My Romeo (Episode – 1)

Standard

ကျွန်မ၏ ရိုမီယို (အပိုင်း – ၁)

*****၁*****

“ရိုမီယိုက ဂျူးလိယက်ကို ဘာလို့ အဲလောက်တောင် ချစ်ရတာလဲ မေမေ”

“သြော်.. သူက သိပ်ချစ်တာပေါ့ သမီးရဲ့.. ဒါကြောင့် သူသိပ်ချစ်တဲ့ ကောင်မလေးနဲ့အတူတူ သေပွဲဝင်တာပေါ့.. သေအတူ ရှင်မကွာ နေချင်တယ်ဆိုတာ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရဲ့ ဆန္ဒတွေပေါ့ သမီးရယ်”

“သူတို့နှစ်ယောက် သေပြီးရင်ကော ဘယ်ရောက်သွားကြမှာလဲ မသိဘူးနော်.. ဘွားဘွားပြောဖူးတဲ့ နောက်ဘ၀မှာ တွေ့ကြမှာလား”

“သမီးကလည်းကွယ်… ရေစက်ရှိရင်တော့ တွေ့ကြမှာပေါ့ သမီးရဲ့.. ကဲ အိပ်တော့ အိပ်တော့.. ရိုမီယိုနဲ့ ဂျူးလိယက်အကြောင်းပြောရင် သမီးက အိပ်ကို မအိပ်ချင်ပါလားနော် စိတ်ညစ်ပါတယ်”

“မေမေ.. နေပါအုံး… သမီးကိုရော မေမေက ရိုမီယိုက ဂျူးလိယက်ကို ချစ်သလို ချစ်လား”

“အဲ… မေမေ့အချစ်က သူတို့နှစ်ယောက် ချစ်တာနဲ့ မတူဘူးလေ သမီးလေးရယ်.. မေမေက သမီးကို အများကြီး အားကြီးချစ်တာပေါ့.. သူတို့နှစ်ယောက် ချစ်တာထက် ပိုချစ်တာပေါ့ သမီးလေးရဲ့.”

“ဒါဆို ဖေဖေကကော မေ့မေ့ကို အဲ့လို ချစ်လား”

“ကဲ…. သမီးရေ.. လွန် လွန်းနေပြီ.. အိပ်တော့နော်.. မနက်ကျောင်းနောက် ကျနေမယ်”

“အာ.. အိပ်ဘူး အိပ်ဘူး.. ဖေဖေက မေ့မေ့ကို ချစ်လာပြော… မေမေသေရင် ဖေဖေကော လိုက်သေမှာလားပြော”

“အဲ… မေမေသေရင်တော့ လိုက်သေမလား မသေဘူးလား မပြောတတ်ဘူး သမီးရေ.. ဒါပေမယ့် သမီးမှတ်ထားဖို့က ဖေဖေနဲ့ မေမေက တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ရုံတင် မကဘူး.. သိပ်လည်း နားလည်ကြတာ သမီးလေးရဲ့.. သမီးကလည်းကွယ် မေးခွန်းတွေများလိုက်တာ.. အိပ်တော့နော်….”

ကျွန်မ ငယ်ငယ်တုန်းက မေမေပြောပြခဲ့ဖူးတဲ့ အိပ်ရာဝင်ပုံပြင်သည် ရိုမီယိုနဲ့ ဂျူးလိယက်ဖြစ်သည်။ ချစ်သူနှစ်ဦး၏ တစ်ယောက်အပေါ်တစ်ယောက် ချစ်ကြပုံ၊ သစ္စာရှိကြပုံများသည် ကျွန်မ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့ပြီး ဖြစ်သည်။ ရုပ်ရှင်ရုံတွေ၊ ဗွီဒီယိုတွေမရှိသော ကျွန်မတို့တောမြို့ကလေးတွင် ရိုမီယိုနှင့် ဂျူးလိယက်ဇာတ်လမ်းသည် ကျွန်မအတွက် စိတ်ကူးဖြင့် ပုံဖော်၍သာကြည့်ရသော အရာတစ်ခုသာ ဖြစ်ခဲ့သည်။ အရွယ်ရောက်လာသောအခါ ရှိတ်စပီးယားရေးသားသောဇတ်လမ်းများကို ကျွန်မကိုယ်တိုင် ဖတ်ခွင့်ကြုံခဲ့သည်။ ရိုမီယိုနှင့် ဂျူးလိယက်ဇာတ်လမ်းသည် ငယ်စဉ်တုန်းကလို လွမ်းဆွေးမှုများကို ပေးနိုင်ဆဲ။ ချစ်သူနှစ်ဦး၏အချစ်များကို ကျွန်မအားကျဆဲ။ ရိုမီယိုကဲ့သော သစ္စာရှိသော ယောက်ျားတစ်ယောက်များ ကျွန်မဘ၀ထဲကို ၀င်လာလေမလားဟု ရူးကြောင်ကြောင်တွေးမိသေးသည်။ သို့သော် ဘ၀ပေးအခြေအနေအရ ရုန်ကန်မှုများ ကြိုးစားမှုများဖြင့်သာ နပန်းလုံးရသော ကျွန်မအတွက် အချစ်ဆိုသောအရာသည် စိတ်ကူးယဉ်သက်သက်သာ ဖြစ်ခဲ့သည်။

*****၂*****

မန်နေဂျာ ခေါ်နေတယ်လို့ တစ်ယောက်ကလာပြောတော့ ကျွန်မနည်းနည်းလန့်မိသည်။ ကျွန်မကို ဘာတွေများ ဆူမလို့ပါလိမ့်။ မနေ့ကတည်းက ယခုထိလုပ်ခဲ့သော အလုပ်များကို စိတ်ထဲမှ တစ်ခုချင်းပြန်လည် စစ်ဆေးကြည့်မိသည်။ ဘာအမှားမှ မတွေ့ရ။ မန်နေဂျာက အပျိုကြီးတစ်ယောက်ဖြစ်သည်နှင့်အညီ ဂျီးကလည်းများ၊ အပြစ်မရှိ အပြစ်ရှာလည်း လုပ်တတ်သောကြောင့် မန်နေဂျာခေါ်တာကို ခံရသည့် ကျွန်မတို့ဌာနမှ ၀န်ထမ်းတိုင်း ငါဘာအပြစ်လုပ်ထားသလဲ ဆိုသောအတွေးက ထိပ်ဆုံးမှ ပေါ်လာတတ်ကြသည်။ အတွေးများမနေတော့ပဲ သူ့အခန်းရှိရာသို့ ကျွန်မအပြေးကလေး သွားမိသည်။

“မမ ခေါ်တယ်ဆိုလို့”

မမမိုး၏ မျက်နှာထားခပ်တင်းတင်းကို ထုံးစံအတိုင်း ရင်ဆိုင်ရသည်။ မျက်လွှာတစ်ချက်ပင့်ကာ ကျွန်မကို ကြည့်သည်။

“လာ.. ဒီမှာထိုင်”

