Things around Love

Standard

အချစ်ဆိုတာ လူသားတိုင်းရဲ့ ဘ၀မှာ မဖြစ်မနေ ကြုံတွေ့ကြရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိဘ ညီအစ်ကိုမောင်နှစ်မ သူငယ်ချင်း ချစ်သူ.. စတဲ့ များပြားလှစွာသော အချစ်များနဲ့သာ ကျွန်မတို့ အသက်ရှင်သန် နေထိုင်ကြရတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ အချစ်ဆိုတာ အသက်ရှင်သန်ဖို့ မရှိ မဖြစ်လိုအပ်တဲ့ အရာလိုတောင် ဆိုချင်ပါတယ်။ အချစ်ဆိုတာ ကျွန်မတို့ နှလုံးသားကနေ ပေါက်ဖွားလာပြီး ကျွန်မတို့တွေရဲ့ စိတ်ခံစားချက်များစွာနဲ့ တိုက်ရိုက်သက်ဆိုင်မှု ရှိပါတယ်။ လူတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်း ၊ ၀မ်းနည်းခြင်း ၊ အောင်မြင်ခြင်း ၊ ကျရှုံးခြင်း ၊ ကိုယ်ချင်းစာစိတ်ရှိခြင်း ၊ အတ္တစိတ်ကြီးမားခြင်းတွေဟာ အချစ်ကိုခံစားမိလို့ ၊ အချစ်နဲ့ ထိတွေ့မိလို့ ဖြစ်ပေါ်လာရတယ်ဆိုရင် တစ်စိတ်တစ်ပိုင်းအားဖြင့် မှန်တယ်လို့ ကျွန်မက ဆိုချင်ပါတယ်။ အချစ်ဆိုတာ ကျွန်မတို့ရဲ့ လူနေမှုစရိုက်နဲ့ ကျွန်မတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဆီမှာ များစွာအကျိုးသက်ရောက်မှု ရှိပါတယ်။

“The Art of Love” ဆိုတဲ့ စာအုပ်ကိုရေးသားတဲ့ Erich Formm ဆိုသူကတော့ “လူတိုင်းကို မချစ်နိုင်ပဲနဲ့ လူတစ်ယောက်တည်းကို စစ်မှန်စွာ မချစ်နိုင်ပါဘူးတဲ့” ။ ဒီစကားက စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်မဟာ လူတိုင်းကို မသိ ၊ မချစ်ပဲနဲ့ ကျွန်မချစ်ချင်တဲ့သူတွေကို ချစ်နေနိုင်တာပါပဲ။ သူဘာကြောင့် ဒီလိုပြောဆိုခဲ့သလဲ ဆိုတာတော့ ကျွန်မလည်း မသိပါဘူး။ သူကတော့ လူတိုင်းကို မေတ္တာထားတတ်ဖို့ အလေးပေးပြောဆိုခဲ့တာ နေပါလိမ့်မယ်။ ကျွန်မ စဉ်းစားမိတာကတော့ လူတိုင်းကို ချစ်မနေနိုင်ရင်တောင် လူတစ်ဦး တစ်ယောက် အုပ်စုလိုက်အပေါ်မှာ နားလည်ခံစားမှု အဆင့်အမျိုးမျိုး ရှိဖို့ လိုအပ်လိမ့်မယ်ထင်ပါတယ်။ လူတွေကို နားလည်ပေးတတ်ဖို့ လိုပါတယ်။ နားလည်ပေးတတ်ဖို့ ဆိုတာကလည်း လူတွေရဲ့ စိတ်လိုအပ်ချက်တွေဟာ ဘယ်အချိန်မှာ ၊ ဘယ်လိုလူမျိုးမှာ ဘာရှိနေတယ်ဆိုတာ အကြမ်းဖျင်းသိနေတဲ့ ဗဟုသုတရှိဖို့ လိုအပ်ပါတယ်။ Erich Formm ကတော့ အချစ်ဆိုတာ အရေးကြီးမှန်း လူတိုင်းသိနေကြပေမယ့် ချစ်တတ်ဖို့ ၊ အချစ်စွမ်းအင်ကို ဘယ်လိုမြှင့်တင်ဖို့ဆိုတာကိုတော့ တစ်ယောက်ကမှ မလေ့လာပဲ အမှုမဲ့ အမှတ်မဲ့ နေကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူတွေပြောပြောနေကြသလို အချစ်ဟာ တစ်ကယ်ပဲ အရေးပါရဲ့လား ဆိုတာကိုတော့ ကျွန်မလည်း ခုချိန်ထိ သေသေချာချာ မသိသေးတာကတော့ ၀န်ခံရပါလိမ့်မယ်ရှင်။ အချစ်ရဲ့ အရေးပါမှုနဲ့ အခြားလူမှုဝန်းကျင်မှာ ဆက်စပ်နေတဲ့ အရာတွေကို တွေးကြည့်ချင်ပါသေးတယ်။

