My Romeo (4)

Standard

**** 9****
ကျွန်မ တစ်ပတ်ခန့် အနားယူလိုက်ရသည်။ သွေးပေါင်တွေကျပြီး အားနည်းနေသဖြင့် ဆရာဝန်မှ အနားယူရန် အကြံပေးသည်။ ကျွန်မနှင့် အတူနေသော သူငယ်ချင်းများ ကျွန်မအပေါ်တွင် တစ်ကယ်ကောင်းကြပါသည်။ တစ်ယောက်တစ်လှည့် ခွင့်ယူကာ ကျွန်မ အနားနေပေးကြသည်။ ခင်ရာဆွေမျိုး ဟူသောစကား၏ အနက်ကို ကျွန်မ ယခုမှပင် သေသေချာချာ သဘောပေါက်သွားတော့သည်။ ဆွေမျိုးသားချင်း နည်းပါးသောကျွန်မအတွက် အမှန်တစ်ကယ် အရေးကြုံလာသည့်အခါ အနီးဆုံးရှိနေသော သူငယ်ချင်းများသည်သာ အားကိုးရာဖြစ်ခဲ့သည်။ ကျွန်မ မူးလဲသွားစဉ်တုန်းက ကိုနေသန့်က ကျွန်မကို ပွေ့ကာ ဆေးခန်းလိုက်ပို့ပေးသည်ဟု ဆိုသည်။ ကျွန်မ သတိပြန်ရလာသည်အထိ စိုးရိမ်တကြီးဖြင့် ကျွန်မနား နေပေးခဲ့သည်ဟု သူငယ်ချင်းများက ပြန်ပြောပြသည်။ ကျွန်မ ၀မ်းလည်းသာသလို ၀မ်းလည်းနည်းမိပါသည်။ သူ့ရှေ့တွင် ယခုလို ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့မိသည့် အတွက်လည်း ကိုယ့်ကိုကိုယ် အပြစ်တင် မဆုံးတော့ပါ။ နောက်နေ့များတွင် သူအိမ်ကိုရောက်လာသောလည်း အိပ်နေသည် ဟူသော အကြောင်းပြချက်များဖြင့် သူ့ကို ထွက်မတွေ့ဖြစ်ခဲ့ပါ။ ကျွန်မနဲ့ တွေ့ပြန်တော့လည်း “အလုပ်တွေ ပျက်နေပါ့မယ် အကိုရယ်.. ကျွန်မ နေကောင်းပါတယ်” ဟု အသာယာဆုံး ငြင်းဆိုကာ ကျွန်မအိမ်သို့ မလာခိုင်းခဲ့ပြန်။ သူဝယ်ပေးသော အားဆေးများ၊ မုန့်များကို ကျွန်မ အားနာစွာ လက်ခံရင်း ဂရုတစိုက်ရှိလှသော သူ့ကိုလည်း ကျေးဇူးတွေ တင်မိသည်။ နှလုံးသားထဲတွင်လည်း ကြည်နူးမှုများနှင့် ၀မ်းနည်းမှုများက အလှည့်ကျ ကခုန်နေကြတော့သည်။ ကျွန်မ ငယ်ငယ်တုန်းက သူဆင်းရဲနဲ့ ရွှေမင်းသမီးလေး၏ ပုံပြင်များ၊ မင်းသားလေးနှင့် တောသူမလေး၏ ပုံပြင်များကို မြောက်များစွာ ဖတ်ဖူးပါသည်။ အခြေအနေချင်းမတူပဲ ပေါင်းစပ်ကြသည့် ၀တ္ထုစာအုပ်များကိုလည်း ဖတ်ဖူးသည်။ ကျွန်မ နေမကောင်းတော့မှ ကိုနေသန့်တစ်ယောက် ပျာယာတွေခတ်ကာ ကျွန်မအပေါ်တွင် ထားသည့် သူ့သဘောထားများကိုလည်း ရိပ်မိသည်။ သူ၏ စိတ်ခံစားချက်များသည်လည်း ကျွန်မ အပေါ်တွင် လယ်ဗယ်တစ်ဆင့် မြင့်တက်နေပြီဖြစ်သည်။ သို့သော် ကျွန်မသည် ပုံပြင်ထဲမှ သူဆင်းရဲမလေး မဟုတ်သလို၊ ကိုးရီးယား ဇာတ်ကားများထဲမှ ဇာတ်လိုက်မ တစ်ယောက်လည်း မဟုတ်ပြန်ပါ။ လက်တွေ့ဘ၀ထဲမှ ရုန်းကန်လှုပ်ရှားမှုများကို ယုတ္တိကျကျရင်ဆိုင်နေရသူ တစ်ယောက်သာ ဖြစ်သည်။ အခြေအနေချင်းမတူညီသော ကိုယ့်အဖြစ်ကိုယ် သနားမိရင်းသာ သူနဲ့ ခပ်ဝေးဝေးနေရန် ဆုံးဖြတ်လိုက်မိပါတော့သည်။

