Monthly Archives: June 2009

H1N1 is coming, Let’s prevent ourselves!

Standard

မြန်မာပြည်မှာလည်း H1N1 ဆိုတဲ့ ကပ်ရောဂါ ရောက်ရှိလာပါပြီ။ တစ်ယောက်ကနေ အယောက် ၂၀၀ သို့တိုင်အောင် ကူးစက်နှုန်းပြင်းထန်တဲ့ ဒီရောဂါအတွက် ကျွန်မတို့တွေ တတ်နိုင်သလောက် ကြိုတင်ကာကွယ်တတ်ကြဖို့ လိုပါတယ်။ WHO က ထုတ်ပြန်ထားတဲ့ အမေး/အဖြေကဏ္ဍတစ်ခုကို ကိုဂျွန်က ဘာသာပြန်ထားတာတွေ့လို့ ကျွန်မဘလာဂ့်မှာလည်း ပြန်လည်မျှဝေပေးချင်ပါတယ်။ မျှဝေခွင့် ပေးတဲ့ ကိုဂျွန်ကို ကျေးဇူးတင်ပါတယ်ရှင်။

H1N1 ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ဇွန်(၁၁)ရက်နေ့က WHOမှ ထုတ်ပြန်ထားတဲ့ အမေးအဖြေ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ တတ်နိုင်ဆုံး ဘာသာပြန်ပေးထားပါတယ်။

What Can I Do?

H1N1 ကူးစက်မခံရအောင် ဘယ်လိုကာကွယ်နိုင်မလဲ ?

H1N1 ဗိုင်းရပ်စ်တုပ်ကွေးရောဂါ အဓိကကူးစက်ပြန့်နှံ့ပုံမှာ သာမန် ရာသီတုပ်ကွေးများကဲ့သို့ပင် ဖြစ်သည်။ စကားပြောခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့မှ အလွယ်တကူ ကူးစက်နိုင်သည်။ ယေဘူယျအားဖြင့် တုပ်ကွေးဖြစ်နေသည်ဟု ထင်ရသူများနှင့် နီးနီးကပ်ကပ်နေခြင်းမှ ရှောင်ကြဉ်၍ ကူးစက်မခံရအောင် ကာကွယ်နိုင်သည်။ ဖြစ်နိုင်မည်ဆိုပါက တုပ်ကွေးဖြစ်နေသည်ဟု သံသယရှိသူများနှင့် ၁မီတာ(၃.၂၈ပေ)အကွာတွင် နေနိုင်ရန်ကြိုးစားပြီး အောက်ပါတို့ကို ဆောင်ရွက်သင့်ပါသည်။

  • ပါးစပ်နှင့် နှာခေါင်းကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း။
  • လက်ကို ဆပ်ပြာသုံး၍ ရေဖြင့် စင်ကြယ်စွာဆေးကြောခြင်း (သို့မဟုတ်) အရက်ပျံပါသည့် လက်ဆေးရည်အသုံးပြုခြင်း။
  • ဖျားနာနေသည်ဟု ယူဆရသူများနှင့် နီးကပ်စွာနေထိုင်မှု မပြုခြင်း။
  • ဖြစ်နိုင်လျင် လူစုလူဝေးနေရာများအတွင်း နေထိုင်ချိန်ကိုလျှော့ချခြင်း။
  • မိမိနေထိုင်ရာပတ်ဝန်းကျင်တွင် လေဝင်လေထွက် ကောင်းမွန်စေရန် ပြူတင်းပေါက်များ ဖွင့်ထားခြင်း။
  • ကျန်းမာရေး အလေ့အထကောင်းများဖြစ်သည့် အိပ်ရေးဝဝ အိပ်စက်ခြင်း၊ အဟာရပြည့်ဝသည့် အစားအစာများ စားသောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း။

မျက်နှာဖုံး(Mask)သုံးခြင်းက…? WHOရဲ့ အကြံပြုချက်က…?

  • နေကောင်းလျင် မျက်နှာဖုံး(Mask) တပ်ဆင်ထားစရာ မလိုပါ။နေမကောင်းဖြစ်နေသူကို ပြုစုရသူဆိုပါက ထိုသူနှင့်အနီးကပ် နေထိုင်ရသည့်အခါတွင် မျက်နှာဖုံး(Mask) တပ်ဆင်ထားသင့်ပြီး ပြုစုစောင့်ရှောက်မှုပြီးပါက မျက်နှာဖုံး(Mask)ကို ချက်ချင်းချွတ်ပစ်ကာ လက်နှစ်ဖက်ကို စင်ကြယ်စွာ ဆေးကြောရမည်။

  • နေမကောင်းဖြစ်နေစဉ် ခရီးသွားရသည့်အခါဖြစ်စေ၊ အနီးအနားတွင် အခြားသူများ ရှိနေသည့်အခါဖြစ်စေ မျက်နှာဖုံး(Mask)တပ်ဆင်၍ ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ထားပါ။ မျက်နှာဖုံး(Mask)ကို မှန်ကန်စွာ တပ်ဆင်ရန်လိုအပ်သည်။

H1N1 ဗိုင်းရပ်စ်ကူးစက်ခံနေသည်ကို မည်သို့သိနိုင်မလဲ ?

  • ရာသီတုပ်ကွေးနှင့် A/H1N1 ဗိုင်းရပ်စ်တုပ်ကွေးတို့ကို ဆေးပညာ အကူအညီမပါပဲ မခွဲခြားနိုင်ပါ။

  • ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်းနှင့် နှာရည်ကျခြင်း လက္ခဏာများမှာ တုပ်ကွေးနှစ်မျိုးစလုံးတွင် အတူတူပင်ဖြစ်သည်။

  • သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများသာလျှင် H1N1 ဗိုင်းရပ်စ်တုပ်ကွေး ဟုတ် မဟုတ် အတည်ပြုနိုင်မည်။

ဖျားနာနေပြီဟုယူဆလျင် ဘာလုပ်သင့်သလဲ ?
နေထိုင်မကောင်းဖြစ်ကာ ကိုယ်ပူ၊ ချောင်းဆိုး၊ လည်ချောင်းနာနေပါက

  • ကျောင်း၊ အလုပ်မသွားပဲ လူစုလူဝေးမှ ရှောင်ကြဉ်ကာ အိမ်မှာနေပါ။
  • အရည်များများသောက်ပြီး အနားယူပါ။
  • ချောင်းဆိုး၊ နှာချေပါက ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ပါ၊ တစ်ရှုးစက္ကူသုံးပါက သေချာစွာစွန့်ပစ်ပါ၊ ပြီးလျင် လက်ကို ဆပ်ပြာသုံး၍ ရေဖြင့် စင်ကြယ်စွာဆေးကြောပါ (သို့မဟုတ်) အရက်ပျံပါသည့် လက်ဆေးရည်ဖြင့် ဆေးကြောပါ။
  • ချောင်းဆိုး၊ နှာချေသည့်အခါ ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်စရာ အနီးအနားတွင် မရှိပါက ပါးစပ်နှင့် နှာခေါင်းကို လက်မောင်းဖြင့်အပ်ပြီး တတ်နိုင်သမျှ ဖုံးအုပ်ပါ။
  • လူအများရှိရာသို့သွားလျင် မျက်နှာဖုံး(Mask) မှန်ကန်စွာ တပ်ဆင်အသုံးပြုပါ။
  • မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများကို မိမိဖျားနာနေကြောင်း အသိပေးပြီး အခြားသူများနှင့် တွေ့ဆုံခြင်းမှ ရှောင်ကြဉ်ပါ။
  • နားလည်တတ်ကျွမ်းသည့် ဆရာဝန်နှင့် ဆက်သွယ်တိုင်ပင်ကာ ဆေးစစ်ကုသမှု ခံယူပါ။

အကယ်၍ တုပ်ကွေးဖြစ်ခဲ့လျင် ပဋိဇီဝဆေးသောက်သင့်ပါသလား ?