အချစ်ဆိုတာ အရေးပါတယ်လို့ ပြောကြပေမယ့် တစ်ခါတစ်လေကျပြန်တော့လည်း လူအဖွဲ့အစည်းမှာ အချစ်ကို ထည့်စဉ်းစားဖို့ မလိုအပ်တာတွေ အများကြီး ရှိနေပါတယ်။ လူမှုကိစ္စတွေလောက် အချစ်ဟာ အရေးမပါတာမျိုးလည်း ရှိနေတတ်ပါသေးတယ်။ ဒါဆိုရင် အချစ်ဟာ ပညာရေး ၊ တရားရေး ၊ ဘာသာရေး စတဲ့ ကိစ္စတွေနဲ့ကော ဘယ်လောက်များ ဆက်စပ်မှု ရှိနေပါသလဲ?

Love and Education

ဆယ်ကျော်သက်အရွယ် ကျောင်းသူ ကျောင်းသားလေး နှစ်ယောက်ဟာ ကျောင်းနေချိန်မှာ တစ်ဦးကို တစ်ဦး သိပ်ချစ်မိကြတာဟာ အရေးကြီးတဲ့ ကိစ္စတစ်ခုလား။ သူတို့နှစ်ယောက်ဟာ စာသင်ခန်းထဲမှာ လက်ကိုင်တာ၊ တစ်ဦးကိုတစ်ဦး ပွေဖက်တာတွေ ပြုလုပ်ကြမယ်ဆိုရင် ဘာဖြစ်သွားမလဲ.. အဲလိုကော သူတို့တွေ လုပ်ကြမှာလား။ ဒါမှမဟုတ် တစ်ကျောင်းတည်း တစ်ခန်းတည်းက မဟုတ်ပဲနဲ့ တစ်ခြားကျောင်းတစ်ကျောင်းက သူတစ်ယောက်နဲ့ ချစ်မိတယ်ဆိုရင်ကော သူတို့ ဘာတွေလုပ်ကြမလဲ။ အဲ့ဒီကျောင်းသား နှစ်ယောက်ကို ကျောင်းအုပ်ဆရာကြီးက တစ်ကျောင်းတည်းမှာ အတူတက်ခွင့်ပြုမှာလား။ တစ်ယောက်က နေမကောင်းလို့ပဲဖြစ်ဖြစ်၊ ပြသနာ တစ်ခုခုနဲ့ ကြုံရလို့ပဲဖြစ်ဖြစ် နောက်တစ်ယောက်ကပါ ကျောင်းလိုက်ပျက်တဲ့ အဖြစ်မျိုးတွေ ဖြစ်ကြမှာလား။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ဘယ်အတိုင်းအတာထိ ချစ်ကြတာလဲ။ တစ်ယောက်က ကျောင်းပျကိလို့ နောက်တစ်ယောက်ကပါ ကျောင်းလိုက်ပျက်တယ်ဆိုတာကကော လက်ခံနိုင်တဲ့ အခြေအနေ တစ်ခုလား။