ကျွန်မ ရုံးပြန်တက်သောအခါ “နေကောင်းပြီလား.. ရုံးတက်ပြီလား” ဟု သတင်းမေးသူများထက် “နေသန့် တစ်ယောက် တော်တော်မှ ဂရုစိုက်ရဲ့လား” ဟု မေးသူအရေအတွက်ကသာ ပိုများခဲ့သည်။ ရုံးတွင်းတွင်ကား ကျွန်မနှင့်သူ့ကို အားလုံးက ချစ်သူဖြစ်မည့်သူ နှစ်ယောက်အဖြစ် သတ်မှတ်ထားကြပြီဖြစ်မည် ထင်သည်။ အမှန်အတိုင်း ၀န်ခံရလျှင် ကိုယ်သဘောကျနေသည့် အမျိုးသားတစ်ယောက်နဲ့ တွဲစခြင်းခံရသော မိန်းကလေးတစ်ယောက် ဖြစ်သည်နဲ့အညီ ကျွန်မ ရှက်ရွံ့ကြည်နူးမိပါသည်။ ရင်တစ်လှပ်လှပ်ဖြစ်ကာ သူ့အနားကို သွားကာနီးတိုင်း ခြေလှမ်းတွေလည်း မှားတတ်ပါသည်။ သူ့အကြောင်းတွေ စဉ်းစားမိလိုက်တိုင်းလည်း ရင်အစုံက နွေးထွေးသွားတတ်ပါသည်။ သို့သော် အခြေအနေ ကွာခြားမှုကို နားလည်ထားပြီးဖြစ်သောကြောင့် ကျွန်မ၏ စိတ်ခံစားချက်များသည် နှလုံးသားထဲမှ အပြင်မရောက်မီ သိမ်ငယ်ပျောက်ကွယ် သွားတတ်ကြသည်။ ကျွန်မ ၀မ်းနည်းသည်။ ကျွန်မ မျှော်လင့်ချက်တွေ ပျောက်ဆုံးလု နီးနီးဖြစ်သည်။ ကျွန်မ ဘ၀ပေး ကုသိုလ်ကံကို အပြစ်တင်မိသည်။ ကျွန်မ သူနဲ့ ခပ်ဝေးဝေးတွင် နေပြီး ရင်တွင်းဖြစ်များကို အဆုံးသတ်နိုင်ဖို့ ကြိုးစားရသည်။ ဟုတ်ပါသည်.. ကျွန်မအရင်လို ရင်းရင်းနှီးနှီးနေခြင်းကို ဆင်ခြင်လိုက်သည်။ အလုပ်ကိစ္စမဟုတ်သော ဟိုဟိုဒီဒီ ကိစ္စများ လျှောက်ပြောခြင်းကို ရပ်နားလိုက်ရသည်။ မလိုအပ်ပဲ ခဏ ခဏ ခိုးကြည့်တတ်ခြင်းကို ထိမ်းချုပ်လိုက်ရသည်။ ကျွန်မနှင့် သူ၏ ဆက်ဆံရေးကို ဘောင်တစ်ခုထက် မပိုစေရန် ကိုယ်ပိုင် ကန့်သတ်ချက်များဖြင့် ကန့်သတ်လိုက်ရသည်။ ကျွန်မ၏ ပြောင်းလဲခြင်းများသည် မသိသာလွန်းခဲ့သော်လည်း ကျွန်မကို စိတ်ဝင်စားနေသော သူ့ အဖို့တော့ လွယ်လွယ်ကူကူ သတိပြုမိသွားစေသည်။ သူ့ကိုလည်း ကျွန်မနှင့် တွဲပြီး စနောက်ခြင်းများ ရှိကောင်းရှိနေနိုင်ပါသည်။ “လူပျိုကြီး ရင်ခုန်တတ်ပြီပေါ့” ဆိုသည့် စကားများကို ကျွန်မရှေ့တွင်လည်း ပေါ်ပေါ်ထင်ထင်ပြောကြသည်။ သူသည်လည်း ရင်ခုန်ကောင်း ခုန်ပါလိမ့်မည်။ သို့သော် ကျွန်မတို့ နှစ်ယောက်၏ ဇာတ်လမ်းသည် ရုပ်ရှင်ကားများထဲကလို ဇာတ်သိမ်းလှလိမ့်မည်ဟု ကျွန်မ မမျှော်လင့်ရဲခဲ့ပါ။

ကျွန်မဘက်မှာ ခပ်ခွာခွာနေခဲ့သော်လည်း သူ့ဘက်မှတော့ ကျွန်မနှင့် ပိုမိုနီးစပ်အောင် ကြိုးစားခဲ့ပါသည်။ ကျွန်မနဲ့အတူ နေ့လည်စာ လိုက်စားသည်။ ကျွန်မ သူငယ်ချင်းများနှင့် မသိမသာ အရောဝင်သည်။ ကျွန်မတို့ အဖွဲ့ကျနေလျှင် သူလည်း ရောယောင်ကာ ၀င်ပါတတ်သည်။ ယောက်ျားတော်တော်များများ ကျင့်သုံးသော ပိုးပန်းနည်း၏ အစပျိုးခြင်းကို သူလည်း ကျင့်သုံးခဲ့ပါသည်။ သူ ကျွန်မကို ချစ်သည်ဟုလည်း ကျွန်မ စိတ်ထဲမှ အလိုလို နားလည်လာခဲ့သည်။ သို့သော် ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းသွေးထိုးမှုကြောင့်များ စိတ်တွေ ပြောင်းလဲ လာသလားဟု ကျွန်မ တစ်ထင့်ထင့်လည်း ဖြစ်ရပြန်ပါသည်။ မည်သို့ပင် ဖြစ်စေဦးတော့ ကျွန်မ သူ့ကို မချစ်ရဲခဲ့ပါ။ သူ၏ အရေးပေးမှုများကို ထပ်မံ လက်မခံရဲခဲ့တော့ပါ။ သူ၏ စာနာ ကြင်နာမှုများကို မသာယာရဲခဲ့တော့ပါ။ အိမ်ပြန်နောက်ကျသည့် နေ့များတွင် ကျွန်မကို အရင်လိုမျိုး သူ့ ကားနဲ့ လိုက်ပို့ပေးဖို့ ပြောခဲ့သော်လည်း ကျွန်မ စကားလှလှများဖြင့် ၊ အကြောင်းတစ်ခုမဟုတ် တစ်ခုပြကာ ငြင်းဆိုခဲ့သည်ချည်း။ ကျွန်မအတွက် လက်ဆောင်များ ၀ယ်ပေးပြန်တော့လည်း အကြောင်းအမျိုးမျိုးဖြင့် ဖယ်ရှားခဲ့သည်ချည်း။ သို့သော် အလုပ်နှင့် ပတ်သက်လာသည့် အခါမျိုးတွင်တော့ ကျွန်မ မည်သည့်အရာကိုမှ မထိမ်းချုပ်ခဲ့ပြန်ပါ။ မေးရာရှိသည်ကို ရဲရဲမေးသည်.. မသိသော မတတ်သော အရာများကို သင်ယူသည်။ အလုပ်ထက်ပိုသည့် ပတ်သက်မှုမျိုး မဖြစ်စေရန်သာ ရှောင်ရှားခဲ့ပါသည်။ တစ်ပတ်…… နှစ်ပတ်… တစ်လ ကြာသည်အထိ သူ့ဘက်မှလည်း ရှေ့မတိုးခဲ့သော်လည်း သည်ထက် နည်းနည်းကြာလာသည့် အခါ. သူ ကျွန်မကို ထုတ်ဖော်မေးမြန်း လာပါတော့သည်။

