ကျွန်မ၏ ရင်ကွဲနာ..

Standard

အချစ်…….

အချစ်ဆိုသော စကားလုံးနှစ်လုံးးဟာ ကျွန်မကို အလဲထိုးနှက်ခဲ့မယ်လို့ ကျွန်မ ဘယ်လိုလုပ် ကြိုသိနိုင်မှာတဲ့လဲ။ ကျွန်မကကော.. အချစ်နဲ့ပတ်သက်ပြီး အသေအလဲခံစားရလိမ့်မယ်လို့ ဘယ်လိုလုပ် တွေးမိခဲ့မှာတဲ့လဲ။ ကျွန်မစိတ်ကူးယဉ်ခဲ့သမျှ အချစ်နဲ့ ပတ်သက်သမျှဟာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပြီး ကြည်နူးပျော်ရွှင်မှုတွေနဲ့ပဲ ပြည့်နှက်နေခဲ့ပေမယ့် တစ်ကယ်တမ်း အချစ်နဲ့ နဖူးတွေ့ ဒူးတွေ့ကြုံရချိန်မှာမှ အချစ်ဆိုတာ ကြည်နူးမှုသက်သက်ကို ယူဆောင်လာတာမဟုတ်မှန်း ကျွန်မသိခဲ့ရတာပါ။ နာကျင်ခံစားမှုတွေ၊ စိုးစိတ်နဲ့ တိုးတိတ်နေရတာတွေ၊ မျက်ရည်တွေနဲ့ ကြေကွဲစရာကောင်းတွေဟာ ကျွန်မသတ်မှတ်လိုတဲ့ အချစ်ရဲ့သင်္ကေတပဲ ဖြစ်တယ်။ အို… သူများတွေရော အချစ်ဆိုတာကို ဘယ်လိုသတ်မှတ်ကြသလဲကွယ်။ သူများတွေရော အချစ်နဲ့ပတ်သက်ရင် ကျွန်မလိုပဲ ခံစားကြသလား…။ ဟင့်အင်း မဟုတ်ဘူး… ကျွန်မချစ်သူဟာ ကျွန်မကို နာကျင်အောင် တမင်သက်သက် လုပ်ခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့သမားရိုးကျ မထူးဆန်းတော့တဲ့ အချစ်နဲ့ပတ်သက်တဲ့ အခြေအနေတွေကို ၀င်ရောက်ပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ ကျွန်မအပြစ်တွေပဲ ဖြစ်နေလိမ့်မလား။ ဒါပေမယ့်.. ဆိုးဝါးလွန်းလှပါတယ် အချစ်ရယ်။ ဒီအချိန်ထိ တစ်ခါမှ မချစ်ခဲ့ဖူးတဲ့ ကျွန်မလေ.. အချစ်ဆိုတာကို တစ်ကြိမ်တစ်ခါတည်းနဲ့ကို သိပ်ကြောက်သွားခဲ့တာကို သူ့ကြောင့်လို့ ကျွန်မ အပြစ်မတင်လိုခဲ့ပါဘူး။ သူ့ရဲ့ သမားရိုးကျ အယူအဆတွေ၊ လုပ်ရိုးလုပ်စဉ်တွေကို အထူးအဆန်းလုပ်ပြီး အလူးအလဲခံစားမိခဲ့တဲ့ ကျွန်မရဲ့ ရူးသွပ်မှုတွေပါ။ ဒါပေမယ့်.. ကျွန်မလေ ဒီရူးသွပ်မှုတွေကို ဆက်လက်သိမ်းထားရင်းနဲ့ပဲ သူနဲ့ကျမှ ကြုံခဲ့ဖူးတဲ့ အချစ်ရဲ့ ကြေကွဲနာကျင်မှုတွေနဲ့အတူ.. အချစ်ကို သိပ်ကြောက်သွားခဲ့ပါပြီ။ တစ်ကြိမ်တစ်ခါတည်းသာ ချစ်ခဲ့ဖူးပေမယ့် အဲ့ဒီတစ်ကြိမ်တစ်ခါကလည်း တစ်ခါဆို ဆိုသလောက် ကျွန်မကို မှတ်လောက်အောင် ပညာပေးခဲ့တာ။ တစ်ယောက်တည်းသော ယောင်္ကျားနဲ့သာ ပတ်သက်ဖူးပေမယ့်လည်း တစ်ယောက်ဆို ဆိုသလောက် ကျွန်မကို နာကျင်မှုတွေ ခံစားစေခဲ့တာပါ။ တစ်ကယ်ပါ.. ချစ်ခဲ့ဖူးတယ်ဆိုတာ ကျွန်မအတွက်တော့ အမှားတစ်ခုလို့သာ သတ်မှတ်ချင်ခဲ့ပါတယ်။

သူနဲ့ကျွန်မ ထူးထူးဆန်းဆန်းတွေ့ဆုံခဲ့ကြတာ မဟုတ်သလို၊ ကျွန်မကို အချစ်နဲ့ပတ်သက်တဲ့ ခံစားမှုတွေ ပေးနိုင်မယ့် ယောင်္ကျားတစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျွန်မဘယ်လိုမှ မတွေးခဲ့ရိုး အမှန်ပါ။ ကျွန်မစိတ်ကူးယဉ်ခဲ့ဖူးတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ ရုပ်ရည်နဲ့ အရည်အချင်းမျိုး သူ့မှာ ရှိမနေခဲ့လို မိန်းမတစ်ယောက် မက်မောလောက်တဲ့ ဥစ္စာစည်းစိမ်မျိုးလည်း သူ့မှာမပိုင်ဆိုင်ခဲ့ပါ။ များသောအားဖြင့် မိန်းကလေးတွေဟာ ချမ်းသာတဲ့ ယောင်္ကျားမျိုးကို စိတ်ကူးယဉ်တတ်ကြပေမယ့် သူကတော့ ကျွန်မနဲ့ စသိတဲ့အချိန်မှာ ကျွန်ကို ဘယ်လိုရင်ခုန်မှုမျိုးကိုမှ မပေးစွမ်းနိုင်ခဲ့ပါ။ သို့သော် သူနဲု့စတွေ့သည့်နေ့က အမှတ်မထင် သတိပြုမိခဲ့တာကတော့ သူ့လက်ချောင်းလေးများဖြစ်သည်။ ယောင်္ကျားတစ်ယောက်အနေဖြင့် အနည်းငယ်ကြမ်းတမ်းသည်ဟု ပြော၍ရသော သူ့တွင် မိန်းကလေးများပင် အရှုံးပေးလောက်အောင် သွယ်လျလှပသော လက်ချောင်းကလေးများရှိသည်။ အနုပညာသမား၏ လက်မျိုးဟု စာအုပ်များတွင် မကြာခဏ မြင်ဖူးလေ့ရှိသော ရှည်ရှည်သွယ်သွယ် လက်ကလေးများဖြစ်သည်။ လက်သည်းထိပ်ကလေးများတွင် ပန်းရောင်သန်းနေခြင်းသည်လည်း ကဗျာဆန်ကာ လှပနေသေးတော့သည်။ လက်သည်းများကို တိတိရိရိညှပ်ထားတတ်ပြီး ဖြူနုသွယ်လျသောလက်ချောင်းများနှင့် ပန်းရောင်သန်းသော လက်သည်းခွံကလေးများကို ကျွန်မ မကြာခဏ ခိုးကာ ငေးမောမိဖူးပါသည်။ သူသည် ပန်းချီဆရာတစ်ယောက်လည်း ဖြစ်သည်ဟု နောက်ပိုင်းတွင် ကျွန်မသိလာရသောအခါတွင်လည်း သူ၏ လှပသော လက်ချောင်းများနှင့် ဖန်တီးထားသော နုညံ့သည့် အနုပညာများကို ကျွန်မခံစားကြည့်ဖူးချင်ခဲ့ပါသည်။ သို့သော် ကျွန်မသည် သူ၏ အနုပညာများကို ခံစားရန် အခုချိန်ထိ အခွင့်အရေး မရှိသေးသလို သူ၏ အချစ်များကို အလုံးစုံပိုင်ဆိုင်ရန်လည်း အခွင့်အရေး မရှိသေးပါ။

သူနဲ့ကျွန်မသည် သူငယ်ချင်းတစ်ယောက်၏ မိတ်ဆက်ပေးမှုကြောင့် သိကျွမ်းခဲ့ရခြင်းဖြစ်သည်။ သူနဲ့ကျွန်မ ပိုမိုရင်းနှီးခဲ့ရသည့်အဖြစ်သည်လည်း ထိုသူငယ်ချင်း၏ မွေးနေ့ကြောင့်ဖြစ်သည်။ မမေဟုခေါ်သော သူ့သူငယ်ချင်းကို မွေးနေ့လက်ဆောင်ပေးရန် အရုပ်ရှာဝယ်သောညနေခင်းတစ်ခုကို တွေးမိတိုင်းကျွန်မ လွမ်းမောတသရှိလှပါသည်။ မမေနှင့်ကျွန်မသည် ကျောင်းနေဖက် သူငယ်ချင်းများဖြစ်ပြီး သူနှင့်မမေမှာ တစ်ရုံးတည်း အတူလုပ်သော လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြပါသည်။ သူသည် နိုင်ငံခြားမှ မကြာခင်ကမှ ပြန်ရောက်လာခြင်းဖြစ်ပြီး မမေတို့ သူဌေးနှင့်လည်း မိတ်ဆွေဖြစ်သောကြောင့် မြန်မာပြည်တွင်နေခိုက် ကူညီပေးသည့်သဘောဖြင့် အလုပ်ဝင်လုပ်နေခြင်းဖြစ်သည်။ မမေ၏ မွေးနေ့အတွက် လက်ဆောင်အဖြစ် ၀က်ဝံရုပ်ဝယ်ပေးပါဟု မမေက သူ့ကိုပူဆာသောကြောင့် သူနဲ့ ကျွန်မ အရုပ်ရှာပုံတော်ဖွင့်ခဲ့ကြခြင်းဖြစ်ပါသည်။ ထိုနေ့က သူသည် ထူးထူးခြားခြားဝတ်စားဆင်ယဉ်ထားခြင်း မရှိခဲ့သလို ကျွန်မသည်လည်း လှလှပပ၀တ်ဆင်ထားခြင်း မရှိခဲ့ပါ။ မမေ၏ မွေးနေ့ကိုသွားသည့်လမ်းတွင် လက်ဆောင်ဝင်ဝယ်ကြမည်ဟု သူကပြောသောကြောင့် သူနဲ့ကျွန်မ မွေးနေ့ပွဲအချိန်ထက် အများကြီးစော၍ ချိန်းကာ ဈေးဝယ်ထွက်ခဲ့ကြသည်။ မြေနီကုန်းကို သွားရမည်ဖြစ်သောကြောင့် သူနဲ့ကျွန်မ နှစ်ယောက်လုံးအဆင်ပြေသော ပန်းဆိုးတန်း တစ်နေရာတွင် တွေ့ဖို့ ချိန်းဆိုဖြစ်ခဲ့ကြသည်။

