My Romeo (2)

Standard

**** (5)****

ကျွန်မတို့၏ ပြခန်းမှာ Media Conference ပြုလုပ်နေစဉ်ကာလာအတွင်း တစ်ကယ်ကိုအောင်မြင်ခဲ့ပါသည်။ ကိုနေသန့်ကတော့ “ထက်မှူးရှိန်” လုပ်တာလေ.. သူ လုပ်တာပေါ့.. ဟု ရုံးတွင်းမှ ၀န်ထမ်းများကို ထုတ်ဖော်ပြောနေပါသည်။ ကျွန်မတို့ စီးပွားရေးအရရော၊ Image အရပါ အခွင့်အလမ်းသစ်များပေါ်ပေါက်ခဲ့ပါသည်။ ပွဲပြီးသွားသောအခါ MD မှ ကျွန်မတို့နှစ်ယောက်ကို ဂုဏ်ပြုပေးသည်။ ကျွန်မ တစ်ကယ်ကိုပျော်မိပါသည်။ မားကက်တင်းတွင် လုပ်ခဲ့စဉ်ကကဲ့သို့ ကြော်ငြာအရေအတွက် များများဝင်လျှင်ပျော်သည့် အပျော်မျိုးဖြင့်ကို ပျော်ပါသည်။

“ကဲ.. မင်းလုပ်နိုင်တယ်ဆိုတာ တွေ့ပြီလား”

“ကြက်ကန်းဆန်အိုးတိုးသွားတာကော မဖြစ်နိုင်ဘူးလား”

“ကဲ.. ပြောပြန်ပြီ.. ကြက်ကန်းက အစီအစဉ်မရှိပဲ ဆန်အိုးကိုတိုက်မိတာ.. မင်းက သေချာစီစဉ်ပြီးလုပ်တာ.. ဘာဆိုင်လို့လဲ”

“အင်းပါ ပျော်ပါတယ်ရှင့်”

“ဒါပေါ့ ပျော်ရမှာပေါ့.. မင်းလုပ်တာပဲလေ.. မင်းပျော်သင့်တာပေါ့.. ဒီတော့မှတ်ထား ထက်မှူးရှိန်. လူတိုင်းမှာ လုပ်နိုင်တဲ့ အစွမ်းအစရှိတယ်.. ဒီ အစွမ်းတွေကို ရဲရဲကြီးဖော်ထုတ်ပြရမယ်.. မှားမှာကို ကြောက်စရာမလိုဘူး.. လုပ်ရဲဖို့လိုတယ်.. မှားနေရင် မင်းကိုတည့်ပေးမယ့်သူတွေရှိတယ်.. မင်း ဒီထက်မက အလုပ်တွေလုပ်နိုင်ဖို့ ကိုယ်မျှော်လင့်ပါတယ်”

ကျေးဇူးပါ.. ကိုနေသန့်ရယ်။ တစ်ကယ်ကို ကျေးဇူးပါ။ ရှင့်ရဲ့အားပေးစကားတွေဟာ ကျွန်မအတွက် ခွန်အားတွေပါ။ ရှင်နဲ့ ကျွန်မ နှစ်ယောက်တည်းလုပ်နေတဲ့ ဒီအလုပ်တွေမှာ ကိုယ့်စီနီယာဖြစ်တဲ့ ရှင်ကသာ အားမပေးခဲ့ရင် ကျွန်မဘယ်လို သတ္တိမျိုးတွေနဲ့ ရှေ့ဆက်အလုပ်လုပ်နိုင်မှာလဲ။ ရှင့် ရဲ့ ခေါင်းဆောင်စိတ်ဓါတ်ကိုလည်း ကျွန်မလေးစားပါတယ်။ ကျွန်မယုံကြည်ပါတယ်.. ဘယ်လောက်အလုပ်များများ.. ဘယ်လောက်ပဲ ပင်ပန်း ပင်ပန်း ရှင့်ရဲ့ လမ်းညွှန်မှုတွေ၊ အားပေးစကားတွေနဲ့ ကျွန်မ အရာရာကို ရင်ဆိုင်နိုင်မှာပါ။ ဒီအပြောင်းအရွှေ့ဟာ ကျွန်မအတွက်တော့ တစ်ကယ့်ကို မှန်ကန်တဲ့ အပြောင်းအရွှေ့တစ်ခုပါပဲ။

