London Trip to attend One Young World Summit (Arriving Hotel)

Standard

ဟီသရိုးနဲ့ London City Airport ဟာ လန်ဒန်ရဲ့ အစနဲ့ အဆုံးပါပဲ။ ကျွန်မတို့တွေ အကုန်လုံးကို လန်ဒန်မှာ ရှိတဲ့ Travelodge Hotel တွေမှာ ထားတာပါ။ Travelodge – London City Road, Travelodge – Docklands, Travelodge – London City Airport စတဲ့ နေရာသုံးခုမှာ ခွဲထားပါတယ်။ ကျွန်မနေရမယ့် ဟိုတယ်က London City Airport မှာရှိတဲ့ ဟိုတယ်မှာပါ။ ဟီးသရိုးကနေ အဲ့နေရာကို တစ်နာရီလောက် ထပ်မောင်းရပါသေးတယ်။ လာကြိုတဲ့အမကြီးကလည်း လမ်းသေချာမသိပါဘူး။ ဒါနဲ့သူ Satellite ဖွင့်ပြီး မောင်းပါတယ်။ နည်းပညာတွေ တိုးတက်တာကို ကျွန်မအဲ့မှာ စမြင်ရတာပါပဲ။ ကျွန်မ မြန်မာပြည်မှာနေတုန်းက တိုးတက်နဲ့ နည်းပညာဆိုတာ ကြားဖူးတာပဲ ရှိတာပါ။ မြင်ဖူးတာဆိုလို့ Laptop, Mobile phone အသစ်တွေရယ်၊ ဖွတ်ချက် ဖွတ်ချက် အင်တာနက်ရယ်ပဲ ရှိပါတယ်။ ကားမှာပါတဲ့ ဘာနဲ့ချိတ်ဆက်ထားတာလဲတော့ မသိပါဘူးလို့ ထင်ပေမယ့် တစ်ကယ်က ဖုန်းနဲ့ချိတ်တာပါ။ Satellite က အမျိုးသမီးအသံက ပြောတဲ့အတိုင်း မောင်းသွားလိုက်တာပါပဲ။ ကိုက် ၁၀၀ လောက်မောင်းပြီးရင် ဘယ်ကိုကွေ့လိုက်ပါ.. ရှေ့တည့်တည့်ဆက်မောင်းသွားပါ.. နောက်ထပ် ကိုက်ဘယ်လောက်ရောက်ရင်တော့ ညာကို ကွေ့လိုက်ပါ အဲ့လိုမျိုးပေါ့။ လန်ဒန်မှာ လမ်းတွေကို မကျွမ်းကျင်သူမှန်သမျှ ဒါမျိုးတွေသုံးပြီးပဲ သွားတာပါပဲ။ မြန်မာတွေကတော့ ”တုံတုံ” လို့ခေါ်ကြလေရဲ့.. ”တုံတုံ” ဖွင့်ပြီးသွားရင် ဘယ်နေရာမဆို ရောက်ပါတယ်။

Travelodge ကိုရောက်တော့ မနက် ကိုးနာရီ နည်းနည်းကျော်ပါပြီ။ ဟိုတယ်က သိပ်ပြီးတော့ မခမ်းနားပါဘူး။ မန္တလေးမှာ ကျွန်မတည်းဖူးတဲ့ ဟိုတယ်တွေလောက်တောင် မခမ်းနားပါဘူး.. ဒီအတိုင်း ခပ်ရိုးရိုးလေးပါပဲ။ လိုက်ပို့တဲ့ အမျိုးသမီးလည်း ကျွန်မကို ထားသွားပြီး နောက်လူတွေကို ကြိုဖို့ ဆက်သွားပါတယ်။ ကျွန်မလည်း Reception ကိုသွားပြီးတော့ ”ကျွန်မနာမည်က တင်မြတ်ထက်ပါ.. One Young World Summit တက်ဖို့လာပါတယ်.. ဒီဟိုတယ်မှာ နေရမယ်လို့ပြောပါတယ်.. ကျေးဇူးပြုပြီး Booking လေး Check လုပ်ပေးနိုင်မလား” လို့ မေးလိုက်ပါတယ်။ အဲ့တော့ စာအိတ်တွေ တစ်ထပ်ကြီး ထုတ်လာပါတယ်။ ကျွန်မနာမည်ရေးထားတဲ့ စာအိတ်ကိုပေးပြီး ”အခု Check in ၀င်မယ်ဆိုရင် ၁၀ ပေါင်အပိုပေးရမယ်တဲ့.. ပုံမှန်အချိန်ကတော့ ညနေ (၃) နာရီမှ” လို့ပြောပါတယ်။ ကျွန်မ စိတ်ညစ်သွားတော့တာပါပဲ။ ကျွန်မမှာ ပေါင်ဆိုလို့ ကိုယ်ခန္ဒာက ပေါင်နှစ်ချောင်းကလွဲရင် ဘာမှ မပါပါဘူး။ လေဆိပ်မှာလည်း ကိုယ့်အပူနဲ့ကိုယ် လဲဖို့ သတိမရခဲ့ပါဘူး။ ဒါနဲ့ ကျွန်မလည်း ”Can I pay the dollars?” လို့မေးတော့ မရဘူးတဲ့.. ပေါင်မှ ပေါင်ပဲတဲ့။ ဒုက္ခတော့ ရောက်တော့တာပါပဲ။ ဒါနဲ့ ကျွန်မကလည်း ”ဒါဆိုလည်း (၃) နာရီထိစောင့်မယ် ဒီမှာနေလို့ ရမလား” ဆိုတော့ အိုကေ ရတယ်တဲ့။ အင်္ဂလန်က လူတွေဟာ သိပ်ကိုလူမျိုးကြီးဝါဒ ရှိပါတယ်.. သူတို့ ပစ္စည်းမှ သူတို့ပစ္စည်း၊ သူတို့ငွေမှ သူတို့ငွေပါပဲ။

