My Romeo (Last Episode)

Standard

ကျွန်မ၏ ရိုမီယို (ဇာတ်သိမ်း)

****10****

နောက်တစ်နေ့ မနက်ခင်းတွင် ရင်ခုန်မှု ပြင်းပြစွာဖြင့် ကျွန်မနိုးထလာခဲ့သည်။ ခပ်စောစောလေးနိုးနေသဖြင့် အိမ်ရှေ့ဝရံတာတွင် ထွက်ရပ်ကာ ပတ်ဝန်းကျင်ကို ဟိုကြည့် ဒီကြည့်လုပ်မိသေးသည်။ မနက်ခင်းသည် တောက်ပသော နေရာင်ဖြင့် သာယာနေခဲ့ပါသည်။ လမ်းမကို ဖြတ်သန်းတိုက်ခတ်လာသည့် လေညှင်းတွေ ကျွန်မရဲ့ ပါးပြင်တွေကို ကလူကျီစယ်ကြသည်။ နုညံ့လွန်းသဖြင့် မွေးညှင်းပေါက်လေးများဆီသို့ လေးတိုးသံ သဲ့သဲ့လေးကိုတောင် ကျွန်မခံစားမိပါသည်။ လမ်းပေါ်မှာ လူတွေနဲ့ စည်ကားစပြုပြီ။ လမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာ လူတွေ တိုးနေကြပြီ။ ဟော.. ဟိုမှာ ခပ်ငယ်ငယ် ကောင်လေးနဲ့ ကောင်မလေးတစ်ယောက် လက်ချင်းချိတ်ကာ မနက်ခင်းကိုခံစားရင်း လမ်းလျှောက်နေကြသည်။ ကောင်လေးက သူ့ကောင်မလေးကို စကားတစ်ခု လှမ်းပြောလိုက်တော့ ကောင်မလေး သဘောကျစွာပြုံးသည်။ ထို့နောက် ကောင်မလေးက ကောင်လေးကို ရွှန်းရွှန်းစားစားလေး ကြည့်ကာ ကောင်လေး၏ပခုံးကို ခေါင်းကလေး မှီနွှဲ့ရင်း ဆက်လျှောက်သွားကြသည်။ ကျွန်မ အလိုလိုပျော်လာသည်။ ရုတ်တရက် သူ့ကို သတိရသည်။ ဘုရားရေ.. ဒီနေ့ သူ့ကို ကျွန်မ ဘယ်လိုများ ရင်ဆိုင်ရမှာပါလိမ့်။ မနေ့ညနေက ရည်းစားစကား အပြောခံထားရသည့် ကျွန်မဟာ ဒီနေ့မှာတော့ သူ့ကိုရင်ဆိုင်ရန် အလွန်ခက်ခဲနေပါတော့သည်။ ကျွန်မ ရုံးကနေ ခွင့်ယူလိုက်လျှင်ကောင်းမည်လား။ သည်လိုဆိုလျှင် သူ ကျွန်မအိမ်ကို လိုက်ချင်လည်း လိုက်လာနိုင်ပါသေးသည်။ မဖြစ်သေးပါဘူး…. မိန်းကလေးက အထာပေးကာ အိမ်ကိုလာခိုင်သည်ဟု ထင်သွားလျှင် အခက်ကြီး ခက်နေအုံးတော့မည်။ ကျွန်မရုံးသွားဖို့ ပြင်ဆင်ရပါတော့သည်။

တစ်ခါမှ မဖြစ်ဖူးသည့် အလွဲတွေ ကျွန်မ ဒီနေ့ဖြစ်သည်။ ရေးချိုးခန်းဝင်တော့ ဆပ်ပြာခွက် မေ့ကျန်ခဲ့သဖြင့် အပြင်တစ်ခေါက်ထွက်ကာ ပြန်ယူရသေးသည်။ သနပ်ခါးလိမ်းပြီး ခေါင်းဖီးသောအခါ လက်ထဲမှ ဘီး ခဏ ခဏ လွတ်ကျသည်။ ယူနီဖောင်းကို အရောင်မှား ၀တ်လာမိသဖြင့် လမ်းတစ်ဝက်ရောက်မှ အိမ်တစ်ခေါက်ပြန်လာကာ လဲရသေးသည်။ ကျွန်မ ဘာတွေများဖြစ်နေပါလိမ့်။ နေ့တိုင်းတွေ့နေကျ သူ့ကိုတွေ့ဖို့ ဒီနေ့မှာမှ ဘာကြောင့်များ စိုးထိတ်နေရတာလဲ။ သူ့ရှေ့ရောက်လျှင်ကော ကျွန်မ ပုံမှန်အတိုင်း နေနိုင်ပါ့မလား။ သူကကော ကျွန်မကို တွေ့ရင် ဘယ်လိုများ ဖြစ်နေလိမ့်မလဲ။ ကျွန်မဆီက ချက်ချင်းကြီး အဖြေတောင်းလျှင် ကျွန်မ ဘာလုပ်ရပါမည်လဲ။ ခက်တော့ နေပါပြီ ကိုနေသန့်ရယ်။ ကျွန်မ ရှင့်ကို ချစ်တဲ့ စိတ်တွေကို တိုးတိတ်ကျိတ်မှိတ်ပြီး ဖုံးကွယ်တတ်ပြီ ထင်ခဲ့တာ တစ်ကယ်တော့ အချိန်တွေကြာလာသည်နဲ့ အမျှ ရှင့်ကို ချစ်တဲ့ စိတ်တွေလည်း ပိုမိုလာခဲ့တယ်ဆိုတာ ကျွန်မရဲ့ ဂဏာမငြိမ်မှုတွေက ဖော်ပြနေခဲ့ပါပြီကော။