  • ဆရာဝန်ညွှန်ကြားသည့် ဆေးများကိုသာ သောက်သင့်သည်။ မိမိဘာသာ ဆေးဝယ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

တုပ်ကွေးဖြစ်သည့် မိခင်များ ကလေးနို့တိုက်နိုင်ပါသလား ?

  • ဆရာဝန် ညွှန်ကြားမှသာ ကလေးနို့တိုက်ခြင်းကို ရပ်ပါ။ ထိုသို့မဟုတ်ပါက ကလေးကို နို့တိုက်နိုင်ပါသည်။ မိခင်နို့တိုက်ခြင်းဖြင့် ကလေး၏ ကိုယ်ခံစွမ်းအား တိုးတက်စေပါမည်။

မည်သည့်အချိန်တွင် ဆေးကုသမှု ခံယူသင့်ပြီလဲ ?

  • သုံးရက်ဆက်တိုက် ကိုယ်ပူချိန်တက်နေပြီး အသက်ရူရ ခက်ခဲလာခြင်း၊ ကလေးငယ်များအနေဖြင့် ကိုယ်ပူမကျပဲ အသက်ရူနှုန်းမြန်ခြင်းတို့ ဖြစ်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားသင့်သည်။

  • အိမ်မှာဆိုလျင်လည်း အရည်များများသောက်၍ အနားယူကာ အကိုက်အခဲပျောက်ဆေး သောက်ပါ။ အိပ်ရေးဝဝ အိပ်ခြင်းဖြင့်လည်း အများစုမှာ ပြန်လည်သက်သာလာနိုင်သည်။ ကလေးငယ်များအတွက် Aspirin မပါဝင်သော အကိုက်အခဲ ပျောက်ဆေးများ တိုက်နိုင်ပါသည်။

တုပ်ကွေးဖြစ်သော်လည်း သက်သောင့်သက်သာ ရှိနေပါက လုပ်ငန်းခွင်သို့ သွားသင့်ပါသလား ?

  • မသွားသင့်ပါ။ တုပ်ကွေးဖြစ်ပြီဆိုပါက ရောဂါလက္ခဏာ မပျောက်မချင်း လုပ်ငန်းခွင်သို့ မသွားပဲ အိမ်မှာသာ နားနေသင့်သည်။

ခရီးသွားနိုင်မလား ?

  • နေထိုင်မကောင်းဖြစ်နေပြီး တုပ်ကွေးလက္ခဏာများ ခံစားနေရပါက ခရီးမသွားသင့်ပါ။ မိမိဘာသာ တုပ်ကွေးဖြစ်နေပြီဟု သံသယရှိလျင် နားလည်တတ်ကျွမ်းသည့် ဆရာဝန်နှင့် တွေ့ဆုံပြီး ကျန်းမာရေးစစ်ဆေးသင့်သည်။

Advertisements

Golden Rules for Living

Standard

တစ်ခြားသူတွေအတွက် စဉ်းစားပေးခြင်းဟာ ကောင်းမွန်တဲ့ ဘ၀ နဲ့ ကောင်းမွန်တဲ့ လူအဖွဲ့အစည်းရဲ့ အခြေခံ အချက်တွေ ဖြစ်တယ်။

(ကွန်ဖျုးရှပ်စ်)

တစ်ခုခုကိုဖွင့်ပြီးရင်၊ ပြန်ပိတ်ခဲ့ပါ။

သော့ဖွင့်ပြီးရင်၊ သော့ကိုပြန်ခတ်ခဲ့ပါ။

တစ်ခုခုကို ချိုးဖောက်ပြီးရင်၊ ၀န်ခံလိုက်ပါ။

သင်မပြုပြင်တတ်ရင်၊ ပြုပြင်တတ်တဲ့သူတစ်ယောက်ကို ခေါ်လိုက်ပါ။

ငှားပြီးရင် ပြန်ပေးပါ။

တန်ဘိုးထားရင်၊ သေသေချာချာဂရုစိုက်ပါ။

ရှုပ်ဖွထားပြီးရင်၊ ပြန်လည်ရှင်းလင်းပါ။

ယူပြီးလျှင် ပြန်ထားပါ။

တစ်ယောက်ယောက်ပိုင်တဲ့ ပစ္စည်းကို အသုံးပြုချင်ရင်၊ ခွင့်ပြုချက်တောင်းခံပါ။

ဘယ်လိုလုပ်ရမယ်ဆိုတာ မသိရင်၊ ဘာကိုမှ မထိပါနဲ့။

ကိုယ့်ကိစ္စမဟုတ်ရင်၊ ကိုယ်နဲ့မဆိုင်ရင် မေးခွန်းတွေ သိပ်မမေးပါနဲ့။

အကောင်းအတိုင်းရှိနေတဲ့ အရာတစ်ခုကို၊ မပြုပြင်ပါနဲ့။

တစ်စုံတစ်ယောက်အတွက် အကျိုးရှိမယ်ဆိုရင်၊ ပြောဖြစ်အောင် ပြောလိုက်ပါ။

တစ်ယောက်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ်ဆိုရင်၊ ရင်ထဲမှာပဲ သိမ်းထားလိုက်ပါ။

Source Unknown

The Rules of Being a Human

သင်ဟာခန္ဓာကိုယ်ကြီးတစ်ခု ပိုင်ဆိုင်ရမှာပါ။
သင်ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ အဲဒီခန္ဓာကိုယ်ကြီးဟာ သင်အသက်ရှင်နေသရွေ့ သင်နှင့်အတူရှိနေမှာ ဖြစ်ပါတယ်။

သင်ဟာ သင်ခန်းစာတွေကို လေ့လာသင်ယူရပါလိမ့်မယ်။
သင်ဟာ ဘ၀ လို့ခေါ်တဲ့ ပုံစံမကျတကျ အချိန်ပြည့်ကျောင်းတော်ကြီးမှာ ကျောင်းအပ်နှံခြင်းခံရပါလိမ့်မယ်။ အဲဒီကျောင်းကြီးမှာ နေ့စဉ်နေ့တိုင်း သင်ခန်းစာတွေကို လေ့လာသင်ယူရပါလိမ့်မယ်။ တစ်ခါတစ်ရံမှာတော့ အဲဒီသင်ခန်းစာတွေဟာ သင့်အကြိုက်ဖြစ်နိုင်သလို၊ တစ်ခါတစ်ရံမှာတော့လည်း မိုက်မဲလှတဲ့အလုပ်တစ်ခုလို့လည်း ထင်ချင်ထင်နေပါလိမ့်မယ်။

မတော်တဆအမှားဆိုတာ မရှိပါဘူး။ သင်ခန်းစာတွေ ချည်းပဲဖြစ်ပါတယ်။

တိုးတက်ဖြစ်ထွန်းမှုဆိုတာ လေ့လာစမ်းသပ်မှုတစ်ခုရဲ့ ဖြစ်စဉ်တစ်ခုမျှသာ ဖြစ်ပါတယ်။ မအောင်မြင်(ကျရှုံး) တဲ့ စမ်းသပ်လုပ်ဆောင်မှု (လက်တွေ့သုတေသန)များသည် နောက်ဆုံးဖြစ်သော အလုပ် ဆီသို့ လက်တွေ့ စမ်းသပ်မှုဖြစ်စဉ်၏ အစိတ်အပိုင်းမျှသာဖြစ်သည်တဲ့။

သင်ခန်းစာတစ်ခုကို အလွတ်မရမချင်း ထပ်ကာထပ်ကာ သင်ယူရမှာပါ။
သင်ခန်းစာတစ်ကို သင်အလွတ်မရမချင်း ပုံစံမျိုးစုံနဲ့ သင့်ကိုသင်ကြားပေးပါလိမ့်မယ်။ ပိုင်နိုင်မှသာလျှင် နောက်အသစ်တစ်ခုကို တက်လှမ်းခွင့်ရှိပါတယ်။