“ထက်.. ကိုယ့်ကို ဆက်ဆံတာ အချိုးနည်းနည်း ပြောင်းသွားတယ်”

“အဲ… မဟုတ်ရပါဘူး အကိုရယ်.. အကိုစိတ်ထင်လို့ပါ”

“မဟုတ်ဘူး.. ကိုယ်သိတယ်.. ထက် ကိုယ့်ကို ဘာလို့ ခပ်ရှောင်ရှောင် ဖြစ်တာလဲ ပြော”

“အကိုကလည်း ရှောင်ချင်တောင် ရှောင်လို့ မရပါဘူးအကိုရယ် နေ့တိုင်းအလုပ်ထဲ တွေ့နေရတာပဲကိုများ.. ”

“ထက်ရယ်.. မင်း စကားကပ်မပြောပါနဲ့ကွာ.. ကိုယ် မင်းအပေါ် တစ်ခုခု အမှား လုပ်မိထားတာများ ရှိလား”

“အိုးး မရှိရပါဘူးရှင်.. တစ်ကယ်ဆို ထက် နေမကောင်းတုန်းက အလုပ်တွေကိုကူလုပ်ပေးတဲ့ အပြင်. ဂရုတစိုက်လည်း ရှိခဲ့တာကြောင့် ထက်က အကို့ကို ပြန်အားနာနေတာကို..”

“အားနာလို့ ရှောင်နေတယ်ပေါ့.. ဟုတ်လား ထက်.. မင်း အဲ့လို မလုပ်ရဘူးလေ”

“မဟုတ်ဘူး ကိုနေသန့်.. မရှောင်ပါဘူး.. ကျွန်မ ဒီအတိုင်းလေး နေ နေတာ”

“ဒီအတိုင်းလေး.. ဟုတ်လား..ထက်.. မင်း ဘာကိုဆိုလိုတာလဲ”

“သြော်.. ကိုနေသန့်နဲ့ ထက်.. အရင်လိုပဲ ပြောလိုက် ဆိုလိုက် အလုပ် လုပ်လိုက်နေကြတယ်လေ”

“အခု မင်းက အရင်လိုမှ မဟုတ်တော့ပဲ.. မင်းကိုယ့်အပေါ် ဆက်ဆံရေးတွေ ပြောင်းသွားတာ အသိသာကြီးကွာ”

ကျွန်မ သူ့ကို ရှင်းပြချင်ခဲ့ပါသည်။ တစ်ယောက်ခံစားချက်ကို တစ်ယောက်သိနေကြသည့်အလျောက် ကျွန်မမျက်လုံးများမှ အရိပ်အယောင်များကိုလည်း သူဖတ်နိုင်လိမ့်မည် ထင်ပါသည်။ ကျွန်မ၏ ရှိုးတို့ ရှန်းတန်း အမူအရာများကိုလည်း ကျွန်မ ပြောစရာမလိုအောင် သူ့ဘက်မှ သဘောပေါက်ပါလိမ့်မည်။ သူ၏ ရှေ့ဆက်တိုးချင်သော အခြေအနေများကိုလည်း ကျွန်မ အလိုလိုရိပ်မိပါသည်။ တစ်ယောက်နဲ့ တစ်ယောက် ရင်ခုန်သံချင်း ကာရံတူနိုင်ပါလျက်နဲ့ မတိုးသာ မဆုတ်သာသော အခြေအနေတစ်ခုသို့ ကျွန်မလည်း မရောက်ချင်ရိုး အမှန်ပါ။ သူ့ကိုလည်း တစ်ခုခုကို ပြတ်ပြတ်သားသား ဖြစ်စေချင်ခဲ့သည်။ ကျွန်မကို စိတ်ကုန်သွားစေချင်ကာ..အခြေအနေချင်းတူသော မိန်းကလေးများကိုသာ စိတ်ဝင်စားစေချင်ခဲ့ပါသည်။ ပတ်ဝန်းကျင်မှ အရောက်ပို့သော စကားများကြောင့်လည်း သူ့စိတ်များကို မယိုင်စေလိုခဲ့ပါ။ နောက်ဆုံးတွင် မိန်းကလေး ဖြစ်သော ကျွန်မဘက်မှသာ အရာရာကို ထိန်းချုပ်ရပါတော့မည်။ ကျွန်မ သူ့ကို ချစ်ချင်သောလည်း မချစ်နိုင်သယောင် ဆက်လက် ဟန်ဆောင်ရပါတော့မည်။ ခံစားချက် ခါးခါးသီးသီးများကို စားသုံးမိသောကျွန်မ.. ထို ခါးသက်သောအရသာကိုပင် မိုက်မဲစွာ ဆက်လက်စားသုံးရပါတော့မည်။

