အချစ်ဆိုတာ လူသားတိုင်းရဲ့ ဘ၀မှာ မဖြစ်မနေ ကြုံတွေ့ကြရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိဘ ညီအစ်ကိုမောင်နှစ်မ သူငယ်ချင်း ချစ်သူ.. စတဲ့ များပြားလှစွာသော အချစ်များနဲ့သာ ကျွန်မတို့ အသက်ရှင်သန် နေထိုင်ကြရတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ အချစ်ဆိုတာ အသက်ရှင်သန်ဖို့ မရှိ မဖြစ်လိုအပ်တဲ့ အရာလိုတောင် ဆိုချင်ပါတယ်။ အချစ်ဆိုတာ ကျွန်မတို့ နှလုံးသားကနေ ပေါက်ဖွားလာပြီး ကျွန်မတို့တွေရဲ့ စိတ်ခံစားချက်များစွာနဲ့ တိုက်ရိုက်သက်ဆိုင်မှု ရှိပါတယ်။ လူတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်း ၊ ၀မ်းနည်းခြင်း ၊ အောင်မြင်ခြင်း ၊ ကျရှုံးခြင်း ၊ ကိုယ်ချင်းစာစိတ်ရှိခြင်း ၊ အတ္တစိတ်ကြီးမားခြင်းတွေဟာ အချစ်ကိုခံစားမိလို့ ၊ အချစ်နဲ့ ထိတွေ့မိလို့ ဖြစ်ပေါ်လာရတယ်ဆိုရင် တစ်စိတ်တစ်ပိုင်းအားဖြင့် မှန်တယ်လို့ ကျွန်မက ဆိုချင်ပါတယ်။ အချစ်ဆိုတာ ကျွန်မတို့ရဲ့ လူနေမှုစရိုက်နဲ့ ကျွန်မတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဆီမှာ များစွာအကျိုးသက်ရောက်မှု ရှိပါတယ်။
“The Art of Love” ဆိုတဲ့ စာအုပ်ကိုရေးသားတဲ့ Erich Formm ဆိုသူကတော့ “လူတိုင်းကို မချစ်နိုင်ပဲနဲ့ လူတစ်ယောက်တည်းကို စစ်မှန်စွာ မချစ်နိုင်ပါဘူးတဲ့” ။ ဒီစကားက စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်မဟာ လူတိုင်းကို မသိ ၊ မချစ်ပဲနဲ့ ကျွန်မချစ်ချင်တဲ့သူတွေကို ချစ်နေနိုင်တာပါပဲ။ သူဘာကြောင့် ဒီလိုပြောဆိုခဲ့သလဲ ဆိုတာတော့ ကျွန်မလည်း မသိပါဘူး။ သူကတော့ လူတိုင်းကို မေတ္တာထားတတ်ဖို့ အလေးပေးပြောဆိုခဲ့တာ နေပါလိမ့်မယ်။ ကျွန်မ စဉ်းစားမိတာကတော့ လူတိုင်းကို ချစ်မနေနိုင်ရင်တောင် လူတစ်ဦး တစ်ယောက် အုပ်စုလိုက်အပေါ်မှာ နားလည်ခံစားမှု အဆင့်အမျိုးမျိုး ရှိဖို့ လိုအပ်လိမ့်မယ်ထင်ပါတယ်။ လူတွေကို နားလည်ပေးတတ်ဖို့ လိုပါတယ်။ နားလည်ပေးတတ်ဖို့ ဆိုတာကလည်း လူတွေရဲ့ စိတ်လိုအပ်ချက်တွေဟာ ဘယ်အချိန်မှာ ၊ ဘယ်လိုလူမျိုးမှာ ဘာရှိနေတယ်ဆိုတာ အကြမ်းဖျင်းသိနေတဲ့ ဗဟုသုတရှိဖို့ လိုအပ်ပါတယ်။ Erich Formm ကတော့ အချစ်ဆိုတာ အရေးကြီးမှန်း လူတိုင်းသိနေကြပေမယ့် ချစ်တတ်ဖို့ ၊ အချစ်စွမ်းအင်ကို ဘယ်လိုမြှင့်တင်ဖို့ဆိုတာကိုတော့ တစ်ယောက်ကမှ မလေ့လာပဲ အမှုမဲ့ အမှတ်မဲ့ နေကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူတွေပြောပြောနေကြသလို အချစ်ဟာ တစ်ကယ်ပဲ အရေးပါရဲ့လား ဆိုတာကိုတော့ ကျွန်မလည်း ခုချိန်ထိ သေသေချာချာ မသိသေးတာကတော့ ၀န်ခံရပါလိမ့်မယ်ရှင်။ အချစ်ရဲ့ အရေးပါမှုနဲ့ အခြားလူမှုဝန်းကျင်မှာ ဆက်စပ်နေတဲ့ အရာတွေကို တွေးကြည့်ချင်ပါသေးတယ်။
အချစ်ဆိုတာ အရေးပါတယ်လို့ ပြောကြပေမယ့် တစ်ခါတစ်လေကျပြန်တော့လည်း လူအဖွဲ့အစည်းမှာ အချစ်ကို ထည့်စဉ်းစားဖို့ မလိုအပ်တာတွေ အများကြီး ရှိနေပါတယ်။ လူမှုကိစ္စတွေလောက် အချစ်ဟာ အရေးမပါတာမျိုးလည်း ရှိနေတတ်ပါသေးတယ်။ ဒါဆိုရင် အချစ်ဟာ ပညာရေး ၊ တရားရေး ၊ ဘာသာရေး စတဲ့ ကိစ္စတွေနဲ့ကော ဘယ်လောက်များ ဆက်စပ်မှု ရှိနေပါသလဲ? Read the rest of this entry →