သင်ခန်းစာတွေ သင်ယူခြင်းဟာ အဆုံးမရှိပါဘူး။

သင်ခန်းစာမရှိတဲ့ ဘ၀အစိတ်အပိုင်းဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ သင်အသက်ရှင်သန်နေသရွေ့ လေ့လာစရာတွေ ရှိနေဆဲပါပဲ။

သင်မျှော်လင့်နေသောအရာသည် လက်ရှိအရာလောက် မကောင်းပါ။
သင်ရည်မှန်းပြီး ကြိုးစားနေသော အရာတစ်ခုသည် သင့်လက်ဝယ်ကိုရောက်ရှိလာသောအခါ၊ သင့်အတွက် နောက်လိုချင်သော၊ အရေးကြီးသော၊ ယခုထက်ပိုကောင်းသောအရာတစ်ခု ပေါ်ပေါက်လာပေလိမ့်အုံးမည်။ ဒါကြောင့် လက်ရှိပိုင်ဆိုင်နေတာတွေဟာ အကောင်းဆုံးသော အရာတွေဖြစ်တယ်။

တစ်ခြားသူများသည် သင့်အတွက်မှန်တစ်ချပ်မျှသာ ဖြစ်သည်။
ကိုယ်ကိုယ်တိုင် ချစ်သလား မုန်းသလားဆိုတာ တစုံတရာ တန်ပြန် မခံစားရသေးမချင်း တခြားလူတွေကို ချစ်နိုင် မုန်နိုင်မှာ မဟုတ်ပါဘူး။

သင့်ဘ၀တွင် သင်လုပ်သောအရာမှန်သမျှသည် သင့်အပေါ်တွင်သာ မူတည်သည်။
သင့်မှာ သင်လိုအပ်တဲ့ အရင်းအမြစ်တွေ၊ ကီရိယာတန်ဆာပလာတွေ အစုံရှိပါတယ်။ အဲဒါတွေကို အသုံးတည့်အောင် ဘယ်လိုအသုံးချမလဲဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်ပါတယ်။ သင့်ဟာသင် ရွေးချယ်ရမှာပါ။

သင်ခန်းစာတွေသင်ကြားပြီး ဘ၀ရဲ့မေးခွန်းတွေအတွက် ဖြေဆိုဖို့ အဖြေဟာ သင့်ရဲ့ကိုယ်၊ စိတ်တွေထဲမှာပဲရှိနေပါတယ်။
သင်လုပ်ရမှာကတော့ ကြည့်ရှု၊ နားဆင်ပါ၊ ယုံကြည်ပါ..စသောအရာတွေပဲ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ဒါတွေအားလုံးကို မေ့မေ့ပျေက်ပျောက် ထားခဲ့ရမှာဖြစ်ပါတယ်။

Sources: Cherie Carter-Scott

Chicken Soup for the Soul

Photos Again!

Standard

ဒီပုံကတော့ Capital Hypermarket မှာ ရိုက်ထားတာပါ… အဲ့လို အညိုရောင်လေး ဖြစ်သွားတာကို သဘောကျတယ်

155904546

စိုးဇေယျ ရိုက်ပေးတဲ့ ပုံပါ.. ထောက်ကြံ့ စစ်သင်္ချိုင်းမှာ ရိုက်တာ.. နည်းနည်း ဖြတ်ပြီး.. photofunia မှာ ကလိထားတာပါ..

1248836726

အပေါ်ဆုံးက ပုံကို လုပ်ထားတာပါ… ဒီအိုင်ဒီယာလေးကို အရမ်းကြိုက်တယ်…

791712857

အခုတလော အလုပ်များနေတော့ စာတွေ မရေးအားသေးဘူး ဖြစ်နေတယ်.. ဒါနဲ့ သဘောကျမိတဲ့ ပုံလေးတွေကို တင်ထားလိုက်ပါတယ်။ ကိုယ့်ဘလောဂ့်မှာ ကိုယ့်ပုံတင်တာ ဘာဖြစ်လဲ နော… !

My Hobby!

Standard

မီးလေးဇာက ကျွန်မကို ၀ါသနာတွေအကြောင်းရေးခိုင်းဖို့ တဂ်လုပ်ထားတာတော့ နည်းနည်းကြာခဲ့ပါပြီ။ ကိုယ့်အကြောင်းနဲ့ကိုယ် ချက်ချင်းမရေးနိုင်ခဲ့တဲ့အတွက် မီးလေးကို အရင်ဆုံးတောင်းပန်ချင်ပါတယ်။ လူ အတော်များများ ရေးပြီးဖြစ်ကြတဲ့ ကျွန်ုပ်၏ ၀ါသနာ ဆိုတဲ့ပိုစ့်လေးကို ကျွန်မလည်း အခုရေးပါမယ်။

“လူတစ်ယောက် ၀ါသနာတစ်မျိုး” ဆိုပေမယ့် ကျွန်မရဲ့ ၀ါသနာကတော့ တစ်ခုမကပါဘူးရှင်။ ၀ါသနာဆိုတာ ကိုယ်ရောက်ရှိနေတဲ့ အသက်အရွယ်နဲ့ ကိုယ်ကျင်လည်နေရတဲ့ ပတ်ဝန်ကျင်တွေကို လိုက်လျောညီထွေပြီး ပြောင်းလဲတတ်တယ်လို့လည်း ကျွန်မထင်ပါတယ်။ ငယ်ငယ်တုန်းက စိန်ပြေးတန်း ကစားဖို့ကို ၀ါသနာပါခဲ့တဲ့ သူတစ်ယောက်ဟာ အရွယ်ရောက်လာတဲ့ အခါမှာတော့ ရှော့ပင်းထွက်တဲ့ ၀ါသနာကို ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ဝါသနာတွေကတော့ ငယ်ငယ်ကကို အခုချိန်ထိ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရပဲ.. သေတဲ့အထိတောင် ပါသွားတတ်ကြတဲ့ ၀ါသနာမျိုးပါ။ ဥပမာ.. စာဖတ်တာ.. ပန်းချီဆွဲတာ.. တံဆိပ်ခေါင်းတွေစုတာ.. အစရှိသဖြင့်ပေါ။ တစ်ချို့တွေကတော့ ၀ါသနာပါတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြသလို တစ်ချို့အတွက်ကျပြန်တော့ ၀ါသနာဆိုတာ အပန်းဖြေစရာ တစ်ခုအဖြစ်နဲ့ပဲ အသုံးချကြပြန်ပါတယ်။ ကျွန်မရဲ့ ၀ါသနာတွေထဲမှာ ငယ်ငယ်ကတည်းက မပျောက်မပျက်ပဲ ၀ါသနာ ပါခဲ့တာတွေ ရှိသလို… အသက်အရွယ်နဲ့ ပတ်ဝန်းကျင်အလိုက် ပြောင်းလဲပေါ်ပေါက်လာတဲ့ ၀ါသနာမျိုးလည်း ပါပါတယ်ရှင်။