အလွဲတွေ တစ်ခုပြီး တစ်ခုဖြစ်ပြီးနောက်ဆုံးတွင်တော့ ကျွန်မရုံးကိုရောက်လာခဲ့သည်။ Attendance လက်မှတ်မထိုးပဲ အခန်းထဲဝင်လာသဖြင့် ပြန်ထွက်လာကာ လက်မှတ်ထိုးရသေးသည်။ ရုံးတက်ချိန်ထက် နာရီဝက် နောက်ကျပြီးသည်အထိ သူ ရုံးကိုရောက်မလာသေးပါ။ ကျွန်မ အလုပ်တွေ တစ်ခုပြီး တစ်ခုလုပ်ရင်း သူ ဒီနေ့မလာလျှင် ကောင်းမည်ဟု တွေးမိသေးသည်။ သို့သော် နေ့လည် ၁၁ နာရီထိုးသည်ထိ သူ တစ်ကယ်ရောက်မလာသေးသောအခါ ကျွန်မ ဘယ်လိုမှ မနေနိုင်တော့ပါ။ ကျွန်မလိုပဲ သူကော ရင်ဆိုင်ဖို့ ခက်နေသလား။ ဘယ်လိုမှ မဖြစ်နိုင်ပါ။ နိုင်ငံခြားတွင် လေးနှစ်လောက်နေဖူးသည့် ယောက်ျားတစ်ယောက်ဟာ သူ ရည်းစားစကားပြောထားသည့် မိန်းကလေးတစ်ယောက်ကို ရင်ဆိုင်ဖို့ ခက်ခဲရလောက်အောင်တော့ ရှက်ရွံ့မနေနိုင်ပါ။ မနေ့ညက ကျွန်မဆီမှ ပြန်သွားပြီးနောက် လမ်းတွင် တစ်ခုခုများ ဖြစ်သေးသလားဆိုသည့် စိတ်က ကျွန်မရင်ကို ထပ်မံပူလောင်စေခဲ့သည်။ မလာနိုင်ရင်လည်း ခွင့်လေးတော့ တိုင်လိမ့်မည်ဟု တွေးမိကာ မမိုးကို မေးကြည့်ရန် သတိရသည်။ သို့သော် ဘာကြောင့်မှန်း မသိပဲ ကိုနေသန့် ရုံးလာ မလာကို မေးရမည့် အရေးကို ကျွန်မ မ၀ံ့မရဲဖြစ်နေမိပြန်ပါသည်။ တစ်ယောက်ယောက်များ တစ်ခုခုထင်သွားခဲ့လျှင်ဟု ကိုယ့်ဟာကိုယ် မလုံမလဲ ဖြစ်မိပြန်ပါသေးသည်။ ထို့ကြောင့် နေ့တစ်ဝက်တော့ လာနိုင်တန် ကောင်းပါရဲ့ဟု ကိုယ့်ဟာကိုယ် ဖြေသိမ့်ပြီး အလုပ်တွေကို ကြိုးစားစိတ်နှစ်ကာ လုပ်မိပြန်ပါသည်။ သူနဲ့ ရည်စားမဖြစ်ခင်ကတည်းက ကျွန်မဒီလိုတွေ စိတ်ယောက်ယက်ခတ်နေလျှင် သူနဲ့များ ရည်းစားတွေဖြစ်သွားလို့ကတော့ ဘယ်လိုစိုးရိမ်ပူပန်မှုတွေကများ ကျွန်မကို ထပ်နှိပ်စက်အုံးမှာ ပါလိမ့်။

တစ်ခုတော့ ကောင်းပါသည်။ ယခင်တုန်းက စိတ်ဖြင့်မှန်းဆ၍သာ စိတ်ကူးယဉ်ရဲသော ကျွန်မ ခုချိန်မှာတော့ ပေါ်တင်စိတ်ကူးယဉ်စရာ အခွင့်အရေး ရသွားသည်။ သို့သော် အခြေအနေတွေ မတူဘူးဆိုသည့် စိတ်က ကျွန်မကို ခြောက်လှန့်ပြန်ပါသည်။ အချစ်ဆိုတာကို ရင်ဆိုင်ဖို့ရာမှာ အခြေအနေတွေ အချိန်အခါတွေက ဒီလောက်များတောင် အရေးပါသတဲ့လား။ အသက် ၂၀ ကျော်မိန်းကလေး တစ်ယောက်ဟာ အချစ်ကိုဦးစားပေးပြီး ရူးမိုက်စွာလည်း လောကကို ဖြတ်သန်းသင့်သေးပါရဲ့။ တစ်ခါတစ်လေမှာလည်း စိတ်အလိုလိုက်ကာ မတူညီမှုတွေကို လျစ်လျူရှုလိုက်ချင်ပါတော့သည်။ သို့သော် သေသေချာချာပြန်တွေးကြည့်လိုက်ပြန်သောအခါ ချစ်လျက်နဲ့ ဝေးကြရမည့် အရေးကို ကျွန်မမျက်လုံးထဲ မြင်ယောင်လာပြန်ပါသည်။ ချစ်ကြလျှင် အတူနေချင်ကြမည်။ အတူနေကြရဖို့ မြန်မာမိန်းကလေး တစ်ယောက်အနေဖြင့် တရားဝင် လက်ထပ်ရမည်။ လက်ထပ်ဖို့ ဆိုသည့်အရေးတွင် နှစ်ဦးတည်း သဘောထားများထက် မိဘ ဆွေမျိုး ပတ်ဝန်းကျင် ဆိုသောအရာတွေက ကျွန်မတို့ မပါဝင်ခိုင်းပါပဲ ၀င်ပါကြပြန်ပါဦးမည်။ အဆင့်အတန်းဆိုသည့် စကားတွေကို ကျွန်မတို့ မပြောခိုင်းပါပဲ သူတို့တွေ ပြောကြပါလိမ့်မည်။ ထိုအခါ စိတ်ဆင်းရဲမှုဆိုသော အရာတွေက ကျွန်မတို့ မဖိတ်ခေါ်ပါပဲ အလိုလိုရောက်လာပါလိမ့်ဦးမည်။ နောင်ခါမှ ၀မ်းနည်းစရာတွေ ကြုံချင်ကြုံပါစေ လောလောဆယ်မှာ ကိုယ်ချစ်ချင်နေသည့် သူကို ချစ်လိုက်ရင်ပြီးတာပါပဲဟုလည်း ကလေးတစ်ယောက်လို စိတ်ကူးမိပြန်ပါသေးသည်။ သို့သော် ချစ်ကြပြီးမှ ဝေးကြရမည့် ကြေကွဲမှုတွေထက် ဒီအတိုင်းလေး မပတ်သက်ပဲ နေရခြင်းက ထုထည်ပါးလွှာပါလိမ့်မည်။ နှစ်ဦး နှစ်ဘက်အဆင်ပြေဖို့ ကျွန်မ သူ့ကို ပြန်မချစ်မှ ဖြစ်ပါလိမ့်မည်။ သူလည်း အချိန်တန်လို့ အဖြေပြန်မရလျှင် ယောက်ျားများ၏ ထုံးစံအတိုင်း နောက်တစ်ယောက်ဆီ အလိုအလျောက်ကူးပြောင်းသွားပါလိမ့်မည်။ ကျွန်မသူ့ကို မချစ်ဖို့ ထပ်မံဆုံးဖြတ်လိုက်မိပါသည်။

