I Hate Myself

Standard

ငိုချင်တယ်ဆိုတဲ့ စကားတစ်ခွန်းကိုပဲ ကျွန်မ ထပ်ကာ ထပ်ကာ ပြောချင်နေမိတယ်.. ပြောနေတဲ့အတိုင်းလည်း ကျွန်မရဲ့ နီရဲ မို့အစ်နေတဲ့ မျက်လုံးတွေဆီက မျက်ရည်ပူပူတွေ ကျွန်မပါးပြင်ပေါ်ကို အထိန်းအချုပ်မဲ့စွာ စီးဆင်းကြတယ်.. ကျွန်မဘေးမှာ ဘယ်သူမှ မရှိဘူး.. ကျွန်မကို နှစ်သိမ့်ပေးမယ့်သူတွေ ဘယ်ရောက်နေကြပြီလဲ.. အမေရယ်.. လို သံကုန်ဟစ်ပြီး အော်လိုက်ချင်ပေမယ့် ကျွန်မရဲ့ ကွဲအက်နေတဲ့ အသံတွေကို အမေကြားရင် စိတ်မကောင်း ဖြစ်နေမှာစိုးလို့ ကျွန်မ ၀မ်းထဲမှာပဲ သိမ်းထားလိုက်ရတယ်… ကျွန်မ ရင်ထဲမှာ ဆို့နစ်နေတယ်.. ကျွန်မ နားထင်တွေဆီက ကိုက်ခဲတယ်ဆိုတဲ့ အသိကို ကျွန်မ ရတယ်… ကျွန်မလေ တစ်ယောက်ယောက်ကို ဖက်ပြီး ကျွန်မရင်ထဲမှာ ဖြစ်နေတာတွေကို ကရားရေလွှတ်ပြော.. မကျေနပ်ချက်တွေကိုဖွင့်ဟပြီး အသာကုန် ပေါက်ကွဲချင်လိုက်တာ… ကျွန်မ အော်ဟစ်ငိုကြွေးချင်လိုက်တာ… ကျွန်မ စိတ်လွတ် ကိုယ်လွတ် ရမ်းပစ်ချင်လိုက်တာ… ကျွန်မ ဘာကိုမှ မထိမ်းချုပ်ချင်ဘူး.. လေနှင်ရာ လွှင့်နေတဲ့ တိမ်စိုင်တွေလို… တစ်ဝေါဝေါနဲ့ အနှောင့်အယှက်ကင်းစွာ စီးကျနေတဲ့ ရေတံခွန်က ရေတွေလို… အားကုန် မိုင်ကုန် တိုက်ခတ်လေ့ရှိတဲ့ ဟာရီကိန်း မုန်တိုင်းကြီးတွေလို.. နောက်ဆုံး ဘာဆို ဘာမှ ဂရုစိုက်စရာ မလိုပဲ ရွာချင်တိုင်း ရွာနေကြတဲ့… မုန်သုန်မိုးရေစက်တွေလို.. ကျွန်မ စိတ်တွေ ကိုယ်တွေကို ထွက်ပေါက်တစ်ခု ပေးချင်လိုက်တာ…။