ထိုနည်းတူပဲ.. ကျောင်းဆရာဖြစ်ချင်တဲ့ သူတစ်ယောက်ဟာ ကလေးသူငယ်တွေကို များများချစ်ဖို့ လိုအပ်ပါသလား။ ကလေးတွေကလည်း ဆရာကိုချစ်ပြီး ၊ဆရာကလည်း ကလေးတွေကို ချစ်တယ်ဆိုရင် ပညာသင်ကြားရေးမှာ ဘယ်လောက်ထိ အရေးပါ အရာရောက်တဲ့ အရာတွေ ဖြစ်လာမလဲ။ ကျောင်းစည်းကမ်းနဲ့ ပညာသင်ကြားရေးကို သူတို့တွေ ပိုပြီး အလေးထားလာကြမလား။

ကလေးငယ်လေးတွေကို ပညာရေးနဲ့ အချစ် ဘယ်ဟာက ပိုအရေးကြီးလဲလို့ သွားမေးရင် အချစ်ကသာ အရေးကြီးပါတယ်လို့ မဆိုင်းမတွ ဖြေကြမှာပါပဲ။ တစ်ခါတစ်ရံ ကလေးတွေမှာ လူကြီးတွေထက် ပိုစိတ်ဝင်စားစရာ ကောင်းတဲ့ အဖြေမျိုးတွေ ရှိနေတတ်ကြပါတယ်။ ကလေးတော်တော်များများကတော့ ချစ်ခြင်းမေတ္တာဟာ ပိုအရေးကြီးတယ်လို့ ဖြေတတ်ကြပေမယ့် လူကြီးတွေကတော့ ပညာရေးသာ ပိုအရေးကြီးတယ်လို့ ပြောတတ်ကြပါတယ်။ လူကြီးမိဘတွေကတော့ သူတို့ရဲ့ သားသမီးတွေကို ဘွဲ့ရပြီးမှ ရည်းစားထားတဲ့ ကိစ္စတွေကို ပြုလုပ်စေချင်ကြတာပါပဲ။ မိန်းကလေးတော်တော်များများဟာ အသက် (၁၂) နှစ်ပတ်ဝန်းကျင်မှာ မိခင်စိတ် စတင်ဝင်လေ့ ရှိပြီး ဒီဆယ်ကျော်သက်အရွယ်မှာပဲ ဆန့်ကျင်ဘက် လိင်တွေကို စိတ်ဝင်စားလေ့ ရှိကြပါတယ်။ ဒါကြောင့် လူငယ်တွေကို နှလုံးသားရဲ့ အလိုကို မလိုက်မိစေဖို့ ဆိုဆုံးမကြတာ ဖြစ်ပါတယ်။

ဆယ်ကျော်သက် တော်တော်များများဟာ သူတို့အရွယ်မှာ ဘာက ပိုအရေးကြီးတယ်ဆိုတာ သူတို့ဘာသာ သိကြပါတယ်။ အဲဒီအရွယ်မှာ သူတို့အတွက် အရေးကြီးတာကတော့ အချစ်ရယ် ၊ ယုံကြည်ရတဲ့ သူငယ်ချင်းတွေ ရှိတာရယ် ၊ သူတို့ကို ယုံကြည်ပေးဖို့ရယ်က ပိုအရေးကြီးနေတတ်ကြပါတယ်။ ဒါပေမယ့် ဆရာတွေနဲ့ မိဘတွေကတော့ ကျောင်းမှာ အမှတ်ကောင်းကောင်းရဖို့က ပိုအရေးကြီးတယ်လို့ ပြောတတ်ကြပါတယ်။