ထိုနေ့က တစ်နေသာ ကုန်၍ ရုံးဆင်းချိန်ကိုသာ ရောက်လာခဲ့သည်။ သူ့ကိုတော့ အရိပ်ကလေးပင် မတွေ့ခဲ့ရပါ။ မမိုးကို သွားမေးကြည့်တော့လည်း သူ့ကိုဘာမှ မပြောထားကြောင်း သိရသည်။ HR ကို မေးကြည့်ပြန်တော့လည်း ခွင့်မတိုင်ထားကြောင်း သိရသည်။ သူနေမကောင်းတွေ ဘာတွေများ ဖြစ်လို့လားဟု စိတ်တစ်ထင့်ထင့်ဖြစ်နေမိပြန်ပါသေးသည်။ အခန်းထဲပြန်လာကာ ကွန်ပျူတာပိတ်ပြီး အလုပ်ဆင်းဖို့ ပြင်သည်။ ထိုစဉ် သူငယ်ချင်းတစ်ယောက် ဂျီတော့ပေါ်မှ လှမ်းစကားပြောသဖြင့် သူ့ကိုစကားခဏ ပြန်ပြောပြီး ဂျီတော့ပေါ်မှ online friend list ကိုကြည့်မိသည်။ မထင်မှတ်ပဲ ကိုနေသန့်၏ အကောင့်ကို မီးကလေးစိမ်းလျက် တွေ့ရသည်။ အိုး.. သူ အွန်လိုင်းပေါ်ကိုတောင် ရောက်လာနိုင်သေးမှတော့ ဘာမှ မဖြစ်သည်မှာ သေချာပါတော့သည်။ ဘယ်အချိန်ကတည်းကရောက်နေလို့ ဘာတွေများလုပ်နေတာပါလိမ့်။ သူ့ ဂျူနီယာဖြစ်သည့် ကျွန်မကို အလုပ်ကိစ္စလေး ဖြစ်ဖြစ်တောင် ပြောစရာမရှိလို့ သူ ကျွန်မကို လှမ်းမခေါ်တာများလား။ ဒီနေ့ ရုံးကို မလာရသည့် အကြောင်းရင်းကိုတောင် ဘာလို့ မပြောရတာများပါလိမ့်။ ကျွန်မကို တမင်သက်သက်မျှော်နေစေချင်လို့ အလုပ်မတက်ပဲနေခဲ့တာများလား။ ကိုနေသန့်ရယ်… ဒါတွေဟာ ယောက်ျားတွေရဲ့ မာယာတွေများလားကွယ်။

နောက်တစ်နေ့မှာတော့ သူ ရုံးကိုရောက်လာပါသည်။ ရုံးမှန်မှန်တက်နေလျက်နဲ့တောင် အလုပ်များသော သူ့အတွက် တစ်ရက်လောက် ရုံးပျက်လိုက်ခြင်းသည် အလုပ်များတောင်လိုပုံသွားစေပါတော့သည်။ ဖုန်းတွေ တစ်ခုပြီး တစ်ခုဒိုင်ခံပြောရသည်။ ကျွန်မနှင့် ပြော၍ မပြတ်သည့် ကိစ္စများကို သူ လာမှ အပြီးသတ်ရသည်။ Client များအတွက် ကျွန်မ ပြင်ဆင်ထားသော ရီပို့များကို စစ်ဆေးရသည်။ ဒီဇိုင်းများကို တစ်ခုပြီး တစ်ခု အဆုံးသတ်ရသည်။ သူလည်း အလုပ်များ၊ ကျွန်မလည်း သူလာမှ လုပ်စရာအလုပ်တွေ ပိုလာကာ အလုပ်များဖြင့် တစ်ယောက်နဲ့ တစ်ယောက် စကားမပြောအားအောင် ရှိခဲ့ကြသည်။ ညနေစောင်း ကော်ဖီသောက်ချိန် ရောက်တော့မှ ကျွန်မတို့ နှစ်ယောက် အလုပ်ကိစ္စ မဟုတ်သော စကားကို ပြောအားကြတော့သည်။ ဒီနေ့အဖို့မှာတော့ မနေ့ကလောက် ရင်ခုန်မှုတွေ ကျွန်မထံတွင် မရှိတော့ပဲ သူ့အား ပိုမိုရဲဝံ့စွာ ဆက်ဆံနိုင်ခဲ့သည်။ ဒါတောင် မတော်တဆများ သူ အဖြေတောင်းလာလျှင် ဘယ်လိုလုပ်ရပါ့ ဆိုသော အတွေးတွေက ကျွန်မကို အချိန်ပြည့် စိုးမိုးနေခဲ့တော့သည်။ မနေ့က ဘာကြောင့်မလာတာလဲ ဆိုသော အမေးကို ကျွန်မက မေးစရာမလိုပဲ သူ့ အလိုလိုကျွန်မကို ပြောလာခဲ့ပါတော့သည်။

“မနေ့က အမေ သွေးတိုးနေလို့လေ.. ကိုယ့်မှာ ဆေးခန်းနဲ့ အိမ်ပြေးနေရလို့ မလာအားတာ”

ဟုတ်ကဲ့.. ကျွန်မတောင် မျှော်နေမိသေးတယ် အကိုရယ် ဆိုသော စကားကို ပြန်မပြောမိစေဖို့ ကျွန်မတော်တော် သတိထားလိုက်ရသည်။ မျှော်နေတယ် ဆိုသည့်စကားက ဆိုလိုရင်း နှစ်မျိုးကို ရောက်စေသောကြောင့် တစ်ခြားစကားလုံးကိုသာ ကျွန်မရွေးချယ် ပြောဆိုရသည်။

“ဟုတ်လား.. တော်တော်နေမကောင်းဖြစ်နေလား အကို”

“အင်း.. အမေက သွေးတိုးရှိတယ်လေ.. အဲ့ဒါ မနေ့က မနက်က အုန်းနို့ခေါက်ဆွဲကို မတည့်မှန်းသိရက်နဲ့ စားတာ ခံလိုက်ရတာပေါ့”
“ဟုတ်.. အခုရော သက်သာလား အကို”

“အခုလည်း မသက်သာဘူး.. အလုပ်တွေ မလုပ်မဖြစ်လို့သာ ကိုယ်ရုံးကိုလာရတာ.. ဒီတစ်ခေါက် အမေသွေးတိုးတာ တော်တော်ဆိုးတယ်.. အခု အိမ်မှာ နာ့စ်နဲ့ ထားခဲ့ရတယ်”

“ဟုတ်.. တစ်ခြားသူတွေရော မရှိကြဘူးလား.. ထက်ပြောတာက မိသားစုတွေကို ပြောတာ”

“အင်း ဒီမှာက ကိုယ်ရယ် အမေရယ် အိမ်မှာခိုင်းတဲ့ ကလေးမလေးရယ်ပဲရှိတာလေ.. ကိုယ့် အကိုတွေက နိုင်ငံခြားမှာ.. အမေက မြန်မာပြည်မှာ နေချင်လို့သာ ကိုယ်ဒီကို ပြန်လာရတာ.. ကိုယ်တို့တွေ ဟိုမှာနေဖို့ စီစဉ်ပြီးသား နယူးယောက်မှာ ပြောတာ”