ချောင်မှာ ကုပ်ပြီး လူမမြင် သူမမြင် ငိုခဲ့ရတာမျိုးတွေကို ကျွန်မ မလုပ်ချင်တော့ဘူး..။ ကိုယ်မမှားပဲ မှားနေသလို အပြောခံနေရတဲ့ စကားတွေကို ကျွန်မ သည်းမခံချင်တော့ဘူး။ ၀န်ထုပ်ဝန်ပိုးတွေကို မတန်တစ်ဆ ရွက်ခိုင်းကြပြီးမှာ နင် ဟိုဟာလည်းမနိုင်ဘူး.. ဒီဟာလည်း ဆွဲအုံးလေ.. အသုံးကိုမကျဘူးလို့ ပြောနေတဲ့ စကားတွေကြားက စည်းတစ်ခုကိုလည်း ဂရုမစိုက်ချင်တော့ဘူး။ မဆိုင်ပဲ ၀င်ဝင်တိုက်ခိုက်ကြတဲ့ အဖြစ်မျိုးတွေကိုလည်း မကြုံချင်တော့ဘူး။ မလုပ်ရင်တစ်မျိုး.. လုပ်ပြန်တော့လည်း အကောင်းမမြင်ကြတဲ့ တစ်ချို့လူတွေနဲ့ မဆက်ဆံချင်တော့ဘူး။ နာမည်ကောင်းတွေ ၀င်ယူကြပြီး.. အပြစ်လွတ်ဖို့အတွက်ဆို သူတစ်ပါးကို လွှဲချတတ်တဲ့သူမျိုးနဲ့လည်း အောင့်အီးပြီး မပေါင်းသင်းချင်တော့ဘူး။ နောက်ဆုံး…. မဖိတ်ခေါ်ပဲ ရောက်ရောက်လာတတ်ကြတဲ့ ခံစားချက်တစ်ချို့နဲ့လည်း မိတ်ဆွေမဖွဲ့ချင်တော့ပါဘူး။

ကျွန်မကပဲ မှားနေတာလား.. အဲ့ဒီလူတွေကပဲ လွဲနေတာလား။ ဘာကြောင့်ပဲဖြစ်ဖြစ် နောက်ဆုံးအထိနာစေတဲ့ အရာတွေဟာ ဘာကြောင့်များ ကျွန်မဆီကို ရောက်ရောက်လာကြတာလဲ။ ကံဆိုးတယ် ဆိုတာ လူတိုင်းအတွက် သဘာဝတရားရဲ့ စွန့်ကျဲမှုတွေအဖြစ် ရှိနေခဲ့တယ်ဆိုရင်.. ဒီအချိန်တွေဟာ ကျွန်မက ကံဆိုးမှုကို လက်ခံရမယ့် အချိန်တွေပဲ ဖြစ်မှာပေါ့။ သူတို့တွေ ကျွန်မစိတ်ဓါတ်တွေကို ဟိုး အောက်ထိ မရောက် ရောက်အောင် ဆွဲချနေကြတာလား။ ကျွန်မ တက်ကြွနေတာကို မမြင်ချင်ကြတော့ဘူးလား။ ကျွန်မရဲ့ လုပ်နိုင်စွမ်းတွေကို မရှုစိမ့်ကြတော့ဘူးလား။ ဒါမှ မဟုတ်.. ကျွန်မ အရှိုက်ကိုထိပြီး တမင်များ ချောက်ချဖို့ ကြိုးစားနေခဲ့ကြလေသလား။ ကျွန်မကို ကျွန်မ မဟုတ်တဲ့ အခြားသူတစ်ယောက်အဖြစ်များ ပြောင်းလဲဖို့ ကြိုးစားနေကြတာလား။

ဥပေက္ခာ ဆိုတာကို ကျွန်မ ကောင်းကောင်းကြီး သဘောပေါက်တာပေါ့။ ဒါပေမယ့် အသွေးတွေ၊ အသားတွေ၊ ခံစားချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်မ.. ဒါတွေကို မကျင့်သုံးနိုင်သေးတော့လည်း စိတ်ရဲ့ ဒဏ်ခတ်မှုတွေကို လက်ခံပေးလိုက်ရုံပဲ ရှိတော့တာပေါ့။ ကျွန်မ ၀မ်းနည်းတယ်။ ကျွန်မ ငိုချင်တယ်။ ဒါပေမယ့် ကျွန်မ အရှုံးပေးတာ မဟုတ်ဘူးနော်။ ကျွန်မ ငိုချင်လို့ကို ငိုတာပါ။ ကျွန်မဘေးမှာ အမေ ရှိမနေဘူး။ ကျွန်မ ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေ ရှိမနေကြဘူး။ နောက်ဆုံး… ကျွန်မကို မျက်ရည် အလိမ်းလိမ်းပေကျံအောင် လုပ်သွားတဲ့သူလည်း ရှိမနေပါဘူး။