လူတစ်ယောက်အောင်မြင်လာရင် ၀ိုင်းဝန်းချီးမြှောက်မယ့်သူတွေ ရှိသလို.. ကဲ့ရဲ့ရှုတ်ချမယ့်သူတွေလည်း တစ်ပုံကြီးပေါ်လာတတ်တယ် ဆိုသည့်စကားဟာ တစ်ကယ်ကို မှန်ကန်ပါသည်။ ရုံးတွင်းမှာလည်း ကျွန်မကို ဘ၀င်လေဟပ်နေတယ် ဟု ပြောသည့်သူများလည်း မနည်းမနောပေါ်ပေါက်လာခဲ့ပါသည်။ “နေသန့်ကို ကပ်နေတာလေ.. နေသန့်နားရှိရင် မျက်နှာကတစ်မျိုး.. ငါတို့နဲ့ စကားပြောရင် မျက်နှာကတစ်မျိုး” လို့ မနာလိုစိတ်ရှိသော သူများကပြောကြသည်။ ကျွန်မ စိတ်ညစ်လားဆိုတော့.. စိတ်ညစ်တာပေါ့။ ကျွန်မနဲ့ ကိုနေသန့်ဟာ ခုချိန်ထိ အရိုးသားဆုံး.. ဆက်ဆံခဲ့ကြဖြစ်သလို အလုပ်ကိစ္စထက်ပိုသော ပတ်သက်မှုမရှိကြောင်းကို ကျွန်မလိပ်ပြာလုံလုံပြောရဲပါသည်။ တစ်ခါတစ်ရံ ကိုယ့်နားနဲ့ ဆတ်ဆတ်ကြားရသည့်အခါမျိုးတွင်၊ “ထက်တို့များ.. အခန်းထဲကကို မထွက်ဘူးနော်.. အလုပ်ပဲများနေတာလား.. အနားမှာရှိစေချင်တဲ့သူနဲ့ ရှိနေရလို့များလား” ဆိုသော ခနဲ့စကားများ ကြားရသည့်အခါမျိုးတွင် အလုပ်လုပ်ချင်စိတ် မရှိလောက်အောင်ကို စိတ်ကုန်မိပါသည်။ ပတ်ဝန်းကျင်ဆိုတဲ့အရာကြီးဟာ၊ ပတ်ဝန်းကျင်ရဲ့စကားတွေဟာ လူတစ်ယောက်ရဲ့စိတ်ကို အတိုင်းအတာတစ်ခုထိတော့ ယိုင်နဲ့စေခဲ့တတ်တာပါပဲ။ ဒီလိုအပြောမျိုးကို ကိုနေသန့်လည်း ကြားချင်ကြားပါလိမ့်မည်။ သူလည်း ကျွန်မကဲ့သို့ စိတ်ကုန်ခြင်း၊ စိတ်ပျက်ခြင်းများ ကြုံချင်ကြုံပါလိမ့်မည်။ ကျွန်မသတိထားမိသလောက်တော့ ကိုနေသန့်သည် ထိုကိစ္စအတွက်နဲ့ အလုပ်ကိုထိခိုက်တာမျိုး မဖြစ်ခဲ့သလို၊ ကျွန်မကို သတိထားဆက်ဆံခဲ့တာမျိုးလည်း မပေါ်ပေါက်ခဲ့ပါ။ ကျွန်မကို ပုံမှန်အတိုင်းသာ အလုပ်တွေခိုင်းရင်း ဖြူစင်ရင်းနှီးစွာ ဆက်ဆံနေခဲ့သည့်အတွက် ကျွန်မကိုယ်တိုင်လည်း ဘေးစကားများကို လျစ်လျူရှုနိုင်ဖို့ အင်အားများ ဖြစ်စေခဲ့ပါသည်။ သို့သော် ထိုရက်ပိုင်းအတွင်းတွင် ကျွန်မ၏ မသိစိတ်အတွင်းမှလည်း သူနဲ့အလုပ်လုပ်ရသည်ကို မက်မောကြည်နူးလာခဲ့သလို ကိုနေသန့်တစ်ယောက်လည်း ကျွန်မအပေါ်တွင် အခေါ်အဝေါ်များ မသိမသာပြောင်းလဲ လာခဲ့ပါသည်။

“ထက်ရေ.. ကိုယ်တို့ အလုပ်သစ်တစ်ခုရတယ်ကွ.. မီဒီယာပွဲမှာ ဝေခဲ့တဲ့ flyer တွေကနေ တစ်ဆင့်ဆက်သွယ်လာတာ”

“ဟုတ်.. ဘာများလဲ ကိုနေသန့်”

“ပညာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုအတွက် ကိုယ်တို့ Flyer တွေထုတ်ပေးရမယ်.. သူတို့က ဒီဇိုင်းပိုင်းကိုလည်း ဒီကိုပဲ အပ်ထားတယ်. ဒါကြောင့် အစအဆုံးလုပ်ပေးရမယ်.. ဒေါ်ရွှေထက်လေး.. အလုပ်များဖို့သာ ပြင်ပေတော့..”

“အံမယ်… ထက်က အလုပ်များတာကို ပျော်နေတတ်တဲ့သူပါနော်”

“အင်းပါ.. မင်းအလုပ်ကို စိတ်နှစ်ပြီး လုပ်တတ်တာ ကိုယ်သိတာပေါ့ကွ.. သြော.. ပြီးတော့ပြောရအုံးမယ်.. ကိုယ်အခု Event Marketing တစ်ခုလုပ်ခွင့်ရဖို့ အသဲအသန်ကြိုးစားနေတယ်.. အဲ့ဒါက Cosmetic Company တစ်ခုပေါ့”

“ဟုတ်.. ထက်လည်း မသိလိုက်ရပါလား.. အကိုတစ်ယောက်တည်းချည်းပဲ မလုပ်နဲ့လေ.. Information Sharing လုပ်တယ်ဆိုပေမယ့်.. အခုထက်က လုပ်တော့မယ်ဟေ့ဆိုမှ သိရသလိုဖြစ်နေတယ်.. အကိုနဲ့ တူတူ အစကနေ အဆုံးထိ လိုက်လုပ်ချင်တာပေါ့”

“အင်း.. ကိုယ်က မင်းလိုက်မမီမှာ စိုးလို့ပါ.. နောက်တော့ တူတူလုပ်ကြတာပေါ့.. သြော.. ဒီကြားထဲ ခရီးထွက်ရအုံးမယ်.. မန္တလေးကိုလေ.. ရုံးခွဲဖွင့်ဖို့ကိစ္စနဲ့.. ၀န်ထမ်းခေါ်ဖို့ ကိစ္စကို သွားလုပ်ရမှာ.. ကိုယ်ရယ်.. အမ်ဒီရယ်.. မမိုးရယ်.. သုံးယောက်သွားဖြစ်မယ်”

“ဟားးးး ဒါဆို Flyer တွေ ထုတ်ဖို့က ထက် တစ်ယောက်တည်းလုပ်ရမှာပေါ့ ဟုတ်လား”

“ကိုယ် အစ အဆုံး စီစဉ်ပေးခဲ့မှာပါ.. ထက်က နောက်ကနေ လိုက် check ပေး ရုံပဲ.. ဒီဇိုင်းပြီးမယ့်ရက်.. ပုံနှိပ်တိုက်ကို အပ်မယ့်ရက်.. Client ကိုပေးမယ့်ရက်.. ဒါတွေကိုလိုက်စစ်ပေး ဟုတ်ပြီလား.. ကိုယ်တို့ Wednesday သွားမယ်.. Monday မှာရုံးပြန်တက်မယ်…”

“ဟုတ်.. အကို မသွားခင်တော့ အကုန်လုပ်ပေးသွားနော်..”