“သြော်.. ထက်လည်း မြန်မာပြည်ကို သိပ်ချစ်တာ အကိုရဲ့.. မြန်မာပြည် ဘာပဲ ဖြစ်နေပါစေ ဒီမှာပဲ နေချင်တယ်”

ကျွန်မ စကားတွေက သူ့ကို ဘယ်လိုခံစားမှုမျိုးတွေ ဖြစ်သွားစေသလဲတော့ မသိပါ။ “ကိုယ်လည်း မြန်မာပြည်ကို ချစ်တယ်.. အရင်က အမေ့ကို မရမကခေါ်ပြီး ဟိုမှာနေဖို့ ဆုံးဖြတ်ပြီးသား ပေမယ့် ခုတော့ မြန်မာပြည်မှာ နေချင်တဲ့သူ နောက်တစ်ယောက်ရှိနေတာ သိရလို့ ဒီမှာပဲ နေတော့မယ်” ဆိုတာကို ကျွန်မကို ပြောသည်။ အမှန်အတိုင်းပြောရလျှင် ကျွန်မ ကိုယ့်ဟာကိုယ် ဒေါသထွက်မိသွားပါသည်။ စကားကို သတိထားပြောနေလျက်နဲ့ သူ့ကို ကျွန်မအပေါ် သံယောဇဉ်မပြတ်စေမည့် စကားတစ်ခွန်းကို ပြောထွက်သွားပြန်ပါပြီ။ ကျွန်မ သူ့ကို မျက်လုံးအ၀ိုင်းသားနဲ့သာ ကြည့်မိပါတော့သည်။ သူလည်း ကျွန်မကို ပြုံးကြည့်ရင်း စကားထပ်ပြောသည်။

“ထက်.. ကို ကိုယ့်အိမ် တစ်ခေါက်တော့ ခေါ်ရမယ်”

“အို… ဘာလုပ်ဖို့လဲ.. မလိုက်ပါဘူး”

“အဲ… ငြင်းတာကလည်း ဖြေးဖြေးငြင်းလို့ရပါတယ်ကွယ်.. မင်း ဟာက အလန့်တကြား”

“အဲ.. မဟုတ်ဘူးလေ.. ထက် ပြောတာက. ကိုနေသန့်အိမ်ကို လိုက်လည်ရလောက်အောင် ကိုနေသန့်နဲ့ ထက်က မရင်းနှီးဘူး ပြောတာပါ”

“နိုး မရဘူး.. မင်း နေမကောင်းတုန်းက ကိုယ် မင်းကို သတင်းလာမေးရတယ်.. ဒီတော့ ကိုယ့်အမေနေမကောင်းတော့ မင်းလည်း ကိုယ့်အိမ်ကို လိုက်ပြီး သတင်းလိုက်မေးပေါ့ကွ မဟုတ်ဘူးလား”

“အလို.. အတုံ့ အလှည့်ကြီးနဲ့လား.. ထက်က ကိုနေသန့် ထက်ကို စေတနာရှိလို့ လာကြည့်တယ် ထင်နေတာ”

ပြောပြီးမှ ကျွန်မစကားတွေ မှားသွားမှန်း သိလိုက်ရပြန်ပါသည်။ သူ့ကို ရွဲ့သလိုဖြစ်သွား စေရုံသာမက ကျွန်မက သူ့ကို စိတ်ဝင်စားနေခဲ့ပါသည် ဆိုသည့်သဘောသက်ရောက်သော စကားကို ကျွန်မပြောမိပြန်ပါသည်။ ကျွန်မ အဖြစ်က နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေ့တိုးမိ ဆိုသည့် သီချင်းထဲကလို ဖြစ်နေပြန်ပါတော့သည်။ စကားကို ထိမ်းပြောနေရင်းက တစ်ချက် တစ်ချက် လွတ်လွတ်ထွက်သွားတတ်တာဟာ သူ့လိုအင်မတန်ပါးနပ်သည့် လူတစ်ယောက်အတွက် ကျွန်မရင်ထဲကို ထိုးဖောက်မြင်နိုင်စွမ်း ရှိပါလိမ့်မည်။ ကျွန်မကို ဘာမှ ပြန်မပြောပဲ အလိုက်သင့် ပြုံးပြရင်း တစ်ဘက်ကို လှည့်သွားခဲ့သည့်အတွက် ကျွန်မကို အကျပ်မရိုက်စေခဲ့ပါ။ ဒါဟာလည်း တော်သည့် ယောက်ျားတစ်ယောက်၏ မိန်းကလေးတွေဘက်ကို ညှာတာတတ်တဲ့ စိတ်ထားများ ဖြစ်ပါလိမ့်မည်။ ကျွန်မသူ့ကို ဘာမှထပ်ပြောဖို့ မစဉ်းစားတော့ပဲ အလုပ်စားပွဲဆီသို့ ပြန်လာကာ အလုပ်ကိုသာ သဲကြီး မဲကြီး လုပ်နေမိပါတော့သည်။ ထိုနေ့က ရုံးဆင်းသည်အထိ ကျွန်မတို့နှစ်ယောက် ထပ်ပြီး မျက်နှာချင်း မဆိုင်မိကြသလို၊ စကားတွေလည်း ထပ်မများမိကြတော့ပါ။ အမေနေမကောင်းလို့ အိမ်စောစောပြန်ရမည်ဟုဆိုကာ ရုံးစောစောဆင်းသွားသည့်အတွက် ကျွန်မ နေရထိုင်ရတာ သက်တောင့်သက်သာ ရှိသွားပါတော့သည်။ သို့သော် ရုတ်တရက်လည်း သူဟာ အမေချစ်သော သားတစ်ယောက်များဖြစ်မည်လားဟု သူ့အကြောင်းတွေက စိတ်ထဲရောက်ရှိလာပြန်ပါသည်။ အခြေအနေချင်း မတူညီသည့် အမေချစ်သည့် သားတစ်ယောက်ကို ကျွန်မ ရည်းစားတော်ဖို့ ပို၍ပင် ခက်ခဲသွားပါတော့သည်။

