လွမ်းနေဆဲပါ သရေခေတ္တရာ

Standard

9130_122691774660_779714660_2246577_7626608_n(၁)

သမိုင်းတွေ ရာဇ၀င်တွေကို ကျွန်မ စိတ်မ၀င်စားလှပါဘူး။ တစ်ခါတစ်လေတော့ စာအုပ်နဲ့ မျက်နှာမခွာချင်လောက်အောင် စွဲလမ်းနှစ်သက်စရာ ကောင်းပေမယ့် တစ်ခါတစ်လေတော့လည်း သမိုင်းတွေကို ဖတ်ရတာဟာ တစ်ကယ်ကို ငြီးငွေ့စရာကောင်းတယ်လို့ ကျွန်မ ထင်မိသေးတယ်။ သမိုင်းတွေကို စိတ်မ၀င်စားတဲ့ ကျွန်မဟာ ကမ္ဘာ့သမိုင်းမှာသာမက မြန်မာ့သမိုင်းမှာလည်း ဘာဗဟုသုတမှ မရှိလောက်အောင်ကို နည်းပါပါတယ်။ ဒါပေမယ့် ရှေးဟောင်းမြို့တော်တွေကိုသွားရင် ကျွန်မ လွမ်းလွမ်းဆွေးဆွေးလေးတော့ ခံစားရတတ်သားရှင်။ ရခိုင်ပြည် ဝေသာလီမြို့ဟောင်းနဲ့ ပုဂံကိုသွားတုန်းကဆိုရင်လည်း ကျွန်မရင်ထဲမှာ ဆို့နင့်သလိုကြီး ခံစားရပြီး ငိုချင်စိတ်တွေ အလိုလိုဖြစ်လာခဲ့သေးတယ်။ သမိုင်းကိုစိတ်မ၀င်စားတဲ့ ကျွန်မ၊ ရာဇ၀င်တွေကို လျစ်လျူရှုတတ်တဲ့ ကျွန်မကို ရှေးဟောင်းမြို့တော်တွေက ငိုအောင်လုပ်နိုင်တာတော့ နည်းနည်းထူးဆန်းနေသေးတယ်။ ငိုချင်စိတ်တွေကပဲ ကျွန်မကို တစ်ခုခုစိတ်ဝင်စားအောင်များ အစပျိုးစေခဲ့သလား မပြောတတ်ပါဘူး။ ရှေးဟောင်းမြို့တော်တွေကို ကျွန်မ တမ်းတမ်းတတကို သွားချင်နေမိတတ်သေးတယ်။ သွားခွင့်ရဖို့ အခွင့်အရေးတွေကိုလည်း ကျွန်မ စောင့်မျှော်နေတတ်သေးတာပေါ့။ ကျွန်မဟာ ခေတ်တစ်ခေတ်တုန်းက လူမျိုးစုတွေနဲ့များ အဆက်အစပ်ရှိလေသလားလို့လည်း ရူးကြောင်ကြောင် တွေးမိတတ်ပါသေးရဲ့။

(၂)

“ငါတို့ သရေခေတ္တရာကို လေ့လာရေး သွားကြမယ်”

ကိုညီလင်းဆက်ရဲ့ စကားအဆုံးမှာ စတားကိုလာကို ခေါင်းငုံ့ သောက်နေတဲ့ ကျွန်မ ရုတ်တရက် ခေါင်းထောင်သွားခဲ့တယ်။ စိတ်ဝင်စားမှုတွေက လှိုက်ခဲတက်လာတယ်။ တစ်ခုခုတော့ ထူးခြားတော့မယ်ဆိုတဲ့ အသိလည်း ၀င်လာခဲ့တယ်။

“ဟေးးးးးးးး ပျော်စရာကြီး.. ဟုတ်တယ် အဖွဲ့လိုက်ကြီး ခရီးထွက်ရတာ သိပ်ပျော်ဖို့ကောင်းမှာပဲ..”

မထိုက် ရဲ့ ထောက်ခံအားပေးတဲ့အသံ၊ တစ်ခြား သူငယ်ချင်းတွေရဲ့ “မိုက်တယ် မိုက်တယ်” ဆိုတဲ့ အားတက်သရော ရှိလှတဲ့ တုန့်ပြန်မှုတွေကြောင့် ကျွန်မတို့တွေ သရေခေတ္တရာ လေ့လာရေး ခရီးစဉ်ဆိုတာကို စီစဉ်ဖြစ်ကြတယ်။ ကျွန်မတို့တွေဆိုတာက ဘလောဂ့်ဂါတွေပေါ့။ အွန်လိုင်းပေါ်မှာ ကိုယ်ပိုင်အင်တာနက်စာမျက်နှာ တစ်ခုမကကို ပိုင်ဆိုင်ကြတဲ့ စာရေးဆရာတွေ၊ နည်းပညာရှင်တွေ၊ ကဗျာဆရာတွေ၊ ရောက်တတ်ရာရာလေးတွေ ရေးတဲ့သူတွေ ပေါင်းစုထားသူတွေပေါ့။ သရေခေတ္တရာကို သွားရတဲ့ ရည်ရွယ်ချက်က သြဂုတ်လ (၃၁) ရက်နေ့မှာ ကျရောက်မယ့် ဘလောဂ့်ဒေး အထိမ်းအမှတ်အဖြစ် လေ့လာရေး ခရီးစဉ်တစ်ခုအဖြစ် သွားရောက်ကြမှာ ဖြစ်တယ်။ ကျွန်မ ရင်တွေ ခုန်လာတယ်။ အပျော်တွေ စတင်စီးဆင်းတယ်။ ကျွန်မ သူငယ်ချင်းတွေရဲ့ မျက်နှာကို တစ်ချက်မော့ကြည့်လိုက်တယ်။ အားလုံးက သရေခေတ္တရာကို သွားချင်နေကြတဲ့ ဆန္ဒတွေကိုယ်စီရှိနေတာကို အပီအပြင်တွေ့ရတယ်။

“ဒါဆို ထက်တို့ သရေခေတ္တရာ ခရီးစဉ်အတွက် Trip Plan လေး ဆွဲရအောင်၊ တစ်ခြားဘလောဂ့်ဂါတွေလိုက်နိုင်ဖို့အတွက်လည်း သတင်းတွေ များများဖြန့်ရမယ်လေ… ကားလည်းငှားရအုံးမှာ၊ အစားအသောက်တွေ၊ ပြီးတော့ တီရှပ်လည်း ထုတ်ကြမယ်.. တစ်ယောက်ချင်းစီ တာဝန်ခွဲလုပ်ကြမယ်နော်”

တစ်ခုခုလုပ်တော့မယ်ဆို အမြဲစိုးရိမ်စိတ်ဝင်တတ်တဲ့ ကျွန်မ ခရီးစဉ်အတွက် အစီအစဉ်တွေကို ကြိုတင်ချမှတ်နေမိတယ်။ ကျွန်မကိုယ်တိုင်ပဲ ဦးဆောင်ပြီး ဘယ်သူက ဘာလုပ်ဆိုတဲ့ တာဝန်တွေကို ခွဲဝေပေးလိုက်တယ်။ ခရီးစဉ်ကို လူများများနဲ့ အဆင်ပြေပြေထွက်ဖြစ်အောင်လည်း ကျိတ်ဆုတောင်းလိုက်မိသေးတယ်။ ဆင်တူအက်ျီတွေနဲ့ ခရီးသွားရမယ့် အဖြစ်ကိုလည်း စိတ်ကူးတွေ ဖမ်းယဉ်လိုက်သေးတယ်။ သရေခေတ္တရာ…. ပြည် မြို့နားမှာ ရှိတယ်ဆိုတာကလွဲလို့၊ ပန်ထွာဘုရင်မနဲ့ ဒွတ္တဘောင်းမင်းကြီး ရှိခဲ့ဖူးတယ်ဆိုတာကလွဲလို့ ကျွန်မ ဘာမှ မသိခဲ့ဘူး။ သာသနာ စတင်ထွန်းကားရာနေရာ၊ ယဉ်ကျေးမှုတွေ နိဒါန်းချီတဲ့ နေရာဖြစ်တယ်ဆိုတာကိုလည်း ခပ်သဲ့သဲ့တော့ ပြောသံကြားဖူးပါသေးရဲ့။ ဒီမြေကို ကျွန်မ တစ်ကယ်သွားရတော့မယ်။ နောက်ထပ်ရှေးဟောင်းမြို့တစ်ခုဆီ ကျွန်မ ရောက်ဖြစ်တော့မယ်။ သရေခေတ္တရာရေ… ကြိုလင့်ပါတော့ကွယ်။

(၃)

သရေခေတ္တရာကိုသွားဖို့ စုရပ်ဖြစ်တဲ့ မြေနီကုန်းက ရွှေလက်ဘက်ရည်ဆိုင်ကို မထိုက်တို့ညီအစ်မနဲ့ ကျွန်မ ရောက်တော့ ဘယ်သူမှ မရောက်ကြသေးဘူး။ နာရီကိုကြည့်မိတော့ ည (၈) နာရီထိုးကာနီးပြီ။ အချိန်စောပါသေးတယ် သူတို့တွေ မရောက်ကြသေးတာ ဖြစ်မှာပေါ့လို့ တွေးရင်း ကျွန်မတို့ ဆုံနေကျ မြေနီကုန်းက နောက်ဆိုင်တစ်ဆိုင်ဆီ သွားကြတယ်။ အဲ့ဒီမှာ ယောက်ျားလေး တော်တော်များများ ရောက်နေကြပြီ။ ကိုညီလင်းဆက်၊ ကိုကျော်ဇေယျ၊ ကိုဘလာဂေါက်၊ စိုးဇေယျ၊ သီဟန်၊ ဖိုးသူတော် တစ်ခြားသူတွေလည်းရှိသေးတယ်။ ဘီယာထိုင်သောက်နေတဲ့သူတို့တွေကို ကျွန်မ နည်းနည်းတော့ စိတ်အလိုမကျဖြစ်မိသေးတယ်။ ခရီးထွက်ပါမယ်ဆိုမှ ဘာလဲပေါ့လေ။ ဒါပေမယ့် ကျွန်မ အကိုတွေက ဒီလောက်လေးတော့ အေးဆေးဖြစ်မှာပါလေ လို့ပြန်တွေးရင် တစ်ခြားလူတွေကို ရွှေ လက်ဘက်ရည်ဆိုင်မှာ ပြန်သွားစောင့်တယ်။ မကြာပါဘူး။ ကျွန်မ မြင်ဖူးတဲ့ ဘလောဂ့်ဂါတွေရော၊ ကျွန်မ မမြင်ဖူးတဲ့ ဘလောဂ့်ဂါတွေရော စုံစုံလင်လင် ရောက်လာကြပါရော။ ကျွန်မ ရင်တွေ ခုန်ပြန်တယ်။ တစ်ကယ်ကြီးကို ကျွန်မတို့ အဖွဲ့လိုက်ကြီး ခရီးထွက်ရတော့မယ်။ အားလုံးရဲ့ မျက်နှာမှာ တက်ကြွမှုတွေကို သယ်ဆောင်လာကြတယ်။ အားလုံး ရဲ့ မျက်လုံးတွေဟာ အားသစ်တွေကို ဖော်ဆောင်နေကြတယ်။ အားလုံးဟာ တီရှပ်ဖြူတွေ ဆင်တူနဲ့ အရမ်းကို ချစ်စရာကောင်းနေကြတယ်။ အဲ့ဒီအချိန်မှာ ကျွန်မတို့ ငှားထားတဲ့ ကားကလည်း အချိန်ကိုက်ရောက်လာတယ်။ ဖြစ်ချင်တော့ ကားနည်းနည်းသေးနေတယ်။