သူ့ရှေ့မှ ခုံလေးကိုဆွဲကာ ကျွန်မ မျက်လွှာလေးချကာ ထိုင်မိသည်။ ရင်တွေကလည်း တစ်ဒိတ်ဒိတ်ခုန်ဆဲ။ မမမိုးကို တစ်ချက်လှမ်းကြည့်မိသည်။ ကွန်ပျူတာပေါ်ရှိ မပြီးအပြတ်သေးသော စရင်းများကို ဆက်လက်တွက်ချက်ဆဲ။ ဒုက္ခပါပဲ.. ကျွန်မကိုခေါ်ပြီး ဒီအတိုင်းထိုင်ခိုင်းထားတာတော့ မဟုတ်သေးပါဘူး။ မိနစ်အနည်းငယ်ကြာသည်အထိ ကျွန်မကို ဘာစကားမှ မပြောပဲ ငုတ်တုပ်ထိုင်ခိုင်းထားဆဲ။ ကျွန်မစိတ်တွေ အနည်းငယ်တော့ တည်ငြိမ်လာသည်။ သူ့စားပွဲပေါ်မှ ပစ္စည်းများကို ရည်ရွယ်ချက်မဲ့စွာ ဟိုကြည့်ဒီကြည့် လုပ်မိသည်။ ခုံထောင့်စွန်းမှာ စာအိတ်အဖြူလေးတစ်စောင်။ ရုံးတွင်းတွင် တရားဝင်ထုတ်ပြန်သည့် စာပုံစံမျိုး။

“နီလာရေ အမ ပရင့်တစ်စောင် ထုတ်လိုက်တယ်.. ယူလာပြီးပေးပါ”

မမ၏ အသံစာစာကြောင့် ကျွန်မပြန်လည်အသက်ဝင်လာသည်။ ထို့နောက်တွင်မှ ကျွန်မကို စကားစပြောတော့သည်။

“ထက် ကို အမပြောစရာရှိလို့..ခေါ်လိုက်တာ”
“ဟုတ် မမ”
“အခုဆိုရင် အမတို့ အလုပ်တွေ တစ်ဖြည်းဖြည်းကျယ်ပြန့်လာတယ်.. သူများတွေ စီးပွားရေး ကျနေချိန်မှာတောင် အမတို့တွေက ပုံမှန်အတိုင်း လည်ပတ်နေတယ်ဆိုတော့ အခြေအနေက ကောင်းတယ်လို့ ပြောလို့ရတယ်.. ဒီတော့ အလုပ်တွေလည်း အရင်ကထက် ကြိုးစားဖို့ လိုအပ်လာတယ်လေ”

အရင်ကထက် အလုပ်ကြိုးစားဖို့ လိုအပ်လာတယ်ဆိုတော့ ကျွန်မ အလုပ်လုပ်တာကို မှားနေတယ်လို့ ပြောချင်တာများလားဟု ကျွန်မထင်မိသည်။ ကျွန်မ မှားခဲ့တယ်ဆိုရင်လည်း အပြစ်ကိုခံယူဖို့ အသင့်အနေအထားနဲ့အတူ ဖြေရှင်းချက်တစ်ခုကိုပါ ပေးဖို့ ကျွန်မကြိုတင်ပြင်ဆင်လိုက်သည်။

“အမတို့ မားကက်တင်း ဌာနက လူတွေလည်း အသစ်ထပ်ခေါ်ဖို့ရှိတယ်.. ပြီးတော့ အခြေအနေအရ ၀န်ထမ်းတွေကိုလည်း ဒီအလုပ်တစ်ခုတည်းကို မဟုတ်ပဲ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကိုပါ ပူးတွဲလုပ်ကိုင်စေချင်တယ်လို့ အမကို အမ်ဒီက ညွှန်ကြားချက်တွေ ပေးလာတယ်.. အခုအချိန်ထိ လုပ်ခဲ့ရတဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီး ထက် အနေနဲ့ အဆင်မပြေတာ တစ်ခုခုများ ရှိခဲ့လား”

“မရှိပါဘူး မမ.. အလုပ်စ၀င်တဲ့ အချိန်ကထက် စာရင်တော့ ထက် အမှားတွေနည်းလာတယ်လို့လည်း ကိုယ့်ဟာကိုယ် ထင်မိပါတယ်.. မားကက်တင်းရဲ့ သဘောကိုလည်း အရင်ကထက် နားလည်လာပါပြီရှင့်.. လက်ရှိမှာလည်း ထက် ကိုင်ထားတဲ့ Client တွေလည်း များလာပါပြီ.. ကြော်ငြာတွေလည်း တစ်ပတ်ထက် တစ်ပတ် ပိုများလာပါပြီ မမ”

“အိုကေ.. ထက်က လုပ်နိုင်ကိုင်နိုင်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်တယ်.. အမတို့ယုံတယ်.. ဘယ်အရာကို မဆို တက်တက်ကြွကြွ ရှိတာကိုလည်း အမတို့ သဘောကျတယ်.. အခုလည်း ထက်ကို အလုပ်တစ်ခု ထပ်ပြီးတာဝန်ပေးချင်လို့ ခေါ်လိုက်တာ.. ထက်ကို ဌာနပြောင်းတယ်လို့လည်း ပြောလို့ရတယ်..”

“ဘုရားရေ.. ထက်ကို ဘယ်နေရာကိုများ ပြောင်းမလို့လဲ အမ.. ထက် ဒီမှာ လုပ်ရတာ အပြင်သွားရတာ.. ဂျာနယ်အတွက် ကြော်ငြာရှာရတာ အရမ်းကို ပျော်နေပါပြီ အမရယ်.. နောက်တစ်ခုပြောင်းရင်း အသစ်ကနေ ထပ်စရမှာဆိုတော့ ထက် ကိုယ့်ဟာကိုယ် မယုံကြည်ရဲဘူး အမ..”

“နိုး နိုး.. အဲ့လို မဟုတ်ဘူး.. ပြောင်းတယ်ဆိုတာကတည်း Marketing နဲ့ ဆက်စပ်နေတဲ့ Advertising and Promotion ဘက်ကို လုပ်စေချင်တာ.. ဒီဘက်က ထက် လုပ်နေကျ အလုပ်တွေကိုလည်း ထက် ရဲ့ ဂျူနီယာတွေကို ထက် လုပ်နိုင်သလို သူတို့ လုပ်တတ်ဖို့ အခွင့်အရေး ပေးလိုက်ပါ.. အခု မီဒီယာလောကမှာ ဂျာနယ်တွေလည်း အပြိုင်အဆိုင်တွေ အရမ်းများလာတယ်.. အမတို့က နာမည်ရှိပြီးသားမို့လို့ ကြော်ငြာရှာရတာ အခက်အခဲ မရှိသေးပေမယ့် နောက်ပိုင်းမှာ ခက်ခဲလာနိုင်တယ်.. ဒါကြောင့် အမတို့ ဂျာနယ်ကို လူပိုသိအောင် လုပ်ဖို့လိုအပ်လာတယ်.. တစ်ခြားမီဒီယာတွေမှာ ကိုယ့်ဂျာနယ်ကို ပြန်ကြော်ငြာရမယ်.. Promotion Item တွေ လုပ်ပေးရမယ်.. ဒါမှ ကိုယ့်နေရာကို သူများဝင်မလာနိုင်မှာ ဖြစ်တယ်.. ထက် တစ်ယောက်တည်း လုပ်ရမှာ မဟုတ်ဘူး.. လောလောဆယ် အဲ့ဒီဘက်ကို တာဝန်ယူနေတဲ့ ကိုနေသန့်နဲ့ တွဲလုပ်ရမှာ.. သူက လူတော်တစ်ယောက်လည်း ဖြစ်တော့ ထက် ပညာတွေ အများကြီး ရမယ်လို့ ယုံကြည်တယ်..”

