My Romeo (3)

Standard

**** 7 ****
တနင်္လာနေ့တိုင်းသည် ကျွန်မတို့ရုံးရှိလူတော်တော်များများအတွက် အလုပ်များနေကျဖြစ်သော နေ့တစ်နေ့ဖြစ်သည်။ တယ်လီဖုန်းလိုင်းများ အလုပ်အရှုပ်ဆုံးနေ့တစ်နေ့ဖြစ်သလို အရင်တစ်ပတ်မှ အလုပ်များကို ပြန်ဆွဲခေါ်ကာလုပ်ရသောကြောင့် စိတ်ရော ၊ အလုပ်ရော ရှုပ်တတ်ကြရပါသည်။ ကျွန်မနှင့် ကိုနေသန့်လည်း တနင်္လာနေ့တိုင်းတွင် တစ်ပတ်စာကြိုတင်လုပ်ရမည့်အလုပ်များ၊ အင်္ဂါနေ့တွင်ထွက်သည့် ကျွန်မတို့ ဂျာနယ်အတွက် သတင်းစာကြော်ငြာ ကိစ္စများ၊ ကြော်ငြာစရိတ်များကို စုစည်းတင်ပြရခြင်းကိစ္စများအပြင်၊ ကြားထဲတွင် မထင်မှတ်ပဲ ပေါ်လာတတ်သော ကိစ္စများနှင့် ဗျာများရလေ့ရှိသည်။ ယခုတနင်္လာနေ့ကလည်း ခါတိုင်းလိုအလုပ်များသည့် အပြင် အလုပ်ကိစ္စအသစ်တစ်ခုကိုပါ လုပ်လိုက်ရသောကြောင့် ကျွန်မ ရုံးဆင်းချိန်ရောက်သည်ထိ အလုပ်များမပြီးပြတ်နိုင်သေးပါ။ ကွန်ပျူတာရှေ့တွင် တစ်ကုပ်ကုပ်နှင့် အလုပ်များဆဲဖြစ်သည်။ ကိုနေသန့်ကတော့ အမြဲနောက်ကျမှ ပြန်တတ်သောကြောင့် ရုံးဆင်းချိန် နောက်ကျခြင်းသည် အထူးပြောစရာ ကိစ္စတစ်ခု မဟုတ်ပါ။ အခုလည်း မန္တလေးမှ ပြန်ရောက်ကာစ ဖြစ်သောကြောင့် ပိုအလုပ်များနေသည်ထင်သည်။ သူလည်းအလုပ်များ၊ ကျွန်မလည်း အလုပ်များဖြင့် တစ်ယောက်နဲ့ တစ်ယောက် စကားမပြောပဲ တိတ်ဆိတ်နေလိုက်ကြသည်မှာ အခန်းထဲရှိ ဖုန်းထမြည်တော့မှသာ ပြန်လည်အသက်ဝင်လာခဲ့သည်။ ရုံးဆင်းချိန်အတော်လွန်မှ ဘယ်သူကများ ဖုန်းဆက်ပါလိမ့်ဆိုသော အတွေးစဖြင့် ကျွန်မ ဖုန်းကောက်ကိုင်လိုက်သည်။

“ဟုတ်ကဲ့ အမိန့်ရှိပါရှင်”

“ကိုနေ့သန့်.. သြော် ဟုတ် ခဏကိုင်ထားပါရှင်”

“ကိုနေ့သန့်.. အကို့ဖုန်းပါ”

သူ့ကို ဖုန်းပေးပြီး နာရီကြည့်လိုက်မိသည်။ ညနေ ခုနစ်နာရီထိုးလုနီးပြီ။ အတော်လေးနောက်ကျနေပြီ ဖြစ်သဖြင့် ကွန်ပျူတာ ပိတ်ကာ ပြန်ရင်ပြင်ဆင်လိုက်သည်။ ဖိုင်လ်တွေကို နေရာတကျပြန်စီ၊ ကွန်ပျူတာနှင့် ချိတ်ဆက်ထားသော မီးခလုတ်များကိုပိတ်လိုက်သည်။ ထိုစဉ်ကိုနေသန့်က ခဏနေအုံးဆိုသော အမူအရာဖြင့် လက်ကာပြသည်။ ကျွန်မ သူ ဖုန်းပြောပြီးသည်ထိ စောင့်နေလိုက်သည်။

“သြော် ဆန်းဒေးလား.. ကျွန်တော်အားတယ်လေ.. အိုကေ လာခဲ့လိုက်မယ်.”

“ဧည့်သည်တစ်ယောက်ခေါ်လာမယ် ဖြစ်လားဗျ”

“အိုကေ.. ဆန်းဒေးဆုံမယ်လေ.. see u then”

ဖုန်းပြောပြီးသွားပြီးနောက် သူ့စားပွဲကိုသွားပြီး စက်တွေပိတ်ရင်း ကျွန်မကို စကားလှမ်းပြောသည်။

“မင်း.. ဘာနဲ့ပြန်မှာလဲ.”

“ကျွန်မ ဘတ်စ်ကားပဲ စီးမယ်လေ..ခုနစ်နာရီဆိုတော့ ကားတွေရှိပါသေးတယ် အကို”

“လှည်းတန်းမှာ နေတာမဟုတ်လား.. ကိုယ်နဲ့လိုက်ခဲ့လိုက်လေ..ကိုယ်လည်း စံရိပ်ငြိမ်က ဦးလေးတစ်ယောက်ဆီ သွားစရာရှိတယ်.. လမ်းကြုံနေတာပဲ”

“ရပါတယ်အကို.. အားနာစရာကြီး.. ကျွန်မ ကိုယ့်ဘာသာကိုယ်ပဲ ပြန်လိုက်ပါမယ်”

“ကဲပါ.. စကားများမနေပါနဲ့.. လိုက်ခဲ့စမ်းပါ.. လှည်းတန်းမှာ ဆင်းနေခဲ့လိုက်လေ.. ဟုတ်ပြီလား.. ပြောစရာလည်း ရှိလို့”

