London Trip to Attend One Young World Summit (Visiting around the town)

Standard

ရုတ်တရက် ကျွန်မနိုးလာတော့ မိန်းကလေးတစ်ယောက်နဲ့ ဟိုတယ်က ၀န်ထမ်းအမျိုးသားတစ်ယောက်ကို တွေ့ပါတယ်.. အဲ့မိန်းကလေးကလည်း ကျွန်မရုတ်တရက်နိုးပြီး ထထိုင်လိုက်တော့ လန့်သွားပုံရပါတယ် ” Oh you scared me” တဲ့.. ဟိုတယ်ဝန်ထမ်းကလည်း ကျွန်မကိုလက်ညှိုးတွေ ထိုးပြီးတော့ “It’s she. It is she” လို့ ပြောနေပါတယ်။ မိန်းကလေးကို မြင်ဖူးသလိုရှိပေမယ့် ဘယ်သူဆိုတာ စဉ်းစားလို့ကို မရပါဘူး.. ကျွန်မနဲ့အတူနေမယ့် တစ်ခြားနိုင်ငံက Delegate လို့ပဲ ထင်လိုက်ပါတယ်။ သူကပဲပြောတယ်.. ငါတို့နင့်ကိုတွေ့ဖို့လာတာတဲ့.. နင်အိပ်နေလို့ အကြာကြီးပဲစောင့်နေရတယ်တဲ့.. ခုမှ အခန်းထဲဝင်ပြီးလာနှိုးတာ.. အပြင်မှာလည်း လူတွေပါသေးတယ်.. အခန်းထဲကို လာဖို့ခေါ်လိုက်မယ်နော်တဲ့.. အင်္ဂလိပ်လိုပဲ ပြောတာပါ.. ဒါနဲ့ ကျွန်မလည်း “No, I’ll come to the reception” ဆိုပြီး ပြောလိုက်မိတယ်.. အဲ့တော့မှ သူက “ညီမလေး အခန်းထဲကို မလာစေချင်လို့လားတဲ့” ဗမာလိုပြောတယ်.. အဲ့တော့မှ မှတ်မိသွားတာ.. “အားးးးးး မမနေညို”.. မနေညိုက ကျွန်မသူငယ်ချင်း ဘလောဂ့်ဂါပါပဲ..အွန်လိုင်းမှာ ညီအစ်မတွေကို ခင်ကြတာပါ.. ကျွန်မလည်း ၀မ်းသာအားရနဲ့ ခုန်ပေါက်ပြီး အမဘယ်သူတွေ ပါသေးလဲ ခေါ်လိုက်လေ လို့ပြောလိုက်မိပါတော့တယ်။ ဟိုတယ်ဝန်ထမ်းလည်း အပြင်ကို ပြန်ထွက်သွားတယ်။ အဲ့တော့မှ တစ်ယောက်ကို တစ်ယောက်အသေအလဲ လိုက်ဖက်ကြပါရော.. ကျွန်မမှာ ၀မ်းသာလိုက်တာ မပြောပါနဲ့တော့။ အပြင်မှာ Steve ရယ် အမသူငယ်ချင်းနောက်တစ်ယောက်ရယ် စောင့်နေကြတာတဲ့။ Steve ဆိုတာလည်း Blogger ပါ.. သူလည်း လန်ဒန်မှာ အလုပ်လုပ်နေတာ.. ခဏနေတော့ Steve နဲ့ မနေညိုသူငယ်ချင်းလည်းအခန်းထဲရောက်လာတယ်။ ကျွန်မကိုလည်း ပြောလို့ ဆိုလို့ပေါ့.. အိပ်နေလိုက်တာများ.. အပြင်မှာ နှစ်နာရီလောက်တောင် စောင့်နေရတယ်.. ငါက မိုင်(၁၅၀) လောက်ဝေးတဲ့ နေရာကနေ ကားမောင်းလာရတာ ဘာ ညာ ပေါ့။ ကျွန်မကလည်း ဇက်ကလေး ပုလို့ပေါ့လေ။

