ကျွန်မ၏ ရင်ကွဲနာ (အပိုင်း -၂)

Standard

ကျွန်မက အိုင်တီ Company တစ်ခုတွင် အလုပ်လုပ်သည်။ ကျွန်မတို့ရုံးတွင် သူနှင့်သိသော မိတ်ဆွေများလည်း ရှိသည်။ အိုင်တီလောကသား အချင်းချင်း၊ ဒီဇိုင်နာများ အချင်းချင်း အကျွမ်းတ၀င်ဖြစ်ကြသည်ကတော့ မဆန်းလှပါ။ သူ မြန်မာပြည်တွင် အလုပ်လုပ်စဉ် အချိန်တုန်းကတည်းက သူဆွဲသော Web Design များသည် လက်ဖျားခါလောက်သည် ဆိုတာကိုတော့ ဟိုလူပြော ဒီလူပြောဖြင့် ကြားဖူးပါသည်။ မင်းသက်ဆွေ ဆိုသော နာမည်တစ်လုံးကို တည်ဆောက်နိုင်ခဲ့သည့် သူ့ကိုတော့ ကျွန်မ ချီးကျူးပါသည်။ သူ့အကြောင်း မကောင်းပြောသူများလည်းရှိသလို အကောင်းပြောသူများလည်း တစ်ပုံတစ်ပင်ဖြစ်သည်။ ကျွန်မတို့ရုံးမှ သူ့သူငယ်ချင်းများသည် သူနဲ့ ကျွန်မ ပတ်သက်မှုရှိကြောင်းကို မသိကြပါ။ ကျွန်မက သူ့အကြောင်းများကို မေးနိုင်သော်လည်း.. ဘယ်သူမှ မသိစေနဲ့ ဆိုသော သူ့တားမြစ်ချက်များကြောင့် ကျွန်မ ဘာစကားတစ်ခွန်းမှ မဟဖြစ်ခဲ့သည်ကတော့ အမှန်တရားတစ်ခုသာ ဖြစ်ပါသည်။ ကျွန်မတို့ဌာနတွင် ကျွန်မထိုင်ရသော နေရာသည် ဌနအ၀င်ဝနားတွင်ရှိပြီး အများသူငှာသွားလာနေကြသော လမ်းနှင့်လည်း နီးပါသည်။ ထို့ကြောင့် ကျွန်မ၏ LCD Flat မော်နီတာသည် ဌာနတစ်ခုနှင့်တစ်ခုကြား လမ်းတွင်သွားလာနေကြသူများ အမှတ်တမဲ့ကြည့်လျင်ပင် ကျွန်မဘာလုပ်နေသည်ကို အလွယ်တကူသိနိုင်သော အနေအထားတွင်ရှိသည်။ ထို့ကြောင့်လည်း သူနဲ့ ကျွန်မ ပတ်သက်မှုကို ကျွန်မတို့ရုံးမှ သူ့မိတ်ဆွေတစ်ယောက် သတိပြုမိသွားခြင်းဖြစ်သည်။ ထိုကဲ့သို့ သတိပြုမိခြင်းသည် ကျွန်မအတွက် ကံကောင်းခြင်းတစ်ခု ဖြစ်ခဲ့သလို၊ ကံဆိုးခြင်းတစ်ခုဟု အမည်တပ်လျင်လည်း ရနိုင်ပါသည်။ ကျွန်မခံစားရမည်ဖြစ်သော နာကျင်မှုများသည် ထိုနေ့မှ စတင်မြစ်ဖျားခံခဲ့ပါသည်။

“ကိုရေ ကျွန်မ ထမင်းသွားစားတော့မယ်”
“အိုကေဗျာ.. ကိုလည်းသွားစားတော့မလို့.. အတူတူစားချင်လိုက်တာ.. လေယဉ်လက်မှတ်ဝယ်ပြီး ပြန်လာခဲ့ရမလား မသိ”
“အဟားးးးးးးးးး ကောင်းသားပဲ ကိုရဲ့.. ဒါပေမယ့် ကိုမရောက်မချင်း ဗိုက်ဆာဆာနဲ့ စောင့်ရမယ့် ကျွန်မ အဖြစ်လေးကို မသနားဘူး လား ဟင့်..”
“မသနားပါဘူး.. စောင့်နေပေါ့.. ဒီလောက်လေးတောင် မစောင့်နိုင်ဘူးလား”
“အင်းလေ စောင့်ဆိုလည်း စောင့်နေရုံပဲပေါ့.. ဘာမဆိုရပ်စောင့်ရတယ် ရည်းစားထားလည်းကွယ်”
“ဘာတုန်း သီချင်းကြီးလား”
“ဟုတ်ပါ့ မောင်မောင်ဇော်လတ်လေ.. ဒါလေးတောင် မသိဘူးလား.. ပိန်းပါ့ကွာ”

“ကဲ ကြီးတော်လေး.. ထမင်းစားခန်းထဲက ညည်းကိုမှာလိုက်တယ်.. ထမင်းတွေ အေးကုန်တော့မယ် မြန်မြန်လာစားတော့တဲ့.. မောင်မောင်ဇော်လတ် လုပ်မနေနဲ့နော်..”

ရုတ်တရက် ကျွန်မနောက်က အသံထွက်လာတော့ ကျွန်မလန့်ဖျတ်ကာ လှည့်ကြည့်မိသည်။ ကျွန်မကို ပြုံးစိစိနဲ့ ရပ်ကြည့်နေသော ကိုနိုင်ဇော်ဆိုသော အကိုကြီးကိုတွေ့ရသည်။

“အဟီး.. ချစ်ကိုကြီး.. အခုသွားပြီ ကျေးဇူးပဲ လာပြောတာ”
“ဘာမှ ဟီးနေ ဖြီးမနေနဲ့ကြီးတော်.. ငါက ကလေးမလေး ဘာသံမှမကြားမိဘူး ရိုးလှပြီထင်နေတာ ခုတော့ညည်းလေးလဲ အမြီးလေးနဲ့ပဲ”
“ဟာ… အကို.. သမီးကို မစပါနဲ့ အကိုရာ.. သမီးရှက်လို့ပါ.. အကို ဘာတွေတွေ့လိုက်လဲဟင်.. ဟား ဟား”
“ဘာမှ မတွေ့ပါဘူး လေယဉ်စီးမယ်ဆိုလား သင်္ဘောစီးမယ်ဆိုလား.. ဟား ဟား”
“ဟားးးးးးး သွားပြီ ကိုနိုင်ဇော်ကြီးတွေ့မှတော့ လော်စပီကာ ငှားစရာလိုတော့မယ် မထင်ဘူး.. အကို မဖွနဲ့နော်”
“အောင်မယ်.. အေးပါ မဖွပါဘူး ဘီယာတော့ တိုက်ရမယ်.. နေအုံး ညည်းဒီနေ့ ဘယ်အချိန်အားမလဲ”
“ဘာလုပ်ဖို့လဲ အကို.. နှစ်နာရီ မီတင်လေ.. လေးနာရီလောက်တော့ ပြီးမယ်ထင်တယ်.. အဲ့ဒါပြီးရင် တစ်ချက်အားမယ်”
“အေး.. နင့်ကိုပြောစရာရှိလို့.. အဲ့အချိန်ကျရင် တွေ့မယ်”

ကိုနိုင်ဇော်ထွက်သွားတော့ ကျွန်မနည်းနည်းတော့ အူလည်လည်ဖြစ်ကျန်ခဲ့သည်။ သူနဲ့ ကျွန်မနဲ့ အလုပ်ကိစ္စမပတ်သက်ကြပါ။ သူက Web Designer တစ်ယောက်ဖြစ်သောကြောင့် Website Marketing ဘက်မှ မဟုတ်သော ကျွန်မနှင့် ဘယ်လိုမှ ပတ်သက်စရာအကြောင်းမရှိပါ။ သို့သော် တစ်ခါတစ်ရံတွင် Project ကိစ္စများ ဆွေးနွေးစရာတွေလည်း ပေါ်လာနိုင်သေးတာပဲလေဟု ကျွန်မထင်မိသည်။ ထမင်းခပ်မြန်မြန်စား၊ မီတင်အတွက် ပြင်ဆင်၊ မီတင်တွင် အခြေအတင် ဆွေးနွေးရင်း ကျွန်မ သူ့ကိုလည်း စကားထပ်မပြောအားခဲ့ပါ။ ညနေလောက်ကျတော့ ကိုနိုင်ဇော်ရောက်လာသည်။ မုန့်စားချိန်ဖြစ်သောကြောင့် သူနဲ့ ကျွန်မ ထမင်းစားခန်းထဲတွင် ကော်ဖီတူတူသောက်ဖြစ်ကြသည်။

“ငါ မေးမလို့.. ပြီးတော့ ပြောစရာရှိလို့.. နေ့လည်က နင်နဲ့ ဂျီတော့မှာ ပြောနေတာ နင့် ရည်းစားလား”
“အင်း.. အကိုက ဘယ်လိုထင်တုန်း”
“ဝေ့လည်ကြောင်ပတ်က လုပ်နေသေးတယ်.. ကိုရေ ချစ်ရေ ခေါ်နေတာ တွေ့လိုက်သားပဲ.. ထားပါ အရှင်းကြီးကို.. minthetswe1977@gmail.com ဟုတ်တယ်နော်”
“အွန့် အကိုကလည်း မေလ်းကအစ မှတ်မိတယ်တော့ စပ်စုလိုက်တာ သူများကိစ္စကို”
“ဟဲ့.. ပြောစရာ ရှိလို့ပေါ့.. ငါ့အသိများ ဖြစ်နေမလားလို့.. စလုံးမှာ ကျောင်းတက်နေတဲ့ မင်းသက်ဆွေများလား.. အရင်တုန်းက …………. Company မှာ လုပ်တယ်လေ”
“ဟုတ်ပါ့ရှင်.. အကို့ သူငယ်ချင်းလား”
“အေး.. သိကြတယ်လေ.. နေပါအုံး ညည်းတို့နှစ်ယောက်က အတည်လား”
“ဟုတ်.. သမီးဘက်က အတည်ပါ အကို”
“သူ့ ဘက်ကရော”
“ချစ်တယ်လို့တော့ ပြောတာပဲလေ.. I don’t know”

ပခုံးနှစ်ဘက်ကိုတွန့်ကာ ကျွန်မ ပြောလိုက်မိသည်။

“နင် သူ့အကြောင်း ဘယ်လောက်သိလဲ”
“သိပ်တော့ မသိဘူး အကိုရဲ့ .. သူနဲ့ သမီးနဲ့ အပြင်မှာ ခင်ကြတယ်ဆိုပေမယ့်.. အွန်လိုင်းမှာ တွေ့ဖြစ်ကြတာ ပိုများတယ်”
“သူ့အကြောင်း သေချာမသိပဲ ချစ်တယ်ပေါ့လေ.. ဟုတ်လား”
“ချစ်တယ် ဆိုတဲ့ကိစ္စမှာ တစ်ယောက်အကြောင်း တစ်ယောက် သေချာသိဖို့က အရေးပါသလား အကို.. ဒီအတိုင်းချစ်လို့ မရဘူးလား.. အချစ်မှာ ဒါတွေလိုသလား”
“အေးပါ.. နင်က အတည်ချစ်နေတော့လည်း ထားပါတော့.. ငါ ပြောမယ်.. နင် စိတ်ခိုင်ခိုင်ထား.. ငါ နင့်ကို ညီမတစ်ယောက်လိုခင်တာ သိတယ်နော်”
“ဟုတ် အကို.. အကို သမီးကို စေတနာရှိတာ သိပါတယ်.. သူ့အကြောင်းပြောမယ်ဆိုလည်း ပြောပါအကို”
“အင်း.. သူက မိန်းမရဖူးတယ်.. လွန်ခဲ့တဲ့ နှစ်နှစ်လောက်က.. အခုတော့ ဘယ်လိုလဲဆိုတာ ငါ မသိတော့ဘူး”
“ဘုရားရေ.. အကို လာမနောက်နဲ့နော်.. အကို သမီးကို နောက်နေတာ ဟုတ်တယ် မဟုတ်လား”
“ငါနင့်ကို နောက်လိုက်လို့ ငါ့မှာ ဘာတွေများ ထူးခြားသွားမှာမို့လို့လည်း .. ငါ့မှာ ဘာအကျိုးရှိမှာမို့လို့လည်.. ငါ့နင့်ကို ကြိုက်နေတာလည်း မဟုတ်ဘူး”
“ဆောရီး.. အကို စိတ်ဆိုးသွားရင် ဆောရီး.. သမီးက မယုံနိုင်လို့ပါ… သူလည်း သမီးကို ဒီအကြောင်းတွေ တစ်ခါမှ မပြောပြဖူးဘူးလေ”
“မပြောပြဖူးဘူးဆိုရင်တော့ မရိုးသားလို့ပဲ ငါ့ညီမ.. သွားတော့ မမေးနဲ့နော်.. တစ်ချိန်ချိန်မှာ တစ်ခုခုဖြစ်လာရင် နင့်အတွက် နိုင်ကွက်တစ်ခု ဖြစ်လာနိုင်တယ်.. ၀ှက်ဖဲလို သဘောထားလိုက်ပေါ့”
“အကို.. သူတို့အခု ကွဲသွားကြပြီလား.. ပြောပါ အကိုရယ်.. အခုထိ အဆက်အသွယ် ရှိနေကြတုန်းလား..”
“ကွဲနေတာလား… ခွဲနေတာလား ဆိုတာတော့ သူတို့မှပဲ သိလိမ့်မယ် ညီမလေးရယ်.. ယောင်္ကျားတွေကို သတိနဲ့တော့ ဆက်ဆံပေါ့..သြော် နာမည်တစ်ချက်မှတ်ထားအုံး.. သင်းသင်းမြတ် တဲ့”