“အိုကေဗျား.. ကျုပ် ဂျူနီယာက ကျူပ်ကိုပြန်ခိုင်းနေပါလားဗျာ.. ဟား ဟား ဟား”

သူမန္တလေးကို သွားနေသောရက်များသည် ကျွန်မအတွက်တော့ အလုပ်လုပ်ရသည်မှာ ပျင်းခြောက်ခြောက်နိုင်လှသည်။ ပိုင်ရှင်မဲ့နေသော သူ့အလုပ်စားပွဲကို တစ်ခါမှ မသွားဖူး၊ မထိဖူးသော်လည်း သူမရှိသောနေ့ရက်များတွင် စိတ်လိုလက်ရ သန့်ရှင်းရေး လုပ်ပေးမိသည်။ သူများသိလျှင် ကျွန်မကိုအပြစ်ပြောလိမ့်မည်လား။ စာရွက်စာတမ်းတွေကို နေရာတကျပြန်စီ၊ မော်နီတာကို ဖုန်သုတ်ပေးရင်း သူ့စားပွဲထက်တွင် ထောင်ထားသော သူ့ဓါတ်ပုံလေးကို တစ်သသကြည့်နေမိသည်။ အိုးးးးးးးးး ဘာဆိုင်လို့လဲ.. ကျွန်မဘာလို့ ဒီလိုဖြစ်နေရတာလဲ။ ထက်မှူးရှိန်ရေ.. သူက နင့်ဆရာ.. နင့်စီနီယာ.. မကောင်းတဲ့စိတ်တွေ မ၀င်ရဘူးနော်ဟု ကိုယ့်စိတ်ကို ပြန်ပြန်ထိန်းရသည်။ ရုံးတွင်းမှ အပျိုကြီးမမများက “ထက်မှူးရှိန် တစ်ယောက်တော့ အလုပ်လုပ်ရတာ အထီးကျန်နေတယ် ထင်ပါရဲ့” ဟု ခနဲ့သလိုလို ရွဲ့သလိုလို ပြောသည့်စကားများကိုလည်း “ဘာလဲ အမတို့က မနာလိုဖြစ်နေတာလား” ဟု ခပ်ဆတ်ဆတ်မေးကာ ပြန်လည်တုန့်ပြန်တတ်ခဲ့ပြီ။ တစ်ရက်တစ်လေတွင် ကျွန်မ သူ့ Name Card လေးကို ကိုင်ကြည့်မိသည်.. Nay Thant ၊ Business Development Executive ဆိုသောစာလုံးများက ကျွန်မကို အားငယ်စိတ်တွေ ဖြစ်ပေါ်စေပြန်ပါသည်။ သူက.. နိုင်ငံခြားတက္ကသိုလ်ကနေ အမ်ဘီအေ ဘွဲ့ရလာတဲ့သူ၊ မိသားစု အသိုင်းအ၀ိုင်းတွေလည်း တောင့်တင်းချင် တင်းမှာပေါ့။ Marketing Assistant တစ်ယောက်သာဖြစ်သော.. မြန်မာနိုင်ငံက မဖြစ်စလောက်ဘွဲ့လေးတစ်ခုကို ရထားသော၊ အလယ်အလတ်တန်းစားထက် အနည်းငယ်နိမ့်သော မိသားစုမှ ပေါက်ဖွားလာသည့် ကျွန်မနဲ့ ပြန်လည်းနှိုင်းယှဉ်ကြည့်မိပြန်ပါသည်။ အိုးးး ကိုနေသန့်ရယ်.. ရှင်ဟာ ကျွန်မထက် အစစ အရာရာ သာလွန်းနေပါလားကွယ်။ သူနဲ့ အလုပ်လုပ်ရသည်ကို ရင်ခုန်နေမိသည်ဆိုလျှင်တောင် ကျွန်မ အတတ်နိုင်ဆုံး ထိမ်းချုပ်ရပါလိမ့်မည်။ ဒီအသက်ဒီအရွယ်ကို ရောက်နေတဲ့ ယောက်ျားတစ်ယောက်ဟာ ရည်ရွယ်ထားတဲ့သူလည်း ရှိနေနိုင်တာပါပဲ။ ဟုတ်တာပေါ့.. သူ့မှာ သေချာပေါက် ချစ်သူရှိမှာပါ။ နိုင်ငံခြားမှာ ကျောင်းတက်နေတာလည်း ဖြစ်နေနိုင်တာပါပဲ။ ကျွန်မကို Guide Line များပေးတတ်တာ၊ အလုပ်ကိစ္စများကို နည်းလမ်းမှန်မှန် လမ်းညွှန်ပေးတတ်တာ၊ တစ်ဌာနတည်း လုပ်နေသူအချင်းချင်း ဖေးမတတ်တာတွေကို ကျွန်မဘက်က မှားယွင်းစွာ ရင်ခုန်မိလျှင်တော့ ကျွန်မအပြစ်သာ ဖြစ်ပေလိမ့်မည်။ အကိုတစ်ယောက်ထက်ပိုသော၊ စီနီယာတစ်ယောက်ထက်ပိုသော သံယောဇဉ်များ မတွယ်မိစေရန်.. ကျွန်မကိုယ် ကျွန်မသာ သတိထားရပါလိမ့်မည်။ သူခိုင်းခဲ့သောအလုပ်များကိုလည်း ကျွန်မစေ့စပ်သေချာအောင်၊ အမှားကင်းအောင် တတ်နိုင်သလောက် လုပ်သည်။ ဒါမှသာ သူပြန်လာရင် ကျွန်မကိုချီးကျူးမှာ မဟုတ်လား။ သူ၏ ချီးကျူးစကားများ၊ အားပေးစကားများသည် ကျွန်မကို စွမ်းအားတွေပြည့်စေတတ်ပါသည်။