တစ်ကယ်တော့ အဖြစ်ကလည်း အတော်ကိုရီရပါတယ်။ အဲ့ဒီမှာ ဟိုတယ်က ၀န်ထမ်းတွေက လာတည်းတဲ့ Customer တွေရဲ့ Information ကို အပြင်လူတွေကို မပေးပါဘူးတဲ့။ မနေညိုတို့ ဟိုတယ်ရောက်လာတော့လည်း သူထွက်လာရင် တွေ့လိမ့်မယ် ထိုင်စောင့်နေဆိုပြီး အပြင်မှာပဲ ထိုင်ခိုင်းထားတာပါတဲ့။ တစ်နာရီကျော်ကျော်လောက် သူတို့လည်း ထိုင်စောင့်နေကြပါသေးတယ်။ နောက်တော့မှ Steve က သူ့မှာ အမျိုးလည်းမရှိဘူး.. ဒီကို Summit တက်ဖို့ မြန်မာပြည်ကနေ တစ်ယောက်တည်းလာတာ.. တစ်ခုခုဖြစ်နေရင် ဒုက္ခဖြစ်မယ်. မင်းတို့မခေါ်ပေးရင် ငါတို့တွေ ရဲတိုင်လိုက်မယ်လို့ ပြောတော့မှာ အခန်းတံခါး လာဖွင့်ပေးတယ်ဆိုပဲ။ ပင့်ဂိုလ်းတို့များ အရာရာနဲ့ အကြောင်းကြောင်းပါပဲလားရှင်။

မနေညိုကလည်း သူ့အိမ်လိုက်ခဲ့ပါလားတဲ့.. Summit စမယ့် တနင်္လာနေ့ကို ပြန်ပို့ပေးမယ်တဲ့.. သူကလည်း စနေ တနင်္ဂနွေပဲအားတာဆိုတော့ ကျန်တဲ့ရက်တွေ လာတွေ့ဖို့အဆင်ပြေတော့မှာ မဟုတ်ဘူးတဲ့။ ကျွန်မကလည်း အစကတော့ လိုက်လည်းလိုက်ချင်တယ်.. လိုက်သွားပြန်ရင်လည်း One Young World အဖွဲ့က တစ်ခုခုပြောမှာလည်း စိုးပြန်တယ်။ နောက်တော့ ဘာဖြစ်ဖြစ်လိုက်မယ်ကွာဆိုပြီး အင်္ကျီတစ်ထည် နှစ်ထည်ထည့်၊ အထုပ်ဆွဲပြီး လိုက်ခဲ့ပါတော့တယ်။ အပြင်ရောက်တော့ Reception မှာ One Young World က တာဝန်ရှိသူတွေလည်း ရောက်နေတာတွေ့တယ်။ တစ်ခြားနိုင်ငံက Delegate တွေလည်း ရောက်နေကြပြီ။ ဒါနဲ့ Reception ကို သော့အပ်တော့ အပ်စရာမလိုဘူးတဲ့ ယူသွားလို့ရတယ်တဲ့.. အပြင်သွားမယ်ဆိုရင် နင့်ရဲ့အဖွဲ့ကို အကြောင်းကြားလိုက်ပါလားတဲ့။ ဒီတော့ကျွန်မလည်း တာဝန်ရှိသူတွေဆီကို သွားပြီးတော့ “Hello, I’m delegate from Myanmar” ဆိုပြီး မိတ်ဆက်တော့ “Hi nice to meet u in person” ဘာညာ ကွိကွ ပေါ့လေ.. ဒါနဲ့ကျွန်မလည်း “Do you have any schedule for us tomorrow?” ဆိုပြီးမေးလိုက်ပါတယ်။ Sunday အတွက်ဘာမှမရှိဘူးလို့ သူတို့ကပြောတယ်.. ဒါနဲ့ ကျွန်မလည်း မနေညိုကို လက်ညှိုးထိုးပြီးတော့ သူက ကျွန်မရဲ့ အမပါ.. သူနဲ့လိုက်သွားချင်လို့ ရမလားလို့ မေးလိုက်တယ်.. မနေညိုကလည်း ၀င်ပြောပေးတယ်.. ညီမလေးကို ခေါ်သွားချင်လို့ပါ တနင်္လာနေ့ ပြန်ပို့ပေးပါမယ်ပေါ့.. သူတို့ကလည်း ရတယ်ခေါ်သွားတဲ့. မန်းဒေးကိုသာ ၂ နာရီမထိုးခင် ပြန်လာခဲ့တဲ့.. ကျွန်မလည်း ကျေးဇူးပါ ကျွန်မက မန်းဒေးကျရင် စပွန်စာပေးတဲ့ အဖွဲ့အစည်းနဲ့လည်း ၁၁ နာရီကို တွေ့ရမှာကြောင့် ကိုးနာရီလောက်ကို အရောက်ပြန်ခဲ့ပါမယ်လို့ ပြောလိုက်ပါတယ်။ သူတို့အချင်းချင်းလည်းပြောကြသေးတယ်.. သြော် briefing ပေးမယ်ထင်တယ်တဲ့.. အိုးကေ bye bye ဆိုပြီး ကျွန်မလည်း မနေညိုတို့ Steve တို့နဲ့လိုက်လာခဲ့ပါတယ်။ Steve ရဲ့ ကားနဲ့ပဲ ကျွန်မကို လန်ဒန်မြို့ရဲ့ ညနေခင်းမှာ လျှောက်သွားကြလေသတည်းပေါ့။