စာဖတ်ခြင်း

ကျွန်မ စာဖတ်တာကို ၀ါသနာပါပါတယ်။ ငယ်ငယ်ကတည်းက ကာတွန်းစာအုပ်၊ မိုးသောက်ပန်း စာစောင်များ၊ မင်္ဂလာမောင်မယ် စာစောင်များ အစရှိတာတွေကို ဖတ်ခဲ့ပါတယ်။ ကျွန်မကို စာဖတ်ဝါသနာပါအောင် လေ့ကျင့်ပေးခဲ့တာကတော့ ကျွန်မရဲ့ အဖေပဲဖြစ်ပါတယ်။ ကျောင်းဆရာ တစ်ယောက်ဖြစ်တဲ့ ကျွန်မရဲ့ အဖေဟာ သမီးနှစ်ယောက်လုံးကို စာဖတ်ခြင်းကို စိတ်ဝင်စားစေဖို့ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်မဖတ်တဲ့ စာမျိုးက သုတစာပေထက် ရသစာပေတွေ ပိုများပါတယ်။ အချစ်ဝတ္ထုသီးသန့်ထက် ရသစုံ ပေးစွမ်းနိုင်တဲ့ ၀တ္ထုမျိုးတွေကိုလည်း ဖတ်ဖြစ်ပါတယ်။ ဘာသာပြန်စာပေတွေကိုလည်း ဖတ်ဖြစ်ပါတယ်။ တစ်ခါ တစ်ရံမှာတော့လည်း ဘာသာရေးနဲ့ ပတ်သက်တဲ့ စာပေတွေကို ဖတ်ပါတယ်။ မဖတ်ချင်ဆုံးကတော့ တတ်ကျမ်းတွေကိုပါ။ ဘာလုပ်ရမယ် ဘာလုပ်ရမယ်ဆိုပြီး ပြောထားတာတွေကို လိုက်မလုပ်နိုင်တာ များတော့လည်း ကိုယ့်ဟာကိုယ် စိတ်ပျက်ရင်း မဖတ်ချင်တော့တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဆရာဖေမြင့်ရေးတဲ့ စာအုပ်တစ်ချို့ကိုတော့ ကြိုက်ပါတယ်။ လောလောဆယ်မှာတော့ နာမည်ကျော်ပုဂ္ဂိုလ်များရဲ့ Biography တွေကို ဖတ်ဖို့ စိတ်ဝင်စားနေပါတယ်။ ဖတ်နေတာကတော့ ချေဂွေဗားရားအကြောင်း ဖြစ်ပါတယ်။ ကျွန်မအကြိုက်ဆုံး စာရေးဆရာတွေကတော့ ဂျူး၊ မြသန်းတင့်၊ ဂျာနယ်ကျော်မမလေး၊ အကြည်တော်၊ တာရာမင်းဝေ၊ ဆရာအောင်သင်း၊ မောင်ထွန်းသူ၊ ဆရာတော် ဦးဇောတိကနှင့် အရှင်ဆန္ဒာဓိက တို့ပဲဖြစ်ပါတယ်ရှင်။ ဂျူးရဲ့ “အမှတ်တရ” ကို အရမ်းကြိုက်သလို၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ် ရေးတဲ့ “The Colorful Myanmar” စာအုပ်ကိုလည်း နှစ်သက်မိပါတယ်။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ “လာခြင်းကောင်းသော အရှင်” စာအုပ်ကလည်း ကျွန်မအသဲစွဲထဲက တစ်ခုပါပဲ။ ဆရာမင်းလူရဲ့ ဘ၀သရုပ်ဖော် ၀တ္ထုတွေကိုလည်း နှစ်သက်မိပါတယ်။ ဦးအေးမောင်ရေးတဲ့ ဘာသာရေးစာအုပ်များနဲ့ စိတ်ပညာစာအုပ်များကိုလည်း ဖတ်ဖြစ်ပါတယ်ရှင်။

သီချင်းဆိုတာ၊ သီချင်းနားထောင်တာ

သီချင်းတွေက ကျွန်မကို စိတ်ပျော်စေပါတယ်။ ရွှင်လန်းစေပါတယ်။ သီချင်းဆိုခြင်းကလည်း စိတ်ဖိစီးမှုတွေကို ပျောက်ကွယ်စေပါတယ်။ ကျွန်မကတော့ သီချင်းနားထောင်တာကော သီချင်းဆိုတာပါ နှစ်မျိုးလုံး ၀ါသနာ ပါပါတယ်ရှင်။ အခွေထုတ်ဖို့ အဆိုတော် အသစ်ရှာနေသူများ ဆက်သွယ်နိုင်ကြပါတယ် 😀 😛 ။ ကြိုက်တဲ့ Music အမျိုးအစားကတော့ Hip Hop / R & B တွေကို ကြိုက်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်၊ ဂျေးမီ၊ ကြက်ဖ အစရှိတဲ့ အဆိုတော်တွေကတော့ ကျွန်မရဲ့ ဖေးဗရိတ်တွေပေါ့။ ကာရာအိုကေတွေ ဘာတွေ ဆိုဖြစ်ရင်တော့ ပေါ့ပ်တွေပဲ အဆိုများပါတယ်။ ရှင်ဖုန်း၊ တင်ဇာမော်၊ ရေဗက္ကာဝင်း တို့ရဲ့ သီချင်းတစ်ချို့ကို ကြိုက်ပါတယ်။ လေးဖြူ၊ မျိုးကြီး၊ အငဲ တို့ရဲ့ သီချင်းတွေကိုလည်း နားထောင်ဖြစ်ပါတယ်။ သီချင်းတိုင်းကိုတော့ နားထောင်ဖြစ်တယ်ရှင့်။ အင်္ဂလိပ်သီချင်းတွေကတော့ အဆိုတော်နာမည် မသိပဲ နားထောင်ဖြစ်တာတွေ အများကြီးပါ။ အကြိုက်ဆုံး သီချင်းရယ်လို့ မရှိပါဘူး။ အိပ်ပျော်စေတဲ့ သီချင်းမျိုးကလွဲရန် ကျန်တာအကုန် ကြိုက်ပါတယ်။ ဝေဖန်ရေးတွေ ဘာတွေတော့ သိပ်မလုပ်တတ်ပါဘူး။ ကြိုက်လို့ နားထောင်ဖြစ်ရုံလေးပါ။

Blogging

အစကတော့ စာရေးတာလို့ ပြောအုံးမလို့ပဲ။ ဒါပေမယ့် စာရေးတယ်ဆိုတာ မီဒီယာပေါင်းစုံနဲ့ ချိတ်ဆက်ရေးသားမှ ပိုပြီးခေါ်လို့ကောင်းတယ်လို့ စဉ်းစားမိတာကြောင့် ဘလောဂ့်ရေးတာလို့ပဲ ရေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက ဘလောဂ့်ပေါ်မှာပဲ ရေးတာကို။ ၂၀၀၇ ခုနှစ်မှာစပြီး ဘလောဂ့်ရေးခဲ့ပါတယ်။ ခုဆိုရင် သက်တမ်းတစ်နှစ်ကျော်ရှိပါပြီ။ အစတုန်းကတော့ အလှအပနဲ့ ပတ်သက်တာလေးတွေကို အရေးများပေမယ့် ခုနောက်ပိုင်းမှာတော့ ရေးချင်စိတ်ရှိတာ အကုန်ရေးပါတယ်။ ဒါကြောင့် ကျွန်မက လိုင်းတစ်လိုင်း သီးသန့်မဟုတ်ပဲ အထွေထွေလို့ပဲ ဘလောဂ့်ကို နာမည်တပ်ပါတယ်။ ဒါကတော့ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းမိတဲ့ သူငယ်ချင်းတွေကြောင့် ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ ၀ါသနာပေါ့ရှင်။