ဒါနဲ့ ကျွန်မလည်း ဧည့်ခန်းမှာပဲ (၃) နာရီထိုးအောင် ထိုင်စောင့်ရတော့တာပေါ့။ မျက်လုံးကလည်း ဘယ်လိုမှ မရတော့ပါဘူး.. ရန်ကုန်က ညနေ ၅း၃၀ ကတည်းက ထွက်လာတာ လန်ဒန်မှာ မနက် ကိုးနာရီဆို ရန်ကုန်မှာ နောက်နေ့ ညနေ (၄) နာရီနီးပါးလောက် ရှိနေပါပြီ။ ကျွန်မ လေယာဉ်မှာလည်း တစ်ရေးမှ အိပ်မလာတဲ့ အတွက် မျက်လုံးကလည်း ဘယ်လိုမှ မရတော့ပါဘူး။ ခဏနေတော့ သူတို့က ကျွန်မကို လှမ်းမေးတယ် ” Do you want coffee?” တဲ့.. ကျွန်မကလည်း ၀မ်းသာအားရ ”sure” ပေါ့.. ဒါနဲ့ သူတို့က တစ်ယောက်ကို လှမ်းခေါ်တော့ လူတစ်ယောက် ထွက်လာပါတယ်.. ကျွန်မဆီလာပြီး မေးတယ် ” Are you from Vietnam” တဲ့.. အသံကတော့ အာရှလေသံပါပဲ.. ကျွန်မကလည်း မဟုတ်ဘူး မြန်မာပြည်ကပါလို့ ပြောတော ”သြော် ဘားမား ကလား.. ဒါဆို ကျွန်တော့ကို ဘာလို့တွေ့ချင်တာလဲ” တဲ့.. ကျွန်မကလည်း မဟုတ်ဘူးလေလို့ ပြောပြီး ဒီအတိုင်း ကြောင်တောင်တောင်ပဲ ဖြစ်သွားမိတယ်.. နောက်တော့မှ Reception က အမကြီးက ထရီပြီး ”သြော် ကိုဖီနဲ့ တွေ့ချင်လားမေးတာကို ကော်ဖီလိုချင်လားလို့ ကြားသွားပုံရတယ်တဲ့.. ဗီယက်နမ်က ထင်လို့” တဲ့.. အဲ့တော့မှ အကုန်လုံး ရီကြပါတော့တယ်။ ဒါနဲ့ ဗီယက်နမ်ကောင်လေးကလည်း ကျွန်မကို ကော်ဖီတစ်ခွက် ယူလာပေးပါတယ်။ ကျွန်မလည်း မထူးတော့ဘူးလေ သောက်နေလိုက်တာပေါ့။ အလွဲလေးတွေလည်း ရှိလိုက်ပါသေးတယ်။