ကိုနိုင်ဇော်ထွက်သွားတော့ ကျွန်မကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်ကျန်ခဲ့ပါသည်။ ကျွန်မ ရင်ထဲတွင် အမျိုးအမည်မသိသော ခံစားချက်များ ဒီရေလို တရိပ်ရိပ်တက်လာသည်။ ကျွန်မခေါင်းကို မိုးကြိုးပစ်ချသလို ခံစားရသည်။ ကျွန်မ နားရွက်တွေ ပူထူပြီး ကျွန်မ ခြေဖျား လက်ဖျားတွေ အေးစက်လာသည်။ ကျွန်မ အလုပ်စားပွဲကို ပြန်သွားဖို့ အတော်လေးတော့ အားယူရပါလိမ့်မည်။ ကျွန်မ အလုပ်တွေ လုပ်ဖို့ စိတ်ငြိမ်အောင်တော့ အရင်ကြိုးစားရပါအုံးမည်။ ကိုရေ.. သူပြောသွားခဲ့တာတွေက တကယ့်အဖြစ်တွေလားကွယ်။ ကို့မှာ မိန်းမရှိခဲ့ဖူးတယ်ဆိုတာ အမှန်တွေပဲလား။ မိန်းမရှိတဲ့ ယောင်္ကျားတစ်ယောက်ကို ချစ်ရတာ ဘုရားဟောတဲ့ ဒု သ န သော ဆိုတာများ ဖြစ်နေလိမ့်မလား။ နေပါအုံး.. သူတို့နှစ်ယောက်ကွဲသွားကြတာကော မဖြစ်နိုင်ဘူးလား။ ကျွန်မအထင်ကြီးလေးစားခဲ့တဲ့ ယောင်္ကျားတစ်ယောက်ဟာ ကျွန်မအထင်အသေးဆုံး လုပ်ရပ်တစ်ခုကို လုပ်နေနိုင်ပါ့မလား။ သူတစ်ကယ်ပဲ လုပ်ပါ့မလား။ သူ့ကို ကျွန်မသာမက၊ အခြားမိတ်ဆွေများလည်း အထင်ကြီးလေးစားကြသည်။ အနေအထိုင်တည်ကြည်တယ်လို့ နာမည်ကြီးတဲ့ သူဟာ.. ပလီသည့်လုပ်ရပ်တစ်ခုကိုတော့ ဘယ်လိုမှ လုပ်မနေနိုင်ပါ။ ကျွန်မကို ချစ်တယ်လို့လည်း ပြောခဲ့သေးတာပဲလေ။ ငါ့ရင်မှာ အချစ်မရှိတာ ကြာပြီ ဆိုတာလည်း ဖွင့်ဟခဲ့သေးတာပဲ။ ကျွန်မချစ်သူသည် ချစ်တယ်ဆိုသည့် စကားကို အလွယ်တကူ ပြောတတ်တဲ့ ယောင်္ကျားမျိုးထဲမှာ ဘယ်လိုနည်းနဲ့မှ ပါဝင်မနေနိုင်ပါ။ မချစ်တတ်တော့တဲ့ ယောက်ျားတစ်ယောက်က ကျွန်မကိုတွေ့မှ ချစ်တတ်လာတယ်ဆိုတာ ကျွန်မအတွက် ကံကောင်းတာလား ကံဆိုးတာလား။ သူပြောခဲ့တဲ့ စကားတွေက အမှန်တွေလား.. ။ကျွန်မ အချစ်ကိုများ ညာယူဖို့ ကြိုးစားခဲ့တာလား။ ကိုရေ… ရှင်ကျွန်မကို ပြောခဲ့တဲ့ စကားတွေဟာ တစ်ကယ်ပဲ အဆိပ်တွေဖြစ်နေပြီလားကွယ်။

ကျွန်မအထပ်ထပ်စဉ်းစားကြည့်မိသည်။ ကျွန်မ သူ့ကို ချစ်သေးရဲ့လား ဆိုသည့်ကိစ္စကို ကျွန်မ ထပ်ခါ ထပ်ခါ တွေးကြည့်မိသည်။ ကိုယ့်ချစ်သူမှာ မိန်းမရှိခဲ့ဖူးတယ် ဆိုသည့် ဖြစ်ရပ်မျိုးကို ကြုံတွေ့ရသည့် မိန်းကလေးတိုင်း ဆောက်တည်ရာမရ ရူးမတတ်ခံစားကြရလိမ့်မည်ထင်သည်။ ဒေါသကြီးလွယ်သော မိန်းကလေးမျိုးဆိုလျှင် ချက်ချင်းစရင်းရှင်းပြီး ကွဲကြ ပြတ်ကြသည့် အခြေအနေထိ ရောက်သွားနိုင်ပါသည်။ သူ ဘာကြီးပဲ ဖြစ်ခဲ့ ဖြစ်ခဲ့.. ကျွန်မသူ့အဖြစ်ဆိုးတွေကို သိနေပြီးတာတောင် တစ်ကယ်ကို ချစ်နေနိုင်သေးသည်ဆိုတာကို ကျွန်မတွေ့ရသည်။ သူကကော ကျွန်မကို ဒီအကြောင်းတွေ ဘာလို့ဖွင့်မပြောခဲ့တာလည်း။ အချိန်တစ်ခုကို စောင့်နေတာလား။ ဒါမှမဟုတ် မိန်းမရခဲ့ဖူးတယ်ဆိုတဲ့ အဖြစ်ကို သူကိုယ်တိုင် မေ့နေချင်ခဲ့လို့ ကျွန်မကို မပြောပြဖြစ်သေးတာလား။ ကျွန်မကိုများ သူ တစ်ကယ်ညာနေတာလား။ ဒီကိစ္စကြီးဟာ သူ့အတွက် အမှားတစ်ခုလည်း ဖြစ်နေနိုင်ပါသေးသည်။ သူ့ကို နာကျင်စေမည့် အတိတ်က အရိပ်ဆိုးတစ်ခုကော ဖြစ်မနေနိုင်ဘူးလို့ မပြောနိုင်ဘူးလား။ ဒီလိုသာဆို သူကိုယ်တိုင်မေ့ဖို့ ကြိုးစားနေသည့် ကိစ္စတစ်ခုကို ဘာကြောင့် ကျွန်မက အစဖော်ပြီး မေးရမှာလဲ။ ဘာကြောင့်များ အတိတ်ကဖြစ်ရပ် တစ်ခုကြောင့် ကျွန်မသူ့ကို နာကျင်စေရပါ့မလဲ။ ဟင့်အင်း.. ကျွန်မသူ့ကို မနာကျင်စေလိုပါ။ အထူးသဖြင့် ကျွန်မကြောင့် ပို၍မနာကျင်စေလိုပါ။ သူကိုယ်တိုင်က မေ့ထားချင်သည့် ကိစ္စတစ်ခုဆိုရင်တော့ သူ့ကို ချစ်သည့်ကျွန်မအတွက်လည်း မေ့ထားနိုင်သည့် ကိစ္စတစ်ခု ဖြစ်နေနိုင်ရမှာပေါ့။ သူ၏ အတိတ်ဖြစ်ရပ်များကို ကျွန်မ၏ သမိုင်းများအဖြစ် မှတ်တမ်းမတင်လိုပါ။ ကျွန်မသည် သူနဲ့အတူ ပစ္စုပန်ကို အကောင်းဆုံးရင်ဆိုင်ပြီး လှပသော အနာဂတ်များကို တည်ဆောက် ချင်ခဲ့ပါသည်။ ကိုနိုင်ဇော်ပြောတော့ ရှင့်အတိတ်တွေဟာ ကျွန်မရှင့်ကို အနိုင်ယူနိုင်မယ့် ၀ှက်ဖဲတဲ့။ ကျွန်မအထင်တော့ ဒါဟာ နှစ်ဦး နှစ်ဘက် အထိမနာစေဖို့ ဖျောက်ဖျက်ပစ်ရမယ့် ဖဲတစ်ချပ်သာဖြစ်သည်။ သူသာကျွန်မကို တစ်ကယ်အလေးထားလျှင် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဒီအကြောင်းတွေကို ပြောရင်လည်း ပြောလာနိုင်ပါသည်။ ကျွန်မဆုံးဖြတ်လိုက်သည်.. သူ ကျွန်မကို ဖွင့်ဟမလာမချင်း.. ကျွန်မသူ့ကို ဒီကိစ္စနဲ့ ပတ်သက်လို့ တစ်ခွန်းမှ မဟဟူ၍ ကျွန်မ ဆုံးဖြတ်လိုက်သည်။

ကျွန်မတွင် ဘယ်လိုမှ မကောင်းသော အကျင့်တစ်ခုရှိသည်။ သူငယ်ချင်းများနှင့်စကားပြောနေသော နောက်ပြောင်နေသောအခါများတွင် စကားတွေ အရမ်းများပြီး ကိုယ့်ထက်အကြီးများကို အစ်မလို အစ်ကိုလို ချွဲနွှဲ့တတ်သော်လည်း ချစ်စကား ကြိုက်စကားများ ပြောရမည့်အခါများတွင် သူမစ မချင်း.. ကိုယ်ဘယ်လိုမှ ပြောမထွက်တတ်ပါ။ “လွမ်းလိုက်တာ.. ကိုရယ်” ဆိုသော စကားမှလွဲ၍ သည်ထက်ပိုကြည်နူးစရာ တစ်ဘက်သာ ဘ၀င်ခိုက်စရာ စကားများ မပြောတတ်ပါ။ ထို့ကြောင့်လည်း သူက ကျွန်မကို “မထုံတက်တေး” ဟု နာမည်ပေးခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ ကျွန်မတို့နှစ်ယောက် စကားပြောကြသည် ဆိုရာတွင်လည်း အချစ်အကြောင်းကို ပြောခြင်းထက် ပြင်ပကိစ္စအကြောင်းများ၊ သူ့ ကျောင်းစာများ၊ ကျွန်မ အလုပ်အကြောင်းများကိုသာ ပြောဖြစ်ခဲ့သည်က များသည်။ ဒီလို မချွဲတတ်ခြင်းကလည်း ယောက်ျားတစ်ယောက်ကို စိတ်ကုန်သွားစေခဲ့သလား.. ကျွန်မနဲ့ အဝေးကိုတွန်းပို့စေလိုက်သလားဟု ကျွန်မ ပြန်တွေးကြည့်ခဲ့ဖူးသည်။ ကျွန်မအလုပ်ပိတ်ရက်များတွင် ဆိုက်ဘာကဖေးများမှတစ်ဆင့် အွန်လိုင်းပေါ်လာရသည်။ သူရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျွန်မသူ့ကို နေ့တိုင်းတွေ့ချင်သောကြောင့် သူရှိတတ်သောအချိန်များသော မှန်းဆကာ အင်တာနက်သုံးဖြစ်သည်။ အင်တာနက်ဆိုင်တွင် ဂျီတော့များ၊ VZO များမှတစ်ဆင့် အီစီကလီရိုက်နေကြသော အမျိုးသား အမျိုးသမီးငယ်များကို ကျွန်မတွေ့ရသည်။ စာရိုက်ပြီး ကျူသောသူများ၊ voice ဖြင့်ပြောပြီး ကျူသောသူများ၊ Web Cam များမှတဆင့် ကျူသောသူများ.. အိုး.. တစ်ချို့သူတွေအတွက်တော့ အွန်လိုင်းသည် မသမာသော အသုံးချစရာတစ်ခု ဖြစ်မှန်းမသိ ဖြစ်နေလေတော့သည်။

“ကိုကိုနော် ချစ်တယ်ပြောပြီး နောက်တစ်ယောက်နဲ့ တွဲမနေနဲ့ မီးစိတ်ကောက်လိုက်တော့မှာ”

“လွမ်းတယ် မောင်ရယ် မောင်နဲ့အတူ လက်ချင်းချိတ်ပြီး လမ်းလျှောက်ချင်လိုက်တာနော်”

“ကိုရေ မနေ့က ကြာဆံချက်စားတော့ ကို့ကို သတိရတယ် ကိုက သိပ်ကြိုက်တတ်တာ မဟုတ်လား.. ကိုပြန်လာရင် ချက်ကျွေးမယ်နော်”

“မနေ့ညက အိမ်မှာ အကြောင်းပြချက်တွေ မရှိပဲ ကို့ကို သတိရလိုက်တာ.. ကို့ရင်ခွင်လေးထဲမှာ မှီနေရရင် ဘယ်လောက်များ ကောင်းလိမ့်မလဲလို့ တွေးမိသေးတယ်”

“ချစ်ရယ် မောင်လေ မင်းကို သတိရတဲ့ စိတ်တွေ ထိန်းမရဘူး.. မင်းနဲ့အမြန်ဆုံချင်ပြီကွာ မြန်မြန်ပြန်လာခဲ့ပါတော့ ချစ်ရယ်”

