Monthly Archives: September 2009

Myanmar Orphans Support Network (MOSN)

Standard

ACF4C52MOSN ရဲ့ အကြောင်းကို တစ်ချို့လည်း ကြားဖူးပြီးသား ဖြစ်မယ်ထင်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ဒီအဖွဲ့လေးရဲ့ အကြောင်းတွေ၊ လှုပ်ရှားမှုတွေက များမကြာသေးခင်ကစလို့ ပျံ့နှံ့နေခဲ့ပါတယ်။ မိဘမဲ့ကလေးတွေကို ထောက်ပံ့ဖို့အတွက် စေတနာရှင် လူငယ်တစ်စုက စတင်တည်ထောင်ခဲ့တဲ့ ဒီအဖွဲ့လေးဟာ အခုအချိန်မှာလည်း ခြေလှမ်း တစ်လှမ်းပြီး တစ်လှမ်း လှမ်းလို့ ရည်မှန်းချက် ပန်းတိုင်ဆီကို အရောက်လှမ်းနေတာ ဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ဒီအဖွဲ့လေးရဲ့ အမှုဆောင်တစ်ယောက် ဖြစ်နေတာကြောင့် ကျွန်မတို့တွေ ဘာတွေလုပ်နေလဲ၊ ရှေ့ဆက်ဘာတွေ ဆက်လုပ်အုံးမှာလည်းဆိုတာ အားလုံးသိအောင် ထပ်မံမိတ်ဆက်ပေးချင်ပါတယ်။

ကျွန်မတို့ရဲ့ ပထမဦးဆုံး အသင်းတည်ထောင်တဲ့ လှုပ်ရှားမှုအနေနဲ့ 2009 ခုနှစ် ဇူလိုင်လ (26) ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်မှာရှိတဲ့ မြသိင်္ဂီ သီလရှင်စာသင်တိုက်မှာ စာရေးကီရီယာတွေ၊ ကျောင်းသုံးစာအုပ်တွေ၊ ကျောင်းဖတ်စာအုပ်တွေနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို လှူဒါန်းနဲ့ လှုပ်ရှားမှုလေးနဲ့ စတင်ခဲ့ပါတယ်။ ဆက်ပြီးတော့လည်း အဲ့ဒီ သီလရှင်စာသင်တိုက်မှာ ပညာသင်ကြားနေကြတဲ့ မိဘမဲ့ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေအတွက် စာကြည့်တိုက်လေးတစ်ခု တည်ထောင်ပေးမယ်ဆိုတာလေးကို တိုင်ပင်ခဲ့ကြပါတယ်။ ဒီစာကြည့်တိုက်လေး ဖြစ်မြောက်ဖို့အတွက် ရံပုံငွေရှာဖွေတဲ့ လှုပ်ရှားမှုလေး တစ်ခုအနေနဲ့ ကလေးတို့ရဲ့ ပန်းချီပြပွဲဆိုတာလေးကို လုပ်ဖြစ်ခဲ့ပါတယ်။

ရန်ကုန်မှာသာမက တစ်နိုင်ငံလုံးမှာရှိတကြတဲ့ အသက်ဆယ်နှစ်အောက် မည်သည့်ကလေးမဆို “ကျွန်ုပ်တို့၏ကျောင်း ၊ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်” ဆိုတဲ့ ခေါင်းစဉ်လေး နှစ်ခုနဲ့ ပန်းချီပြိုင်ပွဲလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကျောင်းအသီးသီးက ပြိုင်ပွဲဝင် ပန်းချီကားပေါင်း 700 ကျော်လက်ခံ ရရှိခဲ့ပြီး ပန်းချီပြပွဲလေးကိုတော့ 2009 ခုနှစ် စက်တင်ဘာလ (13) ရက်နေ့မှာ၊ သမ္မတဟိုတယ်မှာရှိတဲ့ Myanmar Egress Ballroom မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အဲ့ဒီပန်းချီပြပွဲလေးမှာ Child Care Seminar တစ်ခုကိုလည်း ထည့်သွင်းပြုလုပ်ပေးခဲ့ပြီး ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်လင်းနဲ့ ကာတွန်းအော်ပီကျယ်တို့က ဟောပြောပေးခဲ့ပါတယ်။ ပန်းချီပြပွဲကို တက်ရောက်လာကြတဲ့ အလှူရှင်များထံမှ အလှူငွေစုစုပေါင်း ကိုးသိန်းကျော်ကိုလည်း လက်ခံရရှိခဲ့ပါတယ်။