ဟိုတယ်မှာ အင်တာနက်ရမလားလို့ Laptop ထုတ်ပြီး စမ်းကြည့်သေးပေမယ့် Wireless က လိုင်းသာရှိတာ သုံးလို့ မရပါဘူး။ မိနစ် (၂၀) ကို တစ်ပေါင်တဲ့။ ဈေးအရမ်းကြီးပါတယ်။ ဒီမှာ သုံးနာရီထိစောင့်နေရမှာကို ကျွန်မ မခံနိုင်တော့ပါဘူး.. အွန်လိုင်းသုံးပြီး သူငယ်ချင်း တစ်ယောက်ကို အမြန်လာဖို့ ခေါ်ချင်နေပါပြီ။ ဟိုတယ်ရောက်မယ့်အချိန်ကို လာခဲ့မယ်လို့ ပြောထားတဲ့ သူတွေကလည်း ရှိတာကို။ ဒါနဲ့ အရဲစွန့်ပြီး မေးလိုက်ပါသေးတယ် ”အင်တာနက် မိနစ် ၂၀ လောက်သုံးချင်လို့ပါ.. ဒေါ်လာနဲ့ လက်ခံပေးပါလား” ဆိုတော့ မရဘူးတဲ့… စိတ်ညစ်လိုက်တာပါပဲ။ ဒါနဲ့ ကျွန်မလည်း ဧည့်ခန်းမှာ ထိုင်ရတာ နည်းနည်းအေးလာတာနဲ့ Dining Room ကို ပြောင်းထိုင်ပါတယ်။ အဲ့မှာတော့ နည်းနည်းနွေးပါတယ်။ ဧည့်ခန်းနဲ့လည်း တစ်ဆက်တည်းပါပဲ။ တစ်ခြား delegate တွေ ရောက်တာကိုလည်း မတွေ့ရသေးပါဘူး။ ကျွန်မက အစောဆုံး ရောက်တာပါတဲ့။ ဒါနဲ့ နေ့လည် ၁၂ နာရီလောက်ထိုးတော့ ကျွန်မနားကို ကောင်လေးတစ်ယောက် ရောက်လာပါတယ် “Do you come here for One Young World summit?” တဲ့။ ကျွန်မကလည်း “Yeah” လို့ပြောတော့.. တွေ့ရတာဝမ်းသာပါတယ်.. ငါက မက္ကဆီကိုက Delegate ပါတဲ့။ ကျွန်မကလည်း အို ၀မ်းသာလိုက်တာ ငါက မြန်မာပြည်က လို့ပြန်မိတ်ဆက်ပါတယ်။ ဒီမှာ ဘာလုပ်နေတာလဲ လို့ ဆက်မေးပါတယ်။ ကျွန်မကလည်း ပေါင်မပါလို့ အခန်းရအောင် (၃) နာရီထိ စောင့်နေရတဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောလိုက်ပါတယ်။ သူက ပြောပါတယ် သူ့အခန်းထဲမှာ နားနေပါလားတဲ့။ ကျွန်မ မြန်မာ ပီပီ နည်းနည်းတော့ တစ်မျိုးဖြစ်သွားပါတယ်။ ဒါနဲ့ပဲ နေပါစေ ငါ ဒီမှာပဲ စောင့်ပါမယ်လို့ ပြန်ပြောရပါတယ်။ သူက ရပါတယ် အခန်းထဲမှာ ဆိုတော့ နင်လှဲနေလို့ ရတာပေါ့တဲ့။ သူ့ရုပ်ရည်လေးကလည်း နုညံ့ပါတယ်။ Summit တက်ဖို့လာတဲ့သူဆိုတော့ ဘာပဲပြောပြော သူလည်း ခေသူတော့ဟုတ်မှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်မရောက်နေတာ အင်္ဂလန်ဆိုတာလည်း နည်းနည်းတော့ ပြန်သတိရလာပါတယ်။ သူကလည်း ရိုးရိုးသားသား ခေါ်နေတာပါပဲ။ ဒါနဲ့ကျွန်မလည်း လိုက်သွားလိုက်ပါတယ်။ သူကပဲ ကျွန်မအထုပ်တွေကို ကူသယ်ပေးပါတယ်။