ပညာရေးက အရေးကြီးသလို အချစ်ဆိုတာကလည်း အရေးကြီးပါတယ်။ ကျောင်းပညာရေးမှာ သမိုင်းတွေကို သင်ပေးနေတာဟာ နိုင်ငံအတွက် ဘယ်လောက်များ အထောက်အကူ ဖြစ်ပါသလဲ။ တစ်ချို့သင်ခန်းစာတွေဟာ ဘ၀အတွက်ပါ အရေးသိပ်မကြီးတာမျိုးတွေ ဖြစ်နေတတ်ပါသေးတယ်။ ဒါပေမယ့် ကျောင်းသင်ရိုးမှာ ဘ၀အတွက် အရေးကြီးတဲ့ အချစ်ကို ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းသင်ကြားဖို့သာ အကြံပေးမယ်ဆိုရင် ဒါကို ဆရာ၊ ဆရာမတွေက ခါးခါးသီးသီးငြင်းလိမ့်မယ်ဆိုတာ အသေအချာပဲပေါ့ရှင်။

Love and Legal System

ကျွန်မတို့ဟာ နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုကို အလည်အပတ်သွားမယ် ဆိုပါစို့။ လေဆိပ်မှာ အ၀င်မှာ စစ်ဆေးခံရမှာ မလွဲမသွေပါပဲ။ အဲ့ဒီတော့ အချစ်နဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေရဲ့ ဆက်စပ်မှုကို ကျွန်မ တွေးမကြည့်ပဲ မနေနိုင်ပြန်ပါဘူး။ ကျွန်မရဲ့ ချစ်သူဟာ နိုင်ငံရပ်ခြားမှာ ရှိနေလို့ သူရှိတဲ့ နိုင်ငံကို သေလုမတတ်သွားနေချင်တယ်ဆိုရင် ကျွန်မမှာ တရားဝင်တဲ့ passport တွေ visa တွေ မဖြစ်မနေ ရှိရတော့မှာပါပဲ။ အချစ်တစ်ခုတည်းနဲ့ သွားလို့ မရပါဘူး။ သူရှိတဲ့နေရာကို အရောက်သွားဖို့က ဒီနေရာမှာ အချစ်ထက် စာရွက်စာတမ်းတွေက အရေးကြီးနေပြန်ပါတယ်။ ဒါတွေသာ မရှိရင် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေကို ကျွန်မက အချစ်နဲ့အတူ လာခဲ့တာပါလို့ပဲပြောပြော၊ ချစ်သူကို ဘယ်လောက်ချစ်ကြောင်းပဲ သက်သေပြပြ သူတို့က အရေးလုပ်ကြမှာ မဟုတ်ပါဘူး။ တစ်ခြား ဥပဒေတွေမှာလည်း ဒီအတိုင်းပဲ ရှိနေမှာပါ။ အချစ်ဆိုတာ ဥပဒေတွေနဲ့တော့ လားလားမှ မသက်ဆိုင်တဲ့ အရာတစ်ခုသာ ဖြစ်ပါတယ်။

Love and Religion

ဘာသာတရားတွေမှာတော့ အချစ်နဲ့ ပတ်သက်တာတွေကို များများစားစား သင်ကြားပေးနိုင်မှာ မဟုတ်ပါဘူး။ ဘာသာတိုင်းကတော့ ကောင်းတာလုပ်ရမယ် ၊ မကောင်းတာမလုပ်ရဘူးဆိုတဲ့ အခြေခံအချက်တွေကိုပဲ သင်ကြားပေးကြတာ ချည်းပါပဲ။ အချစ်ထက် မေတ္တတရားကိုသာ အခြေခံလေ့ရှိကြပါတယ်။