ထိုနေ့က ကျွန်မ သူ့ကားဖြင့် လမ်းကြုံလိုက်လာခဲ့သည်။ ကားပေါ်တွင် ဘာစကားမှ မပြောပဲ ခဏနေတော့ သူ သီချင်းခွေတစ်ခုဖွင့်သည်။ ခုတလောခေတ်စားနေသည့် ဇော်ပိုင်၏ လမ်းဆုံ သီချင်းက ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။ ကိုယ်အကြိုက်ဆုံး သီချင်းတွေချည်းဖြစ်သည်က တစ်ကြောင်း၊ အလုပ်များ၍ ပင်ပန်းသည်က တစ်ကြောင်းကြောင့် ထိုင်ခုံတွင် မျက်လုံးလေးမှိတ်ရင်း အသာမှိန်းကာ လိုက်ပါလာခဲ့သည်။ မြေနီုကုန်း မီးပွိုင်ကိုရောက်တော့ ပွိုင့်နီနေသဖြင့် ကားခဏရပ်တော့မှ သူ ပြောစရာရှိသည်ဆိုသည်ကို သတိရကာ ကျွန်မသူ့ကို စကားစမေးလိုက်သည်။ “ဗိုက်ဆာနေတယ်.. တစ်ခုခုစားရင်း ပြောရအောင်” ဟုဆိုကာ ကားကို လှည်းတန်းထိဆက်မောင်းလာခဲ့သည်။ လှည်းတန်းရောက်တော့ ၀ိုင်ကေကေအိုတွင်နားတွင် ကားရပ်လိုက်ကာ ကျွန်မကို အဲ့သည်မှာပင် ညနေစာကျွေးသည်။

“ကြေးအိုးကြိုက်တယ်မလား ထက်မှူးရှိန်”

“ဟုတ်.. ကျွန်မ အကြိုက်ဆုံး အစားအစာပါပဲ”

“အိုကေ.. ဒါဆို ၀က်ကြေးအိုး နှစ်ပွဲမှာလိုက်မယ်နော်.. ဘာသောက်အုံးမလဲ”

“ရေပဲသောက်မယ်အကို.. အားနာစရာတော့ ကောင်းနေပြီ.. လိုက်လည်းပို့ရသေးတယ်.. ညစာလည်း ကျွေးသေးတယ်.. ဒီလို စီနီယာမျိုးနဲ့ အလုပ်လုပ်ရတာ ကျွန်မတော့ အတော်ကံကောင်းတာပဲ”

“အဟား… ကိုယ့်ဂျူနီယာကို ကျွေးမွေးပြုစုရတာ ကုသိုလ်ရပါတယ်ဗျာ”

“အကို ပြောစရာရှိတယ်ဆို ပြောလေ”

“အင်း.. ခုနက ရုံးမှာ ဖုန်းလာတာလေ.. အဲ့ဒါ ကိုယ့်သူငယ်ချင်းတစ်ယောက် ဖုန်းဆက်တာ.. ကိုယ်တို့က သူငယ်ချင်းတွေစုပြီး.. ပရဟိတတွေလုပ်တဲ့ အဖွဲ့လေးတစ်ခု ဖွဲ့ထားတယ်လေ.. အဲ့ဒါဒီဆန်းဒေးကို မီတင်လေ.. မင်းစိတ်ဝင်စားရင် လိုက်ခဲ့ဖို့ ခေါ်မလို့ပါ”

“ဟားး ပြသနာပဲ.. ကျွန်မ ဒီဆန်းဒေးကို အမျိုးတစ်ယောက်အိမ်ကို သွားရမယ်အကိုရယ်.. အရမ်းတော့ စိတ်ဝင်စားတယ်.. အကိုတို့က ဘာတွေလုပ်တာလည်း နောက်မီတင်တွေရှိသေးရင် လိုက်မယ်လေ ဖြစ်လား”

“သြော် ဟုတ်လား.. ကိုယ်က မင်းအားမယ်ထင်လို့ ဧည့်သည်ခေါ်လာမယ်တောင် ပြောထားခဲ့တာ.. ကိုယ်တို့က တစ်လတစ်ကြိမ် မီတင်လုပ်ကြတာလေ.. လိုက်မယ်ဆိုရင်တော့ နောက်လမှပဲ လိုက်လို့ရတော့မယ်ကွ.. ကိုယ်တို့က မိဘမဲ့ကလေးကျောင်းတွေကို တတ်နိုင်သလောက်လှူတယ်.. အလှူရှင်တွေရှာတယ်.. အဖွဲ့ဝင်တွေအနေနဲ့လည်း တစ်လကို တစ်သောင်းစီစုကြတယ်.. နိုင်ငံခြားက အလှူရှင်တွေဆီက အလှူငွေတွေလည်းရတယ်.. ပိုက်ဆံအပြင် စာရေး ကိရိယာတွေ၊ အ၀တ်အစားတွေလည်း လှူတယ်.. လုပ်နေတာတော့ တစ်နှစ်လောက်ရှိပြီပေါ့.. ၀ါသနာအရ လုပ်နေကြတာရယ်.. လူလည်းအတော်နည်းသေးတာရယ်.. အားလုံးကလည်း အလုပ်တစ်ဖက် ကျောင်းတစ်ဖက်တွေနဲ့ကြောင့် စနစ်တော့ မကျသေးဘူးပေါ့.. မင်း စိတ်ဝင်စားရင် အဖွဲ့ဝင်ဖို့ ဖိတ်ပါတယ်”

“အရမ်းစိတ်ဝင်စားတာပေါ့ အကိုရယ်.. ကျွန်မက အဲ့လို လူမှုရေးလုပ်ငန်းတွေ ပရဟိတအလုပ်တွေကို သိပ်လုပ်ချင်တာ.. အဆက်အစပ်မရှိလို့ မလုပ်ဖြစ်သေးတာပါ.. အကိုတို့နဲ့ လိုက်လှူလို့ရမယ် အဖွဲ့လည်းဝင်လို့ရမယ်ဆိုရင် မန်ဘာဝင်ချင်ပါတယ်.. ဒါပေမယ့် ကျွန်မက တစ်လကို တစ်သောင်း မထည့်နိုင်ဘူး အကိုရဲ့..”

