Feeling 26!

Standard

အခု ကျွန်မပြောတဲ့ အချက်ပေါင်း ၂၆ ချက်ဟာ.. လွန်ခဲ့သော ၂၆ နှစ်၊ ဇန်န၀ါရီလ (၁၉) ရက်နေ့ကစပြီး.. ကျွန်မအသက် ၂၆ နှစ်ပြည့်တဲ့ ဒီနေ့ ဇန်န၀ါရီလ (၁၉) ရက်နေ့ထိ ရှင်သန်ခဲ့တဲ့ ကာလမှာ ကျွန်မဘ၀၊ ကျွန်မပတ်ဝန်းကျင်၊ ကျွန်မ အသိုင်းအ၀ိုင်းထဲမှာ ကျွန်မသိမိ မြင်မိ တွေးမိသမျှတွေကို ချရေးထားတာ ဖြစ်ပါတယ်။ တစ်ခြားသူများနှင့် တိုက်ဆိုက်ခြင်း၊ သဘောတူညီခြင်း ရှိချင်မှလည်း ရှိပါလိမ့်မယ်။ ကျွန်မပြောတဲ့ ကျွန်မ စကားတွေဟာ မှန်ချင်မှလည်း မှန်ပါလိမ့်မယ်။ ဒါပေမယ့် သေချာတာကတော့ ဒီ ၂၆ ချက်ဟာ.. ကျွန်မရဲ့ ရင်တွင်းဖြစ်တွေ ဆိုတာပဲ ဖြစ်ပါတယ်ရှင်။

1. လူတွေဆိုတာ မွေးလာကတည်းက သေမယ့်ရက်ကို စား၊ သောက်ပြီး စောင့်နေရတာဖြစ်တယ်။

2. ငါ့မိဘ၊ ငါ့ Company ၊ ငါ့ Department အတွက် အလုပ်လုပ်တယ်ဆိုတာ အမည်ခံတွေပါ.. တစ်ကယ်တမ်းက ကိုယ့်အတ္တအတွက် ကိုယ် အလုပ်လုပ်ကြတာ ချည်းပဲ။

3. အလုပ်မှာအောင်မြင်ဖို့ဆိုတာ အလုပ်ကိုချည်းပဲ ကုန်းရုန်းပြီး လုပ်နေလို့ မရဘူး.. ကော်ဖီကောင်းကောင်းဖျော်တတ်ဖို့၊ ကားတံခါးဖွင့်ပေးတတ်ဖို့၊ ထီးလေးမိုး ၊ ဖိနပ်လေးကိုင် လုပ်ပေးတတ်ဖို့လည်း လိုသေးတယ်။

4. အလုပ်ထဲမှာ လူတစ်ယောက်က ဟိုနေရာမှလည်း နည်းနည်းမှား၊ ဒီနေရာမှာလည်း ပြသနာဖြစ်၊ နောက်တစ်နေရာမှာလည်း လိုအပ်တာတွေ နည်းနည်းနဲ့ အဆင်မပြေဖြစ်နေရင် သူ့ကို အပြစ်တင်ဖို့ပဲ တွေးတတ်ကြတယ်.. သူဟာ အလုပ်တိုင်းကိုလုပ်၊ နေရာတိုင်းမှာပါဝင်တဲ့ အလုပ်နဲ့ လက်နဲ့ ဦးနှောက် မပြတ်သူ တစ်ယောက်ပါလားလို့ ကောင်းတဲ့ဘက်က လှည့်တွေးသူက ရှားတယ်။