လန်ဒန်က အတော်လေးကို အေးပါတယ်. ပြင်ဦးလွင်က အဖိုး အဖွား အဘေး ခေါ်ရလောက်အောင်ကို အေးပါတယ်။ ဒီက အနွေးထည်တွေ အများကြီးယူသွားပေမယ့် သိပ်အချမ်းမလုံပါဘူး။ မနေညိုက Jacket တစ်ထည်လက်ဆောင်ပေးလို့ တော်ပါသေးတယ်။ Steve ရဲ့ ညီမကို တစ်နေရာမှာ ၀င်ခေါ်တယ်.. ပြီးတော့ KFC က ကြက်ကြော်နဲ့ အာလူးကြော်တွေ အအေးတွေဝယ်ပြီး ကားပေါ်မှာပဲ ညစာစားလိုက်ကြတယ်။ လန်ဒန်ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ London Eye, London Bridge, St. Paul Church, Big Band ကို ကားပေါ်ကပဲကြည့်ခဲ့တယ်။ စနေညဖြစ်တာကြောင့် လမ်းပေါ်မှာ လျှောက်သွားတဲ့ သူတွေလည်းများတယ်.. သူတို့ဆီမှာက သောကြာနေ့ညနေတို့ စနေနေ့ညနေတို့ဆိုရင် အလှတွေပြင်ပြီး ညဘက်လမ်းထွက်ကြတာကိုး.. တစ်ချို့ကောင်လေး ကောင်မလေးတွေဆို အုပ်စုလိုက်ကြီး လမ်းပေါ်မှာ လျှောက်အော်နေကြသေးတော့ ကျွန်မ မြန်မာပြည်က သူငယ်ချင်းတွေကိုတောင် လွမ်းချင်ချင်ဖြစ်သွားတယ်။

