ပိတောက်ပင်အောက်က သီချင်းရှင်

Standard

(၁)
မနက်စောစော အိပ်ရာကနိုးတော့ မွှေးပျံ့သည့်ပန်းရနံ့တွေကြောင့် ချက်ချင်းကို ငေါက်ခနဲထထိုင်မိသည်။ ခါတိုင်းဆို အိပ်ရာကနိုးနေပေမယ့် အိပ်ရာထဲတွင် နည်းနည်းလေး နှပ်နေရသည်က ” စိမ့် ” ၏အကျင့်။ ဒီနေ့မနက်မှာတော့ ထူးထူးခြားခြား ပန်းရနံ့လေးတွေ သင်းပျံ့လို့နေသည်။ ပြူတင်းတံခါးကို ဖွင့်ကြည့်လိုက်တော့ တစ်ဘက်ခြံထဲမှ ၀ါဝင်းနေသည့် ပိတောက်ပင်ကြီးကို တွေ့ရသည်။ အို… ပိတောက်တွေတောင် ပွင့်ပြီ.. သင်္ကြန်နီးလာပြီပဲ။

လေပွေတစ်ချက် ဝှေ့တိုက်သည်။ မြေသင်းရနဲ့လေးတွေက နှာသီးဝကို ကလူကျီစယ်သွားကြသေးသည်။ မနေ့ညက ခပ်ဖွဲဖွဲရွာခဲ့သော မိုးကြောင့်ထင်သည်.. ပိတောက်လည်းပွင့်သည်.. မြေဆီလွှာလည်း သင်းပျံ့သည်။ မနက်ခင်းသည် သာယာလှပနေတော့သည်။ ခဏကြာတော့ တစ်ဘက်ခြံမှ ခြံစောင့်အမျိုးသားတစ်ယောက် တံချုတစ်လက်နဲ့ ခြံထဲဆင်းလာကာ ပိတောက်ပန်းတွေကို ခြွေယူတော့သည်။ ဟင့်အင်း… မလုပ်ပါနဲ့.. မခူးလိုက်ပါနဲ့လား.. ပိတောက်တွေကို စိမ့် မခြွေယူစေချင်ပါ။ ဘုရားကပ်ဖို့ ခူးယူသည်ဟု စိတ်ထဲက သဘောပေါက်လိုက်သော်လည်း ပိတောက်ပန်းကို အပင်ထက်တွင်ရှိနေသည်က ပိုလှသည်.. ပိုတင့်တယ်သည်ဟု စိမ့် စိတ်ထဲ မှတ်ယူထားသည်။ သို့သော် စိမ့် မှာတော့ ပိတောက်ပင်ပိုင်ရှင်ကို တားပိုင်ခွင့်မရှိပါ။ မနက်စောစောဝယ်.. မြေခသက်ဆင်းလာသည့် ပိတောက်ခိုင်များကို နှမြောတသစွာ ငေးမောကြည့်နေရတော့သည်။

“တုံ.. တုံ .. တုံ”

ဟော ဂျီတော့ကနေ တစ်ယောက်ယောက်က ခေါ်ပြီထင်သည်။ မနေ့ညကတည်းက ကွန်ပျူတာမပိတ်၊ ဂျီတော့ဖွင့်လျက်သား အိပ်ပျော်သွားခဲ့သည်ကို ခုမှ သတိရသည်။ ကဗျာ ကယာလှည့်ကြည့်လိုက်တော့ အံမယ်… မန္တလေးက မမကြီး ခေါ်နေပါလား။

“ဟိုင်း မမကြီး.. စိမ့် နိုးနေပြီ.. ဒီမနက် ပဲခူးမှာ ပိတောက်တွေပွင့်တယ်.. သိပ်လှတာပဲ မမကြီးရယ်”
“မမကြီးတို့ဆီမှာလည်း ပွင့်တယ်လေ.. အဲ့ဒါ ပိတောက်ကို မြင်တော့ စိမ့်လေးကို အရမ်းသတိရလာတာနဲ့.. အွန်လိုင်းလည်း တွေ့နေတာနဲ့ လှမ်းခေါ်လိုက်တာ.. စိမ့် ၀မ်းနည်းနေလားဟင်”
“စိမ့် ၀မ်းမနည်းပါဘူး မမကြီးရယ်.. ပိတောက်ပန်းတွေက အပင်ပေါ်မှာ ပိုလှပါတယ်.. ခူးနေသူတွေကို စိမ့် မနာလိုလိုက်တာ”
“ဒီ သင်္ကြန် စိမ့် ဆီကို မမကြီး လာခဲ့ရမလား.. စိမ့် အဖော်ရအောင်လေ”
“မလာပါနဲ့ မမကြီးရယ်.. ပင်ပန်းပါတယ်.. နှစ်နှစ်ဆိုတဲ့ အချိန်ကာလက စိမ့်ကို နေသားကျစေခဲ့ပါပြီ.. စိမ့် ဘာမှ မဖြစ်ပါဘူး မမကြီးရဲ့.. အိမ်မှာ ဖွားဖွားနဲ့နေမှာပေါ့.. မေမေလည်းရှိတယ်လေ.. အွန်လိုင်းပေါ်မှာလည်း သူငယ်ချင်းတွေမှ ပေါလို့.. အငယ်မကတော့ ပြောမနေဲ့ ဘယ်တော့မှ အဖော်မရပါဘူး”
“အိုးကေ အိုးကေ.. ပျင်းရင်လည်း ဖုန်းဆက်လိုက်နော်.. မမကြီး လာခဲ့မယ်သိလား ခုတော့ အလုပ်ကို ပြေးလိုက်အုံးမယ် စိမ့်ရေ တာ့တာ”
“Bye”

