London Trip to Attend One Young World Summit (Leaving Yangon)

Standard

ကျွန်မ ခရီးမသွားခင် တစ်ရက်နှစ်ရက်လောက်အလိုမှာ One Young World က အီးမေလ်းတွေထပ်ပို့တယ်။ လေဆိပ်ရောက်ရင် ဘယ်သူကလာကြိုမယ် ၊ One Young World Logo ကိုင်ထားတဲ့သူတွေကို အလွယ်တကူပဲ ရှာတွေ့လိမ့်မယ်ဆိုတာမျိုးတွေပေါ့။ နောက်တော့ မေးခွန်းကိုးခုထပ်ပို့ပြီး အဲ့ဒီမေးခွန်းတွေကို ဗွီဒီယိုဖိုင်တွေလုပ်ပြီး ဖြေပေးပါတဲ့။ You Tube မှာတင်ပြီး Publicity လုပ်ချင်လို့ပါတဲ့။ မေးခွန်းတွေကတော့ ရိုးရိုးလေးတွေပါပဲ။

1. Why do you want to join One Young World?
2. Explain what you think it means to be an active empowered global citizen in 2010?
3. How will OYW help you make a difference?
4. What world issue keeps you up at night and how can your generation tackle this problem?
5. Do you believe you can be part of positive change in the world – how and why?
6. Millennials are often criticized in the media for self indulgence yet so many of the most drama have come from young people who care enough to make a difference. What do you think will your generation in this new decade?
7. Social media helps facilitate social change. What are you doing to harness this power?
8. If you could dine with one world leader or everyday person who would you meet, and what discuss?
9. What is your personal project to change the world/your world that you’d like to pitch to world this video? In one minute?

အစရှိတဲ့ မေးခွန်းတွေပါ။ တစ်မိနစ်စာဖိုင်တွေကို ကျွန်မ webcam ရှေ့မှာထိုင်ပြီး ရိုးရိုးလေးပဲ စကားပြောခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ပုဂံက ဆာဗာပြောင်းလို့ဆိုလား ၊ ဟက်ခံရလို့ဆိုလား အင်တာနက်နှေးတဲ့ ပြသနာက စနေပါပြီ။ ဖိုင်တွေကို ကျွန်မဘယ်လိုမှ ပို့လို့မရပါဘူး။ YouTube မှာ တစ်ခြား Delegate တွေရဲ့ ဖိုင်လ်တွေ တက်နေပြီဆိုတဲ့အကြောင်းကိုတော့ facebook One Young World Group ကနေတစ်ဆင့် သိရပါတယ်။ တစ်ချို့ နိုင်ငံက Delegate တွေကျတော့လည်း ဘာဖိုင်မှ မပို့ဘူး၊ မပို့ချင်ဘူးလို့ Forum ထဲမှာ အချင်းချင်းပြောနေကြပါတယ်။ ဒါနဲ့ ကျွန်မလည်း ဖိုင်တွေကို ပို့လို့မရသေးတဲ့အကြောင်းကို One Young World ကို အီးမေလ်းပို့ထားပြီး လန်ဒန်ရောက်မှပဲ တင်ပေးလိုက်တော့မယ်လို့ စိတ်ကူးထားလိုက်ပါတယ်။ လန်ဒန်မှာ အင်တာနက်ကော်နက်ရှင်က အရမ်းကိုမြန်တဲ့အတွက် ရောက်ရောက်ချင်းပဲ တင်ပေးနိုင်လိမ့်မယ်လို့ ကျွန်မတွေးထားခဲ့တယ်လေ။ ပြီးတော့ ကျွန်မရောက်သွားမှာကလည်း Flight Schedule အရ နှစ်ရက်တောင်ကြိုရောက်နေမှာဆိုတော့ အတော်ပဲပေါ့။ One Young World ကလည်း ဒါဟာ မဖြစ်မနေလုပ်စရာမလိုတဲ့အကြောင်းနဲ့ မပို့ရင်လည်း ဖြစ်တဲ့အကြောင်းကိုတော့ မေလ်းပြန်လာပါသေးတယ်။