ထိုနေ့က သူနဲ့ကျွန်မ ပန်းဆိုးတန်းတစ်ခွင်တွင် တွေ့လေသမျှ စတိုးဆိုင်များ၊ စူပါမားကတ်များတွင် ၀င်ထွက်သွားလာပြီး ၀က်ဝံရုပ်ရှာပုံတော်ဖွင့်ကြသော်လည်း တော်တော်လေးကြာသည်အထိ စိတ်ကြိုက်မတွေ့နိုင်ပဲ ရှိခဲ့သည်။ ရှာရ ဖွေရသည်ကို စိတ်မရှည်ဟန်ရှိသောသူက “အရူးမနှယ် အရုပ်များလိုချင်ရတယ်လို့ ကလေး ကလား” ဟု ညည်းငြူခဲ့သေးသည်။ “မိန်းကလေးတိုင်းက အရုပ်ချစ်တတ်တာပဲရှင့်.. ကျွန်မဆိုလည်း သိပ်ချစ်တာ” ဟု ကျွန်မပြောတော့ ဟုတ်မှာပေါ့လေ ဟုသူကဆိုသည်။ ထို့နောက် နည်းနည်းကြာလာတော့ ကျွန်မတစ်ခုခုကို သတိရသောကြောင့် ဟာ ခနဲ တစ်ချက်အော်လိုက်သည်။ သူက ဘာဖြစ်တာတုန်း အလန့်တကြား ဟုမေးတော့ “ကျွန်မတို့က မြေနီကုန်းကို သွားမှာလေ ရှင်လည်းတုံးတယ် ကျွန်မလည်း တုံးတယ်.. အဲ့မှာများ ပေါလို့ ဂမုန်းပွင့်တို့၊ ဒဂုံစင်တာတို့၊ HOT SHOT တို့ အမလေးနော် ပန်းဆိုးတန်းတစ်ခွင်များ အလျားအနံမသိ လျှောက်လိုက်ရတာ ကျွန်မ ခြေထောက်တွေတောင် ကိုက်နေပြီ” ဟု ပြောတော့ သူကလည်း ဟုတ်သားပဲနော်ဟု ဆိုပြီး ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်ဖြစ်ကြသည်။

နောက်ပိုင်းမှာတော့ သူနဲ့ကျွန်မ သည် သူနဲ့ မမေထက်ကို ပို၍တွဲဖြစ်လာသည်။ ကျွန်မသိလာရသော သူ့အကြောင်းများသည်လည်း သူ့ကို ပိုစိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့ပါသည်။ သူသည် အနုပညာကို မြတ်နိုးသော စာများ ကဗျာများကို ချစ်ခင်သော ပန်းချီကို တန်ဘိုးထားသော ယောင်္ကျားတစ်ယောက် ဖြစ်သည်။ ကျွန်မနှင့်လည်း ၀ါသနာတူသောကြောင့် သူနဲ့ ကျွန်မ အတွဲညီညီတွဲဖြစ်ကြသည်မှာ သိပ်တော့ မဆန်းလှချေ။ ကိစ္စတစ်ခုရှိတိုင်း သူ့ကိုဂျီကျကာ ခိုင်းလေ့ရှိသော မမေ၏ ကောင်းမှုများနှင့်အတူ သူကလည်း ကျွန်မကို ပြန်အကူအညီတောင်းတတ်သောကြောင့် သူနှင့်ပိုမိုရင်းနှီးခွင့် တွေ့ဆုံခွင့်များ ရရှိလာသည်ဟုလည်း ပြောလို့ရပါသည်။ သူသည် ရည်းစားများကို မှိုလိုပေါက်အောင် ထားတတ်သော ယောင်္ကျားတစ်ယောက် ဖြစ်သည်ကိုလည်း ကျွန်မ အမှတ်မထင်သိခွင့်ရခဲ့ပါသေးသည်။

သူနှင့်တွဲသွား တွဲလာရှိတိုင်း ကျွန်မ သတိထားငေးမောမိသည်မှာ သူ၏ လက်ချောင်းများဖြစ်သည်။ ကျွန်မ သူနဲ့အတူ နေ့လည်စာ စားဖူးသည်။ ကျွန်မ သူနဲ့အတူ မနက်စာ စားဖူးသည်။ ကျွန်မ သူနဲ့အတူ အအေးဆိုင်တွင် ထိုင်ဖူးသည်။ ဘာပဲ လုပ်လုပ် သူ၏ လှပသေသပ်သော လက်ချောင်းများကို ကျွန်မ ခိုးငေးခဲ့ရဖူးသည်သာ။ ဥပမာ သူ ရွှေတောင်ခေါက်ဆွဲစားသော အချိန်တွင် တူကိုကိုင်တွယ်သော လက်ချောင်းကလေးများသည် သူဝါသနာပါသော အနုပညာများအတိုင်း လှပပြီး အနုပညာမြောက်ပါသည်။ သူ အအေးသောက်သော အချိန်တွင် ပိုက်ကို ကိုင်ထားသော လက်နုနုကလေးများသည် တစ်မျိုးလေးကြည့်ကောင်းပါသည်။ ကျွန်မသည် ထိုစဉ်အချိန်တုန်းက သူ၏လက်ချောင်းများကို မက်မောခဲ့ဖူးသည် မှန်သော်လည်း သူ့ကို ချစ်စိတ်ဖြင့် အနည်းငယ်မျှ တိမ်းညွတ်ခြင်း မဖြစ်ခဲ့ဖူးပါ။ သူ့လက်ချောင်းများ လှကြောင်းကိုလည်း သူ့ကိုတစ်ခါမျှ မပြောပြဖြစ်ခဲ့ပါ။ နောက်ပိုင်း သူကျွန်မကို ချစ်ရေးဆိုလာသော အချိန်တွင်မှ လက်ချောင်းများကို သတိရကာ ရုတ်တရက် ချစ်စိတ်ဝင်ခဲ့ခြင်းသာ ဖြစ်သည်။

သူနိုင်ငံခြားကို ပြန်ရတော့မည်ဆိုတော့ ကျွန်မ ၀မ်းနည်းစိတ်ကလေးဝင်ခဲ့ဖူးသည်။ ကျွန်မသည်သူ့ကို သူငယ်ချင်းတစ်ယောက်အဖြစ် အတော်လေးကို ခင်ခင်မင်မင်ရှိခဲ့ပါသည်။ သူကလည်း ကျွန်မကို ညီမတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို သဘောထားပြီး ကျွန်မအကူအညီလိုလျှင်လည်း တတ်အားသရွေ့ကူညီတတ်သည်။ အတူသွား အတူစားခဲ့ဖူးသည်များလည်း ရှိသောကြောင့် သံယောဇဉ်ကလည်းရှိသည်။ သူ့အလုပ်ကိစ္စ၊ ကျောင်းဆက်တက်ဖို့ ကိစ္စကြောင့် နိုင်ငံခြားကို ပြန်ထွက်မည်ဆိုသောအခါ မမေရော ကျွန်မပါ စိတ်မကောင်းဖြစ်ရသည်။ သို့သော် တစ်ဘက်ကလည်း ကိုယ့်သူငယ်ချင်း တစ်ယောက်ဘ၀တိုးတက်ရေးအတွက် လုပ်တာပဲလေဆိုသောစိတ်ကြောင့် ၀မ်းသာကြည်နူးရပါသည်။

“အင်တာနက် ခေတ်ကြီးမှာဗျာ.. ကျွန်တော်တို့ အွန်လိုင်းမှာ တွေ့လို့ ရသားပဲဗျ.. ဂျီတော့ပေါ်မှာ တွေ့ကြမယ်လေ.. ခင်ဗျားလည်း အင်တာနက်ကို နေ့တိုင်းသုံးနေတာပဲဟာ.”

“ဟုတ်ပါတယ်.. ကျွန်မတို့ လူချင်းမတွေ့ရတာကလွဲလို့ နေ့တိုင်းတွေ့နေနိုင်တာပဲ.. ဒါပေမယ့်လည်း ၀မ်းနည်းတာပေါ့”

“ဒါဆိုလည်း ကျွန်တော့ အထုပ်တွေထဲဝင်ပြီး လိုက်ခဲ့ဗျ.. ကျွန်တော် ကာစတမ်မှာ ခင်ဗျားကို ထားခဲ့မယ်” လို့ပြောတော့ ကျွန်မက “တော်တော်စေတနာရှိတယ်..” ဆိုကာ သူနိုင်ငံခြားပြန်မထွက်ခင်လေး စကားတွေ အများကြီး ပြောဖြစ်ကြသည်။

တစ်ကယ်လည်းကျွန်မတို့ အွန်လိုင်းပေါ်တွင် တွေ့ဖြစ်ခဲ့ကြပါသည်။ အရင်ကထက် စကားတွေ အများကြီး ပြောဖြစ်ကြသည်။ မြန်မာပြည်အကြောင်း စင်ကာပူအကြောင်းတွေ နေ့စဉ်ရက်ဆက်ပြောကာ ကျွန်မကိုလည်း သူရှိရာ စင်ကာပူသို့ ကျောင်းလာတက်ရန် ပြောသည်။ သူလည်း စင်ကာပူတွင် ကျောင်းကိစ္စများ အလုပ်ကိစ္စများဖြင့် အလုပ်များလိုက်၊ ကျွန်မလည်း မြန်မာပြည်တွင် ကျောင်းကိစ္စများ အလုပ်ကိစ္စများနှင့် အလုပ်များလိုက်ဖြင့် ကျွန်မတို့နှစ်ယောက်သည် အားနေသောအချိန်နည်းနည်းလေးများတွင် ဂျီတော့ပေါ်တွင် စကားပြောရင်း ရင်းနှီးမှု ပိုလာခဲ့သလို ခံစားရသည်။