5. အလုပ်များများ လုပ်လေလေ အပြစ်များများ အပြောခံရလေပဲ။
6. လောကမှာ အမှန်တရားဆိုတာ အလကားမရဘူး။
7. ကျွန်မလည်း လူသားအလျောက် လောဘ ဒေါသ မောဟတွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်မထင်တယ်.. မနာလိုစိတ်ရှိခြင်းကလည်း တိုးတက်မှုကိုဖြစ်စေတတ်တယ်။ ဒါပေမယ့် ဒီစိတ်ကို ကျွန်မ ခုချိန်ထိ မမွေးနိုင်သေးဘူးရှင့်။
8. အချစ်ဆိုတာ ယုံကြည်စရာ မကောင်းတဲ့ အရာတစ်ခုဖြစ်တယ်။
9. တစ်ချို့က ယုံကြည်စရာမကောင်းတဲ့ အချစ်နဲ့ ဝေးသထက်ဝေးအောင်နေတယ်၊ တစ်ချို့ကျတော့ အချစ်ကိုမယုံဘူးလို့ပြောပြီး အချစ်နဲ့ ဆော့ကစားတယ်။
10. အသဲကွဲတာပျောက်ဖို့ နှစ်သိမ့်အားပေးတာတွေ လုပ်လို့မရဘူး.. ကိုယ်တိုင်ကြိုးစားယူမှ ရတာ။
11. ခံစားချက်ဆိုတာ မရှိတာ ကောင်းတယ်…့.. တစ်ခါတစ်လေမှာ ရှိတာလည်း ကောင်းတာပါပဲ။
12. တာဝန်ယူမှုဆိုတာကို ဖယ်လိုက်ရင် လက်ထပ်ခြင်းနဲ့ လက်မထပ်ပဲ အတူနေခြင်းဟာ မခြားနားလှပါဘူး။
13. ပညာတတ်မှ ပိုက်ဆံများများရှာလို့ရမယ်… ဒါပေမယ့် ပိုက်ဆံများများမရှိပဲနဲ့ ပညာတတ်ဖြစ်ဖို့ဆိုတာ မလွယ်လှဘူး။
14. ကမ္ဘာပေါ်မှာ လူဦးရေ များပြားလာတာနဲ့အမျှ သစ်တောတွေ ပြုန်းပြုန်းသွားကြတယ်။ အဲ့နှစ်ခုကို အချိုးချပြီး ညီတူညီမျှ ဖြစ်အောင်လုပ်နိုင်ရင် သိပ်ကောင်းမှာပဲ။
15. တစ်ဦးတစ်ယောက်ရဲ့ ဆိုးသွမ်းမှုကြောင့် လူအများစု ဒုက္ခရောက်ကြသလို၊ တစ်ဦးတစ်ယောက်ရဲ့ အနစ်နာခံမှုကြောင့် လူအများ စိတ်ချမ်းသာမှုလည်း ဖြစ်တတ်ကြပါတယ်။
16. လူတစ်ယောက်ရဲ့ စိတ်ဓါတ်ကို ပျက်ပြားအောင်လုပ်တာဟာလည်း Management Technique တစ်မျိုးဖြစ်တယ်။
17. ကံကောင်းတာချင်းတူရင် အရည်အချင်းရှိသူက တိုးတက်မယ်၊ အရည်အချင်း ရှိတာချင်းတူရင် ၀ိရီယ ရှိသူက တိုးတက်မယ်၊ ၀ိရီယ ရှိတာချင်းတူရင် စည်းကမ်းရှိသူက ပိုတိုးတက်မယ်။
18. တင်းကျပ်လွန်းတဲ့၊ ကန့်သတ်မှုတွေများလွန်းတဲ့ ဘောင်ထဲမှာ အံဝင်အောင်နေတတ်တာဟာ ပညာပါရမီ တစ်မျိုးပါပဲ။
19. မိသားစုရယ်၊ သူငယ်ချင်းတွေရယ်၊ ပိုက်ဆံရယ်ရှိရင် ကျွန်မဘ၀ ပြည့်စုံပါပြီ။
20. ညီညာပြန့်ပြူးတဲ့ စာရွက်တွေမှာတောင် လေးဘက် လေးတန် အချွန်လေးတွေ ရှိနေတတ်ကြတာပဲ။ လူ့အသိုင်းအ၀ိုင်းမှာလည်း လူတွေနဲ့ အံမ၀င်တဲ့ လူမျိုးတွေ ရှိနေတာကို ရှိခွင့်ပေးသင့်ပါတယ်။
21. ဗေဒင်တွေ ယတြာတွေဆိုတာကို ကျွန်မ ယုံကြည်လေ့ မရှိပေမယ့် အဆိုးတွေကြုံရင်တော့ တစ်ခါ တစ်လေ ဗေဒင်ဆရာဆီ ပြေးတတ်သေးတယ်။
22. အလုပ်တိုင်းရဲ့ အစမှာ အမှားတွေ၊ ပြသနာတွေ ရှိတယ်။ နောက်တစ်ခါ မဖြစ်အောင် သတိထားလုပ်ပေမယ့် နောက်တစ်ခါမှာလည်း အရင်တစ်ခါနဲ့ မတူတဲ့ အဆင်မပြေမှုတွေ ပေါ်ပေါ်လာတတ်တာက လူနဲ့ အမှားကို မကင်းမရှင်း ဖြစ်စေပါတယ်။
23. မိန်းမတွေက ကြောက်ဖို့ကောင်းတယ်။ ဒါပေမယ့် ယောင်္ကျားတွေကို ပိုကြောက်တယ်။ သူတို့ရဲ့ ခြေကို ကျွန်မ မမြင်နိုင်ဘူးလေ။
24. လူ့ဘ၀က ဒုက္ခများလှတယ်.. ငိုယိုကြ၊ ပူဆွေးကြ၊ သေကြေပျက်စီးကြနဲ့.. ဒါတွေကြားထဲမှာ ဒေါသ မောဟ သောက နည်းနိုင်သမျှ နည်းအောင် နေတတ်ဖို့ ကျွန်မကြိုးစားရအုံးမယ်။
25. လက်ရှိ ကိုယ်ပိုင်ဆိုင်ထားတာလေးတွေကို ကျေးဇူးတင်ရင်းနဲ့ပဲ တစ်နေ့ပြီး တစ်နေ့ ကြိုးစားရှင်သန် နေထိုင်သွားချင်ပါတယ်။
26. အသက် ၂၆ ကိုရောက်ပြီဆိုတဲ့ အသိက.. ကျွန်မကို ထိတ်လန့်မှု ဖြစ်စေပါတယ်.. ကျွန်မခုထိ ဘာဆိုဘာမှ မလုပ်ရသေးသလို ဖြစ်ချင်တာတွေလည်း မဖြစ်သေးပါဘူး။ မွေးနေ့နဲ့အတူ အခြားအထိမ်းအမှတ်နေ့တွေရှိနေတာကို ကျွန်မနှစ်သက်မိတယ်.. ဒါတွေသာမရှိရင် ကျွန်မတို့တွေလည်း အရာရာကို သတိမေ့နေမလားပဲ။