“အကို စိတ်ထင်လို့ပါ အကိုရယ်… ကျွန်မ ပုံမှန်ပါပဲ… အကိုက ကျွန်မရဲ့ စီနီယာပါပဲ.. အကိုက ကျွန်မရဲ့ အကိုပါပဲ..ကျွန်မ တစ်ကယ်ကို အရင်အတိုင်းပါပဲ အကိုရယ်… ကဲ.. ကျွန်မ ဒီနေ့ Client တစ်ယောက်နဲ့ ချိန်းထားလို့ သွားလိုက်ပါအုံးမယ်ရှင့်”

“အိုကေ အိုကေ… မင်းမှာ ကိုယ်နဲ့စကားပြောစရာကလည်း အလုပ်ကိစ္စအပြင် မရှိတော့သလိုပဲနော်”
ကျွန်မ.. သူ့ကို ပြုံးရုံသာ ပြနိုင်ပါတော့သည်။ ထို့နောက် ရုံးမှာလည်း ဆက်မနေချင်တော့သည်နှင့် ပြင်ပမှ Customer များနှင့် မီတင်တွေ တစ်ခုပြီး တစ်ခုသွားကာ မားကက်တင်း ဆင်းနေလိုက်တော့သည်။ ကျွန်မရုံးကို ပြန်ရောက်တော့ ခြောက်နာရီထိုးလုနီးပြီ။ Out Pass Record တွင် လက်မှတ်ထိုးပြီး အခန်းထဲဝင်လိုက်တော့ သူ့ကို အလုပ်လုပ်နေသေးတာကို တွေ့သည်။ မနက်က သူမေးထားခဲ့သော စကားများကြောင့် ကျွန်မသူ့ကို မျက်နှာချင်း မဆိုင်ရဲခဲ့ပါ။ တစ်ခုခု ထပ်မေးလျှင် ကျွန်မခံစားချက်များ အလိမ်ပေါ်ပါတော့မည်။ ထို့ကြောင့် သူ့ကို “ပြန်တော့မယ်” ဟုသာ ပြောကာ ရုံးဆင်းလာခဲ့တော့သည်။

ကျွန်မတို့ရုံးတွင် ရုံးတွင်းဝန်ထမ်းတိုင်း ယူနီဖောင်းဝတ်ရသည်။ စကတ်အတို ၊ ရှပ်လက်ရှည်ကို မိန်းကလေး ၀န်ထမ်းတိုင်း ၀တ်ကြရသည်။ ယောက်ျားလေးများ၏ ယူနီဖောင်းက စတိုင်လ်ပန်၊ ရှပ်လက်ရှည်ဖြစ်သည်။ ကျွန်မကိုယ်တိုင်က ဒေါက်ဖိနပ်ကြိုက်သည်က တစ်ကြောင်း၊ ယူနီဖောင်းနဲ့ လိုက်လျောညီထွေ ဖြစ်စေရန်က တစ်ကြောင်းကြောင့် ဒေါက်ချွန်ချွန်ဖိနပ်များကိုသာ အစီးများခဲ့သည်။ ကျွန်မရုံးဆင်းလာသောအခါ ပတ်ဝန်းကျင်တွင် မှောင်ရိပ်သန်းစပြုပြီ။ မီးပြတ်သောနေ့လည်း ဖြစ်သောကြောင့် ပိုမှောင်နေသည်ဟု ထင်မှတ်ရသည်။ ကားဂိတ်ဆီသို့ ကျွန်မ ခပ်သုတ်သုတ်လျှောက်သည်။ ကားမရမှာ စိုးရိမ်သောစိတ်က စောနေသဖြင့် ကျွန်မ အပြေးတစ်ပိုင်းဖြင့် လျှောက်လာခဲ့မိသည်။ လမ်းဘေး ပလက်ဖောင်းများ မညီမညာဖြစ်နေသည့်အပြင် ဖိနပ်ဒေါက်ကလည်း ချွန်နေသေးသောကြောင့် ကျွန်မ တစ်ချက် တစ်ချက် ယိုင်နဲ့နဲ့ပင် ဖြစ်သွားရတော့သည်။

“ဂျွပ်”

ဟား.. သွားပြီ။ လမ်းဘေးပလက်ဖောင်းပေါ်ရှိ လွတ်နေသောကြားလေးများထဲကို ကျွန်မဒေါက်ကလေး စိုက်ဝင်သွားခဲ့သည်။ ကျွန်မလည်း လဲကျလုလုဖြစ်သွားခဲ့ရတော့သည်။ အရှိန်ဖြင့်လျှောက်လာသောကြောင့်ထင်သည်…. ဒေါက်ကလေးမှာ ခပ်နက်နက်စိုက်ဝင်ကာ ညှပ်သွားတော့သည်။ ကျွန်မ ပတ်ဝန်းကျင်ကို မရှက်အားတော့ပဲ ထိုင်ချကာ ဒေါက်ကို ဆွဲဖြုတ်ရတော့သည်။ ထိုစဉ် ကျွန်မ ဖိနပ်ကို တစ်ယောက်ယောက်က ၀င်ကောက်ပေးလိုက်သဖြင့် ကျွန်မ အံအားသင့်ကာ မော့ကြည့်လိုက်တော့.. ကိုနေသန့်။ ဘယ်အချိန်ကတည်းက ကျွန်မဖြစ်ပျက်နေပုံကို မြင်နေသည် မသိ။ ပြုံးစိစိမျက်နှာ အမူအရာကို တွေ့နေရသေးသည်။ ကျွန်မ မျက်နှာတွေ ထူပူသွားကာ သူကောက်ပေးသော ဖိနပ်လေးကိုပင် မယူမိပြန်မယူမိ။

“ကဲ.. စင်ဒရဲလား.. ဖိနပ်ကျွတ်ရတယ်လို့ကွာ”

“အားနာလိုက်တာ အကိုရယ်.. အကိုက ဘယ်လိုရောက်လာတာတုန်း..”