တစ်ရက်… အဲ့ဒီရက်က ကျွန်မ အလွန်အလုပ်များသော နေ့ဖြစ်သည်။ ခါတိုင်းနေ့တွေလည်း ကျွန်မအလုပ်များနေကျ ဖြစ်သည်။ သူကတော့ မင်းဒီလိုသာအလုပ်များနေလို့ကတော့ ဘယ်တော့မှ ရည်းစားရမှာ မဟုတ်ဘူးလို့ အမြဲစနောက် နေကျဖြစ်သည်။ ထိုရက်ကတော့ ကျွန်မ ပိုအလုပ်များနေခဲ့သည် ထင်သည်။ သူ ဂျီတော့မှာ စကားလာပြောလည်း အင်း အဲ လောက်သာပြန်ပြောနိုင်သည်။ ညနေပိုင်းအလုပ်ဆင်းချိန်တွင် ကျွန်မ ကျောင်းတက်ရသည်။ ရုံးဆင်းချိန်ရောက်၍ ကွန်ပျူတာပိတ်၊ ကျောင်းသွားရန် ပြင်နေတုန်း သူ ကျွန်မကို ဂျီတော့မှ လှမ်းခေါ်သည်။

“နေပါအုံး ကျွန်တော် ပြောစရာရှိလို့”
“အင်း မြန်မြန်ပြော.. ကျွန်မ ကျောင်းနောက်ကျတော့မယ်”
“အင်း.. ကျွန်တော် တစ်မျိုးကြီး ဖြစ်နေတယ်.. ဒီရက်ပိုင်း ခင်ဗျားကို အရမ်းသတိတွေ ရနေတယ်”
“လွမ်းတယ်ပေါ့လေ.. ဘာဖြစ်လို့လဲ အကြွေးရစရာလည်း မရှိပါလား”
“မနောက်နဲ့ဗျ.. ဟို သီချင်းကိုလည်း နေ့တိုင်းနားထောင်ဖြစ်တယ်.. မင်းသိပါတယ် Rဇာနည်လေ.. ရေမြေခြားသွားရတော့ မင်းလေးကို ထားခဲ့ရပြီပေါ့ ဆိုတာ”
“အဲ့ဒါ ဘာဖြစ်တုန်း”
“ကျွန်တော် ခင်ဗျားကို ချစ်နေတယ် ထင်တယ်”
“အယ် သတိရတာလေးနဲ့များ ချစ်တယ် ထင်စရာလား.. ကျွန်မဆို သူငယ်ချင်းတွေကို နေ့တိုင်းသတိရတာ”
“ဟုတ်ပါတယ် ကျွန်တော် ခင်ဗျားကို ချစ်နေတာပါ.. ကျွန်တော် မချစ်တတ်တော့ဘူးထင်တာ”
“ဘာလို့ မချစ်တတ်တော့ဘူးလို့ ကိုယ့်ဟာကိုယ် ထင်ရတာလဲ”
“ကျွန်တော့ရင်ထဲမှာ အချစ်မရှိတာကြာပြီ.. ခုမှ ဘာလို့ ပြန်ချစ်တတ်လာတာလဲ မသိဘူး”
“အဲ့ဒီတော့ ကျွန်မက ဘာလုပ်ပေးရမှာလဲ”
“ကျွန်တော်ပြောမယ်ဗျ.. လှေနံနှက်ဘက်နင်းမယ်ဆိုရင် ကျုပ်ဘက်ကို ရဲရဲနင်းလိုက်စမ်းပါ”
“ဟား ဟား ဟား………ရှင်က လူလည်ပဲ”

အသက် နှစ်ဆယ့်လေးနှစ် အရွယ်ထိ ဘယ်ယောင်္ကျားကိုမှ ရင်မခုန်ခဲ့ဖူးသော၊ အချစ်ဆိုတာကို မခံစားတတ်ခဲ့သောကျွန်မသည် ပြင်ပလောကတွင်သာမက၊ အွန်လိုင်းပေါ်တွင် ရည်းစားစကားပြောခြင်းပေါင်း မြောက်မြားစွာကိုလည်း ခံခဲ့ရဖူးသည်။ ထိုကဲ့သို့ အပြောခံရတိုင်းလည်း block လုပ်ပစ်ခဲ့သည်ချည်း။ လျစ်လျူရှုခဲ့သည်ချည်း။ သူ ပြောလာတော့ ကျွန်မ ရင်တွေ တဒိတ်ဒိတ်ခုန်နေသည်။ ဘာကြောင့်လဲ။ ရင်ခုန်တာ အချစ်လား။ သူနဲ့စကားပြောလို့ ပျော်နေမိတာ အချစ်လား။ သူ့လက်ချောင်းကလေးများကို သတိရနေတတ်တာ အချစ်လား။ ကျွန်မ မသိပါ။ ကျွန်မ အချစ်ကို အဓိပ္ပာယ်မဖွင့်ဆိုတတ်ပါ။ နောက်တစ်ခုက သူနဲ့ ကျွန်မနဲ့ ခင်သည်သာဆိုသော်လည်း ကျွန်မ သူ့အကြောင်းကို သေချာမသိပါ။ သူသည် ပန်းချီဆွဲသည်။ စင်ကာပူတွင် Web Design နှင့်ပတ်သက်သော ဒီပလိုမာတစ်ခု တက်နေသည်။ အားလပ်သောအချိန်များတွင် စာရေးသည်။ ရည်းစားတွေ အများကြီးထားဖူးသည်။ စကားကို ခပ်ပြတ်ပြတ်နှင့် ခပ်ရင့်ရင့် ပြောတတ်သည်။ အတ္တနည်းနည်းကြီးသည်.. စသောအကြောင်းများသည် ကျွန်မသိခဲ့သမျှ သူ့အကြောင်းအကုန်သာဖြစ်သည်။ စင်ကာပူတွင် သူနဲ့ရော ကျွန်မနဲ့ပါ ခင်သည့် သူငယ်ချင်းများလည်းရှိသည်။ သူတို့ထံမှ သူ့အကြောင်းများကို ကြားရတတ်သမျှသည်လည်း သူ အရက်သောက်ပြီး ဒီဇိုင်းဆွဲသော အကြောင်းများသာ ဖြစ်သည်။ ထိုနေ့က ကျွန်မသူ့ကို ” ရှင် မူးနေသလားဟင်.. မူးလို့ ကျွန်မကို ဒီစကား လာပြောတာလားဟင်” ဟု မေးခဲ့သော်လည်း ‘အမလေးဗျာ ကျုပ်မှာ မူးဖို့မဆိုထားနဲ့ ခင်ဗျားကို ရည်းစားစကားပြောရတာ ရင်တွေလည်းခုန် လက်တွေလည်း တုန်လို့ဗျ” ဟု ဆိုသည်။ “ကျွန်တော်ကလေ မင်း တော်တာ ထက်တာကို သိပ်သဘောကျတယ်၊ ပြီးတော့ မင်းက မင်းရောက်နေတဲ့အသက်ထက်ကို ပိုရင့်ကျက်တယ်” ဆိုသောစကားများ ကျွန်မကို အရင်တုန်းက မကြာခဏ ပြောခဲ့ဖူးသော်လည်း ရင်ခုန်ရကောင်းမှန်း ကျွန်မ မသိခဲ့ပါ။ သူ ကျွန်မကို ချစ်တာ တစ်ကယ်ကောဟုတ်ရဲ့လားဆိုသည်ကိုလည်း ကျွန်မ သေချာ မဆန်းစစ်ခဲ့ပါ။ ယုတ်စွအဆုံး သူ့ နောက်ကြောင်း၊ သူ့စာရိတ္တ အို.. ဘယ်အရာကိုမှ ကျွန်မ လှန်လှောကြည့်ရှုခြင်း မပြုခဲ့ပါ။ သို့သော် ကျွန်မသူ့ကို သေသေချာချာချစ်သွားခဲ့ပါသည်။

ဒီလိုနဲ့ ကျွန်မတို့ ချစ်သူဖြစ်သွားခဲ့သည်။ ချစ်တတ်သွားသော မိန်းကလေးတစ်ယောက်ရဲ့ နေရာမှာ ရှင်တို့ဝင်ရောက် ခံစားကြည့်ကြဖူးပါသလား။ နိုးထလာသော နေ့သစ်တိုင်းတို့သည် ပိုမိုလှပနေတတ်သလို၊ လုပ်သမျှအရာရာတိုင်းသည်လည်း အဓိပ္ပာယ်ပိုရှိလာကြသည်။ ချစ်သူယောင်္ကျားလေးများ၏ ချိုအီသော စကားပန်းပွင့်များသည် အဆိပ်များပင် ဖြစ်စေဦးတော့ မိုက်မိုက်မဲမဲ နမ်းရှုလိုတတ်ကြသည်။ အချစ်ဖြင့်နှောသော နေ့ရက်တိုင်းတို့သည် ရင်ခုန်ဖွယ် အတိဖြစ်နေသည်သာမက လွမ်းရသည့်အချိန်များသည် အချစ်ကို ပိုမိုနိုးထစေတတ်သည်။ ကျွန်မလည်း သူ့ကို လွမ်းပါသည်။ မတွေ့ရသော အချိန်များတွင်လည်း တမ်းတရင်းလွမ်းသည်။ စကားပြောနေရသော အချိန်များတွင် တွေ့ချင်စိတ်ဖြင့် လွမ်းသည်။ အီးမေလ်းဖတ်နေရသော အချိန်များတွင် မျက်ရည်စတို့ဖြင့် လွမ်းသည်။ လွမ်းရသော အရသာသည် တစ်နုံ့နုံ့နှင့် တစ်သသရှိလှပါသည်။