တနင်္ဂနွေတစ်ရက်မှာတော့ သူလုပ်နေသည့် ပရဟိတအသင်းကလေး၏ မီတင်ကိုတက်ရန် ကျွန်မအား ဖိတ်သည်။ အစကတည်းက စိတ်ဝင်စားကာ ၀င်ရောက်လုပ်ကိုင်ပေးပါမည်ဟု ကတိပေးထားသည့် ကျွန်မ သူ့ ဖိတ်ခေါ်ချက်ကို မငြင်းဆိုနိုင်ပဲ သွားတက်ဖြစ်ပါသည်။ ကျွန်မကိုယ်တိုင်လည်း တစ်ကယ်စိတ်ဝင်စားသည့်အတွက် သွားချင်ခဲ့ပါသည်။ ထိုနေ့က Moon Bakery တွင်လုပ်သော သူတို့မီတင်သို့ လူအယောက် နှစ်ဆယ်ခန့် လာရောက်ကြပါသည်။ လက်ရှိ လှူနေသည့် မိဘမဲ့ကလေးကျောင်းများ၊ နောက်ဆက်လက်လုပ်ဆောင်သွားမည့် အကြောင်းများကို အဖွဲ့ဝင်တွေ ဆွေးနွေးကြသည်။ ကျွန်မမှာတော့ အတွေ့အကြုံမရှိသူပီပီ သူတို့ပြောသမျှကို ပါးစပ်အဟောင်းသားလေးနဲ့သာ ငေးကာ နားထောင်ရသည်။ သူတို့ပြောသည့် Project Cycle Management ဆိုတာတွေ၊ မိဘမဲ့ကလေးများကို knowledge များသာမက skill များပါ ထည့်သွင်းပေးရမည်ဆိုတာတွေ၊ psychological training များကို ဆရာကြီးများမှတစ်ဆင့် ပေးရမည်ဆိုသောအရာတွေက ကျွန်မနားနဲ့ အစိမ်းသက်သက်ကြီး ဖြစ်နေပါတော့သည်။ ကိုနေသန့် တစ်ယောက်ကတော့ အတွေ့အကြုံရော အရည်အချင်းပါရှိသည့် သူတစ်ယောက်ပီပီ လုပ်ကိုင်ဆောင်ရွက်မည့် အရာများကို သူ့ အဖွဲ့ဝင်သူငယ်ချင်းများနှင့် တိုင်ပင်ကာ ချမှတ်နေပါတော့သည်။ ကျွန်မကိုတောင် သူနဲ့အတူ filed ဆင်းမည့်သူများ စာရင်းထဲ မမေးမမြန်း ထည့်ထားလိုက်သေးသည်။ နှစ်နာရီလောက် ဆွေးနွေးပြီးတော့ မီတင်ပြီးသွားသဖြင့် တစ်ချို့တွေ ပြန်ကုန်ကြသည်။ ကျွန်မလည်း ပြန်တော့မလိုလုပ်တော့ သူက ခဏနေပါအုံးဆိုကာ သူ့သူငယ်ချင်းများနဲ့ မိတ်ဆက်ပေးသည်။

“သူက.. မင်းဇော် MPA တက်နေတာ.. ခုတော့ NGO တစ်ခုမှာ လုပ်နေတယ်.. ဟိုဘက်က ရုပ်ဆိုးဆိုးနဲ့ကောင်က မျိုးကို.. အင်တာနက်ဆိုင်ဖွင့်ထားတယ်.. အွန်လိုင်းပေါ်မှာ ကောင်မလေးတွေကို လျှောက်ကျူနေတာ.. ဟီးဟီး.. ဒီဘက်ကတော့ မေသီရိ.. ကိုယ်တို့ သူငယ်ချင်းပဲ.. အပျိုကြီးပေါ့ကွာ ကြိုက်မယ့်သူမရှိလို့ ငှက်ပျောတုံးဖက်ပြီး သေရတော့မှာ.. သူကတော့ Accountant လုပ်နေလေရဲ့.. ကိုယ်တို့အဖွဲ့ရဲ့ အလှူငွေတွေကို ထိမ်းသိမ်းသူကြီးပေါ့.. ဟေ့ကောင်တွေ ဒါက ငါ့အလုပ်က ငါနဲ့ တစ်ဌာနတည်းလုပ်တဲ့ ထက်မှူးရှိန်”

“ဟား ဟား တစ်ဌာနတည်းမှာ နှစ်ယောက်တည်း လုပ်တာလားကွ”

“ညီမလေး.. သူ့ကို သတိနဲ့သာပေါင်းသိလား.. အလုပ်တွေကို ညီမလေးကိုချည်း ခိုင်းနေလိမ့်မယ် လူလည် ဒီကောင်က”

“ညီမလေး အကြောင်းကိုတော့ အမတို့ကို ပြောပြဖူးပါတယ်. သူ့ တပည့်ကောင်မလေးက တော်တယ်ဆိုပြီးတော့လေ”

“ဟေ့ကောင်တွေ.. မင်းတို့ ကြည့်လည်းစပါကွာ.. နောက်ပြီး ငါ့တပည့်မဟုတ်ပါဘူဟ သီရိရ. ငါကလည်း ဆရာမဟုတ်ပါဘူး.. ထက် ဒီကောင်တွေက ငလောင်တွေသိလား.. ကိုယ်တို့ ခင်နေတာကြာပြီ”

သူတို့တွေ တစ်ယောက်တစ်ပေါက်ပြောသည်ကို ကျွန်မပြုံးကာသာ နားထောင်နေရသည်။ ခုမှ ကိုနေသန့်တစ်ယောက် သူငယ်ချင်းများနှင့် ပြောဆိုနေသည်မှာ တစ်ကယ့်ကို ရုံးတွင်းက အသွင်နဲ့ ခြားနားနေပါတော့သည်။ တစ်ယောက်နဲ့ တစ်ယောက်စလိုက်၊ ကျွန်မကို စလိုက်နဲ့ သူတို့အဖွဲ့နဲ့အတူ ကျွန်မလည်း ပျော်လာပါတော့သည်။ ကျွန်မ သတိထားမိသည်က သူတို့အားလုံးသည် ကိုနေသန့်ကို ကျွန်မဆီ မသိမသာ တွန်းပို့နေကြခြင်းဖြစ်သည်။ သူ ကျွန်မကို စိတ်ဝင်စားနေတယ်ဆိုတာကို သူငယ်ချင်းများကို ပြောပြထားဟန်ရှိသည်။ မျိုးကိုဆိုသည့် တစ်ယောက်ကပို၍ ပင်ဆိုးသည်။ “ညီမလေး နာမည်ကို ကြားဖူးနေတာကြာပြီ.. နေသန့်ကြီး ပြောပြောနေတာလေ.. သြော် သူ့မှာလည်း တစ်ဌာနတည်းမှာ နှစ်ယောက်တည်းရှိတော့ ညီမလေးအကြောင်းပဲ ပြောစရာရှိလို့နေမှာပေါ့နော်” ဟု ဆိုကာ စပြန်သည်။ ကျွန်မ ဘာမှတော့ ပြန်မပြောမိပါ။ သူတို့ စနေသဖြင့် မနေတတ်မထိုင်တတ်တော့ပဲ ပြန်ချင်စိတ်သာ ဖြစ်လာပါတော့သည်။ ထိုစဉ် တစ်ယောက်က “ညီမလေး နေသန့်ကို ရည်းစားများ မတော်ချင်ဘူးလား. ဒီကောင် သနားပါတယ်.. နိုင်ငံခြားမှာကတည်းက တစ်ယောက်မှ မရခဲ့ဘူး” ဟု ဆိုသဖြင့် ကျွန်မ မျက်နှာတွေ ထူပူပြီး..“အို မတော်ချင်ပါဘူး” ဟု ပြောမိပြောရာ ပြန်ပြောပြီး အိမ်မှာလုပ်စရာတွေ ရှိသဖြင့် ပြန်ချင်သည်ဟု အကြောင်းပြကာ ပြန်ရန်ပြင်သည်။ သူက လိုက်ပို့ပေးမည်ဟု ပြောသည်။ ကျွန်မက ငြင်းသော်လည်း သူ့ သူငယ်ချင်းများက လိုက်သွားပါညီမလေးရယ်ဟု အတင်းပြောသဖြင့် သူ့ကားနဲ့ ကျွန်မ လိုက်လာခဲ့သည်။ ကားပေါ်တွင်လည်း ရှက်စိတ်များကြောင့် သူ့ကို ဘာစကားမှ ထပ်မပြောမိ။ ကားမှန်များမှ တစ်ဆင့်သာ အပြင်ကို ငေးကာလိုက်ပါလာခဲ့တော့သည်။