ဒီကြားထဲမှာပဲ American Express က တာဝန်ရှိသူတစ်ယောက်က မေလ်းပို့လာပါတယ်။ သူတို့က ဘူတန်၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ဟောင်ကောင်က Delegate ငါးဦးကို စပွန်စာပေးတာဖြစ်ကြောင်းနဲ့ ဖေဖော်ဝါရီလ (၈) ရက်နေ့ နေ့လည်း (၁၁)နာရီမှာ အားလုံးနဲ့ မီတင်လေးတစ်ခု လုပ်ချင်ကြောင်း၊ ဒီပွဲကို တက်ခွင့်ရတဲ့ သူတို့အဖွဲ့အစည်းက Potential Employee ငါးဦးနဲ့လည်း မိတ်ဆက်ပေးလိုပါတယ်ဆိုပြီး အားလုံးကို စာပို့ပါတယ်။ ကျွန်မတို့ကို စပွန်စာပေးရတဲ့ အကြောင်းကလည်း ဒီလူငယ်လေးတွေဟာ ကိုယ့်အလုပ်ကိုယ်လုပ်နေတာသာ မဟုတ်ပဲ Community ထဲမှာပါ Extracurricular Work အနေနဲ့ ပါဝင်လှုပ်ရှားနေတဲ့သူတွေမို့လို့ ပိုမိုတိုးတက်အောင် မြေတောင်မြှောက်ပေးချင်လို့၊ ပိုမိုတိုးတက်စေချင်လို့ ဖြစ်တယ်လို့ ပြောပါတယ်။ ကျွန်မတို့ အားလုံးကလည်း ကျေးဇူးတင်ကြောင်း စာတွေပြန်ပို့ကြတာပေါ့။ ကျွန်မအပါအ၀င် Sponsored Delegate တွေပို့တဲ့အီးမေလ်းတွေထဲမှာ တူညီတဲ့စာကြောင်းလေးကတော့..

“Thank you very much and can’t wait to see you all in person”

ဆိုတာလေးပဲ ဖြစ်ပါတယ်။ ကျွန်မ သတိထားမိသလောက်လည်း နိုင်ငံတကာက လူတော်တော်များများဟာ “can’t wait” ဆိုတဲ့ အသုံးအနှုန်းကို တော်တော်လေး သုံးကြပါတယ်။ အခုဆိုရင် ကျွန်မတောင် သုံးကျင့်ရလာပါပြီ။ ကျွန်မတို့လည်း ”အမလေး မစောင့်နိုင်တော့ဘူး” ဆိုတဲ့စကားကို အမြဲပြောကြတယ် မဟုတ်လား။

ဒီလိုနဲ့ ကျွန်မ ခရီးသွားမယ့် ဖေဖော်ဝါရီလ (၅) ရက်နေ့ကိုရောက်လာပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်ကပဲ မာန်အောင်မှာ နေနေတဲ့ ကျွန်မအမေလည်း စိတ်မချလို့ဆိုပြီး လိုက်လာပါတယ်။ ကျွန်မတောင် အမေ့ကိုနောက်နေသေးတယ် ”အမေရယ် စိတ်မချရအောင် အမေလိုက်လို့ရတာလည်း မဟုတ်ပဲနဲ့ သက်သက်လိုက်လာတယ်.. ဒီကိုလာဖို့ကုန်တဲ့ ခရီးစရိတ် တစ်သိန်းလောက်ကို သမီးကိုမုန့်ဖိုးပေးလိုက်ရင်တောင် ကောင်းအုံးမယ်” လို့။ အမေကတော့ ပြောပါတယ် ”နင် မန္တလေးသွားတာ ပြင်ဦးလွင်သွားတာဆိုရင်တော့ ဘယ်လိုက်လာမတုန်း” တဲ့။ ဘာပဲပြောပြော အမေရောက်လာလို့ ကျွန်မ အားရှိရပါတယ်။ အဲ့ဒီနေ့က အမေရယ် ကျွန်မနေတဲ့အိမ်က အမရယ်လို လေဆိပ်မထွက်ခင် ကန်တော့ တော့.. ဘာပဲပြောပြော ကျွန်မငိုချင်ခဲ့မိပါသေးတယ်။