ချစ်သူဖြစ်ပြီးနောက်ပိုင်းမှ ကျွန်မ သူ့စိတ်ကို ပိုမိုနားလည်လာရသည်။ သူ့အကြောင်းများကို ပိုသိခဲ့ရသည်။ အတ္တကြီးသည်ဟု ထင်ရသောသူသည် အတ္တနှင့် မာန၏နောက်ကွယ်တွင် အားငယ်တတ်သော မသိစိတ်တစ်ခု တွယ်ငြိနေတတ်သည်။ ခက်ထန်သော သူ့တွင် ပျော့ညံ့သော အသဲနှလုံးရှိသည်။ သူသည် ဘ၀ကို တစ်ယောက်တည်း ဖြတ်သန်းခဲ့ရခြင်းက များသည်။ သူ့တွင် နေရာတိုင်း အနိုင်ယူလိုစိတ်ရှိသည်။ အရာရာကို အောင်မြင်လိုစိတ်ရှိသည်။ ကိုယ့်ဒူးကိုယ်ချွန် သမားများတွင် ရှိတတ်သောစိတ်ဓါတ်များအတိုင်း မာနကို နည်းနည်းမှ ထိခိုက်မခံလိုသော စိတ်ရှိသည်။ အဆုံးတွင် သူသည် တော်သော ထက်သော ယောင်္ကျားတစ်ယောက် ဖြစ်ပါသည်။ သို့သော် တော်သောယောင်္ကျားများတွင် ရှိနေတတ်သော အားနည်းချက်များကိုလည်း ကျွန်မ အသေအချာမြင်တွေ့ခဲ့သည်။ သူသည် အမှတ်တရနေ့ရက်များကိုလည်း အမှတ်မထားရှိတတ်သည်။ ကျွန်မ၏ မွေးနေ့တွင်ပင် ကျွန်မကို ၀တ်ကျေ တန်းကျေ wish လေးတောင် မလုပ်ဖူးသူဖြစ်သည်။ နိုင်ငံတကာမှ ကျွန်မ၏ သူငယ်ချင်းများက ကျွန်မကို အွန်လိုင်းပေါ်ကတစ်မျိုး၊ ဖုန်းခေါ်၍တစ်ဖုံ၊ လူကိုယ်တိုင်က တစ်သွယ် ဆုတောင်းပေးကြသော်လည်း သူကတော့ လျစ်လျူရှုနိုင်လွန်းခဲ့သည်။ ကျွန်မ သူ့ကို ပေးဆပ်ချင်ခဲ့ပါသည်။ သူလိုအပ်သော အရာများကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်ခဲ့သည်။ ဖြည့်ဆည်းပေးနိုင်အောင်လည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သူ့ကို နားလည်သည်ထက် ပိုနားလည်အောင်လည်း နေထိုင်ခဲ့သည်။ မိန်းကလေးများနှင့် ရှုပ်ထွေးပွေလီ နေထိုင်ခဲ့ခြင်းကို အပြစ်ဟု မမြင်ခဲ့သူလည်း ဖြစ်သည်။ မိန်းမတစ်ယောက်တွင် ရှိတတ်သော ဦးစားပေးခံချင်စိတ်များ၊ ဂရုစိုက်ခံချင်စိတ်များကို သူ၏ အတ္တကြီးမှုနှင့် လိုက်လျောညီထွေဖြစ်စေရန် အတတ်နိုင်ဆုံး ချိုးနှိမ်ခဲ့သည်။

သူရော ကျွန်မပါ တူညီသည့်အချက်တစ်ခုမှာ အင်မတန် အလုပ်များကြခြင်းဖြစ်သည်။ စကားတွေ ပြောနေရင်းနဲ့လည်း ကျွန်မက “ကိုရေ.. မီတင်ရှိလို့၊ GM ခေါ်နေလို့၊ အလုပ်ကိစ္စနဲ့ အပြင်ထွက်ရအုံးမယ်နော်.. ပြန်လာမယ်နော်” ဆိုသည့် ကိစ္စများ ပေါ်လာတတ်သလို့ သူ့တွင်လည်း.. “မနက်ဖြန် ဒီဇိုင်းတစ်ခု အပ်စရာရှိလို့၊ tutorial လုပ်စရာရှိလို့၊ အွန်လိုင်းပေါ်မှာ စာဖတ်နေလို့” ဆိုသည့် ကိစ္စများကလည်း အများသားဖြစ်သည်။ သို့သော် ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အတတ်နိုင်ဆုံး နားလည်ပေးခဲ့ကြသည်။ “ခင်ဗျားလေး.. business management တွေချည်း လုပ်မနေနဲ့ အချစ် management လည်း တတ်အောင် လုပ်အုံးဗျ” ဟု တစ်ခါ တစ်ရံ ပြောသော အခါများတွင် “ကိုက manage လုပ်စရာ မလိုပါဘူးကွယ်.. နောက်ပြီး အချစ်နဲ့ ပတ်သက်ရင် ကျွန်မ ရှင့်ဆီက သင်စရာတွေ အများသားကို” ဟု ပြန်ပြောရသည်။ တစ်ကယ်လည်း ရည်းစား မထားဘူးသော ကျွန်မသည် အချစ်ကို အချစ်ဟုသာ သိမြင်ခဲ့ပြီး အချစ်၏ နောက်ဆက်တွဲ ကိစ္စရပ်များနှင့် ယောင်္ကျားတို့၏ သဘောသဘာဝများကို မသိမြင်နိုင်ခဲ့ပါ။ ချစ်နေရုံဖြင့်ပြီးသည်ဟု နားလည်ထားခဲ့သော ကျွန်မတွင် ချစ်သူရည်းစားများကို ဘယ်လိုထိမ်းချုပ်ရမလဲဆိုသော နည်းလမ်းများကိုလည်း မတွေးတောဖူးခဲ့ပါ။ သူချစ် ကိုယ်ချစ် နှစ်ယောက်ချစ်လျှင် အရာရာသည် ပြည့်စုံ လှပသည်ဟုထင်မြင်ခဲ့ပါသည်။ ထို့ပြင် ကျွန်မသည် လွတ်လပ်စွာ နေတတ်သလို သူ့ကိုလည်း လွတ်လပ်စွာသာ နေစေလိုသည်။ အများသူငှာ လုပ်လေ့ရှိကြသော အီးမေလ်း password များ အပြန်အလှန်ပေးထားသည့် အဖြစ်မျိုး ကျွန်မတို့ နှစ်ယောက်ကြားတွင် မရှိခဲ့ပါ။ သို့သော် ကျွန်မ ပျော်ပါသည်။ အချစ်ကြောင့် ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်းများနှင့် ကြည်နူးခြင်းများကို ကျွန်မ စတင်ခံစားရပါသည်။

“ချစ်နဲ့..ကို ချစ်ကြတာ ဘယ်သူမှ မသိစေနဲ့နော်. နှစ်ယောက်ထဲ တိတ်တိတ်လေးပဲ ချစ်ကြမယ်နော်” လို့ ပြောတုန်းက ကျွန်မ သူ့ကို နည်းနည်းတော့ နားမလည်ဖြစ်ခဲ့သည်။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတာ အဆန်းမှ မဟုတ်တာ။ ကျွန်မအတွက်လည်း သူနဲ့ ချစ်ရသည်မှာ သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ခု ဖြစ်စရာ အကြောင်းမရှိခဲ့သလို၊ သူ့အတွက် ကျွန်မကို ချစ်ရခြင်းသည် ဖုံးကွယ်စရာအကြောင်းတစ်ခု ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းမရှိပါ။ သို့သော် အဘယ်အတွက်ကြောင့် ထိုသို့ပြောရခြင်းကို ကျွန်မ နားမလည်နိုင်ခဲ့ပါ။ သူ့ကိုလည်း မေးခွန်းမထုတ်ဖြစ်ခဲ့ပါ။ ကျွန်မ သူ့စကားကို နားထောင်ကာ သူ့သဘောကျ အလိုက်အထိုက်သာ နေပေးခဲ့ပါသည်။ ဒီလိုနဲ့ ရက်တွေနည်းနည်းကြာလာတော့ ကျွန်မ စာမေးပွဲတစ်ခုဖြေဖို့ ရုံးမှ ဆယ်ရက်လောက်ခွင့်ယူရသည်။ သူ့ကို အွန်လိုင်းမှာ မတွေ့ရင်တောင် မနေတတ်သော ကျွန်မအတွက် ထို ဆယ်ရက်ဆိုသော အချိန်ကို စာထဲစိတ်နှစ်ရင်းသာ ကြိုးစားဖြတ်သန်းရမည်ဖြစ်သည်။ “အဟားးးးးးး ကိုယ်တော့ လွတ်လပ်ရေး ရတာပဲကွ.. ဆယ်ရက်ကြီးများတောင်” လို့ သူပြောတော့ “ကျွန်မ ကို့ကို ဘာတွေများ ချုပ်ခြယ်ခဲ့လို့ အဲ့လို ပြောရတာလဲဟင်..ကျွန်မရှိနေလို့ ကို စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး ရှိခဲ့ဖူးလား” ဟု ကျွန်မ မေးခဲ့သည်။ “ဘာရယ် မဟုတ်ပါဘူး ချစ်ရယ်.. ကို က လွမ်းနေရမှာ.. ချစ် ကို့ကို နေ့တိုင်းသတိရနေနော်.. တစ်ခါ တစ်လေ အွန်လိုင်းလေး ဘာလေး တက်ခဲ့အုံးနော်” ဟု အထပ်ထပ်မှာတော့ ကျွန်မ သံသယစိတ်များ လျော့ပါးသွားရသည်။

တစ်ကယ်တမ်းကျတော့ ကျွန်မထိုရက်များတွင် စာမေးပွဲဆိုသော စိုးထိတ်စိတ်များ၊ လူတိုင်းတွင်ရှိနေတတ်သော ကြောက်စိတ်များဖြင့် စာများကိုကြိုးစားကျက်မှတ်ရင်း သူ့ကို မေ့မေ့ပျောက်ပျောက်ရှိနေခဲ့သည်။ စာမေးပွဲ နောက်ဆုံးရက်တွင်တော့ ကျွန်မ သူ့ကို ပြင်းပြင်းထန်ထန် သတိရကာ ဖြေပြီးပြီးချင်း အင်တာနက်ချိတ်ထားသော ကျွန်မ သူငယ်ချင်းအိမ်ကိုပြေးကာ ကျွန်မ အွန်လိုင်းတက်ရသည်။ သူ့ကို တွေ့သည်။ အွန်လိုင်းတက်ထားရင်း သူ ကျွန်မကို မြင်ကာ ခေါ်မည့်အချိန်ကို စောင့်ရသည်။ ကျွန်မတို့နှစ်ယောက်ကြားတွင် ကျွန်မကစခေါ်ရသည်မျိုး ကျွန်မ ဘယ်တော့မှ မလုပ်ဖြစ်ခဲ့ပါ။ သူ ခေါ်သောအချိန်ကိုသာ ကျွန်မ အမြဲစောင့်ဖြစ်သည်။ သတ်မှတ်ချက်တစ်ခု မဟုတ်သော်လည်း ကျွန်မ အားနေသောအချိန်များ၊ ကျွန်မ သူ့ကို စကားပြောချင်သောအချိန်များတွင် သူ အလုပ်များဖြင့် ရှုပ်ရှက်ခပ်နေမှာကို စိုးသောကြောင့် သူ့ အခေါ်ကိုသာ ကျွန်မ စောင့်ခဲ့သည်ကများသည်။ ကျွန်မသည် ကျွန်မအတွက်ကြောင့် သူ အလုပ်ပျက်သွားမှာ၊ သူ အာရုံစိုက်နေသော အရာတစ်ခု ပျက်သွားမှာကိုတောင် မလိုလားခဲ့သူ ဖြစ်သည်။ ခဏ စောင့်လိုက်တော့ သူ ကျွန်မကို စခေါ်တော့သည်။ စာမေးပွဲအကြောင်းတွေလည်းပြော အလွမ်းတွေလည်းသယ်ရင်း ကျွန်မတို့ စကားတွေအကြာကြီးပြောခဲ့ကြသည်။ ထိုနေ့ရက်များတွင် ကျွန်မ သဘောပေါက်ခဲ့သည်က ကျွန်မသည် သူ့ကို ရင်ထဲ အသဲထဲကကို နက်နက်ရှိုင်းရှိုင်း ချစ်မိနေပြီ ဆိုတာဖြစ်သည်။ ကျွန်မ သူနဲ့တွေ့ဖို့ ဒီထက်မက ပိုကြိုးစားရမည်ဆိုသည့် အသိစိတ်လည်း ၀င်ခဲ့သည်။ ကျွန်မ နိုင်ငံခြားတက္ကသိုလ်တစ်ခုကို ၀င်အောင်ကြိုးစားရမည်။ သို့မှသာ သူရှိသော နေရာသို့လိုက်သွားနိုင်ပြီး သူနဲ့ ကျွန်မ နီးနီးစပ်စပ်နေနိုင်မည်ဖြစ်သည်။