စသော စသော စကားများကို ကျွန်မ နားရှက်စွာ ကြားရသည်။ ကျွန်မဆိုရင်ကော… အိုး နိုး…. ထိုကဲ့သော ရှက်စရာကောင်းသော စကားများကို ကျွန်မနုတ်ဖျားမှ မထွက်ရဲပါ။ ရည်းစားကိစ္စများဖြင့် အတွေ့အကြုံ မရှိသော ကျွန်မသည် ပလီပလာပြောခြင်း အတတ်ပညာများကိုလည်း မတတ်မြောက်ခဲ့ပြန်ပါ။ ယောင်္ကျားတော်တ်ာများများဟာ ဒီလိုစကားတွေပေါ်မှာ သာယာလေ့ရှိသလား။ အသံကြားရုံနဲ့ ရင်ခုန်တယ်ဆိုတာမျိုး ကျွန်မ အကြိမ်ကြိမ်ကြားဖူးသည်။ ချစ်သူ့အသံလေးကြားပြီး တစ်သိမ့်သိမ့်ကြည်နူးရသည် ဆိုသည့် စကားမျိုး သူငယ်ချင်းများထံမှ ကျွန်မကြားဖူးသည်။ ချစ်သူအချင်းချင်းတွင် ထိုကဲ့သို့ ကိစ္စများရှိနေကြမည်မှာလည်း အမှန်အကန်ပင်ဖြစ်သည်။ သို့သော် ကျွန်မရှက်ပါသည်။ သူကကော ကြားချင်သလား၊ ကျွန်မဆီက ဒီလိုစကားတွေ ကြားရဖို့ မျှော်လင့်သလား။ သူကိုယ်တိုင်ကော ချွဲနွှဲ့ခြင်း အပေါ်မှာ သာယာတတ်သလား။ နေပါအုံး အချစ်မှာ အရှက်ဆိုတာ လိုအပ်သလား။ သူသည် စကားလုံးများဖြင့် ရစ်ခြင်းဒဏ်ကို ဘယ်လိုမှ မခံနိုင်ပါ။ တစ်ခါ တစ်ရံ ကျွန်မ အလုပ်ထဲစိတ်ညစ်စရာများ ကြုံလာသော အချိန်များတွင် သူ့ကို စကားတွေများများပြောကာ တစ်မျိုးပြီး တစ်မျိုးရစ်ခဲ့သည်များ ရှိသည်။ ကျွန်မ သတိထားမိသည်က ထိုအခါမျိုးတွင် သူသည် log out လုပ်ပြီး ထွက်ပြေးတတ်သည်က များသည်။ ကျွန်မကို ချစ်တယ် ချစ်တယ် ပြောပြီး တစ်ခါတစ်လေ ကျွန်မ စိတ်ညစ်နေသည့်အချိန်လေးတွင်တောင် ကျွန်မအနားတွင် ရှိမနေပေးတတ်သော သူ့ကို ကျွန်မ စိတ်ထဲတွင် ခုလု ခုလုတော့ ဖြစ်မိပါသေးသည်။ သို့သော် ဤအသေးအဖွဲများသည် ကျွန်မတို့နှစ်ယောက်ကြားတွင် ဘယ်လိုပြသနာကိုမှလည်း မဖန်တီးခဲ့ပြန်။

“ကိုယ်က မိန်းကလေး တစ်ယောက်ကို ရုပ်ချောတာထက်.. တော်မှ ထက်မှ သဘောကျတာ” ဟု သူအမြဲပြောလေ့ရှိသည်။

“ဒါဆို ကျွန်မကကော.. ကျွန်မက ရှင်သဘောကျတဲ့ မိန်းမမျိုးမှ မဟုတ်ပဲ.. ကျွန်မက တော်မှ မတော်တာ”

“မင်း.. မသိတာ ဖြစ်ပါလိမ့်မယ်.. ကိုယ်သိတာပေါ့ကွ.. မင်းတော်တယ် ဆိုတာကို.. ကိုယ်က မင်းကို ဖောက်ထွင်းမြင်ရတယ်လေ”
“မြတ်စွာဘုရား.. ဖောက်ထွင်းတောင် မြင်သတဲ့လား ကျွန်မက အဲ့လောက်တောင် Transparent ဖြစ်သလား”
“ဒါပေမယ့် အဲ့လို မိန်းကလေးတွေက ကိုယ်နဲ့ ဘယ်လိုမှ မမြဲဘူးကွ.. သိလား.. ကိုယ် အရင်ရည်းစားတွေနဲ့ ပြတ်ခဲ့တာ အဲ့ဒါကြောင့်”
“သူတို့က ကို့ကို ဘာလုပ်လို့လဲ.. ဘာလို့ ပြတ်သွားကြတာလဲ”
“တော်တဲ့ ယောက်ျားနဲ့ ထက်တဲ့ မိန်းမက ဘယ်လိုမှ ပေါင်းစပ်လို့ မရဘူးလေ.. နှစ်ယောက်သားက အနိုင်လိုချင်နေတာ များတယ်.. ကိုယ်ဆိုလည်း ဘို လုပ်ရမှ ကျေနပ်တာပဲ.. စစ်ဗိုလ်တော့ မလုပ်ဘူးပေါ့ကွာ”
“ဟား ဟား.. ဒါဆို ရှင်က တစ်ကယ်မှ အချစ်မခံဖူးသေးပဲ.. ရှင်က တစ်ကယ်ထက်တဲ့ မိန်းမမှ မတွေ့ဖူးသေးပဲ”
“ဟုတ်လို့လား.. မင်းက ဘာလို့ အဲလိုပြောရတာတုန်း”

“မိန်းမတစ်ယောက် တစ်ကယ်ချစ်တတ်လာပြီဆိုရင် သူ့မှာ အတ္တတွေ၊ မာနတွေ မရှိတော့ဘူး ကို.. သူချစ်တဲ့ ယောင်္ကျားအတွက် အတတ်နိုင်ဆုံး ပေးဆပ်ဖို့ ကြိုးစားတတ်ကြတယ်.. အချစ်နဲ့ပတ်သက်လာရင် မိန်းမတွေက ပိုရင်ဆိုင်ရဲကြတယ်.. သူ့မှာ လိုအင်ဆန္ဒတွေ ရှိကောင်းရှိလိမ့်မယ်.. ဒါပေမယ့် သူချစ်တဲ့ ယောက်ျားအတွက် အတတ်နိုင်ဆုံး ချိုးနှိမ်တတ်ကြတယ်.. ပြီးတော့ တစ်ကယ်ထက်တဲ့ တော်တဲ့ မိန်းမတွေက သူတို့ ချစ်သူတွေကို ဘယ်လိုနေရာပေးရမယ် ဆိုတာ သိတတ်ကြတယ်.. သူတို့ချစ်သူတွေကို အရမ်းကို နားလည်တတ်ကြတယ်.. တစ်ကယ်ထက်တဲ့ မိန်းမတစ်ယောက်ကို ရထားတဲ့ ယောင်္ကျားတစ်ယောက်ဟာ ဘယ်လိုမှ အချစ်ကံဆိုးနိုင်စရာ မရှိတော့ဘူး… ကို တွေ့ခဲ့ဖူးတယ် ဆိုတဲ့ မိန်းမတွေက တော်ကောင်းတော်လိမ့်မယ်.. ဒါပေမယ့် ကျွန်မ အကဲခတ်ရသလောက် သူတို့တွေ မထက်ကြဘူး.. သူတို့တွေ အတ္တကြီးကြတယ်.. သူတို့တွေ အနိုင်လိုချင်ကြတာ.. ဒါကြောင့်လည်း ရှင့်လို လူမျိုးနဲ့ အံမကိုက်တာ ဖြစ်မှာပေါ့.. တစ်ကယ် ထက်တဲ့ မိန်းမက ကိုယ့်ချစ်သူ ကိုယ့်ယောက်ျား ဘာလိုအပ်နေလဲ အကုန်သိကြတယ်”

“ဒါဆို.. ချစ် ကကော ဘယ်လို မိန်းမမျိုးလည်း”

“ဒါကတော့ ကျွန်မ ပြောရမှာထက်.. ကို စောင့်ကြည့်ရမှာလေ..သေချာတာကတော့ ကျွန်မက တော်တဲ့ ထက်တဲ့ မိန်းမ မဟုတ်ဘူး. ရှင်ကတောင် ကျွန်မကို ပြုပြင်ပေးရအုံးမှာ.. နောက်ပြီး ရှင်က ကျွန်မနဲ့ အဝေးမှာ ဆိုတော့.. ကျွန်မရှင့်ကို တစ်ခုခု လုပ်ပေးချင်ရင်တောင် ကျွန်မမှာ ဘာအခွင့်အရေးမှ မရှိသေးတဲ့ အဖြစ်ပါ.. ကျွန်မတို့ နှစ်ယောက် အချိန်တွေ အများကြီးလိုသေးတယ် ကိုရဲ့.. ကို ကျွန်မကို အဲ့ဒီအချိန်ထိ ချစ်နိုင်ပါ့မလား”

“ချစ်နိုင်မယ် ထင်တာပဲလေ.. ”

“အင်း.. ကျွန်မ အတွက်တော့ ပြောရဲတယ်.. ရှင့်အပြင် နောက်တစ်ယောက်ဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး”

တစ်ကယ်လည်း ကျွန်မအတွက် သူနှင့်မတော်တဆ ဝေးသွားခဲ့လျှင်တောင် သူ့အပြင်နောက်တစ်ယောက်ကို ချစ်လာနိုင်တော့မည် မဟုတ်ပါ။ ကျွန်မ၏စိတ်များကို အချိန်ပြည့်စိုးမိုးနေသည်မှာ သူသာလျှင်ဖြစ်တော့သည်။ တစ်ခါ တစ်ခါ ကျွန်မသူ့ကို အရမ်းစိတ်တွေပူမိသည်။ နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်းနေရတာ သူ အစားအသောက်မှ မှန်ပါ့မလား၊ နေမကောင်းရင် ဘယ်သူများ လာပြုစုမှာလဲ၊ အ၀တ်တွေကော ပုံမှန်လျှော်ရဲ့လား၊ ထမင်းကောင်း ဟင်းကောင်းမှ စားရရဲ့လား.. ဆိုတာမျိုးတွေက ကျွန်မကို ဒုက္ခပေးလေ့ရှိသည်။ “မင်းကလည်းကွာ.. အ၀တ်များ လျှော်စရာတောင်မလိုဘူး.. အကြွေစေ့နဲ့လျှော်လို့ရတဲ့ စက်တွေရှိတယ်လေ.. သွားလျှော်လိုက်တာ မီးပူတိုက်ပြီးသားတောင် ရသေးတယ်ကွ” ဟု ပြန်ပြောတတ်သည်။ တစ်ခါတုန်းကလည်း ကြက်ဥမကြော်တတ်ဘူးဆို၍ ကျွန်မ ဂျီတော့ကနေ တစ်ဆင့် ဘာတွေလုပ် ဘာတွေလုပ် ဆိုတာကို ပြောပြရသေးသည်။ “ကြက်ဥကို ဓါးနဲ့ခွဲရမှာလား ကက်ကြေးနဲ့ ခွဲရမှာလားကွ” လို့မေးတုန်းက ကျွန်မမှာ ရီချင်လိုက်တာလေ..။ “ကြက်ဥခွဲနည်းလေးတောင် မသိရအောင် အရင်တုန်းက ရှင်ရန်ကုန်မှာ တစ်ယောက်တည်း ဘယ်လိုများ နေခဲ့လဲ” လို့ ကျွန်မမေးတော့ “ပြုတ်စားတယ်လေ” တဲ့။ အဲ့လိုတော်သည့် ကျွန်မ ချစ်သူပါ။

ရက်တွေလတွေ ရှည်ကြာခဲ့သည်နှင့်အမျှ ကျွန်မအချစ်တွေလည်း ခိုင်မာခဲ့ပါသည်။ သို့သော် ချစ်သထက်ချစ်ဖို့ တတ်နိုင်သလောက် ပေးဆပ်ဖို့ ကြိုးစားနေတုန်းမှာပင် နောက်ထပ်အဖြစ်ဆိုး တစ်ခုကို ကျွန်မကြုံတွေ့ရသည်။ ကျွန်မ အလုပ်လုပ်သော ရုံးသည် သူအရင်က အလုပ်လုပ်ခဲ့သော ရုံးနှင့် အနည်းငယ်နီးပါသည်။ သွားရမည့်လမ်းကြောင်းလည်း တူသည်။ တစ်ရက် ကျွန်မ ရုံးသွားရန် တက္ကစီငှားနေတုန်း အမျိုးသမီးတစ်ယောက် ကျွန်မအနားရောက်လာသည်။

“ညီမလေး.. ကိုနိုင်ဇော်တို့ ရုံးက မဟုတ်လား.. အမ ညီမရဲ့ ယူနီဖောင်းကို မှတ်မိနေတယ်.. တက္ကစီတူတူ ငှားရအောင်နော်.. လမ်းသင့်နေတာပဲ”

“သြော်.. ဟုတ်ပါတယ် အမက ဘယ်သွားမှာတုန်း”

“….. Company ကို သွားမှာလေ.. ညီမတို့ နားမှာပဲလေ.. အမနာမည်က ခင်သီတာပါ”

“အိုကေ မမ သွားကြတာပေါ့”

သို့နှင့် ထိုအမျိုးသမီးနဲ့ ကျွန်မ ကားအတူတူ ငှားစီးဖြစ်ကြသည်။ ဖြူဖြူချောချော ထိုအမကြီးကို ကျွန်မကြည့်ရင်း ကို နဲ့များ သိနေမလားဟု တွေးကြည့်သည်။ “အမတို့ဆီမှာ အလုပ်လုပ်ဖူးတဲ့ ကိုမင်းသက်ဆွေနဲ့ သိလား” ဟု မေးကြည့်ခဲ့မိသည်။

“သိတယ်လေ ညီမရဲ့… ညီမနဲ့သိလား”
“ဟုတ် သမီး သူငယ်ချင်းပါ မမ”
“ဘာလို့ မေးတာလဲ ညီမလေး”
“သြော် မဟုတ်ပါဘူး အမရယ်.. သမီး ဒီအတိုင်းမေးကြည့်မိတာပါ”
“အင်း.. သူကတော့ ရည်းစား ခပ်များများပဲကွ.. အမနဲ့ စသိတုန်းကဆို သူ့မှာ ရည်းစား ခုနစ်ယောက်တောင်ရှိတယ်လေ.. ”
“ဘုရားရေ.. ခုနစ်ယောက်.. တစ်ပြိုင်နက်တည်းမှာလေ”
“အင်း.. သိလား ညီမလေးရဲ့ His heart is always available လေ.. သူ့ကြောင့် အသဲကွဲခဲ့ရတဲ့ မိန်းကလေးတွေလည်း မနည်းဘူးပဲ”
“အိုးးး မိန်းမတွေကကော ဒီအကြောင်းကို မသိကြဘူးလား မမ.. သူ့ ရည်းစားတွေကလေ”
“သိတဲ့သူလည်း ရှိတယ်.. မသိတဲ့သူလည်း ရှိတယ်.. သူ့ရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ မိန်းကလေးတွေလည်း များတယ်.. သူက တော့ အေးဆေးပဲလေ ရည်းစားကို အပျော်ထားနေတာ.. သိလို့လည်း သူ့ကို အမိဖမ်းတဲ့ မိန်းကလေးတစ်ယောက်တောင် ရှိခဲ့ဖူးတာပဲ”
“ဟောတော်.. သိတဲ့ မိန်းကလေးတွေကကော ဘာမှ မတုန့်ပြန်ကြဘူးလား”
“သြော် ဘယ်ပြောကောင်းမလဲ.. ဒါပေမယ့် သိလား သူက ဒါမျိုးတွေနဲ့ ပတ်သက်ပြီး Immune ဖြစ်ပြီးသားလေ.. ဂရုမစိုက်ဘူးပဲ.. ဒီလိုပါပဲ ညီမလေးရယ်.. လောကမှာ လူတော် လူကောင်းဆိုတာရှားတယ်.. သူက တော်တော့ တော်တယ်နော်… မကောင်းဘူး.. ကောင်းတဲ့ ယောက်ျားတွေ ကျပြန်တော့လည်း မတော်ကြပါဘူးကွယ်..”
“စိတ်ရင်းကတော့ ကောင်းရှာပါတယ် အမရယ်”
“အင်း.. သူက အကိုလို ခင်ဖို့တော့ အတော်လေးကောင်းတယ်.. ရည်းစားလုပ်ဖို့ပဲ မကောင်းတာ.. သူ့ ရည်းစားတွေလည်း ထားခဲ့ခံရတာပါပဲ..”

