My Hobby!

Standard

မီးလေးဇာက ကျွန်မကို ၀ါသနာတွေအကြောင်းရေးခိုင်းဖို့ တဂ်လုပ်ထားတာတော့ နည်းနည်းကြာခဲ့ပါပြီ။ ကိုယ့်အကြောင်းနဲ့ကိုယ် ချက်ချင်းမရေးနိုင်ခဲ့တဲ့အတွက် မီးလေးကို အရင်ဆုံးတောင်းပန်ချင်ပါတယ်။ လူ အတော်များများ ရေးပြီးဖြစ်ကြတဲ့ ကျွန်ုပ်၏ ၀ါသနာ ဆိုတဲ့ပိုစ့်လေးကို ကျွန်မလည်း အခုရေးပါမယ်။

“လူတစ်ယောက် ၀ါသနာတစ်မျိုး” ဆိုပေမယ့် ကျွန်မရဲ့ ၀ါသနာကတော့ တစ်ခုမကပါဘူးရှင်။ ၀ါသနာဆိုတာ ကိုယ်ရောက်ရှိနေတဲ့ အသက်အရွယ်နဲ့ ကိုယ်ကျင်လည်နေရတဲ့ ပတ်ဝန်ကျင်တွေကို လိုက်လျောညီထွေပြီး ပြောင်းလဲတတ်တယ်လို့လည်း ကျွန်မထင်ပါတယ်။ ငယ်ငယ်တုန်းက စိန်ပြေးတန်း ကစားဖို့ကို ၀ါသနာပါခဲ့တဲ့ သူတစ်ယောက်ဟာ အရွယ်ရောက်လာတဲ့ အခါမှာတော့ ရှော့ပင်းထွက်တဲ့ ၀ါသနာကို ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ဝါသနာတွေကတော့ ငယ်ငယ်ကကို အခုချိန်ထိ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရပဲ.. သေတဲ့အထိတောင် ပါသွားတတ်ကြတဲ့ ၀ါသနာမျိုးပါ။ ဥပမာ.. စာဖတ်တာ.. ပန်းချီဆွဲတာ.. တံဆိပ်ခေါင်းတွေစုတာ.. အစရှိသဖြင့်ပေါ။ တစ်ချို့တွေကတော့ ၀ါသနာပါတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြသလို တစ်ချို့အတွက်ကျပြန်တော့ ၀ါသနာဆိုတာ အပန်းဖြေစရာ တစ်ခုအဖြစ်နဲ့ပဲ အသုံးချကြပြန်ပါတယ်။ ကျွန်မရဲ့ ၀ါသနာတွေထဲမှာ ငယ်ငယ်ကတည်းက မပျောက်မပျက်ပဲ ၀ါသနာ ပါခဲ့တာတွေ ရှိသလို… အသက်အရွယ်နဲ့ ပတ်ဝန်းကျင်အလိုက် ပြောင်းလဲပေါ်ပေါက်လာတဲ့ ၀ါသနာမျိုးလည်း ပါပါတယ်ရှင်။