“ဟုတ်.. ထက်လည်း လုပ်ချင်ပါတယ်မမ.. နေရာသစ်မှာ အသားမကျမှာ စိုးတာ”

“ဘာမှ စောဒက ထပ်မတက်ပါနဲ့တော့ ထက်မှူးရှိန်.. ဒါက တာဝန်ပဲ.. မင်းရဲ့ မန်နေဂျာ ဖြစ်တဲ့ အမက မင်းကို သင့်တော်မယ်ထင်လို့ ပေးတဲ့ တာဝန်ကို မင်း ဆောင်ရွက်ရမှာပဲ.. အမတို့ အကုန်လည်း တိုင်ပင်ပြီးပြီ.. မင်း မနက်ဖြန် အဲ့မှာ အလုပ်သွားလုပ်ဖို့ ပြင်ပါ.. မင်းအတွက် ကွန်ပျူတာလည်း အသင့်ရှိပြီးပြီ.. ဒါက မင်းအတွက်ပြောင်းရွှေ့စာ..”

မမမိုး ကမ်းပေးသာ စားပွဲထောင့်မှ စာအိတ်လေးကို ယူလာရင်း ကျွန်မယူလာရင်း စိုးရိမ်တစ်ဝက် အပျော်တစ်ဝက်ဖြင့် သူ့အခန်းထဲမှ ထွက်လာခဲ့သည်။ ကိုယ့်နေရာကို ပြန်ရောက်သောအခါ ဂျူနီယာ ညီမလေးများနှင့် အခြားလုပ်ဖော်ကိုင်ဖက်များကို ဌာနပြောင်းရမယ်ဆိုတာကို ပြောပြရင်း အလုပ်တွေ လွှဲဖို့ ပြင်သည်။ ကိုယ်ပျော်ရွှင်ခဲ့ဖူးသော ဌာနမှ ညီမလေးများ သူငယ်ချင်းများနဲ့ ကျွန်မ မခွဲချင်ပါ။ သို့သော် အသစ် အသစ်သောအရာများကိုလည်း တတ်သိနားလည်ချင်ပြန်ပါသည်။ မန်နေဂျာ အသစ်နဲ့ အသားမကျမှာလည်း စိုးပါသေးသည်။ ကိုနေသန့်ကို ရုံးတွင်းတွင် ဖြတ်သွား ဖြတ်လာတွေ့ဖူးသည်မှ လွဲလို့ ကျွန်မတို့ စကားမပြောဖူးကြပါ။ ကိစ္စရှိလျှင်လည်း မမမိုးမှ တစ်ဆင့်သာ ပြောဖြစ်သည်ကများသည်။ မျက်မှန်လေး တစ်ဝင်းဝင်းနဲ့ အမြဲတမ်း စမတ်ကျနေသော၊ တက်ကြွသော အသွင်ရှိသည့် ကိုနေသန့်က ကျွန်မကို ပညာအသစ်တွေ ထပ်ပေးနိုင်ဖို့ မျှော်လင့်ရပါသည်။

****3****

မနက်စောစော ရုံးကိုရောက်ပြီး A & P Department ကို ကျွန်မရောက်သွားတော့ ပိုင်ရှင်ကို မျှော်နေသောကွန်ပျူတာ နှစ်လုံးကိုသာ ကျွန်မတွေ့ရသည်။ ကျွန်မအတွက်ဟု ယူဆရသော ကွန်ပျူတာစားပွဲပေါ်တွင် အိတ်ကိုတင်လိုက်သည်။ ထို့နောက် တစ်ရုံးတည်းတွင်ရှိပြီး တစ်ခါမှ မရောက်ဖူးသော အခန်းလေးကို လှည့်ပတ်ကြည့်မိသည်။ ဂျာနယ်ကြော်ငြာဒီဇိုင်းများကို နံရံပေါ်တွင် ချိတ်ဆွဲထားသည်။ နိုင်ငံခြား Magazine ကြော်ငြာ တစ်ခု နှစ်ခုကိုလည်း တွေ့ရသည်။ ကိုနေသန့်၏ စားပွဲနောက်ရှိ နံရံပေါ်တွင် ရွှေတိဂုံဘုရားပုံပါသော ပြက္ခဒိန်ခပ်ကြီးကြီးကို ချိတ်ဆွဲထားသည်။ သူ့ စားပွဲသည် ရှင်းလင်းသန့်ပြန့်လျက်ရှိသည်။ Marketing တွင်ရှိစဉ်တုန်းက ဖိုင်လ်များဖြင့် ရှုပ်ပွနေသော ကျွန်မစားပွဲကို ပြန်သတိရသည်။ အဲကွန်းစိမ့်စိမ့်လေးအေးနေသော Air Freshener ရနံ့ဖြင့် သင်းပျံ့နေသော သည်အခန်းလေးကို ကြည့်ကာ ကိုနေသန့်သည် သူ့ကိုယ်သူ စမတ်ကျကျဝတ်တတ်သလောက် အနေအထိုင် သန့်ပြန့်သူတစ်ယောက်လည်း ဖြစ်လိမ့်မည်ဟု တွေးမိသည်။ ဖရို ဖရဲနေတတ်သော ကျွန်မနဲ့တော့ ဒုက္ခပါပဲ။

ရေမွှေးနံ့ ခပ်သင်းသင်းကို ရ၍ ကျွန်မနောက်ကိုလှည့်ကြည့်သောအခါ ကိုနေသန့်ကို တွေ့ရသည်။

“မင်္ဂလာပါရှင့်.. ကျွန်မက ထက်မှူးရှိန်ပါ.. Marketing က ပြောင်းလာတာပါ”

“ကိုယ် သိပြီးပါပြီ.. မင်္ဂလာပါ ထက်မှူးရှိန်.. ကိုယ်နဲ့အတူ အလုပ်တွဲလုပ်ဖို့ရောက်လာတာ ကြိုဆိုပါတယ်.. ကိုယ်တို့ နှစ်ယောက်ပေါင်းပြီး ဂျာနယ်အတွက် အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်”

“ဟုတ်ကဲ့.. ကျွန်မလည်း စိတ်ဝင်စားပါတယ်.. မသိတာ မတတ်တာ နားမလည်တာတွေကို စိတ်ရှည်ရှည်နဲ့ သင်ယူချင်ပါတယ်.. ဒါနဲ့ အခု ကျွန်မ ဘာလုပ်ရမလဲဟင်”