တစ်နေရာမှာ ကားရပ်ပြီး ဓါတ်ပုံရိုက်တယ်.. Steve က ငါပြန်ရောက်ရင် ချက်ချင်းပုံတွေ တင်ပေးလိုက်မယ်တဲ့.. ပင့်ဂိုလ်း လန်ဒန်ရောက်နေပြီဆိုတာ ဖေ့စ်ဘုတ်က သူငယ်ချင်းတွေသိအောင်တဲ့။ နည်းနည်းလောက်ထပ်လည်ပြီးတော့ မနေညိုတို့အိမ်ကို ပြန်လိုက်ပို့တယ်.. ပြီးတော့ Steve တို့မောင်နှမလည်း ပြန်သွားကြတယ်။ ပြန်ရောက်တော့ အတော်လေး ညနက်နေပြီ။ ရောက်တာနဲ့ အ၀တ်အစားလဲပြီး ဆက်အိပ်တော့တာပါပဲ။

နောက်နေ့မနက်ကျွန်မနိုးတော့ မနက်ကိုးနာရီလောက် ရှိပြီထင်တယ်။ အပြင်ကို တံခါးလေး ဘာလေးဖွင့်ကြည့်ပေမယ့် မိုးမလင်းသေးပါဘူး။ သူတို့ကလည်း ပြောတယ်.. ဆောင်းရာသီဆို လန်ဒန်က နေမမြင်အင်ပါယာ ဖြစ်နေတာတဲ့။ နေထွက်တဲ့ရက်ဆိုတာ အတော်လေးရှားတယ်တဲ့။ မနက်စာတွေ ဘာတွေစားပြီးတော့ ချမ်းမြစိုးတို့ကို မနေညိုက ဖုန်းဆက်လိုက်တယ်.. ပင့်ဂိုလ်းငါ့အိမ်ရောက်နေတယ်.. နင်တို့ရဲ့ လူကြုံတွေလည်းပါလာတယ်… လာယူတဲ့။ သူတို့လည်း လာမယ်ပေါ့လေ။ ခဏနေတော့ ကျွန်မတို့ Walthamstow Shopping Mall ကိုသွားကြတယ်.. နေ့လည် ၁၁ နာရီလောက်ထိုးနေပေမယ့် တစ်ကယ်ကို နေမထွက်ပါဘူး.. အဲ့မှာ ဘာပဲဝယ်ဝယ် တစ်ပေါင်ပဲ ပေးရတယ့် တစ်ပေါင်ဆိုင်လည်းရှိတယ်.. Cosmetic တွေလည်း အတော်ကိုဈေးသက်သာတယ်.. Promotion တွေလုပ်နေတာ.. Asda Supermarket မှာတော့ စားစရာ သောက်စရာတွေ ၀ယ်တာပေါ့.. ကျွန်မယူလာတဲ့ ကင်မရာက အဆင်မပြေဖြစ်သွားလို့ Curry Digital မှာ ကင်မရာတစ်လုံး ၀င်ဝယ်လိုက်ရသေးတယ်.. Memory Card + camera က 77 ပေါင်ပေးရတယ်။ ဘာပဲပြောပြော ကျွန်မ ကင်မရာ အသစ်ရလို့ ပျော်တာပေါ့။

မနေညိုနဲ့ အတူနေတဲ့ သူငယ်ချင်းက အဲ့နားက Library မှာ ကျွန်မတို့ကိုစောင့်နေတယ်.. အဲ့မှာက Wireless လည်းရတယ်ဆိုတော့ ကျွန်မတို့လည်း ဈေးဝယ်ပြီးတာနဲ့ လိုက်သွားကြတယ်.. အဲ့မှာ အင်တာနက်သုံးတော့ Steve က ကျွန်မပုံကို ဖေ့စ်ဘုတ်မှာ တင်ထားတာ တွေ့တယ်.. Comment တွေဘာတွေတောင် အောက်မှာပေးထားကြပြီ။ အဲ့မှာ One Young World ကိုလာကြတဲ့ တစ်ခြားနိုင်ငံကလူတွေ ကျွန်မကို မက်ဆေ့တွေပို့ပြီး ကျွန်မ အခန်းနံပါတ်ကို မေးထားကြသေးတယ်.. ငါတို့ရောက်နေပြီ နင့်ကိုလည်း မတွေ့ဘူးတဲ့.. ကျွန်မလည်း အကျိုးအကြောင်းလေး ပြန်ပြီး မက်ဆေ့ပို့ရသေးတာပေါ့။ ခဏနေတော့ အိမ်ကိုပြန်လာပြီး နေ့လည်စာစားတယ်။ ချမ်းမြစိုးတို့လည်း ရောက်လာတယ်။ လေလေး ဘာလေးပေါတာပေါ့။ နောက်တော့ သူတို့လည်း ပြန်သွားကြတယ်။