DSC09933

IMG_0722

DSC09991

မြသိင်္ဂီ သီလရှင်စာသင်တိုက်မှာ စာကြည့်တိုက်ကလေး ဖြစ်မြောက်ဖို့အတွက် စတင်လှုပ်ရှားခဲ့တဲ့ MOSN Art Exhibition လေးဟာ အတော်အသင့် အောင်မြင်ခဲ့ပါတယ်။ သို့သော်လည်း စာကြည့်တိုက် တည်ထောင်ဖို့အတွက် အလှူငွေတွေ လိုအပ်နေပါသေးတယ်။ ဒါကြောင့် စေတနာရှင်များအနေနဲ့ အလှူငွေများ ဆက်လက်ထည့်ဝင်နိုင်ပါသေးတယ်။ MOSN အကြောင်းကို www.myanmar-osn.org မှာလည်း ပြည့်ပြည့်စုံစုံ ဖတ်ရှုနိုင်ပါတယ်။ အခြားစိတ်ဝင်တစား မေးမြန်းမှုတွေကိုလည်း ကြိုဆိုပါတယ်။ အဖွဲ့လေးကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ members@myanmar-osn.org ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

9225_132360589699_529154699_2369947_75726_n

9225_132364259699_529154699_2369981_3297266_n

9225_132364264699_529154699_2369982_517043_n

ကျွန်မတို့အဖွဲ့ဟာ ယုံကြည်မှုအပြည့် သဒ္ဒါတရားအပြည့်နဲ့ မိဘမဲ့ကလေးများကို ထောက်ပံ့နေအုံးမှာပါ။ မိဘမဲ့ကလေးတွေ ရှိကြတဲ့ နေရာတွေကိုလည်း စူးစမ်းရှာဖွေ နေအုံးမှာပါ။ လှုပ်ရှားမှုတွေကိုလည်း အဆက်မပြတ် ပြုလုပ်နေအုံးမှာပါ။ ကျွန်မတို့ အဖွဲ့လေးကို တတ်နိုင်သလောက် အဘက်ဘက်က ၀င်ရောက်ကူညီပေးနိုင်ကြပါတယ် ဆိုတဲ့အကြောင်းကိုလည်း ထပ်မံပြောချင်ပါတယ်ရှင်။

Advertisements

လွမ်းနေဆဲပါ သရေခေတ္တရာ

Standard

9130_122691774660_779714660_2246577_7626608_n(၁)