စာဖတ်ခြင်း

ကျွန်မ စာဖတ်တာကို ၀ါသနာပါပါတယ်။ ငယ်ငယ်ကတည်းက ကာတွန်းစာအုပ်၊ မိုးသောက်ပန်း စာစောင်များ၊ မင်္ဂလာမောင်မယ် စာစောင်များ အစရှိတာတွေကို ဖတ်ခဲ့ပါတယ်။ ကျွန်မကို စာဖတ်ဝါသနာပါအောင် လေ့ကျင့်ပေးခဲ့တာကတော့ ကျွန်မရဲ့ အဖေပဲဖြစ်ပါတယ်။ ကျောင်းဆရာ တစ်ယောက်ဖြစ်တဲ့ ကျွန်မရဲ့ အဖေဟာ သမီးနှစ်ယောက်လုံးကို စာဖတ်ခြင်းကို စိတ်ဝင်စားစေဖို့ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်မဖတ်တဲ့ စာမျိုးက သုတစာပေထက် ရသစာပေတွေ ပိုများပါတယ်။ အချစ်ဝတ္ထုသီးသန့်ထက် ရသစုံ ပေးစွမ်းနိုင်တဲ့ ၀တ္ထုမျိုးတွေကိုလည်း ဖတ်ဖြစ်ပါတယ်။ ဘာသာပြန်စာပေတွေကိုလည်း ဖတ်ဖြစ်ပါတယ်။ တစ်ခါ တစ်ရံမှာတော့လည်း ဘာသာရေးနဲ့ ပတ်သက်တဲ့ စာပေတွေကို ဖတ်ပါတယ်။ မဖတ်ချင်ဆုံးကတော့ တတ်ကျမ်းတွေကိုပါ။ ဘာလုပ်ရမယ် ဘာလုပ်ရမယ်ဆိုပြီး ပြောထားတာတွေကို လိုက်မလုပ်နိုင်တာ များတော့လည်း ကိုယ့်ဟာကိုယ် စိတ်ပျက်ရင်း မဖတ်ချင်တော့တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဆရာဖေမြင့်ရေးတဲ့ စာအုပ်တစ်ချို့ကိုတော့ ကြိုက်ပါတယ်။ လောလောဆယ်မှာတော့ နာမည်ကျော်ပုဂ္ဂိုလ်များရဲ့ Biography တွေကို ဖတ်ဖို့ စိတ်ဝင်စားနေပါတယ်။ ဖတ်နေတာကတော့ ချေဂွေဗားရားအကြောင်း ဖြစ်ပါတယ်။ ကျွန်မအကြိုက်ဆုံး စာရေးဆရာတွေကတော့ ဂျူး၊ မြသန်းတင့်၊ ဂျာနယ်ကျော်မမလေး၊ အကြည်တော်၊ တာရာမင်းဝေ၊ ဆရာအောင်သင်း၊ မောင်ထွန်းသူ၊ ဆရာတော် ဦးဇောတိကနှင့် အရှင်ဆန္ဒာဓိက တို့ပဲဖြစ်ပါတယ်ရှင်။ ဂျူးရဲ့ “အမှတ်တရ” ကို အရမ်းကြိုက်သလို၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ် ရေးတဲ့ “The Colorful Myanmar” စာအုပ်ကိုလည်း နှစ်သက်မိပါတယ်။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ “လာခြင်းကောင်းသော အရှင်” စာအုပ်ကလည်း ကျွန်မအသဲစွဲထဲက တစ်ခုပါပဲ။ ဆရာမင်းလူရဲ့ ဘ၀သရုပ်ဖော် ၀တ္ထုတွေကိုလည်း နှစ်သက်မိပါတယ်။ ဦးအေးမောင်ရေးတဲ့ ဘာသာရေးစာအုပ်များနဲ့ စိတ်ပညာစာအုပ်များကိုလည်း ဖတ်ဖြစ်ပါတယ်ရှင်။

သီချင်းဆိုတာ၊ သီချင်းနားထောင်တာ

သီချင်းတွေက ကျွန်မကို စိတ်ပျော်စေပါတယ်။ ရွှင်လန်းစေပါတယ်။ သီချင်းဆိုခြင်းကလည်း စိတ်ဖိစီးမှုတွေကို ပျောက်ကွယ်စေပါတယ်။ ကျွန်မကတော့ သီချင်းနားထောင်တာကော သီချင်းဆိုတာပါ နှစ်မျိုးလုံး ၀ါသနာ ပါပါတယ်ရှင်။ အခွေထုတ်ဖို့ အဆိုတော် အသစ်ရှာနေသူများ ဆက်သွယ်နိုင်ကြပါတယ်😀😛 ။ ကြိုက်တဲ့ Music အမျိုးအစားကတော့ Hip Hop / R & B တွေကို ကြိုက်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်၊ ဂျေးမီ၊ ကြက်ဖ အစရှိတဲ့ အဆိုတော်တွေကတော့ ကျွန်မရဲ့ ဖေးဗရိတ်တွေပေါ့။ ကာရာအိုကေတွေ ဘာတွေ ဆိုဖြစ်ရင်တော့ ပေါ့ပ်တွေပဲ အဆိုများပါတယ်။ ရှင်ဖုန်း၊ တင်ဇာမော်၊ ရေဗက္ကာဝင်း တို့ရဲ့ သီချင်းတစ်ချို့ကို ကြိုက်ပါတယ်။ လေးဖြူ၊ မျိုးကြီး၊ အငဲ တို့ရဲ့ သီချင်းတွေကိုလည်း နားထောင်ဖြစ်ပါတယ်။ သီချင်းတိုင်းကိုတော့ နားထောင်ဖြစ်တယ်ရှင့်။ အင်္ဂလိပ်သီချင်းတွေကတော့ အဆိုတော်နာမည် မသိပဲ နားထောင်ဖြစ်တာတွေ အများကြီးပါ။ အကြိုက်ဆုံး သီချင်းရယ်လို့ မရှိပါဘူး။ အိပ်ပျော်စေတဲ့ သီချင်းမျိုးကလွဲရန် ကျန်တာအကုန် ကြိုက်ပါတယ်။ ဝေဖန်ရေးတွေ ဘာတွေတော့ သိပ်မလုပ်တတ်ပါဘူး။ ကြိုက်လို့ နားထောင်ဖြစ်ရုံလေးပါ။