“မင်းနောက်က လိုက်လာတာလေ..”

သူ ပြောတော့ ကျွန်မ တစ်ချက်ရင်ဖိုမိပါသည်။ ဖိနပ်ကို လှမ်းယူကာ စီးရင်း လမ်းဆက်လျှောက်ဖို့ ပြင်တော့ သူပါ ကျွန်မဘေးမှ ယှဉ်လျက်လိုက်လာသည်။

“အကို.. ဘယ်သွားမှာလဲ.. ကား မပါဘူးလား”

“ထက်ကို လိုက်ပို့မှာလေ”

“အာ.. အကိုကလည်း မဟုတ်တာကြီးကို.. ထက်က နေ့တိုင်း တစ်ယောက်တည်း ပြန်နေကျပဲဟာ”

“နောက်ကျနေပြီလေ.. မှောင်နေပြီ.. မင်းက ကိုယ့်ကားနဲ့ လိုက်ပို့မယ်ဆိုလည်း ရပါတယ် ဘာ ညာ ပြောအုံးမှာ မဟုတ်လား.. ဒါကြောင့် မင်းကို အခုလို လိုက်ပို့တာဗျာ.. ကဲ”

“မဟုတ်ဘူးလေ အကိုရယ်.. ထက် က ကလေးလည်း မဟုတ်ဘူး.. မသွားတတ် မလာတတ်လည်း မဟုတ်ဘူး.. ပြီးတော့ အရမ်းအားနာဖို့ကောင်းတယ်”

“ကဲပါ.. ကားဂိတ်ရောက်ကာနီးပြီ စကားမများပါနဲ့တော့.. မင်းနဲ့တူတူ ဘတ်စ်ကား လိုက်စီးမယ် ဟုတ်ပြီလား”

ဘယ်လိုမှ ပြောမရတော့သည့် အဆုံး သူ့ လိုက်ပို့သည်ကို လက်ခံလိုက်ရတော့သည်။ သူဌေးသား တစ်ယောက်က ဘတ်စ်ကား စီးနိုင်လိမ့်မည် မဟုတ်ဟု ကျွန်မ တွေးထားခဲ့သော်လည်း ဘတ်စ်ကားပေါ်တွင် သူ ငယ်ငယ်တုန်းက သူငယ်ချင်းများနဲ့တူ ဘတ်စ်ကားစီးရင်း ကျူရှင်တက် ကျောင်းတက်လုပ်ခဲ့ရတာ သတိပြန်ရသည့်အကြောင်းတွေ ပြောပြသည်။ ဆယ်တန်းအောင်လို့ ဘန်ကောက်မှာ ကျောင်းသွားတက်တော့လည်း ဘတ်စ်ကား၊ တုပ်တုပ် စသည်များကို စီးရသည့်အကြောင်းများကို ပြောပြပါသေးသည်။ ဘတ်စ်ကားပေါ်တွင်လည်း ကျွန်မ၏ ထမင်းချိုင့်နှင့် စာအုပ်တစ်ချို့ကို အတင်းကိုင်ပေးသေးသည်။ နာရီဝက်ခန့် ကားစီးပြီးသည့်နောက် ကျွန်မဆင်းရမည့် ဘတ်စ်ကားမှတ်တိုင်ကို ရောက်လာသည်။ ကားပေါ်မှဆင်းလိုက်ပြီး ကျွန်မက တစ်ယောက်တည်းသာ သွားတော့မည်ဟု ပြောလိုက်သည်။

“ဟား ဒီထိတောင် ရောက်လာပြီလေ.. မင်းအိမ်ထိ လိုက်ပို့တော့ရော ဘာဖြစ်မှာ မို့လို့လဲကွာ”

“ကျွန်မ သူငယ်ချင်းတွေ တစ်မျိုးထင်မှာ စိုးလို့ပါ”

“မင်းကလည်း.. အခုမှ ဘာဖြစ်နေတာတုန်း.. အရင်တုန်းကလည်း ကိုယ်မင်းကို လိုက်ပို့ဖူးတာပဲဟာ”

“မဟုတ်ပါဘူး သူများတွေ တစ်မျိုးထင်ကြရင် ကိုနေသန့်အတွက် မကောင်းဘူးလေ”