တစ်ကယ်တော့ စိမ့်က အောက်ပိုင်းလှုပ်မရတော့သည့် ဒုက္ခိတလေးတစ်ယောက် ဖြစ်သည်။ စိမ့် အခုလိုဖြစ်သွားရသည်ကလည်း ပိတောက်ပန်းနှင့် သင်္ကြန်ကြောင့်ဟု ပြောရပေလိမ့်မည်။ လွန်ခဲ့သော နှစ်နှစ်ခန့် စိမ့် တစ်ယောက် အမျိုးတွေရှိရာ မန္တလေးသင်္ကြန်ကို အပျော်ကြီး ပျော်လိုက်မည်ဟု သွားရောက်ခဲ့သည်။ သင်္ကြန်ရက်များတွင်တော့ မန်းသင်္ကြန်ကို ပျော်ပျော်ကြီး ဆင်နွှဲရပါသည်။ သို့သော် နှစ်ဆန်းတစ်ရက်နေ့တွင်ကား ပိတောက်ပန်းတွေ ခူးချင်သည့် စိတ်နှင့် စိမ့်အခုလို ဖြစ်သွားခဲ့ရသည်။ ထိုနေ့က မမကြီးတို့ ခြံထဲတွင် ပိတောက်ပန်းတွေ ဝေနေအောင်ပွင့်သည်။ ဘုရားတင်ရန် ပိတောက်ပန်းခူးမည်ပြင်တော့ တံချူကရှာမတွေ့။ သည့်အတွက်ကြောင့် ငယ်ငယ်ကတည်းက မျောက်ရှုံးအောင်ဆော့သည့် စိမ့် မိန်းကလေးတန်မဲ့ ပိတောက်ပင်ပေါ်တက်ကာ ခူးတော့သည်။ ပိတောက်ပန်းတွေခူးရင်း မတော်တဆ လိမ့်ကျကာ စိမ့်၏ အောက်ပိုင်းလှုပ်မရတော့ပဲ ဒုက္ခတဘ၀ကို ရောက်သွားခဲ့ရခြင်းပင်။ ထိုအချိန်မှစကာ သင်္ကြန်ရောက်တိုင်း စိမ့် မပျော်နိုင်တော့.. ပိတောက်တွေကိုလည်း သူများတွေကို မခူးစေချင်တော့။ သင်္ကြန်နှင့် ပိတောက်သည် စိမ့်အတွက်တော့ စိတ်နာစရာတစ်ခု ဖြစ်နေချေသေးတော့သည်။ ထိုအချိန်မှစ၍ စိမ့်အတွက် စိတ်အပန်းဖြေစရာသည် အင်တာနက် ဖြစ်လာသည်။ စီးပွားရေးတောင့်တင်းသော ခေတ်မီသောမိသားစုဖြစ်သဖြင့် စိမ့်အတွက် အိမ်နားရှိ အင်တာနက်ဆိုင်မှ Network ကြိုးသွယ်ကာ အင်တာနက်ချိတ်ပေးထားသည်။ စိမ့်သည်လည်း အွန်လိုင်းကမ္ဘာထဲဝယ် အများနည်းတူ မွေ့လျော်နေမိတော့သည်။

“မကြီးစိမ့် နိုးနေပြီလား.. မျက်နှာသစ်ရအောင်လေ”

မေမေခေါ်ပေးထားသည့် အိမ်ဖော်ကောင်မလေး ရောက်လာသည်။ ရေချိုးခန်းတူတူဝင်ပြီး မျက်နှာသစ် ကိုယ်လက်သန့်စင် လုပ်ရသည်။ ထို့နောက် မေမေတို့ ဖွားဖွားတို့နဲ့ မနက်စာစားကြသည်။

“သင်္ကြန်ရောက်ဖို့ ဘယ်နှစ်ရက် လိုသေးလဲ မေမေ”
“သဘက်ခါဆို သင်္ကြန်ပဲ စိမ့်ရဲ့.. ဒီနှစ်လည်း မေမေတို့ ဘယ်မှ မသွားပါဘူး.. စိမ့်နဲ့ပဲ တူတူနေပေးမှာနော်။ ငယ်လေးကတော့ လျှောက်လည်မယ် ထင်ရဲ့”
“ဟဲဟဲ ကားက စည်သူတို့ဆီက အလကားရမှာ မေမေရ.. မမစိမ့်အတွက် နှစ်ယောက်စာ ပိုပျော်ပေးမယ် စိတ်ချနော်”
“သွားပါ ငယ်လေးရယ်.. သတိလည်းထားနော်.. အရမ်းလည်း မဆော့နဲ့အုံး”
“စိတ်ချမမ.. ငယ်က အရမ်းမလွတ်ပါဘူး”

(၂)

မနက်ဖြန်ဆို သင်္ကြန်ရောက်တော့မည်။ အချိန်ကာလ ကြာညောင်းခဲ့သည်နှင့်အမျှ စိမ့်တစ်ယောက် သင်္ကြန်ကို စိတ်မနာနိုင်တော့ပါ။ ကုသိုလ်ကံမကောင်းလို့ခုလို ဖြစ်ရတာဟူ၍သာ နှလုံးသွင်းရတော့သည်။ ယခုညအဖို့ တော်ရုံနဲ့လည်း မအိပ်နိုင်.. အွန်လိုင်းလည်း မတက်ချင်တော့သည်နှင့် ပြူတင်းပေါက်လေးကို ဖွင့်ကာ တစ်ဘက်ခြံမှ ပိတောက်ပင်ကြီးနှင့် ဟိုဟိုဒီဒီကို ငေးမောနေမိတော့သည်။

“မြနန္ဒာ နေညိုညိုရိပ်ကာ သန်းတော့ ရွှေမန်းတောင်ရိပ် တူတူခိုမယ် ပျိုဖြူတွေရယ်.. မြလေးလေး နန္ဒာ နန္ဒာ နေညိုညို ရိပ်ကာသန်းတော့..”