စာမေးပွဲတွေပြီးလို့ ရုံးပြန်တက်ရတော့ ကျွန်မကို ရုံးက ခရီးတစ်ခုလွှတ်ဖို့ပြင်သည်။ အလုပ်ကိစ္စဖြင့် မန္တလေးကို ဆယ်ရက်ခန့်သွားရမည်ဆိုတော့ ကျွန်မ အတော်ကိုငိုချင်သွားသည်။ စာမေးပွဲတောက်လျှောက် တော်တော်ပင်ပန်းလာတာ နားရမယ်မကြံသေးဘူး ခရီးကထွက်ရအုံးမည်။ ခရီးထွက်နေသည့်တောက်လျှောက်လည်း ကျွန်မ သူ့နဲ့ ဝေးနေရအုံးမည်။ ဒီလိုနဲ့ ကျွန်မ စိတ်မပါတစ်ပါဖြင့် ခရီးထွက်ရသည်။ မန္တလေးတွင် အလုပ်ကိစ္စများ၊ တစ်ခြားကိစ္စများဖြင့် အလုပ်များကာ ကျွန်မ သူ့ကိုလည်း သတိရလိုက်၊ မရလိုက်ဖြင့် လုံးချာလည်နေခဲ့သည်။ တစ်ညနေတွင်တော့ ကျွန်မ တော်တော်လေး အားနေသောကြောင့် ကျွန်မတည်းနေသော ဟိုတယ်ရှိ ဆိုက်ဘာကဖေးမှ ဂျီတော့ပေါ်တက်ဖြစ်ခဲ့သည်။ ကျွန်မ၏ ဂျီတော့တွင် သူနဲ့ရော ကျွန်မနဲ့ပါ သိသော သူငယ်ချင်းများ များစွာရှိသည်။ ထိုနေ့က ကျွန်မ အွန်လိုင်းတက်တက်ချင်း မိန်းမ တစ်ယောက်နဲ့ သူ တင်ထားသောမက်ဆေ့ခ်ျတစ်ခု တိုက်ဆိုင်လွန်းနေ၍ အထိတ်တလန့် ဖြစ်ခဲ့ရသည်။ မက်ဆေ့ခ်ျ တစ်ခုတည်းသာမဟုတ်ပဲ တစ်ယောက်ပြောင်းတိုင်း နောက်တစ်ယောက်ကပါ လိုက်ပြောင်းနေတာကို ကျွန်မ သတိထားမိသည်။ သူက “အရက်မူးနေတယ်” လို့ တင်ထားသောအခါ ထိုအမျိုးသမီးက “အရက်သမားကို ချစ်သူလုပ်ချင်တယ်” ဆိုသာ စာသားများလိုက်ပြောင်းသည်။ သူက “ကော်နက်ရှင်တွေ စုတ်နေတယ်ဗျာ” ဟု ပြောင်းရေးသောအခါ ထိုအမျိုးသမီးက “အချစ်နဲ့ စကားပြောရတာ ကော်နက်ရှင်ကြောင့် အဆင်မပြေဘူး” ဟု ပြောင်းတင်သည်။ ဘုရားရေ.. ဘာတွေ ဖြစ်ကုန်ပြီလဲ။ ကျွန်မ စာမေးပွဲဖြေနေသောရက်များ၊ ကျွန်မ ခရီးထွက်နေသော ရက်တွေမှာ အွန်လိုင်းပေါ်မှာ ဘယ်သူတွေ ဘာဖြစ်ကုန်ကြပြီလဲ။ သူ.. သူကကော ဘာတွေ ဖြစ်သွားပြီလဲ။ ခါတိုင်း ကျွန်မနဲ့ ခင်ခင်မင်မင်နေခဲ့သော ဟိုအမျိုးသမီးကကော ဘယ်လိုစိတ်ကူးတွေပေါက်ပြီး ဘာတွေ ဖြစ်နေတာလဲ။ ကျွန်မရင်ထဲ အဖြေရှာမရသော မေးခွန်းများဖြင့် တစ်လှပ်လှပ်ဖြစ်နေပြီး ဒေါသလည်း အနည်းငယ်ထွက်မိသည်။ ကျွန်မအွန်လိုင်းတက်လာတာကိုတောင် မမြင်ရအောင် သူ.. ဘာတွေများ ဒီလောက်ဖြစ်နေရတာလဲ။ နောက်ဆုံးတော့ ကျွန်မ သူ့ကို စခေါ်လိုက်ရသည်။

“ကျွန်မ ရှိနေတယ်”
“ချစ်… ဘယ်တုန်းက ရောက်လာတာလဲ.. ကို မသိလိုက်မိဘူး”
“ခုနလေးတင်ပါ.. မေးစရာရှိတယ်.. မေးလို့ဖြစ်လား.. ကို”
“ဖြစ်တာပေါ့.. ချစ် ဘာမေးချင်လည်း ပြော”
“ကိုနဲ့ မသက်ထား ဘာတွေ ဖြစ်နေကြတာတုန်း.. ကျွန်မ မရှိတဲ့ အခိုက်တွေမှာ ဘာတွေ ပြောင်းလဲနေကြပြီတုန်း.. ကိုတို့နှစ်ယောက် တင်ထားတဲ့ စတေးတပ်မက်ဆေ့ခ်ျတွေ တိုက်ဆိုင်လွန်းမနေဘူးလား..”
“ကို.. ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး.. သူက ကိုယ့်ကို ချစ်နေလို့တဲ့.. စကားတွေ လာပြောနေတယ်.. ချစ်လည်း သူ့အကြောင်း သိသားပဲ.. သူက ကောင်လေးတိုင်းကို သူ့ရည်းစားဖြစ်ချင်နေတာလေ.. ကိုယ် ဘာမှ မလုပ်ပါဘူး ချစ်ရဲ့”
“မိန်းမ တစ်ယောက်ကို အဲ့လို မပြောပါနဲ့.. သူ့ဟာသူ ဘာဖြစ်ဖြစ်… ကိုက လိုက်ဖြစ်နေစရာ မလိုဘူးလေ”
“ကို မဖြစ်ပါဘူး.. ကို သူ့ကို စကားတောင် ပြန်မပြောဘူး.. မင်းက မသင်္ကာဖြစ်နေတာလား.. ကျုပ်ဘာမှ မလုပ်ဘူးနော်”
“မင်္သကာ မဖြစ်ပါဘူး.. ဒါပေမယ့် သူနဲ့ ဝေးဝေးနေ.. ဖြစ်နိုင်ရင် block လုပ်ထားလိုက်.. သူက ဇွတ်ကြီး လုပ်တတ်တာ ရှင်လည်း သိတယ်နော်”
“ကိုယ့်ကို မသင်္ကာ မဖြစ်နဲ့.. ကိုယ်ဘာမှ မလုပ်ဘူး.. မင်းလည်း စိတ်ထဲ ဘာမှ ထည့်မထားနဲ့..”
“ဒါပေမယ့် ကျွန်မစိုးရိမ်တယ်.. သူဘာပြောပြော ပြန်မပြောပါနဲ့.. ဘာ response မှ မလုပ်နဲ့.. ကြားလား”
“ကိုယ် ဘာမှ မလုပ်ဘူးကွာ.. သူ ဘာကြောင့် ဒီလိုဖြစ်သွားတယ်ဆိုတာ ကိုလည်း မသိဘူး.. သူ့မှာ ရည်းစားတွေ အများကြီးရှိတာ ကိုယ်လည်းအသိ.. မင်းလည်း သိနေတာပဲ.. ကိုယ့်ဘက်ကို ဘာလို့လှည့်လာတာလဲ မသိဘူး”