Translation

မြန်မာလိုကနေ အင်္ဂလိပ်လိုသို့ပဲ ဖြစ်ဖြစ်၊ အင်္ဂလိပ်လိုကနေ မြန်မာလို သို့ပဲဖြစ်ဖြစ် တစ်ခုခုကို ဘာသာပြန်နေရရင်လည်း ကျွန်မပျော်နေပါတယ်။ ကျွန်မ ရခိုင်ကနေ ရန်ကုန်ကို တက်လာတော့ အဒေါ်တစ်ယောက်အိမ်မှာနေပါတယ်။ စမ်းချောင်း မင်္ဂလာလမ်းမှာပါ။ ဆရာကြီး ဦးလှသမိန်ရဲ့သား ဆရာဦးလှဘုန်းအောင် နေတဲ့အိမ်နဲ့ အပေါ်ထပ် အောက်ထပ်ပါ။ သူတို့အိမ်မှာက ဘာသာပြန်ဆရာတွေ စုစုဝေးဝေးရှိနေတတ်ပါတယ်။ ဆရာ့ဆီမှာလည်း အင်္ဂလိပ်စာသင်ရင်း၊ ဆရာတို့လုပ်တာကိုလည်း လိုက်ကြည့်ရင်း ဘာသာပြန်ချင်စိတ်တွေ ပေါ်လာရတာ ဖြစ်ပါတယ်။ အရင်တုန်းကဆို The Best English Magazine, Top English Magazine မှာပါတဲ့ ဘာသာပြန်ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ဖူးပါတယ်။ ဆုတော့ တစ်ခါမှ မရဖူးပေမယ့် အကောင်းဆုံး ဆယ်ယောက်ထဲမှာတော့ ပါဝင်ဖူးပါတယ်။ အခုလည်း ဘလောဂ့်အတွက် စာရေးတာတွေက ဘာသာပြန်ဆောင်းပါးတွေ များပါတယ်။ ကိုယ်ပိုင်ဖန်တီးတာထက် အကြောင်းအရာ တစ်ခုကို အင်တာနက် ထဲမှာရှာပြီး တွေ့လာတဲ့အရာတွေကို ပေါင်းစပ်ပြီး ပိုစ့်တစ်ပုဒ် လုပ်ပါတယ်။

ကျွန်မရဲ့ အသက်မွေးဝမ်းကြောင်းအဖြစ် ရွေးချယ်ထားမိတာကတော့ Business Management and Marketing ပိုင်းပါ။ ကျွန်မ၀ါသနာ ပါတာတွေနဲ့လည်း တစ်ခုမှ မဆိုင်ဘူးနော်။ ငယ်ငယ်တုန်းကတော့ Architect တစ်ယောက် အရမ်းကို ဖြစ်ချင်ခဲ့ပါတယ်။ ပုံဆွဲရတာကိုလည်း ၀ါသနာတစ်အား ပါပါတယ်။ သူငယ်တန်းလောက်ကနေ ကိုးတန်း ဆယ်တန်းလောက်ထိ တွေ့ကရာ စာရွက်မှာ အရုပ်ဆွဲလို့ ကောင်းတုန်းပေါ့။ အိမ်ပုံလေးတွေ ဆွဲရတာ သဘောကျခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဆယ်တန်းအောင်တော့ YIT ဆိုတာကြီးကို တိုက်ရိုက်တက်ခွင့် မရတော့ပါဘူး။ GTC ကနေတစ်ဆင့်မှ B.Tech, B.E အထိရောက်အောင် တက်ရတာမျိုးပါ။ အမှတ်က ကောင်းတယ်ဆိုပေမယ့် ဆေးကျောင်းကိုလည်း မမီပြန်ဘူး။ GTC ဆိုတာကိုလည်း စိတ်ကထင်မိတာက နည်းနည်းနိမ့်တယ်ပေါ့လေ။ မတက်ချင်ဘူးပေါ့.. ငယ်တုန်းဆိုတော့လည်း ရေရှည်ကို မတွေးမိပြန်ဘူး။ အိမ်က မိဘတွေကလည်း အင်ဂျင်နီယာလုပ်ဖို့ အားမပေးတာကြောင့် စီးပွားရေး တက္ကသိုလ်တက်ခဲ့ရင်းနဲ့ပဲ ဒီလိုင်းထဲကို ရောက်လာရကြောင်းပါရှင်။

Acknowledgment

Standard

ကျွန်မရဲ့ ရင်ကွဲနာဆိုတဲ့ ၀တ္ထုလေးနဲ့ ပတ်သက်ပြီး ကျေးဇူးတင်စရာ ၀န်ခံစရာလေးတွေ ရှိပါတယ်။ ဒီဝတ္ထုလေးက ကျွန်မ ရေးခဲ့သမျှ အချစ်ဝတ္ထုတွေထဲမှာ အပေါက်ဆုံးလို့ ပြောလို့ရပါတယ်။ လူတော်တော်များများ အားပေးကြတာကို တွေ့ရပါတယ်ရှင်။ ကျွန်မလည်း ကိုယ့်ဟာကိုယ် နည်းနည်းတော့ လက်ရည်တက်လာတယ်လို့ ခံစားမိပါတယ်။ နောက်တစ်ခါ အချစ်ဝတ္ထု ထပ်ရေးဖြစ်ရင်တောင် ဒီလောက် ကောင်းနိုင်ပါတော့မလား မသိဘူး။

ဒီ ၀တ္ထုလေးဟာ တစ်ကယ့်အဖြစ်အပျက်လေးတစ်ခုကို အခြေခံပြီး ဇာတ်အိမ်တည်ထားပေမယ့် ၀တ္ထုတစ်ပုဒ်ကို ၀တ္ထုလို့ပဲ ခံစားပြီး ဖတ်စေချင်ပါတယ်ရှင်။ ကျွန်မ သုံးထားတဲ့ အသုံးအနှုန်းလေးတွေထဲမှာ ကျွန်မအရမ်းနှစ်သက်တဲ့ စာရေးဆရာမ ဂျူးရဲ့ စာသားတွေကို ယူသုံးထားမိပါတယ်ဆိုတာ ၀န်ခံပါရစေ။ ကျွန်မ အမှတ်ရနေပြီး ယူသုံးခဲ့မိတာတွေကတော့…အပိုင်း (2) ထဲမှာပါတဲ့

ကျွန်မ စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးသည်။ မရင့်ကျက်သော သူများအတွက် အချစ်ဆိုသည်မှာ လိုအပ်ချက် တစ်ခုဖြစ်ပြီး ရင့်ကျက်သောသူများအတွက် အချစ်ဆိုသောအရာသည် အချစ်ပင် ဖြစ်တော့သည်တဲ့။

ကျွန်မ ချစ်သော အချစ်သည် အတွေ့အထိကင်းသော အငွေ့သက်သက်သာ ဖြစ်သည်။

အပိုင်း (၁) ထဲမှာပါတဲ့ စွန်ကလေးနဲ့ ပေးတဲ့ ဥပမာကတော့ ဘုန်းဘုန်းဦးကုမာရက ကျွန်မကို ဆုံးမသွားခဲ့တာ ဖြစ်ပါတယ်။ ဘုန်းဘုန်းပြောခဲ့တဲ့ စကားကိုလည်း ထည့်ရေးခဲ့တယ်ဆိုတာ ၀န်ခံရင်း ဘုန်းဘုန်းကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ရှင်။

လေထဲမှာ ပျံနေတဲ့ စွန်ကလေးတွေဟာ.. ရစ်လုံးကနေ ကြိုးနဲ့ထိန်းထားရက်နဲ့တောင် ဘယ်ဘက်ကိုယိမ်းလိုက်၊ ညာဘက်ကိုယိမ်းလိုက်နဲ့ လေနှင်ရာကို လိုက်ပါနေကြတယ်။ ရစ်လုံးနဲ့ အဝေးမှာရှိနေခိုက် သူတို့ ယိမ်းချင်ရာဘက်ကို ယိမ်းနေကြတယ်။ နောက်ဆုံးတော့လည်း ရစ်လုံးဆီကို တစ်ဖြည်းဖြည်းပြန်ရောက်လာရတာပဲ။

ကျွန်မကို ကွန်းမန့်တွေရေးပြီး အားပေးခဲ့ကြသော စာဖတ်ပရိတ်သတ်များနှင့် facebook မှ သူငယ်ချင်းများ၊ public comments များကိုသာမက အီမေလ်းပို့ပြီး private comments များဖြင့် အားပေးခဲ့ကြသူများ၊ severe response ပေးကြသူများ၊ ဝေဖန်အကြံပြုပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုပါတယ်ရှင်။