“ဟ ဟ ကားသေးတယ်ဟ Organizer တွေ ရပ်စီး.. အနော်တို့တွေ ထိုင်စီးမယ်” 5571_1036416166845_1718711968_70683_7642634_n

ကျွန်မလှည့်ကြည့်လိုက်တော့ အသားဖြူဖြူနဲ့ ကောင်လေးတစ်ယောက်။ မီတင်မှာတော့ တစ်ခါဆုံဖူးပေမယ့် မရင်းနှီးပါဘူး။ အခုအချိန်မှာတော့ ပြောမနာဆိုမနာတွေ ဖြစ်ကုန်ကြပြီပေါ့လေ။ သူ့နာမည်က ဖိုးဂျယ်လို့ ဘလောဂ့်ဂါ ညီမလေး နန်းညီက မိတ်ဆက်ပေးဖူးတာ သတိရသေးတယ်။ သူတို့နဲ့အတူ တစ်ခြား ကျွန်မ မသိတဲ့သူတွေလည်း ပါသေးတယ်။ နောက်ကျတော့မှ သိရတာက သူတို့တွေက မြောင်း၊ အိဖူး၊ မြတ်နိုး၊ အန်ဒီ တို့တွေတဲ့။ သြော် အွန်လိုင်းပေါ်မှာ ကြားဖူးနေကျ နာမည်တွေကိုး။

“အေးပါဟယ်.. အားလုံးအဆင်ပြေအောင် ငါတို့တွေ လုပ်ပေးမှာပါ” လို့ ကျွန်မက ပြန်ပြောရင်း တစ်ခြားသူတွေကိုပါ တစ်ချက်ဝေ့ကြည့်မိလိုက်သေးတယ်။ ကားသေးတာကို စိတ်ပျက်နတဲ့ပုံ တစ်ယောက်မှာမှ မရှိဘူး။ “ကဲ ကဲ ကားပေါ်တက်တော့ ဆယ်နာရီ အတိမှာ ထွက်မှာနော်” လို့ ကိုကြီးကျော်လို့ ကျွန်မတို့ကခေါ်တဲ့ ကိုကျော်ဇေယျ အော်ပြောသံကိုကြားရတယ်။ မီးတောက်တို့၊ ကိုအောင်လေးတို့ ကားပေါ်ကို အပြေးအလွှားတက်ကြတယ်။ ကားဘေးမှာ Vinyl တွေ ကပ်နေတဲ့ သားကြီးတို့၊ ၀ိုင်တို့ ကိုလူလိမ်တို့လည်း လက်စသတ်ပြီး ကားပေါ်ကို ပြေးတက်ကြတယ်။ ဘလောဂ့်ဂါ မိန်းကလေးတွေလည်း တစ်ယောက်ပြီး တစ်ယောက်တက်ရင်း နေရာတွေ ယူကြတယ်။ ကားနဲ့လူနဲ့ မမျှတော့ တစ်ချို့တွေ နေရာမရကြဘူး။ မိန်းကလေးတွေကို ဦးစားပေးထိုင်ခိုင်းပြီး ယေက်ျားလေးတစ်ချို့ မတ်တပ်ရပ်ကြတယ်။ အားလုံးကလည်း “အဆင်ပြေပါတယ်” ဆိုတာကို ပြောနေကြလေရဲ့။ ဟုတ်တာပေါ့ အဆင်ပြေရမှာပေါ့။ ကျွန်မတို့ အဖွဲ့ရဲ့ ဆောင်ပုဒ်လေးကိုက “WE BLOG – WE UNITE” မဟုတ်လား။ ကဲ. သရေခေတ္တရာရေ.. ငါတို့တွေ လာနေကြပြီ။ အားသစ်တွေ၊ စူးစမ်းလိုစိတ်တွေ၊ ပျော်ရွှင်တက်ကြွမှုတွေနဲ့ လူငယ်တစ်စု ရှေးဟောင်းမြေကို ခြေချဖို့ ထွက်ခွာလာနေကြပြီ။

ရန်ကုန် ပြည် လမ်းမကြီးတစ်လျှောက် ကျွန်မတို့ ကားလေးက တရိပ်ရိပ်ပြေးနေတယ်။ တစ်ချို့တွေ စကားများနေကြတယ်။ တစ်ချို့တွေ နောက်ပြောင်နေကြတယ်။ တစ်ချို့တွေ အိပ်စက်ဖို့ မျက်လုံးကို စမှိတ်တယ်။ တစ်ချို့တွေကတော့ ငြိမ်သက်ရင်း စီးနင်းလိုက်ပါလာကြတယ်။ အရင်တုန်းက သွားဖူးနေကျ ဒီလမ်းလေးရဲ့ ဘေးဘီတွေကို ကျွန်မ မျှော်ကြည့်မိတယ်။ ညဘက်မို့လို့ ပတ်ဝန်းကျင်က မှောင်မဲနေတယ်။ လမ်းမီးရောင်တွေက ကျိုးတိုးကျဲတဲ လင်းနေတယ်။ လယ်ကွင်းတွေရဲ့ အရိပ်တွေကို ကျွန်မ တွေ့ရတယ်။ စိမ်းလန်း လတ်ဆတ်တဲ့ လေးအေးတွေ အပြင်မှာ တသောသောတိုက်ခတ်နေကြရော့ပေါ့။ တစ်ချိန်တုန်းက အရမ်းကို ကောင်းခဲ့တဲ့ ရန်ကုန်ပြည် လမ်းမကြီးမှာ ချိုင့်ခွက်တွေ ဖြစ်နေတာကို ကားရှေ့မီးကနေတစ်ဆင့် ကျွန်မ တွေ့ရတယ်။ လွန်ခဲ့သော သုံး လေးနှစ်ခန့်က ဒီလမ်းပေါ်မှာ ကျွန်မ အကြိမ်ကြိမ် ခရီးသွားခဲ့ဖူးတယ်။ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်မြို့ကို ကူုးချည် သန်းချည်လုပ်ရင် ကျောင်းတက်ခဲ့တယ်။ အချိန်တွေကြလာတာနဲ့အမျှ အရာရာဟာ ပြောင်းလဲကုန်ပါပြီကော။

(၄)

ကျွန်မတို့ ကားကလေး လက်ပန်တန်းဆိုတဲ့ မြို့ကလေးမှာ ခဏနားတယ်။ အားလုံးဆင်းပြီး မုန့်စားကြ၊ အအေးသောက်ကြတယ်။ အဲ့ဒီမှာ ဂဏန်းကြော်တွေ အတော်လေး အရသာရှိတယ်။ စိုးဇေယျကတော့ ဆီထမင်းနဲ့ ငါးခြောက်နဲ့ကို ပလုပ်ပလောင်း စားနေလေရဲ့။ မီးလေးတို့ ဇောင်းတို့က အသုပ်စားဖို့ ခေါ်ကြတယ်။ ကျွန်မ ဘာမှတော့ ပီပီပြင်ပြင် မစားဖြစ်ပေမယ့် ဟိုလူ့ဆီကနည်းနည်း ဒီလူ့ဆီကနည်းနည်း ကပ်စားရင်း ဗိုက်ပြည့်သွားခဲ့သေးတယ်။ ကားပေါ်ပြန်တက်တော့ ကျွန်မသူငယ်ချင်းတစ်ယောက်ကို ကျွန်မ နေရာပေးထိုင်ခိုင်းပြီး ကျွန်မကတော့ ကားခုံလက်တင် ပေါ်မှာ မှေးထိုင်ရင်း လိုက်လာခဲ့တယ်။ တစ်ခြားသူတစ်ချို့လည်း အဲ့လိုပဲ ထိုင်ကြတယ်။ ကိုညီလင်းဆက်တို့၊ စိုးဇေယျတို့၊ သားဖြိုးတို့တွေလည်း ရှိနေကြတယ်။ ညနှစ်နာရီလောက် ရှိနေပေမယ့် ကျွန်မ နည်းနည်းမှ အိပ်ချင်စိတ်မရှိဘူး။ အိပ်လို့လည်း မဖြစ်ဘူး. ကျွန်မှာ နေရာမှ မရှိတာကို။ ဒါနဲ့ နောက်ဘက်က သားဖြိုးတို့ အဖွဲ့နဲ့ စကားတွေ သွားပြောနေလိုက်တယ်။ သူတို့ကလည်း မအိပ်ပဲ လေတွေပေးနေလိုက်ကြတာ။ အဲ့ဒီမှာပေါ့ ကျွန်မ ဂျူဝသန်နဲ့ စတွေ့တာ။ သူ့ကို ကန်တော်ကြီးမှာတော့ တွေ့ဖူးလိုက်ပေမယ့် စကားကောင်းကောင်း မပြောဖြစ်လိုက်ဘူး။ ရုပ်ကလည်း ခပ်တည်တည်နဲ့မို့ ကျွန်မတို့လို စတတ် နောက်တတ် ပေါတတ်လိမ့်မယ်လို့လည်း မထင်ခဲ့မိတာပါ။ သူတို့နဲ့ စကားပြောတော့မှပဲ ရုပ်တည်ကြီးနဲ့ နောက်တတ်တဲ့သူ ဖြစ်မှန်း ကျွန်မ သိရတယ်။ သူတို့အဖွဲ့နဲ့ စကားပြောရတာ ကျွန်မှာ ရီရလွန်းလို့ အူတွေတောင် နာနေပါရော။ ဂျူဝသန်ရှင်းပြတဲ့ သရေခေတ္တရာ သမိုင်းကြောင်းကိုတော့ ကျွန်မ အမှတ်တရ အရှိဆုံးပါပဲ။ ခုချိန်ထိတောင် ပြန်တွေးပြီး ပြုံးနေမိသေးတယ်။ သမိုင်းနဲ့ ဘွဲ့ရခဲ့တာပါ ဆိုတဲ့ သမိုင်းဆရာ ဂျူဝသန်ကိုတော့ ဒေါက်တာသန်းထွန်းများတွေ့ရင် ဆရာတောင်ခေါ်ချင်မလား မပြောတတ်ပါဘူး။