ထိုနေ့အဖို့ ကျွန်မ ဘာဆို ဘာမှ မလုပ်နိုင်တော့ပါ။ ကျွန်မရင်ထဲတွင် စိုးထိတ်စိတ်များနှင့် သူ့ကို စိတ်မချသည့်စိတ်များက ၀င်ရောက်နေရာယူနေသည်။ ကျွန်မသူ့ကို ယုံပါသည်။ သို့သော် ပတ်ဝန်းကျင်နှင့် ကံကြမ္မာကို မယုံပါ။ ကျွန်မ သူ့ကို အခုလိုမေးလိုက်မိခြင်းက သူ့ အပေါ်မှာ သံသယရှိနေလို့လည်း မဟုတ်ပါ။ သူ့ကို မယုံလို့လည်း မဟုတ်ပါ။ သူ့ကို မိန်းကလေးများနှင့် ရှုပ်သည်ဟူသော နာမည်မထွက်စေချင်ခဲ့သောကြောင့်ဖြစ်သည်။ အခြားတစ်ဘက်တွင်လည်း ကျွန်မသည် ယောင်္ကျားများ၏ သဘောသဘာဝကို အနည်းငယ်သဘောပေါက်ထားသည်။ အွန်လိုင်းပေါ်တွင် ဆိုသော်လည်း အခွင့်အရေးပေးလျှင် လေလေးနဲ့ပဲဖြစ်ဖြစ် ယူချင်တတ်ကြသည်မှာ ယောင်္ကျားများ၏ သဘောသဘာဝဖြစ်သည်။ သူလည်း ယောက်ျားများထဲမှ ယောင်္ကျားတစ်ယောက်ဖြစ်နေသောကြောင့် တစ်ကယ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နည်းနည်းတော့ မပါသွားနိုင်ဘူးလို့ မပြောနိုင်ဘူးလား။ ဒီလိုဖြစ်နေခဲ့ရင်တော့ ကျွန်မ နားလည်ပေးနိုင်ရမည်ဖြစ်သည်။ သို့သော် အခြားတစ်ဘက်ကလည်း ချစ်သူကို ဆုံးရှုံးရမှာ ကျွန်မ ကြောက်ပါသည်။ အပျက် အပျက်နဲ့ နှာခေါင်းသွေးထွက်ရမည့် အဖြစ်မျိုး သူ့ကိုရော ကျွန်မတွင်ပါ မဖြစ်စေချင်ပါ။ ယောင်္ကျားများနှင့် အတတ်နိုင်ဆုံး ကင်းကင်းရှင်းရှင်းနေသော ကျွန်မသည် သူ့ကိုလည်း မိန်းကလေးများနှင့် ခင်မင်မှုထက်ပိုသော ဆက်ဆံရေးများ မဖြစ်စေချင်ပါ။ အချစ်သည် ကျွန်မအား စိုးရိမ်ပူပန်စိတ်များကို စတင်ဖြစ်ပေါ်စေခဲ့ပါပြီ။

နောက်ရက်တွေမှာတော့ ကျွန်မ သူ့ကို ထိုအမျိုးသမီးနှင့်ပတ်သက်သော မေးခွန်းများ ဘာမှ မမေးဖြစ်ခဲ့တော့ပဲ ပုံမှန်ပြန်လည်ဆက်ဆံနိုင်ခဲ့သည်။ တစ်ဘက်မှလည်း မသက်ထားဆိုသော သူ့သူငယ်ချင်းကို ကျွန်မ မပြတ်စောင့်ကြည့်ခဲ့သည်။ တစ်ခါတစ်လေ မသက်ထားနဲ့ပင် စကားပြောလိုက်သေးသည်။ သူနဲ့ စကားပြောရတိုင်း ကျွန်မ ဒေါသထွက်ရသည်ချည်း။ အဘယ်ကြောင့်ဆိုသော မသက်ထားသည် လူတိုင်းကို “ကိုမင်းသက်ဆွေက ကျွန်မ ချစ်သူလေ” ဟု လျှောက်ပြောသည်။ ကျွန်မကိုလည်း ကိုမင်းကို သူကဘယ်လောက်ချစ်ကြောင်း၊ သူကလည်း ဘယ်လို ဂရုစိုက်ကြောင်းတွေ လာပြောသည်။ “ကျွန်မ ကိုမင်းသက်ဆွေရဲ့ ချစ်သူတစ်ယောက်ပါ” လို့ ပြန်ပြောချင်သော်လည်း တစ်ဘက်သတ်ကြီးဖြစ်နေသော မိန်းမတစ်ယောက်ကို သနားသောစိတ်ဖြင့် ကျွန်မ ဘာမှ ပြန်မပြောခဲ့ပါ။ သို့သော် မသက်ထားနဲ့ပြောသော chat log တိုင်းကိုတော့ ကျွန်မ သူ့ကို မေလ်းဖြင့်ပို့ပေးခဲ့သည်။ “သူက မင်းကို တမင်လာ ကလိနေတာ.. မင်းနဲ့ကိုယ် ချစ်သူတွေဆိုတာ ကို သူ့ကို ပြောပြလိုက်ပြီ၊ ဒါကြောင့် ချစ်ကို အလကား စိတ်ဆင်းရဲအောင် လာလာပြောနေတာ.. ချစ် ဘာမှမဖြစ်နဲ့ သိလား” လို့ပြောတော့ ကျွန်မ သူ့ကို စိတ်ချသွားခဲ့သည်။ တစ်ခါတစ်လေတွင်တော့လည်း ဟို အမျိုးသမီးက ကျွန်မကို နေ့စဉ်နေ့တိုင်း စကားလုံးများစွာဖြင့် လာနှိပ်စက်သောအခါ ကျွန်မ ဒေါသထွက်ပြီး “ကိုမင်းက ကျွန်မ ချစ်သူလေ.. ရှင် မိန်းမတစ်ယောက်ဖြစ်ပြီး အဲ့လိုတွေ လာပြောနေတာ မရှက်ဘူးလား.. အမမှာ အရှက် မရှိဘူးလား” ဆိုပြီး တစ်ခါ ပြန်အော်ခဲ့ဖူးသည်။ “အယ်.. ကိုမင်းက တို့ကို ပြောတော့ မင်းနဲ့ ဘာမှမဆိုင်ဘူးတဲ့.. ဘာလဲ မင်းက အမ ချစ်သူကို ကြိုက်နေလား.. ဟုတ်သလား” ဟု ပြန်ပြောသောအခါ ကျွန်မဒေါသများ အထွဋ်အထိပ်ကိုရောက်ပြီး ကျွန်မ သူ့ကို ပြသနာတွေ သွားရှာခဲ့သည်။

“ရှင်တို့နှစ်ယောက် ကျွန်မကို အရူးလုပ်နေတာ သိလား… ဟိုက သူဟာ ရှင့်ချစ်သူပါလို့ ပြောနေတယ်.. ရှင်ကျွန်မကို ညာနေတယ်.. ပြောစမ်းပါ.. ရှင်တို့တွေ ကျွန်မကို အရူးလုပ်နေတာ မဟုတ်လား”

“သက်ထား ကတော့ မင်းကို ကလိနေမှာပဲ၊ ချစ် ကိုယ့်ကို မယုံဘူးလား.. ဟမ်.. ချစ်.. ကိုယ့်ကို မသင်္ကာဖြစ်နေလား၊ ကိုယ်မင်းကို ဘယ်လောက်ထိချစ်လဲဆိုတာ မင်းမသိဘူးလား”

“သူ့ကို block လုပ်လိုက်ပါတော့.. ကျွန်မ တောင်းပန်ပါတယ်။ ရှင် တို့နှစ်ယောက် ဘယ်လောက်ပဲ ခင်ကြ ခင်ကြ၊ ဘယ်လိုထောက်ထားစရာတွေပဲရှိရှိ ကျွန်မ ဂရုစိုက်မနေနိုင်ဘူး.. ကျွန်မကို ချစ်ရင် သူနဲ့ ဝေးဝေးနေပေးပါ.. ကျွန်မကရှင့်ကို မြင်နေရတာ မဟုတ်ဘူး.. ကျွန်မက ရှင့်နောက်ကိုလိုက်ပြီး ရှင်ဘာလုပ်နေလဲ ကြည့်နေလို့ရတာ မဟုတ်ဘူး.. ကျွန်မက အားလုံးနဲ့ အဝေးမှာ…”

“ကို သိတယ် မင်း စိုးရိမ်နေမှာ ကို နားလည်တယ်.. ကို ဘာမှ မလုပ်ဘူးနော်”

“နောက် တစ်ခု ကျွန်မပြောချင်သေးတယ်.. ကျွန်မရှိနေတဲ့အခိုက်မှာ ဘယ် မိန်းမနဲ့မှ မပတ်သက်ပါနဲ့ အဲလိုသာဆို ကျွန်မ ရူးသွားလိမ့်မယ်… တစ်ကယ်လို့ ကို့စိတ်ထဲမှာ ကျွန်မ မရှိတော့ဘူးဆိုရင် ကျွန်မကို ထားခဲ့ပါ.. ကို စိတ်ချမ်းသာဖို့ ကျွန်မ ဘာပဲဖြစ်ပေးရ ဖြစ်ပေးရ ကျေနပ်ပါတယ်.. လောကမှာ ရည်းစားလုရတဲ့ အလုပ်မျိုးကို ကျွန်မ အမုန်းဆုံးပဲ”

ကျွန်မကိုယ်တိုင်လည်း ဆက်ပြီးစိတ်ဆင်းရဲ မခံချင်သောကြောင့် ထိုအမျိုးသမီးကို ဂျီတော့တွင် block လုပ်ပစ်ခဲ့သည်။ နောက်ရက်များတွင် သူတို့ ဘာဖြစ်နေလဲ ကျွန်မ မသိတော့ပါ။ သူ ထိုအမျိုးသမီးကို block လုပ်လား မလုပ်လားလည်း ကျွန်မ ထပ်မမေးဖြစ်ခဲ့ပါ။ သို့သော် စကားလုံးများဖြင့် နှိပ်စက်ထိုးနှက်သည့် ဒဏ်များမှတော့ ကျွန်မ အတော်လေးလွတ်ကင်းသွားခဲ့သည်။

တစ်ခါတစ်လေ ကျွန်မ စဉ်းစားမိသည်။ ချစ်သူကို မယုံသင်္ကာစိတ်များဝင်ရောက်လာခြင်းသည် ကျွန်မ ချစ်သောသူ့ကို ကျွန်မကိုယ်တိုင် သိက္ခာချရာများ ရောက်နေပြီလား။ ကျွန်မကိုယ်တိုင် ယုံကြည်စွာ ချစ်ခဲ့သော ယောင်္ကျား တစ်ယောက်ကို ကျွန်မ ဒီလိုစိတ်များ ၀င်သင့်သလား။ သူ ကိုယ်တိုင်ကိုက ဘာမှမလုပ်ဘူး ဟုပြောနေရက်နဲ့ စိတ်မချဖြစ်နေခြင်းမှာ ကျွန်မ၏ သံသယစိတ်များ လွန်ကဲနေပြီလား။ ကျွန်မကိုယ်ကျွန်မရော နှိပ်စက်ရာ ရောက်နေသလား။ သို့သော် ကျွန်မသာ ချစ်သူကို ဆုံးရှုံးသွားခဲ့ရရင် ဆိုသောအတွေးများသည် ကျွန်မရင်ကို စူးရှနာကျင်စေခဲ့ပါသည်။ ဘုရားရေ.. အချစ်ဆိုတဲ့အရာကြီးက ဒီလောက်တောင်ပြင်းထန်သလားကွယ်။ အချစ်ကို ခံစားဖူးကြတဲ့သူတိုင်း စိုးရိမ်ပူပန်စိတ်တွေ ဖြစ်နေတတ်ကြသလား။ ချစ်သူကို အဝေးမှာထားရတဲ့ မိန်းကလေးတိုင်း ရင်တလှပ်လှပ်နဲ့ တထိတ်ထိတ်ဖြစ်ကြရတတ်သလား။ ကျွန်မ သူ့နောက်ကြောင်းတွေကို လိုက်ဖို့ လိုအပ်နေပြီလား။ ရှင်ပြောတဲ့ အချစ် Management ဆိုတာ ဒါတွေကိုပြောတာလား ကိုရယ်။