ကျွန်မဒီဝတ္ထုကို ဘာကြောင့်ရေးဖို့ စဉ်းစားခဲ့တာလဲ ဆိုရင်. သိပ်ချစ်တတ်သွားရင် သိပ်ခံစားတတ်ကြတယ် ဆိုတာပြချင်လို့ပါပဲ။ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ ပုံအပ်ပြီး မယုံကြည်သင့်ကြဘူးဆိုတာကို ကျွန်မရဲ့ အဖြစ်နဲ့ယှဉ်ပြီး သင်ခန်းစာ ယူတတ်စေချင်လို့ ဆိုရင် ကျွန်မစကားတွေ အရမ်းကြီးကျယ်သွားမှာလည်း စိုးရပါသေးတယ်။ အွန်လိုင်းပေါ်မှာ အချစ်စစ်ကို တွေ့နိုင်သလို၊ အလိမ်အညာများလည်း ရှိပါတယ်ဆိုတာကို လူတိုင်း သိပြီးသားဖြစ်ပေမယ့် ပိုသတိထားမိကြအောင် ချပြချင်တာမျိုးလည်း ဖြစ်ပါတယ်။

မည့်သူ့ကိုမျှ ထိခိုက်ရန် မရည်ရွယ်ခဲ့ပါ။ တိုက်ဆိုင်မှုရှိကောင်း ရှိနိုင်ပါသည်။ တိုက်ဆိုင်မှုရှိကလည်း ခွင့်လွတ်ပေးကြပါလို့ ပြောလိုပါတယ်ရှင်။

ကျွန်မ၏ ရင်ကွဲနာ (အပိုင်း -၂)

Standard

ကျွန်မက အိုင်တီ Company တစ်ခုတွင် အလုပ်လုပ်သည်။ ကျွန်မတို့ရုံးတွင် သူနှင့်သိသော မိတ်ဆွေများလည်း ရှိသည်။ အိုင်တီလောကသား အချင်းချင်း၊ ဒီဇိုင်နာများ အချင်းချင်း အကျွမ်းတ၀င်ဖြစ်ကြသည်ကတော့ မဆန်းလှပါ။ သူ မြန်မာပြည်တွင် အလုပ်လုပ်စဉ် အချိန်တုန်းကတည်းက သူဆွဲသော Web Design များသည် လက်ဖျားခါလောက်သည် ဆိုတာကိုတော့ ဟိုလူပြော ဒီလူပြောဖြင့် ကြားဖူးပါသည်။ မင်းသက်ဆွေ ဆိုသော နာမည်တစ်လုံးကို တည်ဆောက်နိုင်ခဲ့သည့် သူ့ကိုတော့ ကျွန်မ ချီးကျူးပါသည်။ သူ့အကြောင်း မကောင်းပြောသူများလည်းရှိသလို အကောင်းပြောသူများလည်း တစ်ပုံတစ်ပင်ဖြစ်သည်။ ကျွန်မတို့ရုံးမှ သူ့သူငယ်ချင်းများသည် သူနဲ့ ကျွန်မ ပတ်သက်မှုရှိကြောင်းကို မသိကြပါ။ ကျွန်မက သူ့အကြောင်းများကို မေးနိုင်သော်လည်း.. ဘယ်သူမှ မသိစေနဲ့ ဆိုသော သူ့တားမြစ်ချက်များကြောင့် ကျွန်မ ဘာစကားတစ်ခွန်းမှ မဟဖြစ်ခဲ့သည်ကတော့ အမှန်တရားတစ်ခုသာ ဖြစ်ပါသည်။ ကျွန်မတို့ဌာနတွင် ကျွန်မထိုင်ရသော နေရာသည် ဌနအ၀င်ဝနားတွင်ရှိပြီး အများသူငှာသွားလာနေကြသော လမ်းနှင့်လည်း နီးပါသည်။ ထို့ကြောင့် ကျွန်မ၏ LCD Flat မော်နီတာသည် ဌာနတစ်ခုနှင့်တစ်ခုကြား လမ်းတွင်သွားလာနေကြသူများ အမှတ်တမဲ့ကြည့်လျင်ပင် ကျွန်မဘာလုပ်နေသည်ကို အလွယ်တကူသိနိုင်သော အနေအထားတွင်ရှိသည်။ ထို့ကြောင့်လည်း သူနဲ့ ကျွန်မ ပတ်သက်မှုကို ကျွန်မတို့ရုံးမှ သူ့မိတ်ဆွေတစ်ယောက် သတိပြုမိသွားခြင်းဖြစ်သည်။ ထိုကဲ့သို့ သတိပြုမိခြင်းသည် ကျွန်မအတွက် ကံကောင်းခြင်းတစ်ခု ဖြစ်ခဲ့သလို၊ ကံဆိုးခြင်းတစ်ခုဟု အမည်တပ်လျင်လည်း ရနိုင်ပါသည်။ ကျွန်မခံစားရမည်ဖြစ်သော နာကျင်မှုများသည် ထိုနေ့မှ စတင်မြစ်ဖျားခံခဲ့ပါသည်။

“ကိုရေ ကျွန်မ ထမင်းသွားစားတော့မယ်”
“အိုကေဗျာ.. ကိုလည်းသွားစားတော့မလို့.. အတူတူစားချင်လိုက်တာ.. လေယဉ်လက်မှတ်ဝယ်ပြီး ပြန်လာခဲ့ရမလား မသိ”
“အဟားးးးးးးးးး ကောင်းသားပဲ ကိုရဲ့.. ဒါပေမယ့် ကိုမရောက်မချင်း ဗိုက်ဆာဆာနဲ့ စောင့်ရမယ့် ကျွန်မ အဖြစ်လေးကို မသနားဘူး လား ဟင့်..”
“မသနားပါဘူး.. စောင့်နေပေါ့.. ဒီလောက်လေးတောင် မစောင့်နိုင်ဘူးလား”
“အင်းလေ စောင့်ဆိုလည်း စောင့်နေရုံပဲပေါ့.. ဘာမဆိုရပ်စောင့်ရတယ် ရည်းစားထားလည်းကွယ်”
“ဘာတုန်း သီချင်းကြီးလား”
“ဟုတ်ပါ့ မောင်မောင်ဇော်လတ်လေ.. ဒါလေးတောင် မသိဘူးလား.. ပိန်းပါ့ကွာ”

“ကဲ ကြီးတော်လေး.. ထမင်းစားခန်းထဲက ညည်းကိုမှာလိုက်တယ်.. ထမင်းတွေ အေးကုန်တော့မယ် မြန်မြန်လာစားတော့တဲ့.. မောင်မောင်ဇော်လတ် လုပ်မနေနဲ့နော်..”

ရုတ်တရက် ကျွန်မနောက်က အသံထွက်လာတော့ ကျွန်မလန့်ဖျတ်ကာ လှည့်ကြည့်မိသည်။ ကျွန်မကို ပြုံးစိစိနဲ့ ရပ်ကြည့်နေသော ကိုနိုင်ဇော်ဆိုသော အကိုကြီးကိုတွေ့ရသည်။

“အဟီး.. ချစ်ကိုကြီး.. အခုသွားပြီ ကျေးဇူးပဲ လာပြောတာ”
“ဘာမှ ဟီးနေ ဖြီးမနေနဲ့ကြီးတော်.. ငါက ကလေးမလေး ဘာသံမှမကြားမိဘူး ရိုးလှပြီထင်နေတာ ခုတော့ညည်းလေးလဲ အမြီးလေးနဲ့ပဲ”
“ဟာ… အကို.. သမီးကို မစပါနဲ့ အကိုရာ.. သမီးရှက်လို့ပါ.. အကို ဘာတွေတွေ့လိုက်လဲဟင်.. ဟား ဟား”
“ဘာမှ မတွေ့ပါဘူး လေယဉ်စီးမယ်ဆိုလား သင်္ဘောစီးမယ်ဆိုလား.. ဟား ဟား”
“ဟားးးးးးး သွားပြီ ကိုနိုင်ဇော်ကြီးတွေ့မှတော့ လော်စပီကာ ငှားစရာလိုတော့မယ် မထင်ဘူး.. အကို မဖွနဲ့နော်”
“အောင်မယ်.. အေးပါ မဖွပါဘူး ဘီယာတော့ တိုက်ရမယ်.. နေအုံး ညည်းဒီနေ့ ဘယ်အချိန်အားမလဲ”
“ဘာလုပ်ဖို့လဲ အကို.. နှစ်နာရီ မီတင်လေ.. လေးနာရီလောက်တော့ ပြီးမယ်ထင်တယ်.. အဲ့ဒါပြီးရင် တစ်ချက်အားမယ်”
“အေး.. နင့်ကိုပြောစရာရှိလို့.. အဲ့အချိန်ကျရင် တွေ့မယ်”