“Where did you exchange the money?” လို့ မေးတော့ လေဆိပ်ကတဲ့။ အခန်းထဲရောက်တော့ နင် အိပ်ချင်ရင် အိပ်နေလို့ရတယ်နော်တဲ့.. သုံးနာရီကျရင် ငါနှိုးလိုက်မယ်တဲ့။ ကျွန်မကလည်း ရတယ်လို့ ပြောတော့.. ငါတို့ မြေပုံကြည့်ရအောင်တဲ့ ငါတို့နေရာက လန်ဒန်ရဲ့ ဘယ်နားလဲ ဆိုတာ လို့ပြောပြီး နှစ်ယောက်သား မြေပုံထိုင်ကြည့်ကြသေးတယ်.. အရမ်းရှုပ်တော့ နှစ်ယောက်လုံး ရှာမတွေ့ပါဘူး။ ဒါနဲ့ တစ်ယောက်နာမည် တစ်ယောက်မေးပြီး ဘာအကြောင်းအရာကို စိတ်ဝင်စားတယ်. ဘယ်လိုပြင်ဆင်ခဲ့တယ် ဆိုတာကို နှစ်ယောက်သား လေပေါကြတော့တာပါပဲ။ သူ့နာမည်က Gererado တဲ့.. ငါ့နာမည်က တင်မြတ်ထက် လို့ပြောတော့ ခေါ်ရခက်လိုက်တာတဲ့ “Tin” လို့ခေါ်ရမှာလားတဲ့။ မဟုတ်ဘူးလေ ”Htet” လို့ခေါ်လို့ ပြောရသေးတယ်.. ဘယ့်နှယ် တင် လို့တော့ အခေါ်မခံချင်ပါဘူးရှင်။ ကျွန်မကို ဆက်မေးသေးတယ်.. “Is it your first trip to London?” တဲ့.. ကျွန်မကလည်း “My first trip to London and also first trip to abroad” လို့ပြောတော့ အံ့သြနေပါတယ်။ ငါက ခရီးတွေအများကြီး သွားဖူးတယ်တဲ့.. လန်ဒန်ကိုတော့ ခုမှရောက်ဖူးတာတဲ့။ သူက Environment Session မှာ စကားတက်ပြောရမယ် Speaker တဲ့။ ကျွန်မကလည်း ”ကောင်းလိုက်တာ ငါက အရွေးမခံရဘူး” လို့ ပြန်ပြောရတာပေါ့။ နောက်ပြီး ကျွန်မက ပြောလိုက်ပါသေးတယ်.. ငါကလေ အွန်လိုင်းသုံးပြီး ငါ့သူငယ်ချင်းတွေနဲ့ ဆက်သွယ်ချင်တာ.. ဒါပေမယ့် ဒီမှာ ဈေးကြီးလွန်းတယ်.. ပေါင်ကလည်း ပါမလာဘူး လို့ပြောတော့ သူဝယ်လိုက်မယ်ဆိုပြီး Visa Card လား Amex Card နဲ့လား မသိဘူး ၀ယ်လိုက်ပါတယ်။ သူ့စက်ကလည်း Mac Book ဆိုတော့ ကျွန်မ သိပ်မကိုင်တတ်ပါဘူး။ ဒါနဲ့ ကျွန်မ မေလ်းပို့သင့်တဲ့ သူတွေဆီကို အမြန်ပဲ မေလ်းပို့လိုက်ပါတယ်။ မျက်စိကလည်း ဘယ်လိုမှ မရတော့တာနဲ့ ”ငါ အိပ်မယ်နော်” ဆိုပြီး သူ့အခန်းထဲမှာပဲ အိပ်လိုက်တယ်။

နည်းနည်းလောက် ကြာတော့ သူလာနှိုးတယ် ”ထတော့. ၃ နာရီ ၁၀ မိနစ်ရှိပြီတဲ့”.. ကျွန်မလည်း ဟုတ်သားပဲ အခန်းရနေလောက်ပြီ ဆိုပြီး Reception ကို ပြန်ဆင်းလာ.. ကိုယ့်အခန်းကိုယ်တောင်းရပါတယ်။ သူ့ကို ကျေးဇူးနော်လို့ပြောပြီး ကျွန်မအတွက် ရတဲ့ အခန်းနံပါတ် (၁၀) ကိုသွား ရောက်ရောက်ချင်း ရေချိုးပြီး အိပ်ရာထဲ ပစ်လဲလိုက်တော့တာပါပဲ။ အခန်းထဲမှာ ဘာ facilities မှ မရှိပါဘူး။ ဟိုတယ်တိုင်းမှာ ထားပေးတဲ့ Toiletry တွေတောင်း မရှိပါဘူး။ ဖုန်းလည်း မရှိပါဘူး။ အစကတော့ ကျွန်မက ကျွန်မနဲ့ လူကြုံပါးလိုက်တဲ့ ပစ္စည်းတွေကို ဟိုတယ်ကနေ ဖုန်းလှမ်းဆက်ပြီး ယူခိုင်းမယ်.. သူတို့ကို တစ်ခါတည်း ပေါင်ပါလဲလာခိုင်းမယ်ပေါ့လေ.. အခု ဖုန်းမရှိတော့ အခက်တွေ့တော့တာပါပဲ။ ဒါနဲ့ ကျွန်မလည်း မေလ်းပို့ထားခဲ့တာပဲ ရောက်လာပါလိမ့်မယ်လို့ တွေးပြီး အိပ်ဖို့ပဲ လုပ်လိုက်ပါတော့တယ်။ ခဏနေတော့ ကျွန်မ အတော်ကြီးကို အိပ်ပျော်သွားတာ ကျွန်မကို တစ်ယောက်ယောက်က လှုပ်နှိုးနေတယ်ဆိုတာကို ခံစားမိမှပဲ နိုးလာခဲ့ပါတော့တယ်။