“အားး ပိုက်ဆံက ပြသနာ မရှိပါဘူးကွ.. အဓိကက ကိုယ်တို့ အဖွဲ့ဝင်များလာဖို့အတွက်ပဲ.. အခုက ဆယ့်ငါးယောက်လောက်ပဲ ရှိတယ်လေ.. ဒါကြောင့်ပါ.. ရေရှည်လုပ်ဖို့လည်း ရည်ရွယ်တာကြောင့် နောက်လလောက်ကနေစပြီး အဖွဲ့ဝင်များများခေါ်ပြီး သေချာလုပ်တော့မလားလို့လေ.. ”

“ဟုတ်.. ကျွန်မ တစ်လကို ငါးထောင်လောက်တော့ လှူချင်ပါတယ် အကို.. လုပ်အားလည်းလှူမယ်.. တစ်ခြားတတ်နိုင်တာလည်း လှူမယ်လေ.. သူငယ်ချင်းတွေကိုလည်း ခေါ်လာမယ်လေ.. ဒီတစ်ပတ်တော့ တစ်ကယ်ကို ဆောရီးအကိုရယ်.. နောက်တစ်ခါလုပ်ရင်ခေါ်နော်.. မီတင်လည်းလာမယ်.. တစ်ကယ်သွားရင်လည်း လိုက်မယ်နော်..”

“ကောင်းပြီဗျား.. ကိုယ်ကမင်းကို ကိုယ်နဲ့အတူ အလုပ်လုပ်စေချင်လို့ပါ.. ကဲ စားစား.. အေးကုန်တော့မယ်.. သိလား ထက်မှူးရှိန်.. ကိုယ်မင်းနဲ့အလုပ်လုပ်ရတာ တစ်ကယ်ပျော်တယ်”

ကျွန်မ မျက်လွှာတစ်ချက်ပင့်ကာ သူ့ကိုကြည့်လိုက်သည်။ ကျွန်မကိုကြည့်ကာ စကားပြောနေသည့် သူ့ရုပ်သွင်တွင် ဟန်ဆောင်မှုကင်းသော အပြုံးကိုတွေ့ရသည်။ ကျွန်မကိုကြည့်နေသည့် သူ့မျက်ဝန်းတွေက ကြည်လင်ပျော်ရွှင်နေသည့် အရိပ်အယောင်မျိုးဖြစ်သည်။ ကျွန်မ ကျေနပ်ပါသည်။ ကျွန်မနှလုံးသားထဲတွင်လည်း ခံစားချက်စစ်စစ် တစ်ခု တစ်မဟုတ်ချင်း ပေါ်ထွန်းလာသည်။ အချစ်လားဆိုတာတော့ ကျွန်မ မခွဲခြားတတ်ပြန်ပါ။ မချစ်ဖူးသော ကျွန်မသည် အချစ်ဆိုသော ခံစားချက်မှာ ဘယ်လိုအရာမျိုးဖြစ်သည်ဆိုတာကိုလည်း မသိတတ်ခဲ့ပြန်ပါ။ ငယ်ငယ်တုန်းကလိုမျိုး ၊ တက္ကသိုလ်တက်တုန်းကလိုမျိုး ယောက်ျားလေးတွေ စကားလိုက်ပြောလျှင် ဖြစ်ပေါ်သည့် ရင်ခုန်မှုမျိုး၊ ကျေနပ်မှုမျိုးထက် သာလွန်သည်ကိုတော့ ကျွန်မကိုယ်ကျွန်မ သတိထားမိပါသည်။ သို့သော် သူပျော်နေသကဲ့သို့ ကျွန်မ ကျေနပ်နေသည်ဆိုတာကို သူ့ရှေ့တွင် ပေါ်ပေါ်ထင်ထင် ချမပြရဲခဲ့ပါ။ ကျွန်မနှင့်သူသည် ယခုအချိန်ထိ အလုပ်ကိစ္စများဖြင့်သာ ပတ်သက်ခဲ့ရသည်ကများပြီး တစ်ယောက်အကြောင်းကို တစ်ယောက် စေ့စေ့စုံစုံ မသိကြသေးသောကြောင့် သူ၏ရိုးသားမှုများကို ကျွန်မဘက်မှ မှားယွင်းစွာ ဘာသာပြန်မိမှာကိုလည်း စိုးမိပါသေးသည်။ ကျွန်မ၏ ရင်ခုန်မှုများကို သူသိသွားပါကလည်း ရေလာမြောင်းပေးလုပ်သည်ဆိုသော အတွေးမျိုး သူ့ထံတွင် မဖြစ်ပေါ်စေချင်ပါ။ ထို့ကြောင့် ကျွန်မကိုယ်တိုင် သူ့အား စိတ်ဝင်စားနေခဲ့သည်မှာ မှန်သော်လည်း သူရှေ့တွင်မူကား မိန်းမတစ်ယောက်၏ ဟန်ဆောင်မှုအတတ်ပညာကို ကျွမ်းကျင်စွာ အသုံးချရင်းနဲ့သာ ခံစားချက်မှန်သမျှကို ဖုံးကွယ် ထိမ်းချုပ်နိုင်ခဲ့ပါသည်။