With my friends staying in London

သူတို့ပြန်သွားတော့ ကျွန်မတို့လည်း လျှောက်လည်ခြင်းလုပ်ငန်းကို ပြန်စတာပေါ့.. လန်ဒန်မှာက ဘတ်စ်ကားတွေ ရထားတွေစီဖို့ Oyster Card ကိုသုံးတယ်.. ကျွန်မက ဧည့်သည်ဆိုတော့ ကဒ်လည်းမရှိတာနဲ့ ဘတ်စ်ကားလက်မှတ်ဝယ်ဖို့လုပ်ရတယ်.. အနားမှာရှိတဲ့ Walthamstow Station မှာပဲဝယ်ဖို့ရှာတယ်.. လန်ဒန်ကလူတွေ အရမ်းအချိန်တိကျပါတယ်.. လက်မှတ်ရောင်းတဲ့ဆိုင်က လေးနာရီကို ပိတ်တာ.. ကျွန်မတို့သွားတော့ လေးနာရီထိုးကာနီးပြီ.. အဲ့မှာလက်မှတ်ရှိလား.. ဘာညာမေးနေတုန်း လေးနာရီထိုးသွားတော့ Customer ကိုတောင် ဂရုမစိုက်ဘူး.. ဆိုင်ကြီးပိတ်ချပြီး ပြန်သွားတယ်.. အချိန်တိကျတာပြောပါတယ်.. ဒါနဲ့ကျွန်မတို့လည်း နောက်တစ်ဆိုင်ကို ထပ်သွားပြီး ၀ယ်ရတာပေါ့.. လက်မှတ်တစ်စောင်ကို သုံးပေါင်ခွဲပါ.. တစ်နေကုန် ဘာကားစီးစီး ဒီလက်မှတ်ကို Driver ကိုပြပြီး စီးရပါတယ်။ သုံးပေါင်ခွဲက တစ်ရက်စာဖိုးပေါ့.. ကျွန်မတို့တွေ နှစ်ထပ်ဘတ်စ်ကားကြီးတွေစီးပြီး သွားတယ်.. Oxford Circus ကို အရင်သွားတယ်.. မြန်မာပြည်မှာဆို ဆူးလေက ဖရေဇာပေါ့ရှင့်.. အဲ့နေရာက ဈေးဆိုင်တွေ စတိုးဆိုင်တွေလည်း အရမ်းများပြီး လူလည်းအရမ်းစည်တဲ့နေရာပေါ့။ ဈေးဝယ်လို့လည်း ကောင်းတဲ့နေရာပါပဲ။ ကျွန်မကတော့ ဘာမှဝယ်မလာပါဘူး… သူတို့ငွေနဲ့သာ ငါးပေါင် ခြောက်ပေါင်ဆိုပြီး ခေါ်လို့ကောင်းတာ.. မြန်မာငွေနဲ့က ၁၇၀၀ ကွာတာဆိုတော့ မသက်သာဘူးလေ။ အဲ့မှာ အင်တာနက်ဆိုင်တစ်ဆိုင် တွေ့တယ်.. Burma@Access တဲ့..အင်တာနက်သုံးခက တစ်နာရီကို တစ်ပေါင်ဆိုပဲ…. ကားပေါ်ကလှမ်းတွေ့တာဆိုတော့ ဓါတ်ပုံရိုက်လို့ မမီလိုက်ဘူး.. လျှောက်သွားနေတုန်းမှာပဲ ကိုဘိုဘိုလန်းစင်လည်း ဖုန်းလှမ်းဆက်တယ်.. ဖိုးချမ်းပြောလို့တဲ့.. အဆင်ပြေလား ဘာညာပေါ့ရှင်။