ကျွန်မ ကိုယ့်ကိုကိုယ် မုန်းတယ်။ ကိုယ်နဲ့ မသင့်တော်တဲ့ စကားလုံးရိုင်းရိုင်းတွေကို အံကြိတ်ပြီး နားထောင်ခဲ့တဲ့ ကျွန်မကိုယ် ကျွန်မ မုန်းတယ်။ ကိုယ်ကိုယ်တိုင်ပဲ မွန်းကျပ်ခံပြီး သူတို့ လုပ်ချင်ရာကို လုပ်ခွင့်ပေးခဲ့တဲ့ ကျွန်မကို ကျွန်မ မုန်းတယ်။ ကွာဟချက်ဆိုတဲ့ သတ်မှတ်မှု တစ်ခုအောက်မှာ ကိုယ့်ကိုကိုယ် နှိမ့်ချနေရတဲ့ အဖြစ်ကို မုန်းတယ်။ တစ်ချို့က မရ အရတက်နင်းခွင့်ဖြစ်အောင် တစ်ချက်လေး သတိလက်လွတ် ဖြစ်သွားခဲ့တဲ့ ကျွန်မကိုယ် ကျွန်မ မုန်းတယ်။ လူတိုင်းကို ကိုယ့်စိတ်နဲ့ နှိုင်းပြီး ရိုးသားစွာ ဆက်ဆံခဲ့မိတာကို မုန်းတယ်။ နောက်ဆုံး မဖြစ်နိုင်တော့တာကို မသိစိတ်တစ်ခုကနေ တမ်းတနေ တဲ့ကျွန်မကို ကျွန်မ သိပ်မုန်းတယ်။

ကျွန်မလေ.. အမုန်းတရားတွေနဲ့ ရှင်သန်နေချင်တာ မဟုတ်ပါဘူး။ ဒါ ကျွန်မရဲ့ ပင်ကိုစိတ်လည်း မဟုတ်ခဲ့ပါဘူး။ လူ တစ်ချို့ရဲ့ စကားတစ်ချို့ကြောင့် ကိုယ့်အခြေအနေတွေကို ပြောင်းလဲပစ်တတ်တဲ့ လူစားမျိုးလည်း မဟုတ်ပါဘူး။ စိတ်အလိုကို လိုက်ပြီး ထင်ရာ မြင်ရာကို လျှောက်လုပ်တတ်တဲ့ လူစားမျိုးလည်း မဟုတ်ပါဘူး။ တစ်ခုခုကို လွယ်လွယ်နဲ့ ခံစားတတ်တဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ ပြောင်းလဲသွားတယ်။ ကျွန်မဟာ လွန်ခဲ့တဲ့ လေးလေလောက်ကနဲ့ကို မတူတော့တာ ကျွန်မကိုယ် ကျွန်မ သတိထားမိတယ်။ ထစ်ခနဲရှိ ဒေါသထွက်တတ်တာကလည်း ကျွန်မ ပင်ကိုစရိုက်မှ မဟုတ်ခဲ့တာ။ ၀မ်းနည်းလွယ်တာကလည်း အရင်တုန်းက ကျွန်မနဲ့ တစ်ကယ်ကို မသက်ဆိုင်ခဲ့ပါဘူး။ တစ်ခုခုကို အသေအလဲ မုန်းတတ်တာ ကျွန်မနဲ့ နည်းနည်းမှကို မတူဘူး။ မှိုင်တွေဆွေးငေးပြီး စိတ်အလိုမကျ ဖြစ်နေတတ်တာမျိုးကိုလည်း ကျွန်မ အရင်တုန်းက မလုပ်ဖူးပါဘူး။