**** 8 ****
ကျွန်မတို့ မားကက်တင်းဆင်းထားသော Cosmetic Company မှ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲအတွက် ကျွန်မတို့ကို အလုပ်အပ်သည်။ ကျွန်မတို့၏ ပွဲဦးထွက် ၀န်ဆောင်မှုဖြစ်သလို ၊ တစ်ဘက်မှလည်း ပွဲဦးထွက် ကုန်ပစ္စည်းမိတ်ဆက်ပွဲဖြစ်သောကြောင့် နှစ်ဦး နှစ်ဘက်အကျိုးဖြစ်ထွန်းစေဖို့ ကျွန်မတို့ အစွမ်းကုန် ကြိုးစားကြရသည်။ မမိုး၊ ကိုနေသန့်နှင့် ကျွန်မတို့ နေ့စဉ်ရက်ဆက် မီတင်အသေးစားလေးများ ပြုလုပ်ပြီး ပွဲလုပ်မည့်နေရာ၊ ပွဲအစီအစဉ်များ၊ ဖျော်ဖြေရေး အစီအစဉ်များ ၊ ကြော်ငြာအစီအစဉ်များအတွက် အလုပ်တွေ သတ်မှတ်ကြသည်။ မမိုးကတော့ ညွှန်ကြားချက်များသာ ပေးနိုင်ပြီး တစ်ကယ်တမ်း အကောင်အထည်ဖော်ရသူမှာ ကိုနေသန့်ဖြစ်သည်။ ကျွန်မက သူ့အနောက်ကနေလိုက်ပြီး လိုအပ်သည်များကို လိုက်လုပ်ပေးရသည်။ Hotel Ball Room တွေစုံစမ်း၊ performance များအတွက် Model Agency များ ၊ Dancer များနှင့် ချိတ်ဆက်ပြီး ဈေးနှုန်းတွေစုံစမ်း၊ ဖိတ်စာကိစ္စများ အခြား Printing ကိစ္စများ ၊ Event Decoration ကိစ္စများအတွက် ကျွန်မတို့နှစ်ယောက်တည်း လုံးချာလည်နေခဲ့သည်။ အခမ်းအနားအစီအစဉ်များကို ရေးဆွဲပြီး Client ဘက်ကိုပြလိုက် ၊ MD ကိုတင်ပြလိုက် အစရှိသည့် အလုပ်များကို ကျွန်မက လုပ်ရသည်။ နောက်ဆုံးတွင်တော့ ပွဲလုပ်မည့်နေရာအတွက် Sedona Hotel ကို အတည်ပြုသတ်မှတ်ပြီး အခြားလိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်ရပြန်ပါသည်။ အလုပ်များကြသော်လည်း ကျွန်မတို့နှစ်ယောက် ပျော်ရွှင် တက်ကြွကြပါသည်။ ကျွန်မကိုလည်း မသိသေး မတတ်သေးသော အရာများကို ဆရာစားမချန် အများကြီးသင်ပေးသည်။ သူ၏ စနစ်ကျမှုများ၊ အကွေ့စေ့စေ့ စီစဉ်တတ်မှုများ၊ ကိုယ်လိုချင်သော ဈေးနှုန်းများကို ပြင်ပမှ Supplier များနှင့် ညှိုနှိုင်းဆောင်ရွက်တတ်မှု စွမ်းရည်များကို ကျွန်မ အနီးကပ် လေ့လာသင်ကြားခွင့်ရသည်။ ပွဲမစခင် ရက်ပိုင်းအလိုကတည်းက သူနှင့် ကျွန်မလည်း ရုံးမှာနေရသည်ထက် အပြင်မှာ ၊ ဟိုတယ်လ်မှာ လုပ်စရာရှိသည်များကို ပြင်ဆင်ရင်းနဲ့သာ အချိန်ကုန်ကြသည်က များသည်။ အိမ်ပြန်နောက်ကျသည့် ရက်တွေမှာ ကျွန်မတစ်ယောက်တည်း ပြန်တာထက် သူကိုယ်တိုင် ကျွန်မ အိမ်ရှေ့နားထိ လိုက်ပို့ပေးတတ်သည်။ နေ့လည်စာ အတူစား၊ သူ့ကားနဲ့ အလုပ်ကိစ္စများကို အတူတူသွားလုပ်ကြရင်း ကျွန်မတို့နှစ်ယောက်လည်း တစ်ယောက်အပေါ် တစ်ယောက် အရင်ကထက် ရင်းနှီးပွင့်လင်းလာခဲ့သည်။

“မင်း ကိုယ်နဲ့အတူ အလုပ်လုပ်ရတာ ပင်ပန်းလိုက်တာလို့ မထင်မိဘူးလား..”

“မထင်ပါဘူး.. ကျွန်မ ၀ါသနာပါတဲ့ အလုပ်ပဲဟာ.. အကို့ဆီကလည်း ပညာတွေ အများကြီးရတယ်လေ..”

“အမလေး.. ကိုယ့်တပည့်လေးကို ဆရာကြီးက သင်ပေးရမှာပေါ့ကွ.. ဒါမှ ကိုယ်မလုပ်ပဲ မင်းကို များများခိုင်းလို့ရမှာ ဘယ်လောက်သက်သာတုန်း.. ဟား ဟား”

“အံမယ်. အကိုက လူလည်ကျပြီး သင်ပေးတာပေါ့လေ ဟုတ်လား.. ဒါပေမယ့် အကို့ကိုတော့ တစ်ကယ်လေးစားတယ် အကိုရဲ့.. ကျွန်မတွေ့ဖူးတယ်.. တစ်ချို့လူတွေ ကိုယ့်အောက်က အငယ်တွေကို မသင်ပေးချင်ကြဘူး.. ”

“အဲ့လို မဟုတ်ပါဘူးကွာ.. သင်ပေးကြတာ များပါတယ်.. နေပါအုံး.. မင်းက အဲ့လိုပြောရအောင် မသင်ပေးတဲ့သူမျိုးကို တွေ့ဖူးလို့လား”

“သြော် ကျွန်မကကျတော့ မတူဘူးလေ အကိုရယ်.. မမိုးရော အကိုရော ကျွန်မအတွက် တစ်ကယ်ကို လေးစားလောက်တဲ့ လူကြီးတွေပဲကို.. ကျွန်မနဲ့ အတူနေတဲ့ သူငယ်ချင်းပေါ့.. သူကတော်တယ်.. ကြိုးစားတယ်.. ဒါကို သူ့အထက်က အမကြီးလည်းသိတယ်.. ပြီးတော့ သူ့ကိုအလုပ်တွေခိုင်းပြီ.. ဒါကို ကျွန်မလုပ်တာပါဆိုပြီး.. လူကြီးကိုတင်ပြတယ်.. သူမလုပ်ချင်တာကျတော့ ကျွန်မသူငယ်ချင်းကို ခိုင်းပြီး.. တစ်ကယ်လည်းကျရော သူလုပ်တာဖြစ်ရော.. အိမ်ကတစ်ယောက်ဆို တစ်ရက် တစ်ရက် ဒေါသတွေအတော်ထွက်ရတာ”

“အင်း.. လူအမျိုးမျိုးပေါ့ကွာ.. ဒါပေမယ့် ကိုယ်ပြောမယ်.. ထက်.. မှတ်ထား.. ကိုယ့်လက်အောက်က အငယ်တွေကို သင်ပေးရတာ.. ကိုယ့်အရည်အသွေးတွေကို ဖော်ပြရတာနဲ့ အတူတူပဲ.. ဒီလူတော်ရင် ကိုယ်သူ့ကို သင်ပေးတာ တော်လို့”