ဘုရားရေ.. သူ့ရည်းစားတွေဟာ ထားခဲ့ခံရသတဲ့လား။ အပျော်ရည်းစားတွေကို တစ်ယောက်ပြီး တစ်ယောက် တွဲနေသတဲ့လား။ ထိုအမကြီး၏ စကားများကို နားထောင်ရင်း ကျွန်မရင်ထဲ ဆို့တက်လာသည်။ ၀မ်းနည်းမှုများကို ဘယ်အရာကမှ မတားဆီးနိုင်ခဲ့ပါ။ မျက်ရည်ဝဲလုလုဖြစ်နေသော ကျွန်မကို ထိုအမကြီးက မြင်ဖြစ်အောင်ကို မြင်သွားသေးသည်။

“ညီမ ဘာဖြစ်လို့လဲ.. ညီမလေး နာမည်ဘယ်သူလဲ”

“သြော် ဘာမှ မဖြစ်ဘူး မမ… ညက အိပ်ပျက်လို့ပါ.. ဟော သမီးရုံးရောက်ကာနီးပြီ.. ရပြီ ဦးရေ.. ဒီနားမှာပဲ ဆင်းလိုက်တော့မယ်.. အမ တာ့တာနော်..”

တက္ကစီသမားကို ပိုက်ဆံပေး ထိုအမကြီးကိုလည်း နုတ်ဆက်ကာ ကားပေါ်မှ ကျွန်မပြေးဆင်းလာခဲ့သည်။ “ထားခဲ့ခံရမယ်” ဆိုသော စကားသံများသည် ကျွန်မနားထဲမှ မထွက်နိုင်ခဲ့ပါ။ “မိန်းမတွေကို ထည်လဲတွဲတယ်” ဆိုသော စကားများသည် ကျွန်မက မတွေးပါပဲ ကျွန်မစိတ်ထဲကို ရောက်ရောက်လာသည်။ ဒါဆို သူ ကျွန်မကိုကော အပျော်တွဲနေတာပဲလား။ တစ်နေ့မှာ ကျွန်မကို ထားခဲ့ဖို့ စိတ်ကူးပြီးသားလား။ လောလောဆယ် ကျွန်မနဲ့ ရည်းစားဖြစ်နေသည့် နေ့ရက်တွေက ကျွန်မကို စိတ်မကုန်ခင်လေး.. ကျွန်မအနားမှာ ရှိနေပေးသည့် သဘောလား။ အပြင်မှာတောင် ရည်းစားများခဲ့ဖူးသည့် ယောင်္ကျားတစ်ယောက်ဟာ အွန်လိုင်းပေါ်မှာကော ရည်းစားတွေ မှိုလိုပေါက်အောင် ထားနေနိုင်မလား။ ချစ်ပါတယ် ကြိုက်ပါတယ် လွမ်းပါတယ် ပြောနေသည့် စကားများဟာ ပါးစပ်အရသာခံချင်ရုံ သက်သက်ပဲလား။ လူတစ်ယောက်ကို သူ့ရဲ့ အတိတ်က အမဲစက်တစ်ခုကြောင့် လက်ရှိမှာကော ဒါမျိုးပဲ ဖြစ်နေလိမ့်မည်လို့ ထစ်ထစ်ချ တွေးယူသင့်သလား။ အားးးးးးးးးးးးး ကျွန်မ မတွေးချင်ပါ။ ကျွန်မ ဒီလူကို ချစ်ခဲ့မိမှတော့ ဖြစ်သမျှအကြောင်း အကောင်းဟု ခံယူရန်သာ ရှိပါတော့သည်။ ထိုနေ့အဖို့ ကျွန်မအလုပ်ကိုလည်း ကောင်းကောင်း မလုပ်နိုင်ခဲ့ပါ။ အလွဲလွဲ အမှားမှားများကို အထပ်ထပ်ပြုလုပ်မိကာ GM အော်သမျှ ငေါက်သမျှကို ခံရသည့် နေ့တစ်နေ့ ဖြစ်ခဲ့သည်။ သို့သော် ကျွန်မစိတ်ထဲ တစ်ထင့်ထင့်ဖြစ်နေသော ကိစ္စများကို သူ့ကို သေချာမေးမှ ဖြစ်မည်ဟု တွေးကာ သူ့ကို တစ်ခုခုတော့ မေးကြည့်ရန် ဆုံးဖြတ်မိသည်။ ထိုနေ့က ညနေပိုင်းလောက်မှ သူအွန်လိုင်းတက်လာသည်။

“ဆောရီးကွာ.. ဒီနေ့ တစ်နေကုန် ကျောင်းလျှောက်ဖို့ဟာတွေ လုပ်နေရတယ်”
“ကိုက ဘာတွေများ ထပ်တက်အုံးမလို့လဲ..”
“မာစတာ တစ်ခု ထပ်တက်ချင်လို့ကွ.. အခုတက်နေတာက ပြီးတော့မယ်လေ.. အလုပ်လည်း လုပ်ရအုံးမယ်”
“ကောင်းတာပေါ့ ကိုရယ်.. ကျွန်မတို့ ဘ၀တွေက ဆက်တိုက်ကြိုးစားနေမှ ဖြစ်မှာ မဟုတ်လား.. ကျွန်မ ကူညီပေးနိုင်တာရှိလည်း ပြောနော် လုပ်ပေးဖို့ အဆင်သင့်ပဲ”
“၀ိုးးးးးးးးးး ကျေးဇူး ကျေးဇူး.. ကိုယ် Proposal တစ်ခုတော့ တင်ရအုံးမယ်ကွ.. ဗမာလိုရေးထားတာ ရှိတယ်.. အင်္ဂလိပ်လိုပြန်ရေးရမှာ နည်းနည်းများတယ်.. ချစ် ကူပေးနိုင်ရင် ကိုယ်မေလ်းပို့ပေးမယ်လေ”
“ရတာပေါ့ ကို့ရဲ့.. ကိုယ်ဘယ်နေ့လိုချင်လဲသာ ပြောလိုက်.. ကျွန်မရအောင် လုပ်ပေးမယ်.. ကိုလည်း ကျန်းမာရေး ဂရုစိုက်နော်”
“အင်းပါ.. ချစ်က ကိုယ့်ထက် အင်္ဂလစ်ရှ် ကောင်းပုံပဲ”
“အင်း.. ဒါကတော့ ပြိုင်ကြည့်မှ သိမယ်လေ.. သြော် မနက်ကတောင် ကို့ရဲ့ အရင်အလုပ်က အမကြီးတစ်ယောက်နဲ့ ရုံးတူတူ လာသေးတယ်.. ဘာတဲ့ မခင်သီတာ ဆိုလား.. သူ့ကို သိလား”
“သြော် ခင်သီတာ လား.. အင်း.. ကိုယ့်ရည်းစားဟောင်းပါ”
“ဟောတော်… ကိုကလည်းနော်”
“ဆောရီး ချစ်ရယ်. စိတ်မကောင်းဖြစ်သွားလား”

ကျွန်မစိတ်ကောင်းဖြစ်သွားတာပေါ့ကိုရယ်. ရှင့်ရဲ့အရင်ရည်းစားဟောင်းတစ်ယောက်နဲ့ ကားတူတူစီးခဲ့ရတဲ့ ကျွန်မအဖြစ်က ကိုယ့်ဟာကိုယ် မသင်္ကာချင်စရာ ကောင်းနေခဲ့ပါရဲ့။ အင်း.. သူ ဖွင့်ပြောနေမှတော့ မထူးပါဘူး.. ဟို ကိစ္စပါ တစ်ခါတည်း မေးလိုက်တော့မယ်။

“စိတ်မကောင်း မဖြစ်ပါဘူး ကိုရယ်.. အရင်တုန်းက ရည်းစားပဲဟာ.. အခု ရည်းစားက ကျွန်မပဲ မဟုတ်လား.. ဟင် ကို”
“ဟုတ်ပါ့ဗျားးးးးးးး ချစ်က လွဲပြီး ဘယ်မိန်းမကိုမှ စိတ်မ၀င်စားဘူးနော် သိလား”
“ဟိုလေ.. တစ်ခုလောက် မေးချင်သေးလို့ သင်းသင်းမြတ် ကိုကော သိလား”
“အဲ…. ဟို..”
“သိလားဆို…..”
“ခိုးပြေးခဲ့ဖူးတယ် ချစ်… ကိုယ့် သူနဲ့ညားခဲ့ဖူးတယ်”
“ရှင် ကျွန်မကို ညာတယ်… ရှင့်အကြောင်းတွေကို လိမ်ထားခဲ့တယ်.. ကျွန်မက ဘာမှမသိဘူး ထင်နေလို့လား”
“မဟုတ်ဘူး.. ကိုယ်ပြောသင့်တယ်ဆိုတာ သိတယ်.. မင်း ငိုမှာစိုးလို့.. မင်း ခံစားရမှာစိုးလို့”
“သူနဲ့ အခု ကွဲသွားကြပြီလား.. ကျွန်မကို မညာနဲ့နော်.. ကိုတို့ ပတ်သက်နေကြတုန်းလား”
“မဟုတ်ဘူး.. သူနဲ့ကိုယ် ခဏပဲနေခဲ့ဖူးတယ်… ဇာတ်လမ်းက ပြီးပြီလေ.. တစ်ကယ်မှ မချစ်နိုင်ခဲ့ပဲ”
“ကျွန်မ ကို့နောက်ကြောင်းတွေကို မလိုက်ရပါပဲ.. သတင်းတွေက ကျွန်မဆီ ရောက်ရောက်လာတယ် ကိုရယ်”
“မင်း ငိုနေမှာ စိုးလို့ ကိုယ်မပြောပဲ နေခဲ့တာပါ.. သက်ထားဝင်နှောင့်ယှက်တုန်းကတောင် ဘာမှမဟုတ်ပဲ ငို ခဲ့သေးတယ် မဟုတ်လား”
“ကျွန်မ ငိုမှာစိုးလို့ ဆိုတာက ကိုယ့်ရဲ့အဖြစ်မှန်ကို ဖော်ပြဖို့ထက် အရေးကြီးနေလား.. ဟုတ်လား”
“ဟုတ်တယ်.. မင်းကို သနားလို့.. မင်း ခံစားရမှာစိုးလို့.. မင်းကို ချစ်လို့ ကိုယ်မပြောပဲ နေခဲ့မိတာ”