**** 6 ****

ညက လရောင်ကြောင့် အေးမြနေသည်။ ညည့်နက်ပြီဖြစ်သောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ကာ တိရစ္ဆာန်လေးများ၏ အော်မြည်သံများကိုသာ ကြားနေရသည်။ လေပြည်ကလေးက သွေးသွေးနဲ့ ကြယ်တာရာများ ထွန်းလင်းသောညသည် သဘာဝတရား၏ လှပမှုကို အပြည့်အ၀ဖော်ပြပေးနေသည်။ ပြူတင်းတံခါးမှနေ၍ အပြင်ဘက်ကို ငေးနေသော ကျွန်မ ည၏ အေးမြမှုအရသာကို ခံစားရင်း ရင်ထဲမယ်လည်း ဆွေးမြေ့သလိုခံစားနေရသည်။ တစ်ကယ်တော့ ကျွန်မ၏ မသိစိတ်မှ တစ်ယောက်ယောက်ရောက်လာမည်ကို သိသောကြောင့် မျှော်လင့်နေခြင်းလည်း ဖြစ်ပါသည်။ ပြူတင်းပေါက်မှ၍ အောက်ဘက်ကို ငုံ့ကြည့်လိုက်မိသည်။ လရောင်သည် သစ်ရွက် သစ်ခက်များကို ရွှေရည်လူးနေသည်။ အရွက်ဖားဖားသစ်ပင်ကြီးများကြောင့် မှောင်ရိပ်သန်းကာ အောက်ဘက်ကို ကောင်းကောင်းမမြင်ရ။ တစ်ယောက်ယောက်၏ လှုပ်ရှားမှုဟု ထင်ရသော အရိပ်အယောင်ကိုတော့ လှစ်ခနြဲမင်လိုက်ရသလိုရှိသည်။ သေချာအောင်ထပ်ပြီး စူးစိုက်ကြည့်မိတော့ ဘာကိုမှ မတွေ့ရပြန်။ ပြူတင်းတံခါးဘေးနံရံမှ လှုပ်ရှားသံတစ်ခုကို ကျွန်မ သတိထားလိုက်မိသည်။ လန့်ဖျတ်ကာ ကျွန်မကြည့်မိတော့ နံရံကိုတွယ်တာလာသော အမျိုးသားတစ်ယောက်.. ကျွန်မရှိရာ ပြူတင်းပေါက်နားသို့ပင် ရောက်လုနီးပြီ.. ။ ကျွန်မ ထိတ်ခနဲဖြစ်ကာ ကြောက်ရွံ့သွားမိသည်။ သို့သော် ကျွန်မ၏ ခန္ဒာကိုယ်ကတော့ လက်ရှိရပ်နေရာ နေရာမှ နည်းနည်းမှ မရွေ့လျားမိ။ ထိုစဉ်.. ထိုအမျိုးသားက ကျွန်မအနီးကို တစ်ဖြည်းဖြည်းရောက်လာကာ.. ကျွန်မလက်ကို ဖျတ်ခနဲ ဆွဲကိုင်လိုက်သည်။ ကျွန်မ ရုန်းထွက်ဖို့သတိမရပဲ မှင်သက်ကာ သူ့ကိုငေးကြည့်မိသည်။ “ကိုယ်မင်းကို သိပ်ချစ်တယ် အချစ်ရယ်.. ဒါကြောင့် ကိုယ်မင်းဆီကို အသက်စွန့်ပြီး လာခဲ့တာပေါ့” ဟု သူကပြောသည်။ အံ့အားတစ်ကြီးဖြင့် ကျွန်မကြည့်မိတော့.. သူ့ရုပ်သွင်ကြောင့် ပိုမိုမှင်သက်သွားရသည်။ ဘုရားရေ.. ကိုနေသန့်ပါလား။

“ချလွမ်း… ဂွမ်း”

အသံများကြောင့် အိပ်မက်မှ ကျွန်မလန့်နိုးလာခဲ့သည်။ နောက်ဖေးမီးဖိုချောင်မှ ထမင်းချက်နေသော ကျွန်မ သူငယ်ချင်း၏ ပန်းကန်ပြား လွတ်ကျသံဖြစ်သည်။ နာရီကိုကြည့်မိတော့ ခုနစ်နာရီခွဲ။ သေစမ်း…………. ရုံးသွားဖို့ အချိန်တော်တော်နောက်ကျနေပြီ။ ကျွန်မရုံးက ရှစ်နာရီခွဲအမီ တက်ရသောကြောင့် ရှစ်နာရီထိုးရန် ဆယ့်ငါးမိနစ်လောက် အလိုမှ အိမ်ကထွက်မှ အချိန်မီသည်။ ခုတော့ ခုနစ်နာရီခွဲပြီ.. မနေ့ညက အတွေးလွန်သွားပြီး တော်တော်နဲ့ အိပ်မပျော်သည့်အပြင် မနက်ရောက်တော့ အိပ်မက်ကလည်း မက်လိုက်သေးသည်။ မက်မယ်မက်တော့လည်း ရှက်စရာတွေ။ ပြန်တွေးကြည့်လိုက်တော့ ကျွန်မရှက်စိတ်ကြောင့် ရင်ခုန်ရှိန်းဖိန်းသွားသည်။ သို့သော် အချိန်ကြာကြာ ကြည်နူးချိန်မရပါ.. ရုံးသွားရန်အမြန်ဆုံး ပြင်ဆင်ရပါတော့သည်။ သည်နေ့ တနင်္လာနေ့ဖြစ်သောကြောင့် ကိုနေသန့်လည်း မန္တလေးမှ ပြန်ရောက်လာပြီး ရုံးတက်ပါလိမ့်မည်။ သူ့အတွက် ရီပို့တွေ ပြင်ဆင်ရမှာမို့ ကျွန်မနောက်ကျ၍ ဘယ်လိုမှ မဖြစ်ပါ။ ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့ ရေချိုး.. အ၀တ်အစားလဲပြီး အိမ်ကထွက်တော့ ရှစ်နာရီအတိ။ ကျွန်မရုံးကိုရောက်တော့ ဆယ်မိနစ်ခန့် နောက်ကျနေပြီ။ ကျွန်မ စိုးစိုးထိတ်ထိတ်ဖြင့် အခန်းထဲဝင်လိုက်သည်။