ကျွန်မပြောတော့ သူတစ်ချက်ရယ်ပါသည်။ “မင်းက ပတ်ဝန်းကျင်က စကားတွေကြောင့် အခုလိုဖြစ်နေတာလား” ဟု ပြောကာ ကျွန်မရှေ့မှ ကျွန်မ ထမင်းချိုင့်ကိုဆွဲကာ လျှောက်သွားသောကြောင့် ကျွန်မလည်း ဘာမှထပ်မပြောအားတော့ပဲ သူ့နောက်ကလိုက်ရသည်။ ဘတ်စ်ကားဂိတ်မှ ကျွန်မနေသောအိမ်သို့ ငါးမိနစ်ခန့် လမ်းလျှောက်ရပါသေးသည်။ လမ်းတစ်လျှောက်တွင်လည်း မုန့်ဆိုင်များ၊ အသုတ်ဆိုင်များ၊ စတိုးဆိုင်များ ကျူရှင်များဖြင့် လှည်းတန်းသည် စည်ကားနေပါတော့သည်။ ၀က်သားဒုတ်ထိုးစားချင်သည်ဟု ပြောပြီး ၀က်သားဒုတ်ထိုးဆိုင် ၀င်ထိုင်သဖြင့် ကျွန်မလည်း သူ့နောက်မှ လိုက်ထိုင်ကာ စားရသည်။ ကျွန်မ၏ အသိစိတ်မှ သူ့ကို ဟန်ဆောင်ငြင်းဆိုနေသော်လည်း သူနဲ့ အခုလိုမျိုး အတူသွား၊ အတူတူမုန့်စားရသည်များကို ကျွန်မ ပီတိဖြစ်ကာ သာယာမိပါသည်။ သူ ကျွန်မကို ဂရုတစ်စိုက်ရှိခြင်းကိုလည်း မိန်းကလေးတစ်ယောက် အနေဖြင့် ကျေနပ်မိပါသည်။ သူ့အပေါ် တိမ်းညွတ်သည့်စိတ်များက အလိုအလျောက်ဖြစ်ပေါ်လာကာ စိတ်အလိုကို လိုက်လိုက်ရတော့မည်လားဟုလည်း တွေးမိလိုက်ပါသေးသည်။ စားပြီးသွားတော့ သူ ဘာစကားမှ မပြောပါပဲ ကျွန်မအိမ်နားထိ ဆက်လျှောက်လာကာ လှေကားဝထိလိုက်လာခဲ့သည်။ အိမ်ပေါ်တက်ကာနီး သူ့ကို နုတ်ဆက်တော့ ကျွန်မ မျှော်လင့်ခဲ့သော်လည်း မမျှော်မှန်းရဲသော စကားများကို ကျွန်မကို ပြောပါတော့သည်။

“ကျေးဇူးပဲ အကို.. လိုက်လာပေးတာ.. အကို ဘယ်လိုပြန်မှာလဲ”

“တက္ကစီ ငှားသွားမယ်လေ.. ထက်.. ကိုယ့်ကို လိုက်ပို့ခွင့်ပြုတာ ကျေးဇူးတင်တယ်နော်”

“ထက်က ပြန်ကျေးဇူးတင်ရမှာပါ အကိုရယ်.. ဂရုစိုက်ပြီးပြန်နော်”

“ထက်.. သိလား. ကိုယ်လေ.. ကိုယ်တို့ရုံးက လူတွေကို သိပ်ကျေးဇူးတင်မိတယ်.. ကိုယ် မပြောရဲခဲ့တာတွေကို သူတို့တွေက သတ္တိတွေထည့်ပေးလိုက်တယ်”

“ဘာရယ်.. အကို.. ဘာကိုဆိုလိုတာလဲဟင်”

“ကိုယ် မင်းကို ချစ်နေတာ ကြာပြီလေ ထက်ရဲ့.. မင်း အနေအထိုင် တတ်လွန်းခဲ့တာရယ်.. ကိုယ်က မင်းရဲ့ အထက်လူကြီး ဖြစ်နေတာကြောင့်ရယ်.. ကိုယ် ဘယ်လိုဖွင့်ပြောရမယ်မှန်းလည်း မသိဘူး… ကိုယ်.. အခွင့်အရေးတွေ အများကြီး စောင့်ခဲ့တယ်ကွာ.. ထက် မျက်ဝန်းထဲက အရိပ်တွေလည်း.. ကိုယ်သိနေခဲ့တယ်.. ဒါပေမယ့်.. ထက် နေတတ်လွန်းခဲ့တယ်”
ကျွန်မသူ့စကားတွေကို ငြိမ်သက်စွာ ရပ်ကာနားထောင်နေမိသည်။ ဘာ စကားမှလည်း ပြန်မပြောမိ။ ရင်ခုန်ရလွန်းသဖြင့် ပြန်ပြောဖို့လည်း သတိမရမိ။ သူ့ နုတ်ခမ်းလေးတွေ ၊ သူ့မျက်ဝန်းလေးတွေကိုသာ မှင်သက်ငေးမော နေခဲ့မိတော့သည်။

“ကိုယ်..နဲ့မင်း အသက် နည်းနည်းကွာရင် ကွာလိမ့်မယ်.. ဒါပေမယ့် အချစ်က အသက်နဲ့ မဆိုင်ဘူးလေ.. ကိုယ်.. မင်းရဲ့ လုပ်ရည်ကိုင်ရည်ကို သဘောကျတယ်.. ကိုယ် မင်းရဲ့ စိတ်နေ စိတ်ထားကို ချစ်တယ်.. မင်း စကားပြောတဲ့ အမူအရာတွေ.. မင်း ကိုယ့်ကို ကြည့်တဲ့ အကြည့်တွေ. မင်း ကိုယ့်ကို ပြုံးပြတာတွေ အကုန်လုံးကို မြတ်နိုးတယ်.. ရင်ခုန်တယ်ကွာ.. တစ်ကယ်ပါ.. ကိုယ်မင်းကို သိပ်ချစ်နေခဲ့တာ..”