ရုတ်တရက် သီချင်းသံတွေကို စိမ့်ကြားလိုက်မိသည်။ လူတစ်ယောက်က ဂစ်တာတီးပြီး ဆိုနေသည့် အသံဖြစ်သည်။ ခါတိုင်းဆို တစ်ခါမှ မကြားစဖူး.. ယခုညကျမှ သီချင်းဆိုသံက ထွက်ပေါ်လာသည်။ လိုက်ရှာကြည့်မိတော့ တစ်ဘက်ခြံက ပိတောက်ပင်အောက်မှာ တွေ့နေကျ ခြံစောင့် ကြီးရယ်.. တစ်ခါမှ မတွေ့ဘူးသည့် လူငယ်လေး တစ်ယောက်ရယ်.. စိမ့်တို့ထက် အနည်းငယ်တော့ ငယ်မည့်ပုံပေါက်သည်။ တစ်ယောက် ဂစ်တာတီး. တစ်ယောက်က သီချင်းဆိုနဲ့ အတော်ကိုဟုတ်နေကြသည်။ အသံလေးကလည်း ကောင်းနေသည်မို့ စိမ့် သီချင်းလေးနားထောင်ရင်း စီးမျောနေမိတော့သည်။ သီချင်းသံတွေ ရပ်သွားတော့ စိမ့်သူတို့ကို ကြည့်မိသည်။

“အို”

စိမ့်ကို စူးစိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံနှင့် ရင်ဆိုင်ရသည်။ သူတို့နဲ့ စိမ့်အတော်လေးလှမ်းသော်လည်း စိမ့်ကို ကြည့်နေသည့် သူ့မျက်ဝန်းတွေကို စိမ့် ထင်ထင်ရှားရှားကို မြင်တွေ့လိုက်ရသည်။ ဘာလဲကွယ်.. ဘာလို့များ အဲ့လောက်တောင် အကြည့်ရဲရတာတုန်း။ ရှက်ရှက်နဲ့ ပြူတင်းတံခါးတွေကို စိမ့် ပိတ်လိုက်ရတော့သည်။ သို့သော်ထိုနေ့အဖို့ စိမ့် အိပ်ပျော်ခဲ့ပါသည်။

(၃)

မျက်နှာပေါ်သို့ ရေစက်များထိတွေ့မှုကြောင့် စိမ့် နိုးလာတော့ အနားတွင် ဖလားတစ်လုံးနဲ့ စိမ့်ကို ရေပက်နေသော ငယ်ငယ့်ကို တွေ့ရသည်။ “သင်္ကြန်ကျလို့ ရေပက်တယ် စိတ်မဆိုးနဲ့ မစိမ့်ရယ်” ဟုအော်ကာ ခုန်ပေါက်နေတော့သည်။ ပြင်ထားလိုက်သည်ကလည်း အပျံစား။ ဂျင်းဘောင်းဘီခပ်တိုတို.. သရေဂျာကင်လေးနဲ့..ငယ်ငယ်ကတော့ လူငယ်ပီပီ.. ခန္ဒာကို အကောင်းအတိုင်းရှိသေးသူ ပီပီ ပျော်ရွှင်မြူးထူးနေတော့သည်။

“တော်တော့ ငယ် ရယ်.. အိပ်ရာတွေ စိုကုန်တော့မှာပဲ”
“နည်းနည်းပဲ ပက်တာပါ.. မမရ.. မမကို ဦးဦးဖျားဖျား ရေလောင်းချင်လို့လေ.. ”
“အလိုတော် အိမ်ထဲက အိမ်ပြင်မထွက်တဲ့ ကျုပ်ကို ရှင့်အပြင် ဘယ်သူကများ ရေလောင်အုံးမှာတုန်း ဒေါ်ငယ်ငယ်ရဲ့”
“အယ်.. ပြောလို့ မရဘူးလေ… အွန်လိုင်းကလူတွေ မမကို အွန်လိုင်းကနေ လောင်းရင် လောင်းနေမှာပေါ.. ငယ်ကတော့ မနေ့ကတည်းက ဖေ့စ်ဘုတ်မှာ သင်္ကြန်ကျနေပြီ”
“အမလေး.. စာရိုက်ပြီး လောင်းတာများ ဖီလ်းမလာပါဘူးအေ.. ကဲ ငယ်ငယ်အခု လျှောက်သွားတော့မှာလား.. ဘယ်သူတွေနဲ့တုန်း”
“စည်သူတို့နဲ့ပေါ့ မမရဲ့.. ဒီနှစ်တော့ ရန်ကုန်ကလာတဲ့ စည်သူ့ သူငယ်ချင်းတစ်ယောက်ပါမယ် ပြောတာပဲ.. မသိသေးပါဘူး.. တွေ့တော့မှ ချော မချော သေချာကြည့်ရမယ်”

” တီ တီ တီ တီ တီ…”

ငယ်ငယ့် hand phone လေး မြည်လာတော့မှ ငယ်ငယ်တစ်ယောက် စကားများတာ ရပ်တော့သည်။

“ဟေ့ကောင် လာနေပြီလား.. ဆယ်မိနစ်အတွင်းရောက်မယ်ဟုတ်လား.. အိုကေ အိုကေ.. ငါရယ်ဒီပဲ.. အိမ်အောက်ဆင်းပြီး စောင့်နေလိုက်မယ်နော်.. ဘိုင့်”

“ကဲ ဒိုးပြီး မစိမ့်ရေ.. မေမေရ ဖွားရေ ငယ် သွားပြီဗျို့”

ညီမလေး ငယ်ငယ်အော်ဟစ်ကာ ဆင်းသွားတော့ စိမ့်သဘောကျစွာ ပြုံးမိသည်။ အရင်တုန်းကဆို စိမ့်လည်း ဒီလိုပါပဲ။ သင်္ကြန်ဆိုသည့်အသံကြားကတည်းက သင်္ကြန်အတွက် ကြိုပြင်ဆင်ခဲ့တာ။ အဲ့သည်တုန်းကတော့ ငယ်ငယ်က အထက်တန်းကျောင်းသူမို့ လည်ခွင့်မရှိသေး။ ခုတော့ ငယ်ငယ့်အလှည့်.. မစိမ့် အလှည့်က ရောက်လာတော့မှာ မဟုတ်ပါဘူးကွယ်ဟု.. တိုးတိတ်စွာ ညည်းမိသည်။