“ပျူခေတ်တုန်းကပေါ့ ပျူစောထီးကို ပန်ထွာဘုရင်နဲ့ တစ်ခြားမိဘုရား တစ်ပါးကလုတာ တစ်ယောက်မှမရပဲ သရေကျတယ်လေ.. သူတို့ကလည်း လုလို့ မပြီးနိုင်ပဲ ခေတ်တစ်ရာတိတိလုကြတာ ခေတ်တစ်ရာ တိတိ သရေပဲဖြစ်နေတယ်.. ဒါကြောင့် သရေခေတ္တရာလို့ ခေါ်တယ်”

“မှတ်သားလောက်ပါပေ့ သမိုင်းဆရာရယ်.. နောက်ဘာတွေများ ပြောချင်ပါသေးလဲ”

“အင်းး ပြောရမယ်ဆိုရင်တော့ ပြောရမယ်ပေါ့လေ.. ဟိုး ရှေးရှေးတုန်းကပေါ့.. ဘုရင့်နောင်လေ.. ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တာ။ သူက အိုးး စစ်ရေးအရာမှာ ဘာကျွမ်းသလဲ မမေးနဲ့ ..သူသိမ်းပိုက်လိုက်တာများ အာသံ မဏိပူရ ယူနန်ပြည် ဇင်းမယ် လည်း ပါတာပေါ့လေ.. နောက်ပိုင်းမှာ သူက နိုင်ငံရေးကို စိတ်ကုန်သွားပြီး.. ရန်ကုန်တက် စီးပွားရေးလုပ်တာ.. ဘုရင့်နောင်ပွဲရုံဆိုတာနဲ့ သူနာမည်ကြီးနေလေရဲ့”

ကျွန်မတို့မှာ သူပြောတာကို ရီနေရတာ အတောကို မသတ်နိုင်ဘူး။ နောက်တော့ ပထမကမ္ဘာစစ်အကြောင်းတွေကိုကော၊ ဒုတိယကမ္ဘာစစ်အကြောင်တွေကိုကော ဟုတ်တာတွေနဲ့ မဟုတ်တာတွေရောပြီး ပေါက်ကရတွေ ပြောနေလိုက်တာကျွန်မမှာ အိပ်ချင်စိတ်တောင် မရှိခဲ့ပါဘူး။ ကိုသက်ထူးကလည်း လှမ်းပြောသေးရဲ့ “ဒေါက်တာသန်းထွန်း ဆုံးသွားပေမယ့် မင်းလိုလူမျိုး ကျန်နေခဲ့လို့ တော်သေးတာပေါ့ကွာ” တဲ့။ တစ်ကယ်ကို ပေါက်ကရနိုင်တဲ့ ဂျူဝသန်ပါ။ ကျွန်မတို့လည်း သူနဲ့အရမ်းကို ခင်သွားကြတယ်။ ကားပေါ်မှာ တောက်လျှောက်ပါပဲ။ ဖိုးဂျယ်၊ သားဖြိုး၊ ဟိုလိုလို ဒီလိုလို၊ မြောင်း၊ အန်ဒီ၊ ဂျူဝသန်နဲ့ ကျွန်မတို့တွေ ပေါက်ကရမျိုးစုံပြောပြီး တသောသောနဲ့ ရယ်မောလာလိုက်ကြတာ ပြည်အ၀င်ကို ရောက်မှပဲ ရပ်ကြပါတော့တယ်။

3.1215432420.aung-san-on-horseback

ပြည်အ၀င်မှာရှိတဲ့ ဗိုလ်ချုပ်ရုပ်တုဟာ ကျက်သရေရှိလှတယ်။ မျိုးချစ်စိတ်ကို ၀င့်ကြွားစေတယ်။ မြန်မာဖြစ်ရတာ ဂုဏ်ယူစေတယ်။ ဗိုလ်ချုပ်ရုပ်တုကိုကြည့်ရင်း ကျွန်မလည်း ကြက်သီးမွှေးညှင်းများတောင် ထမိပါရဲ့။ ခဏနေတော့ ရွှေဆံတော် ဘုရားကိုရောက်တယ်။ ဓမ္မစကြာဝတ်ရွတ်သံတွေက မနက်ခင်းမှာ မင်္ဂလာရှိစွာ ပျံ့လွင့်လာတယ်။ ကျွန်မတို့တွေ ကားပေါ်ကဆင်းတော့ ပန်းသည်တွေ အလုအယက်ပန်းလာရောင်းကြတယ်။ ကျွန်မတို့တွေ မျက်နှာသစ်ပြီး ခြေလက်တွေ ဆေးကြတယ်။ နောက်တော့ အားလုံးနီးပါး ဘုရားပန်းဝယ်ပြီး ရွှေဆံတော်ကို ခြေလျင်တက်ကြတယ်။ ကျွန်မမှာ ဖတ်ဖတ်ကို မောနေတော့တာပါပဲ။ မယမင်းကတော့ပြောတယ် “ပင့်ကူကို ကျိုက်ထီးရိုးများ တက်ခိုင်းရင် ဘယ်လိုနေမလဲ မသိဘူးတဲ့” ။ ဘုရားပေါ်ရောက်တော့ ကြာသပတေးထောင့်မှာ ဘုရားရှိခိုးတယ်။ ငါးပါးသီလခံလိုက်တယ်။ မေတ္တာပို့လိုက်တယ်။ ပတ်ဝန်းကျင်မှာတော့ ၀တ်ရွတ်သံတွေက ပျံ့နေဆဲ။ တစ်ချို့တွေက ကင်မရာကြီးတွေ ထုတ်ပြီး ပြည်မြို့ကို မှတ်တမ်းစတင်ကြပြီ။ တစ်ချို့တွေကိုတော့ သက်ဆိုင်ရာ မွေးနံထောင့်တွေမှာ ငြိမ်သက်စွာ ဘုရားဝတ်ပြုနေတာကို တွေ့ရတယ်။ ကျွန်မနဲ့ စမ်းမော်အောင်လည်း ဘုရားပေါ်မှာ တစ်ပတ်တူတူပတ်ဖြစ်ကြတယ်။ ပြည်သူလေးတွေ ချစ်စရာ ကောင်းတာကိုလည်း သတိထားမိခဲ့သေးတယ်။ ဘုရားရင်ပြင်ကိုရောက်တော့ ကျွန်မတို့ အဖွဲ့တွေ စုံသလောက်နီးပါးကို တွေ့ရတယ်။ တစ်ချို့က ဓါတ်ပုံရိုက်နေကြတယ်။ တစ်ချို့က စကားပြောနေကြတယ်။ တစ်ချို့ကတော့ လျှောက်သွားနေကြတယ်။ အင်္ကျီဖြူဆင်တူတွေနဲ့ လူငယ်တွေဟာ မနက်ခင်းမှာ လှပနေလိုက်ကြတာ။ ငယ်ရွယ်မှု၊ နုပျိုမှုတွေဟာ ဂုဏ်ရှိပါလားဆိုတာကို ကျွန်မ အခုမှ သေသေချာချာသဘောပေါက်ခဲ့တယ်။ ကျွန်မ သူငယ်ချင်းတွေ ပျော်နေတာကိုကြည့်ရင်း ကျွန်မ မျက်လုံးတွေ တစ်နေရာကို စူးစိုက်ကြည့်မိသွားတယ်။

အဲ့ဒီအချိန်မှာ နေရောင်ထွက်စပြုပြီ။ မနက်ခင်းရောင်ခြည်တွေ လောကကြီးကို လွှမ်းခြုံနေပြီ။ ဆည်းဆာရိပ်မှာ ပတ်ဝန်းကျင်လည်း လှုပ်ရှားစပြုပြီ။ ကျွန်မ မျက်လုံးရှေ့တည့်တည့်မှာ ရှိနေတာကတော့ ကောင်းကင်ကြီးအောက်မှာ ရွှေရောင်အဆင်းနဲ့ ထူးခြားသပ်ပယ်လှတဲ့ မိုးထိအောင် မြင့်မားနေတဲ့ ဆယ်ထပ်ကြီးဘုရား။ ကြည်ညိုဖွယ် ကောင်းလိုက်လေစွ၊ ဂုဏ်ယူဖွယ် ကောင်းလိုက်လေစွ။ ကျွန်မလည်း ရုတ်ချည်းကို ထိုင်ချလိုက်ရင် လက်အုပ်ချီပြီး ဘုရားကြီးကို တစ်စိမ့်စိမ့် ကြည်ညိုမိတယ်။ ဘုရားကို ဦးသုံးကြိမ်ချပြီး ကျွန်မရင်ထဲကနေ လေလေးနက်နက် ဆုတစ်ခုတောင်းမိတယ်။

“တပည့်တော်မရဲ့ ဘ၀မှာ အချစ်ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး ဘယ်အရေးကိစ္စမှာမဆို မသမာသူများ၊ အလွဲသုံးစား လုပ်တတ်သော လူလိမ်များနဲ့ မတွေ့ရပါလို၏ အရှင်ဘုရား” 8330_1220474317935_1411255000_30634257_3859046_n