သမိုင်းတွေ ရာဇ၀င်တွေကို ကျွန်မ စိတ်မ၀င်စားလှပါဘူး။ တစ်ခါတစ်လေတော့ စာအုပ်နဲ့ မျက်နှာမခွာချင်လောက်အောင် စွဲလမ်းနှစ်သက်စရာ ကောင်းပေမယ့် တစ်ခါတစ်လေတော့လည်း သမိုင်းတွေကို ဖတ်ရတာဟာ တစ်ကယ်ကို ငြီးငွေ့စရာကောင်းတယ်လို့ ကျွန်မ ထင်မိသေးတယ်။ သမိုင်းတွေကို စိတ်မ၀င်စားတဲ့ ကျွန်မဟာ ကမ္ဘာ့သမိုင်းမှာသာမက မြန်မာ့သမိုင်းမှာလည်း ဘာဗဟုသုတမှ မရှိလောက်အောင်ကို နည်းပါပါတယ်။ ဒါပေမယ့် ရှေးဟောင်းမြို့တော်တွေကိုသွားရင် ကျွန်မ လွမ်းလွမ်းဆွေးဆွေးလေးတော့ ခံစားရတတ်သားရှင်။ ရခိုင်ပြည် ဝေသာလီမြို့ဟောင်းနဲ့ ပုဂံကိုသွားတုန်းကဆိုရင်လည်း ကျွန်မရင်ထဲမှာ ဆို့နင့်သလိုကြီး ခံစားရပြီး ငိုချင်စိတ်တွေ အလိုလိုဖြစ်လာခဲ့သေးတယ်။ သမိုင်းကိုစိတ်မ၀င်စားတဲ့ ကျွန်မ၊ ရာဇ၀င်တွေကို လျစ်လျူရှုတတ်တဲ့ ကျွန်မကို ရှေးဟောင်းမြို့တော်တွေက ငိုအောင်လုပ်နိုင်တာတော့ နည်းနည်းထူးဆန်းနေသေးတယ်။ ငိုချင်စိတ်တွေကပဲ ကျွန်မကို တစ်ခုခုစိတ်ဝင်စားအောင်များ အစပျိုးစေခဲ့သလား မပြောတတ်ပါဘူး။ ရှေးဟောင်းမြို့တော်တွေကို ကျွန်မ တမ်းတမ်းတတကို သွားချင်နေမိတတ်သေးတယ်။ သွားခွင့်ရဖို့ အခွင့်အရေးတွေကိုလည်း ကျွန်မ စောင့်မျှော်နေတတ်သေးတာပေါ့။ ကျွန်မဟာ ခေတ်တစ်ခေတ်တုန်းက လူမျိုးစုတွေနဲ့များ အဆက်အစပ်ရှိလေသလားလို့လည်း ရူးကြောင်ကြောင် တွေးမိတတ်ပါသေးရဲ့။

(၂)

“ငါတို့ သရေခေတ္တရာကို လေ့လာရေး သွားကြမယ်”

ကိုညီလင်းဆက်ရဲ့ စကားအဆုံးမှာ စတားကိုလာကို ခေါင်းငုံ့ သောက်နေတဲ့ ကျွန်မ ရုတ်တရက် ခေါင်းထောင်သွားခဲ့တယ်။ စိတ်ဝင်စားမှုတွေက လှိုက်ခဲတက်လာတယ်။ တစ်ခုခုတော့ ထူးခြားတော့မယ်ဆိုတဲ့ အသိလည်း ၀င်လာခဲ့တယ်။

“ဟေးးးးးးးး ပျော်စရာကြီး.. ဟုတ်တယ် အဖွဲ့လိုက်ကြီး ခရီးထွက်ရတာ သိပ်ပျော်ဖို့ကောင်းမှာပဲ..”