ဟော…. ကျွန်မကို သူက ချစ်တယ်တဲ့။ ကျွန်မငိုမှာစိုးလို့ မပြောပဲနေခဲ့တာတဲ့။ အမှန်တွေ ဖြစ်ပါစေ။ သူပြောတာတွေဟာ အမှန်တရားတွေပဲ ဖြစ်နေပါစေ။ ဒီလိုသာဆို ကျွန်မ သိပ်ပျော်မှာပေါ့ ကိုရယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မသူ့ကို အတိုင်းအတာတစ်ခုထိတော့ ဆက်လက်ယုံကြည်ဖို့ ဆုံးဖြတ်မိပါသည်။ ကျွန်မနောက်ကွယ်မှာ၊ ကျွန်မနဲ့ မတွေ့ခင် ကာလတွေမှာ သူဘာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့.. လက်ရှိမှာ ကျွန်မကို ချစ်နေဖို့က အရေးကြီးပါသည်။ ကိုယ့်ချစ်သူက အမှန်တစ်ကယ်ချစ်တယ်ဆိုတာကို သိလိုက်ရသည့် မိန်းမတစ်ယောက်အဖို့ ထိုထက်ကြီးမား ကျေနပ်စရာကောင်းသော အရာ ဤလောကတွင် ရှိတော့မည် မထင်ပါ။ လူတစ်ယောက်ကို အတိတ်မှာ အမှားတွေ ကျူးလွန်ခဲ့ရုံနဲ့ အခုလည်း ဒီအတိုင်းပဲ ဖြစ်နေလိမ့်မည်ဆိုသော ခံယူချက်များသည် လွဲမှားလွန်းလှပါသည်။ အချစ်ဆိုသောအရာကို ကျွန်မတို့ တန်ဘိုးထားတတ်ရမည်ဖြစ်သည်။ သံသယများ၊ နားမလည်မှုများသည် အချစ်ကိုသတ်နေသော သားသတ်ကောင်များဖြစ်သည်။ ယုံကြည်မှုများနှင့် အပြန်အလှန် လေးစားမှုများသည် ချစ်သူများကြားတွင် မဖြစ်မနေလိုအပ်သည်။ နောက်ပြီး ယနေ့ခေတ်ကြီးတွင် စင်းလုံးချောဆိုသော ယေက်ျားများလည်း အရေအတွက် နည်းနည်းသာ ရှိတော့မည်ထင်သည်။ ယောက်ျားအတော်များများတို့သည် တစ်ချို့နေရာများတွင် လက်တည့်စမ်းသည် ဆိုသော ကိစ္စများနှင့်တော့ အတော်များများ ရင်းနှီးပြီးကြသည့် သူများဖြစ်သည်။ နိုင်ငံရပ်ခြားတွင်သာမက မြန်မာပြည်တွင်ပင် လက်မထပ်ပဲ အတူနေကြသည့် စုံတွဲများ များပြားလာသော အခြေအနေတွင် တစ်ချို့ တစ်ချို့သော ကိစ္စများအတွက် ယောက်ျားများကို ထိမ်းချုပ်၍ မရနိုင်ပါ။

စစ်မှန်သော ချင်ခြင်းတရားဆိုတာ ဘာလဲလို့ ရှင်တို့ တွေးဖူးကြရဲ့လား။ အမှန်တစ်ကယ်ချစ်တတ်ပါက အချစ်၏ အပြစ်များကိုလည်း လျစ်လျူရှုနိုင်ရမည်ဖြစ်သည်။ အချစ်တွင် ပိုင်ဆိုင်ရယူလိုခြင်းသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ပါဝင်နေသော်လည်း ထိုအရာသည် အမှားများကို ဖြစ်စေဖို့ တွန်းအားပေးနေသောအရာဖြစ်သည်။ ကျွန်မ စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးသည်။ မရင့်ကျက်သော သူများအတွက် အချစ်ဆိုသည်မှာ လိုအပ်ချက် တစ်ခုဖြစ်ပြီး ရင့်ကျက်သောသူများအတွက် အချစ်ဆိုသောအရာသည် အချစ်ပင် ဖြစ်တော့သည်တဲ့။ အချစ်ဆိုသည်မှာ ရယူခြင်းဖြစ်သည်၊ ပေးဆပ်ခြင်းဖြစ်သည် စသည်ဖြင့် ကျွန်မ ဖွင့်ဆိုချက်များ မပေးလိုပါ။ ကျွန်မအတွက်တော့ အချစ်ဆိုသည်မှာ အချစ်ပင်ဖြစ်ပါသည်။ ချစ်သူကို ချစ်နေရရုံဖြင့် ကျွန်မ ကျေနပ်နိုင်ပါသည်။ သူက ကျွန်မကို အလိုလိုက်သောအခါများတွင် ကျွန်မပျော်မည်။ သူ ကျွန်မကို အလိုမကျသော အခါများတွင် သူ့စိတ်တိုင်းကျ ကျွန်မနေပေးမည်.. သူ စိတ်ကောက်သော အခါများတွင် ကျွန်မသူ့ကို စရင်း နောက်ရင်း ရှင်းပြရင်း ချော့မည်။ သူ ကျွန်မကို အနိုင်ယူသော၊ အမိန့်ပေးသော အခါများတွင် ငါချစ်တဲ့ ယောက်ျား စိတ်ကျေနပ်စေဖို့၊ သူ ပျော်နေစေဖို့ ဖြည့်ဆည်းပေးရသည် ဆိုသော စိတ်များဖြင့် ကျေနပ်နေမည်သာ ဖြစ်ပါတော့သည်။ ကျွန်မထက် ချစ်စရာကောင်းသော ကျွန်မထက် သူ့ကို ချစ်တတ်သော မိန်းမတစ်ယောက်ကို သူ တွေ့သွား၍ ကျွန်မကို ထားခဲ့မည် ဆိုပါကလည်း ချစ်သူ ကောင်းစားဖို့ ဆိုသည့်စိတ်ဖြင့် ကျွန်မ ဘာအနှောင့်အယှက်မှ မပေးပဲ ကြိုးစားပြုံးပြကာ ချန်နေခဲ့မည်သာ ဖြစ်ပါသည်။ လူတစ်ယောက်ကို ချစ်သည်ဆိုသောအခါ သူနှင့်ပတ်သက်သော အရာများကိုလည်း ချစ်တတ်အောင် အလိုလိုကြိုးစားတတ်လာကြသည်။ သူ နေသားကျသော အရာများနှင့် သူ ကျင်လည်နေသော ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်စေဖို့ ကိုယ့်ဟာကိုယ် ပြုပြင်တတ်လာကြသည်။ ကျွန်မလည်း သူ့ကို ချစ်သည့်အတွက် သူဘာဖြစ်ဖြစ်လက်ခံဖို့ ဆိုသောအရာသည် ကြိုးစားစရာ မလိုပဲ အလိုလိုဖြစ်တည်လာသော အရာတစ်ခုသာ ဖြစ်တော့သည်။ သိလား.. ကို… ရှင့်ဆီက ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းဟာ ကျွန်မကို ဘာနဲ့မှ နှိုင်းမရတဲ့ အင်အားတွေ ဖြစ်စေခဲ့တာပါ။

သူ ကျောင်းပြီးကာနီးသောကြောင့် ခါတိုင်းထက်ပို၍ ကျောင်းစာကို အားရုံစိုက်လာရသည် ထင်သည်။ ကျွန်မနဲ့ အရင်ကလောက် စကားမပြောအားခဲ့သည်ကိုတော့ ကျွန်မ သတိထားခဲ့မိသည်။ တစ်ခါ တစ်ရံတော့လည်း သူ့ သူငယ်ချင်းများနှင့် နေ့စဉ် ရက်ဆက် သောက်စားပျော်ပါးသည် ဆိုတာကို ကျွန်မကြားသိခဲ့ရသေးသည်။ စိတ်ထွက်ပေါက်တစ်ခု ဖြစ်မှာပေါ့လေဟု ဖြေတွေး တွေးရင်း သူ ခဏလေး စကားလာပြောတာကိုတောင် ကျေနပ်ရသည်။ အလုပ်ရှာနေသည် ဆိုသည့် သတင်းကိုလည်း ကြားရသည်။ ကျွန်မကို အရင်ကလို တိုင်တိုင်ပင်ပင် မလုပ်ခဲ့သလို ကျွန်မကိုလည်း အရင်ကလောက် စကားတွေ လာမပြောဖြစ်တာကတော့ သေချာပါသည်။ ကျွန်မ အလုပ်ပျက်မှာ၊ ကျွန်မ အလုပ်များနေတာကို နားလည်လို့ သူ မနှောင့်ယှက်တာ ဖြစ်မှာပါ ဟု ဖြေတွေးတွေ ထပ်တွေးမိပြန်သည်။ ကောင်မလေးတွေနဲ့ ဖုန်းတွေတစ်ယောက်ပြီး တစ်ယောက်နဲ့ ပြောသည်၊ အွန်လိုင်းမှာလည်း ကောင်မလေးတွေနဲ့ စကားတွေများသည် စသောစကားများကို သူ့နှင့် အတူနေသော သူငယ်ချင်းများမှ တစ်ဆင့်ကြားရပြန်သည်။ သူငယ်ချင်း ကောင်မလေးတွေနဲ့ စကားပြောတာဖြစ်မှာ ဆိုပြီး သူ့ကို နားလည်ရသည်။ လူတိုင်းမှာ ခင်မင်မှု ဆိုတာရှိတာပဲ။ အကန့်ဆိုတာလည်း လူတိုင်းအတွက် လိုအပ်တာပဲ။ သူ့ သတင်းများအတွက် ကျွန်မ အနည်းငယ် သ၀န်တိုမိသော်လည်း ဘာမလုပ်ရ ညာမလုပ်ရဆိုသော တားမြစ်ချက်များကိုတော့ မလုပ်ဖြစ်ခဲ့ပါ။ တစ်ခါ တစ်ရံ အီးမေလ်းများကို ဖောက်စစ်ချင်ခဲ့သေးသော်လည်း.. “ကိုယ့်ကို မယုံဘူးလား” ဆိုသည့် မေးခွန်းကို ဖြေရခက်မှာ စိုးသောကြောင့် မလုပ်ဖြစ်ခဲ့ပါ။

အွန်လိုင်းပေါ်မှ တစ်ချို့သူငယ်ချင်းများသည် တစ်နိုင်ငံတည်းတွေ မနေကြသော်လည်း အရမ်းကို ရင်းနှီးကြသည့်သူများ ရှိပါသည်။ ကျွန်မနဲ့ ခင်သည့်သူငယ်ချင်းများသည်လည်း သူ့သူငယ်ချင်းများသာ ဖြစ်ကြသည်။ သူအွန်လိုင်းမှာ ရှိနေသည့် အချိန်တွေ အရင်ကထက် ပိုများလာသော်လည်း ကျွန်မကိုအရင်ကလောက် စကားလာမပြောသည့် အခါ ကျွန်မ ရင်တွေမောရင်း ဘာကြောင့်လဲဆိုသော မေးခွန်းများကို ကိုယ့်ဟာကိုယ် အကြိမ်ကြိမ်မေးမိသည်။ ကျွန်မအတွက်ကော့ ရုံးတွင် အလုပ်တွေ တစ်ခုပြီး တစ်ခုလုပ်မည်။ သူ လာခေါ်မည့် အချိန်ကို မျှော်လင့်ရင်း စောင့်သည်။ နည်းနည်းအားနေသည့်အခါ အခြားသူငယ်ချင်းများနှင့် ဟိုအကြောင်း ဒီအကြောင်းများ ပြောသည်။ တစ်ခြားသူငယ်ချင်းတွေနဲ့ စကားတွေ များရင်း များရင်း ကျွန်မ မကြားချင် မသိချင်သော နောက်ထပ်အကြောင်းအရာ တစ်ခုကို ထပ်သိရပြန်ပါသည်။ အဲ့သည်နေ့က သူ အွန်လိုင်းပေါ်တွင် တောက်လျှောက်ရှိနေခဲ့သည်။ ကျွန်မကို လာမနုတ်ဆက်ခဲ့ပေမယ့် သူ့ ဂျီတော့က စတေးတပ် မက်ဆေ့ခ်ျတွေ တစ်ခုပြီး တစ်ခုပြောင်းနေသည်ကိုတော့ သတိပြုမိခဲ့သည်။ ဘယ်သူနဲ့ ဘာများ ဖြစ်နေပါလိမ့် ဆိုပြီး တွေးမိခဲ့သော်လည်း ၀င်ရောက်မနှောက်ယှက်ချင်သောကြောင့် နီရဲနေသော သူ့အိုင်ဒီလေးကို ဒီအတိုင်းသာ ထိုင်ကြည့်နေဖြစ်ခဲ့သည်။ ထိုစဉ် ကျွန်မနှင့်ခင်သော အကိုကြီးတစ်ယောက် စကားလာပြောသည်။

“ဟိတ် ကောင်မလေး အလုပ်တွေ များနေလား”
“သိပ် မများဘူး အကို… နေကောင်းရဲ့လား”
“ကောင်းတယ်.. ညည်းရည်းစား ရနေပြီလား”
“အောင်မယ်… လူကိုများ မေးရတယ်ရှိသေး.. အကိုသာ အရင်ရအောင်လုပ်.. သမီးတို့က အချိန်တန်ရင် နပိန်ကန်မှာ”
“အေးဟာ.. ငါလည်း ကြိုးစားတာပဲ မစွံတော့လည်း ခက်တယ်ဟ.. ငါ့ သူငယ်ချင်း ကိုမင်းများ စွံတယ်ကွာ”
“အယ်.. ကိုမင်းသက်ဆွေလား.. သူက ဘာတွေစွံတာတုန်း အကိုရယ် မျက်စိလား.. အဟိ”
“အင်း.. လျှောက်တော့ မပြောနဲ့နော် ကြီးတော်လေး.. သူက စွံတယ်ဟ.. စလုံးမှာလည်း အတူတူနေတဲ့ ကောင်မလေး ရှိတယ်လေ.. အွန်လိုင်းမှာလည်း ပေါတယ်ဆိုပဲ”
“ဘာ ဘာ ဘာ… အကို ဘာပြောလိုက်တယ်.. အတူတူနေတဲ့ ကောင်မလေးဆိုတာ… ဘယ်လိုမျိုးလဲ အကို”
“သြော် နိုင်ငံခြားသူလေး တစ်ယောက်နဲ့ တူတူနေကြတာပါ.. သူ့ရည်းစားလေ”
“အောင်မာ.. မသေချာပဲ သူများအကြောင်းကို လျှောက်ပြောရလား.. မဟုတ်ရင် အသတ်ခံရအုံးမယ်”
“ညည်းကလည်း ခက်တယ်.. မနှစ်က စလုံးသင်္ကြန်မှာတောင် အဲ့ကောင်မလေးနဲ့သူ တွဲနေတာ တူတူရှိနေတာကို တွေ့တဲ့သူတွေမှ မနည်းပဲ.. နင်ကလည်း ဒါအထူးအဆန်း မဟုတ်ပါဘူးဟာ.. သူများနိုင်ငံမှာက မိန်းကလေးဘက်ကပါရင် ယောက်ျားလေးကတော့ ယူမှာပါပဲ.. အဆန်းမှ မဟုတ်တာ”
“ဘုရားရေ.. အဆန်းမဟုတ်ဘူးတဲ့လား”