ရွှေဆံတော်ရဲ့ ထီးတော်ပေါ်မှာ ခေါင်းလောင်းလေးတွေ တစ်ချွင်ချွင်မြည်နေကြတယ်။ လတ်ဆတ်တဲ့ မနက်ခင်းလေကို ကျွန်မတို့တွေ အားရပါးရ ရှုရှိုက်ကြတယ်။ ဘုရားဂေါပက အဖွဲ့က စီစဉ်ပေးတဲ့ မနက်စာကို စားဖို့ စောင့်နေတုန်း ကျွန်မတို့ အဖွဲ့လိုက်၊ တစ်ယောက်ချင်းအလိုက် ဓါတ်ပုံတွေ ရိုက်ကြတယ်။ အချင်းချင်း စလိုက်နောက်လိုက်နဲ့ အဲ့ဒီအချိန်ခဏမှာ အားလုံးဟာ အပူအပင်တွေနဲ့ ကင်းဝေးနေကြတယ်။ ခဏနေတော့ မနက်စာစားကြတယ်။ ဘုရားဂေါပကအဖွဲ့က အငြိမ်းစား ပါမောက္ခ ဦးမြ၀င်းက ရွှေဆံတော် ဘုရားသမိုင်းကြောင်းကို ရှင်းပြတယ်။ စာရွက်လေးတွေဝေတယ်။ သုံးနှစ်မှာ တစ်ကြိမ် အစည်ကားဆုံး မြို့တွင်းမှာ လှည့်လည် ကျင်းပမယ့် ရွှေဆံတော် ဘုရားပွဲကိုလည်း လာခဲ့ကြပါလို့ ဖိတ်ပြန်တယ်။ ဘုရားမှာ ရှိတဲ့ ထူးခြားတဲ့ နေရာတွေနဲ့အတူ အဘဘိုးဘိုးအောင်စတင် အဓိဌာန်အောင်ခဲ့တဲ့ နေရာဖြစ်တဲ့အတွက် ဂန္ဒာရီ ခရီးကို လျှောက်တဲ့သူတွေ မဖြစ်မနေ လာရောက် အေင်မြေနင်းသင့်တဲ့အကြောင်းလည်း ပြောတယ်။ နောက်လည်း ဘုရားသမိုင်းကြောင်းတွေကို အတော်စုံစုံလင်လင်ရှင်းပြတာ ကျွန်မတို့ ဗဟုသုတ အတော်လေး ရခဲ့ပါသေးတယ်။ နောက်တော့ ကျွန်မတို့တွေလည်း ဘုရားကို လှည့်ပတ်ဖူးရင်း ပြန်ဆင်းကြတယ်။ ဘုရားခြေရင်းမှာရှိတဲ့ လက်ဘက်ရည်ဆိုင်မှာ ခဏနားတော့မှ သတိထားမိတာက ပြည်ဟာ အတော်လေးကိုပူတဲ့ ရာသီဥတု ဒဏ်ကို ခံစားနေရတယ်ဆိုတာ ဖြစ်တယ်။ အားလုံးရဲ့ မျက်နှာမှာလည်း မနက်ခင်းမှာ ချွေးစိုနေတာကို သတိပြုမိတယ်။

(၅)

ကျွန်မတို့အဖွဲ့ ရွှေဆံတော်ဘုရားပြီးတော့ ပြည်တဘက်ကမ်းမှာရှိတဲ့ ရွှေဘုံသာမုနိဘုရားကို သွားကြတယ်။ ဧရာဝတီမြစ်ကြီးကို ဖြတ်ရတယ်။ န၀ဒေး တံတားဟာ ထုထည်ခိုင်ခန့်စွာ တည်ငြိမ်လှပနေတယ်။ ဧရာဝတီရဲ့ ကောက်ကြောင်းတွေကတော့ မထင်မရှားနဲ့ပေါ့။ နဝေဒေးတံတားကိုဖြတ်ပြီး ခဏနေတော့ ရွှေဘုံသာမုနိဘုရားကို ရောက်တယ်။ ရွှေဘုံသာမုနိဟာ ဧရ၀တီမြစ်ကမ်းနဘေးမှာ တည်းထားတဲ့ ဘုရားဖြစ်တယ်။ ဘုရားမှာ ပန်းမာလာပေါင်းစုံ ဖူးပွင့်နေကြတယ်။ ဓါတ်ပုံသမားတွေကတော့ အကြိုက်တွေ့တော့တာပါပဲ။ ပန်းပွင့်လေးတွေမှာ ပျားကလေးတွေ နားနေတာဟာ ကဗျာဆန်လှတယ်။ စိုးဇေယျတို့ ကိုညီလင်းဆက်တို့ ဇောင်းတို့ အမိအရ ဓါတ်ပုံတွေ ရိုက်ယူကြတယ်။ ကျွန်မလည်း ဘယ်နေလိမ့်မလဲ ပန်းလေးတွေနဲ့အတူ ဓါတ်ပုံအရိုက်ခံလိုက်သေးတာပေါ့။

ဘုရားပေါ်က အဆင်းမှာ ဧရာဝတီကို ငြိမ့်ညောင်းတဲ့ရေစီးနဲ့အတူ တွေ့ရတယ်။ မြစ်စပ်မှာ တစ်ချို့တွေ ရေကူးနေကြတယ်။ ကျွန်မတို့ အဖွဲ့သားတွေ ဧရာဝတီနဲ့ န၀ဒေးတံတားရဲ့ အလှကို ပေါင်းစပ်ခံစားနေကြတယ်။ ရာဇာဝင်ထဲက စာတစ်ချို့က ကျွန်မခေါင်းထဲကို ရုတ်ချည်းဝင်ရောက်လာတယ်။ “ကောဉ္စပြင်မှာ ဘူးသီးခြောက်နဲ့ ရေခပ်နေတဲ့ ရသေ့တူမ ဗေဒါရီကိုတွေ့တာနဲ့ ဘီလူးနဲ့ပေးစားတယ် ၊ အဲ့ဒီက မွေးတဲ့ ကလေးက ဒွတ္တဘောင်ဖြစ်လာတယ်” ဆိုတာပါပဲ။ ဒီအကြောင်းအရာကို မှန် မမှန် ကျွန်မ မဆန်းစစ်ကြည့်ဖူးဘူး။ ခုချိန်မှာတော့ ဗေဒါရီလို ဗူးသီးခြောက်နဲ့ ရေလာခပ်တဲ့ ပြည်သူတွေများ ရှိမလားလို့ လိုက်ရှာမိသေးတယ်။ ဘယ်ရှိမှာလဲနော်.. ဒီနေ့ခေတ်မှာ ရေကိုတောင် မီးစက်မောင်းပြီး တင်နေကြတာကြီးကို။ ဒွတ္တဘောင်အကြောင်း တွေးနေတုန်းမှာပဲ “ဒါပြီးရင် သရေခေတ္တရာ မြို့ဟောင်းကို သွားမယ်” လို့ ကျွန်မတို့ Organizer အဖွဲ့ထဲက တစ်ယောက် လှမ်းပြောသံ ကြားလိုက်ရတော့တယ်။ မှော်ဇာကို အရင်သွားပြီးမှ အဲ့ကနေ တစ်ဆင့် မြို့ဟောင်းကို သွားရမယ်တဲ့။

နာရီဝက်လောက် ကားမောင်းပြီးတော့ မှော်ဇာကိုရောက်တယ်။ လမ်းခရီးမှာ ကိုညီလင်းဆက်က သရေခေတ္တရာအအကြောင်းကို ရှင်းပြနေသေးတယ်။ ဂျူဝသန်ပြောတဲ့ သရေခေတ္တရာကို သတိရပြီး ပြုံးတုံ့တုံ့ ဖြစ်မိသေးတယ်။ ခဏနေတော့ သရေခေတ္တရာပြတိုက်ကြီးကိုရောက်တယ်။ အဲ့ဒီမှာ ရှေးဟောင်း လက်ရာတွေ အများအပြားတွေ့ရတယ်။ ပျူခေတ်ကရုပ်တုတွေ၊ ပုတီးစေ့တွေ၊ ကျောက်စာတွေ၊ အုတ်ခွက်ဘုရားတွေ.. အိုး.. အစုံအလင်ပါပဲ။ အဲ့ဒီမှာ ထူးခြားတာက ဓါတ်ပုံတွေ ဗီဒီယိုတွေ မရိုက်ရဘူးလို့ တားမြစ်ထားပြီး၊ ထူးဆန်းတာကတော့ ကျွန်မတို့တွေ ကင်မရာကြီးတွေ တစ်ကိုင်ကိုင်နဲ့ ၀င်လာနေကြလျက်နဲ့ကို အ၀င်ဝမှာကတည်းက မတားမြစ်ပဲ အထဲကို ယူဆောင်ခွင့်ပြုတာ ဖြစ်တယ်။ ဘယ်သူမှလဲ ဓါတ်ပုံရိုက်နေကြရဲ့လားဆိုတာ လိုက်စစ်တာ မတွေ့ရပါဘူး။ ကျွန်မတို့တွေတောင် ပြတိုက်ထဲက ရှေးဟောင်းလက်ရာတွေကို ဓါတ်ပုံ ခိုးရိုက်လာကြသေးတယ်။ ဘယ်သူမှ ဘာမှမှ မပြောကြတာ ကြီးကို။ကျွန်မတို့တွေ ပြတိုက်ရှေ့မှာ အဖွဲ့လိုက်ကြီး ဓါတ်ပုံတွေ ရိုက်ကြသေးတယ်။ လက်နှစ်ချောင်းထောင်ကြ၊ ပျော်ကြ ပါးကြ၊ အော်ဟစ်ကြနဲ့ အားလုံးဟာ တစ်ကယ်ကို လွတ်လပ်နေကြတယ်။