5 responses »

  1. Some clarifications:

    ဟီသရိုးနဲ့ London City Airport ဟာ လန်ဒန်ရဲ့ အစနဲ့ အဆုံးပါပဲ။
    ( Yes, LHR is in west and London City airport is in East )

    လာကြိုတဲ့အမကြီးကလည်း လမ်းသေချာမသိပါဘူး။ ဒါနဲ့သူ Satellite ဖွင့်ပြီး မောင်းပါတယ်။ နည်းပညာတွေ တိုးတက်တာကို ကျွန်မအဲ့မှာ စမြင်ရတာပါပဲ။ ကျွန်မ မြန်မာပြည်မှာနေတုန်းက တိုးတက်နဲ့ နည်းပညာဆိုတာ ကြားဖူးတာပဲ ရှိတာပါ။ မြင်ဖူးတာဆိုလို့ Laptop, Mobile phone အသစ်တွေရယ်၊ ဖွတ်ချက် ဖွတ်ချက် အင်တာနက်ရယ်ပဲ ရှိပါတယ်။ ကားမှာပါတဲ့ ဘာနဲ့ချိတ်ဆက်ထားတာလဲတော့ မသိပါဘူးလို့ ထင်ပေမယ့် တစ်ကယ်က ဖုန်းနဲ့ချိတ်တာပါ။
    (No, no phone required. Sat Nav receives the satellite signal itself)

    Satellite က အမျိုးသမီးအသံက ပြောတဲ့အတိုင်း မောင်းသွားလိုက်တာပါပဲ။ ကိုက် ၁၀၀ လောက်မောင်းပြီးရင် ဘယ်ကိုကွေ့လိုက်ပါ.. ရှေ့တည့်တည့်ဆက်မောင်းသွားပါ.. နောက်ထပ် ကိုက်ဘယ်လောက်ရောက်ရင်တော့ ညာကို ကွေ့လိုက်ပါ အဲ့လိုမျိုးပေါ့။ လန်ဒန်မှာ လမ်းတွေကို မကျွမ်းကျင်သူမှန်သမျှ ဒါမျိုးတွေသုံးပြီးပဲ သွားတာပါပဲ။ မြန်မာတွေကတော့ ”တုံတုံ” လို့ခေါ်ကြလေရဲ့.. ”တုံတုံ” ဖွင့်ပြီးသွားရင် ဘယ်နေရာမဆို ရောက်ပါတယ်။

    (Yes, Tom Tom is a brand name. http://www.tomtom.com/. Other well known brands are Garmin, Navman, Navigon, Mio Moov and so on.)

  2. “လန်ဒန်မှာ လမ်းတွေကို မကျွမ်းကျင်သူမှန်သမျှ ဒါမျိုးတွေသုံးပြီးပဲ သွားတာပါပဲ။”🙂

    နေ့စဉ် ကားမောင်နေတဲ့ Taxi driver တွေလဲ သုံးပါတယ်။ မကျွမ်းကျင်လို့သုံးတာ သက်သက် မဟုတ်ပါ။ Speed camera တွေ ရှိမှန်း သတိပေးစေချင်တာလဲပါ ပါတယ်။ ကားမောင်းရင်း လမ်းကျော စဉ်းစားရတာ လဲ သက်သာပါတယ်။ ရှေ့မှာ လမ်းပိတ်နေရင်လဲ အရေးပေါ် ဘယ်က ရှောင်နိုင်လဲ တွက်ချက်ပေးပါတယ်။ စက်ဆိုတော့ ဉဏ်နဲ့လဲချင့်ချိန်ရတဲ့ အခါတွေရှိပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s