“အင်း.. ဟုတ်တယ်နော်”

“တစ်ချို့တွေက ရှိကြတယ်.. မင်းပြောသလိုပေါ့ကွာ.. ကိုယ့်နေရာပျောက်မှာကြောက်တာတို့ ဘာတို့ပေါ့.. တစ်ကယ်က သူတို့တွေ အတွေးမှားနေတာ.. ကိုယ့်လက်အောက်က အငယ်ကတော်လို့ သူ့ကို ရာထူးတိုးမြှင့်ပေးရရင် ကိုယ်လည်း အလိုလို တစ်ဆင့်မြင့်တာပဲ.. ကိုယ့်အလုပ်တွေကို သူ့ကိုလွှဲနိုင်ပြီး အခြား အသစ်အသစ်သော အလုပ်တွေကို တာဝန်ယူဖို့ လိုအပ်တဲ့အတွက်ကြောင့် သူဌေးလုပ်သူကလည်း အကြီးတွေကို ရာထူးတိုးပေးကြရတာပဲ”

“အဲ့လိုတွေးတဲ့သူ ရှားတယ်”

“တစ်ကယ်က အဲ့လိုပဲ ထက်ရေ.. မင်းလည်းမှတ်ထား.. ဒီနေရာမှာပဲ ရပ်နေမှာမဟုတ်ဘူး.. တက်လမ်းတွေ လှေကားထစ်တွေ အများကြီးရှိသေးတယ်.. ကိုယ့်ကို သူများအုပ်ချုပ်တာ ခံရသလို.. ကိုယ်လည်း တစ်နေ့ကျရင် လူတွေကို ပြန်အုပ်ချုပ်ရမှာပဲ.. အတွေ့အကြုံ ပညာ ရင့်သန်သလောက် သင်ပေးပါ.. အငယ်တွေကို သင်ပေးခြင်းဟာ ကိုယ့်ကို အထက်လူကြီးက လေးစားရာလည်းရောက်သလို.. အငယ်တွေကလည်း အားကိုးရာရောက်တယ်.. သူတို့တော်ခြင်းဟာ.. မင်း သူတို့ကို ဂရုစိုက်လို့ပဲ.. သူတို့ ရာထူးအဆင့် မြင့်မားလာခြင်းဟာလည်.. မင်းအတွက် တက်လမ်းပွင့်ခြင်းပဲ.. သူတို့တစ်ဆင့်တက်တိုင်း မင်းလည်း တစ်ဆင့်တက်ဖို့ အခွင့်တွေ သာလာအုံးမှာပဲ.. ”

“ကျေးဇူးပါ အကိုရယ်.. ကျွန်မ အကိုပြောတာ မှတ်ားထားပါ့မယ်..”

“နေပါအုံး.. မင်း ကိုယ်နဲ့ စကားပြောရင် ကျွန်မလို့ မပြောလို့ မရဘူးလား.. သိပ်စိမ်းနေသလားလို့”

“အဲ.. ဘယ်လိုပြောမလဲ.. တစ်ကယ်တော့ ပြောနေကျမို့ အဲ့လိုဖြစ်သွားတာ.. ဘယ်လိုပြောရမှာလဲလို့”

“ကိုယ့်ကို သူစိမ်းကို သဘောမထားနဲ့လေ.. မမိုးတို့နဲ့ ပြောသလိုပြောပေါ့.. မင်းကလည်း”

“ဟဲဟဲ.. ထက် လို့ပြောမယ်လေ… သူများတွေကို ပြောနေကျလို့”

“အိုကေ ထက်ရေ.. မနက်ဖြန် ပွဲနေ့နော်.. ကိုယ်တော့ သိပ်စိတ်လှုပ်ရှားနေတယ်.. ”

“ထက်တို့ အကောင်းဆုံး ပြင်ဆင်ထားကြတာပဲဟာ.. အဆင်ပြေမှာပါ.. အကို စိတ်မပူနဲ့နော်.”

သူနဲ့ကျွန်မ တစ်ယောက်ကို တစ်ယောက် အကြောင်းမရှိပဲ ခပ်ကြာကြာလေး စိုက်ကြည့်ဖြစ်ကြသည်။ ကျွန်မ ပြုံးနေသလို သူလည်း ပြုံးနေသည်။ ကျွန်မ စိတ်တွေမငြိမ်မသက် ဖြစ်နေသလို သူလည်းဖြစ်နေလိမ့်မည်ဟု ကျွန်မ အသေအချာသိနေပါသည်။ ကျွန်မ မျက်ဝန်းတွေ လက်နေသလို သူ့ အကြည့်တွေကလည်း နုညံ့မှုတွေ ဖြစ်ပေါ်နေသည်။ တစ်ယောက်ကို တစ်ယောက် အကြည့်တွေလွှဲကာ ဘာရယ်မဟုတ် ရယ်ဖြစ်ကြပြန်သည်။ အသက် နှစ်ဆယ့်သုံးနှစ်အရွယ် မိန်းမငယ်တစ်ယောက်နဲ့ အသက် နှစ်ဆယ့်ရှစ်နှစ်အရွယ် ယောက်ျားတစ်ယောက်တို့ရဲ့ ခံစားချက်တွေဟာ ရှက်ရွံ့မှုများ၊ ရင့်ကျက်မှုများကို ကျော်ဖြတ်ကာ ထပ်တူညီကြတော့မည်လား။ ကျွန်မအတွက် ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာတော့မှာလား။ ကျွန်မအတွက် ရင်ခုန်ပျော်ရွှင်ရတဲ့ နေ့သစ်တွေ ရောက်လာတော့မှာလား။ ကျွန်မရဲ့ ရိုမီယိုကို ကျွန်မတစ်ကယ် ရှာဖွေတွေ့ရှိသွားပြီလား။ အို…. လောကကြီးရယ်.. ကျွန်မတို့နှစ်ယောက်ကြား မျှားနတ်မောင် လိုတယ်ဆိုရင်လည်း အမြန်ဆုံး ဖန်တီးလိုက်ပါတော့လားကွယ်………….။