ကိုနိုင်ဇော်ထွက်သွားတော့ ကျွန်မနည်းနည်းတော့ အူလည်လည်ဖြစ်ကျန်ခဲ့သည်။ သူနဲ့ ကျွန်မနဲ့ အလုပ်ကိစ္စမပတ်သက်ကြပါ။ သူက Web Designer တစ်ယောက်ဖြစ်သောကြောင့် Website Marketing ဘက်မှ မဟုတ်သော ကျွန်မနှင့် ဘယ်လိုမှ ပတ်သက်စရာအကြောင်းမရှိပါ။ သို့သော် တစ်ခါတစ်ရံတွင် Project ကိစ္စများ ဆွေးနွေးစရာတွေလည်း ပေါ်လာနိုင်သေးတာပဲလေဟု ကျွန်မထင်မိသည်။ ထမင်းခပ်မြန်မြန်စား၊ မီတင်အတွက် ပြင်ဆင်၊ မီတင်တွင် အခြေအတင် ဆွေးနွေးရင်း ကျွန်မ သူ့ကိုလည်း စကားထပ်မပြောအားခဲ့ပါ။ ညနေလောက်ကျတော့ ကိုနိုင်ဇော်ရောက်လာသည်။ မုန့်စားချိန်ဖြစ်သောကြောင့် သူနဲ့ ကျွန်မ ထမင်းစားခန်းထဲတွင် ကော်ဖီတူတူသောက်ဖြစ်ကြသည်။

“ငါ မေးမလို့.. ပြီးတော့ ပြောစရာရှိလို့.. နေ့လည်က နင်နဲ့ ဂျီတော့မှာ ပြောနေတာ နင့် ရည်းစားလား”
“အင်း.. အကိုက ဘယ်လိုထင်တုန်း”
“ဝေ့လည်ကြောင်ပတ်က လုပ်နေသေးတယ်.. ကိုရေ ချစ်ရေ ခေါ်နေတာ တွေ့လိုက်သားပဲ.. ထားပါ အရှင်းကြီးကို.. minthetswe1977@gmail.com ဟုတ်တယ်နော်”
“အွန့် အကိုကလည်း မေလ်းကအစ မှတ်မိတယ်တော့ စပ်စုလိုက်တာ သူများကိစ္စကို”
“ဟဲ့.. ပြောစရာ ရှိလို့ပေါ့.. ငါ့အသိများ ဖြစ်နေမလားလို့.. စလုံးမှာ ကျောင်းတက်နေတဲ့ မင်းသက်ဆွေများလား.. အရင်တုန်းက …………. Company မှာ လုပ်တယ်လေ”
“ဟုတ်ပါ့ရှင်.. အကို့ သူငယ်ချင်းလား”
“အေး.. သိကြတယ်လေ.. နေပါအုံး ညည်းတို့နှစ်ယောက်က အတည်လား”
“ဟုတ်.. သမီးဘက်က အတည်ပါ အကို”
“သူ့ ဘက်ကရော”
“ချစ်တယ်လို့တော့ ပြောတာပဲလေ.. I don’t know”

ပခုံးနှစ်ဘက်ကိုတွန့်ကာ ကျွန်မ ပြောလိုက်မိသည်။

“နင် သူ့အကြောင်း ဘယ်လောက်သိလဲ”
“သိပ်တော့ မသိဘူး အကိုရဲ့ .. သူနဲ့ သမီးနဲ့ အပြင်မှာ ခင်ကြတယ်ဆိုပေမယ့်.. အွန်လိုင်းမှာ တွေ့ဖြစ်ကြတာ ပိုများတယ်”
“သူ့အကြောင်း သေချာမသိပဲ ချစ်တယ်ပေါ့လေ.. ဟုတ်လား”
“ချစ်တယ် ဆိုတဲ့ကိစ္စမှာ တစ်ယောက်အကြောင်း တစ်ယောက် သေချာသိဖို့က အရေးပါသလား အကို.. ဒီအတိုင်းချစ်လို့ မရဘူးလား.. အချစ်မှာ ဒါတွေလိုသလား”
“အေးပါ.. နင်က အတည်ချစ်နေတော့လည်း ထားပါတော့.. ငါ ပြောမယ်.. နင် စိတ်ခိုင်ခိုင်ထား.. ငါ နင့်ကို ညီမတစ်ယောက်လိုခင်တာ သိတယ်နော်”
“ဟုတ် အကို.. အကို သမီးကို စေတနာရှိတာ သိပါတယ်.. သူ့အကြောင်းပြောမယ်ဆိုလည်း ပြောပါအကို”
“အင်း.. သူက မိန်းမရဖူးတယ်.. လွန်ခဲ့တဲ့ နှစ်နှစ်လောက်က.. အခုတော့ ဘယ်လိုလဲဆိုတာ ငါ မသိတော့ဘူး”
“ဘုရားရေ.. အကို လာမနောက်နဲ့နော်.. အကို သမီးကို နောက်နေတာ ဟုတ်တယ် မဟုတ်လား”
“ငါနင့်ကို နောက်လိုက်လို့ ငါ့မှာ ဘာတွေများ ထူးခြားသွားမှာမို့လို့လည်း .. ငါ့မှာ ဘာအကျိုးရှိမှာမို့လို့လည်.. ငါ့နင့်ကို ကြိုက်နေတာလည်း မဟုတ်ဘူး”
“ဆောရီး.. အကို စိတ်ဆိုးသွားရင် ဆောရီး.. သမီးက မယုံနိုင်လို့ပါ… သူလည်း သမီးကို ဒီအကြောင်းတွေ တစ်ခါမှ မပြောပြဖူးဘူးလေ”
“မပြောပြဖူးဘူးဆိုရင်တော့ မရိုးသားလို့ပဲ ငါ့ညီမ.. သွားတော့ မမေးနဲ့နော်.. တစ်ချိန်ချိန်မှာ တစ်ခုခုဖြစ်လာရင် နင့်အတွက် နိုင်ကွက်တစ်ခု ဖြစ်လာနိုင်တယ်.. ၀ှက်ဖဲလို သဘောထားလိုက်ပေါ့”
“အကို.. သူတို့အခု ကွဲသွားကြပြီလား.. ပြောပါ အကိုရယ်.. အခုထိ အဆက်အသွယ် ရှိနေကြတုန်းလား..”
“ကွဲနေတာလား… ခွဲနေတာလား ဆိုတာတော့ သူတို့မှပဲ သိလိမ့်မယ် ညီမလေးရယ်.. ယောင်္ကျားတွေကို သတိနဲ့တော့ ဆက်ဆံပေါ့..သြော် နာမည်တစ်ချက်မှတ်ထားအုံး.. သင်းသင်းမြတ် တဲ့” Read the rest of this entry

ကျွန်မ၏ ရင်ကွဲနာ..

Standard

အချစ်…….