ဒီလို ဒီလို ပြောင်းလဲသွားတဲ့ ကျွန်မဟာ ကျွန်မ ပတ်ဝန်းကျင်က မုန်းစရာ ကောင်းတဲ့ လူတစ်ချို့ကို မုန်းနေမယ့် အစား.. ကိုယ့်ကိုကိုယ် မုန်းလိုက်တာက ပိုကောင်းမှာပေါ့နော်။

ဟုတ်တယ်.. လောလောဆယ်မှာ ကျွန်မကိုယ် ကျွန်မ သိပ်မုန်းနေတယ်။ ကျွန်မ ဘာတွေ လျှောက်ရေးနေတာလဲလို့ ထင်နေကြတယ် မဟုတ်လား။ ကျွန်မကိုယ် ကျွန်မ မုန်းတဲ့အကြောင်းတွေကို အစီ အစဉ်မကျ ရေးနေခဲ့မိတာပါ။

Advertisements

8 responses »

  1. သူငယ်ချင်း
    ကိုယ်လဲ မနှစ်က တစ်နှစ်လုံးအဲဒီလိုပဲ…ကိုယ်လဲ ဥပေက္ခာ မပြုနိုင်တော့ ခံစားရတယ်… အခုထိလဲမလွတ်သေးဘူးကွ… ပြောခံနေရတုန်းပဲ… သိတဲ့သူတွေရှိသလိုမသိတဲ့သူတွေလည်းရှိတယ်… ကိုယ်တော့ ကိုယ်တတ်နိုင်သလောက် အစွမ်းကုန်လုပ်ခဲ့တယ်ဆိုတာ ယုံကြည်တယ်… အဲဒါ ကိုယ်တတ်နိုင်တာပဲလေ… လုပ်နေစဉ်ကာလမှာတော့ အကောင်းဆုံးလုပ်ပေးလိုက် သယ်ရင်း… ခံစားမှုအတွက်ကတော့ M3 သွား တစ်ခုခု သောက်ပြီး သီချင်း အော်ဆိုကွာ… အကောင်းဆုံးပဲ….

  2. လောကဓံ က စာမေးပွဲ စစ်နေပြီ ထင်ပ ရွှေထက်ရေ.. အရာ အားလုံးဟာ မမြဲဘဲ ခဏလေး အတွင်းပြောင်းလဲတတ်တာမို့ ခဏတာ ကြုံရတဲ့ လောကဓံကို အထိုးနှက်မခံဘဲ ဟားတိုက် ရယ်မော ပေးလိုက်ပါနော့… မရယ်နိုင်သေးရင် အမဆီ လာခဲ့လေ.. ကလိထိုးမလို့ မဟုတ်ပါဘူး.. တူတူပျော်ရအောင်လို့ပါ

  3. ဟုတ် ကျေးဇူးတင်ပါတယ် အမ…

    ခံနိုင်ရည်ရှိအောင် ကြိုးစားမှာပါ

  4. ပထမဆုံး အကြိမ် လာလည်ပါတယ်…ဖတ်သွားတယ် အများကြီး…အိုးဆိုတာ နာနာရိုက်မှ အိုးကောင်းဖြစ်သလိုပဲ အောင်မြင်တဲ့သူတိုင်းဟာ ခက်ခဲ ကြမ်းတမ်းတာကို မလွဲမသွေရင်ဆိုင်ခဲ့ကြရတယ်…

  5. ဒါတွေ ဒီတုန်းက ဒီလိုရှိခဲ့တဲ့အကြောင်း ဒီနေ့ ဒီအချိန်မှာ ဒီလိုလေးပြန်ဖတ်ကြည့်တော့ ဒေါသတွေ ဒီလောက်မရှိတော့ဘူး မဟုတ်လား…။ ဒန်တန်တန်… ♫

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s