စွန်လွှတ်တာကို စောင့်ကြည့်ဖူးသလား ကို။ ရှင်ရော စွန်လွှတ်ဖူးသလား။ လေထဲမှာ ပျံနေတဲ့ စွန်ကလေးတွေဟာ.. ရစ်လုံးကနေ ကြိုးနဲ့ထိန်းထားရက်နဲ့တောင် ဘယ်ဘက်ကိုယိမ်းလိုက်၊ ညာဘက်ကိုယိမ်းလိုက်နဲ့ လေနှင်ရာကို လိုက်ပါနေကြတယ်။ ရစ်လုံးနဲ့ အဝေးမှာရှိနေခိုက် သူတို့ ယိမ်းချင်ရာဘက်ကို ယိမ်းနေကြတယ်။ နောက်ဆုံးတော့လည်း ရစ်လုံးဆီကို တစ်ဖြည်းဖြည်းပြန်ရောက်လာရတာပဲ မဟုတ်လား။ ဒါပေမယ့် ကြိုးပြတ်သွားခဲ့ရင်တော့ အဝေးဆုံးကို ရောက်သွားပြီပေါ့ ကိုရယ်။ ရှင်က ကျွန်မရဲ့ စွန်ကလေးပေါ့။ ကျွန်မ ရှင့်ကို အတတ်နိုင်ဆုံး လက်မလွှတ်ဖို့ ကြိုးစားမယ်။ ကြိုးပြတ်ကာမှ ပြတ်သွားတော့ ကိုရယ်။ ကျွန်မ တတ်နိုင်သလောက်၊ ကျွန်မ အင်အားရှိသလောက် ကျွန်မရှင့်ကို ပိုင်ဆိုင်ဖို့ ကြိုးစားမယ်။ ဒါကို အတ္တကြီးတယ်လို့ ခေါ်မလား ကို။ ဟင့်အင်း.. အဲ့ဒါ အတ္တမဟုတ်ဘူး။ အဲ့ဒါ အချစ်လို့ခေါ်တာ ကိုရဲ့။ ချစ်တဲ့သူတိုင်း ကိုယ်ချစ်ရသူကို ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ။ ကိုယ့်ချစ်သူနဲ့ တူတူနေချင်ကြတာချည်းပါပဲ။ ကျွန်မလည်း ရှင့်ကိုသိပ်ချစ်တော့ ရှင်နဲ့တူတူနေချင်တဲ့စိတ်ကလေးတော့ ၀င်မိတာပါပဲ။ ရှင်နဲ့အတူတူ ဘ၀တစ်ခုကို တည်ဆောက်ချင်ခဲ့တာပါပဲ။ ကံကြမ္မာဆိုတာကြီးကို ကျွန်မ မတွေးချင်ဘူး။ ဘာပဲဖြစ်လာ ဖြစ်လာပေါ့.. အချစ်ကပေးတဲ့ ခွန်အားနဲ့ ကျွန်မ အရာရာကို ရင်ဆိုင်ချင်ပါတယ်။ ကျွန်မလေ ရှင့်အတွက် ပေးဆပ်ဖို့ အသင့်ရှိပါတယ်။

ကျွန်မနဲ့သူ ဂျီတော့ပေါ်မှာ ပုံမှန်တွေ့ကြသည်။ လွမ်းစရာစကားလေးတွေပြောကြသည်။ တစ်ခါတစ်ရံ အကြောင်းအရာတစ်ခုကို အကြိတ်အနယ် ဆွေးနွေးကြသည်။ တက္ကသိုလ်ကျောင်း အကြောင်းတွေ၊ ဘ၀ရှေ့ရေးတွေကို တိုင်ပင်ကြသည်။ “မင်းဒီကိုလာမှ ကိုယ်တို့ လက်ထပ်ကြတာပေါ့” လို့ သူပြောတော့ ကျွန်မ ရင်လည်းခုန်ရသည်၊ ရီလည်းရီချင်သည်။ လက်ထပ်တယ်ဆိုသည့်အကြောင်းကို ကျွန်မ တစ်ခါမှ မတွေးခဲ့ဖူးပဲ။ အင်း.. ချစ်သူဆိုတာ ရှိလာရင် တစ်နေ့လက်ထပ်ကြရမှာပဲ.. ဟုတ်တယ်.. အချစ်နဲ့ မခွဲမခွာနေနိုင်ဖို့ လက်ထပ်ခြင်းဆိုတဲ့ ကိစ္စဟာလည်း အရေးပါတာပဲ။ ဒါဆို လက်မထပ်ပဲ အတူတူနေကြတဲ့ ချစ်သူတွေရဲ့ ဘ၀တွေကော ဘယ်လိုများရှိနေလိမ့်မလဲ။ အချစ်နဲ့ လက်ထပ်ခြင်းဆိုတာ တစ်ကယ်ကို သက်ဆိုင်ရဲ့လားဟု ကျွန်မ ရူးကြောင်ကြောင်လည်း တွေးမိခဲ့ဖူးသည်။ အချစ်ရဲ့ အန္တိမ ရည်မှန်းချက်ဆိုတာ လက်ထပ်ခြင်းဆိုတဲ့ အရာတစ်ခုတည်းတော့ ဖြစ်မနေနိုင်ပါ။ အိမ်ထောင်ပြုမယ်ဆိုသည့် စိတ်ကူးကို ဘယ်လိုမှ မတွေးခဲ့ဖူးသော ကျွန်မအတွက်၊ ချစ်သူရှိလာသော အချိန်တွင်လည်း ချစ်ဖို့၊ ပေးဆပ်ဖို့၊ ချစ်သူကို စိတ်ချမ်းသာစေဖို့လောက်သာ စိတ်ကူးခဲ့မိသော ကျွန်မအတွက် သူပြောသော စကားများသည် စိတ်လှုပ်ရှားစရာ ကောင်းခဲ့သလို၊ ထိတ်လန့်စရာ တစ်ခုလည်းဖြစ်ခဲ့သည်ကတော့ အမှန်ပင်ဖြစ်ပေတော့သည်။ “အံမယ်.. ကျွန်မက ရှင့်ကို ယူမလားဆိုတာကိုကော မေးပြီးပြီလား” လို့ ကျွန်မ မေးတော့ သူဘာမှ ပြန်မဖြေပါ။ သို့သော် တစ်ခါတစ်ရံ “မိန်းမရေ” ဟု သူနောက်ပြောင်ခေါ်တော့ ကျွန်မ အရမ်းစိတ်တိုမိကာ “ကျွန်မက ရှင့်မိန်းမ မဟုတ်ဘူး.. ရှင့်မှာ ကျွန်မကို အဲ့လို ခေါ်ပိုင်ခွင့်မရှိဘူး” ဟု ဒေါသတစ်ကြီး ပြန်အော်ခဲ့ဖူးသည်။ သူ စိတ်တိုသွားလား၊ မတိုလားတော့ ကျွန်မ မသိပါ။ သို့သော် ကျွန်မစိတ်ထဲတွင်တော့ ပါးစပ်စည်းစောင့်စေချင်သည့် ဆန္ဒတစ်ခုသာ ရှိပါသည်။ ကျွန်မတွေးကြည့်မိသည်.. ကျွန်မကို ဒီလိုခေါ်နေရင် တစ်ခြားသူ့ကို လာလာအီကြသည့်မိန်းမတွေကိုကော သူ တစ်ခုခုပြန်မပြောဘူးလို့ အာမခံနိုင်ပါ့မလား။ အိုး နေပါအုံး… မိန်းကလေးတွေ လာအီကြတာကို လက်ခံသည့် ယေင်္ကျားတစ်ယောက်ဟာ ဘယ်လောက်များ သမာဓိအား ကောင်းနိုင်ပါ့မလဲ။ တစ်ခြားယောင်္ကျားတွေကော ဒီလိုပဲလား။ ယောင်္ကျားတွေရဲ့ စိတ်ကို ကျွန်မ နားမလည်ပါ။ ကျွန်မချစ်သူဖြစ်သော သူ့ စိတ်ကိုတောင် နားလည်ဖို့ကြိုးစားဆဲဖြစ်သော ကျွန်မအတွက် ယောင်္ကျားများ၏စိတ်ကို နားလည်ရန် ကြိုစားရသည်မှာ ခပ်ကြောင်ကြောင်ဖြစ်နေနိုင်သလို ပင်လည်း ပင်ပန်းလှပါသည်။

“မြန်မာပြည် ပြန်မလာတော့ဘူးကွ.. ဒီမှာပဲ စလုံးက ကောင်မလေးတစ်ယောက်နဲ့ လက်ထပ်လိုက်တော့မယ်” ဆိုပြီး သူ ကျွန်မကို နောက်ပြောင်ပြောလေ့ရှိသည်။ နောက်နေတာကို သိသိကြီးနဲ့ကို ကျွန်မရင်ထဲတွင် ကုလားဘုရားပွဲလှည့်သလို ခံစားရပါသည်။

“ယူ လေ ယူပေါ့.. ယူချင်းယူမှတော့ ချမ်းသာတဲ့ မိန်းမပဲ ယူသိလား”
“ဟား ဟား.. ကိုယ်သာ အဲ့လိုလုပ်ရင် မင်းအပျိုကြီး ဖြစ်ကျန်ခဲ့မှာပေါ့ကွ”
“အမလေး.. ယောင်္ကျားယူတယ်ဆိုတာ ကိုယ့်အားကိုယ် မကိုးချင်တဲ့ မိန်းတွေလုပ်ကြတာ.. ကျွန်မက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တယ်.. ယောင်္ကျားများ ယူလိုက်လို့ကတော့ အလုပ်တောင်ပိုရှုပ်မယ်”
“အံမယ်.. အပြောကတော့ ကြီးတယ်.. တစ်ကယ်နေနိုင်မလား ကြည့်ကြသေးတာပေါ့”
“အမလေး နေနိုင်တယ် နေနိုင်တယ်.. ရှင် သာ မိန်းမယူ… ကျွန်မကို မယူလည်း အရေးမကြီးဘူး.. ကိုယ့်ဟာကိုယ် နေနိုင်တယ်”
“ယူမှာ ယူမှာ..”
“ယူပေါ့.. သြော် နေအုံး.. မိန်းမယူရင် တစ်ယောက်ပဲ ရတယ်ကိုရဲ့.. မယူရင် အများကြီးရတယ် သိလား.. အဲ့လိုကော မနေချင်ဘူးလား”
“ကောင်မစုတ်ကလေး အဲ့လို ပြောစရာလား”