Love, Control, Fear, Freedom

သိပ်ချစ်တတ်ကြတဲ့ သူတွေဟာ တစ်ခြားသူတွေကို ထိမ်းချုပ်ဖို့ ပါဝါတွေ အာဏာတွေ လိုအပ်ကြတော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ချစ်တတ်ကြလာပြီဆိုရင် ကိုယ်ချစ်မိတဲ့သူကို လွတ်လပ်စေချင်ကြတယ်၊ သူတို့ ဖြစ်ချင်တာကို ဖြစ်ခွင့်ပေးကြတယ်၊ သူတို့ကို နာကျင်ခံစားမှုတွေ မပေးချင်ကြတော့ပါဘူး။ ထိန်းချုပ်တတ်ကြ၊ အမိန့်တွေ ပေးတတ်ကြတာဟာ တစ်ခုခုကိုကြောက်လို့ပဲ ဖြစ်ပါလိမ့်မယ်။ လူတွေကို ချစ်ခြင်းမေတ္တာထားတတ်ကြတဲ့ သူတွေဟာ တစ်ခြားသူတွေကို သူတို့ကို ကြောက်ရွံ့နေတာမျိုး ၊ လန့်နေတာမျိုး မဖြစ်စေချင်ကြတာတော့ အမှန်ပါပဲ။

A Different in Students

အခြေခံပညာ ကျောင်းတွေကို နိုင်ငံခြားသားတစ်ယောက်ပဲ ဖြစ်ဖြစ် ၊ လူစိမ်းတစ်ယောက်ပဲဖြစ်ဖြစ် ၀င်လာရင် ကျောင်းသူကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုကို ခံရမှာ အမှန်ပါပဲ။ တစ်ယောက်တစ်ပေါက် မေးခွန်းတွေထုတ်ကြ၊ မိတ်ဆွေဖြစ်ချင်ကြ၊ တစ်ခုခုကို စူးစမ်းလိုကြနဲ့ မေးခွန်းတွေလည်း ထုတ်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့် တက္ကသိုလ်တွေကို သွားရင်တော့ အဲ့ဒီမှာ ရှိတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ သူတို့တွေရဲ့ အတွေးတွေ၊ သင်ခန်းစာတွေ၊ အခြားကိစ္စတွေနဲ့ ပြည့်နှက်နေတဲ့အတွက် သိပ်စိတ်ဝင်စားကြမယ် မထင်ပါဘူး။ သတိထားမိရင်တောင် သိပ်ပြီး ရင်းနှီးကူညီချင်တဲ့ ခံစားမှုမျိုး ဖြစ်ပေါ်ကြမှာ မဟုတ်ပါဘူး။

ကမ္ဘာပေါ်မှာ ကလေးငယ်လေးတွေဟာ လူကြီးတေါထက် သိလိုစိတ်၊ ကူညီလိုစိတ်၊ ချစ်ခင်စိတ် ပိုများတတ်ကြပါတယ်။

နောက်ဆုံးအနေနဲ့ အချစ်နဲ့ ဆုံးဖြတ်ချက်တွေရဲ့ ဆက်နွယ်မှုကိုလည်း တစ်ချက်လောက် စဉ်းစားကြည့်ချင်ပါတယ်။ အချစ်ဟာ တစ်ခုခုသော ဆုံးဖြတ်ချက်တွေကို ပိုမိုမြန်ဆန်စေတတ်၊ နှောင့်နှေးစေတတ်ပါသလား။

နောက်ဆုံးမှာတော့ အချစ်ကြီးတဲ့သူ၊ ချစ်ခြင်းမေတ္တာကြီးမားတဲ့သူတွေဟာ လူမှုဘ၀မှာ အောင်မြင်မှုတွေပဲ ရရ၊ အချစ်ဟာ လူမှုကိစ္စတွေမှာ ဆက်နွယ်မှုများတယ်ပဲ ပြောပြော နည်းနည်းချစ်တယ် များများချစ်တယ်ဆိုတာကတော့ တိုင်းတာလို့ မရတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

4 responses »

  1. ပင့်ကူဒုန်ဒုန်တွေ့ဆုံပွဲကို ဒီဇင်္ဘာ၁၃သတ်မှတ်တယ် မလာယင်သေခန်းပြတ်ပဲ ဆီပုံးမရှိလို့
    ကွန်မန့်ထဲဝင်ရေးသွားတာ
    ဥဥ
    စိုးအောင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s