လှည်းတန်းနားအရောက်တွင် ကားက ရုတ်တရက် ကျွန်မနေသည့် အင်းစိန်လမ်းဘက်သို့ မဟုတ်ပဲ ပြည်လမ်းဘက်ကို မောင်းသွားသဖြင့် “ကိုနေသန့် ဘယ်သွားမလို့လဲ” ဟု အလန့်တကြား မေးမိသေးသည်။ သူ ကျွန်မကို ဘာစကားမှ မပြောပဲ ဆက်မောင်းပြီးနောက် မာလာဆောင်နားရောက်တော့မှ ကားရပ်လိုက်သည်။ ထို့နောက် အဆက်အစပ်မရှိသော စကားများ ကျွန်မကိုပြောသည်။

“ထက်.. မင်း ကိုယ့်ကို တစ်ကယ်ပြန်ချစ်ဖို့ စိတ်ကူးမရှိဘူးလား”

“အာ ဘာဖြစ်တာလဲ.. ဘာမှလည်းမဆိုင်ပဲနဲ့”

“မဟုတ်ဘူးလေ.. မင်း ခုနက မျိုးကို ကို ပြောခဲ့တာကြောင့်ပါ.. ကိုယ့်ကို တစ်ကယ်မချစ်ဘူးလား.. ကိုယ့်ကို တစ်ကယ်ရည်းစား မတော်ချင်ဘူးလား”

ကျွန်မရင်ထဲတွင် ပြောစရာ စကားများ ပျောက်ဆုံးကုန်သည်။ သူ့မျက်ဝန်းတွေက စိတ်မကောင်းခြင်း အရိပ်တွေ ထင်ဟပ်နေသည်။ ကျွန်မရင်ထဲလည်း မွန်းကျပ်လာသည်။ ကျွန်မ အလိုလိုငိုချင်လာသည်။ သို့သော် စကားသံတွေကို အတတ်နိုင်ဆုံး ပုံမှန်ဖြစ်အောင်ထိမ်းရင်း ပြန်ပြောသည်။

“ထက်နဲ့ ကိုနေသန့် ချစ်လို့ မဖြစ်ပါဘူး.. အခြေအနေတွေက အကွာကြီး ကွာပါတယ်”

“နေပါအုံး.. အခြေအနေဆိုတာ ဘာကိုပြောတာလဲ.. ကိုယ် မင်းကို ချစ်တယ်လေ.. မင်း ကော ကိုယ့်ကို မချစ်ဘူးလား ထက်.. ပြော.. မင်းကိုယ့်ကို မချစ်ဘူးလား”

“လမ်းမကြီးမှာ ကားရပ်ပြီးပြောတာ မကောင်းပါဘူး အကိုရယ်.. နောက်မှ ဆက်ပြောကြတာပေါ့.. ကျွန်မကို အိမ်ပြန်ပို့ပေးနော်”

“နိုး.. မင်း ဆီက အဖြေရမှ ကိုယ်မင်းကို အိမ်ပြန်ပို့ပေးမယ်.. မင်း ဖြေပါ”

ကျွန်မ ဘာတွေများ ပြန်ပြောလိုက်ရမည်လဲ။ ကျွန်မနှလုံးသားထဲတွင် သူ့ကို ချစ်နေသည်။ သို့သော် မချစ်ဖို့ အားတင်းကာ ဆုံးဖြတ်ပြီး ဖြစ်သည်။ ကျွန်မနုတ်ခမ်းများမှတော့ “ရှင့်ကို မချစ်ဘူး” ဆိုသည့် စကားတွေ မထွက်ကျလာခဲ့ပါ။ သူ့ကိုလည်း ထိုကဲ့သို့ မပြောရက်ခဲ့ပြန်ပါ။

“ကျွန်မတို့ အချိန်တွေ အများကြီး ရှိပါသေးတယ် အကိုရယ်.. နောက် စဉ်းစားလို့ရပါသေးတယ်.. နောက်ပြီး ထက်နဲ့ ကိုနေသန့် ချစ်လို့ မဖြစ်ပါဘူး”

“ထက်.. မင်း ဘာကိုပြောတာလဲ.. မင်းက ယောက်ျားတစ်ယောက်ကို ကြိုးရှည်ရှည်နဲ့ လန်ထားတတ်တဲ့ မိန်းမတစ်ယောက်လား.. ဟုတ်လား.. ကိုယ့်ကို အချိန်တွေ ဆွဲထားမှာလား”

“အာ… မဟုတ်ဘူး.. ထက်ကို အဲ့လို မပြောနဲ့.. ထက် အဲ့လို မိန်းမ မဟုတ်ဘူး.. အခုဟာက ဘယ်လိုမှ မဖြစ်နိုင်လို့”

“ဘာလဲ.. ထက်.. မင်းဟာက ဘာလဲ.. မဖြစ်နိုင်ဘူးဆိုတာ ဘာလို့လဲ.. ကိုယ်က ပွေနေလို့လား.. ကိုယ်က မိန်းမရှုပ်နေလို့လား.. ဒါမှ မဟုတ်.. ကိုယ်က မင်းနဲ့ မတန်လို့လား ဟုတ်လား ပြောစမ်းပါ”

