်းနည်းမှု.နာကျင်မှုမရှိပဲနဲ့..အချစ်မဖြစ်နိုင်ဘူးထင်တယ်နော်..အရမ်းချစ်ရင်
    အရမ်းခံစားရပါတယ်..ဒါကြောင့် “သူချစ် “ကိုရှာတာအကောင်းဆုံးထင်ပါရဲ့…:P

  11. Strike ကလည်း အပေါ်ကတစ်ယောက်ပြောတာ ဟုတ်တယ်ဆိုတာချည်းပဲ.. သူ့အပေါ်မှာလည်း ပြောထားတဲ့သူ အများကြီးကို ဟွန်း နော်

  12. အင်း မပင့်တစ်ယောက်လဲ သနားစရာပါလား။

    တစ်ရာနဲ့သာဖြေပါအမရယ်။ အချိန်ကြာလာရင်အတိုးတွေတက်…အဲ
    တရားနဲ့သာဖြေပါအမရယ်။ အချိန်ကြာလာရင် မေ့သွားမှာပါ။
    ပြောသာပြောရတာ ကျွန်တော်တော့ အခုထိ မမေ့သေးဘူး…

  13. ဟုတ်ပါ့.. အတော်များများက ကိုယ်ပြောတာခေါင်းငြိမ့်တဲ့ မိန်းမပဲ လိုချင်တတ်ကြတယ်။ ချစ်သူရ ကံကောင်းပါစေဗျာ။

  14. ပင့်ကူမရေ နင်ရေးထားတာ ရင်ထဲထိတယ်ကွာ ငါကအဲ့လိုမျိုးရေးမတတ်လို့ ရေးတတ်လို့ကတော့လေ ကဗျာလှလှလေးတွေထွက်လာမှာ ဟိးးးးးးး

    • ပြန်ရေးလိုက်စမ်း… ပြန်ရေးလိုက်စမ်း..🙂

  15. အငွေ့သက်သက်လေးနဲ့တဲ့လား ပင့်ဂိုးရယ်… ရင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သိပါတယ်…. နှစ်လဲ မနှစ်သိမ့်ချင်ဘူး.. နှစ်သိမ့်ရုံနဲ့ ဖြေဖျောက်လို့ရတာမှမဟုတ်တာ… နားလည်ပါတယ်…

  16. ဟောတော့… သဘောထားချင်း မတိုက်ဆိုင်လို့ ကိုယ့်ခံယူချက်ကို ကိုယ်ပြောတာပါလို့ ရေးထားလျက်နဲ့နော်…. ရွှေထက်ရေ အမ ဒီနေ့ ကံမကောင်းပါလားတော်..

  17. အချစ်ကြောင့် ကြေကွဲရတာအတွက် ဘ၀ မှာ ပြန်ပြီး ရင့်ကျက်သွားတတ်ပါတယ်

    မပင့်ဂိုးလ်ရေ …။ ပေါ်လွင်အောင် ၊ ထင်ဟပ်အောင် ဖွဲ့ပြောနိုင်မှု တို့ အတွက်

    လေးစားမိပါတယ် ခင်ဗျာ …။

  18. ဒါဆို ညီမက နှလုံးသားအသစ်နဲ့ မိန်းကလေးပေါ့။ အခုရော ချစ်သူအသစ်ရနေပြီလား။ခင်ရတာမကြာသေးပေမယ့် ခင်တယ်လို့ ပြောမရသေးတဲ့ အချိန်မှာ comment ၀င်ရေးတာ နားလည်ပေးမယ်လို့ ယူဆပါတယ်။

  19. အခုတော့ ရည်းစားမထားပဲ ဇီးပြားစားနေတယ်လေ😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s