3 responses »

  1. Happy Birthday ပေါ့ ညီမရေ..

    အသေအချာလေး ဖတ်ရင်း တွေးရင် ခေါင်းတညိတ်ညိတ်လုပ်ရင်း…

    အင်း.. အမှန်တရားတွေပါလားနော်..

    (၂၆) နှစ်ရဲ့ နံပါတ် (၂၆) ဖတ်ပြီး နည်းနည်းတော့ လန့်သွားတယ်..

    (၁၀) နှစ်လောက် ကွာတာဆိုတော့ ဆယ်ဆလောက် ပိုလန့်သွားမိတယ်..

    ဟုတ်ပါ့
    “အနောက်လည့်ကြည့်တာလည်း ဘာမှ မရှိသေး.. အရှေ့မျှော်ကြည့်တော့လည်း ဘာမှမမြင်ရသေးနဲ့ ရင်လေးမိသွားတယ်…”

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

  2. နံပါတ်သုံးက မြန်မာနိုင်ငံရဲ့ office အတော်များများရဲ့ သဘာဝပါ..
    (အကောင်းဘက်ကိုတွေးမယ်ဆိုရင်တော့ ဘက်စုံတော်ရမယ်ဆိုတဲ့သဘောပါ..)

    နံပါတ် 8 အချက်ကိုတော့နဲနဲငြင်းချင်တယ်…
    မီးဆိုတာ သုံးတဲ့သူအပေါ်မှာပဲမူတည်ပါတယ်…
    အချစ်လဲဒီလိုပါပဲ..

    နံပါတ် 13 ကိုတော့အကြိုက်ဆုံးပဲ..

Leave a reply to MyomaunG Cancel reply