The Value of a “Thumb”

Standard

Thumbup

“လက်မ တစ်ချောင်းရဲ့ တန်ဘိုး”

 

 

 

 

 

“ငါသာ အင်္ဂါမစုံတဲ့ လူတစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လိုနေမလဲ” ဆိုတဲ့အတွေးကို သင်တို့ တွေးဖူးကြပါသလား။ ခြေ ၊ လက် ၊ ခန္ဓာကိုယ်က တစ်ခြားကိုယ်အင်္ဂါတစ်ခုခု မပြည့်မစုံဖြစ်နေတဲ့လူတစ်ယောက်ဟာ ဘဝမှာရှင်သန်ဖို့ အတော်လေးကို ခက်ခဲပင်ပန်းစွာကြိုးစားအားထုတ်ရမှာ အမှန်ပါပဲ။ ကျွန်မ စာအုပ်တွေထဲမှာ ခြေနှစ်ဘက်လုံးပါမလာပဲ ဘ၀ကိုရပ်တည်နေတဲ့သူတွေအကြောင်း၊ လက်နှစ်ဘက်လုံး ပါမလာပဲ ဘယ်သူ့အထောက်အပံ့ကိုမှမယူ ကိုယ့်ဝမ်းစာကို ရှာဖွေစားသောက်နေတဲ့ သူတွေအကြောင်း၊ မျက်စိနှစ်လုံး ကွယ်နေရက်နဲ့ အသက်မွေးဝမ်းကျောင်းအတွက် အားတက်သရော အလုပ်လုပ်နေတဲ့ သူတွေအကြောင်းကို အများကြီးဖတ်ဖူးပါတယ်။ မြန်မာပြည်မှာလည်း ဗိုလ်ချုပ်ခင်ညွှန့်မြှောက်စားခဲ့ဖူးတဲ့ ကလေးလေးတစ်ယောက်ရှိပါသေးတယ်.. လက်ချောင်းလေးတွေ ပါမလာပေမယ့် ခြေထောက်တွေကို အသုံးပြုပြီး ကွန်ပျူတာ အရမ်းကျွမ်းကျင်တဲ့ ကလေးငယ်လေးရဲ့ နာမည်ကို ကျွန်မသတိတော့ မရမိတော့ဘူးရှင့်။ သူတို့တွေအကြောင်းကို ဖတ်ရတော့ ရင်ထဲမှာမကောင်းဖြစ်မိတာမှန်သလို၊ သူတို့လေးတွေရဲ့ ဘဝကို ကရုဏာလည်း သက်မိတာမှန်ပေမယ့် မရှိရင်တော့ ရှိတာလေးနဲ့ပဲ ကြိုးစားရပ်တည်ကြရမှာ သဘာဝပါပဲလေ ဆိုတဲ့အတွေးမျိုးသာ ရှိခဲ့ဖူးပါတယ်။ ကိုယ့်မှာသာ အင်္ဂါမစုံ ဖြစ်ခဲ့ရင်ဆိုတာကို ကျွန်မလက်မကိုက်ခဲနာကျင်တဲ့ နေ့ကျမှ ပြန်တွေးမိပြီး ထိတ်လန့်ခဲ့မိတာတော့ အမှန်ပါပဲ။

လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်မလက်ချောင်းလေးတွေ အဆစ်တွေကိုက်ခဲပြီး ရောင်ကိုင်းနေခဲ့တယ်။ တစ်ခြားလက်ချောင်းလေးတွေက သိပ်မသိသာပေမယ့် ညာဘက်လက်မ တစ်ချောင်းကတော့ အတော်လေးကို အခြေအနေဆိုးတယ်ရှင့်။ ကိုက်ခဲလိုက်တာများ တစ်စစ်စစ်နဲ့ ညဘက်တွေတောင် အိပ်လို့မရတဲ့ အထိကို ဖြစ်ခဲ့တာပါ။ ဖြစ်တာကလည်း ညာဘက်ဆိုတော့ အတော်လေးကို ကသီလင်တနိုင်ပါတယ်။ ကျွန်မ ထမင်းစားရတာ အရမ်းအခက်အခဲတွေ့တယ် ၊ ပစ္စည်းတွေကိုင်ရတာလည်း အဆင်မပြေဘူး၊ ရေချိုးရတာလည်း အဆင်မပြေဘူး၊ အဝတ် ဝတ်ရတာ ၊ တစ်ခြားအလုပ်တွေ လုပ်ရတာ ဘာမှကို မလုပ်နိုင်အောင်ပါပဲ။ ဘယ်လက်ကလည်း လုပ်နေကျ အကျင့်မရှိတော့ အလုပ်ဖြစ်ဖို့ အတော်လေးကို အချိန်ယူရ ၊ အားတွေယူရပါတယ်။ အဲ့ဒီတော့မှ ခန္ဓာကိုယ်ရဲ့ အင်္ဂါတစ်ခုခု မကောင်းတာဟာ နေ့စဉ်နေထိုင်မှု ဘဝမှာ အတော်လေးကို အခက်အခဲ ကြုံစေပါလားဆိုတာကို ကျွန်မ လေးလေးနက်နက်ကြီးကို စဉ်းစားမိပါတော့တယ်။ ခြေ ၊ လက် တစ်ခုလုံး ကျိုးပဲ့သွားတာတောင် မဟုတ်ပဲ လက်မလေး တစ်ချောင်း ကိုက်ခဲ ရောင်ရမ်းနေရုံလေးကတောင် ဒီလိုအခက်အခဲတွေကို ကြုံစေရင် ဒီထက်ဆိုးတဲ့အခြေအနေတစ်ခုကို ကျွန်မမတွေးရဲအောင်ပါပဲ။