ကျွန်မ သူ့ကို ဘာများပြန်ပြောလိုက်ရမှာလဲ။ သူ ချစ်တဲ့အကြောင်းတွေကိုသာ တရစပ်ပြောသွားပြီး ပြန်သွားခဲ့သည်။ ကျွန်မကကော သူ့ကို ချစ်နေခဲ့လား.. အနည်းဆုံးတော့ စဉ်းစားပေးပါအုံးလားဆိုတာကို သူဘာလို့ မပြောခဲ့တာပါလိမ့်။ ကျွန်မကိုယ်တိုင်က သူ့ကို စိတ်ဝင်စားနေတယ်ဆိုတာကို သေချာပေါက်သိလို့ ကျွန်မဆီက အဖြေမတောင်းခဲ့တာလား။ ဒါမှ မဟုတ်.. ကျွန်မသူ့ကို ရှောင်နေခဲ့တာကို ရိပ်မိလို့ ညှာတာသည့်သဘောနဲ့ ဘာမှ မမေးခဲ့တာလား။ သူကိုယ်တိုင်ကကော သူနဲ့ ကျွန်မရဲ့ အခြေအနေတွေကို နားလည်သဘောပေါက်ထားသည့်အတွက်ကြောင့် နှစ်ယောက်သား ချစ်နေပေမယ့် ချစ်သူမလုပ်ကြဘူးဆိုတဲ့ ရည်ရွယ်ချက်တွေများ ရှိနေခဲ့တာလား။ နောက်ဆုံးတွင် ကျွန်မငြင်းလိုက်မှာကိုများ စိုးလို့လားဆိုသည့် မှန်းဆမရနိုင်သော အရာများစွာနဲ့အတူ အူလည်လည်ဖြင့် အိမ်ပေါ်ကို တက်လာခဲ့မိသည်။ သူ့ဘက်မှလည်း ဖွင့်ပြောလာခဲ့ပြီ.. ကျွန်မဘက်ကတော့သူ့ကို ချစ်နေခဲ့ပြီးဖြစ်သည်။ ရည်းစားစကားသာအပြောခံရပြီး အဖြေတောင်းခြင်းမခံရသောအခါ ကျွန်မစိတ်ထဲ နည်းနည်းတော့ ဘ၀င်မကျဖြစ်မိပါသည်။ ဒါမှမဟုတ်.. သူဟာ ချစ်ကြဖို့ရာကို အလုပ်လိုပဲ သဘောထားပြီ.. အဖြေတောင်းဖို့ကိုတောင် ပလန်တွေ ဆွဲနေခဲ့သလားကွယ်ဟု စိတ်ပေါက်ပေါက်နဲ့လည်း တွေးမိသေးသည်။

ကျွန်မ အိမ်ပေါ်ရောက်လာတော့.. ကျွန်မသူငယ်ချင်းတစ်ယောက်က ကျွန်မအတွက် ပါဆယ်ထုပ်ရောက်နေသည်ဟု ဆိုကာ အထုပ်တစ်ထုပ်လာပေးသည်။ ကျွန်မ အနည်းငယ်တော့ အံ့သြမိပါသည်။ နယ်မှာနေသော ကျွန်မ မိဘတွေ ကျွန်မကို စာတိုက်များမှ ပါဆယ်များ ၊ စာများပို့လေ့မရှိပါ။ လူကြုံဖြင့်သာ စားစရာများထည့်ပေးလေ့ရှိပါသည်။ အဝေးမှ သူငယ်ချင်းတစ်ယောက်တစ်လေများ တစ်ခုခုပို့ပေးကြသလားဟု တွေးရအောင်လည်း ကျွန်မကို စာတိုက်မှတစ်ဆင့် လက်ဆောင်ပို့ပေးရလောက်အောင် ခင်မင်သောသူငယ်ချင်း တစ်ယောက်တစ်လေမှ ရပ်ဝေးတွင် မနေကြပါ။ ကျွန်မအဖို့မှာ သည်နေ့တော့ ထူးဆန်းပြီးရင်း ထူးဆန်းနေတော့သည်။ ကိုနေသန့်က ရည်းစားစကားပြောသည်.. အခု ပါဆယ်တစ်ထုပ်ကို တွေ့ရသည်။ ကျွန်မဆက်မတွေးအားတော့ပဲ.. ဗိုက်ဆာနေသောကြောင့် ရေချိုးကာ ညနေစာ စားဖို့ပြင်သည်။ ပါဆယ်ထုပ်ကိုလည်း အေးအေးဆေးဆေးမှ ဖွင့်ကြည့်တော့မည်ဟု စိတ်ကူးသောကြောင့် အိပ်ရာထက်တွင် ခဏတင်ထားခဲ့သည်။

ညအိပ်ရာဝင်ကာနီးတော့ ကျွန်မ အထုပ်ကိုဖွင့်ကြည့်မိသည်။ လီယိုနာဒိုနဲ့ ရိုက်ထားသော ရိုမီယိုနဲ့ ဂျူးလိယက်.. ဇာတ်ကားအခွေ တစ်ခွေ.. ရှိတ်စပီးယားဝတ္ထုများ စာအုပ်တစ်အုပ်.. ပြီးတော့ အသဲပုံဖော်ထားသော ဒိုင်ယာရီ ပန်ရောင်လေးတစ်ခုနဲ့ ကတ်ကလေးတစ်ခု။ ကတ်ပေါ်မှာ ရေးထးသောစာများကို ဖတ်ရန်ပြင်နေတုန်း.. ကျွန်မအတွက် ဖုန်းလာနေသည်ဟု ဘေးအိမ်မှ အမကြီးလာပြောသဖြင့်.. အပြေးကလေး ဖုန်းသွားကိုင်ရသည်။

“ထက်လား.. ကိုယ်ပါ နေသန့်..”