“ဒီနေ့ ကိုယ်က မင်းကို ကြော်ငြာနဲ့ပတ်သက်တာတွေ ရှင်းပြမယ်.. ကိုယ်လက်ရှိ Run နေတဲ့ ပလန်တွေ.. နောက်လုပ်ဖို့ ရှိတာတွေကို ပြောပြမယ်.. မင်းမှာလည်း အိုင်ဒီယာတွေ ရှိမှာပါ.. မင်းမှတ်ထားဖို့က ကိုယ်က မင်းရဲ့ မန်နေဂျာမဟုတ်ဘူး.. မင်းထက် လုပ်သက်နည်းနည်းရင့်တဲ့ စီနီယာတစ်ယောက်ပဲ.. ကိုယ်တို့ ရီပို့ကိုလည်း မမိုးကို တင်ရမှာပဲ.. မင်းရော ကိုယ်ရော သူ့ Supervision အောက်မှာ ရှိနေကြတယ်.. အခု ကိုယ်တို့ ကြော်ငြာများများ လုပ်ဖို့ လိုအပ်လာလို့ အရင်က ကိုယ်တစ်ယောက်တည်း လုပ်နေတာတွေ အပြင် Activities တွေ ထပ်ချဲ့ပြီးလုပ်ဖို့ မင်းကို ဒီဘက်ကို ပြောင်းလိုက်တာပဲ”

“ဟုတ်ကဲ့ ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ..”

“အိုကေ လောလောဆယ်မှာတော့ ကြော်ငြာပိုင်းအနေနဲ့ သိပ်မရှိသေးဘူး.. City FM ရယ်.. သတင်းစာရယ်မှာ အပတ်စဉ်ကြော်ငြာတွေ ထည့်နေတာပဲ ရှိသေးတယ်.. ကိုယ်တို့ ပရိုမိုးရှင်းတွေ လုပ်ရမယ်.. ဂျာနယ်ရောင်းအားတက်အောင် ဘာတွေလုပ်နိုင်လဲဆိုတာ ကြည့်ရမယ်.. ပြီးတော့ အေဂျင်စီသဘောမျိုး လုပ်ငန်းတွေ ထပ်ချဲ့ဖို့ရှိတယ်.. လောလောဆယ်မှာတော့ ကိုယ်ပလန်လုပ်နေတယ်.. Time Line ဆွဲနေတယ်.. လုံးဝ အသေးစိတ်ကျပြီဆိုရင် မင်းကိုပေးသင့်တဲ့ တာဝန်တွေ ပေးမယ်.. မင်းအတွက် ကွန်ပျူတာက ဒီဘက်မှာ…… Spec တွေကို ကောင်းကောင်းလေးထည့်ပေးထားတယ်.. အင်တာနက်လည်း ချိတ်ပေးထားတယ်.. နိုင်ငံခြားက Website တွေကိုကြည့်ပြီး လေ့လာနိုင်တယ်.. ဒီဇိုင်းတွေကို ကိုယ်တိုင်စဉ်းစားရမယ်.. ”

“မားကက်တင်းလုပ်ရတာလောက်တော့ အလုပ်မများနိုင်ဘူးလို့ ကျွန်မထင်တယ်”

“ဟား ဟား မင်း ကြည့်လိုက်လေ.. အိုင်ဒီယာတွေ ထုတ်ရတာနဲ့တင် မင်းခေါင်းပူပြီး.. ကွန်ပျူတာရှေ့မှာ ငုတ်တုပ်နဲ့ လူငြိမ် ခေါင်းရှုပ် ဖြစ်နေလိမ့်မယ်.. လူတွေက ထင်ကြတယ်.. ကိုယ်က အလုပ်မများဘူးတဲ့.. ကွန်ပျူတာရှေ့မှာ အေးဆေးလေးထိုင်ပြီး သက်သာတဲ့ အလုပ်ကလေးကို လုပ်နေရုံပဲတဲ့.. ခေါင်းမီးတောက်နေတာကို သူတို့မှ မမြင်တာကွ.. မင်းလည်း တွေ့လာပါလိမ့်မယ်.. Advertising and Promotion က ရှုပ်ပုံတွေကို.. အိုကေ.. မင်းကတော့ လောလောဆယ် အိုင်ဒီယာတွေ သိပ်စဉ်းစားစရာ မလိုသေးဘူး.. ကိုယ်စဉ်းစားထားတာတွေကို အနောက်ကနေ processing လုပ်ပေးရုံပဲ.. ကိုယ်က Monthly, Quarterly, Yearly ပလန်တွေ လုပ်မယ်.. Budget တွေ တင်ပြပေးမယ်.. ဒီဇိုင်းတွေ အကြမ်းဖျင်း ချမှတ်ပေးမယ်.. မင်းက ကိုယ့်ကို Support လုပ်ပေးပေါ့ ဟုတ်ပြီလား..”

“အေဂျင်စီလုပ်မယ်ဆိုတာကကော ဘာလဲရှင့်”

“ကိုယ်တို့က တစ်ခြားလုပ်ငန်းတွေအတွက် ကြော်ငြာတွေ၊ Event တွေ၊ ပွဲတွေ စီစဉ်ပေးမယ်.. အခု Today Advertising တို့ Mac Com တို့က လုပ်နေသလိုမျိုးပေါ့”

“အိုကေ ကျွန်မသိပြီ.. Advertising Media သဘောမျိုးပေါ့”

“ဟုတ်တယ်.. ဒါတွေသာ တစ်ကယ်လုပ်ဖြစ်ပြီဆိုရင် ကိုယ်တစ်ယောက်တည်း ဘယ်လိုမှ မနိုင်ဘူးလေ.. Organizing လုပ်ရမယ်.. ကိုယ်တို့ဆီမှာ အလုပ်အပ်ဖို့ Client တွေရှာရမယ်.. ဆိုပါတော့ကွာ မင်းနဲ့ ကိုယ့်ရဲ့ ဌာနက ဒီအဖွဲ့အစည်းရဲ့ Business Unit တစ်ခုဖြစ်သွားမယ်”

“ဟုတ်..ကျွန်မနားလည်ပါပြီ.. ဒါနဲ့ ကျွန်မ မေးရင် ရိုင်းရာများ ရောက်မလား မသိဘူး.. ကိုယ်နေသန့်က ဘာမေဂျာနဲ့များ ကျောင်းပြီးခဲ့တာလဲဟင်”

“အင်း.. မင်းရဲ့ စီနီယာတစ်ယောက်ကို လေးစားတဲ့စိတ်ဝင်ဖို့ မင်းမေးသင့်ပါတယ်.. ကိုယ်က ဘန်ကောက်မှာရှိတဲ့ Assumption University ကနေ MBA (General Management) နဲ့ ကျောင်းပြီးခဲ့တာပါ.. မင်း ရဲ့ ပရိုဖိုင်လ်းကိုတော့ မင်း CV ကတစ်ဆင့် ကိုယ်သိထားပါတယ်.. မင်း တော်တယ်လို့လည်း ကိုယ်ကြားထားပါတယ်.. အိုကေ အလုပ် စလုပ်ရအောင်”