ခုတော့ ကျွန်မ ကိုယ်အင်္ဂါတွေကို အရင်ကထက်ပိုပြီး သိပ်ချစ်တတ်သွားခဲ့ပါပြီ။ သူတို့ကို အရှိအကို အရှိအတိုင်းပဲ ထားတာမျိုးမဟုတ်ပဲ အထိခိုက်အောင် ဂရုစိုက်နေထိုင်ရမယ်ဆိုတာလည်း သဘောပေါက်သွားပါပြီ။ ကိုယ်အင်္ဂါမပြည့်စုံတဲ့ သူတွေကိုလည်း ရင်ထဲ အသဲထဲကထက်ပိုတဲ့ စာနာမှုမျိုးထက် စာနာတတ်သွားပါပြီ။ ကိုယ်လက်အင်္ဂါပြည့်ပြည့်စုံစုံနဲ့ ရှင်သန်နေထိုင်ခွင့်ရနေတဲ့အတွက် ရှေးဘ၀က ကုသိုလ်အကျိုးပေးတွေကို နားလည်သဘောပေါက်ပြီး ဒီဘဝမှာလည်း ကောင်းကျိုးများကိုသာ များများဆောင်ရွက်သွားရမယ်ဆိုတာကိုလည်း ဆင်ခြင်မိသွားပါပြီ။ ကျွန်မရဲ့ သူငယ်ချင်းတွေ ၊ ကျွန်မဘလောဂ့်ကို လာဖတ်ကြတဲ့သူတွေကိုလည်း မိမိမှာ အကောင်းအတိုင်းရှိနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပိုမိုတန်ဘိုးထား ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်ရှင်။

Advertisements

5 responses »

  1. အဲဒီကလေးက(အဲဒီတုန်းက ကလေးပေါ့လေ)နာမည်က စုပုံချစ်လေ.. ညောင်တုန်းက နေ့အိပ်မက်နဲ့ အသက်တူတူပဲ….. သူ့ကိုဆို သိပ်လေးစားတာ

    ဒါနဲ့မမရဲ့ နေ့အိပ်မက်တွေးတာက တစ်မျိုး.. ဆရာအောင်သင်းစာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာ လူဆိုတာ အားပုန်းတွေရှိတယ်တဲ့.. မလုပ်လို့မဖြစ်တော့တဲ့ အခြေအနေရောက်မှ အင်အားတွေက ထွက်လာတာတဲ့… အဲဒီတော့ တစ်ခါတစ်လေ အပျင်းတစ်နေရင် စဉ်းစားမိတယ်.. ငါလည်းတစ်ခုခုမသန်မစွမ်းဖြစ်နေရင် ပိုကြိုးစားမိပြီး ဒီထက်များ ပိုတော်မလားမသိလို့…

    ဟုတ်တယ်လေ.. စုပုံချစ်သာ အဂါင်္စုံရင် ဒီလောက်နာမည်ကြီးချင်မှကြီးမှ.. ဒီလောက်လည်း ကြိုးစားချင်မှ ကြိုစားမှာ

  2. ဟုတ်တယ်နော်… ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုစီတိုင်းဟာ သူ့နေရာနဲ့သူ အရေးပါနေတာ… တန်ဘိုးထားထိန်းသိမ်းသင့်တယ်…

  3. စုပုံချစ်လို့ ပြောမလို့ ပဲ
    သူများပြောသွားတယ်

    မပင့် က စာရေးတာ သိပ်တော်တာ ပဲ နော်။
    တကယ်အားကျတယ် မပင့် ကို .။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s