နေ့လည်ခင်းသည် ပျင်းစရာ ကောင်းလှသည်။ အော်ဟစ်မြူထူးကာ သွားလာနေကြသော သင်္ကြန်ကားများမှအသံ၊ လမ်းထိပ်မဏ္ဍပ်ဆီမှ တစ်ချက် တစ်ချက် ကြားရသော ဒီဂျေတီးလုံးသံများက စိမ့်ကို မပျော်စေနိုင်ခဲ့ပါ။ အိမ်ဖော်ကောင်မလေးနဲ့ အတူခြံထဲတွင် wheel chair ဖြင့်လျှောက်သွားရင်း မနေ့ညက သီချင်းသံကို သတိရသဖြင့် ခြံစပ်ထိသွားကာ ဟိုဘက်ခြံထဲ ဟိုဟိုဒီဒီကြည့်မိသေးသည်။ သီချင်းရှင်ကို အစအနတောင် မတွေ့ရ။ ခဏကြာတော့ ခြံစောင့်အမျိုးသား ရေတစ်ပုံးနဲ့ ဆင်းလာသည်။ သူလည်း အိမ်ရှေ့ထွက်ကာ ကလေးများနဲ့ ရေဆော့နေသေးသည်။ ရေဆော့သည့်အထဲတွင် မျှော်လင့်ချက်မဲ့စွာ ရှာကြည့်မိသေးသည်။ အရိပ်ပင်မတွေ့ရ။ အင်းလေ.. လူပျိုလေးတစ်ယောက်က ဒီအချိန်ဆို လျှောက်လည်ပြီး သင်္ကြန်ပျိုဖြူတွေနဲ့ ပျော်နေရောပေါ့။ ဒါပေမယ့် ဒီည သီချင်းထပ်ဆိုပါအုံးလားကွယ်..။

ည (၈) နာရီလောက်ကျတော့ သီချင်းသံကို ကြားရသည်။ သင်္ကြန်သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် သီဆိုကာနေသည်။ စိမ့်လည်း ပြူတင်းတံခါးဖွင့်ကာ စိတ်လိုလက်ရ နားထောင်မိသည်။ နားထောင်ရင်းနဲ့လည်း အတော်ကောင်းတဲ့ အသံပဲဟု မှတ်ချက်ချမိသည်။ နည်းနည်းကြာတော့ စိမ့်ကို လက်လှမ်းပြတာကို တွေ့ရသည်။ စိမ့် ရင်လေးတော့ ခုန်သလို ရှိသွားသည်။ ရုတ်တရက်လည်း ရှက်သွားမိသည်။ ထို့ကြောင့် တံခါးအမြန်ပိတ်လိုက်ရသည်။ ဘယ်လိုလဲကွယ်.. ဘယ်သူမှန်းမသိတဲ့ ကောင်လေးက လက်ပြတာကို ရင်ခုန်စရာလား။ တစ်ကယ်တော့ စိမ့်လည်း ချစ်စရာကောင်းသည့် ရုပ်ခံလေးကို ပိုင်ဆိုင်ထားသူရယ်ပါ။ ယခင်တုန်းကဆို စိမ့်အနားမှာ ကောင်လေးတွေ ၀ိုင်းဝိုင်းလည်နေခဲ့ဖူးသည်။ သို့သော်သူတို့နဲ့ သူငယ်ချင်းအဖြစ်သာ ပေါင်းခဲ့သည်ချည်း။ ယခု ဒုက္ခိတ ဘ၀ကျမှ ရင်ခုန်တတ်သတဲ့လား။ မိမိအဖြစ်ကို တွေးကြည့်ကာ ၀မ်းနည်းမိသည်။ မဖြစ်ပါဘူးလေ.. ဟုလည်း တွေးမိသည်။ သို့သော် ထိုညအဖို့ စိမ့် အိပ်မပျော်နိုင်ခဲ့ပါ။

(၄)

ညက တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့သဖြင့် မနက်ကို နောက်ကျမှ အိပ်ရာကနိုးသည်။ အိပ်ရာနိုးနိုးချင်း ပိတောက်ပန်း ရနံ့တွေကို ရှုရှိုက်မိသည်။ မျက်စိအစုံကို ဖွင့်ကြည့်လိုက်တော့ ပိတောက်ပန်းတွေနဲ့ အနားတွင်ရပ်နေသော အိမ်ဖော်ကောင်မလေးကို တွေ့ရသည်။

“ဟဲ့.. မိနီ.. ဘယ်က ပိတောက်ပန်းတွေ ယူလာတာတုန်း.. ပိတောက်ပန်းတွေကို ခူးတာ မကြိုက်ပါဘူးဆို”
“မဟုတ်ဘူး မစိမ့်ရဲ့ ဟိုဘက်ခြံက သီချင်းဆိုတဲ့ အကိုကြီး မနက်စောစော သမီးကိုခေါ်ပြီး ပေးသွားတာ.. မမကို ပေးလိုက်ပါတဲ့.. သမီးက ပြောပါသေးတယ်.. မမက ပိတောက်မကြိုက်ဘူးဆိုတော့ သင်္ကြန်မှာ ပိတောက်မကြိုက်လို့ မရဘူးဆိုပြီး အတင်းပဲ ပေးသွားတယ်.. မစိမ့်နာမည်လည်း မေးသွားတယ်.. သူ့ နာမည်လည်း ပြောသွားတယ်.. မင်းသူ တဲ့..ရန်ကုန်ကနေ ပဲခူးသင်္ကြန်ကိုလာတာတဲ့.. ဟိုဘက် ခြံက သူ့ခြံတဲ့ မမရဲ့ ခြံစောင့်တဲ့ ထားတာတဲ့”
“ဒါနဲ့ပဲ ယူလာရသလား.”
“သိဘူးလေ.. မစိမ့်များ ပိတောက်ပန်း ပြောင်းကြိုက်တော့မှာလားလို့ သမီးလည်း ယူလာတာပေါ့”