Sedona Hotel Ball Room တွင် ဧည့်ပရိတ်သတ်များဖြင့် စည်ကားနေသည်။ အခမ်းအနားအပြင်အဆင်များကို မနေ့ကတည်းက အလှဆုံးပြင်ဆင်ထားခဲ့ပြီးပြီ။ မော်ဒယ်လ်များ Dancer များလည်း စုံစုံလင်လင်ရောက်ရှိလာသည်။ Company မှ တာဝန်ရှိသော လူကြီးများမှာတော့ ပရိတ်သတ်များကို ဧည့်ခံရင်း အလုပ်များနေသည်။ အရောင်းသမား မိန်းကလေးများက ကုန်ပစ္စည်းသစ်များကို ဆွဲဆောင်ရောင်းချနေကြသည်။ Sound box မှာလာသော ဒီဂျေတီးလုံးများက မြူးကြွသလောက် ကျွန်မတို့မှာလည်း ပွဲမပြီးမချင်း ရင်တစ်ထိတ်ထိတ်နှင့် စောင့်စားနေရအုံးမည်ဖြစ်သည်။ အမှားမရှိအောင် အချိန်ယူပြင်ဆင်ခဲ့သော်လည်း တစ်ခုခုအဆင်ပြေဖြစ်လျှင် ချက်ချင်းဖြေရှင်းနိုင်အောင် အသင့်အနေအထားဖြင့် ရှိနေရသည်။ အခမ်းအနားစရန် ဆယ်မိနစ်လောက်လိုသည်အထိ ကိုနေသန့်နှင့် ကျွန်မ မျက်နှာချင်း မဆိုင်ဖြစ်ကြသေးပါ။ ကျွန်မကလည်း နောက်ဘက်တွင် မော်ဒယ်လ်များ ၊ Dancer များကို အလှည့်ကျလျှင် အဆင်သင့်ဖြစ်နေစေရန် စီစဉ်ပေးနေရသကဲ့သို့ သူ့မှာလည်း အခမ်းအနားမှူးနှင့် တိုင်ပင်တွေကိုက်နေရသည်။ တစ်ဘက်မှ Product Manager နှင့်လည်း အတူလိုက်ကာ ဧည့်ခံနေရသေးသည်။ ကျွန်မသတိထားမိသည်ကတော့ ကိုနေသန့်တစ်ယောက် ခါတိုင်းထက်ကို သန့်ပြန့်ချောမောနေသည်။ အရပ်မြင့်သော ၊ အသားခပ်လတ်လတ်ကို ပိုင်ဆိုင်ထားသော၊ အမြဲတမ်း စမတ်ဖြစ်နေတတ်သော သူသည် ဒီနေ့လို ပွဲမျိုးတွင် ပိုလို့ပင် ကြည့်ကောင်းနေပါသေးသည်။ စတိုင်လ်ပန် အနက်ရောင် ၊ ရှပ်အင်္ကျီပန်းနုရောင်.. အနက်ရောင်ပေါ်တွင် ပန်းနုဖျော့ရောင် အစင်းကလေးများပါသော နက်ခ်တိုင်ဖြင့် လိုက်ဖက်လွန်းလှပါသည်။ တစ်ချက် တစ်ချက် ကျွန်မဘက်က သူ့ကို ခိုးကာ ငေးမောမိသော်လည်း သူကတော့ ကျွန်မကို သတိရပုံပင် မပေါ်.. ခမ်းမအတွင်း၌သာ အစီအစဉ်တစ်ခုပြီး တစ်ခုကို ဆောင်ရွက်ကာနေသည်။ အခမ်းအနားမှာလည်း အမှားအယွင်းမရှိ ပြီးဆုံးခဲ့သည်။ အလုပ်အပ်သူဘက်မှလည်း စိတ်ကျေနပ်သည်။ ကျွန်မတို့လည်း ပျော်ရသည်။ မီဒီယာများ ၊ စီးပွားရေးလုပ်ငန်းရှင်များ ၊ ပရိတ်သတ်များအလယ်တွင် ကုန်ပစ္စည်းသစ်တစ်ခုလည်း အတော်အသင့် ပေါက်ရောက်သွားခဲ့ပြီ။ ပရိတ်သတ်များ အားလုံးပြန်သွားသော်လည်း ကျွန်မတို့မှာ မပြန်အားသေးပါ။ သိမ်းဆည်းစရာများ ၊ ပြင်ပမှ ငှားထားသော ပစ္စည်များကို စရင်းကိုက်ရပါသေးသည်။ ဟိုတယ်မှလူများနှင့် ရှင်းလင်းစရာ ကိစ္စများကို ရှင်းရပါသေးသည်။ ဟိုတယ်နံရံတွင် ကပ်ထားသော Vinyl များကို ၀န်ထမ်းများက ဖြုတ်ပေးနေသည်ကို ကျွန်မ စစ်ဆေးနေစဉ် သူ ကျွန်မအနားရောက်လာသည်။

“မင်း သိပ်ပင်ပန်းနေပြီလား”

“သြော် ကိုနေသန့် ခုမှပဲ ထက် အနားရောက်လာတော့တယ်.. ဒီမှာ ထက် တစ်ယောက်တည်း သေတော့မယ်…”

“ဆောရီးထက်ရယ်.. ကိုယ်လည်း အလုပ်ရှုပ်နေတာ မင်းအသိပဲ.. တော်သေးတာပေါ့ ပွဲလေးက အောင်အောင်မြင်မြင်ဖြစ်သွားလို့”

“ဟုတ်တယ်နော် ကျွန်မတို့ ပွဲဦးထွက်မှာ အောင်မြင်သွားတာ အရမ်းပျော်တာပဲ”

“ရက်စ်.. ကိုယ်တို့တွေ နောက်ပိုင်းမှာ အလုပ်တွေဆက်တိုက် လက်ခံရတော့မယ်ထင်တယ်.. စကားမစပ်… မင်း ဒီနေ့ သိပ်လှနေတယ်.. အနက်ရောင် ဂါဝန်နဲ့ မင်း သိပ်လိုက်တယ်”

“အံမယ်. ဒါတော့ သတိထားမိသေးတယ်ပေါ့.. မသိပါဘူး. ထက်က အလုပ်များပြီး ထက်ကို သတိတောင် ထားမိရဲ့လားလို့”