ကျွန်မသူ့ကို နောက်ပြောင်ပြောခဲ့သော စကားများသည် နောက်ပိုင်တွင်ကြုံလာရမည့် အဖြစ်ဆိုးတစ်ခုအတွက် ကျွန်မကိုယ်တိုင် နိမိတ်ဖတ်ခဲ့သော စကားများဖြစ်နေခဲ့သည် ဆိုတာကိုတော့ ကျွန်မ များမကြာမီ သိခွင့်ရခဲ့ပါသည်။

(ဆက်ရန်)

Advertisements

24 responses »

  1. ချစ်တတ်သွားသော မိန်းကလေးတစ်ယောက်ရဲ့ နေရာမှာ ရှင်တို့ဝင်ရောက် ခံစားကြည့်ကြဖူးပါသလား။ နိုးထလာသော နေ့သစ်တိုင်းတို့သည် ပိုမိုလှပနေတတ်သလို၊ လုပ်သမျှအရာရာတိုင်းသည်လည်း အဓိပ္ပာယ်ပိုရှိလာကြသည်။ ချစ်သူယောင်္ကျားလေးများ၏ ချိုအီသော စကားပန်းပွင့်များသည် အဆိပ်များပင် ဖြစ်စေဦးတော့ မိုက်မိုက်မဲမဲ နမ်းရှုလိုတတ်ကြသည်။

    ပင့်ဂိုးလ်လေးရေ
    စာရေးကောင်းလိုက်တာ ဆက်ရန်ရှိသေးတယ်နော်
    စာရေးကောင်းတော့။ တကယ့်အဖြစ်အပျက်လိုပဲ
    စာဖတ်သူကို ခေါ်သွားတယ်
    ဇာတ်လမ်းထဲက ချစ်တတ်သူ မိန်းကလေးတယောက်
    အချစ်ကံကောင်းပါစေ
    ချစ်ခင်လျက်

    • ဂျောက်ဂျက်ပြောတဲ့ စင်အောက်က လက်ခုပ်သံအတုမျိုးတွေထင်တယ် ဟာဟ 😛

  2. ပင့်ဂိုလ်းလေးရေ
    ကျွန်မ၏ ရင်ကွဲနာ..
    ဆိုတဲ့ ခေါင်းစဉ်ကို အခုမှ ဖတ်မိတယ်
    တကယ့် ကိုယ်တွေ့ပဲလားကွယ်
    ချစ်တတ်သူ အတွက် ကြေကွဲစရာပါပဲ
    စိတ်ချမ်းသာအောင်နေနော်

  3. ပထမဆုံး ကွန်းမန့်လာပေးတဲ့ မမသက်ဇင်ကို ကျေးဇူးပါရှင်.. ဖြစ်ရန်မှန် များများထည့်ရေးထားပါတယ် မမ.. လုပ်ကြံတာလည်း နည်းနည်းပါတာပေါ့လေ

  4. PG… May you find the person who really loves you & be with you as a life partner. To get hurt in love is not new but it still hurts deeply 😦

  5. ဒါ တကယ်ကို ခင်ဗျားရေးတဲ့စာဆိုရင် ခင်ဗျားဖြစ်ပြီဗျ။ တကယ့် စာရေးဆရာမပဲ။ အဆက်ကို မတင်နဲ့တော့။ သူများခိုးချလိမ့်မယ်။ Magazine တိုက်တစ်ခုခုကို ပို့သင့်ပြီ။ ကလောင်ရွေးပြီးသားလား။
    အခန်းဆက်ထည့်ပေးမယ်တော့မထင်ဘူး။ နည်းနည်းဖြတ်တောက်ရလိမ့်မယ်။ အတိုပဲရမယ်ထင်တယ်။
    တကယ်ချီးကျူးတာပါ။ လက်သွေးရုံအဆင့်မဟုတ်တော့ဘူး။

  6. အိုးညီမရယ်၊ အဖြစ်ချင်းတိုက်ဆိုင်လိုက်တာ။ လောကမှာ ဒီအဖြစ်မျိုးကြီးဘဲထင်တယ်။ ယောင်္ကျားတွေကို ယုံမိတဲ့မိန်းမတွေ ကြုံရတယ်ထင်တယ်။

  7. ပင့်ကူ..နောက်ဆက်တွဲတွေကိုပိုပြီး စိတ်ဝင်စားတယ်။ ကြာတယ်ကွာ..ခုပဲနင့်အိမ်လာခဲ့မယ်..သေချာပြောပြ.. =P

  8. ခံစားချက်နဲ့ရေးမှန်းသိသာပါတယ်။ ဆက်ရန်ကို စောင့်မျှော်လျှက်

    • အားပေးတာ ကျေးဇူးပါ ကိုပီတိရေ… ဆက်တင်ဖို့ ရှိပါသေးတယ်

  9. တစ်ကယ် ကောင်းတယ်ရှင့်။ ခင်လည်း နည်းနာယူနိုင်တာပေါ။ ဒါဆို မပင့်ဂိုလ်း ယောကျာ်းတွေ အားလုံးမကောင်းတဲ့သူချည်းပဲလားဟင်..အခု ရည်စားလို့ လူတစ်ယောက်နဲ့ နာမည်တွဲထက်နေပြီး ဟိုလူက အခုထိ စာနဲနဲပဲ ရေးနေရင်ကော။ မကြိုက်လို့လားဟင်။ မအားဘူးလို့ ပြောတာပဲ။

    • အမှန်အတိုင်း ပြောရရင် ကျွန်မ ယောက်ျားတွေ အကြောင်း မသိဘူးရှင့်.. ကျွန်မက အကြံဥာဏ်ပေးနိုင်လောက်တဲ့ အထိလည်း မဟုတ်သေးပါဘူး မခင်ရယ်.. ကိုယ်တွေးမိတာကို ကိုယ်ပြန်ရေးတာပါပဲ

  10. ရင်မောလိုက်တာ .. ဖတ်ရတာ…။

    ယောင်္ကျား ကို ယောက်ျားလို့ပေါင်းတယ်လို့ ထင်မိလို့…။
    ပြန်ကြည့်ပါဦးနော်….။

  11. သိနေတယ်နော် ပင့်ကူမ
    ဖွဲ့နွဲ့ပြီးရေးထားလိုက်တာ ဖတ်လို့လဲကောင်းတယ်
    ရင်လဲမောတယ် မချစ်တတ်ရင်အကောင်းဆုံးပဲ
    ငါတော့ချစ်တတ်လို့ ခုထိအသစ်အသစ်နဲ့ ချစ်နေတုန်း ဟီးးးးးး
    ဆက်ရန်မျှော်နေတယ် ဇာတ်သိမ်းကိုသိပေမယ့် ကြားထဲကဖွဲ့နွဲ့ထားတာလေးတွေကို ဖတ်ချင်သေးတယ်ဝေ့

  12. ဒီနေ့မနက်စောစော ကျောင်းမှာ စီမီနာရှိတယ် မေးလ်ခနလေးဝင်စစ်တုန်း ချက်ထဲမှာ အနီလေးပြထားတဲ့ ညီမငယ်ပင့်ဂိုလ်းတင်ထားတဲ့ ကျွန်မရဲ့ရင်ကွဲနာဆိုတဲ့ စာလေး ဖြတ်ကနဲတစ်ချက်တွေ့လိုက်တယ် နောက် စိတ်ရဲ့စေစားရာအတိုင်း လင့်ကို နှိပ်ပြီး ဖတ်မိတယ်

    အစမှအဆုံး မြင်ကွင်းထဲပြတ်ပြတ်သားသားထင်အောင် ရေးပြသွားနိုင်တဲ့ စာရေးကောင်းတဲ့ ညီမငယ်ရဲ့ပို့စ်လေးကို နှလုံးသားနဲ့ဖတ်သွားပါတယ်။

    ဇာတ်သိမ်းပိုင်းကို ဆက်ဖတ်ချင်ပါသည်။

    ဒီပို့စ်ဖတ်ပြီး မောင်တို့ယောက်ျားတွေကိုတော့ ……ဟင်းဟင်း ဟင်း

  13. ဟူး…………
    မောလိုက်တာ
    ဖတ်ရင်း comment တွေဆီရောက်မှ ဇတ်လမ်းအပြင်ကို ပြန်ရောက်တော့တယ်..
    နေဦးရေသွားသောက်လိုက်ဦးမယ် ။
    😀

  14. ၀ိုးးးးးးး အားပေးကြတယ်ဟ.. ဆက်ရေးဖို့ အားရှိသွားပြီ

  15. ရွှေထက်ရေ

    ဆုံးဖြတ်ချက် ချခါနီး စိတ်ကူး လွန်ဆွဲပွဲ လေးတွေ သရုပ်ဖော်တာ ကောင်းတယ်ကွ.. ညီမငယ်တွေ သင်ခန်းစာ ယူစရာ ကောင်းသလို စာဖတ်သူတွေလဲ ခံစားချက် ခံယူချက် တစုံတရာ ယူစရာတွေ တော်တော်ပါတယ် အဆက်စောင့်ဖတ်မနော

  16. Pingback: ကျွန်မ၏ ရင်ကွဲနာ (အပိုင်း -၂) « The World of Pinkgold

  17. ၀ိုးးးးးးးးးးးး
    ကောင်းလိုက်တာကွာ..
    နှလုံးသားနဲ့ရေးတဲ့စကားလုံးတိုင်းဟာ..
    အမြဲရှင်သန်နိုးကြွနေကြတယ်..
    သိပ်မှန်ပါလားပင့်ကူရာ..
    ၂ကိုဖတ်ဖို့ အားအင်တွေ ပြန်စုပီး ထပ်ပီးမျောလိုက်အံင်္ုးမယ်..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s