“နောက်ကျလိုက်တာ”

အိပ်မက် မက်နေလို့ ဟု ကျွန်မ ပြောလို့ဘယ်ဖြစ်ပါ့မလဲနော်။ အကြောင်းတစ်ခုခုပြမှ သင့်တော်ပါလိမ့်မည်။ လက်ခံလွယ်သော White Lie တစ်ခုကို ကျွန်မ ပြောလိုက်ရသည်။

“ဘတ်စ်ကားတွေ အရမ်းကြပ်နေလို့.. ပြီးတော့ မီးပွိုင့်မှာလည်း ကြာနေလို့ပါ”

“ထားပါတော့.. နောက်တစ်ခါ နောက်မကျပါစေနဲ့.. ကိုယ်ခိုင်းထားတဲ့ အလုပ်တွေ ပြီးလား.. အဆင်ပြေလား”
“ဟုတ်.. အကုန်အဆင်ပြေပါတယ်ရှင့်.. အခြေအနေတွေကို ကျွန်မ ရီပို့တင်ပါ့မယ်”

“တစ်ကယ်ဆို.. ကိုယ်ရုံးရောက်လို့ ကွန်ပျူတာဖွင့် မေလ်းစစ်တာနဲ့ မင်းရီပို့ကို အသင့်တွေ့နေပြီးသား ဖြစ်ရမှာ”

“ဟုတ်.. ကျွန်မမှားသွားပါတယ် ကိုနေသန့် နောက်တစ်ခါ မဖြစ်စေရပါဘူးရှင့်.. သောကြာနေ့ကလည်း ပို့နေတုန်း မီးပြတ်လို့ စက်ကျသွားတာနဲ့ ထပ်မပို့ဖြစ်ခဲ့ဘူး”

“နောက်တစ်ခါဆိုတာ ကိုယ်မကြားချင်တော့ဘူး.. အခုချက်ချင်း ပြင်ဆင်ပါ”

အမလေးလေး.. ကျွန်မတော့ ရောက်ရောက်ချင်းကို ဆောက်နဲ့ထွင်းခံရတော့တာပါပဲ။ အိပ်မက်ထဲက ကိုနေသန့်နဲ့များ ကွာလိုက်တာနော်။ ကျွန်မ အလုပ်နဲ့ဆိုင်တဲ့ ရီပို့တွေကို ချက်ချင်းပြင်ဆင်ပြီး မေလ်းပို့လိုက်သည်။ ထို့နောက် hard copy များထုတ်.. ဖိုင်လ်တွဲကာ သူ့စားပွဲထက်တွင် သွားတင်ထားလိုက်သည်။ သူ့စားပွဲကို ကျွန်မရှင်းထားတာ သတိမမူမိသေးဘူး ထင်ပါရဲ့။ ဒါကြောင့် ဘာသံမှမကြားရသေးတာ ဖြစ်ပါလိမ့်မည်။ သူ့မျက်နှာ ခပ်တည်တည်ကို ခိုးကြည့်မိရင်း “ကိုယ်မင်းကို သိပ်ချစ်တယ် အချစ်ရယ်.. ဒါကြောင့် အသက်စွန့်လာခဲ့တာပေါ့” ဟုအိပ်မက်ထဲကမှ မျက်နှာငယ်လေးနဲ့ ပြောခဲ့သောစကားများကို သတိရမိကာ ပြုံးစိစိပင်ဖြစ်သွားရတော့သည်။ ရိုမီယိုက ဂျူးလိယက်ဆီကို ရောက်လာတဲ့ အတိုင်းပါပဲလား..။

“ဘာတွေ ပြုံးနေတာတုန်း.. ဒီနေ့ နောက်ကျတဲ့အတွက် မင်းကို အပြစ်ပေးရမယ်”

“ရှင်… ဟုတ်.. အပြစ်ပေးမယ်ဆိုလည်း ကျွန်မခံယူရမှာပေါ့လေ”

“ကိုယ်မန္တလေးမသွားခင်တုန်းက Event Marketing တစ်ခုလုပ်ခွင့်ရဖို့အတွက် လိုက်နေတယ်လို့ မင်းကိုပြောခဲ့ဖူးတယ်နော်.. အဲ့ဒါ ဒီနေ့ Appointment ရှိတယ်.. မင်းတစ်ယောက်တည်း သွားတွေ့ပါ.. ကိုယ်မလာဘူးလား မေးရင် ကြည့်ဖြေလိုက်ပေါ့.. မင်း ရအောင်လိုက်ခဲ့ရမယ်..”

“သြော်. ကိုနေသန့်ရယ် ဒါကအပြစ်မှမဟုတ်တာ Marketing ဆင်းတာ ကျွန်မလုပ်နေကျပဲဟာ.. ကျွန်မကို အဲ့ဒါနဲ့ပတ်သက်ပြီး.. ဘာတွေလုပ်ရမလဲဆိုတာ သင်ပေးလိုက်လေ.. ကျွန်မရအောင် ပြောမှာပေါ့”

“အေး.. အဲ့ဒါပဲပေါ့.. ကိုယ်မပြောဘူး.. မင်း ကိုယ်တိုင် တတ်နိုင်သလောက် ကြိုးစားပြီးပြောခဲ့”

“အား… ကိုနေသန့်… အဲ့လိုလုပ်လို့ မကောင်းဘူးထင်တယ်နော်.. ကျွန်မပြောတာ တစ်ခုခုမှားသွားခဲ့ရင် ကိုနေသန့်ရော ကျွန်မရော Company ရော အရှက်ကွဲမှာပေါ့”

“အရှက်မကွဲအောင် မင်းကြိုးစားပေါ့ကွ”