“သြော.. ကိုနေသန့်.. ဟုတ်ကဲ့”

“မင်းကို ကိုယ်စာတိုက်ကနေ ပို့ထားတဲ့ လက်ဆောင်တွေ ရပြီးရောပေါ့.. မင်း သဘောကျရဲ့လား”

“ရှင်.. အဲ့ဒါ. အကိုပို့တာလား.. ဘယ်တုန်းက ပို့လိုက်တာလဲ”

“ကိုယ်.. တမင်စီစဉ်ပြီး ပို့ခဲ့တာပါ.. မင်းက ရိုမီယိုနဲ့ ဂျူးလိယက်ကို သိပ်ကြိုက်တယ်ဆိုလို့လေ.. ထက်.. ကိုယ်ပေးတာ သဘောကျရဲ့လား”

“သြော်.. ဟုတ် သဘောကျပါတယ် အကို”

“ကိုယ်.. ကတ်ထဲမှာလည်း စာရေးထားတယ်.. ကိုယ်မင်းကို ရိုမီယိုက ဂျူးလိယက်ကို ချစ်သလို ချစ်ပါရစေလို့.. မင်းလည်း ကိုယ့်ကို မင်းရဲ့ ရိုမီယိုလို့ ပြန်သဘောထားပေးပါလို့.. ထက် ဖတ်ပြီးပြီလား”

“ဟင့်အင်းး. မဖတ်ရသေးဘူး.. ထက်.. ဖုန်းလာကိုင်တာ”

“ထက်.. ကိုယ်ထပ်ပြောမယ်.. မင်းကို သိပ်ချစ်ပါတယ်.. မင်းလည်းကိုယ့်ကို ပြန်ချစ်လာစေချင်တယ်.. မင်း ကိုယ့်ကို အဖြေပေးပါနော်.. ချက်ချင်းတော့ မဟုတ်ပါဘူး.. ကိုယ်ဟာ မင်းချစ်သင့်တဲ့ လူတစ်ယောက်ပါလို့.. မင်းကိုယ်တိုင် သဘောပေါက်လာတဲ့ တစ်နေ့မှာပေါ့.. ကိုယ် စောင့်နိုင်တယ်.. ကိုယ်.. မင်းရဲ့ ချစ်သူဖြစ်ပါရေစေ. ဂွဒ်နိုက်နော်…”

တစ်ဘက်မှ ဖုန်းချသွားသောအခါ ကျွန်မရင်ထဲတွင် အတိုင်းမသိလှုပ်ရှားနေတော့သည်။ ကျွန်မအိမ်ကို အပြေးကလေး ပြန်သွားကာ. သူပို့ပေးသည်ဆိုသော ကတ်မှ စာတွေကိုဖတ်မိသည်။ “ကိုယ်မင်းကို သိပ်ချစ်ပါတယ်.. ရိုမီယိုနဲ့ ဂျူးလိယက်လို ချစ်ကြမယ်.. ကိုယ့်ကို မင်းရဲ့ ရိုမီယို ဖြစ်ခွင့်ပေးပါ” ဆိုသည့် စာသားတွေကြောင့် ကျွန်မ မျက်ရည်များပင် လည်ရပါသည်။ ကိုနေသန့်ရယ်.. ရှင်ဟာ ဒီလိုစိတ်ကူးယဉ်ဆန်တတ်လိမ့်မယ်လို့ ကျွန်မ ဘယ်လိုများ တွေးမိမှာလဲကွယ်။ သေချာပါသည်.. ကျွန်မ၏ ညအိပ်မက်များသည် ဒီညအဖို့ သာယာလှပလွန်းနေပါတော့မည်။

(Pls go to the last Episode)

12 responses »

  1. ရိုမီယိုနဲ့ ဂျူးလိယက် ဘယ်လိုဆက်ဖြစ်ကြမှာလဲ
    ထက်ဆိုတာလေးကို သဘောကျတယ်း)

  2. ဇာတ်လမ်း ကတော့တော်တော် ကောင်းနေပြီဗျ။ အစကတော့ မြန်မြန် ပြီးအောင် ရေးစေချင်တယ်၊ နောက်တော့ ဖတ်ရင်း နဲ့ အခုလို ဇာတ်လမ်း ရှည်ရှည် ကို စောင့်ဖတ်ရတာ သဘောကျလာတယ်။ ဇာတ်လမ်း ကို ချုံ့ပစ်လိုက်လို့ မကောင်းဘူးလေ၊ စာရေးဆရာ စိတ်ထဲမှာ ဇာတ်ကွက်တွေ အများကြီး ကျန်သေးတယ် မလား။
    ကဲ ဘယ်နှပိုင်း ကျန်ကျန် ၊ ဖြေးဖြေးသာ ရေးပါဗျို့၊ စိတ်ရှည် လက်ရှည် စောင့်ဖတ်ပြီ ။🙂
    ခင်မင်လျက်

  3. ထက်ရေ… ဒီည အိပ်မက်လေးထဲမှာ ထက်ရဲ့ ရိုမီယိုကို ထည့်မက်မိတော့မယ် ထင်တယ်… အချစ်အကြောင်းကို သိမ်မွေ့ သပ်ရပ်စွာ ရေးပြထားနိုင်တယ်နော်… ဟုတ်တယ်… စိတ်ရှည်လက်ရှည်ကို စောင့်ပြီးဖတ်မှာ… ။

  4. hey fri,ku ma sa read ya pay mal a yan kyite tal.fri yae yin hte ko myin nay ya tha lo pae .naut htet yay lar mal words tway ko fri nae htet tu khan sar mal.kyo sar htar par fri lay.

  5. အားပေးတယ်။ ရေလည် အားပေးတယ်။ ဒီလိုဒီလို ဥာဏ်ကောင်းလွန်းတဲ့ အတွက် ထပ်ဆင့် ချီးကျူးတယ်… ဒီပို့စ်ကို ရေးတဲ့ အတွက်. (အကြောင်းရင်းကို သိချင် အွန်လိုင်းမှာ မေးနိုင်သည်🙂 )

  6. Pingback: My Romeo (3) « The World of Pinkgold

  7. ဒီနေ့တော့ စာပဲထိုင်ဖတ်တော့ မယ် အရမ်းကောင်းလွမ်းလို့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s