နောက်တော့ ကျွန်မတို့တွေ သရေခေတ္တရာ မြို့ဟောင်းကို ခရီးဆက်ကြတယ်။ ပြတိုက်ကနေ ဂိုက်အဖြစ် ကလေးလေး တစ်ယောက် ထည့်ပေးလိုက်တယ်။ ခဏနေတော့ မြို့ရိုးကြီးကို စမြင်ရတယ်။ ဂိုက်ကလေး ရှင်းပြတာကိုလည်း နားထောင်၊ ကိုယ်တိုင်လည်း တွေးချင်တာတွေးရင်း သရေခေတ္တရာနဲ့ ကျွန်မ တစ်သားတည်း ဖြစ်သွားခဲ့တယ်။ မြန်မာပြည်တွင် အေဒီ ၁ ရာစုမှ ၉ ရာစုခန့်အထိ ပျူတို့၏ အထင်ကရ မြို့တော် သုံးမြို့ရှိခဲ့ဖူးတယ်။ အဲ့ဒါတွေကတော့ မကွေးခရိုင်ရှိ ဗိဿနိုး မြို့၊ ရွှေဘိုနယ်ရှိ ဟန်လင်းကြီး မြို့ နှင့် ပြည်မြို့အနီးရှိ သရေခေတ္တရာ မြို့တွေဖြစ်တယ်။ ရှေးဟောင်းပျူမြို့တော် သုံးမြို့အနက် သရေခေတ္တရာဟာ စည်ပင်အ၀ပြောဆုံးနှင့် သာသနာရေးဆိုင်ရာ အဆောက်အဦး များ အပေါများဆုံးဖြစ်ခဲ့မယ်လို့ ကျန်ခဲ့သော အထောက်အထားများအရ ခန့်မှန်းကြတယ်။ သရေခေတ္တရာ မြို့ကို သာသနာ သက္ကရာဇ် ၁၀၁ ခုနှစ်တွင် ဒွတ္တဘောင်အမည်ရှိသော မင်းကြီးက တည်ထောင်ခဲ့တယ်။ သိကြားမင်း၊ ဂ၀ံပတိ၊ ရသေ့ ၊ နဂါး ၊ ဂဠုန် ၊ စန္ဒီ နှင့် ပရမေသူရာ တို့၏ အကူအညီဖြင့် မြို့တည် ဆောက်ရာမှာ နဂါးအမြီးဖြင့် စက်ဝန်းပုံသဏ္ဍန် မြို့ကွက်ရာ ပန္နက်ပုံစံ ရေးဆွဲတယ်လို့လည်း ဖတ်ရဖူးတယ်။

Pyi_00081

သရေခေတ္တရာမြို့ဟောင်းကို ရောက်ရောက်ချင်းပဲ ဘောဘောကြီး ဘုရားကို ကျွန်မတို့ စတင်ဖူးတွေ့ရတယ်။ ကျွန်မတို့ မြင်ဖူးနေကျမဟုတ်တဲ့ ပုံသဏ္ဍန်နဲ့တည်ထားတဲ့ ဘောဘောကြီးဘုရားဟာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ရှေးအကျဆုံး ဘုရားတွေထဲက တစ်ဆူဖြစ်တယ်။ ပစ္စယံနိမ့်နိမ့်ပေါ်မှာ အထက်သို့ တဖြည်းဖြည်းစုချွန်သွားတဲ့ စေတီလုံးဖြစ်ပြီး စေတီထိပ် အချွန်ပေါ်တွင် ထီးတော်တင်ထားတာဟာ ရှေးမူမပျက်ပဲ ရှိနေပါသေးတယ်။ ကျွန်မတို့ထဲက ယောင်္ကျားလေးတွေကတော့ အထက်ပစ္စယံထိတက်လို့ရတယ်။ မိန်းကလေးတွေကတော့ တက်ခွင့်မရှိဘူးပေါ့။ ယောက်ျားလေးတွေ အကုန်အပေါ်တက်၊ မိန်းကလေးတွေ အကုန် အောက်ကနေ သူတို့တွေကို အားကျ မနာလိုဖြစ်စွာ မော့ကြည့်ရင် အပြန်အလှန် ဓါတ်ပုံတွေ ရိုက်ယူခဲ့ကြသေးတယ်။ ကျွန်မ မျှော်လင့်ထားခဲ့တဲ့ ရှေးဟောင်း အဆောက်အဦးတွေကိုတော့ များများစားစား မတွေ့ရဘူး။ ခေတ်ကာလ ကြာညောင်းပြီးဆိုတော့ ပျက်စီးကုန်ပြီ ထင်ပါရဲ့။ ကျွန်မရင်ထဲမှာတော့ လွမ်းငွေ့တွေ ဝေနေဆဲ။ ဘောဘောကြီးဘုရားပြီးတော့ ဘဲဘဲလေးဘုရား၊ လေးမျက်နှာဘုရားနဲ့ ဗိသနိုးသင်္ချိုင်းရှိရာသို့ နေပူကျဲတောက်မှာ ခြေလျင် လျှောက်သွားရတယ်။ အဲ့ဒီအချိန်မှာ အားလုံးဟာ ဗိုက်အရမ်းဆာပြီး အရမ်းလည်း နုံးနေကြပြီး။ ဒါပေမယ့် ရှေးဟောင်းအမွေအနှစ်တွေကို လေ့လာချင်ဇောနဲ့ ခြေလျင်ခရီးဆက်ကြတယ်။ လမ်းပေါ်မှာလည်း ပြောလိုက် ဆိုလိုက် နောက်လိုက် ပြောင်လိုက် နဲ့ပေါ့။ 5260_123662909169_778994169_2242211_866696_n

“ဘောဘောကြီး ဘုရားလို့ ဘာလို့ ခေါ်တာလည်း မသိဘူးနော်”

“သြော် ပန်ထွာဘုရင်မက ဒွတ္တဘောင်မင်းကြီးကို ချစ်စနိုးနဲ့ ခေါ်တဲ့နာမည်ပေါ့“

အဖြေကိုကြားတော့ ကျွန်မတို့တွေ ၀ါးခနဲ ရီကြတယ်။ နောက်တော့ တစ်ယောက်က ဆက်မေးပြန်တယ် “ဘဲဘဲလေး လို့ကော ဘာလို့ ခေါ်သလဲတဲ့” အဖြေကလည်း ချက်ချင်းဆိုသလို ပြန်လာတယ်။

“ပန်ထွာက သူ့ အငယ်လေးကို ခေါ်တာလေ”

“၀ိုးး မိုက်တယ် ပျူခေတ်ကတည်းက အဲ့ဒီ အခေါ်အဝေါ်တွေ ရှိနှင့်နေပြီးသားကို”

တစ်သောသောနဲ့ တစ်လမ်းလုံး ရယ်မောပြီး အမျိုးစုံပြောလာခဲ့ကြတာဟာလည်း လူငယ်တွေရဲ့ သဘာဝပဲ ဖြစ်ပါတယ်။

နောက်တော့ ဗိသနိုးသင်္ချိုင်းကိုရောက်တယ်။ အဲ့မှာ အရိုးတွေထည့်မြှပ်တဲ့ ကျောက်အိုးကြီးတွေ အကြီးကြီးပဲ။ ဂိုက်ကလေးကလည်း အကြောင်းစုံရှင်းပြနေတယ်။ ကိုကျော်ဇေယျက ပြောသေးတယ် အနံ့အသက် တစ်ခုခု ရသလိုပဲတဲ့။ သူပြောတော့ အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး လိုက်ရှုကြည့်ကြတယ်။ ကျွန်မအထင်တော့ ပတ်ဝန်းကျင်က သစ်ပင်တွေရဲ့ သစ်ရွက်စိမ်းနံ့တွေ ဖြစ်လိမ့်မယ်။ ဒါပေမယ့် ရှေးဟောင်းမြေကို ရောက်နေကြတယ်ဆိုတော့ အားလုံးစိတ်ထဲမှာ သို့လော သို့လော ပေါ့လေ။ နေရာကလည်း သင်္ချိုင်းမှာကိုး။ ခဏကြာတော့ သားဖြိုးတစ်ယောက် ကျောက်တုံး တစ်တုံးကိုင်ပြီး ရောက်လာတယ်။

“ဒါကို လက်နဲ့ထိရင် အောင်မြင်မယ် အောင်မြင်မယ်.. ဒါကလမ်းပေါ်ကနေ တူးဖော်ရလာတဲ့ ပျူခေတ်က ကျောက်ကွ”

“ရူးနေလား သားဖြိုးရယ်” လို့ပြောတော့.. ကိုညီလင်းဆက်ကလည်း ၀င်ပြောတယ်။ “အောင်မာ.. ငါတို့တွေ တစ်ကူးတစ်က ရှာဖွေတွေ့ရှိလာတဲ့ ကျောက်နော်.. ရှေးဟောင်းပြတိုက်ကို ပို့ရမှာ” တဲ့။ သူတို့တွေ အပြောအရတော့ ကျောက်က တစ်ကယ့် ရှေးဟောင်းကျောက်လိုပါပဲ။ အားလုံးလည်း အဲ့ဒီကျောက်ကို တစ်သသ ကိုင်ကြည့်ကြတော့တယ်။ အဲ့ဒီအချိန်မှာ ဘယ်သူလဲ မသိဘူး လှမ်းပြောတယ်။

“ဒီအချိန်မှာ ရှေးဟောင်းလူတွေ ထွက်လာရင် ဘယ်လိုလုပ်မလဲ.. ဗိသနိုးတွေလေ.. ဟီး.. ပျော်စရာကြီးနေမှာ”

“မဟုတ်ဘူး မဟုတ်ဘူး.. ငါတို့တွေက သင်္ချိုင်းမှာ ထိုင်နေကြတာဆိုတော့ ဟိုးးးး ရာဇ၀င်ထဲကို ပြန်ရောက်သွားရင် သွားမှာ”

“အေး မိုက်တယ်.. တစ်ဝက်က ပြန်ရောက်သွား.. တစ်ဝက်က ဒီမှာ ကျန်ခဲ့.. ရောက်တဲ့ အထဲမှာ ဘာညာက ပါသွားရော.. အလွှာပါးလေးကနေ မြင်နေရမယ်ပေါ့.. ဘာညာက အော်နေတယ်.. ကိုညီလင်းဆက် မလာနဲ့ မလာနဲ့ ဒီမှာ လူကြီးတွေ အကြီးကြီးပဲ”

“ဘာညာ လက်ကို ကမ်းထား.. ငါ နင့်ကို လာခေါ်မယ်.. မကြောက်နဲ့နော် မကြောက်နဲ့ ငါလာပြီ”