အား.. ဒီလူကြီးတော့ ညစ်နေပြီထင်တယ်။ ကျွန်မကို တမင်ချောက်ချဖို့ ကြိုးစားတာများလား.. Event Marketing မှာ ဘာတွေလုပ်ရမယ်ဆိုတာ ကျွန်မတစ်ခါမှ မလေ့လာဖူးပါ။ သူ့မျက်နှာကြည့်ပြန်တော့လည်း ပြုံးစိစိနဲ့ မကောင်းတဲ့ အရိပ်အယောင်ကို မတွေ့ရ။ ကျွန်မကို တမင်လုပ်နေတာတော့ သေချာနေပါပြီ။ သြော် ယောက်ျားတွေလည်း ညစ်တတ်တာပါပဲလားနော်။ ကျွန်မအထင်ကြီးလေးစားသည့် ယောက်ျားတစ်ယောက်တောင် သူ့ထက်ငယ်သည့် သူ့လက်အောက်မှ မိန်းကလေးတစ်ယောက်ကို ဒီလိုလုပ်ရင် တစ်ခြားယောက်ျားတွေလည်း ဒီလိုပဲ ဖြစ်နေမှာပါလေဟု မဆီမဆိုင်တွေးမိသေးသည်။ ဒီပွဲမှာ ကျွန်မရှုံးလို့မဖြစ်ပါ။ အတတ်နိုင်ဆုံး အစွမ်းပြနိုင်အောင် ကြိုးစားရပါမည်။ ကျွန်မကို အထင်သေးသည့် ယောက်ျား အံ့အားသင့်သွားအောင်ကို လုပ်ပြနိုင်မှ တော်ကာကျပါလိမ့်မည်။ သူမပြောလဲ ဘာအရေးလဲ။ Appointment မသွားခင် အင်တာနက်ပေါ်မှာ အချက်အလက်တွေ ရှာဖွေလို့ရနိုင်တာပဲ။ ကျွန်မသူ့အနားမှ စူစူပုပ်ပုပ်ထွက်လာခဲ့မိသည်ထင်သည်။

ရနိုင်သမျှ အချက်အလက်တွေကို စုပြီး ကျွန်မ ချိန်းဆိုထားသော Company သို့ထွက်လာခဲ့လိုက်တော့သည်။ Client များကို ပါးနပ်စွာကိုင်တွယ်နေကျဖြစ်သော ကျွန်အတွက် အသစ်တစ်ယောက်နဲ့ ဆုံတွေ့ရခြင်းသည် ဘယ်လိုမှ စိတ်လှုပ်ရှားစရာ မကောင်းပါ။ သို့သော် ကိုယ်မကျွမ်းကျင်သေးသည့်အလုပ်ကိစ္စတစ်ခုအတွက် လာရောက်တွေ့ဆုံရသည့်အခါ အနည်းငယ်တော့ ထိတ်လန့်မိပါသည်။ ကျွန်မလုပ်နိုင်မှ ဖြစ်မည်ဟူသော စိတ်ကလည်းရှိသောကြောင့် စိုးရိမ်စိတ်ကလည်း ရှိနေပါသည်။ ကျွန်မစိတ်ကို ငြိမ်အောင်ထားပြီး Korea Cosmetic Company မှ Product Manager ဆိုသူနဲ့ တွေ့ဆုံလိုက်ပါသည်။ သူမေးသည့်မေးခွန်တွေကို အရင်ဆုံးဖြေသည်။ သူလုပ်ချင်သည့်ပုံစံကို အတတ်နိုင်ဆုံး မျက်လုံးထဲ မြင်အောင်ကြိုးစားသည်။ ကျွန်မတို့ လုပ်ငန်းသစ်အကြောင်းကို မိတ်ဆက်တင်ပြသည်။ Advertising Media တစ်ခုအဖြစ် စတင်လုပ်ဆောင်သည့်အကြောင်းပါ တစ်ပါတည်းပြောသည်။ သူမေးသမျှ ရစ်သမျှကို အတတ်နိုင်ဆုံး အဆင်ပြေပြေဖြေနိုင်ဖို့ ပြင်ဆင်ပါသည်။

“ကျွန်မတို့မှာ အိုင်ဒီယာ အသစ်တွေ အများကြီးရှိနေပါတယ်.. အကိုတို့လုပ်ချင်တဲ့ ပုံစံနဲ့ ကျွန်မတို့ အိုင်ဒီယာတွေ ပေါင်းစပ်ပြီး အခမ်းနားဆုံး လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်”

“တစ်ခြား မီဒီယာတွေလည်း အများကြီးရှိပါတယ်.. ဘယ်သူနဲ့လုပ်မယ်ဆိုတာ အကိုတို့ရဲ့ ရွေးချယ်ပိုင်ခွင့်ပါ.. အကိုလည်း သူတို့တွေ တာဝန်ယူလုပ်နေတဲ့ ပွဲတွေကို တက်ဖူးမှာပါ.. ပုံစံတွေကို မြင်ဖူးမှာပါ.. လုပ်နေကျ Company တွေရဲ့ လုပ်နေကျပုံစံတွေဟာ ကိုယ့်ရဲ့ Target Customer တွေဆီကို သမားရိုးကျ ပုံစံနဲ့ပဲ ရောက်သွားနိုင်ပါတယ်”

“ကျွန်မတို့ Service Fees ကိုလည်း သူများတွေထက် လျှော့ယူထားပါတယ်.. လက်ရှိမှာ 20% ယူနေတဲ့အချိန်မှာ ကျွန်မတို့က 15% ပဲယူထားပါတယ်အကို.. ဒါကြောင့် အကိုတို့အနေနဲ့ ကုန်ကျစရိတ်တွေကို အများကြီး ကာမိမှာပါ”

“အခုမှစလုပ်မယ့် လုပ်ငန်းအသစ်ဟာ အခုမှ ပြည်တွင်းကို ထိုးဖောက့်မယ့် ကုန်ပစ္စည်းအသစ်ကို တင်ဆက်မှု အသစ်တွေနဲ့ တစ်ဟုန်ထိုးနာမည်ကြီးသွားရစေမယ်လို့ အာမခံနိုင်ပေမယ့်.. ဘယ်မှာမှ မလုပ်ဖူးသေးတဲ့.. ဘယ်သူ့ကိုမှလည်း ၀န်ဆောင်မှု မပေးရသေးတဲ့ အိုင်ဒီယာတွေနဲ့ အကိုတို့ရဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲကို အောင်မြင်အောင် လုပ်ပေးနိုင်မယ်လို့ အာမခံပါတယ်”