မိနီက ပြုံးစိစိနဲ့ပြောတော့ စိမ့်လည်း မတားနိုင်တော့ပါ။ ညည သူ့သီချင်းတွေကို စိမ့်နားထောင်တတ်တာကို အနားတွင်ရှိသော မိနီလည်း သိနေနှင့်သည်မို့ ကိုယ့်အပြစ်လည်း မကင်းသည်ကြောင့် ဘာမှ မပြောဖြစ်ခဲ့တော့။ သူပေးလိုက်သည်ဆိုသော ပိတောက်ပန်းများကိုတော့ ဖလားတစ်လုံးနဲ့ ကုတင်ဘေးရှိ စားပွဲတွင် ထိုးခိုင်းလိုက်ရတော့သည်။ သူ အနားတွင်ရောက်လာသလို ခံစားရမိသေးသည်။ စိမ့် ဒုက္ခိတ တစ်ယောက်ဖြစ်တယ်ဆိုတာကို သူမသိသေးသဖြင့် ယခုလို လုပ်ခြင်း ဖြစ်ပါလိမ့်မည်။ ရန်ကုန်ကလာသည့် ရန်ကုန်သားတစ်ယောက် သင်္ကြန်ချစ်သူများ ရှာလေပြီလားကွယ်။

ဘယ်လိုပဲပြောပြော ပိတောက်ပန်းတွေ လက်ဆောင်ရသည်ကို စိမ့် ပျော်ပါသည်။ တစ်ခါမှ မဖြစ်ပေါ်ဖူးသည့် ရင်ခုန်ခြင်းတွေလည်း ဖြစ်ခဲ့ရပါသည်။ သို့သော်ကိုယ့်ဘ၀ကိုယ် ပြန်တွေးကြည့်ကာ မဖြစ်နိုင်ပါဘူးလေ.. သူ ငါ့အကြောင်းမသိသေးလို့.. ပြီးတော့ သင်္ကြန်မှာ ခဏပျော်ချင်လို့ လုပ်တာဖြစ်မှာပါဟု စိတ်ကထင်မိပြန်သည်။ သို့သော် ထိုသို့ ထင်လိုက်မိတိုင်း စိမ့်၏ မသိစိတ်မှ အတိုင်းမသိဝမ်းနည်းလာမိပါသည်။ မည်သို့ပင်ဆိုစေကာမူ ယနေ့ညအဖို့ ပြူတင်းပေါက်ပိတ်ထားရန် သီချင်းနားမထောင်မိစေရန် စိမ့် ဆုံးဖြတ်လိုက်တော့သည်။

ည (၈) နာရီလောက်တွင် ထုံးစံအတိုင်း ဂစ်တာသံပေးကာ သီချင်းဆိုသော သူ့အသံကိုကြားရသည်။ စိမ့်တစ်ယောက်မှာတော့ မပြတ်သားနိုင်သည့် သံယောဇဉ်ကို ဖြတ်ဖို့ကြိုးစားရင်း မျက်စိစုံမိတ်ကာ အိပ်ဖို့ကြိုးစားရသည်။ သူ့သီချင်းသံကို နားမယောင်မိစေရန်.. iPod လေးကို နားထဲထိုးထည့်ကာ တွေ့ကရာ သီချင်းကို နားထောင်နေမိတော့သည်။ သို့သော် စိမ့်၏ စိတ်ရေယာဉ်ကတော့ တစ်ဘက်ခြံရှိ ပိတောက်ပင် ခြေရင်းသို့သာ အရောက်သွားနေမိတော့သည်။ သြော်.. စိတ်ကိုထိမ်းချုပ်ဖို့ဆိုတာလည်း အခက်သားလားကွယ်။

(၅)

မနက်ရောက်တော့ မိနီအတင်းနှိုးတာနဲ့ စိမ့်လည်း နိုးလာရတော့သည်။

“မမစိမ့်.. ဟိုဘက်ခြံက သီချင်းဆိုတဲ့ အကိုကြီးရယ်.. အောက်မှာရောက်နေတယ်တော့.. မမငယ်သူငယ်ချင်းတဲ့.. ကိုစည်သူတို့ရော ရောက်နေတာ”
စိမ့် သဘောပေါက်လိုက်သည်။ ငယ်ငယ်ပြောဖူးသည့် ရန်ကုန်ကလာသည့် သူငယ်ချင်းဆိုတာ သူပဲဖြစ်ပါလိမ့်မည်။ ခဏနေတော့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်လို့ဟုဆိုကာ ငယ်ငယ်က လာခေါ်သည်။ မလိုက်ဘူးဟု ငြင်းဆိုမိပါသည်။ စိမ့်၏ အဖြစ်ကို သူစိမ်းများအား မတွေ့စေလိုပါ။ အထူးသဖြင့် သူ့အားမတွေ့စေလိုပါ။ သို့သော် ငယ်ငယ်က အတင်းခေါ်သည်နှင့် လိုက်လာမိခဲ့တော့သည်။ စိမ့် ဒုက္ခိတ တစ်ယောက်ဖြစ်သည်ဆိုသည့် အဖြစ်မှန်ကိုလည်း သူ့အား သိစေချင်စိတ် တစ်ဖန်ပြန်လည် ဖြစ်ပေါ်လာခဲ့မိသည်။

စိမ့်ကိုမြင်တော့ သူ့မျက်လုံးတွေ အ၀ိုင်းသား ဖြစ်သွားသည်။ ကဲ.. ခုတော့ ဘယ့်နှယ်ရှိစ ရန်ကုန်သားရယ်။ ရှင် ပိတောက်ပန်းပေးဖူးတဲ့. ရှင် သီချင်းတွေဆိုပြဖူးတဲ့.. လက်တွေပြခဲ့ဖူးတဲ့ စိမ့်က မသန်စွမ်းတဲ့သူဆိုတာ ရှင်သိလို့ စိတ်ပျက်သွားပြီ မဟုတ်လား။ ငယ်ငယ်က သူငယ်ချင်းများနှင့် စိမ့်ကို တစ်ယောက်ပြီး တစ်ယောက်မိတ်ဆက်ပေးသည်။ စည်သူကတော့ ငယ့်ငယ့်၏ ငယ်သူငယ်ချင်းမို့ စိမ့်နဲ့လည်း ရင်းနှီးပြီးသား။