Blogging

အစကတော့ စာရေးတာလို့ ပြောအုံးမလို့ပဲ။ ဒါပေမယ့် စာရေးတယ်ဆိုတာ မီဒီယာပေါင်းစုံနဲ့ ချိတ်ဆက်ရေးသားမှ ပိုပြီးခေါ်လို့ကောင်းတယ်လို့ စဉ်းစားမိတာကြောင့် ဘလောဂ့်ရေးတာလို့ပဲ ရေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက ဘလောဂ့်ပေါ်မှာပဲ ရေးတာကို။ ၂၀၀၇ ခုနှစ်မှာစပြီး ဘလောဂ့်ရေးခဲ့ပါတယ်။ ခုဆိုရင် သက်တမ်းတစ်နှစ်ကျော်ရှိပါပြီ။ အစတုန်းကတော့ အလှအပနဲ့ ပတ်သက်တာလေးတွေကို အရေးများပေမယ့် ခုနောက်ပိုင်းမှာတော့ ရေးချင်စိတ်ရှိတာ အကုန်ရေးပါတယ်။ ဒါကြောင့် ကျွန်မက လိုင်းတစ်လိုင်း သီးသန့်မဟုတ်ပဲ အထွေထွေလို့ပဲ ဘလောဂ့်ကို နာမည်တပ်ပါတယ်။ ဒါကတော့ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းမိတဲ့ သူငယ်ချင်းတွေကြောင့် ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ ၀ါသနာပေါ့ရှင်။

Translation

မြန်မာလိုကနေ အင်္ဂလိပ်လိုသို့ပဲ ဖြစ်ဖြစ်၊ အင်္ဂလိပ်လိုကနေ မြန်မာလို သို့ပဲဖြစ်ဖြစ် တစ်ခုခုကို ဘာသာပြန်နေရရင်လည်း ကျွန်မပျော်နေပါတယ်။ ကျွန်မ ရခိုင်ကနေ ရန်ကုန်ကို တက်လာတော့ အဒေါ်တစ်ယောက်အိမ်မှာနေပါတယ်။ စမ်းချောင်း မင်္ဂလာလမ်းမှာပါ။ ဆရာကြီး ဦးလှသမိန်ရဲ့သား ဆရာဦးလှဘုန်းအောင် နေတဲ့အိမ်နဲ့ အပေါ်ထပ် အောက်ထပ်ပါ။ သူတို့အိမ်မှာက ဘာသာပြန်ဆရာတွေ စုစုဝေးဝေးရှိနေတတ်ပါတယ်။ ဆရာ့ဆီမှာလည်း အင်္ဂလိပ်စာသင်ရင်း၊ ဆရာတို့လုပ်တာကိုလည်း လိုက်ကြည့်ရင်း ဘာသာပြန်ချင်စိတ်တွေ ပေါ်လာရတာ ဖြစ်ပါတယ်။ အရင်တုန်းကဆို The Best English Magazine, Top English Magazine မှာပါတဲ့ ဘာသာပြန်ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ဖူးပါတယ်။ ဆုတော့ တစ်ခါမှ မရဖူးပေမယ့် အကောင်းဆုံး ဆယ်ယောက်ထဲမှာတော့ ပါဝင်ဖူးပါတယ်။ အခုလည်း ဘလောဂ့်အတွက် စာရေးတာတွေက ဘာသာပြန်ဆောင်းပါးတွေ များပါတယ်။ ကိုယ်ပိုင်ဖန်တီးတာထက် အကြောင်းအရာ တစ်ခုကို အင်တာနက် ထဲမှာရှာပြီး တွေ့လာတဲ့အရာတွေကို ပေါင်းစပ်ပြီး ပိုစ့်တစ်ပုဒ် လုပ်ပါတယ်။