ကျွန်မရင်တွေ တစ်ဒိတ်ဒိတ်ခုန်လာသည်။ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ရင်ဘတ်ထဲမှ နာကျင်လာသည်။ ဘာစကားမှထပ် မပြောမိအောင် ထိန်းထားရင်းကနေ ဒေါသတွေလည်း ထွက်မိသည်။ သူ့ကိုလည်း ဒေါသထွက်သည်။ ကျွန်မကို စကားလာပြောသော ထိုအကိုကြီးကိုလည်း ဒေါသထွက်သည်။

“တော် တော် အကိုရာ.. သူများအကြောင်း စိတ်မ၀င်စားဘူး.. လာမပြောနဲ့တော့”
“အယ်.. ညည်းက ရုတ်တရက်ကြီး ဘာဖြစ်သွားရပြန်တာတုန်.. မစွံလို့ စိတ်ညစ်ရတဲ့ အထဲနော်”
“အကို့ဟာ အကို လူပျိုသိုးကြီးပဲ ဖြစ်ဖြစ် သမီးကို လာမပြောနဲ့.. သူများအကြောင်းလည်း လာမပြောနဲ့ မကြားချင်ဘူး.. သမီး အလုပ်လုပ်တော့မယ် ဒါပဲ”
“တစ်မျိုးပဲ အရူးမလေး”
“အကို နေအုံး.. အကို သူ့အကြောင်း ဘာတွေ ထပ်သိထားသေးလဲ”
“သူက စွံတော့ စွံတယ်ဟ… ခက်တယ်.. ဒါပေမယ့် သိလား.. သူနဲ့ စကားပြောမိတဲ့ ကောင်မလေးတိုင်းကို သူ့ကို ကြိုက်နေတာပါ ဆိုပြီး မောင်းခတ်တတ်တာ တစ်ခုတော့ နည်းနည်းဆိုးတယ်ဟာ”

နောက်ထပ်ဘယ်လိုမေးခွန်းမျိုးကိုမှ ကျွန်မထပ်မေးနိုင်စွမ်း မရှိခဲ့တော့ပါ။ စကားစကို ချက်ချင်းဖြတ်ပြီး ကျွန်မအလုပ်စားပွဲမှ ထပြေးမိသည်။ အိမ်သာထဲတွင် အကြာကြီးငိုသည်။ ရုံးခန်းထောင့် တစ်နေရာတွင် ရည်ရွယ်ချက် မရှိ ငူငူကြီး ထိုင်မိသည်။ အလုပ်တွေလည်း ဆက်မလုပ်နိုင်တော့ပါ။ ကျွန်မ ခေါင်းတွေ တစ်စစ်စစ်ကိုက်လာသည်။ ခြေဖျား လက်ဖျားတွေ ချက်ချင်းအေးစက်လာကာ.. အဖျားတွေတက်လာသည်။ ဘုရားရေ စိတ်ဆင်းရဲမှုဆိုသည့် ဒဏ်ကို ကျွန်မဘယ်လိုမှ မခံနိုင်ပါလား။ ကျွန်မ ဘာဆိုဘာမှ မလုပ်နိုင်တော့သည့်အဆုံး ရုံးမှ နေ့တစ်ဝက်ခွင့်ယူကာ အိမ်ပြန်ဖို့ ပြင်ရသည်။ ရုံးမှာနေလည်း ထိုနေ့အဖို့ ကျွန်မ အလုပ်လုပ်နိုင်တော့မည် မဟုတ်ပါ။ မသွားခင်လေးတော့ သူ့ကို တစ်ချက်နုတ်ဆက်လိုက်မိသည်။

“ကျွန်မ အိမ်ပြန်တော့မယ်နော်”

နည်းနည်းကြာတော့မှ သူ ရီပလိုင်း ပြန်လာသည်။

“သြော်.. အင်း.. စောသလားလို့”
“ဟုတ်တယ်.. နေမကောင်းလို့”
“အိုကေ အိုကေ..”

ကျွန်မကို အရင်လို ဘာဖြစ်တာလဲ၊ ဆေးသောက်ရဲ့လား၊ ကျန်းမာရေး ဂရုစိုက်ဆိုတာမျိုးတွေတောင် မပြောတော့ပါလား ကိုရယ်။ ကျွန်မ လက်မခံချင်ခဲ့တဲ့ အဖြစ်တွေကို ကျွန်မ လက်ခံရတော့မှာလား။ ဒါမှ မဟုတ် ကိုများ အလုပ်တွေ တော်တော်များနေလို့လား။ ဒါဆိုလည်း အွန်လိုင်းမှာ ဘာလို့ တစ်ချိန်လုံး နေနေသေးတာလဲကွယ်။ ဘာလို့ တစ်ခြားသူတွေနဲ့ စကားတွေ လျှောက်ပြောနေတာလည်း။ ကျွန်မ log out မလုပ်ပဲ သူ့အိုင်ဒီကို ထပ်ကြည့်မိသည်။ တစ်ခြားကောင်မလေးတွေနဲ့များ စကားတွေ ပြောနေလေသလား။ လူတွေပြောသလို ကို ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက်ထားနေသလား။ ကျောင်းစာနဲ့ အလုပ်များတယ်လို့ ကျွန်မကို အကြောင်းပြပြီး ကိုယ့်ရဲ့ တစ်ခြားကောင်မလေးတွေနဲ့ ကျွန်မရှေ့မှာတင် စကားတွေ ပြောနေသလား။ ကျွန်မကို စိတ်ကုန်သွားပြီလားကွယ်။ ကျွန်မကြိုသိခဲ့တဲ့ အရာတစ်ခုကို ရင်ဆိုင်ဖို့ အချိန်ကျရောက်လာပြီလား။ ကို ကျွန်မကို တစ်ကယ်ပဲ ထားခဲ့တော့မှာလား ကိုရယ်။ ကျွန်မနဲ့ မဆုံဖြစ်တဲ့ ညဘက်တွေမှာ ကို ဘာလုပ်နေခဲ့လဲ ကျွန်မ မသိပါ။ ကျွန်မနဲ့ မပြောဖြစ်တဲ့ ညနေခင်းတွေမှာ ကို့နဲ့ အတူနေတဲ့ ကောင်မလေးဆီကို ကို သွားနေသလား ကျွန်မ မတွေးချင်ပါ။ ကျွန်မ မယုံချင်ဘူး ကို..။ သူများတွေ ပြောတာကို ကျွန်မ မယုံချင်ဘူး။ ဒါပေမယ့် ကို့ရဲ့ အတိတ်က ဖြစ်ရပ်တွေက ကို့ရဲ့ လက်ရှိဖြစ်ပျက်နေတာတွေကို ယုံကြည်ဖို့ ကျွန်မကို တွန်းအားပေးနေပြန်တယ်။ ကျွန်မ ရင်ဘတ်တွေ နာလိုက်တာ။ ကျွန်မ အရင်ဘ၀တုန်းက ဘာ အကုသိုလ်တွေများ လုပ်ခဲ့လို့ ၊ ဒါမှ မဟုတ်.. ကိုများ ကျွန်မကို မကျေနပ်တာ တစ်ခုခုရှိလို့ ကျွန်မကို ခံစားရအောင် လုပ်နေကြသလား။ ကံတရားက ကျွန်မကို ဘာကြောင့် ဒီအဖြစ်ဆိုးတွေကို ခံစားစေရတာလဲ။

စိတ်ဒဏ်ရာတွေနဲ့အတူ ကျွန်မ အပြင်းအထန်နေမကောင်းဖြစ်သည်။ ထမင်းလည်း ကောင်းကောင်း မစားနိုင်ခဲ့လို.. ညဘက်လည်း ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပါ။ ကျွန်မ၏ မနက်ခင်းများသည် မျက်ရည်များဖြင့် ပေကျံနေပြီး ကျွန်မ၏ ညအိပ်မက်များသည် ခြောက်ခြားစရာများ ဖြစ်ခဲ့သည်။ ကျွန်မနေမကောင်းဖြစ်နေ၍ အွန်လိုင်းမလာနိုင်သော အချိန်များတွင် သူ့မှာတော့ အခြားမိန်းကလေးများဖြင့် ပျော်နေပါလိမ့်မည်။ ကျွန်မကို မျှော်ချင်လည်း မျှော်မှာပေါ့လေ။ ကျွန်မနှလုံးသားတွေ နာကျင်နေချိန်တွင် သူကတော့ သူ့ ကောင်မလေး၏ ရင်ခွင်မှာ နွေးနွေးထွေးထွေး ရှိနေပါလိမ့်မည်။ ပြောချင်သော်လည်း ပြောမထွက်ခဲ့သည့် စကားများကို ထိန်းထားရလို့ ကျွန်မနုတ်ခမ်းတွေ ဆတ်ဆတ်တုန်နေချိန်တွင် သူကတော့ သူ့ကောင်မလေး၏ နုတ်ခမ်းတွေ အနမ်းတွေမှာ သာယာနေပါလိမ့်မည်။ ကျွန်မကို အွန်လိုင်းမှာ သတင်းအမှောင်ချဖို့ ကြိုးစားခဲ့တာလား ကို။ ဒါမှ မဟုတ်.. ကျွန်မရဲ့ အချစ်တွေကို ကို မမြင်နိုင်သေးလို့ ပေါ့ပျက်ပျက်တွေးပြီး ကျွန်မကို ပေါ့ပျက်ပျက်များ တစ်ကယ် သဘောထားနေခဲ့သလား။ ကျွန်မရဲ့ social network အရမ်းကြီးမားခြင်းသည် အားသာချက် ဖြစ်ခဲ့သလို.. ကျွန်မ မကြားချင်တဲ့ သတင်းတွေကိုလည်း ဆက်တိုက်ကြားနေခဲ့ရပါသည်။ ကျွန်မရဲ့ ကံတရားပဲပေါ့။ အချစ်ကံ ခေတယ်ဆိုရင်လည်း ကျွန်မဒါကို ကောင်းကေင်းကြီး လက်ခံဖို့သာ ရှိပါတော့သည်။

ကျွန်မ နေကောင်း၍ ရုံးပြန်တက်သောအခါ ရုံးရောက်ရောက်ချင်း ကွန်ပျူတာဖွင့်ပြီး အီးမေလ်းစစ်ဖြစ်သည်။ ကျွန်မနှင့် မတွေ့ရသည့် ရက်များတွင် သူများ အီးမေလ်းတစ်စောင်တစ်လေ ပို့ထားလေမလားဆိုပြီး မျှော်လင့်တစ်ကြီး ဂျီမေလ်းကို စစ်ကြည့်ဖြစ်သည်။ Facebook မှာလာသော Notification Mail များနှင့် အခြားသူငယ်ချင်းများထံမှ ပို့ထားသော မေလ်းများမှ လွဲ၍ သူ့စာကို ကျွန်မ အစအနတောင် ရှာမတွေ့ခဲ့ပါ။ အလုပ်တွေကို အားတင်းလုပ်ရင်း နှလုံးသားထဲမှ စူးအောင့်မှုများကို သည်းခံထိန်းချုပ်ရင်း မကြာခင် ကြုံရတော့မည့် အဖြစ်ဆိုး တစ်ခုကို ကျွန်မ ရင်ဆိုင်ဖို့ပြင်သည်။ ကျွန်မ သူ့ကို ဘာနဲ့မှ နှိုင်းမရအောင် ချစ်မိပါသည်။ အချစ်ဦးဖြစ်သောကြောင့် ရူးမတတ် တန်ဘိုးထားမိပါသည်။ သူ မကောင်းတာကို သိသိကြီးနဲ့ အချစ်များကို တားဆီးမရနိုင်ခဲ့ပါ။ မိန်းမရဖူးသော၊ လက်ရှိတွင်လည်း လစ်ဗင်းတူဂဲသား နေသည့် မိန်းကလေးရှိသော၊ အွန်လိုင်းပေါ်တွင် တစ်ယောက်မကသော ကောင်မလေးတွေနဲ့ ရည်းစားဖြစ်နေသော ယောက်ျားတစ်ယောက်က ကျွန်မကို ဘာကောင်းကျိုးတွေများပေးလို့ ကျွန်မ မစွန့်ခွာနိုင်ရတာပါလိမ့်။ သူ ကျွန်မကို လမ်းခွဲစကား ပြောမလာခင် ကျွန်မသူ့ကို စပြောလိုက်ရမည်လား ဟု ကျွန်မစဉ်းစားကြည့်မိသည်။ သူကကော ကျွန်မကို လမ်းခွဲစကားပြောမည်တဲ့လား။ ဒီအတိုင်းလေး မတင်မကျနေရင်း ရည်းစားအရေအတွက် များပြားမှုကို ဂုဏ်ယူနေလိမ့်မလား။ ဘယ်လိုအငြိုးတွေရှိလို့များ ကျွန်မကို ရက်စက်ရတာလဲ ကိုရယ်။ ကျွန်မ သူ့ကို ပေတေကာ ဆက်ချစ်ရပါအုံးမည်။