အဲ့ဒီမှာ ကျွန်မတို့တွေ တစ်ယောက် တစ်ပေါက်နဲ့ ဇာတ်လမ်းတွေ ဆင်ကြတယ်။ တစ်သောသော ရယ်မောကြတယ်။ နာရီဝက်လောက်ကြာတော့ အားလုံး ကားဆီကိုပြန်လှည့်ခဲ့ကြတယ်။ လမ်းပေါ်မှာ နောက်ထပ် ရှေးဟောင်း ကျောက်တစ်တုံးတွေ့တော့ ကျွန်မရယ်၊ ကိုညီလင်းဆက်ရယ်၊ ကိုဘလာဂေါက်ရယ်၊ အရုပ်ကလေးရယ်၊ မီးတောက်ရယ်၊ နန်းညီတို့တွေရယ် ပင်ပင်ပန်းပန်း တူလိုက်ကြသေးတယ်။ “ရောင်းစားရင် သိန်း နှစ်ဆယ်ရမှာဟ” လို့ ကိုညီလင်းဆက်ကပြောတယ်။ နောက်နေတာလား အတည်လာတော့ မသိဘူး။ ကျွန်မတို့တွေ အားတက်သရော ၀ိုင်းတူကြတယ်။ မနှင်းပွင့်ဖြူလေးကတော့ ဓါတ်ပုံတွေ တစ်ဖြတ်ဖြတ်ရိုက်တယ်။ ချွေးသုတ်ဖို့ တစ်ရှူးတွေလည်း ထုတ်ပေးတယ်။ ကျောက်ကလည်း မြေကြီးထဲ အင်မတန်နစ်နေတယ်။ နာရီဝက်လောက် သဲထဲကို ရေတွေထည့်၊ တုတ်တွေနဲ့ကော်ပြီးတော့ ကျောက်လည်းထွက်လာတယ်၊။ ဖြစ်ချင်တော့ ကျောက်တုံးက ကားပေါ်မှာ ကျန်ခဲ့ပြီ အခုတော့ မရှိတော့ဘူး။ ကျောက်တူးပြီးတော့ အားလုံးမောနေကြပြီ၊ နေပူပူအောက်မှာ နွမ်းလျနေကြပြီ၊ ဗိုက်တွေလည်း အတော်ဆာနေကြပြီ။ အပူဒဏ်ကို မခံနိုင်တောတဲ့အဆုံး ကျွန်မလည်း ခေါင်းပေါ်မှာ သစ်ရွက်ကြီးကြီး တစ်ရွက်ကိုဆောင်းပြီး အင်အားချည့်နဲ့စွာနဲ့ ကားဆီကို မရောက်ရောက်အောင် လှမ်းလာခဲ့တော့တယ်။

(၆)

ပြည် ကားကြီးကွင်မှာ ထမင်းစားကြတယ်။ စားရသောက်ရတဲ့အကြောင်းကိုတော့ ပြန်ကို မပြောချင်တော့ပါဘူး။ တစ်သက်မှာ ဒီလိုဆိုးတဲ့ ထမင်းကိုစားရတာ ပထမဆုံးအကြိမ်ပါပဲ။ ကျွန်မတို့တွေထဲမှာ ပြည်အကြောင်းကို သိတဲ့သူ ပါမလာခဲ့ဘူး။ ပြတိုက်ကခေါ်လာတဲ့ ဂိုက်ကလေးလည်း သေချာမသိဘူး။ ဒီလိုနဲ့ ကားကြီးကွင်က ထမင်းဆိုင်တွေကို မျက်စိလည်ပြီး ရောက်လာတယ်ပဲ ဆိုချင်တော့တယ်။ ကျွန်မတို့လည်း ဂိုက်ကလေးကို မေတ္တာပို့ရုံကလွဲလို့ မတတ်နိုင်တော့ဘူး။ ကောင်းသော်ရှိ မကောင်းသော်ရှိ ဗိုက်ဝဖို့အရေး ချည်းမများပဲ လွေးလိုက်ရတော့တယ်။ ကျောက်တူးတို့ ပင်ပန်းတဲ့ဒဏ်၊ နေပူလို့ နုံးနေတဲ့ဒဏ်၊ ဗိုက်ဆာရတဲ့အထဲ စားမကောင်းလို့ ဒေါသတွေထွက်ရတာနဲ့ ကျွန်မဗိုက်ထဲကို ထမင်းတွေ ဘယ်လိုဝင်သွားမှန်းတောင် မသိလိုက်ဘူး။ အဖွဲ့သားတွေကို ကြည့်တော့လည်း ရှုံ့မဲ့ပြီး စားသောက်နေကြလေရဲ့။ အားလုံးကလည်း အရမ်းဆာနေကြတော့ ညည်းသံသဲ့သဲ့လေးတောင် မထွက်နိုင်ကြတော့ဘူး ထင်ပါရဲ့။

ထမင်းစားပြီးတော့ ရွှေနတ်တောင် ဘုရားကို သွားကြတယ်။ တေလေတို့ဝယ်လာတဲ့ သီချင်းခွေတစ်ခွေကို ကားပေါ်မှာ ဖွင့်ရင်း အားလုံး သီချင်းတွေ လိုက်ဆိုကြတယ်။ “နဖူးပေါ်လက်တင် စဉ်းစားလိုက်ရင် ငါလေရင်မောတယ်.. နုညံ့တဲ့ မင်းနဲ့ဝေးရင် ငါလေသေလိမ့်မယ်” ဆိုတဲ့ မြူးကြွတဲ့ သံစဉ်လေးနဲ့အတူ အားလုံး စည်းချက်ညီညီ လှုပ်ရှားကြတယ်။ လက်ခုပ်တွေဝိုင်းတီးတယ်။ သံစဉ်အနိမ့် အမြင့်အလိုက် ခန္ဓာကိုယ်လေးတွေ ယိမ့်းနွှဲ့ကြတယ်။ ကိုညီလင်းဆက်ကပြောတယ်. “ဘယ်သူဆိုတာလဲ ငါမကြားဖူးဘူး” တဲ့။ ကျွန်မကလည်း ပြောလိုက်ပါတယ် “အေသင်ချိုဆွေ ဆိုတာလို့ ဘယ်ကြားဖူးမလဲ အကိုက အဘိုးကြီးဖြစ်ပြီကိုလို့” ။ သီချင်းတွေ အော်ဆိုပြီး လာလိုက်ကြတာ ရွှေနတ်တောင်ကို ရောက်မှန်း မသိရောက်လာခဲ့တယ်။

ရွှေနတ်တောင် ပန်ဝန်းကျင်ဟာ သိပ်လှတယ်။ လေပြည်သွေးသွေးက ကျွန်မတို့ရဲ့ ပင်ပန်းမှုတွေကို ဖယ်ရှားလိုက်တယ်။ ဘုရားပေါ်တက်ကြတော့ အပေါ်ကနေစီးမြင်ရတဲ့ မြင်ကွင်းကြောင်း အားလုံး မှင်သက်သွားမိကြတယ်။  5260_123668434169_778994169_2242309_5161854_n

“Oh.. Breath Taking”

ရုတ်တရက် ကျွန်မ ရေရွှတ်လိုက်မိတယ်။ ဘုရားဇောင်းတန်းရဲ့ အောက်ဘက်မှာ စိမ်းလန်းတဲ့ လယ်ကွင်းတွေကို တစ်မျှော်တစ်ခေါ်တွေ့ရတယ်။ ပန်းချီကားတစ်ချပ်ကို ခံစားရသလိုပါပဲ။ လယ်ကွင်းကျယ်ကျယ်တွေ၊ သစ်ပင်လေးတွေဟာ ပြာလဲ့နေတဲ့ မိုးသားအောက်မှာ အသက်ရှုမှားလောက်အောင် လှပတယ်။ ကျွန်မတို့ အဖွဲ့က ဓါတ်ပုံဆရာတွေ မှတ်တမ်းတင်ကြပြန်တယ်။ အဲ့ဒီအချိန်မှာပဲ တစ်ညလုံး မအိပ်ခဲ့ရတဲ့ ကျွန်မမျက်လုံးတွေ ငိုက်မြည်းလာလိုက်တာ။ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့ အဆုံး ရွှေနတ်တောင်ဘုရားရဲ့ ထောင့်တစ်နေရာမှာ ကျွန်မ လောကကြီးနဲ့ ခဏ အဆက်ပြတ်သွားခဲ့တယ်။ နောက်တော့မှ ပြန်သိရတာက ကျွန်မ အိပ်နေတုန်း ကျွန်မကို ဓါတ်ပုံတွေ ရိုက်လိုက်ကြတာ ပါပါရာဇီတွေ ၀ိုင်းနေသလိုပဲတဲ့။ ဆုဝေက စတုဒီသာ သာကူစားမယ် လို့ အတင်းလာနှိုးတော့မှ နိုးလာခဲ့တော့တယ်။ ဘုရားဓမ္မာရုံထဲကို ကျွန်မ၀င်လာတော့ အားလုံးက ပြုံးစိစိနဲ့ ၀ိုင်းကြည့်တယ်။ ကျွန်မလည်း ခပ်တည်တည်ဝင်ထိုင်ပြီး ဘုရားမှာ ကျွေးနေတဲ့ သာကူကို အားပါးတရ လွေးလိုက်တော့တယ်။ အားလုံးကလည်း ဗိုက်ဆာဆာနဲ့ အားပေးလိုက်ကြတာ။ ဘုရားလူကြီးတွေကတော့ ကျွန်မတို့ကို ရန်ကုန်ကလာတဲ့ ကျောင်းသားတွေဆိုပြီး ကြေငြာတယ်။ အားလုံး ပြုံးစိစိဖြစ်ရတယ်။ အင်းပေါ့လေ ကျောင်းသားတွေပဲပေါ့။