“ကျွန်တော် စိမ့် ကို အတော်လေးတွေ့ချင်နေတာဗျ” ဟု မင်းသူ ဆိုသော.. သူ ကပြောသည်။

“ဟုတ်တယ် မစိမ့်ရဲ့.. ညညဆို ဟိုဘက်ခြံက သီချင်းတွေ အော်အော်ဆိုတာလေ.. သူပေါ့.. ငယ်ကတော့ နားထဲ ဂွမ်းဆို့ထားရတယ်.. သူက မစိမ့်ကို ပြူတင်းပေါက်မှာ လှမ်းတွေ့ဖူးတယ်တဲ့”

“ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်ရှင် စိမ့်က ရှင်တို့မြင်တဲ့အတိုင်း ဒုက္ခိတဆိုတော့ ဘာမှလုပ်မပေးနိုင်တာ ၀မ်းနည်းပါတယ်”

” အို.. မဟုတ်တာဗျာ.. စိမ့်ကို အခုလိုမြင်ရတော့ ကျွန်တော်အရမ်း စိတ်မကောင်းဖြစ်မိပါတယ်.. အားမငယ်ပါနဲ့ စိမ့်ရဲ့ မသန်ပေမယ့် စွမ်းတဲ့သူတွေမှ အများကြီး.. စိမ့်လုပ်နိုင်တာတွေ လောကမှာ အများကြီးရှိသေးတယ်.”

“ငယ်တို့က ဒီနေ့ အိမ်မှာ မုန့်လုပ်စားကြမှာ မမရဲ့ သင်္ကြန်နောက်ဆုံးရက် အထိမ်းအမှတ်လေ.. အဲ့ဒါ မစိမ့်လည်း ပါရမှာနော်.. မေမေလည်း ခွင့်ပြုပြီးသွားပြီ”

“ငယ်တို့ သူငယ်ချင်းတွေပဲ စားကြပါ.. မစိမ့်အပေါ်ထပ်မှာပဲ နေပါ့မယ်” ဟု ဆိုသောလည်း မင်းသူ ၊ စည်သူနှင့် တစ်ခြားသူငယ်ချင်းများက အတင်းခေါ်သောကြောင့် စိမ့်လည်း သူတို့အဖွဲ့ဝင် ဖြစ်ခဲ့ရသည်။ မုန့်လုံးရေပေါ်တွေလုံး ၊ ရွှေယဉ်အေးတွေလုပ်ရင်း အချင်းချင်း စကြ နောက်ကြနဲ့ နှစ်အတန်ကြာဝေးကွာနေသော သင်္ကြန်အငွေ့အသက်၊ သင်္ကြန်၏ အပျော်များသည် စိမ့်ထံသို့ တဖန်ရောက်ရှိလာသလို ဖြစ်နေပါတော့သည်။ နေ့လည်ကျတော့ သူက စိမ့်ကို wheel chair တွန်းပေးကာ ခြံထဲလမ်းလျှောက်ဆင်းကြသည်။

“စိမ့် ယုံမလားမသိဘူး.. ကျွန်တော် ရန်ကုန်က ရောက်ရောက်ချင်း ညမှာပဲ စိမ့်ကို ပြူတင်းပေါက်မှာ လှမ်းတွေ့လိုက်တယ်လေ.. အဲ့ကတည်းက စိမ့်ကို စိတ်ဝင်စားနေမိတာ”

“ခုတော့ စိမ့်က ဒုက္ခိတဖြစ်နေတော့ စိတ်ပျက်သွားပြီ မဟုတ်လား”

“အဲ့လို မဟုတ်ပါဘူးဗျာ.. ခုတော့ စိမ့်ကို ပိုသနားသွားပြီ ချစ်တောင် ချစ်မိလာသလိုပဲ.. ကျွန်တော် ချစ်ခွင့်တောင်းရင် စိမ့်က ငြင်းမှာလားဟင်”

“အို ဘယ်သိမှာလဲ.. ရန်ကုန်သားက စကားလည်းတတ်ပါ့.. ဘာလဲ.. သင်္ကြန်မှာ ချစ်သူရှာချင်နေတာလား.. စိမ့်ကတော့ ရှင်တို့နဲ့ လျှောက်လည်လို့မရတဲ့ ချစ်သူဖြစ်နေမှာနော်”

“ကျွန်တော် မကြာခင်ပြန်ရတော့မှာ ဖြစ်ပေမယ့် တစ်ခါမှ ဒီလိုစိတ်မျိုး မဖြစ်ခဲ့ဖူးပါဘူး.. သင်္ကြန်မှာ အပျော်ရည်းစားလေးတောင် မထားဖူးပါဘူးဗျာ.. ခုမှ စိမ့်ကို ချစ်သွားတယ်ထင်တယ်.. ဒါနဲ့ စိမ့်ကို ကျွန်တော် ရေလောင်းမယ်နော်.. ဒီနေ့မှ ရေမလောင်းရရင် မနက်ဖြန်ဆို လောင်းရတော့မှာ မဟုတ်ဘူး”

နှစ်အတော်ကြာ မထိတွေ့ခဲ့ရသည့် သင်္ကြန်ရေတွေကို သူ့ကြောင့် ပြန်လည်ထိတွေ့ခွင့်ရပါသည်။ ခဏကြာတော့ ရေစိုအ၀တ်တွေနဲ့ ချမ်းလာသဖြင့် အပေါ်ပြန်တက်တာ.. အ၀တ်အစားလဲရသည်။ အောက်ကိုတော့ ပြန်မဆင်းဖြစ်တော့ပါ။ အပေါ်မှာပဲ အင်တာနက်သုံးရင်း စာဖတ်ရင်း နေနေမိတော့သည်။ သူတို့ ဘယ်အချိန်ပြန်သွားသည်ကိုတောင် မသိလိုက်။ ညနေကျတော့ မိနီက စာလေးတစ်စောင်နဲ့ ရောက်လာသည်။ ပိတောက်ပန်းတစ်ခက်လည်း ပါလာသည်။