လေဆိပ်ရောက်တော့ အတော်လေးကို စောနေပါသေးတယ်။ ကျွန်မစီးမယ့် Flight က Silk Air SQ 5019 5:30 pm ပါ။ ကျွန်မရောက်သွားတော့ ၃ နာရီခွဲပဲ ရှိပါသေးတယ်။ အဲ့ဒီမှာပဲ လေဆိပ်မှာ အလုပ်လုပ်တဲ့ ဖိုးသူတော်နဲ့ ဖြိုးဟိန်းကျော်တို့နှစ်ယောက် ကျွန်မဆီလာကြပါတယ်။ သူတို့နှစ်ယောက်ပဲ ကျွန်မကို လိုအပ်တာလိုက်လုပ်ပေး၊ ပစ္စည်းတွေ ကူသယ်ပေးပါတယ်။ ကျွန်မ Boarding Pass တောင်းဖို့သွားတဲ့ အချိန်ကတည်းက အမေတို့က အပြင်မှာ ကျန်ခဲ့ရပေမယ့် သူတို့နှစ်ယောက်က လေဆိပ်က၀န်ထမ်းတွေဆိုတော့ ကျွန်မနဲ့အတူ ရှိနေနိုင်လို့ အားရှိရပြန်ပါတယ်။ ဒါနဲ့ပဲ လေယာဉ်ပေါ်မတက်ခင် ဖြိုးဟိန်းကျော် အလုပ်လုပ်တဲ့ ကော်ဖီဆိုင်မှာ အင်တာနက်အလကားသုံး၊ ကော်ဖီလည်း အလကား သောက်ပြီး ဓါတ်ပုံတွေလည်း တူတူရိုက်ကြပါသေးတယ်။ ဖိုးသူတော်ကတော့ ချက်ချင်းပဲ Facebook ပေါ်တင်လိုက်ပါတယ်..”At Espace café Yangon International Airport before Ma Pink is leaving” ဆိုပြီးတော့လေ။

At Espace Cafe, Yangon International Airport before Ma Pink is leaving.

လေယာဉ်ပေါ်တက်တော့ ကျွန်မရင်တွေ ခုန်ရပါတယ်။ ကျွန်မ လေယာဉ်တစ်ခါမှ မစီးဖူးဘူးလေ။ လေယာဉ်ကြီးစီးပြီး အိပ်မက်သာ မက်ဖူးတာ လက်တွေ့မှာ တစ်ခါမှ လေယာဉ်စီးခွင့်မကြုံခဲ့ပါဘူး။ အခုလေယာဉ်စီးရတော့မယ်ဆိုတော့ ပျော်လည်းပျော်တယ်၊ မူးမှာလည်းကြောက်တယ်. ခံစားမှုက တစ်မျိုးလေးပါပဲ။ Silk Air က လေယာဉ်မယ်လေးတွေကလည်း ချစ်စရာလေးတွေပါပဲ။ ကျွန်မထိုင်ခုံဘေးမှာတော့ နိုင်ငံခြားသားစုံတွဲနှစ်ယောက်ပါပါတယ်။ လေယာဉ်ပေါ်တက်ပြီး ခဏနေတော့ လေယာဉ်ထွက်တယ်။ Take Off လုပ်သွားတဲ့ ခံစားမှုလေးကို ကျွန်မ မမေ့နိုင်သေးပါဘူး။ ကျွန်မမပြောပြတတ်ပေမယ့် တစ်ကယ်ကို တစ်မျိုးလေးပါပဲ။ လေယာဉ်ပျံသန်းနေချိန်မှာတော့ “I can Fly” ဆိုပြီး အကျေနပ်ကြီး ကျေနပ်မိပါတယ်။ ခဏနေတော့ လေယာဉ်ပေါ်မှာ အစားအသောက်တွေ ကျွေးတယ်။ ကျွန်မက အစကတည်းက ခရီးသွားရင် သိပ်မစားနိုင်တဲ့သူဖြစ်တဲ့ အပြင်၊ သူတို့ကျွေးတဲ့ ဟင်းတွေကိုလည်း သိပ်မစားတတ်တော့ ဖျော်ရည်သောက်ပြီး သစ်သီးနည်းနည်းပဲ စားနိုင်ခဲ့ပါတယ်။ ဘေးနားက စုံတွဲကတော့ ဘီယာတွေ ဘာတွေတောင်သောက်လို့။