အချစ်ဆိုသော စကားလုံးနှစ်လုံးးဟာ ကျွန်မကို အလဲထိုးနှက်ခဲ့မယ်လို့ ကျွန်မ ဘယ်လိုလုပ် ကြိုသိနိုင်မှာတဲ့လဲ။ ကျွန်မကကော.. အချစ်နဲ့ပတ်သက်ပြီး အသေအလဲခံစားရလိမ့်မယ်လို့ ဘယ်လိုလုပ် တွေးမိခဲ့မှာတဲ့လဲ။ ကျွန်မစိတ်ကူးယဉ်ခဲ့သမျှ အချစ်နဲ့ ပတ်သက်သမျှဟာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပြီး ကြည်နူးပျော်ရွှင်မှုတွေနဲ့ပဲ ပြည့်နှက်နေခဲ့ပေမယ့် တစ်ကယ်တမ်း အချစ်နဲ့ နဖူးတွေ့ ဒူးတွေ့ကြုံရချိန်မှာမှ အချစ်ဆိုတာ ကြည်နူးမှုသက်သက်ကို ယူဆောင်လာတာမဟုတ်မှန်း ကျွန်မသိခဲ့ရတာပါ။ နာကျင်ခံစားမှုတွေ၊ စိုးစိတ်နဲ့ တိုးတိတ်နေရတာတွေ၊ မျက်ရည်တွေနဲ့ ကြေကွဲစရာကောင်းတွေဟာ ကျွန်မသတ်မှတ်လိုတဲ့ အချစ်ရဲ့သင်္ကေတပဲ ဖြစ်တယ်။ အို… သူများတွေရော အချစ်ဆိုတာကို ဘယ်လိုသတ်မှတ်ကြသလဲကွယ်။ သူများတွေရော အချစ်နဲ့ပတ်သက်ရင် ကျွန်မလိုပဲ ခံစားကြသလား…။ ဟင့်အင်း မဟုတ်ဘူး… ကျွန်မချစ်သူဟာ ကျွန်မကို နာကျင်အောင် တမင်သက်သက် လုပ်ခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့သမားရိုးကျ မထူးဆန်းတော့တဲ့ အချစ်နဲ့ပတ်သက်တဲ့ အခြေအနေတွေကို ၀င်ရောက်ပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ ကျွန်မအပြစ်တွေပဲ ဖြစ်နေလိမ့်မလား။ ဒါပေမယ့်.. ဆိုးဝါးလွန်းလှပါတယ် အချစ်ရယ်။ ဒီအချိန်ထိ တစ်ခါမှ မချစ်ခဲ့ဖူးတဲ့ ကျွန်မလေ.. အချစ်ဆိုတာကို တစ်ကြိမ်တစ်ခါတည်းနဲ့ကို သိပ်ကြောက်သွားခဲ့တာကို သူ့ကြောင့်လို့ ကျွန်မ အပြစ်မတင်လိုခဲ့ပါဘူး။ သူ့ရဲ့ သမားရိုးကျ အယူအဆတွေ၊ လုပ်ရိုးလုပ်စဉ်တွေကို အထူးအဆန်းလုပ်ပြီး အလူးအလဲခံစားမိခဲ့တဲ့ ကျွန်မရဲ့ ရူးသွပ်မှုတွေပါ။ ဒါပေမယ့်.. ကျွန်မလေ ဒီရူးသွပ်မှုတွေကို ဆက်လက်သိမ်းထားရင်းနဲ့ပဲ သူနဲ့ကျမှ ကြုံခဲ့ဖူးတဲ့ အချစ်ရဲ့ ကြေကွဲနာကျင်မှုတွေနဲ့အတူ.. အချစ်ကို သိပ်ကြောက်သွားခဲ့ပါပြီ။ တစ်ကြိမ်တစ်ခါတည်းသာ ချစ်ခဲ့ဖူးပေမယ့် အဲ့ဒီတစ်ကြိမ်တစ်ခါကလည်း တစ်ခါဆို ဆိုသလောက် ကျွန်မကို မှတ်လောက်အောင် ပညာပေးခဲ့တာ။ တစ်ယောက်တည်းသော ယောင်္ကျားနဲ့သာ ပတ်သက်ဖူးပေမယ့်လည်း တစ်ယောက်ဆို ဆိုသလောက် ကျွန်မကို နာကျင်မှုတွေ ခံစားစေခဲ့တာပါ။ တစ်ကယ်ပါ.. ချစ်ခဲ့ဖူးတယ်ဆိုတာ ကျွန်မအတွက်တော့ အမှားတစ်ခုလို့သာ သတ်မှတ်ချင်ခဲ့ပါတယ်။

သူနဲ့ကျွန်မ ထူးထူးဆန်းဆန်းတွေ့ဆုံခဲ့ကြတာ မဟုတ်သလို၊ ကျွန်မကို အချစ်နဲ့ပတ်သက်တဲ့ ခံစားမှုတွေ ပေးနိုင်မယ့် ယောင်္ကျားတစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျွန်မဘယ်လိုမှ မတွေးခဲ့ရိုး အမှန်ပါ။ ကျွန်မစိတ်ကူးယဉ်ခဲ့ဖူးတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ ရုပ်ရည်နဲ့ အရည်အချင်းမျိုး သူ့မှာ ရှိမနေခဲ့လို မိန်းမတစ်ယောက် မက်မောလောက်တဲ့ ဥစ္စာစည်းစိမ်မျိုးလည်း သူ့မှာမပိုင်ဆိုင်ခဲ့ပါ။ များသောအားဖြင့် မိန်းကလေးတွေဟာ ချမ်းသာတဲ့ ယောင်္ကျားမျိုးကို စိတ်ကူးယဉ်တတ်ကြပေမယ့် သူကတော့ ကျွန်မနဲ့ စသိတဲ့အချိန်မှာ ကျွန်ကို ဘယ်လိုရင်ခုန်မှုမျိုးကိုမှ မပေးစွမ်းနိုင်ခဲ့ပါ။ သို့သော် သူနဲု့စတွေ့သည့်နေ့က အမှတ်မထင် သတိပြုမိခဲ့တာကတော့ သူ့လက်ချောင်းလေးများဖြစ်သည်။ ယောင်္ကျားတစ်ယောက်အနေဖြင့် အနည်းငယ်ကြမ်းတမ်းသည်ဟု ပြော၍ရသော သူ့တွင် မိန်းကလေးများပင် အရှုံးပေးလောက်အောင် သွယ်လျလှပသော လက်ချောင်းကလေးများရှိသည်။ အနုပညာသမား၏ လက်မျိုးဟု စာအုပ်များတွင် မကြာခဏ မြင်ဖူးလေ့ရှိသော ရှည်ရှည်သွယ်သွယ် လက်ကလေးများဖြစ်သည်။ လက်သည်းထိပ်ကလေးများတွင် ပန်းရောင်သန်းနေခြင်းသည်လည်း ကဗျာဆန်ကာ လှပနေသေးတော့သည်။ လက်သည်းများကို တိတိရိရိညှပ်ထားတတ်ပြီး ဖြူနုသွယ်လျသောလက်ချောင်းများနှင့် ပန်းရောင်သန်းသော လက်သည်းခွံကလေးများကို ကျွန်မ မကြာခဏ ခိုးကာ ငေးမောမိဖူးပါသည်။ သူသည် ပန်းချီဆရာတစ်ယောက်လည်း ဖြစ်သည်ဟု နောက်ပိုင်းတွင် ကျွန်မသိလာရသောအခါတွင်လည်း သူ၏ လှပသော လက်ချောင်းများနှင့် ဖန်တီးထားသော နုညံ့သည့် အနုပညာများကို ကျွန်မခံစားကြည့်ဖူးချင်ခဲ့ပါသည်။ သို့သော် ကျွန်မသည် သူ၏ အနုပညာများကို ခံစားရန် အခုချိန်ထိ အခွင့်အရေး မရှိသေးသလို သူ၏ အချစ်များကို အလုံးစုံပိုင်ဆိုင်ရန်လည်း အခွင့်အရေး မရှိသေးပါ။ Read the rest of this entry