“စိမ့်ကို ကျွန်တော် တစ်ကယ်ချစ်တာပါ.. ကျွန်တော့်ကို ချစ်ရင် ပိတောက်ပန်းလေးပန်ပြီး ညဘက် ပြူတင်းပေါက်လေးက ထွက်ကြည့်ပေးပါနော်”

စိမ့် ပျော်ရမလား.. ၀မ်းနည်းရမလားတောင် မပြောတတ်တော့ပါ။ စိမ့်အခြေအနေကို သိရက်နဲ့ ချစ်နေနိုင်သေးသည့် သူ့ကိုလည်း အံ့သြလေးစားစိတ် ဖြစ်ရသေးသည်။ ငယ်ငယ်ကလည်း စိတ်ကူးမလွဲနဲ့ဟု စနေ နောက်နေသေးသည်။ သို့သော် စိမ့် စဉ်းစားရပါအုံးမည်။ သင်္ကြန်တွင်တွေ့သော သင်္ကြန်သီချင်းတွေဆိုတတ်သော သူသည် စိမ့်ကို အသက်ထက်ဆုံး သည်းခံနားလည်နိုင်မည့် ချစ်သူတစ်ယောက်သာ ဖြစ်စေချင်ခဲ့ပါသည်။

(၆)

ည…. ညဘက်ရောက်မှာကို စိမ့် တစ်ခါမျှ ယခုလောက်မကြောက်ဖူးပါ။ တစ်ခုခုကို ဆုံးဖြတ်ရတော့မည့်အတွက် စိမ့် ကြောက်နေခဲ့မိသည်။ တစ်ကယ်တော့ စိမ့်ကိုယ်တိုင်လည်း သူ့ကို ချစ်နေခဲ့မိပါသည်။ အချိန်ကာလ တိုတောင်းသော်ငြားလည်း စိမ့်ရင်ထဲက ခိုင်မာသည့်အချစ်ကို စိမ့်ယုံကြည်ပါသည်။ သီချင်းသံတွေကို စကြားရသည်။ စိမ့် ဘာလုပ်ရပါမည်လဲ။ စိမ့်ဘ၀ကြောင့် သူ့ဘ၀ကို မနစ်မွန်းစေလိုပါ။ သူပေးသော ပိတောက်ခက်ကလေးကို လက်ထဲတွင် ကိုင်ထားရင်း အဖြေတစ်ခုအတွက် ချီတုံ ချတုံဖြစ်နေမိသည်။ အတော်ကြာသည်အထိ စိမ့် မဆုံးဖြတ်နိုင်ခဲ့။ သူ့ကိုချစ်သော်လည်း အချစ်မရဲသည့် စိမ့်အဖြစ်သည် သနားစရာ ကောင်းနေမိသေးတော့သည်။ ညဥ့်လည်းအတော်နက်နေပြီ။ သူကလည်း သီချင်းတွေ ဆက်ဆိုနေဆဲ ရှိသေးသည်။ တော်ပါတော့ အိပ်ပါတော့လားကွယ်.. စိမ့်ကို မနှိပ်စက်ပါနဲ့တော့.. ဒီထက် နည်းနည်းကြာရင် စိမ့် ဆက်ပြီး ခံနိုင်ရည်ရှိတော့မှာ မဟုတ်ပါဘူး။ ခဏနေတော့ ကံကောင်းထောက်မစွာ သီချင်းသံတိတ်သွားသည်။ အတော်ကြာသည်အထိ ဘာသံမှ ထပ်မကြားရတော့သည့်အဆုံး စိမ့် စေ့ထားသော ပြူတင်းတံခါးလေးကို အနည်းငယ်ဟကာ သူ့ကိုချောင်းကြည့်မိသည်။ ဘုရားရေ.. သူ ပိတောက်ပင်အောက်မှာ ဂစ်တာကိုင်ပြီး ဆက်ထိုင်နေဆဲပါလား။ စိမ့် ရှိရာ အခန်းဆီသို့လည်း ကြည့်မနေပါ။ ဂစ်တာကိုကိုင်ရင်း.. မြေကြီးကိုသာ တည့်တည့်ကြီး စိုက်ကြည့်နေတော့သည်။

ညတွင် လေတွေက တစ်သွဲ့သွဲ့တိုက်ခတ်လို့နေသည်။ ပိတောက်ပင်ကြီးမှာ ပိတောက်ရနံ့များကလည်း မွှေးပျံ့နေသေးသည်။ ဤပိတောက်ပင် အတော်ပွင့်နိုင်သည်ဟု ဆိုရပေမည်။ သင်္ကြန်မတိုင်ခင် တစ်ရက် အလိုကတည်းက ပွင့်ခဲ့သည့် ပိတောက်တွင် သင်္ကြန်အတက်နေ့ညထိ ၀ါဝါ၀င်းအောင် ရှိနေသေးသည်။ ပိတောက်ပွင့်ဖတ်ကြွေတွေကလည်း လေထဲတွင် လေဟုန်စီးရင်း မြေပြင်ဆီ သက်ဆင်းကြသည်။ မြေကမ္ဗလာသည် ရွှေဝါရောင်အခင်းကဲ့သို့ ရှိနေတော့သည်။ ည သည်လွမ်းစရာလည်း ကောင်းလှသည်။ စိမ့် အဖို့မူကား ၀မ်းနည်းစရာ ကောင်းလှပေသည်။ ညက အတော်လေး နက်ချေပြီ.. သူ ဂစ်တာကို ကောက်ကိုင်လိုက်သည်။ ထို့နောက် လက်ချောင်းတွေက ဂစ်တာကြိုးကို ဆော့ကစားသည်။ မကြာခင် သီချင်းသံလေးတွေ ထွက်ပေါ်လာပြန်တော့သည်။

“လမ်းခွဲရတော့မယ်.. အို တို့နှစ်ယောက်ကိုယ်စီ သိထားတယ်.. အချစ်ရေ မင်းအကြောင်းတို့ မေ့မရဘူး.. ဘယ်သူပြောနိုင်မှာလည်း တို့ရဲ့ အချစ်ဟာ.. ပြီးဆုံးပြီ… ငါ ချစ်ခဲ့ဖူးတာ မမေ့ပါနဲ့ ငါ့အချစ်တွေ နင်နားလည်…”