“ကျွန်မတို့နဲ့ လက်တွဲလုပ်ကြည့်လိုက်ပါအကို… အစစ အရာရာ စိတ်ကျေနပ်စေရပါမယ်လို့ ကျွန်မယုံကြည်ပါတယ်”

တတ်သလောက် မှတ်သလောက် နည်းဗျူဟာတွေသုံးပြီး.. ကိုယ့်ကို အလုပ်အပ်လာအောင် ကျွန်မဆွဲဆောင်ကြည့်သည်။ အစီအစဉ်တွေကို အကြမ်းဖျင်းတင်ပြသည်။ လုပ်နိုင်သည့် ပုံစံတွေကို အကြံပေးသည်။ တစ်နာရီခန့် မီတင်လုပ်ပြီး ကျွန်မစိတ်မော လူမောဖြင့် ရုံးသို့ပြန်လာခဲ့သည်။ Product Manager ကတော့ အကြောင်းပြန်ပေးပါမည်.. သူဌေးကိုတင်ပြကြည့်ပါအုံးမည်ဟု ပြောလိုက်သည်။ ကျွန်မရုံးကိုပြန်ရောက်လျှင် အခြေအနေတွေကို ကိုနေသန့်ကို တင်ပြရပါအုံးမည်။ တစ်ဘက်လုပ်ငန်းမှ အလုပ်အပ်ပါမည်ဆိုသော အဖြေကို တစ်ခါတည်း ရမလာခဲ့သည့်အတွက် သူကျွန်မကို အပြစ်ပြောနေအုံးမည်လားဟု တွေးမိပြန်သည်။ မတတ်နိုင်ပါ.. ကိုယ်အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီပဲ။ တစ်ဘက်မှလည်း အကြောင်းပြန်မည်ဟု ပြောလိုက်ပြီးပြီပဲ။ အဖြေကိုစောင့်ရမည်သာ ဖြစ်သည်။ သူ့ဘက်မှ နောက်ကျမနေအောင်လည်း ကိုယ့်ဘက်မှ ဖုန်းဆက်ကာ Follow Up လုပ်ပေးရမည်သာ ဖြစ်သည်။ ကျွန်မ အခန်းထဲကိုဝင်လိုက်တော့ သူ့ကို Commerce Journal ဖတ်နေတာ တွေ့ရသည်။

“ပြန်ရောက်ပြီလား ဒေါ်ရွှေထက်.. အဆင်ပြေခဲ့လား”

“ဟုတ်.. အဖြေတော့ မပေးလိုက်သေးပါဘူးရှင့်.. သူ အကြောင်းပြန်မယ်လို့ ပြောပါတယ်.. ဒီကြားထဲမှာလည်း ဖုန်ဆက်ပြီး Follow Up လုပ်ပါမယ်.. မီတင်မှာ ဆွေးနွေးခဲ့တာတွေကိုတော့ ကိုနေသန့်ကို အခုချက်ချင်း စာရိုက်ပြီး ရီပို့တင်ပါ့မယ်.. မမိုး ဆီကိုလည်း ပို့ပါမယ်ရှင့်”

“အိုကေလေ.. မင်း အကောင်းဆုံး ကြိုးစားခဲ့မယ်လို့ မျှော်လင့်ပါတယ်.. ကိုယ်လည်း ကိုယ်တိုင်မသွားနိုင်တဲ့အတွက် ဖုန်းထပ်ဆက်ရင်း.. ထပ်ပြောပါအုံးမယ်.. နေပါအုံး.. မင်းက မနက်က စိတ်ကောက်သွားတာလား”

“မကောက်ပါဘူး ကိုနေသန့်.. ကျွန်မ ကိုယ့်အထက်လူကြီးကို စိတ်မကောက်ရဲပါဘူးရှင်”

“ဟား ဟား စိတ်ဆိုးမပြေသေးတဲ့ လေသံကြီးနဲ့. ကိုယ်က ရုံးရောက်ရောက်ချင်း မင်းကိုမတွေ့ရတော့ နည်းနည်းစိတ်တို သွားမိတာပါ..”

“ဟုတ်ကဲ့ပါ.. ကျွန်မလည်း မနက်ကလမ်းမှာ အဆင်မပြေဖြစ်သွားလို့ပါ.. နောက်တစ်ခါ မဖြစ်စေရပါဘူးရှင်..”

“အေးပါ.. ဒါကြောင့်မင်းကို စိတ်တိုတိုနဲ့ တမင်ကိုတစ်ယောက်တည်း သွားခိုင်းလိုက်တာ.. နောက်တော့မှ ကိုယ်စဉ်းစားမိတယ်.. ကိုယ်က အဲ့လိုမှ မလုပ်သင့်တာပါ.. မင်းကိုတွေ့ချင်တာကို ဒေါသနဲ့မှ မရောထွေး သင့်တာနော်”

“ရှင်”

“အဲ.. ဘာမှ မဟုတ်ဘူး.. ရော့ မင်းအတွက်ဝယ်လာတဲ့ မုန့်တွေ.. ထိုးမုန့်ရယ်.. ပူတင်းဂျယ်လီရယ်.. ဂျယ်လီက ခုချက်ချင်းစားရမှာနော်.. မဟုတ်ရင်နောက်နေ့ ခံမှာမဟုတ်ဘူး.. ဒါက ဒေါ်သီသနပ်ခါး.. ဒါက ဘုရားကြီးက၀ယ်လာတဲ့ ယွန်းထည်တွေ.. ယူနော်”

“အား.. အများကြီးပဲ.. အားနာစရာတောင် ကောင်းနေပြီ.. မုန့်ဝယ်လာတော်ရောပေါ့.. သနပ်ခါးတွေက ဘာလို့ဝယ်လာတာတုန်း”

“သြော မင်းသနပ်ခါးကြိုက်တာ သတိထားမိလို့ပါ..”