ကြော်ငြာလုပ်ငန်းများသည် မားကက်တင်းသမားဖြစ်သော ကျွန်မအတွက် မခက်ခဲလှပါ။ ကိုနေသန့်၏ သင်ပြမှုများ၊ လမ်းညွှန်မှုများကြောင့်လည်း ကျွန်မအတတ်မြန်ခဲ့သည်။ စိတ်ရှည်လက်ရှည် သင်ကြားပေးသော ကျွန်မ၏ စီနီယာကို ကျေးဇူးလည်းတင် အားလည်းကိုးမိသည်။ သူပြောခဲ့သလိုမျိုး Public Awareness ရအောင် ဘယ်လိုလုပ်ရမလဲဆိုသော အကြောင်းအရာတစ်ခုကို စဉ်းစားရင်း အိုင်ဒီယာတွေထုတ်.. ဒီဇိုင်းတွေ အကြမ်းချရင်း ကျွန်မ အလုပ်များမှန်း မသိများခဲ့ရသည်။ နိုင်ငံခြားကြော်ငြာများကို အတုယူပြီး. မြန်မာ့မျက်စိ.. မြန်မာ့အမြင်နဲ့ ကိုက်အောင် ပြန်လည်ဆန်းသစ်တာမျိုးတွေ၊ ထိရောက်သော ကြော်ငြာစာသားတွေ၊ စိတ်ဝင်စားမှု ပိုစေသော ဒီဇိုင်းအပြင်အဆင်တွေကြားမှာ ကျွန်မပျော်မွေ့တတ်ခဲ့ပြီ။ တစ်ခါတစ်ရံ ကိုယ်ဘယ်လိုမှ စဉ်းစားမရတော့သောအခါ ကွန်ပျူတာ ရှေ့တွင် အင်တာနက်စာမျက်နှာများ တစ်ခုပြီး တစ်ခုဖွင့်ကြည့်ရင်း လေ့လာရသည်မှာ စိတ်လှုပ်ရှားစရာ ကောင်းလှပါတော့သည်။ မားကက်တင်းတွင် သင်ခဲ့ရသော 4 P.. 7 P များကို ကျွန်မ ထိရောက်စွာ အသုံးချခွင့်ရသည်။ သူ၏ ထက်မြက်သော အိုင်ဒီယာများကိုလည်း ကျွန်မ သင်ယူခွင့်ရခဲ့သည်။ “ကြော်ငြာသမားက ကြော်ငြာနဲ့ပတ်သက်တဲ့ Sense ကို ရှိနေရမယ်..” ဆိုသောစကားများ အမြဲပြောလေ့ရှိသည်။ ဟုတ်ပါရဲ့.. မမမိုး ပြောခဲ့သလိုမျိုး ပညာအသစ်တွေ ရမှာပါ ဆိုတာ ခုတော့ ဒက်ထိမှန်ကန်နေပေသည်။ မမမိုးကိုလည်း ကျေးဇူးတင်မိသည်.. ကိုနေသန့်ကိုလည်း လေးစားမိသည်။ လက်ရှိလုပ်ကိုင် သင်ကြားနေရသော ပညာရပ်များသည် ကျွန်မ၏ ဘ၀ရှေ့ရေးအတွက်လည်း ပိုကောင်းသော အခွင့်အလမ်းများ ရနိုင်တော့မည်ဟု ခိုင်မာသေချာနေခဲ့ပါတော့သည်။

****4****

ကြော်ငြာဌာနတွင် အလုပ်ပြောင်းသွားသော်လည်း မားကက်တင်းမှ သူငယ်ချင်းများ ညီမလေးများနှင့် ကျွန်မတို့ နေ့လည်စာ အတူစားကြဆဲဖြစ်သည်။ သူတို့တွေက ထမင်းစားရင်း ကျွန်မအလုပ်သစ်အကြောင်းတွေသာမက ကိုနေသန့် အကြောင်းကိုလည်း မေးကြသည်။ “ကိုနေသန့်က လူပျိုကြီးတဲ့နော်.. သူ့မှာ ဇာတ်လမ်းတွေ ဘာတွေကော မရှိဘူးလား” ဟု မေးတတ်ကြသည်။ ကျွန်မ သတိထားမိသလောက်လည်း သူ့တွင် မိန်းကလေးမိတ်ဆွေများနှင့် ရောထွေးမနေတတ်သည်ကို တွေ့ရသည်။ အမြဲတမ်း အလုပ်များဖြင့် ရှုပ်နေသောသူသည် ရုံးဆင်းချိန်လည်း အမြဲနောက်ကျသည်။ ကျွန်မကိုယ်တိုင်ကလည်း အလုပ်များဖြင့် ရှုပ်နေတာကတစ်ကြောင်း၊ ကျွန်မ ရောက်ပြီးသည့်နောက်တွင် ဂျာနယ်အတွက် Promotion Item များတိုးချဲ့လုပ်ရသည်က တစ်ကြောင်း၊ ကျွန်မကိုယ်တိုင်ကလည်း သူများအကြောင်းများကို စိတ်မ၀င်စားတတ်သောကြောင့် လူတစ်ယောက်၏ ပါစင်နယ်ကို မစပ်စုမိခြင်း ဖြစ်ပါလိမ့်မည်။ သူနဲ့ကျွန်မမှာလည်း အလုပ်ကိစ္စများတိုင်ပင်ရင်းနဲ့သာ အချိန်ကုန်တတ်ကြသည်။ ကိုနေသန့်ဆိုသော သူသည် အလုပ်ကို တိတိကျကျနှင့် သေသေသပ်သပ် လုပ်မှသဘောကျတတ်သောကြောင့် ကျွန်မ သူ့ထံတွင် မကြာခဏလည်း အဆူခံရဖူးသည်။ သူကိုယ်တိုင်ကလည်း တစ်ချိန်လုံး တစ်ခုခုကို တွေးနေတတ်သလို ကျွန်မကိုလည်း အားလျှင်အားသလို Brain Storming လုပ်တတ်သဖြင့် ကျွန်မမှာ တစ်နေ့ တစ်နေ့ အသက်ပင်ကောင်းကောင်းမရှုနိုင်လောက်အောင် စိတ်ပင်ပန်းပါသည်။

“ကိုယ်တို့ ဂျာနယ်ကောင်းအောင် လုပ်ဖို့က အယ်ဒီတာတွေရဲ့ တာဝန်ပဲ.. ကောင်းပါတယ်ဆိုတာကို လူသိအောင် ချုပြဖို့က ကိုယ်တို့ တာဝန်ပဲ.. ဘယ်လိုနည်းနဲ့ ဘယ်လိုလူတွေကို သိအောင်လုပ်မှာလည်း ဆိုတာ ကိုယ်တို့ အမြဲဆန်းသစ် တွေးခေါ်နေရမယ်”