“မင်း ဟိုတယ်ရောက်ကတည်းက ကိုယ်သတိထားမိပါတယ်ကွ.. အလုပ်များနေတော့ စိတ်ရောက်ပေမယ့် ကိုယ်မရောက်နိုင်ဘူးလေ.. ”

“အမလေး.. တော်သေးတာပေါ့.. ထက်က ဒီနေ့ အလှပြင်လာတာ ဘယ်သူမှ လှတယ်မပြောသေးလို့ ငိုချင်စိတ်တွေ ပေါက်နေရော”

ကျွန်မ နုတ်ခမ်းလေးစူကာ ရွှတ်နောက်နောက်ကလေး ပြောတော့ သူရီပါသည်။ ထိုနေ့က ကိစ္စတွေအားလုံးပြတ်ကာ အိမ်ပြန်တော့ ည ရှစ်နာရီခွဲပြီ။ ကျွန်မကို သူကိုယ်တိုင် အိမ်ရှေ့ထိ လိုက်ပို့ပေးပါသည်။ အိမ်ပေါ်ပြန်ရောက်တော့ ကျွန်မတစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသဖြင့် ရေခပ်မြန်မြန်ချိုးကာ ဆေးသောက်ပြီး အိပ်ရသည်။ ညလယ်ဘက်ရောက်သောအခါ ပွဲမတိုင်မီ ပင်ပန်းမှု ဒဏ်များ၊ ပွဲအတွင်း ပင်ပန်းမှု ဒဏ်များကြောင့်သာမက စိတ်ပင်ပန်းမှုများ၍ ထင်သည်.. ကျွန်မ ကိုယ်အပူရှိန်တွေ တစ်ရိပ်ရိပ်တက်လာပါတော့သည်။ တစ်အိမ်တည်းနေသော သူငယ်ချင်းများကလည်း အိပ်မောကျနေသောကြောင့် ဒုက္ခမပေးချင်သဖြင့် မနှိုးတော့ပဲ တစ်ယောက်တည်းသာ အဖျားတက်သောဒဏ်ကို ကျိတ်မှိတ် ခံစားရတော့သည်။ မနက်ရောက်တော့ ကျွန်မ မှေးကနဲ တစ်ချက်အိပ်ပျော်သွားသည်။ အရင်တုန်းက အတူနေသူငယ်ချင်းများ အိပ်ရာထသံ ၊ ထမင်းဟင်းချက်သံများကြောင့် နိုးနေကျဖြစ်သော်လည်း အဖျားရှိန်ကြောင့် အိပ်မောကျနေသဖြင့် သူငယ်ချင်းတစ်ယောက် အတင်းလှုပ်နှိုးမှသာ နိုးလာခဲ့သည်။ သူတို့တွေ ကျွန်အတွက် ဆေးဝယ်ပေးကြ၊ ဆန်ပြုတ်တွေ ပြုတ်ပေးကြနဲ့ ကျွန်မအတွက် နံနက်စာ နေ့လည်စာ စီစဉ်ပေးခဲ့ပြီး တစ်ယောက်ပြီး တစ်ယောက် ကျောင်းသွား အလုပ်သွား ထွက်သွားကြသည်။ ရုံးကိုလည်း ခွင့်တိုင်ခိုင်းလိုက်ရသည်။ ရုံးမှာ ကိုနေသန့်တစ်ယောက်များ ကျွန်မကို မျှော်နေလေမလားဟု တွေးမိသေးသည်။ အလုပ်တွေ တစ်ယောက်တည်း နိုင်ပါ့မလားဟုလည်း စိတ်ပူမိသေးသည်။ ကိုယ်တိုင်ကလည်း နေမကောင်းသဖြင့် စိတ်ပူပေးရုံ ၊ သတိရပေးရုံသာ တတ်နိုင်ပါတော့သည်။

နေ့လည်ဆေးသောက်ချိန်ရောက်၍ ဆေးမသောက်မီ ဆန်ပြုတ်သောက်နေစဉ် အိမ်ရှေ့မှ တံခါးခေါက်သံကိုကြားရသည်။ သင်တန်းတက်နေသော သူငယ်ချင်း ပြန်လာချိန်ဖြစ်သောကြောင့် အိပ်ရာထဲမှ အားယူထကာ တံခါးဖွင့်ပေးရန်သွားသည်။ ကျွန်မ အံ့သြတစ်ကြီးဖြစ်ကာ ဆွံအသွားရသည်က ဘယ်လိုမှ မမျှော်လင့်ထားသော ကိုနေသန့်ကို အိမ်ရှေ့တံခါးဝတွင် တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ဘုရေားရေ.. သူ လိုက်လာပါလား။ ကျွန်မ အံ့သြလွန်းသဖြင့် စကားလည်းမပြောနိုင် တံခါးလည်း မဖွင့်ပေးမိပဲ ခပ်ကြောင်ကြောင်ရပ်ကာ ငေးကြည့်နေမိတော့သည်။

“ကဲ.. ဧည့်သည်ကို ဒီအတိုင်း ရပ်ခိုင်းထားတော့မှာလား”