ကျွန်မကို သူက ကျောင်းစာနှင့်ပတ်သက်သော အရာတစ်ခုကို ဘာသာပြန်ခိုင်းသည်။ ကျွန်မလိုက်လျောစွာ လုပ်ပေးမိပါသည်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားရေးပေးနေရင်းကကို သူ့နှင့် မကင်းမရှင်း ဖြစ်နေသော နောက်ကောင်မလေး တစ်ယောက်ကိုပါ စာတွေလုပ်ခိုင်းနေသည်ကို ကျွန်မနည်း ကျွန်မဟန်ဖြင့် သိရသည်။ ကျွန်မ သူ့ကို ခွင့်လွတ်စွာ၊ သဘောကျစွာ ပြုံးမိသည်။ ဟုတ်တာပေါ့… ဒီလောက်များတဲ့ ရည်းစားတွေကို နေရာအလိုက်အသုံးမချရင် မင်းသက်ဆွေ ဘယ်ဟုတ်ပါတော့မလဲ။ အခြားသော မိန်းကလေးများကိုလည်း အခြားနေရာများတွင် သူ အသုံးချနေပါလိမ့်မည်။ ထိုရက်တွေမှာ သူနှင့်ကျွန်မ အတူရှိသော Social Networking ဆိုဒ်တွေပေါ်မှာလည်း မိန်းကလေးများနှင့် သာမန်ထက်ပိုသော ရင်းနှီးမှုများကို ကျွန်မမြင်နေရသည်။ မမများ၊ ညီမလေးများ၊ သက်တူ ရွယ်တူများ စသော မိန်းကလေးများနှင့် သူ့ချစ်သူ အမည်ခံ ကျွန်မရှေ့တွင် သူမို့လို့ ပေါ်ပေါ်ထင်ထင် အီစီကလီ ရိုက်ရဲလိုက်တာ။ ကျွန်မကိုတော့ ချစ်ပါတယ် ဆိုသည့်စကားများ အပြောမပျက်ခဲ့ပါ။ တစ်ခါတစ်ရံ ကျွန်မစိတ်တိုလွန်းနေသောအခါ

“ရှင် ဘာလို့ မိန်းမတွေနဲ့ ရှုပ်နေတာလဲ.. ရှင် ကျွန်မကို လိမ်နေ ညာနေတယ်.. ကျွန်မကို စိတ်ကုန်သွားပြီဆိုလည်း ထားခဲ့ပါတော့လား.. ကျွန်မ နေခဲ့ပေးဖို့ အဆင်သင့်ပဲ”
“ဟ. မင်းဘာတွေ လာပြောနေတာတုန်း.. မင်းကို ချစ်လို့ ချစ်ခဲ့တာပဲလေ.. မင်း စကားက စိန်ခေါ်နေသလိုပဲနော်”
“ရှင့် အကြောင်းတွေကို ကျွန်မသိတယ်.. မပြောချင်လို့ မပြောပဲနေတာ”
“အေး.. ကိုယ့်ဟာကိုယ် နေနေတာ.. မိန်းမတွေက ငါ့ကို လာပလူးတာတော့ ငါလည်း မတတ်နိုင်ဘူး.. မင်းကိုက တွေ့ဖူးလို့ အပြင်မှာလည်း ခင်နေလို့ ချစ်တာ.. အွန်လိုင်းပေါ်မှာ ရည်းစားထားရတာ ငါ မုန်းတယ်”

ဘုရားရေ… သူ ဒီလိုစကားတွေ ပြောထွက်လိုက်တာ။ ကျွန်မကို ငတုံးများမှတ်နေလို့.. ကျွန်မ ဘာမှ မသိဘူးလို့ ထင်နေလို့များ.. ကျွန်မကို ဆက်ပြီး လိမ်နေ ညာနေတာလား။ ဒါပေမယ့် ကျွန်မ သူ့ကို မစွပ်စွဲရက်ပါ။ သူ ဖုံးကွယ်ထားသည့် ကိစ္စတွေကို ကျွန်မက သိနေခဲ့တယ်ဆိုတာကို ချမပြရဲပါ။ “မိန်းမတွေက ငါ့ကိုလာကြိုက်ကြတာ” ဆိုသည့် စကားများကို သူမို့လို့ နှမချင်း မစာမနာ ပြောရက်လိုက်တာ။

“မင်း.. ငါ့ နောက်ကြောင်းတွေကို စုံစမ်းနေတယ် မဟုတ်လား.. ကောင်မလေးတွေနဲ့ ငါ့နဲ့ကို တစ်ယောက်ပြီး တစ်ယောက်စွပ်စွဲချင်နေတယ် မဟုတ်လား.. သူတို့တွေနဲ့ မင်း စကားတွေများနေတယ် မဟုတ်လား”

“ဘုရားရေ.. ကျွန်မက ရှင့်နောက်ကြောင်းကို လိုက်တယ်.. ဟုတ်လား.. ရှင် ဆိုလိုတာက ကျွန်မက ရှင်နဲ့ ပတ်သက်နေတဲ့ မိန်းမတွေနဲ့ ရှင့်ကြောင့် ပြသနာတွေ ဖြစ်နေတယ်ပေါ့ ဟုတ်လား”

“အေးလေ… ကျုပ်ဘာမှ မလုပ်ပဲနဲ့ကို မင်း မယုံသင်္ကာဖြစ်နေတယ် မဟုတ်လား”

“ဒီမှာ ကျွန်မပြောမယ်.. သတင်းတွေကလေ ကျွန်မ လိုက်နေစရာ မလိုအောင်ကို ကျွန်မဆီ ရောက်လာတာ သိရဲ့လား.. ရှင့် သူငယ်ချင်း မိန်းကလေးတွေနဲ့လည်း ကျွန်မ စကားမများခဲ့ဘူး.. စကားလည်း သွား မပြောခဲ့ဘူး.. ရှင့် ဟာ ရှင် တစ်ယောက်တည်း အမျိုးမျိုး ဖြစ်နေတာ သိရဲ့လား”

“ဟ.. ငါ အွန်လိုင်းပေါ်မှာ ရှုပ်တယ် ထားအုံး ဘာဖြစ်သေးလဲ.. မင်းနဲ့ ယူရင် မင်း ငါ့ကို ဘာမှ မပွန်း မပဲ့ပဲ အကောင်းအတိုင်းရမှာလေ.. မင်းသ၀န်တိုတာ သိပ်များနေပြီ.. တော်တော်အကြောမာတဲ့ ကောင်မလေး.. ငါ မင်းကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ယူလိုက်ချင်သေးတယ်”

မြတ်စွာဘုရား…. ကျွန်မ သူနဲ့ဘယ်လိုမှ စကားဆက်မပြောရဲတော့ပါ။ ကျွန်မက သူ့ကိုလိုချင်နေတယ်တဲ့လား။ ကျွန်မက သ၀န်တိုစိတ်တွေ သိပ်များနေတယ်တဲ့လား။ သူ ပြောသောစကားများကို ကြည့်ရင်း ကျွန်မကြေကွဲမိသည်။ ကျွန်မ၏ စေတနာများကို သူနားမလည်ခဲ့ပါ။ ချစ်သူကို စိတ်မချဖြစ်နေသော မိန်းမတစ်ယောက်ကို သ၀န်တိုလွန်းတယ်ဟု သူမို့လို့ စွပ်စွဲရက်ပါသည်။ သူထားခဲ့ရင် နေခဲ့ဖို့ အသင့်ဖြစ်အောင် ကြိုးစားနေသည့် မိန်းမတစ်ယောက်ကို သူမို့လို့ အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ရင့်ရင့်သီးသီး ထိုးနှက်ရက်သည်။ တစ်ခြားလူတွေနဲ့ ပြသနာဖြစ်ဖို့ မဆိုထားနဲ့ ကိုယ့်အလုပ်နဲ့ကို မအားရအောင် ဖြစ်နေတာကို သိနေရက်နဲ့ သူမို့လို့ ကျွန်မကို အပြစ်တင်ရက်သည်။ ကျွန်မသဘောပေါက်လိုက်ပါသည်။ သူဟာ ကျွန်မကို ပါးစပ်ဖျားက ချစ်နေခဲ့တာ ဖြစ်သလို.. ကျွန်မကို နားလည်ဖို့ မကြိုးစားခဲ့သော ယေက်ျားတစ်ယောက်သာ ဖြစ်ခဲ့ပါသည်။ ကျွန်မှာသာ တစ်ဘက်သတ်ကြီး ခံစားလျက် သူပြောသမျှ မဟုတ်တွေထင်၊ သူ့ကို အရာရာနားလည်ပေးခဲ့ကာ အချစ်ရူး ရူးနေသော မိန်းမတစ်ယောက်ဖြစ်ခဲ့သည်။ ကျွန်မကို ပြောခဲ့သော စကားများကဲ့သို့ “ကျွန်မက သူ့ကိုကြိုက်နေခဲ့တာ” ဆိုသောစကားများကိုလည်း တစ်ခြားသူများကို ပြောကောင်းပြောပေလိမ့်မည်။ တစ်ကယ်လည်း ပြောခဲ့သည်ကို ကျွန်မတွေ့ရသောအခါ တစ်ခါမှ မဖြစ်ဖူးသော ဒေါသများ ကျွန်မဖြစ်ရသည်။ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်လျက် သူသာ အနားမှာ ရှိနေခဲ့ပါ ကျွန်မသူ့ကို တစ်ခုခုလုပ်မိပါလိမ့်မည်။ ကျွန်မရဲ့ အချစ်တွေကို အကုန်ယူရတာ မကျေနပ်သေးလို့၊ ကျွန်မရဲ့ ခံစားချက်တွေ နားလည်မှုတွေကို အကုန်ယူရတာ မကျေနပ်သေးလို့ ကျွန်မရဲ့ ဂုဏ်သိက္ခာကိုပါ အကုန်ယူသွားဖို့ ကြိုးစားခဲ့တာပါလား။ အတ္တများနှင့် မာနများကို အတတ်နိုင်ဆုံး ချိုးနှိမ်ထားခဲ့သော်လည်း သိက္ခာတရားကို ထိပါးလာသောအခါ ကျွန်မ ဘယ်လိုမှ မနေနိုင်ခဲ့ပါ။ ကျွန်မ သူ့ကို အဆက်ဖြတ်ရန် ဆုံးဖြတ်လိုက်ပါသည်။

“ကိုမင်းသက်ဆွေနဲ့ ကျွန်မ မဆိုင်သလိုပဲ နေလိုက်ရအောင်နော်… တစ်ယောက်ထက်ပိုများတဲ့ ပတ်သက်မှုတွေကို ကျွန်မ လက်မခံနိုင်လို့ပါ“

အီးမေလ်းပို့ရန် စာရိုက်နေသော ကျွန်မလက်များ တစ်ဆတ်ဆတ်တုန်နေသည်. ကျွန်မရင်တွေ အတိုင်းအဆမရှိ ခုန်နေသည်။ ကျွန်မကို သူ ရည်းစား စကားပြောတုန်းက “ရင်တွေလည်းခုန် လက်တွေလည်း တုန်နေတယ်” ဆိုသော စကားများကို ကျွန်မအမှတ်ရသည်။ ခုတော့ ကျွန်မကိုယ်တိုင် ဒီအဖြစ်တွေ ကြုံနေရပါလား ကိုရယ်..။ ဒါပေမယ့် ကျွန်မက ရှင့်ထက်သာတာ တစ်ခုရှိတယ် ကိုရဲ့။ အဲ့ဒါ ကြေကွဲမှုတွေလေ.. ရည်းစားနဲ့ပြတ်ဖူးတဲ့ကိုဟာ.. အချစ်ဦးနဲ့ လွဲဖူးတဲ့ ကိုဟာ.. ကျွန်မ ဘယ်လောက်နာကျင်ခံစားနေရတယ် ဆိုတာကို စာနာမိမှာပါ။ ကျွန်မလေ.. ကို့ကို မချစ်လို့ ဒီလို လုပ်ရတာ မဟုတ်ပါဘူး။ ကို့ကို နာကျည်းသွားလို့လည်း မဟုတ်ပါဘူး။ ကျွန်မ ကို နဲ့ ဆက်ပတ်သက်နေခဲ့ရင် ကို့ကို ထိမ်းချုပ်မိမှာစိုးလို့၊ ကို့လွတ်လပ်ခွင့်တွေကို ကျွန်မကိုယ်တိုင် ပိတ်ပင်မိမှာစိုးလို့၊ ကို့အဖြစ်တွေကို သိနေတဲ့ ကျွန်မရှေ့မှာ ကို လုပ်ချင်တာတွေကို လိပ်ပြာလုံလုံနဲ့ မလုပ်ရမှာ စိုးလို့ ကို နဲ့ အဝေးကိုပြေးဖို့ ဆုံးဖြတ်လိုက်မိတာ.. ကို နားလည်အောင်လည်း ရှင်းမပြချင်တော့ပါဘူး။ Send button ကို နှပ်မည့် ကျွန်မလက်တွေ နှိပ်ရမည့်နေရာဆီကို အတော်ကြာကြာ မရောက်နိုင်ပါ။ ကွန်ပျူတာကို နေ့တိုင်းထိတွေ့နေရတဲ့ ကျွန်မဟာ ခုတော့လည်း mouse လေးတစ်ခုကိုတောင် နိုင်အောင် မထိန်းနိုင်ခဲ့ပါလား။ သူ့ ရီပလိုင်း ပြန်လာအောင်လည်း မစောင့်ခဲ့ပါ။ “ကောင်းပြီလေ မင်းလမ်းခွဲဆိုလည်း ခွဲကြတာပေါ့” ဆိုသည့် အဖြေတစ်ခုကို ကျွန်မမျှော်လင့်ပြီးသားဖြစ်သည်။ Offline ဖြစ်နေသော သူ့ အကောင့်လေးကို နာနာကျင်ကျင် ကြည့်ရင်း ကွန်ပျူတာ ဆီမှအမြန်ဆုံး ခွာမိသည်။