စင်ကာပူကို နှစ်နာရီခွဲ ကျော်ကျော်လောက် လေယာဉ်စီးရပါတယ်။ ကျွန်မက စင်ကာပူစံတော်ချိန် ည (၁၁) နာရီ လေယာဉ်နဲ့ လန်ဒန်ကို ဆက်သွားရအုံးမှာပါ။ လေယာဉ်ကို Terminal 3 က ပြောင်းစီးရမယ်လို့တော့ လေယာဉ်လက်မှတ်မှာ ပါတယ်။ ဒါပေမယ့် စင်ကာပူကို တစ်ခေါက်မှ မရောက်ဖူးတဲ့အပြင် နိုင်ငံခြားကိုလည်း တစ်ခေါက်မှ မရောက်ဖူးတဲ့ကျွန်မ လေဆိပ်မှာ လည်ထွက်နေမှာကို စိုးရိမ်လာပြန်ပါတယ်။ ဒါနဲ့ပဲ ဘေးနားက နိုင်ငံခြားသားစုံတွဲကို စကားလေးဘာလေး လှမ်းပြောလိုက်ပါသေးတယ်။

“Hello , will you stop at Singapore”
“No we are going to Hong Kong. We’ll transfer the flight at Singapore airport”
“Oh really, so which terminal will you go to”
“Terminal 3, dear”
“Oh the same with me, you know, I’ll have to fly to London, but I’ve never been to there and it is my first trip to abroad. Can you pls take me to T 3 together with you?”
“Sure let’s go together”

အဲ့လို အဲ့လို စကားတွေပြောပြီး လေယာဉ်ဆိုက်တော့ ကျွန်မ သူတို့နဲ့ပဲလိုက်သွားပါတယ်။ စင်ကာပူလေဆိပ်က အရမ်းကြီးပြီး အရမ်းလှတယ်လို့လည်း သူတို့ကပြောပါသေးတယ်။ ကျွန်မစီးမယ့် လေယာဉ်နံပါတ်၊ ထွက်မယ့်အချိန်နဲ့ စီးရမယ့် ဂိတ်ကိုလည်း သူတို့ပဲ LCD တွေမှာ ကြည့်ပေးပါတယ်။ ကျွန်မကိုလည်း ဘာမှကြောက်စရာမလိုကြောင်းနဲ့ နောက်ခရီးတွေသွားရင်လည်း ဒီလိုပဲ sign တွေကို ကြည့်သွားလို့ပြောပါတယ်။ T 3 ကို Sky Train စီးပြီးသွားရပါတယ်။ လမ်းမှာလည်း ကျွန်မကို ဘာသွားလုပ်တာလဲဆိုပြီးမေးတော့ ကျွန်မက Summit အကြောင်းကို ရှင်းပြရပါသေးတယ်။ “How clever you are” လို့လည်း ပြောပါသေးတယ်။ ပြီးတော့မှ စုံတွဲထဲက အမျိုးသမီးက Traders Hotel က မန်နေဂျာတဲ့။ မြန်မာပြည်မှာ တစ်လလောက် Manage လာလုပ်ပြီး အခု Hong Kong ရုံးကို ပြန်သွားတာလို့ ပြောပါတယ်။ ကျွန်မကိုလည်း ကျွန်မစီးရမယ့် Gate B 11 ထိလိုက်ပို့ပြီးမှ သူတို့ ဆက်သွားကြတာပါ။

ကျွန်မစီးရမယ့် Flight က Singapore Airline SQ 322 ဖြစ်ပြီး ည ၁၁ နာရီကို ထွက်မှာပါ။ ကျွန်မရောက်သွားတော့ ၄၅ မိနစ်လောက်လိုပါသေးတယ်။ ဂိတ်တောင်မဖွင့်သေးပါဘူး။ အဲ့တော့မှ ကျွန်မလည်း စိတ်နည်းနည်းအေးသွားပြီး ပတ်ဝန်းကျင်ကို ကြည့်အားပါတော့တယ်။ ချန်ဂီလေဆိပ်ဟာ တစ်ကယ်ကိုလှပါတယ်။ သွားနေ လာနေလိုက်ကြတဲ့သူတွေလည်း မနည်း မနောပါပဲ။ ကျွန်မတို့အရွယ်၊ ကျွန်မတို့ထက် ငယ်တဲ့အရွယ်တွေလည်း တစ်ယောက်တည်း အိတ်တွေကိုဆွဲပြီး သွားနေတာတွေ့တော့မှ “ငါက ဘာကိုကြောက်ရမှာလဲ.. အင်္ဂလိပ်စကားပြောတတ်တယ်.. စာဖတ်တတ်တယ်.. ဘာမှ ကြောက်စရာမလိုဘူး” ဆိုတဲ့စိတ်ကလေး ၀င်မိပါတယ်။