Phillip Kotler ရဲ့ Marketing and Advertising နဲ့ပတ်သက်တဲ့ စာအုပ်တွေကို သူအမြဲဖတ်လေ့ရှိသည်။ Martin Roll, Michel Potter, Steven R Covey အစရှိသူများ၏ စာအုပ်များကိုလည်း သူ့စားပွဲထက်တွင် တွေ့ရသည်။ ကျွန်မကိုတော့ ပေးမဖတ်ပါဘူး။ သူ့ဘာသာသူပဲ ဖတ်၊ ကွန်ပျူတာရှေ့မှာ ခေါင်းကုတ်ပြီး စဉ်စား၊ တစ်ခါတစ်လေ မမမိုးနဲ့ မီတင်တွေလုပ်၊ စတိုင်လ်ကြီးတစ်ခွဲသားနဲ့ သူ့ကိုတစ်ခါတစ်လေတော့လည်း ကြီးကျယ်လိုက်တာဟု ထင်မိသေးသည်။ ကျွန်မက သူခိုင်းသော အလုပ်များကိုသာ လုပ်ရသည်။ အက်ဖ်အမ်မှာလွှင့်ဖို့ အသံရီကောဒင်း လုပ်တာတွေ၊ လစဉ်ကြော်ငြာကုန်ကျစရိတ် တွက်ချက်တာတွေ၊ ကြော်ငြာဒီဇိုင်းအကြမ်းချတာမျိုးတွေကိုတော့ ကျွန်မလုပ်တတ်နေခဲ့ပြီ။ အလုပ်နည်းနည်းပါးသည့်အခါ အွန်လိုင်းပေါ်တွင် ဟိုကြည့် ဒီကြည့်လုပ်သည်။ သူငယ်ချင်းများနဲ့ ဂျီတော့ခ် ပြောသည်။ ဂျီတော့ခ်.. အိုး.. ကိုနေသန့်ရဲ့ ဂျီမေလ်းက ဘာပါလိမ့်နော်။ သူနဲ့ ကျွန်မအလုပ်တွဲလုပ်တာ တစ်လခန့်ရှိပြီ။ သူ့မေလ်းကို ကျွန်မ မသိရသေးပါ။ ဖိုင်လ်များပို့စရာရှိပါက ရုံးတွင်းသုံး Intranet ဖြစ်သော Internal Information System မှသာ စာပေး စာယူလုပ်ကြသည်။ ကျွန်မ သူ့မေလ်းကိုတော့ မေးကြည့်မှ ဖြစ်မှာပါလေ။ သူလည်း တစ်ခါ တစ်ခါ ချက်တင်ဝင်နေတာ ကျွန်မတွေ့သားပဲ။ ဒီလိုကြီးကျယ်တဲ့သူတစ်ယောက်ဆီက မေလ်းတောင်းရင် ဘာဖြစ်သွားနိုင်မလဲ။ ကျွန်မက သဘောရိုးနဲ့တောင်းတာပဲ.. ဘာဖြစ်ဖြစ်ပေါ့။

MICT Hall တွင်ပြုလုပ်သော Media Conference တစ်ခုတွင် ကျွန်မတို့ဂျာနယ်မှ စပွန်စာပေးရမည်ဟု မမိုးမှပြောသည်။ သူနဲ့ကျွန်မ စပွန်စာကိစ္စများနှင့် အလုပ်များရတော့သည်။ အခြားသောမီဒီယာတွေမှလည်း စပွန်စာပေးထားသည်ဟု သတင်းများကြားရသည်။ မီဒီယာပေါင်းစုံ စုဝေးကြမည့် သည်ပွဲတွင် ကိုယ့်ဂျာနယ်မှလည်း Image ကောင်းကောင်းရနိုင်ဖို့ ကြိုးစားရမည်ဖြစ်သောကြောင့် သူနဲ့ကျွန်မ နှစ်ယောက်လုံး အလုပ်တွေများကြရပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင်ရှိကြသော ဂျာနယ်များ၊ မဂ္ဂဇင်းများမှ အယ်ဒီတာချုပ်ကြီးများတက်ရောက်ဟာ ဟောပြောပွဲများပြုလုပ်ကြမည့်အပြင်၊ အသစ် အသစ်သော ဂျာနယ်များကို ပွဲထုတ်သည့်ပွဲလည်း ဖြစ်သည်။ ကံစမ်းမဲများ၊ ပဟေဠိကဏ္ဍများနှင့် အခြားစိတ်ဝင်စားဖွယ်ရာ အစီအစဉ်များကိုလည်း ကျင်းပပြုလုပ်ပေးမည်ဖြစ်သည်။ ဂျာနယ်လစ်ဇင်ဆိုင်ရာ ဟောပြောပွဲများကျင်းပပြုလုပ်မည့် ပွဲဖြစ်သည့်အပြင် ဂျာနယ်များ၊ မဂ္ဂဇင်းများအလိုက် မိမိတို့အသားပေးဖော်ပြနေသော ကဏ္ဍအသီးသီးကို ရည်ရွယ်ချက်များ၊ အနာဂတ်လုပ်ဆောင်ချက်များဖြင့် ဖော်ပြကြမည်ဖြစ်သည်။ မီဒီယာလောကသားများ၊ ပြည်သူများအလယ်တွင် မိမိတို့လုပ်ငန်းကို ၀င့်ထယ်စေနိုင်မည့်အပြင်၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း မိတ်ဆက်တင်ပြပေးနိုင်မည်ဖြစ်သဖြင့် အခွင့်အလမ်းကောင်းများလည်း ပေါ်ပေါက်လာနိုင်ပါသည်။ ကျွန်မအလွန်စိတ်ဝင်စားပါသည်။ စပွန်စာကဏ္ဍအတွက် ကျွန်မကိုယ်တိုင် ပလန်တစ်ခုဆွဲချင်စိတ်လည်း ပေါ်လာပါသည်။ ထို့ကြောင့် ကိုနေသန့်ကို အရဲစွန့်ကာ ပြောကြည့်မိသည်။

“ဒီပွဲမှာ ကျွန်မကို ဘာတွေလုပ်နိုင်မလဲ ကိုနေသန့်.. ရလာမယ့် အခွင့်အရေးတွေကတော့ များတယ်နော်”

“ဟုတ်တာပေါ့ ထက်မှူးရှိန်.. ကိုယ်တို့ရဲ့ Image ကို အတတ်နိုင်ဆုံးဖော်ထုတ်ပြသရမယ်.. ဆရာတို့ကလည်း ဟောပြောမယ့်ခေါင်းစဉ်တွေကို တိုင်ပင်နေကြသလို အယ်ဒီတာတွေကလည်း အသားပေးဖော်ပြမယ့် အစီအစဉ်တွေကို ဆွေးနွေးနေကြပြီ.. ကိုယ်တို့ရဲ့ အယ်ဒီတာချုပ်ကိုလည်း အထူးဧည့်သည်အဖြစ် ဖိတ်ကြားခံထားရတဲ့အပြင် ဟောပြောပေးမယ့် သူတစ်ယောက်လည်း ဖြစ်တာကြောင့် ကိုယ်တို့ မညံ့အောင်အများကြီး ကြိုးစားရမယ်”