“မဟုတ်ဘူး.. ထက်က အကိုနဲ့ မတန်တာ.. ထက်က ဆင်းရဲတယ်.. အကိုတို့ အသိုင်းအ၀ိုင်းနဲ့ ဘယ်လိုမှ အဟပ်စပ်ဘူး. ချမ်းသာတဲ့ လူတွေနဲ့ ထက် ဘယ်လိုမှ အသင့်တော်ပါဘူး.. အကိုလည်း စိတ်ကူးတွေ မယဉ်ပါနဲ့.. ထက် နဲ့ အကိုချစ်ရင် အကို့ အမေဘာပြောမလဲ.. အကို့ အသိုင်းအ၀ိုင်းတွေက အထင်သေးတာကို ထက်က ခံရမှာလား ပြောပါအုံး”

ကျွန်မ နုတ်ခမ်းတွေ တဆတ်ဆတ်တုန်ကာ ရင်ထဲမှ စကားများ အံထွက်ကုန်သည်။ အခြေအနေတွေ မတူညီဘူး၊ ပေါင်းစပ်လို့ မရနိုင်ဘူးဆိုသည့် စကားတွေကို တရစပ်ပြောမိသည်။ ကျွန်မ အလိုလိုငိုမိသည်။ ချစ်နေလျက်နဲ့ လပေါင်းများစွာ ထိမ်းချုပ်ခဲ့ရသည့် ခံစားချက်တွေက မျက်ရည်များအဖြစ် ပြောင်းလဲစီးကျသည်။ သူ ကျွန်မကို ကရုဏာသက်စွာ ကြည့်သည်။ ထို့နောက် ကျွန်မခေါင်းကို တစ်ချက် ခပ်ဖွဖွထုကာ “အရူးမလေး” ဟု ပြောသည်။ ကျွန်မလက်နှစ်ဘက်ကို ညင်သာစွာ ဆုပ်ကိုင်သည်။ ကျွန်မ ရုန်းထွက်ဖို့ မေ့နေခဲ့တာလား.. ရုန်းမထွက်မိတာလားဆိုတာ ကျွန်မကိုယ် ကျွန်မ မသေချာတော့ပါ။

“မင်းက မဆိုင်တာတွေကို စဉ်းစားနေတာကိုးကွ.. အဲ့ဒါတွေက ဘာမှ မဆိုင်ဘူးလေ ထက်ရဲ့.. အဓိက က ကိုယ်မင်းကို ချစ်တယ်.. မင်းလည်း ကိုယ့်ကို ချစ်ဖို့လိုတယ်. ဒါပဲလေ.. မင်း မာနကြီးလွန်းတယ်”

“ကျွန်မ မာနကြီးတာ မဟုတ်ဘူး.. ချစ်နေတာနဲ့ မပြီးတဲ့ ကိစ္စတွေ ရှိလို့ပေါ့”

“ကဲ.. မင်းက ကိုယ့်ဟာကိုယ် လိမ်နေတာပဲကွ… ကိုယ်ပြောမယ် နားထောင်၊ ကိုယ်တို့ အသိုင်းအ၀ိုင်းက အဆင့်တန်းဆိုတာကို ထည့်တွက်ကြတာ မဟုတ်ဘူး.. လူမှာ ရိုးသားဖို့၊ စိတ်ကောင်းရှိဖို့ ဆိုတာကိုပဲ အရေးကြီးတယ်လို့ သတ်မှတ်ကြတာ.. ကိုယ့်အမေဆိုလည်း သားတွေကို ကိုယ်လျှောက်ချင်တဲ့လမ်းကို လွတ်လပ်စွာ လျှောက်ခွင်ပေ့းထားတာ.. ထက်.. ဒါတွေ ဘေးဖယ်ထားလိုက်ကွာ.. မင်း မဆိုးနဲ့တော့.. မင်း မညာနဲ့တော့.. မင်း ကိုယ့်ကို ချစ်လား ဒါပဲဖြေ”

“အာ.. ရှင်ကလည်း By force ကြီးနဲ့.. ကျွန်မက ရှင့်လက်အောက်ကလူဆိုပြီး အနိုင်ကျင့်လို့ ရမယ်များ ထင်နေလား”

ကျွန်မ ကလေးဆန်စွာပြောတော့ သူ ရီပါသည်။ ထို့နောက် ဘာမှ မပြောတော့ပဲ ကျွန်မကို နားလည်စွာကြည့်ရင်း ပြည်လမ်းတစ်လျှောက်ကားဆက်မောင်းလာခဲ့သည်။ သူ ဘယ်ကိုသွားလဲ ကျွန်မ မမေးမိ။ ဤတစ်ဒင်္ဂသည် ကျွန်မကို ပျော်ရွင် စိတ်လှုပ်ရှားစေပါသည်။ ကားမောင်းနေသော သူ့ ရုပ်သွင်ကို ကျွန်မ ငေးကြည့်မိသည်။ ယခုမှပင် ကျွန်မသူ့ကို သေချာကြည့်မိပါတော့သည်။ ခိုးငေးခဲ့ရသော သူ့မျက်နှာကို ကျွန်မ အတားအဆီးမဲ့စွာ ကြည့်မိသည်။ အသားခပ်လတ်လတ်နဲ့ အလွန်ကြည့်ကောင်းပါသည်။ လေးထောင့်ပုံ မျက်မှန်နဲ့ သူ့ မျက်နှာကျပုံက လိုက်ဖက်လွန်းလှပါသည်။ မဲနက်သည့် မျက်ခုံးတွေကြောင့် သူ ပို၍ ခန့်ညားပါသည်။ နဖူးပေါ်ဝဲကျနေသော ဆံပင်ပျော့ပျော့အိအိတွေကို ကျွန်မကို ချစ်ပါသည်။ ချစ်စကားတွေ ပြောတတ်သည့် နုတ်ခမ်းတွေကို ကျွန်မချစ်ပါသည်။ ကျွန်မကို ရင်ခုန်စေသော မျက်ဝန်းတွေကို ချစ်ပါသည်။ နောက်ဆုံးတွင် ကျွန်မ ကိုနေသန့်ကို ချစ်ပါသည်။ ကျွန်မ ကိုယ့်ကိုကိုယ် ညာရသည်မှာ မောပါသည်။ ကိုယ်ချစ်နေသောသူကို ညာရသည်ကိုလည်း မောပါသည်။ ကျွန်မနှလုံးသားမှ ခံစားချက်တွေ ကျွန်မ နုတ်ခမ်းဖျားဆီသို့ အလိုလိုရောက်ရှိလာပါတော့သည်။

“ကိုနေသန့်ကို ကျွန်မချစ်တယ်.. ဟုတ်တယ်.. ကို့ကို ကျွန်မသိပ်ချစ်နေခဲ့တာ”