“ဒါနဲ့ပဲ ကျွန်မအတွက်.. ၀ယ်လာခဲ့တယ်ဆိုပါတော့”

“အဲ. ဟို.. အမေ့အတွက် ၀ယ်ရင်းကနေ မင်းအတွက်ပါ ၀ယ်လာခဲ့တာပါ.. အမေက သနပ်ခါးကြိုက်တယ်လေ.. ကဲ.. လုပ်လုပ် အလုပ်ဆက်လုပ်”

ကျွန်မ မေးလိုက်တော့ သူ့မျက်နှာ တစ်ချက်ရဲကနဲ ဖြစ်ကာ အခန်းထဲမှ ထွက်သွားသည်။ ဘယ်လိုပါလိမ့်.. မနက်ကျတော့လည်း စိတ်တိုနေလိုက်တာ။ ခုကျတော့လည်း လိုက်လျောနေလိုက်တာ သူမဟုတ်သလိုပဲ။ ဒါနဲ့ ဘာလို့များ မျက်နှာတွေ ရဲသွားတာပါလိမ့်။ မနက်ကလည်းရောက်ရောက်ချင်း ကျွန်မကို မတွေ့ရလို့ စိတ်တိုနေသတဲ့။ ၀ယ်လာသည့် လက်ဆောင်တွေကလည်း မိန်းကလေးကြိုက်တတ်သည့် ပစ္စည်းမျိုးတွေ။ ကျွန်မနားမလည်စွာ စဉ်းစားရင်း.. ရင်ထဲမှာလည်း အပျော်တွေဖြစ်ပေါ်လာပါသည်။ မနက်က အိပ်မက်ကို သတိထပ်ရတော့ ရင်တွေခုန်မိသည်။ ကျွန်မသူ့ကို စိတ်ဝင်စားနေမိသလို သူလည်း ကျွန်မကို အဲ့လိုတွေ ဖြစ်နေပြီလား။ ဒီအတိုင်းရိုးရိုးသားသား လက်ဆောင်ပေးချင်လို့ ၀ယ်လာတာလည်း ဖြစ်နိုင်တာပါပဲ။ ဘာပဲပြောပြော ကျွန်မအတွက် သတိတရ လက်ဆောင်တွေဝယ်လာရလောက်အောင် ကျွန်မက သူ့စိတ်ထဲတွင် ရှိနေသည်ကိုတော့ ကျေနပ်မိပါသည်။ ခဏနေတော့ သူ အခန်းထဲပြန်ဝင်လာသည်။ ကျွန်မကို တစ်ချက်ကြည့်ကာ သူ့အလုပ်စားပွဲကို သွားသည်။ သူ့အကြည့်တွေက ကျွန်မပျော်နေတာကို ကျေနပ်နေသည့် ပုံစံမျိုး၊ သူ ပေသည့်လက်ဆောင်တွေကို ကျွန်မလက်ခံသည့်အတွက် ၀မ်းသာသွားသည့် အကြည့်မျိုး၊ နောက်တော့ ကျွန်မ နားမလည်တတ်သည့် အရိပ်အယောင်တွေ ပါနေသည့်အကြည့်မျိုး။ ဘာတွေလဲ ကျွန်မ မသိပါ။ ကျွန်မသိတာကတော့ ကျွန်မဒီနေ့ ပျော်ပါသည်။ လက်ဆောင်တွေရလို့ ပျော်သည်။ သူ့ရဲ့ ဂရုစိုက်မှုတွေကို ရလို့ပျော်သည်။ ခရီးသွားနေတုန်း အလုပ်ကိစ္စတင်မဟုတ်ပဲ ကျွန်မကိုပါ သတိရပေးသည့်အတွက် ပျော်သည်။ ကိုနေသန့်ရယ်.. ရှင်ဟာ ကျွန်မကို ရင်ခုန်ပျော်ရွှင်မှုတွေ ပေးတတ်ခဲ့ပြန်ပါပြီကော။

(Pls go to My Romeo 3)

12 responses »

  1. ဖတ်လို့တအားကောင်းပါသည်။ နောက်ထပ်ဆက်ရန်ကိုလဲ စောင့်မျှော်နေပါသည်။

  2. စာအုပ်ထုတ်စားလို့ရနေပီ… ဒါနဲ့ ကိုနေသန့်တစ်ယောက်ကော ဒီစာကိုဖတ်ပြီးပြီလား… မဖတ်ရသေးရင် ကသစ် ပြလိုက်မလို့.. ကသစ်တော့ တော်တော်သဘောကျတယ်… အရမ်းကောင်းတယ်…

  3. ဘယ်နှပိုင်း ကျန်သေးလဲ မသိ၊
    ဘယ်လောက်ကျန်ကျန် စိတ်ရှည်လက်လက် စောင့်ဖတ်ပါ့မယ်ဗျာ။
    romance ဇာတ်လမ်းဆိုတော့ လောလို့မကောင်းဘူးလေ🙂

    • အပိုင်း သုံး ဆိုရင် ပြီးပါပြီ ထက်အောင်ရယ်.. နည်းနည်းစောင့်ပေးနော်. ရေနေတယ် သိလား

  4. Pingback: My Romeo (Episode – 1) « The World of Pinkgold

  5. ရိုမီယိုက ဂျူးလိယက်လေးကို ချစ်တယ် လို့ ပြောတော့မှာလားဟင်… ထက်မှူးရှိန် ဆိုတဲ့ ထက်နဲ့တူတူ ရင်ခုန်နေပြီနော်…

  6. တကယ့်အဖြစ်အပျက်ထင်တယ်နော် ညလေး ။ ဇာတ်လမ်းထဲကိုမျောပါသွားတယ် ။ အပိုင်3း ကိုသွားလိုက်အုံးမယ် ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s