ကျွန်မ ပြည်လမ်းမကြီးကို ဦးတည်ရာမဲ့စွာ လျှောက်မိသည်။ လမ်းတစ်လျှောက် ပေါက်ရောက်နေသည့် အပင်များမှ ရွက်ကြွေတွေ လေနဲ့အတူ ကျွန်မကို လာရောက်ထိတွေ့ကြသည်။ လမ်းပေါ်မှာ သွားလာနေကြသည့် ကားတွေဆီမှ တ၀ူးဝူးအသံတွေက ကျွန်မရင်တွေနဲ့ ပြိုင်တူ ပေါက်ကွဲထွက်ကြသည်။ အိမ်ပြန်နောက်ကျသည့် နေ့များတွင် သူ့အကြောင်းတွေ တွေးရင်း.. သူ့ကို တမ်းတရင်း.. ရင်ခုန်စွာ လမ်းလျှောက်ခဲ့ဖူးသည်ကို သတိရသည်။ လူချင်းဝေးနေပေမယ့် စိတ်ချင်းဆက်သွယ်နီးစပ်ကာ ပျော်ရွှင်ခဲ့ကြသည့် နေ့ရက်တွေကို ပြန်တမ်းတသည်။ ကျွန်မပါးပြင်ပေါ်သို့ မျက်ရည် ပူပူနွေးနွေးများ အတားအဆီးမဲ့စွာ စီးကျသည်။ ကျွန်မ စိတ်တွေက လေထဲမှာဝဲနေသည့် ကျွန်မဆံပင်တွေနဲ့ အတူ ဗရမ်းဗတာ လွင့်မျောသည်။ ခုတော့လည်း.. ကျွန်မ တစ်ကယ်ကို တစ်ယောက်တည်း ပါလား ကိုရယ်။

ကျွန်မ ချစ်ခဲ့ဖူးသည်။ သို့သော် စချစ်ခဲ့သည့် အချိန်မှာပင် ချစ်သူသည် အဝေးမှာ ရောက်နေခဲ့သည်။

ကျွန်မမှာ ချစ်သူတစ်ယောက် ရှိခဲ့ဖူးသည်။ ယခုတိုင်လည်း သူ့ကို ချစ်နေဆဲ ဖြစ်သည်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်သူတွေဖြစ်နေကြမှ ချစ်ကြရမှာတဲ့လား။ မပတ်သက်ပဲ ဒီအတိုင်းနေလို့လည်း ချစ်လို့ရနေတာပဲ။

ကျွန်မသည် ချစ်သူကို အကြိမ်ကြိမ် တမ်းတခဲ့ဖူးသည်။ သို့သော် ယောက်ျားတစ်ယောက်၏ ရင်ခုန်မှုတွေ ပေးစွမ်းနိုင်သော အထိအတွေ့များကို ကျွန်မ မခံစားခဲ့ဖူးပါ။ ကျွန်မ ချစ်သော အချစ်သည် အတွေ့အထိကင်းသော အငွေ့သက်သက်သာ ဖြစ်သည်။

အချစ်ကြောင့် နာကျင်မှုများ ကြည်နူးမှုများ အင်အားများကို ကျွန်မ ရခဲ့ဖူးသည်။ သို့သော် မျက်ရည်စတွေ တွဲခိုနေသော မျက်ဝန်းများ၊ ကြည်နူးမှုများကြောင့် ရွှင်လန်းခဲ့ဖူးသော အပြုံးများကို ချစ်သူမြင်အောင် ပြသခွင့် မကြုံခဲ့ပါ။

နောက်ဆုံးတွင်တော့.. အချစ် ဆိုသောအရာသည် ကျွန်မအတွက် “ရင်ကွဲနာ” တစ်ခုသာ ဖြစ်ခဲ့ပါတော့သည်။

အပိုင်း (1) ကိုဖတ်ရန်

20 responses »

  1. Pingback: ကျွန်မ၏ ရင်ကွဲနာ.. « The World of Pinkgold

  2. ဖတ်လို့ကောင်းတယ်.. ဆက်ရေးပါဦး.. အားပေးတယ်..

    တစ်ခုပဲပြောချင်တယ်..
    ယောက်ျားတွေ မိန်းမရှုပ်တာ မဆန်းဘူး.. ယောက်ျားတွေ ယောက်ျားချင်းရှုပ်ရင်သာ ပိုဆိုးတာ။

    ယောက်ျားတကာနဲ့ ပါတ်သက်ဘူးတဲ့ ယောက်ျားတစ်ယောက်ကို ယောက်ျားအဖြစ်တော်ဖို့ မိန်းမတစ်ယောက်အတွက် နည်းနည်း စိုးရိမ်စရာရှိတယ်.. ဟဲဟဲ

  3. ဒီလိုပါပဲပင့်ကူရယ်..
    ဘယ်လောက်ခေတ်မီတိုးတက်တဲ့ခေတ်ဖြစ်ဖြစ်
    ချစ်မိသွားပီဆိုရင်တော့..ချစ်မိတဲ့သူက ခံစားရစမြဲပဲဆိုတဲ့
    နိယာမတော့မပြောင်းလဲလာသေးဘူးလေ..။
    ဒိထက်ဆိုးတာက မိန်းကလေးတွေရဲ့အချစ်ပဲ..
    မိန်းကလေးဆိုတာ ကိုယ်တစ်ကယ်ချစ်မိပီဆိုရင်..
    ကိုယ်ချစ်တဲ့ ချစ်သူအပေါ်မှာ…သားလိုတစ်မျိုး ချစ်သူလိုတစ်ဖုံ၊ သူငယ်ချင်းလိုတစ်သွယ်၊ ဖခင်လိုတစ်မျိုး၊ အစ်ကိုလိုဦးလေးလိုတစ်ဖုံ..
    ချစ်မိသွားကြတာကြည့်ပဲ..။ ပေခရမ်းတော့ ဒီလိုချစ်မိတဲ့အတွက် ရင်တစ်ခုလုံးလည်း မွမွကြေအောင်ပေးဆပ်ဖူးပီ.. ပင့်ကူလိုလည်းခံစားဖူးပီ..။ ခုချိန်ထိလည်း ဒီအချစ်ကြောင့် ပူလောင်နေတုန်းပေါ့..။
    အချစ်ဆိုတာကိုက အေးချမ်းခြင်းအသွင်ကိုမဆောင်ဘူးလေ..။
    အချစ်ဆိုတာမှာ မေတ္တာဆိုတာလေးပါ ပေါင်းဆပ်ပေးလိုက်ရင်..
    ပူလောင်မှုဆိုတာ အနည်းနဲ့အများလျော့နည်းသွားလိမ့်မယ်..။
    ခုထိတော့ အေးမြအောင် ကြိုးစားနေဆဲပါ..။
    ပင့်ကူလည်း ဒါဟာ အမှတ်တရခံစားမှုတစ်ခုလို့သဘောပိုက်ပြီး..
    ပြီးသွားတဲ့အချစ်အပေါ်မှာ ထပ်မခံစားစေချင်ဘူး..။
    ပင့်ကူရဲ့ ခံစားမှုကိုနားလည်ပါတယ်ကွာ..
    ချစ်တဲ့
    ပေခရမ်း

  4. (ဇတ်လမ်းကို ခံစားပြီး ပြောရရင်)
    အကောင်းဖက်က လည့်တွေးရရင် စောစာသိလိုက်တာပဲ ကံကောင်းတယ်လို့ ဆိုရမှာပါပဲ။
    ယောက်ကျားဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ် ကိုယ့်ဖက်က တကယ်ချစ်မိပြီဆိုရင် ပူလောင် ခံစားရတာချည်းပါပဲ။ ကွာတယ်လို့ ကျနော်တော့ မထင်ဘူးဗျ။ ခံစားပုံချင်း နဲနဲတော့ ကွာမပေါ့။

  5. ချစ်ရတာပူလောင်တာတော့အမှန်ပဲ ငါလဲအဲ့ဒီအပူတောထဲကနေကိုရုန်းမထွက်နိုင်သေးဘူး
    ဘာဖြစ်ဖြစ် ပြီးသွားပြီးဆိုမှတော့ မေ့နိုင်အောင်ကြိုးစားပေါ့ကွားနော်
    စိတ်ညစ်ညစ်နဲ့အပျိုကြီးတော့မလုပ်နဲ့နော် ဖွားသီလရှင်ဝတ်ချင်တယ်ဆိုရင်လဲပြော အလှူလေးဘာလေးထည့်ရအောင်

  6. ဖတ်လို့ အတော်ကောင်းတယ်။ သမ္ဘာလက်ပဲ။ နောက်ထပ် ရသ လက်ရာကောင်းတွေ ဖတ်ရဦးမယ်လို့ စောင့်ဖတ်နေမယ်။

    • သမ္မာလက်ဆိုတော့ အာဇီဝ လက်ဖြစ်အောင် ကြိုးစားလိုက်အုံးမယ် မမ.. ဟီး

      • ငါ့အမတော်ကလည်း ဒုက္ခ.. သမ္ဘာနဲ့ သမ္မာနဲ့ မှားဖတ်ရတယ်လို့.. အမဟနက သမ္ဘာလို့ပြောတာ.. သူကတလွဲဖတ်ပြီး အာဇီဝတွေဘာတွေ လျှောက်ရေးနေ.. ဝတ္ထုတစ်ပုဒ်လုံးကောင်းလွန်းလို့ ချီးကျူးမို့ဟာ ဒီနေရာလေးမှာ မျက်လုံးထဲ ကိုးလို့ကန့်လန့်လာဖြစ်နေတယ်..😛 ဘာပဲဖြစ်ဖြစ် ဆက်လုပ်.. အားပေးနေတယ်.. ဒါနဲ့ ဒီအဖြစ်ပျက်လေးက ကိုယ်တွေ့ဆိုရင်တော့ စိတ်မကောင်းပါဘူး..😀

      • အယ် ညည်းကလဲ မသိပဲ နေမလားအေ့.. တမင် တကာ စလို့ နောက်လို့ ရေးထားတာကို.. အွန့်

  7. ညီမရေ ဟန်ဆောင်ကောက်ကျစ်တတ်တဲ့ သူတွေ ယောက်ျးရော

    မိန်းမရောပေါ့လေ ရှိနေသမျှ ..အင်း..အသဲတွေကတော့ခဏခဏ

    ကွဲနေဦးမှာပါလေ။

    ငြိမ်းချမ်းပါစေ

  8. ပင့်လေးက စာရေးအရမ်းကောင်းတယ်နော်
    စာဖတ်တာဆုံးသွားတော့ သက်ပြင်းမောကိုချမိတယ်
    စိတ်ချမ်းသာအောင်နေနော်
    ချစ်ခင်လျက်

  9. ဒါမျိုးကတော့ ကျနော်သာဆို ၀မ်းသာမှာ ထတောင်ခံလိုက်ချင်သေး တသက်လုံး ခံစားရမယ့် ဒုက္ခနေ စောစောစီးစီး ၀ဋ်ကြွတ်တာ..🙂

  10. ဖတ်ပြီးပြီးသွားချင်း ရုတ်တရက် ဘာစကားလုံးမှ ထွက်မကျလာလောက်အောင်ကို ဆွံ့အသွားစေတယ်. ရင်ဘတ်ထဲကို အရမ်း ထိရှသွားစေပါတယ်…

    အရေးအသား သိပ်ကောင်းတယ်ဗျာ. အရေးအသားဆိုတာထက် ခံစားချက်ကို ပီပြင်အောင် ချပြသွားတာလေးကလည်း သိပ်ကို ပရော်ဖက်ရှင်နယ်ဆန်ပါတယ်.

    ဒီဝတ္ထုလေးကို စာအုပ်အဖြစ်ရိုက်နိုင်ရင် သိပ်ကောင်းမယ်. တစ်နေ့တော့ စာအုပ်လေးအဖြစ် ထွက်လာနိုင်ပါစေလို့ ကျွန်တော်ဆန္ဒပြုလိုက်ပါတယ်.

    နောက်နောင် ဒါမျိုး ရေးရင်တောင် ဒီလောက်ကောင်းတဲ့ ရသစာပေမျိုး ထွက်လာမယ်မထင်တော့ဘူး Masterpiece ဆိုတာ တစ်ခုတည်းပဲ ရှိတတ်တဲ့ အရာမျိုးမဟုတ်လား..


    ကျွန်မ ပြည်လမ်းမကြီးကို ဦးတည်ရာမဲ့စွာ လျှောက်မိသည်။ လမ်းတစ်လျှောက် ပေါက်ရောက်နေသည့် အပင်များမှ ရွက်ကြွေတွေ လေနဲ့အတူ ကျွန်မကို လာရောက်ထိတွေ့ကြသည်။ လမ်းပေါ်မှာ သွားလာနေကြသည့် ကားတွေဆီမှ တ၀ူးဝူးအသံတွေက ကျွန်မရင်တွေနဲ့ ပြိုင်တူ ပေါက်ကွဲထွက်ကြသည်။ အိမ်ပြန်နောက်ကျသည့် နေ့များတွင် သူ့အကြောင်းတွေ တွေးရင်း.. သူ့ကို တမ်းတရင်း.. ရင်ခုန်စွာ လမ်းလျှောက်ခဲ့ဖူးသည်ကို သတိရသည်။ လူချင်းဝေးနေပေမယ့် စိတ်ချင်းဆက်သွယ်နီးစပ်ကာ ပျော်ရွှင်ခဲ့ကြသည့် နေ့ရက်တွေကို ပြန်တမ်းတသည်။ ကျွန်မပါးပြင်ပေါ်သို့ မျက်ရည် ပူပူနွေးနွေးများ အတားအဆီးမဲ့စွာ စီးကျသည်။ ကျွန်မ စိတ်တွေက လေထဲမှာဝဲနေသည့် ကျွန်မဆံပင်တွေနဲ့ အတူ ဗရမ်းဗတာ လွင့်မျောသည်။

    အဲဒီ့စာပိုဒ်လေးကို ကျွန်တော် အရမ်းကြိုက်တာပဲ…
    နောက်နောင်လည်း လက်ရည်ဒီထက်ပိုမို ထက်မြက်တိုးတက်လာနိုင်ပါစေဗျာ….

    ခင်မင်စွာဖြင့်…

    ရန်အောင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s