ကျွန်မရဲ့ အသက်မွေးဝမ်းကြောင်းအဖြစ် ရွေးချယ်ထားမိတာကတော့ Business Management and Marketing ပိုင်းပါ။ ကျွန်မ၀ါသနာ ပါတာတွေနဲ့လည်း တစ်ခုမှ မဆိုင်ဘူးနော်။ ငယ်ငယ်တုန်းကတော့ Architect တစ်ယောက် အရမ်းကို ဖြစ်ချင်ခဲ့ပါတယ်။ ပုံဆွဲရတာကိုလည်း ၀ါသနာတစ်အား ပါပါတယ်။ သူငယ်တန်းလောက်ကနေ ကိုးတန်း ဆယ်တန်းလောက်ထိ တွေ့ကရာ စာရွက်မှာ အရုပ်ဆွဲလို့ ကောင်းတုန်းပေါ့။ အိမ်ပုံလေးတွေ ဆွဲရတာ သဘောကျခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဆယ်တန်းအောင်တော့ YIT ဆိုတာကြီးကို တိုက်ရိုက်တက်ခွင့် မရတော့ပါဘူး။ GTC ကနေတစ်ဆင့်မှ B.Tech, B.E အထိရောက်အောင် တက်ရတာမျိုးပါ။ အမှတ်က ကောင်းတယ်ဆိုပေမယ့် ဆေးကျောင်းကိုလည်း မမီပြန်ဘူး။ GTC ဆိုတာကိုလည်း စိတ်ကထင်မိတာက နည်းနည်းနိမ့်တယ်ပေါ့လေ။ မတက်ချင်ဘူးပေါ့.. ငယ်တုန်းဆိုတော့လည်း ရေရှည်ကို မတွေးမိပြန်ဘူး။ အိမ်က မိဘတွေကလည်း အင်ဂျင်နီယာလုပ်ဖို့ အားမပေးတာကြောင့် စီးပွားရေး တက္ကသိုလ်တက်ခဲ့ရင်းနဲ့ပဲ ဒီလိုင်းထဲကို ရောက်လာရကြောင်းပါရှင်။

8 responses »

  1. GTC ဘဲ နိမ့်တယ်ထင်ရတယ်လို့ .. မှားပါတယ်။ (စိတ်ဆိုးစွာပြောသွားသည်။)

    • ဟီး..ချိတ်ချိုးပါနဲ့ ကိုဒီဘီကလည်း..ကလေးကမသိလို့ပါဆို

  2. ခုမှရောက်တယ်ကွာ ဆောရီး နင်နဲ့က၀ါသနာလာတူနေတယ်
    တွေ့ရင်တော့သံပြိုင်ဟစ်ကြတာပေါ့နော် ဟိဟိ
    ရေးတာနောက်ကျလို့ဘာမှမဖြစ်ပါဘူး ငါသိနေတာပဲ နင်မအာဘူးဆိုတာ
    အဆင်ပြေပါစေနော် ဝေ့

  3. ကိုယ်တွေ့ချွေးတပ်မှတ်တမ်းက ဆရာလင်းယုန်သစ်လွင်ပါခင်ဗျာ။ ဆရာလင်းယုန်မောင်မောင်မဟုတ်ပါဘူး။ အဲဒါလေးပြင်ပေးပါ

    • ဟုတ် ကျေးဇူးပါ အကို.. လင်ယုန်တွေရှုပ်သွားတာ ထင်တယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s