ခဏနေတော့ ဂိတ်ဖွင့်ပြီး အိတ်တွေစစ် လူတွေစစ်လုပ်ပါတယ်။ ကျွန်မအလှည့်ပြီးတာနဲ့ အဲ့ဒီနားမှာရှိတဲ့ Desktop လေးဆီကိုသွားပြီး အီးမေလ်းစစ်ကြည့်ပါတယ်။ ကျွန်မလိုပဲ တစ်ခြားနိုင်ငံက Delegate တွေလည်း သူတို့ထွက်လာပြီ ဖြစ်တဲ့အကြောင်းကို facebook မှာ message တင်ထားကြတာ တွေ့ပါတယ်။ ကျွန်မကိုတောင် အတူတူနေရမယ့် Travelodge Hotel မှာ တွေ့ကြဖို့ message လှမ်းပို့ထားကြပါသေးတယ်။ ကျွန်မလည်း စင်ကာပူက သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး ကျွန်မအိမ်ကို စင်ကာပူကိုရောက်နေပြီဖြစ်ကြောင်းနဲ့ ခဏနေရင် လန်ဒန်သွားမယ့် လေယာဉ်စီးရတော့မယ့်အကြောင်း ဖုန်းလှမ်းဆက်ပေးဖို့ အကူအညီတောင်းရပါသေးတယ်။

၁၅ မိနစ်လောက်ထပ်စောင့်ပြီးတော့ လေယာဉ်ပေါ်တက်ရပါတယ်။ Air Bus ကြီးက တစ်ကယ့်ကို အကြီးကြီးပါပဲ။ အထဲမှာလည်း အကျယ်ကြီးပဲဆိုတော့ လေယာဉ်အကြီးကြီးစီးရတော့မယ်ဆိုပြီး ကျွန်မပျော်ရပြန်ပါသေးတယ်။ Singapore Airline က လေယာဉ်မောင်တွေကလည်း ကြည့်လို့အတော်ကောင်းပါတယ်။ သြော်.. လေယာဉ်မယ်လေးတွေလည်း ချစ်စရာလေးတွေပါပဲ။ ကံဆိုးတာကတော့ ကျွန်မက ခုံးသုံးခုံမှာ အလယ်နေရာကို ထိုင်ရတာပါပဲ။ တစ်ဘက်တစ်ချက်မှာတော့ အဖွားကြီး တစ်ယောက်နဲ့ ရွယ်တူ အဖြူကောင်လေးတစ်ယောက်ပါ။ ထိုင်ခုံက နည်းနည်းကျဉ်းတော့ ထိုင်ရတာတော့ မသက်သာပါဘူး။ ကိုယ့်ထိုင်ခုံရှေ့မှာလည်း တီဗီသေးသေးလေးတွေပါတော့ အထူးအဆန်းလုပ်ပြီး ကိုင်ကြည့်ရပါသေးတယ်။ ကျွန်မ တစ်ကယ်ကို ခေတ်နောက်ကျနေပါလားရှင်။ တော်သေးတာပေါ့ One Young World Summit ကိုသာ တက်ခွင့်မကြုံရင် ခုချိန်ထိ ကျွန်မ ဒါတွေကို သိအုံးမှာ မဟုတ်ပါဘူး။ စပွန်စာပေးတဲ့ အဖွဲ့အစည်းကို ကျေးဇူးတွေ အထပ်ထပ်တင်မိရပြန်ပါတော့တယ်။