“ကျွန်မတို့နှစ်ယောက်က ဘာတွေ စီစဉ်ရမှာလဲဟင်”

“အဲ့ဒီမှာ စပွန်စာတွေအတွက် Show Room တစ်ခန်းစီရမယ်.. ကိုယ်တို့တွေ Decoration လုပ်ရမယ်.. Flyers တွေထုတ်ရမယ်.. Vinyl Printing အတွက် ဒီဇိုင်းတွေ စဉ်းစားရမယ်”

“အိုးကေ ကိုနေသန့်.. Marketing Collaterals တွေထုတ်ဖို့ကိစ္စ၊ press release လုပ်မှာရယ်၊ Decoration ပိုင်းရယ်.. ကိုယ်ပိုင်ပြခန်းမှာ လုပ်မယ့် Quiz Program တွေရယ်.. တစ်နေ့လုံးအတွက် Agenda တွေရယ်ကို ကျွန်မ စီစဉ်ပါရစေ.. ကျွန်မတို့အတွက် အချိန်နှစ်ပတ်ရသေးတယ်ဆိုတော့ ကိုနေသန့်ကို Time Line ဆွဲပြီးတင်ပေးပါ့မယ်”

“ကိုယ်အကြားချင်ဆုံးစကားကို မင်းပြောလိုက်တာပဲ ထက်မှူးရှိန်.. ကိုယ်လည်း မင်းကို ဒီတာဝန်တွေပေးဖို့ စိတ်ကူးပြီးသားပါ.. မင်းတက်ကြွတာ ကိုယ်သိပ်ဝမ်းသာတယ်.. မှားမှာကို မစိုးရိမ်ပါနဲ့.. မင်းနောက်မှာ ကိုယ်တစ်ယောက်လုံး ရှိတယ် ဟုတ်ပြီလား”

“ဟုတ်.. ကျွန်မပထမဆုံး စီစဉ်တဲ့ဒီပွဲကို အတတ်နိုင်ဆုံး စနစ်ကျအောင်လုပ်ပါ့မယ်”

“အိုကေဗျား.. ဟားး နေ့လည် ၁ နာရီတောင်ထိုးပြီ မင်း သူငယ်ချင်းတွေနဲ့ ထမင်းသွားမစားဘူးလား”

“မနက်က မီးပြတ်နေလို့ ထမင်းမချက်ခဲ့ရဘူး.. ထမင်းဗူးမပါလာဘူးလေ.. ဒါကြောင့် ကျွန်မဒီနေ့ဝယ်စားရမှာမို့ အတူမစားလိုက်တော့ဘူး ကိုနေသန့်.. ဒီမှာလည်း မပြတ်သေးတာနဲ့လေ..”

“မင်းကိုယ်တိုင်ချက်တာလား ထမင်းကိုလေ”

“ဟုတ်.. ကျွန်မက အဆောင်နေတော့ ကိုယ်တိုင်ပဲ ချက်ရတာပေါ့ ကိုနေသန့်ရယ်.. မိဘတွေက နယ်မှာကို”

“သြော.. တော်လိုက်တာဗျာ.. ကိုယ်လည်း ဘန်ကောက်မှာနေတုန်းက တစ်ယောက်တည်းကွ.. နေရတဲ့ ဘ၀ကို ကိုယ်နားလည်ပါတယ်.. ဒီလိုလုပ်လေ.. ကိုယ်လည်းမစားရသေးဘူး.. ကိုယ်နဲ့လိုက်စားပေါ့.. အောက်မှာ ကိုယ်စားနေကျဆိုင်ရှိပါတယ်.. ကိုယ်ကျွေးမှာပါ”

အလဲ့.. ကိုကြီးကျယ်က ကျွန်မကို နေ့လည်စာကျွေးမယ်ဆိုပါလား။ ဒီလိုဆိုတော့လည်း ဘယ်ဆိုးလို့လည်းကွယ်။

“၀ိုးးးးးးး ကျေးဇူး ကိုနေသန့်.. ဒါနဲ့ စကားမစပ် ကိုနေသန့်ရဲ့ ဂျီမေလ်းကို ကျွန်မသိလို့ရလား”

“ရတာပေါ့.. thesun1981@gmail.com”

“၁၉၈၁ မှာမွေးတာလား ကိုနေသန့်.. ဒါဆို ၂၈ လောက်ပဲရှိအုံးမှာပေါ့.. အိုး.. ကျွန်မက ၃၀ ကျော်ပြီထင်တာ”

“အား.. ဒေါ်ထက်မှူးရှိန် မင်း မားကက်တင်းက လာတာမှ ဟုတ်ရဲ့လား.. သူတစ်ပါး နားဝင်ချိုတဲ့စကား ပြောတတ်ပါပေ့ဗျာ”

“အား ဆောရီး ကိုနေသန့်.. ဟီး ဟုတ်သားနော် ကိုနေသန့်က ကျွန်မကို ထမင်းလည်းကျွေးအုံးမှာဆိုတော ကျွန်မမြှောက်ပြောသင့်တာပေါ့.. ဟဲ ဟဲ”

ကျွန်မနဲ့သူ နေ့လည်စာအတူစားကြသည်။ ကိုနေသန့်ဟာ ကျွန်မထင်ထားတာထက် ပိုခင်ဖို့ကောင်းတဲ့ သူတစ်ယောက်ဖြစ်မှန်း ကျွန်မသိရသည်။ ရုံးတွင်းမှာ အိနြေ္ဒနဲ့နေတတ်သည့်သူဟာ အပြင်မှာကျတော့လည်း တစ်ကယ့်လူငယ်တစ်ယောက်လို လွတ်လပ်ပေါ့ပါးနေတတ်ကာ ကျွန်မကိုပင် ရီစရာတွေပြောလိုက်သေးသည်။

ပွဲအတွက် စီစဉ်စရာများကို နှစ်ရက်အတွင်းကျွန်မ ပလန်အပြတ်ဆွဲသည်။ Production Time Line, Event Agenda များကို ကျွန်မကြိုးစားပြီး အကွက်စေ့အောင်လုပ်သည်။ ဒီဇိုင်းအိုင်ဒီယာတွေထုတ်သည်။ ကျွန်မဆွဲထားသော ပလန်လေးကို ကိုနေသန့်ကို ချပြတော့ သူ သဘောကျသည်။ မမိုးကိုသာမက အမ်ဒီကိုလည်းတင်ပြရပါအုံးမည်။ ကျွန်မကိုယ်တိုင် တင်ပြဖို့ သူကပြောတော့ ကျွန်မ မ၀ံ့ရဲပါ။ သူ့ကိုကျော်ကာလုပ်သည်ဟု ထင်မှာကိုလည်း စိုးပြန်ပါသေးသည်။ သူကတော့ ကျွန်မကို အားပေးကာ ကိုယ့်အရည်အချင်းကို လူကြီးတွေကို ချပြရမှ ၀န်ထမ်းကောင်းပီသသည်ဟု ပြောသည်။