ရွှေနတ်တောင်ပြီးတော့ သွားစရာနေရာ ရှာမရတော့ဘူး။ ပြည်အနီးတ၀ိုက်ကိုလည်း ဘယ်သူမှ မကျွမ်းကျင်ကြဘူး။ ပြည်အကြောင်းကို မေးလာ စမ်းလာတာလည်း မရှိခဲ့ဘူး။ အဲ့ဒီမှာ သွားဖို့ လာဖို့ စဉ်းစားရင်းနဲ့ပဲ တစ်ယောက်က စပြောတယ် “ညဘက်ဆို ပြန်ထွက်ရတော့မှာနော် မပြန်ချင်သေးဘူး” တဲ့။ အဲ့တော့မှ မထိုက်ကလည်း “ဟုတ်တယ် ငါတို့ ကားငှားလာတာ နှစ်ရက်စာ ပေးထားရတာ ခုမှ တစ်ရက်ပဲ ရှိသေးတယ် ကားသမားနဲ့ ညှိပြီး ချောင်းသာ သွားမယ်” လို့ပြောပြန်တယ်။ မနှင်းပွင့်ဖြူလေးကပြောတယ် “ပိုက်ဆံထပ်ပေးရမယ်ဆိုရင် ကျွန်မ လေးသောင်းပေးမယ်.. ကျန်တာကို မျှခံကြတာပေါ့ “တဲ့။ ကျွန်မနဲ့ ကိုလူလိမ်ကလည်း ပျာပျာသလဲလဲ ၀င်ပြောတယ် “မဖြစ်ဘူး အလုပ်တွေ အရမ်းများတယ် မနက်ဖြန် ရုံးတက်ရမှာ” လို့။ တစ်ခြားသူတွေက ထပ်ပြောပြန်တယ် “မရဘူး အားလုံး အလုပ်များကြတာ ချည်းပဲ အကုန် တူတူသွားရမယ်” တဲ့။ သွားချင်တဲ့သူနဲ့ မသွားချင်တဲ့သူနဲ့ကို မဲခွဲလိုက်တော့ မသွားချင်တဲ့သူက ပိုများနေတယ်။ ဒါကြောင့် ခရီးမဆက်တော့ပဲ အေးအေးလူလူနားနေလို့ရမယ့် နေရာလေးကို အနီးတ၀ိုက်မှာ လိုက်မေးတော့ ရေပြာစားသောက်ဆိုင် ရှိတယ်တဲ့။ အဲ့မှာ အေးဆေးနားလို့ရတယ်ဆိုလို့ ကျွန်မတို့တွေ ရေပြာကို ထွက်ခဲ့ကြပြန်တယ်။

ကားပေါ်မှာ သီချင်းဆိုပြိုင်ကြမယ်လို့ ကိုလူလိမ်က အကြံပေးတယ်။ ဒါကြောင့် ကားအရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို အဖွဲ့ခွဲပြီး သီချင်းဆိုပြိုင်ဖို့လုပ်ကြတယ်။ သီချင်းဆိုရမယ့် ပုံစံက တစ်ဖွဲ့ကဆိုတဲ့ သီချင်းရဲ့ အဆုံးသတ်စာလုံးကို နောက်တစ်ဖွဲ့က အစလုပ်ပြီး ပြန်ဆိုရမယ်။ အိုကေ ဖြစ်တယ်လို့ ပြောတာ.. ကျွန်မတို့ ကားရှေ့ခြမ်းအဖွဲ့က သီချင်းဆိုဖို့ စလုပ်တယ်။

“မင်းနဲ့တို့ နှစ်ယောက်အကြောင်း ရှင်းနေပြီ အောင်သွယ်တွေ မလိုတော့ပြီ”

“ရပြီ ရပြီ.. ပစောက်နဲ့ဆုံးသွားပြီ ဟိုဘက်က ပြန်စ”

နန်းညီတို့၊ သားကြီးတို့ ၀ိုင် တို့ ကားနောက်ခြမ်းက အဖွဲ့တွေ ပစောက်နဲ့ စတဲ့ သီချင်းတစ်ပိုဒ် ဆိုကြတယ်။ ဘာလဲတော့ ကျွန်မလည်း မမှတ်မိတော့ဘူး။ သူတို့ သီချင်းက မ နဲ့ဆုံးတာတော့ မှတ်မိသေးတယ်။ ဒီတော့ ကျွန်မတို့ဘက်က ပြန်ဆိုတယ်။

“မောင်ရေ ချစ်ရေ မောင်ရေ တစ်ကယ်ချစ်ရဲ့လား” ကဲ လနဲ့စတာ ဆိုတော့။

အဲ့ဒီမှာ လ က စတော့တာပါပဲ။ သူတို့တွေလည်း လမ်းခွဲဖို့ စကားတွေ မဆိုလိုက်နဲ့တွေဘာတွေ ဆိုကြတယ်။ သူတို့ သီချင်းကလည်း လ နဲ့ ဆုံးပြန်တယ်။ နောက်တော့ သီချင်းတွေ အားလုံးကို လနဲ့ မဆုံး ဆုံးအောင် ဆိုကြတော့တာ လ သီချင်းတွေ ဖြစ်သွားတယ်။

“လူတွေမြင်ကုန်မယ် မောင်ပြောမယ်ကွဲ့ တစ်ကယ်ပါ ကိန္ဒရာလေးကသလို လှ” ဆိုပြီး ဆက်မဆိုပဲ လမှာ ရပ်ထားတာတွေလည်း ရှိတယ်။

“လ လား လာ လာ့ လာ့.. လာ့ လား လာ လာ့ လာ” ဆိုပြီး သီချင်းမဟုတ်တာကို သီချင်းလုပ်ပြီး ဆိုကြတယ်။

“လမ်းကြုံရင် ပြောပြပေးပါ ကျွန်တော့်ရဲ့ အိပ်မက်တွေမှာ သူ့ရဲ့ပုံရိပ်တွေဟာ အမြဲတမ်း ခြောက်လှမ်းလို့” ဆိုပြီး လ တွေ့တာနဲ့ ရပ်လိုက်ကြပြန်တယ်။

တစ်ဖွဲ့က နည်းနည်းကြာရင် နောက် တစ်ဖွဲ့က တစ် နှစ် သုံး လေး ရွတ်ပြီး တိုင်ပင်တွေ ကိုက်ကြနဲ့ တစ်ကယ်ကို ပျော်စရာကြီးပါပဲ။

ကျွန်မတို့တွေ အော်ဟစ်ကြ၊ ခုန်ပေါက်ကြ၊ သီချင်းတွေ အပြိုင်ဆိုကြနဲ့ ရေပြာကို ရောက်တော့မှပဲ ရပ်လိုက်ကြတော့တယ်။ ရေပြာရောက်တော့ လက်ဆောင်လေးတွေ လဲကြတယ်။ လူတိုင်းမှာ လက်ဆောင် ပါမလာတဲ့အတွက် ပါလာတာတွေကိုပဲ မဲဖောက်ပေးကြရတယ်။ တစ်ချို့တွေအဲ့မှာ ရေချိုးကြတယ်။ တစ်ချို့တွေ ရေမချိုးပဲ ဆက်ဆော့ကြတယ်။ အဲ့မှာ အဖွဲ့ နှစ်ခု ထပ်ကွဲပြန်တယ်။ သန့်ရှင်း ဘလောဂ့်ဂါနဲ့ ရေမချိုးသော တည်မြဲဘလောဂ့်ဂါပေါ့။ ဘာဖြစ်လဲ ကျွန်မကတော့ ရေမချိုးတဲ့ တည်မြဲဘလောဂ့်ဂါ အဖွဲ့ကို ၀င်လိုက်တယ်။ အရမ်းကို ပူလောင် အိုက်စပ် နေပေမယ့် ရေချိုးပြီးရင် အင်္ကျီလဲရမှ ကျေနပ်တတ်တဲ့ကျွန်မ တမင်ကို ရေမချိုးပဲ နေခဲ့တာပါ။ 9318_1210314851577_1039911964_30662093_7244653_n

ရေပြာစားသောက်ဆိုင်နောက်မှာ လယ်ကွင်းတွေရှိတယ်။ စပါးပင်တွေနဲ့ အရမ်းကိုလှတယ်။ အဲ့မှာ ဓါတ်ပုံတွေ သွားရိုက်ကြသေးတယ်။ တစ်ချို့တွေက မေးကြတယ် နင်တို့တွေ ကင်မရာ ဘယ်နှစ်လုံးလောက်ပါလဲတဲ့။ အမလေး လူ လေးဆယ့်တစ်ယောက်မှာ အနည်းဆုံးတော့ အလုံး သုံးဆယ်လောက်ကို ပါမှာလို့။ ကင်မရာမီးတွေ ပွင့်တာများ သေနပ်ပစ်တာ ကျနေတာပါပဲ။ ရေပြာမှာပဲ ညစာစားပြီး ကျွန်မတို့တွေ ပြည်မြို့က ပြန်ခဲ့တယ်။

(၇)

အပြန်လမ်းမှာ နည်းနည်းတော့ မှောင်စပြုပြီ။ ပြည်ကိုဖြတ်တော့ သေရေခေတ္တရာကိုများ မြင်ရလေမလားလို့ ကျွန်မ မျှော်ကြည့်မိသေးတယ်။ ခွဲခွာတော့မှပဲ သရေခေတ္တရာကို လွမ်းစိတ်တွေ ကျွန်မရင်မှာ ပေါက်ဖွားလာတယ်။ နေရစ်တော့ သရေခေတ္တရာ..။

သရေခေတ္တရာဟာ ယဉ်ကျေးမှုတွေထွန်းကားရာ နေရာဖြစ်တယ်။ စာပေတွေ ထွန်းကားခဲ့တယ်။ ဗုဒ္ဓဘာသာ အစပျိုးခဲ့တယ်။ မြန်မာပြည်ရဲ့ ရှေးအကျဆုံး မြို့ဖြစ်တယ်။ ရှေးဟောင်းလက်ရာတွေက မြန်မာဖြစ်ရတာကို ဂုဏ်ယူစေတယ်။ သရေခေတ္တရာက လူတွေဟာ ကိုယ်အောက်ပိုင်း အ၀တ်အစားပဲ ၀တ်ကြတယ်လို့ ကြားဖူးသေးတယ်။ မင်းဆက် ၂၅ ဆက်မြောက်မှာ ကမ်းယံနဲ့ သက်လူမျိုးတွေရဲ့ တိုက်ခိုက်မှုကြောင့် သရေခေတ္တရာ ပျက်စီးခဲ့ရတယ်။ မြို့ပျက်ပေမယ့် သရေခေတ္တရာဟာ ကျွန်မတို့ ရင်ထဲမှာ နေရာယူဆဲ။ မြန်မာ့ရာဇ၀င်မှာ ၀င့်ကြွားဆဲ။

သရေခေတ္တရာ ခရီးစဉ်ဟာ ကျွန်မတို့တွေကို ပိုမိုချစ်ခင်စေခဲ့တယ်။ ဘလောဂ့်ဂါတွေကို ရင်းနှီးမှု ပိုစေခဲ့တယ်။ အချင်းချင်း စည်းလုံးမှုကို ဖြစ်စေခဲ့တယ်။

သရေခေတ္တရာဟာ ကျွန်မတို့ရင်ထဲမှာ ထာဝရ ကိန်းဝပ်နေအုံးမှာပါ။ သရေခေတ္တရာအကြောင်းကို ကျွန်မတို့တွေ ပြောဖြစ်ကြအုံးမှာပါ။ ခရီးစဉ်တစ်လျှောက်ဟာ အမှတ်တရအဖြစ် လွမ်းစရာတစ်ခုအဖြစ် ကျန်အုံးမှာပါ။

လွမ်းမြဲ.. လွမ်းဆဲပါပဲ သရေခေတ္တရာရေ……။

35 responses »

  1. သီချင်းခွေဝယ်လာတာက နန်းညီမဟုတ်ဘူး……. အဲဒီကပ်စေးနည်းက၀ယ်မလားဗျ…..။ တကယ်ဝယ်လာတာက ကိုဇောင်းနဲ. အနော်……….