ဝိုင်ဝိုင်း၏ သီချင်းသံတွေက သူ့၏ အက်ကွဲသံတွေကြောင့် ပို၍ နားထောင်ကောင်းနေခဲ့ပါသည်။ စိမ့် ကိုယ်တိုင်လည်း ခံစားရလွန်းသဖြင့် ၀မ်းနည်းလာခဲ့တော့သည်။ စိမ့် ဘယ်လိုမှ ထိန်းမထားနိုင်ခဲ့တော့ပါ။ လက်ထဲတွင် ကိုင်ထားဆဲဖြစ်သော ပိတောက်ပန်းလေးကို ကဗျာကယာပန်လိုက်ရင်း ပြူတင်းတံခါးကို ဖွင့်လိုက်မိတော့သည်။ သူ စိမ့်ကို ကြည့်မနေပါ။ ဂစ်တာကိုသာ တွင်တွင်တီးကာ သီချင်းကိုသာ ဆိုလို့နေသည်။ စိမ့် လက်တွေကို ဝှေ့ယမ်းပြလိုက်မိသည်။ ဒါကိုလည်း သူ ဂရုမမူမိပြန်ပါ။ ဘာကြောင့်များ အဲ့သလောက်တောင် ခံစားနေရသလဲ မောင် ရယ်။ စိမ့်ကို တစ်ချက်လေး စောင်းကြည့်လိုက်ပါတော့လား.. မောင့် ရဲ့ စိမ့်.. ဒီမှာရောက်နေပြီလေ မောင်ရဲ့။

သီချင်းဆုံးသွားသည့်အထိ သူသီချင်းဆိုပါသည်။ ထို့နောက် ဂစ်တာကို ကိုင်ကာ ခေါင်းငိုက်စိုက်ဖြင့် အထဲဝင်တော့မည် ဟန်ပြင်သည်။ စိမ့် သူ့ကို အော်ခေါ်ချင်နေမိတော့သည်။ စိမ့်ကို စိတ်နာသွားပြီလားကွယ်။ သူ့အိမ်ဘက်ဆီကို လမ်းလျှောက်သွားနေရင် တုံ့ခနဲ့ ရပ်လိုက်သည်ကို စိမ့် တွေ့သည်။ ဒီတစ်ခါ ရင်တထိတ်ထိတ်နဲ့ စောင့်ရသည်က စိမ့် ဖြစ်နေပြန်သည်။ ဟော…. သူ လှည့်ကြည့်ပါသည်။ စိမ့် ရှိရာ ပြူတင်းတံခါးဆီသို့ သူ့မျက်လုံးတွေ တည့်တည့်ရောက်လာသည်။ စိမ့် လက်တွေ ဝှေ့ယမ်းပြလိုက်သည်။ စိမ့် ခေါင်းပေါ်က ပိတောက်ပန်းတွေကို သူမြင်သာအောင်ပြလိုက်မိသည်။ သူ… သူ ပျော်သွားသည်။ စိမ့်ကို စူးစူးရဲရဲကြီး ကြည့်နေပြန်ပါသည်။ စိမ့်နဲ့ ပထမဆုံး တွေ့တဲ့ညက အကြည့်တွေလိုမျိုး စူးရဲလှပါသည်။ သူလည်း ယခုမှ ဟင်းချနိုင်သည်ထင်သည်။ ဖုန်းဆက်လိုက်မယ် ဟု အမူအယာပြကာ အိမ်ထဲဝင်သွားခဲ့သည်။ ခဏနေတော့ သူ့ hand phone လေး ယူလာကာ အပြင်ပြန်ထွက်လာသည်။

ထိုနေ့ကညက စိမ့် နဲ့ မောင် တစ်ညလုံး ဖုန်းပြောဖြစ်ကြသည်။ သိပ်ချစ်တဲ့ အကြောင်းတွေလည်းပါသည်။ ပဲခူးကိုလာဖို့ခေါ်သည့် သူငယ်ချင်း စည်သူကို ကျေးဇူးတင်ကြောင်းနဲ့ တွေ့ရအောင်ဖန်တီးပေးသည့် ငယ်ငယ့်ကို ကျေးဇူးတင်ကြောင်းလည်း ပါသည်။ အမြဲတမ်း အမှတ်ရနေတော့မည့် သင်္ကြန်အကြောင်းကိုလည်း ပြောဖြစ်ကြသည်။ ဖူးစာဆုံစေခဲ့သည့် ပိတောက်ပင်ကြီးအကြောင်းကိုလည်း ထည့်ပြောရပါသေးသည်။ ညလေညှင်းက ပိတောက်ရနံ့ကို သယ်ဆောင်ပေးပြန်ပါသည်။ မောင်ပေးထားသည့် ပိတောက်တွေကို ပန်ရင်း မောင်နဲ့ ဖုန်းပြောရင်း သင်္ကြန်နဲ့ ပိတောက်သည် စိမ့်အတွက် သီချင်းရှင်တစ်ယောက်ကို ချစ်မိစေခဲ့သော အကြောင်းတရားကို ဖန်တီးပေးခဲ့ပြန်ပါပြီ။

Advertisements

3 responses »

  1. သင်္ကြန်ဟာ စိတ်အေးလက်အေးနဲ့ အနားယူပြီး ။ နှစ်သစ်အတွက် ခွန်အားတွေ ၊ စိတ်အားတွေ ဖြည့်ဖို့ ရိုးရာ ဓလေ့ရဲ့ လက်ဆောင်တစ်ခုပဲ။ လူငယ်တွေ အပျော်လွန်နေကြတာတော့ စိတ်မကောင်းစရာပါပဲ။ အားသစ်လောင်းရမယ့်အချိန်မှာ။ အမှားတွေမဖြစ်ဖို့လိုတယ်။

  2. ပိတောက်နံ့တွေ သင်းပျံ့နေတဲ့ ရသမြောက်စာလေး တစ်ပုဒ်ပါပဲ..

    ခံစားဖတ်ရှုသွားပါတယ်..

    နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s