လေယာဉ်ပေါ်မှာ အစားအသောက်တွေ တစ်မျိုးပြီး တစ်မျိုးကျွေးပါတယ်။ ကျွန်မကတော့ သိပ်ပြီးမစားနိုင်ပါဘူး။ အရည်တွေပဲသောက်ဖြစ်တာ များပါတယ်။ အိပ်လို့လည်း မရပါဘူး။ ကျွန်မက ထိုင်နေလျက်နဲ့ ဘယ်လိုမှကို မအိပ်တတ်တာပါ။ သူများတွေကတော့ ဇာတ်ကားတွေ ကြည့်နေကြပေမယ့် ကျွန်မကတော့ လမ်းကြောင်းပြ မြေပုံကိုပဲ တောက်လျှောက်ကြည့်လာခဲ့တာပါ။ ဘယ်နေရာကိုရောက်နေပြီ၊ လန်ဒန်ရောက်ဖို့ ဘယ်လောက်လိုသေးတယ်၊ စင်ကာပူမှာ ဘယ်အချိန်၊ လန်ဒန်မှာ ဘယ်အချိန်ဆိုတာတွေကို ကြည့်လို့ကို မပျင်းနိုင်ပါဘူး။ စင်ကာပူကနေ လန်ဒန်ကို ၁၂ နာရီလောက် ပျံသန်းရပါတယ်။ ထိုင်ရတာ အရမ်းညောင်းနေလို့ ကျွန်မလည်း ထိုင်ခုံပေါ်မှာတင် အကျောဆန့်လိုက် ၊ လက်ဆန့်လိုက် ၊ ခြေဆန့်လိုက်၊ ခြေထောင်နှစ်ချောင်းကို အပေါ်တင်လိုက်၊ အောက်ချလိုက်နဲ့ တစ်နေရာတည်းမှာကို ပုံစံအမျိုးမျိုးပြောင်းပြီး လိုက်လာခဲ့တာ ပြန်တွေးကြည့်ရင် ရီစရာ ကောင်းနေပါသေးတော့တယ်။

လန်ဒန်ကို ဆင်းကာနီးကျတော့ အပူချိန်က ၅ ဒီဂရီရှိတယ်လို့ Captain က ကြေငြာတော့ နည်းနည်းကျောတွန့်မိပါသေးတယ်။ ဥရောပရဲ့ အချမ်းဒဏ်ကို ကျွန်မခံစားဖူးတော့မယ်ပေါ့လေ။ ဘေးနားက အဖွားကြီးကို ဘယ်ကလဲလို့ မေးကြည့်တော့ သြော်ဇီက လာတာတဲ့။ သူ့မှာ သားနှစ်ယောက်ရှိတယ်.. တစ်ယောက် လန်ဒန်မှာနေပြီး တစ်ယောက်က သြော်ဇီမှာ နေတယ်တဲ့။ သူက မြေးဆီကို အလည်သွားပြီး ပြန်လာတာလို့ပြောတော့ အနောက်တိုင်းသားတွေလည်း နွေးထွေးကြတာပါပဲလို့ တွေးမိပြန်ပါတယ်။ ကျွန်မက အနောက်တိုင်းက လူတွေဟာ မိသားစုတွေ အချင်းချင်းလည်း အေးအေးစက်စက် ဖာသိဖာသာပဲ နေကြတယ်လို့ ထင်ခဲ့မိတာကိုး။ ကျွန်မကို ဘယ်ကလဲတဲ့။ မြန်မာနိုင်ငံကပါလို့ ပြောတော့.. မသိပါဘူးတဲ့ရှင့်။ Burma လို့ ပြောတော့မှ သိတော့တာပါပဲ။ ဒီလောက်အဝေးကြီးကနေ ဘာလာလုပ်တာတုန်းတဲ့…. Summit လာတက်တာပါ ၊ Global Issue တွေကိုဆွေးနွေးကြမှာလို့ ပြောတော့.. ကောင်းလိုက်တာ.. သူ သတင်းကို တီဗွီကနေစောင့်ကြည့်နေပါမယ်တဲ့။