မထိုက် ရဲ့ ထောက်ခံအားပေးတဲ့အသံ၊ တစ်ခြား သူငယ်ချင်းတွေရဲ့ “မိုက်တယ် မိုက်တယ်” ဆိုတဲ့ အားတက်သရော ရှိလှတဲ့ တုန့်ပြန်မှုတွေကြောင့် ကျွန်မတို့တွေ သရေခေတ္တရာ လေ့လာရေး ခရီးစဉ်ဆိုတာကို စီစဉ်ဖြစ်ကြတယ်။ ကျွန်မတို့တွေဆိုတာက ဘလောဂ့်ဂါတွေပေါ့။ အွန်လိုင်းပေါ်မှာ ကိုယ်ပိုင်အင်တာနက်စာမျက်နှာ တစ်ခုမကကို ပိုင်ဆိုင်ကြတဲ့ စာရေးဆရာတွေ၊ နည်းပညာရှင်တွေ၊ ကဗျာဆရာတွေ၊ ရောက်တတ်ရာရာလေးတွေ ရေးတဲ့သူတွေ ပေါင်းစုထားသူတွေပေါ့။ သရေခေတ္တရာကို သွားရတဲ့ ရည်ရွယ်ချက်က သြဂုတ်လ (၃၁) ရက်နေ့မှာ ကျရောက်မယ့် ဘလောဂ့်ဒေး အထိမ်းအမှတ်အဖြစ် လေ့လာရေး ခရီးစဉ်တစ်ခုအဖြစ် သွားရောက်ကြမှာ ဖြစ်တယ်။ ကျွန်မ ရင်တွေ ခုန်လာတယ်။ အပျော်တွေ စတင်စီးဆင်းတယ်။ ကျွန်မ သူငယ်ချင်းတွေရဲ့ မျက်နှာကို တစ်ချက်မော့ကြည့်လိုက်တယ်။ အားလုံးက သရေခေတ္တရာကို သွားချင်နေကြတဲ့ ဆန္ဒတွေကိုယ်စီရှိနေတာကို အပီအပြင်တွေ့ရတယ်။

“ဒါဆို ထက်တို့ သရေခေတ္တရာ ခရီးစဉ်အတွက် Trip Plan လေး ဆွဲရအောင်၊ တစ်ခြားဘလောဂ့်ဂါတွေလိုက်နိုင်ဖို့အတွက်လည်း သတင်းတွေ များများဖြန့်ရမယ်လေ… ကားလည်းငှားရအုံးမှာ၊ အစားအသောက်တွေ၊ ပြီးတော့ တီရှပ်လည်း ထုတ်ကြမယ်.. တစ်ယောက်ချင်းစီ တာဝန်ခွဲလုပ်ကြမယ်နော်”

တစ်ခုခုလုပ်တော့မယ်ဆို အမြဲစိုးရိမ်စိတ်ဝင်တတ်တဲ့ ကျွန်မ ခရီးစဉ်အတွက် အစီအစဉ်တွေကို ကြိုတင်ချမှတ်နေမိတယ်။ ကျွန်မကိုယ်တိုင်ပဲ ဦးဆောင်ပြီး ဘယ်သူက ဘာလုပ်ဆိုတဲ့ တာဝန်တွေကို ခွဲဝေပေးလိုက်တယ်။ ခရီးစဉ်ကို လူများများနဲ့ အဆင်ပြေပြေထွက်ဖြစ်အောင်လည်း ကျိတ်ဆုတောင်းလိုက်မိသေးတယ်။ ဆင်တူအက်ျီတွေနဲ့ ခရီးသွားရမယ့် အဖြစ်ကိုလည်း စိတ်ကူးတွေ ဖမ်းယဉ်လိုက်သေးတယ်။ သရေခေတ္တရာ…. ပြည် မြို့နားမှာ ရှိတယ်ဆိုတာကလွဲလို့၊ ပန်ထွာဘုရင်မနဲ့ ဒွတ္တဘောင်းမင်းကြီး ရှိခဲ့ဖူးတယ်ဆိုတာကလွဲလို့ ကျွန်မ ဘာမှ မသိခဲ့ဘူး။ သာသနာ စတင်ထွန်းကားရာနေရာ၊ ယဉ်ကျေးမှုတွေ နိဒါန်းချီတဲ့ နေရာဖြစ်တယ်ဆိုတာကိုလည်း ခပ်သဲ့သဲ့တော့ ပြောသံကြားဖူးပါသေးရဲ့။ ဒီမြေကို ကျွန်မ တစ်ကယ်သွားရတော့မယ်။ နောက်ထပ်ရှေးဟောင်းမြို့တစ်ခုဆီ ကျွန်မ ရောက်ဖြစ်တော့မယ်။ သရေခေတ္တရာရေ… ကြိုလင့်ပါတော့ကွယ်။ Read the rest of this entry