  2. ဟုတ်တယ် မယ်ပင့်ရေ.. ညလေးတော့ အဲ့ဒီ ပြည်အ၀င်က ဗိုလ်ချုပ် မြင်းစီးနေတဲ့ ရုပ်ထုကိုတွေ့တော့ ကြက်သီးတောင် ထမိတယ်။ တို့ရန်ကုန်က ကြေးရုပ်နဲ့များ ကွာပါ့။ ဖုန်မှုန့်တစ်စက်မရှိ။ တောက်ပြောင်နေတာ။ မြို့အ၀င်မှာ လာသမျှလူတွေကို စီးကြိုနေသလိုပဲ။😦

  3. အသေးစိပ် ရေးသားထားပုံလေးက ဖတ်ရတာ မျက်လုံးထဲ မြင်ယောင်လာတာ ကိုယ်တိုင် လိုက်ပါခဲ့ရသလိုပါပဲ..

    ရွှေနတ်တောင်ဘုရားရဲ့ ထောင့်တစ်နေရာမှာ အိပ်ပျော်နေပုံက တော်တော်လှလို့ ဖြစ်မယ်.. ဘယ်သူမှ တင်တာ မတွေ့သေးဘူး..း)) (နောက်တာ)

    ကမ္ဘာအရပ်ရပ် ပြန့်ကျဲနေတဲ့ မြန်မာဘလော့ဂါတွေ အားလုံး တွေ့ဆုံနိုင်မယ့် နေ့လေး တစ်နေ့ကို မျှော်လင့်မိတယ်..

    “WE BLOG – WE UNITE”

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

    • ကိုရင်နော်ကလည်း နန်းညီဆီမှာ တင်ထားတယ်လေ အိပ်နေတဲ့ပုံ.. အောက်မှာလည်း ကွန်းမန့်တွေမှ ပုံလို့..

  4. လွမ်းနေဆဲပါတဲ့ ..

    အလွမ်းတွေ ဖရိုဖရဲနဲ့ ထပ်လွမ်းတယ်ဆို စုစည်းဖို့အတွက် တို့တစ်ထွေ ထပ်ပြီး ခရီးထွက်စို့ ..။

  5. FB မှာ ပုံကြည့်တာအားမရလို့ စာတွေပါလာဖတ်သွားတယ်။း( နောက်တစ်ခေါက်ကြုံရင်တော့လား …။

    စကားမစပ် လိုဂို အိုင်ဒီယာလေးကြိုက်တယ်။

  6. သူငယ်ချင်းရေ – အစအဆုံး အသေးစိတ် ရေးပြထားလို့ ဘယ်လောက် ပျော်စရာ ကောင်းမယ်ဆိုတာ မြင်ယောင်မိပါတယ်။ ငါ့မိဘတွေက ရွှေနတ်တောင်ဘုရားရှိတဲ့ ရွှေတောင်ဇာတိတွေမို့လို့ ရွှေတောင်နဲ့ ပြည်ကို တစ်နှစ် တစ်ခေါက်တော့ မှန်မှန်ရောက်ဖြစ်တယ်။ စာထဲမှာပါတဲ့ နေရာတွေ၊ ရှုခင်းတွေကိုလည်း ကောင်းကောင်းသိပါတယ်။ ငါသွားတိုင်းလည်း သူငယ်ချင်းတွေနဲ့ ဒီခရီးလာရရင် ကောင်းမယ်လို့ တွေးမိတယ်။း) တကယ်သွားတော့ ငါမလိုက်နိုင်ဘူးလေ။ နောက်နှစ်တွေတော့ ဆုံကြမယ်။

  7. ဂျူးဝသန်ကြီးပြောတာ ခုထိကြားနေတုန်းပဲ။

    ဒါနဲ့ ရေချိုးပြီး အင်္ကျီအဟောင်းပြန်ဝတ်တဲ့ အနော်တို့ကျ ဘယ်လိုပြောမလဲ။😛

    • အနော်တို့က ညစ်ပတ်တယ်.. ရေချိုးပြီး မသန့်ရှင်းဘူး.. ဟီး ဟီး

  8. ကောင်းလိုက်တာဗျာ……
    တကယ်ကောင်းတဲ့ ပို့စ်လေး တစ်ပုဒ်ပါ.. ကျွန်တော် တိတ်တဆိတ်လေ့လာ ခဲ့တာတောင်
    ဒီလောက်မပြည့်စုံခဲ့ပါဘူး….။
    ဒါပေမယ့် ကျွန်တော် ပြန်ပြောပြရပါအုံးမယ်….
    နားထောင်မယ့် သူတွေ ရှိလာအုံးမယ် ဆိုရင်ပေါ့….

  9. မရေ မီးလေးလည်း လွမ်းနေဆဲပါပဲ… အထူးသဖြင့် စနေညနေဆို ငါတို့ဒီအချိန် ဘယ်မှာ ရောက်နေကြပြီ… ခုဆို ဘယ်နားမှာ ဆိုပြီးတော့ လွမ်းကောင်းတုန်းပဲ…🙂

  10. ဆောရီးလောကြီးသွားလို့အဓိပ္ပာယ်ကလွဲ ဥဥတစ်ယောက်တည်းရန်ကုန်မှကျြန်ခဲ့ရလို့ပေါတာ

  11. MyanmarDaily.net အလည်ရောက်ခဲ့ပါတယ်ဗျာ။ စာဖတ်နေရင်း မျက်လုံးထဲမြင်ယောင် ၊ ကြားယောင်လာကာ ကိုယ်တိုင် လိုက်ပါခဲ့ရသလိုခံစားမိပါတယ်ဗျာ ။ တကယ့်ကို စိတ်ဝင်စားစရာ ၊ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ခရီးစဉ်ပါပဲ ။ ပြန်ဖောက်သည်ချ ပေးလို့ကျေးဇူး အထူးတင်ပါတယ်ဗျာ ။🙂

  12. အနော်တို့လည်းလိုက်ချင်တယ်။…………အနော်က ပြည် သား….ပြည်မြို့ကို ကျွမ်းပြီးသား…
    အနော်ပါရင် ထမင်းဆိုင်ကောင်းကောင်းမှာ စားရမှာဗျ….

  13. ခေါင်းစဉ်လေးရော… ရေးထားတဲ့ စာသားရော “အလွမ်း” ဆိုတာကို ထိထိမိမိ သရုပ်ဖော်နိုင်ပါ၏။ မမပင့်ခ် အားပေးနေတယ်ဗျာ….။

  14. နောက်တခါ ပြည်ကို လာလည်မယ်ဆိုရင်တော့ လမ်းပြ လုပ်ပေးချင်ပါရဲ့ဗျာ ။ လာသွားတာ မသိလိုက်ဘူး ။ နောက် တခါ လာမယ်ဆိုရင် အကြောင်းကြားဗျို့ ။ ပြည်မှာ ဘယ်သွားရမှန်းမသိလို့ တရက်ထဲနဲ့ လှည့်ပြန်သွားရတာ စိတ် မကောင်းဘူးဗျို့ .. ဗေဒါရီဂူလည်း ရောက်ခဲ့မယ် မထင်ဘူး ။ ပြည်မှာ သွားစရာ သမိုင်းဝင် ဘုရားကျောင်းကန်တွေ ပေါမှ ပေါပါဗျာ ။ နောက် တခါ လာမယ်ဆိုရင် ဆက်သွယ်လိုက်ဗျို့ . ။ 095310247 ၊ 05326374 ။ ဝေယံ လို့ ခေါ်ပါသတဲ့ဗျာ ။

  15. ပြည်သားဖြစ်ပေမယ့် ပြည်နဲ့ ဝေးနေတာကြာတော့ သတိတရရှိနေတဲ့ အချိန်မှာ
    အခုလို ပုံလေးတွေပြန်တွေ့ရတော့ ကြည်နူးစရာပါပဲ…
    ပျော်ပါစေခင်ဗျာ
    လေးစားစွာ

  16. ပင့်ဂိုလ်းရေ….အစ်မပြည်မှာမွေး၊ ပြည်မှာကြီးခဲ့တဲ့ ပြည်သူစစ်စစ်တောင် ပြည်အကြောင်းကို

    ပင့်ဂုးလောက်ကောင်းအောင် ရေးနိုင်မှာမဟုတ်ဘူး……အစ်မတောင်ဒီပို့စ်ကိုဖတ်ပြီး

    ကိုယ့်မြို့ကိုအရမ်းကိုလွမ်းသွားပြီ…….အဲဒီတုန်းက ဘလော့ဂါတွေ

    ထမင်းဟင်းစားမကောင်းခဲ့တာသိရလို့စိတ်မကောင်းဘူး…….

  17. အစ်မရေလာဖတ်သွားပါတယ်နော်..ပြည်ကိုလွမ်းနေတဲ့ချိန်မှာ အစ်မစာကိုဖတ်လိုက်ရတာ ပြည်ကိုတစ်ခေါက်ပြန်ရောက်သွားသလိုပါပဲ

  18. တကယ် ကို လွမ်းစရာ ကောင်းတယ် နော် …………အရင် အချိန်တွေက……………အမရဲ့  post လေး ကိုလဲ ဖတ်သွားပါတယ် ……………

  19. ထမင်းစားမကောင်းဘူးဆိုလိုသတိရလိုဖတ်လိုက်တာဟိဟိကိုဇောင်းသူငယ်ချင်းတွေဘဲနော်
    အဲတီနေကိုဇောင်းအနော်ချိန်းထားတယ်လေလွဲသွားတာပါပြန်သွားမသိတယ်လေကျနော်ကမလာဖြစ်ဘူးထင်နေတာပါသူကရန်ကုန်ရောက်မကျနော်ပြောတာပါနောက်လည်းလာခဲပါဖိတ်ခေါ်ပါ၏ကျနော်နံမည်ကကိုပြည်သားပါ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s