ဒါနဲ့ လေယာဉ်လည်းရပ်ရော သူများတွေလည်း အထုပ်ဆွဲပြီဆင်း၊ ကျွန်မလည်း အထုပ်ဆွဲပြီးဆင်းပေါ့။ ဒီကလူတွေလို တိုးဝှေ့ပြီး မဆင်းကြပါဘူး။ တစ်ယောက်နောက်ကနေ တစ်ယောက် အေးဆေးပဲ လိုက်ဆင်းကြတာပါ။ ကျွန်မက မြန်မာပြည်က အကျင့်အတိုင်း လောလော လောလောဆင်းဖို့လုပ်တော့ Pls go ahead ဆိုပြီးတောင် ဖယ်ပေးကြပါသေးတယ်။ အဲ့ဒီမှာ စင်ကာပူကနေအထွက်ကတည်းက ကျွန်မ သတိထားမိတာကတော့ နိုင်ငံခြားသားတွေဟာ “Thank You” ဆိုတဲ့စကားကို အတော်လေးကို ဖောဖောသီသီသုံးတတ်ကြတာပါပဲ။ နိုင်ငံခြား ရုပ်ရှင်တွေကို ကြည့်လေ့မရှိတဲ့ ကျွန်မဟာ နိုင်ငံခြားသားတွေရဲ့ အမူအကျင့်တော်တော်များများကိုလည်း မသိထားခဲ့ပါဘူးရှင်။ ကျွန်မတောင် လန်ဒန်ကို နှစ်ပတ်သွားလိုက်တာ ခုဆိုရင် ဘာလေးပဲ ဖြစ်ဖြစ် Thank You ပြောတတ်တဲ့အကျင့်လေး ရလာခဲ့ပါသေးတယ်။

လေဆိပ်ရောက်တော့ Baggage Reclaim ဆိုတဲ့မျှားအတိုင်း ကျွန်မလျှောက်သွားပါတော့တယ်။ အခုတော့ Sign တွေအတိုင်း ကျွန်မလိုက်တတ်သွားပြီးပေါ့။ Heathrow လေဆိပ်ဟာ အရမ်းကို ကြီးကျယ်ခမ်းနားပါတယ်။ တောကတက်လာတဲ့ ကျွန်မအတွက်ကတော့ မြင်မြင်သမျှ အထူးအဆန်းတွေချည်းပါပဲ။ လူတွေကလည်း တစ်ယောက်ကို တစ်ယောက် ဂရုမစိုက်ပဲ ကိုအလိုရှိရာကို ဥဒဟို သွားနေကြပါတယ်။ Baggage Reclaim လုပ်တဲ့နေရာကို မရောက်ခင် Immigration ဖြတ်ရပါတယ်။ ကျွန်မကို တစ်ခုခုများ ရစ်အုံးမလားဆိုပြီး ကြောက်မိပါသေးတယ်။ Passport ကိုပြ၊ လေယာဉ်ပေါ်မှာ ပေးတဲ့စာရွက်ကလေးကို ဖြည့်ပြီးပေးတော့ သူတို့က ဘာလာလုပ်တာလဲ၊ ဘယ်နှစ်ရက်နေမှာလဲ နှစ်ခွန်းပဲ မေးပါတယ်။ ပြီးတော့ တုံးထုပြီး သွားခွင့်ပြုလိုက်တာပါပဲ။ “Thank You” ဆိုပြီး ကျွန်မလည်း အိတ်ယူဖို့ ပြေးရတော့တာပေါ့။ အဲ့ဒီကိုလည်းရောက်ရော လူတွေလည်းအများကြီး၊ အိတ်တွေလည်နေတဲ့ နေရတွေလည်း အများကြီးပါပဲ။ ဘယ်ကောင်တာကတော့ ဘယ်လေယာဉ်က အိတ်တွေကို ယူရန်ဆိုတဲ့ Sign တွေကိုလည်း ကျွန်မ မတွေ့ပါဘူး။ ရှိမှန်းလည်း မသိပါဘူး။ အဲ့ဒီမှာတင် ကျွန်မမယောင်မလည်နဲ့ ဟိုသွားကြည့်လိုက် ဒီသွားကြည့်လိုက် လုပ်နေပါသေးတယ်။ Heathrow မှာမလည်မ၀ယ်နဲ့ နောက်တော့ ဘယ်လိုမှ မတတ်သာတဲ့အဆုံး အနားကဖြတ်သွားတဲ့ လူမည်းနှစ်ယောက်ကို မေးဖို့လုပ်တော့မှ အမှတ်မထင် Sign တွေကို သွားတွေ့ပါတယ်။ ကျွန်မ အပိုမပြောပါဘူး ကျွန်မအိတ်ကိုရဖို့ တစ်နာရီအတိကို စောင့်ခဲ့ရပါတယ်။