Bus Ticket

Waiting bus at bus stop

ပြီှးတော့ China Town ကိုသွားကြတယ်.. အဲ့မှာပဲ ညစာစားကြတယ်.. ကျွန်မတို့စားတဲ့ဆိုင်က တရုပ်တွေ အချိုးမပြေလို့ ပြသနာနည်းနည်းဖြစ်ရသေးတယ်.. Customer ကို ဂရုမစိုက်ဘူး.. သူတို့လုပ်ချင်ရာ လုပ်နေကြတာ။ နောက်တော့ Trafalgar Square လည်းရောက်တယ်.. Millennium Bridge ကိုလည်းရောက်တယ်.. ပြီးတော့ ကျွန်မကို ဟိုတယ်ပြန်ပို့ကြတယ်.. အစကတော့ မန်းဒေးမနက်မှ ပြန်မယ်လုပ်ထားပေမယ့် မနေညိုလည်း မနက်ကို ရုံးသွားရမှာကြောင့် ကျွန်မကို Sunday ညကတည်းက လိုက်ပို့လိုက်တာပါ။ သူကတစ်ကယ်တော့ လန်ဒန်မှာ နေတာမဟုတ်ပါဘူး.. တစ်ခြားနေရာမှနေတာပါ…စနေ တနင်္ဂနွေမှ လန်ဒန်က သူ့သူငယ်ချင်းအိမ်ကို ခဏပြန်လာတာ.. ဟိုတယ်ကိုပြန်ဖို့ ကားတွေလည်း မှားစီး.. အဆင့်ဆင့်စီးဖြစ်သွားလို့ ကျွန်မတောင် ကားမူးပါသေးတယ်. ရန်ကုန်မှာတုန်းက တစ်ဒုန်းဒုန်း တစ်ဒိုင်းဒိုင်း ၄၅ တွေ ၄၈ တွေစီးတာ မမူးဘူး.. အမတို့လန်ဒန်က လေအိပ်ကားစီးမှပဲ မူးတော့တယ်လို့ ရီစရာတောင် ပြောဖြစ်သေးတယ်.. ဟိုတယ်ကို ရောက်တော့ ည ၁၁ နာရီလောက် ရှိပါပြီ။

A store in Oxford Circus

Cute shoes

At Trafelgar Square

အခန်းထဲရောက်တော့ ကျွန်မနဲ့အတူနေမယ့် အခန်းဖော်ရောက်နေပြီ.. ဘူတန်က Trishina ပါ.. ကျွန်မနဲ့သူနဲ့က အစောကတည်းက Facebook မှာ သိကြပါတယ်.. သူက ညနေ (၆) နာရီလောက်ကမှ ရောက်တာတဲ့.. တွေ့တော့လည်း အချင်းချင်း နုတ်ဆက်ကြတာပေါ့.. မနေညိုလည်း စိတ်ချမယ်နော်ပင့်ဂိုလ်း ဆိုပြီး မှာစရာတွေ မှာပြီး ပြန်သွားတယ်.. မမှာပဲ နေမလားရှင် ကျွန်မ လျှပ်ပြာ လျှပ်ပြာဖြစ်တာကို တစ်ရက်လောက်အတူနေလိုက်တာ.. သူသိသွားတယ်လေ..။ မနေညိုပြန်သွားတော့ ဘူတန်က ကောင်မလေးနဲ့ ကျွန်မနဲ့ စကားနည်းနည်းဆက်ပြောပြီး ဒီနေ့အဖို့ အိပ်လိုက်ကြသည်ပေါ့ရှင်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s