“ကျွန်မမှားရင် ကျွန်မကို ဆူမှာပေါ့”

“နိုး.. မင်းရေးတာကို ကျွန်တော်ကြည့်ပြီးပါပြီ.. ကိုယ်လုပ်နိုင်သလို မင်း လုပ်နိုင်တာပဲ.. အမှားပါလဲ ဘာဖြစ်လဲကွာ.. မင်းရဲ့စီနီယာ ကိုယ်တစ်ယောက်လုံးရှိတာပဲ.. ကိုယ်ပြောပေးမှာပေါ့”

“ကျွန်မ လုပ်လိုက်တာတစ်ခုကြောင့် ကိုနေသန့်ကို အဆူခံရတာမျိုး မဖြစ်စေချင်ဘူးလေ”

သူ့နုတ်ခမ်းလေးတွေ ကွေးရုံပြုံးပါသည်။ ကျွန်မကို အားပေးသည့်အပြုံး ဖြစ်ပါသည်။ ထို့နောက် ကျွန်မ လက်ကောက်ဝတ်ကို သူ့လက်ဖ၀ါးများဖြင့် အသာအယာဆုပ်ကိုင်သည်။ ကျွန်မ ပါးလေးတွေ နွေးကနဲ ခံစားလိုက်ရသလိုရှိသည်။ ထို့နောက် ကျွန်မမျက်လုံးတွေကို စိုက်ကြည့်ကာ သူပြောသည်။

“ထက်.. ဘာမှ အားငယ်စရာ စိုးရိမ်စရာမလိုဘူး.. ဒီဌာနမှာ မင်းနဲ့ကိုယ် နှစ်ယောက်ပဲရှိတာ.. မှားလည်း ကိုယ်တို့ခံရမှာပဲ.. မှန်လည်းကိုယ်တို့ ချီးကျူးခံရမှာပဲ.. ကိုယ်က ခေါင်းရှောင်လည်း လုပ်မှာမဟုတ်ဘူး.. ကိုယ့်ဂျူနီယာမှားတဲ့ အမှားဟာ ကိုယ့်အမှားပဲ.. ဒီတော့ မင်းက အခုဒီပလန်ကိုလုပ်တယ်.. ကိုယ်ကစစ်ပေးတယ်.. ဒါကြောင့် ကိုယ့်မှာလည်း တာဝန်ရှိတယ်.. မင်းချည်းပဲမှားတာမဟုတ်ဘူး ကိုယ်တို့ရင်ဆိုင်ကြမယ် ဟုတ်ပြီလား.. မင်း အကောင့်ကနေ အမ်ဒီဆီကို တိုက်ရိုက် ရီပို့တင်ပေးလိုက်ပါ”

ကျွန်မ အင်အားတွေပြည့်လာပါသည်။ သူ့ကိုလည်း ကျေးဇူးတင်စွာ အားကိုးစွာ ပြန်ကြည့်မိသည်။ ကျွန်မကို စကားပြောပြီး သူထွက်သွားသောအခါ ကျွန်မရင်ထဲတွင် အမျိုးအမည်မသိတော့ ခံစားချက်တစ်ခု ပေါက်ဖွားလာသည်။ ကျွန်မ နှလုံးသားကို နုညံ့သောလေပြေညှင်းကလေး ဖြတ်သန်းတိုက်ခိုက်သွားသလို ကြည်နူးမိသည်။ ယောက်ျားလေးအပေါင်းအသင်းတွေနဲ့ နီးနီးကပ်ကပ်နေဖူးတဲ့ ကျွန်မဟာ သူရဲ့ အားပေးတဲ့ လက်ကိုင်မှုလေးတစ်ခုကြောင့် ဒီလိုခံစားသွားရတာကတော့ မဖြစ်နိုင်ပါ။ သူ့ရဲ့ အကြည့်ကြောင့်လား.. သူ့ရဲ့ အားပေးအပြုံးကြောင့်လား..။ အို မသိဘူးကွယ်.. လောလောဆယ် ကျွန်မလုပ်ထားတာတွေ အမ်ဒီဆီရောက်ဖို့က အရေးကြီးပါသည်။ ကျွန်မ Intranet လေးကိုဖွင့်ကာ အမ်ဒီနှင့် မမိုးကို to တွင်ထားပြီး ကိုနေသန့်ကို cc လုပ်ကာ ဖိုင်လ်ကို တင်ပြပေးလိုက်ပါတော့သည်။

(ဆက်ရန်)

13 responses »

  1. အင်း …ရိုမီယိုနေသန့်ပေါ့နော်..နောက်တစ်ပိုင်း မြန်မြန်ရေးပါဗျိုး

  2. အဲ..နာ့ကို ဆန့်တငင်ငင်ထားခဲ့ပြန်ပေါ့..ပိုးဂင့် အစုတ်ပလုတ်တုတ်..
    မြန်မြန်ရေးပြီးတင်ချင်တင် မတင်ရင်ဖုန်းဆက်ပြီးတော့ မေးမှာနော်…:P

  3. တော်တော်ကောင်းပါလားကွ..ဟမ်..ပင့်ကူ တော်လယ်..နာနဲ့တူလို့ဖြစ်မယ်..ဟိဟိ
    ဆက်ရေးမြန်န်

  4. အမရေ .. ဆက်ရေးပါဗျို့ .. မြန်မြန် ..
    စောင့်မျှော်နေပါ၏ ..

  5. ကိုယ့်မမကို ဝေဖန်လေကန်လိုက်အုံးမယ်.. မီးမီးလေးက Why လုပ်တာကို မာမီက ဘာလို့ Because ပြန်မလုပ်ရတာတုန်း.. အဲ့ဒီ အစလေး သိပ်မကြိုက်ဘူး.. ကျန်တာအားလုံး ဂွတ်ရှယ်.. ရဲဘော် ဆက်လုပ်..😛

  6. ဆက်ရေးထက်ရေ ဖတ်လို့ကောင်းလိုက်တာ…တအားပဲ…

  7. ထက်ရေ… ဖတ်ကောင်းကောင်းနဲ့ ဖတ်နေလိုက်တာ ဆက်ရန်… ဆိုတော့မှပဲ အရှိန်ကုန်သွားတော့တယ်… ဟီးးး

    မြန်မြန်လေးနော်…

  8. ဖတ်လို့ အရမ်းကောင်းတယ်။ ဒုတိယပိုင်း သွားမဖတ်ခင် အရင် ကောမန့် ရေးလိုက်တာ။ လုပ်ငန်းခွင်ထဲ marketing & promotion အကြောင်းကို ဇာတ်လမ်းထဲ ထဲထဲဝင်ဝင် ရေးထားတာကို သဘောကျမိတယ်။🙂

  9. ဖတ်လို့ကောင်းပါတယ် အရေးကောင်းမှ မီးကပျက်သွားတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s