အိတ်လည်းရပြီးရော Exit လို့ပြထားတဲ့ ဆိုင်းဘုတ်တွေနောက်ကို ကျွန်မ လိုက်လျှောက်ပါတယ်။ သူများတွေလည်း သွားနေကြတာတွေ့တော့ သူတို့တွေနောက်ကပဲ ကျွန်မလိုက်သွားပါတယ်။ One Young World Logo ကိုင်ထားတဲ့ သူတွေကို ကျွန်မလိုက်ရှာတယ်။ မတွေ့ပါဘူးရှင်။ သူတို့က OYW Logo ကို လိုက်ရှာလို့ ကျွန်မကို မေလ်းပို့ထားခဲ့တာကို။ နောက်တော့ အပေါက်ဝနားကို ရောက်တော့မှ Tin Myat Htet ဆိုတဲ့နာမည်ကို ကိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့တော့တာပါပဲ။ ကျွန်မလည်းသူ့ကို Passport ပြပြီး သူခေါ်ရာနောက်ကို လိုက်ခဲ့ပါတော့တယ်။ ကျွန်မကို လာကြိုတဲ့ကားက အကောင်းစားကြီးပါ။ အတော်လေးကို ကောင်းပါတယ်။ ဘာကားလဲတော့ ကျွန်မလည်း သတိမထားမိခဲ့ပါဘူး။ အဲ့ဒီအမျိုးသမီးက ကျွန်မကို စကားတွေပြောပါတယ်။ ကျွန်မလည်း အိပ်ချင်မူးတူးနဲ့ ကြားတစ်ချက် မကြားတစ်ချက်ပါပဲ။ တစ်ခါတစ်လေ ကိုယ့်ဟာကိုယ် ဘာပြောမိမှန်းတောင် မသိပါဘူး။ ကားမောင်းပြီး လေဆိပ်ကနေထွက်တာတော့ လန်ဒန်ရဲ့ သွင်ပြင်ကို ကျွန်မ စမြင်ရတယ်။ ကားတွေက လမ်းတွေထက်မှာ အရှိန်ပြင်းပြင်းမောင်းနေကြတယ်။ ကားနောက်မှန်ကနေလှည့်ကြည့်မိတော့ Heathrow International Airport ဆိုတဲ့ဆိုင်းဘုတ်ကြီးကို ကျွန်မတွေ့ရတယ်။

ကျွန်မ လန်ဒန်ကို ရောက်ပါပြီ။ အရမ်းသွားချင်ခဲ့တဲ့ နေရာကို ကျွန်မခြေချခွင့်ရပါပြီ။ မကြာတော့တဲ့ရက်တွေမှာ တစ်ခြားနိုင်ငံက လူငယ်တွေနဲ့ ကျွန်မဆက်တွေ့ရအုံးမယ်။ နိုဘယ်ဆုရှင်တွေနဲ့ ကျွန်မတွေ့ဆုံခွင့်ရတော့မယ်။ အိုး ကျွန်မပျော်လိုက်တာ.. ရင်တွေလည်းခုန်ရပါတယ်။ ကားမှန်ပြတင်းကနေတစ်ဆင့် ကျွန်မသိပ်ရောက်ဖူးချင်ခဲ့တဲ့ လန်ဒန်ရဲ့ သွင်ပြင်တွေကိုကြည့်ရင်း ကျွန်မနေထိုင်ရမယ့် ဟိုတယ်ဆီကို လိုက်လာခဲ့ပါတော့တယ်။

6 responses »

  1. ခုလိုအတွေ့အကြုံလေးတွေတင်းေးပးတာ..Thank You..ပါ

    သမီးလေးအတွက် tooth easer လေးဝယ်လာပေးတာ..Thank You..ပါ

    အရာအားလုံးအတွက်..Thank You..ပါ

    ပင့်ကူရေ…………ူး)))))

  2. ဂုဏ်ယူပါတယ်ဗျာ..
    ဖတ်ရင်းနဲ့ ကိုယ်တိုင် သွားနေရသလိုခံစားရပါတယ်..
    ညီမဘယ်လောက်ပျော်မယ်ဆိုတာ နဲ့ ဘယ်လောက်ရင်ခုန်နေမယ်ဆိုတာ
    ခံစားလို့ရပါတယ်..🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s