ရုတ်တရက် သူ ကားရပ်လိုက်သဖြင့် ကျွန်မကိုယ်လေး ရှေ့သို့ပင် ယိုင်သွားရတော့သည်။ နုညံ့လင်းလက်သည့် အကြည့်ရဲရဲတွေကို ကျွန်မရင်ဆိုင်ရသည်။ ကျွန်မကို သူ့ရင်ခွင်ဆီသို့ ဆွဲယူလိုက်သည်။ ကျွန်မ အလိုက်သင့်တိုးဝှေ့ရင်း သူ့ကို ချစ်ခင်အားကိုးစိတ်ဖြင့် ပြန်လည်ဖက်တွယ်မိသည်။ အချစ်ငွေ့များကြောင့် နွေးထွေးနေသော ရင်ခွင်ဆီမှတစ်ဆင့် သူ့ နှလုံးခုန်သံတွေကို ကျွန်မကြားနေရသည်။ ကျွန်မရင်ခုန်သံတွေကို သူလည်းခံစားမိလိမ့်မည်ထင်သည်။

“ကိုယ်က ထက် ရဲ့ ရိုမီယိုပေါ့.. ဟုတ်လား ကိုယ့်ရဲ့ ဂျူးလိယက်လေး”
“ဟင့်အင်း.. ထက်က သူတို့အချစ်ကို လေးစားပေမယ့် သူတို့လို သေကွဲ မကွဲချင်ပါဘူး.. ထက်က ကို့ကို တစ်သက်လုံး မခွဲမခွာချစ်မှာ”
“ဟုတ်ပါပြီဗျား.. ကိုယ်လည်း ကတိပေးတယ်.. ထက်ကို အသက်ထက်ဆုံး ချစ်မှာ”
ချစ်သူ့ရင်ခွင်သည် ကျွန်မကို အရာရာကို ရင်ဆိုင်ရဲသော ခွန်အားများကို ပေးသနားခဲ့သည်။ အချစ်ဖြင့်ပြွမ်းသော ညနေခင်းသည် ကျွန်မတို့နှစ်ယောက်အတွက် သာယာလှပလွန်းနေခဲ့ပါတော့သည်။ အချစ်သည် တားဆီးထိမ်းချုပ်ခြင်းများကို အလိုအလျောက်ကျော်ဖြတ်သည်။ အချစ်သည် ပတ်ဝန်းကျင်အား မေ့လျောစေခဲ့သည်။ ကမ္ဘာပေါ်တွင် အချစ်ဆိုသောအရာကြောင့် လူသားတို့ သာယာပျော်ရွှင်ကြရသည်။ ကျွန်မလည်း ကျွန်မချစ်သော ချစ်သူနဲ့အတူ ပျော်ရွှင်စရာများကို ရရှိလာလိမ့်မည်ဟု မျှော်လင့်ရင်း အချစ်ကို မိုက်မဲစွာ စားသုံးမိပါတော့သည်။

19 responses »

  1. လာဖတ်သွားတယ်.. ကောင်းတယ်.. ဒီတစ်တော့ စိတ်ချမ်းသာစရာလေး

  2. အားပေးတယ်နော်….
    တကယ်ကောင်းတယ် ဆယ်လက်ချီတက်နိုင်ပါစေ

  3. ဇာတ်သိမ်းလေး ကောင်းလို့ ၀မ်းသာလိုက်တာဗျာ။ ဖတ်သာဖတ်ရတာ၊ ရင်တမမ နဲ့ ဖတ်နေရတာ သိလား၊ တခုခု ဖြစ်မှာဆိုးလို့လေ။
    အခုလို ညားကြလေ သတည်းဆိုတော့ ဖတ်ရတဲ့ သူလည်း စိတ်ချမ်းသာတာပေါ့ …ဟဲဟဲ။

    နောက်ထပ် အများကြီး ဆက်လက်ရေးသားနိုင်ပါစေဗျာ။
    ခင်မင်လျက်

  4. အချစ်ကြောင့်ကျော်လွားနိုင်တော့မှာပေါ့ ဟုတ်လားး)

  5. ကောင်းတယ်သူငယ်ချင်းဆက်လုပ် ငါပိုက်ဆံရှိရင် ထုတ်ဝေသူလုပ်မယ်နော် တော်တော်မြတ်မှာ. စီးပွားရေးကလူတွေက စီးပွားရေးတွက်ဘဲတွက်တယ်ဟ

  6. ဒီလိုလေး ဇာတ်သိမ်းတာကိုးး
    ရေးဖွဲ့ပုံလေးတွေ သိပ်လှပါတယ်။

  7. oh.. finally..
    nice ending.. You have taken the reader all the way thru to the end. You should acknowledge you have great abilities as a good writer.. sis..🙂

  8. အရမ်းကောင်းတယ်…အားပေးနေတယ်နော်…
    နောက် story တွေမျှော်နေမယ်..

  9. ekkkk ရေးနိုင်လိုက်တာ၊ တော်ပါသေးရဲ့ မင်းသားနဲ့မင်းသမီး ပေါင်းသွားပေလို့၊ အဟေး………

  10. ဖတ်သွားပါတယ်ဗျား..။ မဆိုးဘူးပဲဗျ အတွေးအရေးလေးကောင်းပါပေတယ်ဗျာ..။

  11. ကောင်းပါတယ်၊ ဆွဲဆောင်မှုရှိတဲ့ စာညွန့်လေးပေါ့။ ၀တ္ထုလို့ ပြောရင် မော်ဒန်ဆိုတဲ့စာရင်းထဲ ထည့်ရမှာပါ။ ဇာတ်လမ်းမရှိဘူးလေ။

  12. ဖွားပင့်ရေ… နေကောင်းလား။ မတွေ့တာကြာလို့ လာလည်တာဗျ။ အခုတလေ အလုပ်တဖက် ကျောင်းတဖက်နဲ့ မအားတဲ့ကြားက ယုတ်ညံ့တဲ့မွတ်ဆလင်ဝါဒကို အမြစ်ဖြုတ်ဖို့ လုပ်နေတာဗျ။ တော်တော်လေးကို အောင်မြင်တယ်။ ဘယ်ကုလားကမှ သူတို့ကိုသူတို့ မွတ်ဆလင်လို့မ၀န်ခံရဲတော့ဘူး။ တဖြေးဖြေးနဲ့ အပြင်ဘက်အထိ မွတ်ဆလင်ကို လိုက်လံအမြစ်ဖြုတ်ဖို့ စဉ်းစားထားပါတယ်။

    လှပတဲ့ဖွားပင့်နေကောင်းပါစေဗျာ
    ဇော်မျိုး

    • လာအားပေးတာ ကျေးဇူးပါ မနော်… ဝေဖန်ပါ အကြံပေးပါ

  13. Pingback: My Romeo (4) « The World of Pinkgold

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s