သူ ပြောတော့မှ ကျွန်မသတိပြန်လည်လာကာ ကမန်းကတန်း တံခါးဖွင့်ပေးရသည်။ အခန်းထဲ ၀င်တော့လည်း ထိုင်ပါတွေ ဘာတွေ မပြောမိ။ သူ့ကိုမြင်မှ ခေါင်းကလည်း တစ်စစ်စစ်ကိုက်လာသည်။ ကျွန်မသူ့ကို ဧည့်ခန်းထဲတွင် စကားပြောရမည်လား။ တစ်ကယ်တော့ ကျွန်မ အိပ်ရာထဲတွင် လှဲနေချင်သေးသည်။ စာအုပ်များ၊ ပစ္စည်း ပစ္စယများနှင့် ရှုပ်နေသော ဧည့်ခန်းတွင် သူ့ကိုထိုင်ခိုင်းရသည်မှာလည်း တစ်ကယ်ကို အားနာပါသည်။ မိန်းကလေးများချည်းသာ စုကာ ငှားနေကြသောအိမ်တစ်အိမ်သို့ ကျွန်မတစ်ယောက်တည်း ရှိနေခိုက် ယောက်ျားလေး ဧည့်သည်တစ်ယောက် ရောက်လာသောကြောင့်လည်း ရှိုးတို့ ရှန်းတန်းဖြစ်မိသေးသည်။ တစ်ဆက်တည်းမှာပင် ပြည့်စုံသော၊ စီးပွားဥစ္စာ အတော်အတန်တောင့်တင်းသော မိသားစုမှ ပေါက်ဖွားလာသူတစ်ယောက်က အိမ်ထောင်ပရိဘောဂ မပြောနဲ့ အိမ်ရှေ့တွင် တီဗွီလေးတစ်လုံးပင် ပြည့်စုံစွာမရှိသော အိမ်သို့ရောက်လာသဖြင့် ကိုယ့်ကိုကိုယ် ရှက်ရွံ့အားငယ်စိတ်လည်း ၀င်မိသည်။ သူ့ရှေ့တွင် ကိုယ့်ကိုကိုယ် သိမ်ငယ်သလို ခံစားရသည်။ မိဝေး ဖဝေးသော ရန်ကုန်မြို့တွင် မိဘအထောက်အပံ့ကို မယူပဲ ကိုယ့်ခြေထောက်ပေါ် ကြိုးစားရပ်တည်နေနိုင်ခဲ့သည်ကို ကျွန်မကိုယ်ကျွန်မ အမြဲဂုဏ်ယူနေတတ်ကာ ရှက်စရာ သိမ်ငယ်စရာ အားငယ်စရာမဖြစ် ဘယ်သောအခါမှ မမှတ်ယူခဲ့ဖူးပါ။ ကိုယ့်ထက် အဆင့်အတန်းမြင့်သော၊ ချမ်းသာသော မိန်းကလေးသူငယ်ချင်းပေါင်း များစွာနဲ့လည်း ဤအိမ်တွင်ပင် စာတူတူလုပ်ခြင်း၊ ထမင်းတူတူ ချက်စားကြခြင်းကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ဖူးပြီ။ အိမ်များ ၊ ကားများ ကိုယ်စီပိုင်ဆိုင်ကြသော သူငယ်ချင်းများနှင့် ကိုယ့်လုပ်အားခနှင့်ကိုယ် ခြောက်လစာ၊ တစ်နှစ်စာ စာချုပ်များဖြင့်သာ နယ်မှလာသူအချင်းချင်း ပေါင်းကာစုကာ တိုက်ခန်းငှားနေရသော ကိုယ့်အဖြစ်ကို နှိုင်းယှဉ်ကြည့်ကာ အားငယ်စိတ်များလည်း တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးပါ။ ကျွန်မကိုယ် ကျွန်မ ကိုယ်ယုံကြည်ရာကို လက်ကိုင်ထားရင်း ရည်မှန်းချက်ရောက်အောင် လျှောက်လှမ်းနေရသည်ကို အမြဲကျေနပ်နေခဲ့ဖူးသည်။ သို့သော် ကျွန်မကိုယ်တိုင်က စိတ်ဝင်စားနေသော သူ့ဘက်မှလည်း ကျွန်မကို စိတ်ဝင်စားသယောင်ရှိသော ကျွန်မထက် အစစအရာရာ သာလွန်သော ယောက်ျားတစ်ယောက်က မထင်မှတ်ပဲ ကျွန်မ၏အိမ်စုတ်စုတ်လေးထဲကို ရောက်လာသောအခါ တစ်ခါမှ မဖြစ်ဖူးသော ၀မ်းနည်းမှုများ ရင်ထဲတွင် ဖြစ်ပေါ်လာသည်။ သူ့ဘ၀နဲ့ ကိုယ့်ဘ၀ကို နှိုင်းယှဉ်ကြည့်ကာ အကွာကြီး ကွာခြားနေသည်ဟု ခံစားမိသည်။ အခြေအနေချင်း မတူကြသည်ကို မေ့ထားကာ စိတ်ကူးတွေ ယဉ်ခဲ့ဖူးသည့် ကိုယ့်ကိုကိုယ်လည်း အပြစ်တွေ တင်မိသည်။ ပင်ပန်းမှုဒဏ်တွေကြောင့် ကိုယ်အပူရှိန်တွေတက်တာ နေမကောင်းဖြစ်နေသော ကျွန်မ.. ရှက်ရွံ့မှု၊ ၀မ်းနည်း အားငယ်မှု၊ သေးနုပ်သိမ်ငယ်မှုများကို မထိမ်းချုပ်နိုင်ပဲ သူ့ရှေ့တွင်ပင် အရုပ်ကြိုးပြတ်ကာ ပုံလျက်သား လဲကျသွားမိပါတော့သည်။

(Pls go to My Romeo – 4)

10 responses »

  1. ဒီအပိုင်းကျမှဖတ်မိတယ်။ ရှေ့အပိုင်းတွေလည်း ရှာဖတ်ပြီးပြီ။ ကောင်းလိုက်တာ။ နင်လည်း လွန်းထားထားလို မင်းသားနဲ့ မင်းသမီးကို မခွဲပစ်လိုက်နဲ့နော်။😉

  2. အန်…. ပြီးသွားပြီလား???
    မပြီးသေးဘူးလေ။ ဘာဆက်ဖြစ်လဲ။
    Romeo 4 မျှော်နေမယ်နော်။ ဆက်ရေးပါအုံး။😀

    ဒါနဲ့ magazine တွေဘာတွေ မပို့ဘူးလား၊ လက်ရာက professional ဖြစ်နေပြီနော်

    ခင်မင်လျက်

  3. ဖတ်လို့ အရိုန်တွေတက်နေပြီးနော် ထက် …မြန်မြန်ရေးတော့နော်…

  4. အရေး အသား တော်တော်ကောင်းပါတယ်
    ကျွန်တော်က story ဆို တစ်ခါမှ ဖတ်တာမဟုတ်ဘူး
    ဒီဇာတ်လမ်းကို နဲနဲ စဖတ်မိတာနဲ့ အဆုံးထိ ရောက်သွားတယ်
    ဆက်ဖတ်ဖို့ မျှောနေပါတယ်။

  5. Pingback: My Romeo (2) « The World of Pinkgold

  6. ဟာ ဒီနေ့တော့ ပီးအောင်ဖတ်ရမယ် အရမ်းစိတ်ဝင်စားနေပီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s